စမ်းစမ်းတင် – ပြောင်းလိုက်ရတဲ့ ဝတ်စုံတွေ
October 7, 2015
– ပြောင်းလိုက်ရတဲ့ ဝတ်စုံတွေ
(မိုးမခ) အောက်တိုဘာ ၇၊ ၂၀၁၅
ဝေးလွင့်နေသူမို့ သူငယ်ချင်းတွေ တစုတဝေးတည်း ဆုံဆည်းတဲ့ ပုံတွေတွေ့တဲ့အခါ လွမ်းတစရာတွေ အမှတ်ရစရာတွေ ဆတိုးလာမိတဲ့အထဲ ဒီနှစ် ဆရာကန်တော့ပွဲမှာ သူငယ်ချင်းတွေအဖြူ-အစိမ်းမဟုတ်တဲ့ ကျောင်းဝတ်စုံနဲ့ ကန်တော့ပွဲတက်လာတဲ့ ပုံတွေတွေ့ရတဲ့အခါ ကျောင်းဝတ်စုံ အဖုံဖုံပြောင်းခဲ့ရတာကို အတွေးက ရောက်လို့သွားပြန်တာပါ။  ခု စမ်းချောင်းအထက- ၂ လို့ အသိများတဲ့  ပြည်လမ်းနဲ့ မဟာမြိုင်လမ်းထောင်းက စိန့်ဖီလိုးမီးနားစ် ကျောင်းမှာ ၀တ်ခဲ့ဖူးတဲ့ ၀တ်စုံတွေဟာ ပညာရေးစနစ်လို၊ ဘ၀လို ခဏခဏပြောင်းပြောင်းသွားတာ အမှတ်ရမိတော့တာပါပဲ။
အမှတ်ရမိသလောက်ဆိုရင် မူလတန်းကျောင်းသူဘ၀တုန်းက ၀တ်ရတဲ့ ၀တ်စုံဟာ အတန်းကြီးက အစ်မကြီးတွေဝတ်တဲ့ Tunic ကျူးနစ်လို့ခေါ်တဲ့ ၀တ်စုံပါပဲ၊ တကျောင်းလုံး တရောင်တည်း၊ တမျိုးတည်း၊ တပုံတည်း၊ တညီတည်း။ တဆင်တည်း။  ကွန်ပျူတာအွန်လိုင်းမှာ ခေါက်ကြည့်တော့ Tunic အခေါ်အဝေါ်က ဗြိတိန်ကကိုး၊ ရှေးရောမ ခေါမ ခေတ်က ၀တ်တာမျိုးတဲ့။  ကျောင်းမှာဝတ်ရတာက ရှပ်လို ကော်လံပါတဲ့ အကျီ င်္ဖြူပေါ် နက်ပြာရောင် ဂါဝန်အပေါ်က စွပ်လိုက်တာပါပဲ၊ သာသနာပြုကျောင်းတိုင်းလိုလို ဒီလို ၀တ်စုံမျိုးဖြစ်ပေမဲ့ ခါးပတ်နဲ့လည်စည်းကို ကြည့်ရင် ဘယ်ကျောင်းကလဲဆိုတာ ခွဲသိနိုင်တဲ့ အဆင်အယင်ပါ။
ကျောင်းကတော့ မီးခိုးရောင်အစင်းလည်စည်းနဲ့ ခါးပတ်အပြာ၊ အတန်းကြီးတွေလည်း ဒီဝတ်စုံတကားကားနဲ့ပါပဲ။ ခြေစွပ်ကတော့ နှစ်သက်ရာစွပ်ကြတာပဲထင်ပါရဲ့ ခြေစွပ်ကျတော့ မေ့တေ့တေ့တော့ မေ့တေ့တေ့ရယ်ပါ။
