ဖိုးထက် – ဟပ် ချင်သလို မဟပ်နဲ့

October 6, 2015

ဖိုးထက် – ဟပ် ချင်သလို မဟပ်နဲ့
(မိုးမခ) အောက်တိုဘာ ၆၊ ၂၀၁၅

ဇော်ထွန်း ဆိုသည့် နာမည်က သူ့အမေဖြစ်သူ ဒေါ်အုံးရင်က ဆန်နှစ်ပြည်၊ ကနတော့ပွဲတစ်ပွဲ၊ ၀တ္ထုငွေ တစ်ထောင်ဖြင့် ရွာဦး ကျောင်းမှ ဗေဒင်လက္ခဏာ ၀ါသနာထုံသည့် ဘုန်းတော်ကြီး ဦးဉာဏထံ မေးမြန်းပြီး မှည့်ခေါ်ထားသည့် နာမည်။ လူဇော် လူမော် ထွန်းပေါက်အောင်မြင်မည့် လူကလေး။ သူတို့အိမ် ဘုရားစင်ပေါ်က သူ့ဇာတာပေါ်မှာ ဇော်ထွန်း အသက် ၁၂၀ ရှည်စေသောဝ်တဲ့။ ကျောင်းတက်တော့လည်း ဒီနာမည်။ ဆယ်တန်းအောင်တော့လည်း ဒီ ဇော်ထွန်းဆိုတဲ့နာမည်နှင့်။

သို့သော် တက္ကသိုလ် စတက်ကတည်းက ဇော်ထွန်းရဲ့ ဗီဇပြသည်။ သူ့ဗီဇက လူနှစ်ယောက်တွေ့လျှင် ရန်မတိုက်ပေးရ မနေ နိုင်သည့် ဗီဇ။ သို့သော် ကြီးကြီးကျယ်ကျယ် ရန်သတ္တုဖြစ်ကြရအောင်လည်း သူကမလုပ်။ သူ့မျက်စိထဲမှာ အဆင်မပြေ သော လူများ၊ ကြည့်ရတာ မျက်စိ ဆံပင်မွှေးစူးသော လူများ၊ မြောက်ကြွ မြောက်ကြွ အသားလွတ် ဘ၀င်မြင့်နေတတ်သည့် လူများကို အဆင်သင့်ရာ၊ အဆင်သင့်ရာခြင်း ရန်တိုက်ပေးတတ်သည်။ သူ၏ ရန်တိုက်ပေးသည့် ဗီဇဆိုးကြီးတွင် နောက်ထပ် ကောင်းသည်လို့ ပြောရမလား၊ ဆိုးသည်လို့ဆိုရမလား မသိရသည့် နောက်ထပ် ပါရမီတစ်ခု ရှိသေးသည်။ သူ၏ ထိုပါရမီကား အတွဲအစပ်မိအောင် ရန်တိုက်ပေးတတ်ခြင်း ဖြစ်၏။ ပြောရလျှင် ပညာသားပါပါ ရန်တိုက်ပေးတတ်သည်။

တက္ကသိုလ်မှာကတည်းက ဇော်ထွန်းဆိုလျှင် မေဂျာတူ သူငယ်ချင်းတွေ၊ မေဂျာကွဲ သူငယ်ချင်းတွေ၊ ရင်းနှီးသော သူငယ်ချင်း တွေ၊ မေးထူး ခေါ်ပြော သူငယ်ချင်းတွေကြားမှာ  နာမည်ကြီး။ ချစ်စရာကောင်းသည့်၊ ခင်မင်နှစ်လိုဖွယ်ရှိသည့် ရန်တိုက်ပေး ခြင်းများကို ပြုတတ်သဖြင့် သူ့ကိုကြောက်လည်း ကြောက်။ ချစ်လည်း ချစ်ကြ၏။ ထို့ကြောင့် သူ၏ ဆိုးဒဏ်ကို အမြဲခံရသည့် သူငယ်ချင်း ကျော်ထူးမြင့်က ချွန်ကြီးဟု ကင်ပွန်းတပ်ခဲ့ရမှ ဖိုင်နယ်လ်ဘွဲ့ရသည်အထိ ချွန်ကြီးဟူသော နာမည်သည် ရွာဦး ဘုန်းတော်ကြီးနှင့် သူ့အမေ အမြတ်တနိုးခေါ်သော ဇော်ထွန်းဆိုသောနာမည်ကို ဖုံးလွှမ်းသွားတော့သည်။ ချွန်ကြီး…ချွန်ကြီး ဟု ခေါ်ကြရာမှ ဂျွန်လွင့်သားလိုလို၊ ဂျွန်ထရာဗိုလ်တာ့ တူလိုလိုဖြင့် ဂျွန်ကြီး ဖြစ်သွားခဲ့သည်။

