ဖိုးထက် – ဗြဟ္မာကြီးများ ထွက်ပြေးသလော

October 5, 2015

 

ဖိုးထက် – ဗြဟ္မာကြီးများ ထွက်ပြေးသလော

(မိုးမခ) အောက်တိုဘာ ၅၊ ၂၀၁၅

 

သူ့နာမည် ဂျွန်ကြီး။ သို့သော် အိမ်ထောင်စုဇယားထဲ၊ မှတ်ပုံတင်ထဲ၊ နိုင်ငံကူး လက်မှတ်ထဲ ပါသည့် နာမည်က ဇော်ထွန်း။ ဇော်ထွန်းကနေ ဂျွန်ကြီး ဘယ်လို ဖြစ်သွားရတာလဲ ဟု အမေးရှိသော် အဖြေရှိအံ့။ 

 

ဇော်ထွန်းက လူတွေ၏ ဘာသာစကားကို ကောင်းစွာ ကြေညက်သည်။ ကောင်းစွာ သိ၏။ သူ သိသည့် ဘာသာစကားက လူတွေ၏ ရင်တွင်း ဘာသာစကား။ ဆက်သွယ်ရေး ဘာသာစကားကတော့ မြန်မာစကား နှံနှံစပ်စပ် နှင့် အင်္ဂလိပ်စာ အနည်းငယ်သာ သူပြောတတ်သည်။ သို့သော် ရင်တွင်း ဘာသာစကား အရာမှာတော့ က၀ိတစ်ဆူဟု ပြောရလောက်အောင် လူတွေကို ဖတ်သည်။ လေ့လာသည်။ လူ့သဘာ လူ့မနော လူ့ကြော နပ်သည်လို့ ဆိုနိုင်သည်။ သူ့ဘာသာ ဘယ်သူ့ ရင်တွင်း ဘာသာစကားကို သိသိ။ ဖတ်ဘဲ ဖတ်နိုင် ဖတ်နိုင် တစ်ယောက်တည်း ကောက်ချက်ချ။ တစ်ယောက်တည်း ထင်ချင်သလို ထင်လျှင် ပြဿနာ မရှိသေး။ အခုတော့ သူက တွေ့ကရာ လူတွေ၏ ရင်တွင်း ဘာသာစကားများကို အတို့အထောင်လုပ်ကာ အရပ်စကားနှင့် ပြောရလျှင် အချွန်နှင့် မသည်။ အချွန်ဖြင့် မြှောက်ပင့်ပေးသည်။ အချွန်ဖြင့် နှစ်ယောက် တည်ပေးသည်။ ကြပ်ပေးသည်။ ကုန်ကုန် ပြောရလျှင် လူလူချင်း ရန်ဖြစ်၊ စကားများရအောင် ကြပ်ပေးဖို့ မရှိလျှင် လမ်းဘေး ခွေးနှစ်ကောင်ကြား အစာချပေးပြီး ကိုက်ခဲကြအောင် လုပ်တတ်သူ ဖြစ်သည်။ ကြာတော့ ရပ်ကွက်က သူ့ကို ချွန်ကြီး (၀ါ) အချွန်နဲ့ မတဲ့ အကောင် လို့ ခေါ်လာရတော့သည်။ 

 

မြန်မာစကားတွင် ကကြီးသံသည် ခကွေးသံ၊ ဂငယ် (ဃကြီးသံ) သို့ ပြောင်းတတ်သည့် သဘာဝ၊ ခခွေး အသံသည် ဂငယ် (ဃကြီးသံ) သို့ ပြောင်းတတ်သည့် သဘာဝ ရှိသည်။ ဥပမာ တကျောင်း တဂါထာ နေရာတွင် တဂျောင်း ဟု အသံထွက်ကြသလိုမျိုး၊ ခဲနှင့် ပေါက်သည် ဆိုသည့် စကားတွင် “ဂဲနှင့် ပေါက်သည်” ဟု အသံထွက်ကြသလိုမျိုး ဇော်ထွန်း၏ ရပ်ကွက်နာမည်ပြောင် “ချွန်ကြီး” မှသည် “ဂျွန်ကြီး” ဖြစ်လာလေတော့သည်။ 