(ချစ်စရာပါးချိုင့်လေးပေါ်အောင် ပြုံးပြုံးလေးနဲ့ ပျော့ပျော့ပြောင်ပြောင်း နွဲ့နွဲ့နှောင်းနှောင်း လှလှပပ စည်းချက်ကျကျနဲ့ ဗမာအက နိုင်နင်းလွန်းတဲ့ ဆွေဆွေအုန်းချိန်ခေါ် ဒေါ်လီအုန်းချိန်ကတော့ ခြေအိတ်အဖြူ ၀တ်ရတယ်လို့ ဖေ့စ်ဘုတ်ကနေ မှတ်ချက်ပေးပါတယ်။  ပူလွန်းလို့ သူမ၀တ်ချင်တဲ့ခြေစွပ်ဝတ်မလာရင် ဒဏ်ငွေ ပြား ၂၀ ကနေ ပြား ၅၀ ထိဆောင်ရတယ်လို့ ရေးလာပါတယ်။  သူက ခု အင်္ဂလန်ရောက်နေသူပါ။  အဲဒိခေတ်က လက်နှိပ်စက်ပဲ သုံးတော့ သူ့အဖေ ဦးအုန်းချိန်က ဇွဲအုန်းချိန်လက်နှိပ်စက် သင်ကျောင်းဖွင့်တာပါ။  စမ်းချောင်း၊ ကြည့်မြင်တိုင်၊ အလုံ တခွင်က သင်တန်းသားတွေ အားကိုးရတဲ့ ကျောင်းပါပဲ။  သိမ်ဖြူလမ်းက ဘီအက်စ်စီ လက်နှိပ်စက်ကျောင်းကလည်း အတော်ထင်ရှားပါတယ်။) 
မဟာမြိုင်ဘက်ခြမ်းက နှစ်ထပ်စာသင်ဆောင်တွေမှာ အတန်းကြီးတွေတက်ရပြီး ခု စံပယ်ဆောင်လို့ခေါ်တဲ့ နှစ်ထပ်ဆောင်မှာ မူလတန်းတွေတက်ရပါတယ်။  Kindergarten လို့ပြောတဲ့ ကျောင်းနေစ ၄ နှစ်က ၆ နှစ်ရွယ်တွေကတော့ ဒီနှစ်ဆောင်ကြားနောက်ဘက်က တထပ်ဆောင်မှာ။ 
ပုံမှန်အတိုင်း စည်းကမ်းကျန အသင်အပြကောင်း အလေ့အကျင့်ကောင်း စိတ်ဓာတ်ကောင်းတွေ ကျောင်းက ပေးရင်း လေးတန်းစာမေးပွဲဖြေတဲ့ ၁၉၆၂ ခု မတ်လ ၂ ရက်မှာ စစ်တပ်က တိုင်းပြည် အာဏာသိမ်းသွားပါတော့တယ်။ 
ကလေးဆိုတော့ သိပ်မသိပေမဲ့ လူကြီးတွေပြောတာလိုက်စပ်စုနေတော့ တခုခုတော့ တခုခုဆိုတာ ရိပ်မိတာပေါ့။  အဲဒိနှစ်မှာပါပဲ- စာမေးပွဲတွေအောင်စာရင်းထွက်ရင် ထုံးစံအတိုင်း ကျောင်း မပိတ်ခင်ကတည်းက ကြေညာထားတဲ့ရက်မှာ ကျောင်းမှာပဲ သွားကြည့်ကြတော့  သူငယ်ချင်းတွေ ပြောတာကြောင့်လား၊ ကျောင်း Notice  ကြော်ငြာသင်ပုန်းကလား သဲသဲကွဲကွဲတော့ မမှတ်မိပေမဲ့ ကျောင်းဝတ်စုံတွေ ပြောင်းသွားပြီဆိုတာ သိလိုက်ရတာ။
စာမေးပွဲအောင်စာရင်းထွက်ရင် နောက်တက်မယ့် အတန်းမှာ သင်မယ့် စာအုပ်စာရင်းလည်း ကျောင်းမှာအတန်းလိုက်ကပ်ထားတော့ တခါတည်း ကူးလာလေ့ရှိပြီး မြို့ထဲက City Book Club လား ဘာလား အဲဒိ စာအုပ်ဆိုင်မှာ မိဘတွေက လိုက်ဝယ်ပေးကြတာပါ။