ဇော်ထွန်း (ခေါ်) ဂျွန်ကြီး ဘွဲ့ရတော့ သူတို့ မိသားစုတစုလုံး ရန်ကုန်သို့ ပြောင်းခဲ့သည်။ သူ့ဗီဇက တက္ကသိုလ်မှာ ကျန်မနေခဲ့ဘဲ ရပ်ကွက်ထဲအထိ ပါလာသည်။ သူ့ရဲ့ တက္ကသိုလ်ကျောင်းသားဘ၀ကို ကောင်းစွာသိသည့် သူ့သူငယ်ချင်းတစ်ယောက် ကလည်း ထိုရက်ကွက်ထဲမှာရှိနေခဲ့တာ ဇော်ထွန်း ကံဆိုးသွား၏။ ရပ်ကွက်ထဲမှာ သူ့ဆိုးမျိုးကို ခံရသည့်လူတွေ မနည်း မနောရှိနေချိန်နှင့် အချိန်ကိုက်ဖြစ်သွားသဖြင့် ဇော်ထွန်းဆိုတာပျောက်။ ဂျွန်ကြီး ပြန်ပေါ်လာလေပြန်တော့သည်။

ဂျွန်ကြီးက နှစ်ဦးနှစ်ဘက်ကို အသားလွတ် ငြင်းခုန်၊ ရန်ဖြစ်ခိုင်းတတ်တာမဟုတ်။ သူကိုယ်တိုင်လည်း စာဖတ်ဝါသနာ ပါသူ ပီပီ စာလေး၊ ပေလေးနှင့် ရန်ဖြစ်ခိုင်းခြင်းဖြစ်သည်။ အဲဒီလို ရန်ပွဲတစ်ပွဲ (၀ါ) ငြင်းခုန်ပွဲ တပွဲကိုဖန်တီးဖို့ ဂျွန်ကြီးက သူ့ကိုယ်သူ အနာခံဖို့လည်း ၀န်မလေး။ သူ့ကို ရစရာ မရှိအောင် အတွယ်ခံလိုက်ဖို့လည်း ၀န်မလေး။

တစ်ခါက….
ရပ်ကွက်ထဲမှာ ဂျွန်ကြီးကို သိပ်အစာမကြေသော ကိုမျိုးထွန်း ဆိုသည့် လူတစ်ယောက်ရှိသည်။ ဂျွန်ကြီးကို အကြောင်းပြချက် မယ်မယ်ရရ မရှိပါဘဲ အသားလွတ်မုန်းတယ်ဟု ပြောရမလောက်အောင်ပင် သူ့ကို ကြည့်မရသူ ဖြစ်သည်။ စာလေး ပေလေး ဖတ်သလိုလိုနဲ့ လူတကာကို ပြဿနာလိုက်ရှာနေတဲ့အကောင်ဟု သူ့ကို ထင်သည်။ နောက်ပြီး ဂျွန်ကြီးရဲ့ စာတို၊ ပေစလေး တွေ မဂ္ဂဇင်းတွေထဲမှာ ရံဖန်ရံခါ (တကယ့် ရံဖန်ရံခါ) ကြိုးကြား ကြိုးကြား ပါတတ်သည်ဆိုသည့် သတင်းက ကိုမျိုးထွန်း အသဲကို အပ်နဲ့ဆွသလို အနာဆုံး။