 

ဂျွန်ကြီး အချွန်ကောင်းသောကြောင့် ရပ်ကွက်ထဲက နေရာ အစုံမှာ စကားများရ၊ ငြင်းခုံရ ဖြစ်ကြရသော်လည်း သူက လူကြီးကို လူကြီးမှန်း သိသည်။ လေးစားသင့်သူကို လေးစားရကောင်းမှန်း သိသည်။ သိတတ်သည်။ ဒူးနေရာ ဒူး ၊ တော်နေရာ တော်ဆိုသည့် ဘာကြီးမှန်း မသိသည့် မြန်မာစကားကဲ့သို့ လူကြီးသူမများကို လူကြီး သူမများဖြင့် တန်သည့် အပြောအဆို ၊ လူငယ်များကို လူငယ်များဖြင့် တူသည့် ဘာသာစကားများဖြင့် ချွန်တွန်း လုပ်သည်။ အချွန်နဲ့ မ ရလျှင် ပြီးရော့ လူကြီးသူမများကို မလေးမစား၊ မခန့်လေးစား စကားများ မပြော။ 

 

တမြန်မနေ့က ရပ်ကွက်ထိပ်မှ သူထိုင်နေကြ ကိုမောင်တူး၏ လ္ဘက်ရည်ဆိုင်မှာ လ္ဘက်ရည်သောက်နေစဉ် ဦးဘ၀င်း ရောက်လာသည်။ ဦးဘ၀င်းက ရပ်ကွက်ထဲမှာ လူကြီး။ ဘာကော်မတီဖွဲ့ဖွဲ့ အနည်းဆုံး အဖွဲ့ဝင်လောက်တော့ အော်တိုမစ်တစ်ရသည့် မျက်နှာကြီးသူ ဖြစ်သည်။ ပိုက်ဆံ ရှိသည်။ ပြီးတော့ သူက တရားဓမ္မဆွေးနွေးရတာ ၀ါသနာပါသည်။ ရှင်းအောင် ထပ်ပြောရလျှင် တရားဓမ္မနှင့် ပါတ်သက်လျှင် သူသည် ကောင်းစွာ လေ့လာထားပါသည် ဆိုသည့် ပုံစံကို လူစည်လျှင် ပြချင်သည်။ ဒီအကြောင်းကို ကောင်းစွာ ကြေညက် နားလည် သဘောပေါက်သူက ဂျွန်ကြီး ခေါ် ဇော်ထွန်း။ နောက်ထပ် ဦးဘ၀င်း အကြောင်းကို သိပြီး ကြည့်မရသူက ဦးပွားမောင်။ ပွားမောင် ဆိုသည့် အတိုင်း သူကပွားသည်။ ရပ်ကွက်ထဲမှာ လူကြီးပိုင်း ရောက်နေသော်လည်း လူငယ်တွေ၏ ခေါင်းဆောင်လို့ ဆိုရမည်။ ကာလသားခေါင်း ဟု သတ်မှတ်လို့ ရသည်။ ဦးပွားမောင်ကတော့ သူ့ကိုယ်သူ မဟုတ်ရင် မခံဘူး၊ အဆင်မသင့်တာ တွေ့လျှင် လူငယ်တွေကို ငေါက်နေကြ၊ နိုင်နေကြပီပီ တွေ့သမျှ လူ အကုန်လုံးကို ဆရာချည်း လုပ်နေချင်သူ ဖြစ်သည်။ 

 

အခုလဲ…

 