ကိုမျိုးထွန်းက ရပ်ကွက်ထဲမှာ ကဗျာ၊ အနုပညာရှင်၊ နိုင်ငံရေးသမား ဒေါင်ဒေါင်မြည်ကြီးလို့ သူ့ကိုယ်သူ သတ်မှတ်ထားသူ ဖြစ်သည်။ သူ့ကဗျာတွေ၊ သူ၏ နိုင်ငံရေး လှုပ်ရှားမှုတွေ၊ သူဖတ်သမျှ စာအုပ်တိုင်း၏ ၀ါကျတိုင်းကို သူ့ ဆိုရှယ်နက်ဝပ်ပေါ်မှာ ဖော်ပြလိုက်တိုင်း နောက်လိုက် နောက်ပါ များမြောင်လှစွာသော သူ့ပရိတ်သတ်က လက်မထောင်ပေးကြတာ ခံရသူ ဖြစ်၏။ သူ့ပရိတ်သတ်နှင့် သူ အခိုင်အမာ ရှိသူလို့ ဆိုရမည်။

အသိဥာဏ်ကြီးမားသည့် လူမဆိုထားနှင့် အဟိတိရိစ္ဆာန်ဖြစ်သည့် ခွေးသော်မှ နောက်မှ လက်ခုပ် လက်ဝါးတီး မြှောက်ပေးလျှင် တစ်ဖက်က ကိုယ့်ထက် အလုံး အထည်ကြီးလို့ ပြန်မတွယ်ရဲတောင်မှ မာန်လေးဖီ၊ သွားကြီး ဖြဲပြတတ်သေး သည် မဟုတ်ပါလား။ (ဂျွန်ကြီးနှင့် ကိုမျိုးထွန်း ဇာတ်ရုပ် ကြွတက်စေရန် ကြိုးစားကြည့်ခြင်းသာ။ မည်သူ့ကိုမျှ မတိုက်ခိုက်ရပါ ခင်ညာ။ ပုံ/ စာရေးသူ)

ကိုမျိုးထွန်း၏ ကောင်းစွာ ခွဲခြမ်းစိပ်ဖြာသော မှတ်ချက်များ၊ ကောင်းစွာ တိုက်ခိုက်သော ပို့စ်များ၊ ကောင်းစွာ လေ့လာထား သော တင်ပြချက်များ၊ ကောင်းမွန် အဆင်ပြေစွာ ကြွားဝါထားသော လှုပ်ရှားမှုများကို သူရဲ့ပရိသတ်က အလွန်တရာမှ နှစ်ခြိုက် ကြည်ညိုကြသည်။ ထို့ကြောင့် ဉာဏ်ကြီးသော ကိုမျိုးထွန်းသည် ဒီဇဗ္မူ ငါလိုလူ မရှိဆိုသည့် စိတ်ကလေးများ တစ် ခါ တစ်ရံ ၀င်မိတတ်သည်။ သာယာကြည်နူးတတ်သည်။ ဘ၀င်စိတ်လေးများ အမြုပ်တစီစီ ထတတ်သည်။

သို့သော် ဂျွန်ကြီးက သူ့ကို တွေ့တိုင်း ဘာစာတွေ ဖတ်နေသလဲဗျ။ ဘာစာအုပ်တွေ ဖတ်နေသလဲဗျ။ စာအုပ်တွေ အများကြီး ဖတ်တယ်ဆိုလို့ နည်းနည်းမေးပါရစေဗျဆိုသည့် ပညာစမ်းတာလိုလို၊ ခနဲ့တာလိုလို (သူ့စိတ်အထင်) မေးတတ်သည်။ ဒါကြောင့် ဂျွန်ကြီးနဲ့ တွေ့လျှင် သတိကြီးစွာ ထားနေရသည်။ ကြာတော့ ဂျွန်ကြီးကိုတွေ့တိုင်း မလုံခြုံသလိုမျိုး စိတ်မသက်မသာ ခံစားရသည်။ ထို့နောက် ဂျွန်ကြီးကို ကြည့်မရသည့် စိတ်ခံစားမှုများ ဖြစ်လာတော့၏။

ဒီနေ့လဲ ကိုမျိုးထွန်း တစ်ယောက် အလုပ်အားရက် နေ့လည် နေ့ခင်း လမ်းထိပ်မှ ကိုမောင်တူး၏ လ္ဘက်ရည်ဆိုင်သို့ ထွက်ပြီး လ္ဘက်ရည်သောက်နေကာမှ သကောင့်သား ဂျွန်ကြီးက သဖြီးကြီးဖြင့် ဆိုင်ထဲသို့ဝင်လာသည်။ ရုပ်ကိုက ငါးမြွေထိုး ဆီသုတ် ပြီး ချောတိုင်တက်ခိုင်းတဲ့ ရုပ်ဟု တွေးလိုက်မိသည်။ လ္ဘက်ရည်တစ်ခွက်မှာပြီး သူ့စားပွဲသို့ ဂျွန်ကြီးဝင်ထိုင်ကတည်းက ညက တည်းက သူ့အိပ်မက်တွေ သိပ်မကောင်းတာကို သတိရသွားသည်။ လူမှုရေး အရ ထထွက်သွားလို့လဲ မကောင်း။ မထိုင်နဲ့လို့ ပြောရအောင်လည်း တစ်ရပ်ကွက်ထဲသားတွေ။ ဘာပြောလို့ရမှာလဲ။ သတိနဲ့ နေရုံပေါ့လို့ တွေးသည်။

“အစ်ကို မျိုးထွန်း”
လာပြီ…ဒီကောင် ဘာပြောတော့မယ် မသိလို့ တွေးမိပြီးမှ …

“ငှင်…အော်…ဆောရီး…အကျင့်ပါနေတာ..ဟင်..ဘာလဲကွ”

“ဒီလိုပါ အစ်ကို…အစ်ကိုက ကဗျာ၊ စာ ၀ါသနာပါတယ်လို့ ကျွန်တော်တို့ သိကြတယ်လေ။ ကျွန်တော်လည်း စာပေ ၀ါသနာ ရှင် ကလောင် လက်သင်တစ်ယောက်ဘဲဗျ။”

သူ့စာလေးတွေ မဂ္ဂဇင်းလေးထဲ ပါတာနဲ့ ကြွားချင်တဲ့ ငကြွား…ငါလိုမျိုး အခုတင် အခု လက်မထောင်တာ ရာကျော်ရတဲ့ ကောင်ဆို ဘယ်လို နေမယ် မသိဟု တွေးမိသည်။

“အဲဒီတော့ ဘာဖြစ်သလဲ”
“အဟဲ…အဲဒီတော့ ကျွန်တော့်စိတ်ထဲ မရှင်းတဲ့ ကဗျာတစ်ပုဒ်ကို မေးချင်လို့ပါ အစ်ကို မျိုးထွန်း”

ဘုဆတ်ဆတ်ဖြင့် “ဘယ်ကဗျာလဲ”
“သြော် ဆရာ ဇော်ဂျီရဲ့ ကဗျာတစ်ပုဒ်ပါ” ဟု အသံ ခပ်ကျယ်ကျယ် ပြောသည်။

လာလာ ချည်သေး။ ကမြင်းမသား ငါ့များ နားလေးနေတယ် ထင်နေသလား မသိဘူး။ စွတ်အော်နေတယ်။ ဒင်း အဆင့်နဲ့ ဆရာကြီး ဇော်ဂျီကိုများ နားမလည်တဲ့ ကဗျာတွေ ဘာတွေ ရေးသလေး ဘာလေးနဲ့..ဟု စိတ်အတွင်းက အချဉ်ပေါက်တာများ လေချဉ်တွေတောင် ဆောင့်တက်လာသည်။

“ကိုင်း အဲဒီကဗျာ ရွတ်စမ်းပါအုံး..အလွတ်ရရင်”
“ဟုတ် အလွတ်ရတယ် ကိုမျိုးထွန်း။ ကျွန်တော်ကြိုက်လွန်းလို့ အလွတ်ကျက်ထားပေမယ့် အဲဒီတစ်ကြောင်းကို သိပ်အစာ မကြေဘူး”

“ကိုင်းပါ မိကျောင်းမသားရယ်။ လျှာရယ် ရှည်ရန်ကော။ ရွတ်စမ်းပါ။”
“ဟုတ် ..ကဗျာလေးက ဒီလိုဗျာ…