မနက်ခင်းဆိုလျှင် ကိုမောင်တူးဆိုင်က လူများသည်။ သူ့ဆိုင်ဘေးမှာ မိန်းကလေးဆောင်တွေ ရှိသည်။ ဒါကြောင့် ဆိုင်နာမည် ပေးထားတာတောင် မိန်းမလှကျွန်းတဲ့။ မနက်ခင်းဆိုလျှင် ဘယ်ရပ်ကွက်က၊ ဘယ်ကမှန်း မသိသည့် လူငယ်တစ်ချို့သည် ဘယ်အချိန်ကတည်းက အိပ်ရာမှ ထလာမှန်း မသိဘဲ ကြီးစွာသော လုံ့လ၀ရိယဖြင့် ကိုမောင်တူးဆိုင်သို့ အစောကြီး ရောက်လာတတ်ကြသည်။  အဆောင်ပေါ်တွေမှ ဆင်းလာပြီး ကိုမောင်တူးဆိုင်ရှေ့မှ ဖြတ်လျှောက်သွားကြမည့် ကောင်မလေးတွေကို လာစောင့်ကြခြင်း ဖြစ်သည်။ ကောင်မလေးတွေ၏ အပါးတော်မြဲ ဖြစ်ဖို့ မရခင် ဖျာလိုလိပ် ခေါင်းပေါ် တင်ပါ့မယ်ဟု ဇွဲကောင်းပြကြခြင်း ဖြစ်သည်။ ဒါကြောင့် တိုတိုပြောရလျှင် စားပွဲ သိပ်မလောက်။ ကြော့ကော့နေအောင် ဖြီးလိမ်း ပြင်ဆင်ထားသည့် အဆိုပါ လူငယ်တွေ ၀ိုင်းသို့ အိပ်ရာမှ အိပ်မှုန်စုတ်ဖွားထ၊ မျက်ချီးပင် မပြောင်တတ်သေးသော ရပ်ကွက်အခံ လူများဖြစ်သည့် ဂျွန်ကြီး၊ ဦးဘ၀င်း၊ ဦးပွားမောင်တို့အား ကိုမောင်တူးက တစားပွဲထဲ အတူတူ အထိုင်ခိုင်းသည်။ နေ့လည် နေ့ခင်း တစ်ယောက်တည်း စားပွဲ သုံးလုံး ခွထိုင်ရုံမကလို့ ဆိုင်ထဲမှာ ကနေပစေ ကိုမောင်တူးက ဘာမှ မပြောသော်လည်း မနက်ခင်း လူရှုပ်နေချိန်မှာ သူတို့ကို အတူတူ ထိုင်ခိုင်းသည်။ လူရင်းတွေ ထက် ကတွတ်ဝက လာစောင့်နေသည့် ဗျိုင်းကြီးတွေကို ဦးစားပေးရသည်။  

 

ဒီမနက်မှာလည်း ဂျွန်ကြီး ထိုင်သည့် စားပွဲသို့ ဦးဘ၀င်း အရင် ရောက်လာသည်။ ဦးဘ၀င်းကလဲ လိုလိုလားလား လာထိုင်သည်။ ဂျွန်ကြီး စာဖတ်တာ သူသိသည်။ တရားဓမ္မစာပေတွေ အကြောင်း ဆွေးနွေး၊ လေပန်းလို့ ရတာ သူသိသည်။ လူကြီးသူမတွေကို ရိုသေ ကျိုးနွံသည့် ဂျွန်ကြီးကို သဘောကျတာလဲ ပါ ပါသည်။ သူတို့ နှစ်ယောက် တောင်တောင် အီအီ ရောက်တာ ရာရာ စကားများ ပြောနေစဉ်မှာ ဆိုင်ထဲသို့ ဦးပွားမောင် ၀င်လာသည်။ ဆိုင်ရှင် ကိုမောင်တူးက သူ့ကိုပါ ဂျွန်ကြီးတို့ ၀ိုင်းသို့ နေရာ ချခိုင်းလိုက်သည်။ တွေ့ကြလေပြီ။ 

 

ဂျွန်ကြီးက လူကြီးနှစ်ယောက်စလုံးနှင့် ဘာပြဿနာမှ မရှိ။ အဘိုးကြီး နှစ်ယောက်ကလဲ သူတို့ဘာသာ နေလျှင် ဘာပြဿနာမှ မရှိသလို ဂျွန်ကြီးနှင့် စကားပြောရလျှင်လည်း ဘာပြဿနာမှ မရှိ။ တစ်ယောက်၏ အထာ၊ တစ်ယောက်၏ ရင်ဘတ် ဘာသာစကားကို အပြန်အလှန် ကောင်းစွာ ကြည့်မရသော ဦးဘ၀င်း နှင့် ဦးပွားမောင် တို့ နှစ်ယောက်အကြားသို့ အချွန် အတွန်းလုပ်တတ်သည့် ဂျွန်ကြီး ရောက်သွားလျှင်သာ ပြဿနာ ဖြစ်ရတတ်သည်။ 