“ပန်းမျိုးရယ်စုံ ငုံရာမှဖူး။
အချိန်တန် အရန်သင့်
လန်းပွင့်ဖို့ ဖူး။
ဖြစ်နိုင်သည်မှာ စာပေနှင့် ဘ၀။
စိတ်ကောင်း အခြေခံ၌
သတိ အခြေခံ၌
အသိ အခြေခံ၌
စိတ်ကူးဉာဏ် မွမ်းမံတတ်ပါမှ
‘ဟပ်’ မိမည်ပါ့။”

အဲ..အဲဒီ ကဗျာလေးမှာ နောက်ဆုံး အကြောင်း ဟပ်မိမည်ပါ့ ဆိုတဲ့ “ဟပ်” က ဘာအဓိပ္ပါယ်လဲဗျ”

ကိုမျိုးထွန်း စိတ်ဆိုးသွားသည်။ ပြီးတော့ ဒီအကောင် ဂျွန်ကြီးကို ကြည့်မရတာလည်း ကြာပြီ။ ဒီလောက်လွယ်နေတဲ့ ကဗျာလေးကို လာပြီး ခေါင်းစားနေတာကို စိတ်လည်းမရှည်။

“ဘာနားမလည် ဖြစ်စရာလဲကွ။ စိတ်ကောင်းရှိ၊ သတိရှိ၊ အသိလည်း ရှိ၊ စိတ်ကူးဉာဏ်လည်းရှိအုံးတောင်မှ ‘ဟပ်’ မိရုံဘဲ ရှိမယ့် သဘောပေါ့ကွ။ မင်းတို့လို ဟိုမှာ ဒီမှာ စာတိုပေစလေး မတောက် တခေါက် ရေးနေတဲ့ ကလေးတွေကို ဆရာကြီးက သတိပေးခဲ့တာဘဲ။ စိတ်ကောင်းလဲ မရှိ၊ သတိလဲ မရှိ။ ချာတူးလန် စိတ်ကူးနဲ့ဆို ‘ဟပ်’ မိဖို့ မပြောနဲ့ အပင်ပေါ်က စပျစ်သီး ချဉ်တယ်ဘဲ လုပ်ရမှာပေါ့ကွ…ဟား…ဟား”

“ဘာကွဲ့ …မောင်မျိုးထွန်း ဘာပြောလိုက်တယ်..”

ကိုမျိုးထွန်း၏ ခေါင်းကြီး တစ်ခုလုံး မြင့်မိုရ်တောင်ကြီးလောက် ကြီးသွားသည်။ မကြီးခံနိုင်ရိုးလား။ “ဘာကွဲ့..မောင်မျိုးထွန်း ဘာပြောလိုက်တယ်” ဆိုသော အသံသည် သူတက္ကသိုလ် ကျောင်းသားဘ၀ကတည်းက နားထဲမှာ အမြဲကျက်မိနေသော၊ ကြားနေကြ အသံ။ ဆရာကြီး ဦးထွန်းလူ၏အသံဆိုတာ သူသိသည်။ ဘယ်ကနေ ဘယ်လို ဆရာကြီး သူ့နောက် ရောက်နေ တာ မသိ။ မသိဆို သူက ဆိုင်၏ ၀င်ပေါက်ဝကို နောက်ကျောပေးထိုင်ထားတာကိုး။ တက္ကသိုလ် မြန်မာစာ အငြိမ်းစား ပါမောက္ခဆရာကြီး ဦးထွန်းလူ ဆိုင်ထဲ ၀င်လာတာကို မမြင်မိခြင်း ဖြစ်သည်။ ဟို အကျင့်ယုတ်၊ အမျိုး ယုတ်အကောင် က သေချာပေါက် မြင်ပြီးသား ဖြစ်မည်။ ဒါကြောင့်လည်း သူတို့ စားပွဲ နောက်က စားပွဲမှာ ထိုင်နေသော ဆရာကြီးက သူတို့ စကားဝိုင်းကို စိတ်ဝင်တစား နားထောင်လာအောင် အသံဗျဲကြီးနှင့် “သြော်..ဆရာဇော်ဂျီရဲ့ ကဗျာတစ်ပုဒ်ပါ” ဟု အော် လိုက်ခြင်းသာ ဖြစ်မည်။ ကာလနာ၊ သေချင်းဆိုးလေး။ နင်ဆင်တဲ့ အကွက် ခုတော့ ငါမိပြီပေါ့လို့ နောင်တရခြင်းများစွာဖြင့် တွေးလို့မှ မဆုံးသေး..

“ဘယ်လိုကွဲ့ မောင်မျိုးထွန်း…မင်းက အဲဒီ မောင်ဇော်ထွန်းရွတ်ပြသွားတဲ့ ဆရာဇော်ဂျီ ကဗျာထဲက ‘ဟပ်’ မိမည်ပေါ့ ဆိုတာ ကို တိရိစ္ဆာန်တွေ အစာဟပ်တဲ့ သဘောလို့ ပြောလိုက်တယ်လား”

“ဟုတ်တယ်..ဟုတ်တယ်..ဆရာကြီး..ကိုမျိုးထွန်းက အဲဒီလိုသဘောမျိုး ပြောပါတယ်။ ကျွန်တော် မှတ်သားထားလိုက် ပါ့မယ်… အဲဒီ သဘောဘဲမို့လား ဆရာကြီး”

ဂျွန်ကြီးက အချွန်ဖြင့် မသည်။ ကိုမျိုးထွန်းမှာလည်း အထုပ်နဲ့ အထည်နဲ့ ပြေးမလွတ်။

“ဘုရား…ဘုရား….ဘုရားကယ်တော်မူပါ….ဆရာဇော်ဂျီကို အားနာလိုက်တာ။ ကလေးတွေ…ကလေး တွေ မသိတတ်လိုက် တာ…သေချာစဉ်းစားပါ မောင်မျိုးထွန်းရယ်…ကဗျာတစ်ပုဒ်ကို ဖတ်မိရင် ဒီကဗျာကို ရေးသူက  ဘယ်သူလဲ၊ ဘယ်လိုလူမျိုးလဲ၊ ဘယ်ခေတ်မှာ ရေးခဲ့သလဲ၊  အဲဒီ ကဗျာဆရာရဲ့စိတ်အခံက အဲဒီကဗျာ ရေးနေချိန်မှာ ဘာဖြစ်နေမယ် ထင်သလဲ၊ စတဲ့ နောက်ခံ အခြေအနေတွေကို အမြဲတမ်း တွေးသင့်တယ်လို့ မင်းတို့ကို ငါကျောင်းမှာကတည်းက တဖွဖွ အာပေါက်အောင် သင်ခဲ့တယ် မို့လား…(ဟုတ်ကဲ့ ဆရာကြီးဟု အသံတိုးတိုးလေး ထွက်သည်)။ ဆရာဇော်ဂျီလို လူမျိုး၊ လူသူတော်ကောင်းကြီးက အဲဒီ “ဟပ်” ဆိုတဲ့ စကားလုံးကို တိရိစ္ဆာန်တွေ အစာဟပ်တဲ့ သဘောနဲ့ ရေးခဲ့ပါ့မလား မောင်မျိုးထွန်းရယ်။ အဲဒီ သဘောနဲ့ သုံးခဲ့ရင်လဲ ရှေ့က ကဗျာစာသားတွေ တစ်ပုဒ်လုံး ပြစ်လိုက်ရပြီပေါ့ မောင်ရင်ရယ်…”

“ဟင်..ဆရာကြီး..ဒါဆို အဲဒီ ဟပ် က ကိုမျိုးထွန်း ပြောတဲ့ ဟပ် တယ်ဆိုတဲ့ သဘော မဟုတ်ဘူးပေါ့နော်…ဒါဆို ဘာသဘောလဲ ဆရာကြီး”

ဒင်းတော့ တွေ့မယ်။ ဆရာကြီး ပြန်သွားမှ တွေ့မယ်။ နရင်းကို အုပ်အုံးမယ်။ ငါ့ကို ဆူနေပါတယ်ဆိုမှ သင်းက အဆင်းကို ဘီးတပ်၊ ဂျက်အင်ဂျင်တပ် လွှတ်နေတယ် ဟု ကိုမျိုးထွန်း အံကြိတ်သည်။