 

ဦးပွားမောင်မှ မထိုင်ရသေးခင် ဂျွန်ကြီးက “လေးပွားမောင် ညက ချယ်လ်ဆီး နိုင်သွားတယ်ဗျနော်။ ချယ်လ်ဆီးတိုက်စစ်မှုး ကော်စတာ ကတော့ အကျင့်မကောင်းဘူးဗျနော့်။ ဒီကောင်က မွေးကတည်းက သန္ဓေယုတ်တဲ့ အကောင်ပါဗျနော့်။ သြော် မွေးကတည်းက သန္ဓေဆိုလို့ ဒီလို မွေးကတည်းက စိတ်၊ အကျင့်ဆိုး ပါလာတတ်တယ်ဆိုတာ အနောက်နိုင်ငံ တစ်ချို့က သိပ္ပံပညာရှင်တွေ လက်ခံကြတယ်လို့ ဆိုကြတယ် လေးဘ၀င်း… လေးဘ၀င်း အမြင် ပြောပါအုံး…”။ 

 

ဂျွန်ကြီးထက် အရင်မွေး၊ ဂျွန်ကြီးထက် ထမင်း အရင်စားလာခဲ့ကြတဲ့ လူကြီးတွေဘဲ။ ဒီအကောင် ငါတို့ နှစ်ယောက်ကို အချွန်နဲ့ မနေပြီဆိုတာ ကောင်းကောင်းသိသည်။ ထို့ကြောင့် နှစ်ယောက်စလုံး တုတ်တုတ်မှမလှုပ်။ စားစရာ ရှိတာစား၊ သောက်စရာရှိတာသောက် နေကြ၏။ သို့သော် ဂျွန်ကြီးကို ဒီလို လွယ်လွယ်နှပ်ပြီး အသာရှောင်ထွက်သွားလို့ ရကြေးလား။

 

“လေးဘ၀င်းကို ကျွန်တော် ဖတ်လိုက်ရတဲ့ စာလေးတစ်ခု ပြောပြအုံးမယ်။ သဘောကျစရာလဲ ကောင်းသလို ဟုတ်လဲ ဟုတ်မယ် ထင်လို့။ လေးဘ၀င်းလို တရားဓမ္မ လေ့လာတဲ့သူမျိုးကို မေးမှ ဖြစ်မှာမို့။ လေးပွားမောင်လဲ သီးခံ နားထောင်နော်”

 

ဦးပွားမောင် အောင့်သွားသည်။ ဦးဘ၀င်းကိုကတော့ တရားစာပေ လေ့လာသူတဲ့။ သူ့ကို ကျတော့ သီးခံတဲ့။ ဦးပွားမောင်က လူငယ်တွေနဲ့ အတူတူ အရည်လေးချ၊ ဘောလုံးပွဲကြည့်၊ ဘောလုံးပွဲလောင်း လုပ်တတ်သူ ဆိုတော့ ဂျွန်ကြီး စကားက နရင်း ထအုပ်ချင်စရာ။ အထူးသဖြင့် ဦးဘ၀င်း ရှေ့မှာ အပြောခံလိုက်ရတာ အဆိုးဆုံး။ ဘ၀င်း ဆိုတဲ့ အကောင်က ဟိုစပ်စပ် ၊ ဒီစပ်စပ်နဲ့ ဆရာလိုလို၊ သမားလိုလို၊ လူစည်ရင် တရားဓမ္မစကား၊ ပါဋ္ဌိ ပါတ်သားတွေ အပြောချင်ဆုံး။ သူ ဘယ်တုံးက ဘယ်လို တရား ထိုင်တယ်ဆိုတာ ကြွားလို့ မဆုံး။ အခုဘဲ အရဟတ္တဖိုလ်ရတော့မှာလိုလိုနဲ့ သူတို့ လင်မယား နောက်ဆုံး မွေးထားတဲ့ကလေး လွန်ရော ကျွံ ရောမှ တစ်နှစ်သားလောက်ဘဲ ရှိအုံးမည်။ သူ့လို လူရှေ့မှာ တရားဓမ္မစကားကို သီးခံ နားထောင်ဆိုတော့ စိတ်ဆိုးစရာ။ သို့သော် ဂျွန်ကြီး ၀သီကို သိနေသူဆိုတော့လဲ အသာငြိမ်နေလိုက်သည်။ ပြီးတော့ ဦးဘ၀င်း၏ စိတ်ပါ လက်ပါ နားထောင်တော့မည့် အမူအရာကို သတိထားမိလိုက်တာကြောင့် အသာ ယို့ နေလိုက်သည်။ 

 

“ဒီလို လေးဘ၀င်းရဲ့။ ကျွန်တော်တို့ ဂေါတမဘုရား ဗောဓိညောင်ပင်အောက်မှာ ဘုရားဖြစ်တော့ သူ့ပလ္လင်ကို မာန်နတ်မင်းက စစ်တပ်ကြီးနဲ့ ငါ့ဟာဆိုပြီး လာလုတယ် မို့လား။ လာ ရန်ပြုတယ် မို့လား။ သူ လာလုတဲ့ အချိန်မှာ ဘုရားအသစ် ဂျပ်ချွတ်ကို လာဖူးနေတဲ့ သိကြားမင်းတို့၊ ဗြဟ္မာကြီးတွေလဲ ဘုရားဘေးမှာ ရှိနေတယ်မို့လား။ (ဦးဘ၀င်း ခေါင်းငြိမ့်သည်။) အဲဒီမှာ ကျွန်တော် သိတာက ဗြဟ္မကြီးတွေရဲ့ ပါဝါက မာန်နတ်မင်း ပါဝါထက် အများကြီး ကြီးတယ်လေ။ ဒါတောင်မှ ဒီ ဗြဟ္မာကြီးတွေက ဘုရားရှင်ကို နည်းနည်းမှ မကူဘဲ ပြေးတာမှ တန်းနေတာဘဲတဲ့။ ဘုရားရှင်က သူပြုခဲ့သမျှ ကုသိုလ်ကောင်းမှုတွေ၊ ဒါန ပါရမီတွေကို ကမ္ဘာမြေကြီးကိုစောင့်တဲ့ နတ်သမီးကို သက်သေတည်ခဲ့ရတယ်တဲ့။ ဗြဟ္မာတွေတောင် ထွက်ပြေးရချိန် ဒီနတ်သမီးက ဘုရှားရှင်ကို ရှေ့နေ လိုက်ပေးတာ နည်းနည်း နောနော မာတဲ့ အကြောတော့ မဟုတ်ဘူးဗျနော့်..”

 

 “ဒါက တင်စားတဲ့ သဘောနေမှာပါ ဂျွန်ကြီးရာ။ တစ်ချို့ကလဲ နတ်သားတဲ့၊ တစ်ချို့ကလဲ နတ်သမီးတဲ့။ ဘုရားတွေ ရှေ့မှာ ဆံပင် ရေညှစ်နေတဲ့ နတ်ရုပ်တစ်ခု တွေ့ဘူးတယ်မို့လား။ ငါဖြင့် လူတွေ မြင်သာ ထင်သာ ရှိအောင် တင်စားတဲ့ သဘောနေမှာပါ။ အကောင်အထည်လိုက်ကြီး လာသက်သေခံတယ်လို့ မထင်ပါဘူး။ ဟုတ်တယ်ထားအုံး..မင်းပြောသလို..အတော်သတ္တိကောင်းတဲ့ ကမ္ဘာမြေစောင့် နတ်လို့ ပြောရမှာပေါ့…”

 