“ဘယ်…ထပ်သရီး…အဲဒီ ဟပ် တဲ့သဘော ဘယ်ဟုတ်ပါ့မလဲ မောင်ဇော်ထွန်းရယ်။ ဆရာ ဇော်ဂျီ ပြောချင်တဲ့ သဘောက အစပ် အဟပ် တည့်တဲ့ သဘောကို ပြောချင်တာပါ။ ဆရာကြီးလို စိတ်ကောင်း၊ နှလုံးကောင်း၊ ပညာဉာဏ် ကြီးတဲ့ သူက ကဗျာဖတ်သူကို တိရိစ္ဆာန် အစာဟပ်တာနဲ့ နှိုင်းရေးပါ့မလားကွယ်။ စဉ်းစားကြပါ။ ဒီခေတ်ကလေးတွေက ခေတ်ပျက် ကမြင်း မသား စစ်သားတွေ အုပ်ချုပ်မှုအုပ်မှာ  လူဖြစ်လာရတော့ ဘယ်ကိစ္စမဆို အဆိုးမြင်တဲ့ သဘောနဲ့ ကြည့်တယ်။ တစ်ဖက်သား ကို နင်းခြေ၊ အပေါ်စီးက ဆဲဆိုကြိမ်းမောင်းချင်တဲ့ အမြင်နဲ့ ကြည့်တယ်…ဆဲဆို ကြိမ်းမောင်းတဲ့ စာမျိုးမှ အရသာတွေ့နေကြ တော့တာကိုး…”

“ဟာ…ဆရာကြီးရယ်…ကျေးဇူး ကြီးမားလှပါပေ့…ဟုတ်တယ်နော် ဆရာကြီး…ဆရာကြီး ပြောတဲ့ အဓိပ္ပါယ်နဲ့ဆိုရင် ကဗျာ လေးက ပိုပြီး အဓိပ္ပါယ်ရှိသလို၊ ပိုပြီးတော့လဲ လှသွားတာပေါ့နော်..ကိုမျိုးထွန်း (ကိုမျိုးထွန်းက စားပွဲအောက်ကနေ သူ့ကို လှမ်းကန်သည်) ပြောတဲ့ သဘောဆိုရင် အဓိပ္ပါယ်က တစ်မျိုးနဲ့ နည်းနည်း ရိုင်းသလို ဖြစ်သွားမှာပေါ့…သြော်..သြော်..ကိုမျိုးထွန်း ပြောသလို (သူ့ကို မျက်လုံးကြီး ပြူးပြသော ကိုမျိုးထွန်းကို မမြင်ချင်ယောင်ဆောင်သည်။) ကျွန်တော်က မှတ်သားထားတော့မလို.. တော်သေးတာပေါ့… သြော်…စကားဆက်ပြောကြအုံးနော် ဆရာကြီးနဲ့ ကိုမျိုးထွန်း…ကျွန်တော် ဒီက လ္ဘက်ရည်ဖိုးနဲ့ မုန့်ဖိုးတွေ ရှင်းခဲ့တယ်။ ဆရာကြီး စားဖို့ ကိုမောင်တူးဆီမှာ ဂျင်းသုပ် မှာခဲ့မယ်။ ဆရာကြီးတို့ စကား ဆက်ပြောကြအုံး…ကျွနတော့်ကိုတော့ ခွင့်ပြုပါအုံး…အမေခိုင်းထားတဲ့ ကိစ္စလေး တစ်ခု သွားလုပ်ပေးရအုံးမယ်… ဟပ်ရမယ့် ကိစ္စပေါ့ဗျာ..ကိုမျိုးထွန်း ထင်တဲ့ ဟပ် (ကိုမျိုးထွန်း ၀ုန်းခနဲ့ ထရပ်မိတော့ မတတ် ဖြစ်သွားသဖြင့် အချိန်မှီ ဘရိတ်အုပ် လိုက်ရ သည်။) တော့ မဟုတ်ဘူးဗျ။ အစပ် အဟပ်တည့်အောင် လုပ်ပေးရမယ့် အလုပ်လေးပါဗျာ…ကိုင်း သွားအုံးမယ်…ဆရာကြီး သွားပါအုံးမယ် ခင်ဗျ”