“ထားပါတော့…လေးဘ၀င်း ပြောတာ သဘာဝကျပါတယ်။ ကျွန်တော် ဆက်ပြောပါအုံးမယ်….   ဒီလို ဗြဟ္မာကြီးတွေက မာန်နတ်ကို ဘာကြောင့် ခံ မချသလဲ ဆိုတဲ့ မေးခွန်းကို စာထဲမှာ ဖတ်ဘူးလိုက်တယ်။ဒီ မေးခွန်းကို ဘယ်သူမှ ကျေလည်အောင် မဖြေနိုင်ဘူး။ ဘုရားရှေ့မှာမို့ စစ်မတိုက်ချင်လို့တို့။ ဘုရား ဘာလုပ်မယ်ဆိုတာ ကြိုသိလို့ စစ်အင်အား ချွေတာ ချင်လို့။  စတဲ့ ယုတ္တိမရှိတဲ့ အဖြေတွေချည်းဘဲ လေးဘ၀င်းရဲ့။ ဟိုတနေ့ကမှ စာအုပ်တစ်အုပ် ဖတ်ရင်း သွားတွေ့တာ။ အဲဒီမေးခွန်းကိုဘဲ ဖြေထားတာ မိုက်တယ် ဗျ။ (ဦးဘ၀င်းသာ မက ဦးပွားမောင်ပါ ခေါင်းထောင်လာသည်။) ဘာတဲ့…အသေ၀နာစ ဗလာနံ ပုဒ်လိုဘဲတဲ့။ မာန်နတ်ဆိုတာ နတ် အဆိုစရေးရှင်းမှာ အော့ကြော့လန်တဲ့။ သူနဲ့ တုဖက်ပြီး စကားမများချင်၊ ရန်မဖြစ်ချင်တဲ့ ဘဘောဘဲတဲ့…ဟား…ဟား…. လေးဘ၀င်းတော့ မသိဘူး။ ကျွန်တော့်မှာ သဘောကျလိုက်တာဗျာ။ ယုတ္တိလဲရှိတယ်။ သဘောလဲ ကျဖို့ ကောင်းတယ်လေဗျ နော့်…”

 

အသေ၀နာစ ဗလာနံ ဆိုတာ လူမိုက်ဆိုလျှင် ဝေါင်ဝေါင်ရှေး၊ ဝေးဝေးရှောင် ဆိုတာတော့ ဦးပွားမောင်လို မြန်မာ လူကြီးတစ်ယောက်အတွက် မသိမဟုတ်။ သိသည်။ သို့သော် သူ့ဘာသာ နတ်တွေ အချင်းချင်း မတည့်ကြ၊ စကားမပြောချင်ကြတာ သူ့အရေးမဟုတ်။ သူ့အကွက်မဟုတ်။ အကွက်ဝင်သွားသူက ဦးဘ၀င်း။ ရပ်ကွက်ထဲက ကလေးတွေနဲ့ တရုံးရုံး ဖြစ်နေသည့် ပွားမောင်ကို ကြည့်မရတာ ကြာပြီ။ ထို့ကြောင့်..

 

“ဟာ သိပ်ကောင်းတဲ့ အဖြေပေါ့ ဂျွန်ကြီးရာ။ မှန်တယ်။ လူမိုက်ကို ရှောင်ရမယ်။ (ရေနွေးခွက်ယူမှုတ် သောက်သလိုလိုဖြင့် ဦးပွားမောင်ကို မျက်လုံး မှေးကြည့်လိုက်တာ ဦးပွားမောင်လဲ သိ။ ဂျွန်ကြီးကတော့ ကော်ပြီဟေ့ဟု တွေးသည်။) လူမိုက်နဲ့ အနေနီးရင် ကိုယ်ပါ လူမိုက် ဖြစ်တတ်တယ်။ အဝေးကြီး ကြည့်စရာ မလိုပါဘူးဗျာ..ဟဲ…ဟဲ..နော့် ကိုပွားမောင်ရာ”

 

ဒီအသက်အရွယ်ရောက်မှတော့ ဒီလိုစကားပြောလာလျှင် ဘယ်ဘူတာကို ဦးတည်သွားတယ်ဆိုတာ “ပွားမောင်တို့က သိလိုက်သမှ အံခွနေပြီကွ” ဟု စိတ်တွင်းမှ ကြိမ်းဝါးလိုက်ကာ

 

“ဒါပေါ့ …ဒါပေါ့ ကိုဘ၀င်းရယ်။ အသေ၀နာစ ဗလာနံ ဆိုတာ ဒီစစ်အစိုးရ အသိုင်း အ၀ိုင်းနဲ့ သိပ်ကိုက်တာပေါ့ဗျာ။ (ဦးဘ၀င်း သားအကြီးကောင် စစ်တပ်ထဲမှာ ဗိုလ်မှုးဆိုလား၊ ဗိုလ်ကြီးဆိုလား သူသိထားသည်။) အဲဒီ အသိုင်း အ၀ိုင်းက လူမိုက်တွေဗျ။ သူတို့ ခိုး၊၀ှက်နေရရင် ပြီးရော။ ဘယ်သူ ဆိုဆုံးမလို့မှ မရတဲ့ အဖွဲ့အစည်းကြီးဗျ။ ရပ်ကွက်ထဲက လူငယ်တွေ အရက် တစ်ခါတစ်လေ သောက်ကြတာ…(အဟမ်းဟု ဦးဘ၀င်းက ချောင်းဟန့်သည်။ လူငယ်တွေ ချည်းသာလောဆိုသည့် အမေးပါသည့် ချောင်းဟန့်သံ)..အင်း…လူကြီးတစ်ချို့ အရက်သောက်ကြတာ လူမိုက်လို့ ပြောမရဘူးလေ။ ရပ်ကျိုး ရွာကျိုးအတွက် အနစ်နာခံ အလုပ် လုပ်ကြပြီဆိုရင် ဒီလူတွေဘဲ အပင်ပန်းခံ လုပ်တာဘဲ မို့လား။ ညနေတိုင်း သောက်ပြီး အရက်စွဲတဲ့ လူငယ်တွေ မဖြစ်သွားအောင်တော့ အလုပ် အကိုင် ကောင်းကောင်း ဖန်တီးနိုင်တဲ့ အစိုးရလိုတာဘဲဗျ။ ဗလာနံ စစ်အစိုးရနဲ့ ခိုးချင် ၀ှက်ချင်တဲ့ သူတို့ အသိုင်း အ၀ိုင်း သေဂျင်းဆိုနဲ့ မြန်မြန်သေမှ အေးမှာပါ။” 

 

ဦးဘ၀င်းခမျာ စမူဆာအချဉ်ရည်ထဲက ငရုတ်သီးကို မ၀ါးမိပါဘဲ ရှူးရှူး ရှားရှား ဖြစ်သွားသည်။ အစိုးရကို ပြောချင်ပြောပေါ့။ အခုတော့ သူတို့ အသိုင်းအ၀ိုင်းပါ သေဂျင်းဆိုးနဲ့ သေဆိုတာတော့ လွန်သွားပြီ။ များသွားပြီ။ ရှေ့က ရေနွေးအိုးနဲ့ ရိုက်ထုလိုက်ရ ပွားမောင်ကနေ မပွားနိုင်ဘဲ ပုမောင် ဖြစ်သွားမယ်…ဟင်း…ဟင်း…ဟု စိတ်ခုရင်း ရေနွေးအိုးကို စိုက်ကြည့်နေသည်။ ဒါကို ရိပ်မိ သိရှိသူက ပြဿနာကို စတင် မီးမွှေးခဲ့သူ ဂျွန်ကြီး။ ထို့ကြောင့် ရေနွေးအိုးကို လှမ်းကိုင်ယူရင်း “ကိုမောင်တူးရေ ရေနွေးလုပ်ပါအုံးဗျို့။ နောက်ပြီး လဘ္ဘက်သုတ်တစ်ပွဲပါ လုပ်ပါအုံး။ လူကြီးသုပ်ဘဲ လုပ်ခဲ့။ လေးဘ၀င်းနဲ့ လေးပွားမောင်ကို ဒါန ပြုချင်လို့ပါ။”

 