နှုတ်လဲ နှုတ်ဆက်။ ထိုင်ရာမှလဲ ထ။ ကောင်တာသို့လဲသွား။ ကျသင့်ငွေတွေကို ရှင်းပြီး ဆိုင်ရှေ့သို့ ကသောကမြော ထွက်သွားသော ဂျွန်ကြီးကို ဆရာကြီး ဦးထွန်းလူက ဒီကောင်လေး ချက်ချင်း ထပြီး ဘာအလောသုံးဆယ် နိုင်သွားပါလိမ့်ဟု တွေးမိပြီး နားမလည်နိုင်သော မျက်လုံးဖြင့် ကျန်ခဲ့သည်။ ကိုမျိုးထွန်း နှင့် ဆိုင်ရှင် ကိုမောင်တူး ကတော့ ဒီအကောင် ဂျွန်ကြီး လုပ်သွားတာကို နားကြီး လည်လိုက်သမှ လေးငါး ပါတ်လောက်တောင် ရှိသေး။ ဆရာကြီးနဲ့ သူ့ကို ဂျင်းသုပ် တစ်ပွဲနဲ့ သက်သက်မယ့် ချန်ထားခဲ့ခြင်းဆိုတာ ကောင်းမွန်စွာ နားလည် သဘောပေါက်သည်။ အခုမှတော့ သူ့ငယ်ကြောက် ဆရာကြီး ဦးထွန်းလူကို ချန်ထားခဲ့ပြီး “ကျွန်တော်လဲ ပြန်တော့မယ် ခင်ည” လို့ ပြောလို့မရတော့။ သေစမ်း နန္တိယ။ သေစမ်း ဂျွန်ကြီးလို့ စိတ်ထဲက ကြိမ်းဝါးမိသည်။

အခုအချိန်ကြမှ အဲဒီ ဆရာ ဇော်ဂျီရဲ့ ကဗျာထဲက ‘ဟပ်’ ကို ကျွန်တော် ကောင်းကောင်းသိပါတယ် ဆရာကြီးရယ်။ ဟိုအ ကောင် ဂျွန်ကြီးကို သက်သက်မယ့် သောက်မြင်ကပ်လို့ ဘုတောတာပါလို့ ဖြေရှင်းလို့ မရနိုင်တော့။ ရှင်းလေ ရှုပ်လေ ဖြစ်အုံး မည် မို့လား။ ဘာများ ပြောလို့ရမှာလဲ။ ဂျင်းသုပ်တစ်ပွဲ မကုန်မချင်း ဆရာကြီး ဦးထွန်းလူ၏ ကဗျာဆိုတာ ရေးရေး၊ ဖတ်ဖတ် စိတ်ကောင်း အခြေခံ ရှိရကြောင်း၊ ဒါမှ မဟုတ်ရင်လဲ ဂရုဏာ ဒေါသ သံထွက်အောင် ရေးရမှာ ဖြစ်ကြောင်း။ မောင်တို့ ခေတ်လို ဟိုလူ့ဆဲ၊ ဒီလူ့ဆဲ ၊ စိတ်ညစ်ပါတ်ကြီးတွေနဲ့ ကဗျာရေးဖို့ မပြောနဲ့ ကဗျာခံစားတာမှာတောင် စိတ်တွေ ညစ်နွမ်းကုန် ကြောင်း… ကဗျာ အရသာ မခံစားနိုင်ကြတော့ကြောင်း… စသည် စသည့် သြ၀ါဒများကို “ဟုတ်ကဲ့” “ဟုတ်ကဲ့ပါ ခင်ဗျ” “ဟုတ်ကဲ့..ဟုတ်ပါတယ် ဆရာကြီး” ဟု အတွင်သား ‘ဟုတ်’ နေရလေတော့သည်။

ကိုမျိုးထွန်း တစ်ယောက် ဟုတ် ကထာရွတ်ဖတ်နေချိန်တွင် ဂျွန်ကြီး တစ်ယောက်ကား အိမ်မှာ အဟပ်..အဟပ် ဟု အားရ ပါးရ ရယ်ရင်း သူ့အမေ ချကြွေးသော အစပ်အဟပ်တည့်သည့် ဘုရားဆွမ်းတော်ကျကို အားပါးတရ ဟပ် နေတော့ သတည်း။

ဖိုးထက်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို, ဖိုးထက်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်