“မသာ၊ သေချင်းဆိုးလေး” ဟု ဦးဘ၀င်းနှင့် ဦးပွားမောင်တို့ နှစ်ယောက်စလုံး ဂျွန်ကြီးကို စိတ်ထဲမှ ကျိန်ဆဲမိသည်။ သူစခဲ့သည့် မီးကြောင့် အခုတော့ သူတို့ နှစ်ယောက်စလုံး ဘယ်သူမှ အရင် ထမပြန်ချင်။ တစ်ယောက် ထပြန်ရင် ကျန်သည့် တစ်ယောက်က ဂျွန်ကြီးနှင့် သူ့ အယူအဆ မှန်ကန်ကြောင်း ထပ်ဆင့် အဆိုတင်သွင်းကာ ဟို သကောင့်သား ဂျွန်ကြီးကလဲ မြှောက်ထိုးပင့်ကော်၊ ထောက်ခံနေအုံးမည်။ 

 

ဒီလိုနှင့် အသေ၀နာစ ဗလာနံ ပုဒ်အတွက် တစ်ယောက်နှင့် တစ်ယောက် ထေ့လုံး၊ ငေါ့လုံး၊ စောင်းလုံး၊ ချိတ်လုံး လေးများဖြင့် ဂျွန်ကြီးကို ပုဏ္ဏားထိုင်ထားကာ စကားလုံးစစ်ပွဲ နွှဲနေကြသည်။ ဂျွန်ကြီးကတော့ နည်းနည်း မီးများလာလျှင် လျှော့ပေးလိုက်။ မီးခိုး အူလာလျှင် ယပ်တောင် ခပ်ပေးလိုက်။ သူတို့ သုံးယောက် လေတိုက်ပွဲ ဆင်နွှဲနေတာ ဘယ်သူကမှ ဘယ်သူ့ကို အလျှော့ပေးမည် မဟုတ်သလို ဂျွန်ကြီးကလဲ ထမင်းတောင်ဝယ်ကျွေးပြီး အချွန်ဖြင့် ဆက် ‘မ’ မည်ထင့်။ နောက်ဆုံးမှာတော့ ဆိုင်ရှင် ကိုမောင်တူးက ဆိုင်သန့်ရှင်းရေးလေး လုပ်ပါရစေ။ ပြန်ကြပါတော့ဟု နှင်ထုတ်လိုက်ရသည်။ 

 

မာန်နတ်မင်းက ဘုရားရှင်ရဲ့ အရှေ့မှာ အယုတ္တ၊ အနတ္တ၊ ဖရုဿဝါစာ စကားများဖြင့် ပြောသဖြင့် သူ့ ဆဲစကား၊ ဆိုစကားများကို ဗြဟ္မာကြီးတွေက နားဘဲ မခံသာသလော။ တုဖက် ပြိုင်ဆဲစရာ စကားလုံးမရှိတဲ့ ကောင်းကင် ဖြစ်ခဲ့သလော။ ဘုရားရှင်ကဘဲ “ချစ်သားတို့ ငါရှင်းမယ်။ မင်းတို့ ၀င်မပါနဲ့” လို့ ပြောခဲ့သလော။ မည်သို့ပင် ဆိုစေ…အသေ၀နာစ ဗလာနံ ပုဒ်ကြောင့်ပေါ့ ဆိုသည့် အဖြေကြောင့် ဦးဘ၀င်း နှင့် ဦးပွားမောင်တို့ စကားမပြောနိုင်တာ နှစ်လလောက်ကြသည်။ ဂျွန်ကြီးကတော့ ရပ်ကွက်ထဲမှာ နာမည် ပိုကြီးသွားသည်။ “ဂျွန်ကြီးကတော့ ဂျွန်ကြီးပါဘဲကွာ။ ဗြဟ္မာကြီးတွေ ထွက်ပြေးတာနဲ့တင် လူနှစ်ယောက် ရန်ဖြစ်အောင် လုပ်လဲ လုပ်တတ်တဲ့ အကောင်ကွာ” ဟု ပြောနေကြရတော့သည်။ 

 

ဖိုးထက်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဖိုးထက်, ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ (မိုးမခ) မတ် ၂၄၊ ၂၀၁၈...

Read more »

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ)

By

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ) မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၂၈၊...

Read more »

 ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ

By

ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ (မိုးမခ) ဖေဖော်ဝါရီ ၅၊...

Read more »

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 

By

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ  မိုးမခစာပေက ထွက်ပါပြီ။...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်