အဲဒိနှစ်မှာပဲ ကျောင်းသင်ရိုးတွေပြောင်းသွားပါတယ်။  အင်္ဂလိပ်စာကလွဲ အားလုံး ဗမာလိုချည်းဖြစ်သွားကုန်တာ စဉ်းစားကြည့်ပြီး ခုမှ ၀မ်းနည်းရကောင်းပိုသိလာတာ မလွန်လှပါ။  စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၁၉၆၂ စာသင်နှစ်မှာ ဆယ်တန်းအောင်သွားသူတွေမဆိုထားနဲ့ ၆၃-၆၄-၆၅ လောက်မှာ ဆယ်တန်းအောင်သွားတဲ့ အစ်မတွေရဲ့ အင်္ဂလိပ်လို အရေး-အပြောတွေက အဆင့်အတန်း မြင့်လွန်းတာ သိသာလွန်းလှတော့ ရာနှူန်းပြည့်မဟုတ်တာတောင် ဒါက ကျောင်းနဲ့ ဆိုင်တယ်လို့ အသေအချာကြီးကိုပြောနိုင်တာအမှန်။  ပညာရေး ကျဆုံးခန်းအစပါပဲ
အဲဒိနှစ် အလယ်တန်းကိုတက်ရတဲ့ ကာလမှာပဲ စီနီယာ အစ်မကြီးတွေခေတ်လို ကျူးနစ် မဟုတ်တော့ဘဲ လုံချည်ဝတ်လိုက်ရပြီ။  ဒါဟာ အလယ်တန်းကစလို့ အတန်းကြီးတွေ ဗမာဆန်ဆန် ၀တ်ရမယ့်သဘော။  တွေးကြည့်တော့ ဗမာအကျီ င်္-လုံချည်ဆိုတာ သေသေသပ်သပ် ချပ်ချပ် ယပ်ယပ် တင်းတင်းရင်းရင်းဝတ်ရင် ကိုယ်လုံးအလှပေါ်တော့ … အလှအပဘက် အာရုံရောက်သွားသူလည်းရှိ၊ လုံချည်ဝတ်တယ်ဆိုကတည်းက လူကြီးစိတ်က အလိုလိုဝင်၊ ရှိုးတွေထုတ်၊ အလှတွေပြင်၊ စိတ်ကစား၊ ရည်စားမြန်မြန်ထားဖြစ်သွားသူတွေလည်း ရှိ။ လုံချည်ဟာ ကလေးစိတ်ပျောက်အောင် လုပ်ပေးလိုက်လေသလားတောင် စဉ်းစားမိတာ။   တော်ပါသေး-မူလတန်းကတော့ နက်ပြာရောင်ကျူးနစ်ဝတ်ရတုန်း။
များသောအားဖြင့် ကျောင်းဝတ်စုံဆိုတာ အကျီ င်္က အဖြူရောင်တွေပဲ။ စိန့်ဖီလိုးစ်ထွင်လိုက်ပုံက အကျီ င်္ပန်းရောင်၊ လုံချည်က မီးခိုး၊ အစပ်အဟပ် အရောင်ချင်းက တခြားစီ။ ဘယ်လိုစိတ်ကူးနဲ့များ တွေးပြီးရွေးလိုက်ပါ့။  ဒါပေမဲ့ ၀တ်ကြည့်။ ဘယ်လိုနည်းနဲ့ ယဉ်ယဉ်လေး လိုက်ဖက်သွားမှန်းမသိ… မျက်စိကို အေးလို့။
တီချာမိန်းဆိုတာကတော့ သူ့အတန်းသား မဟုတ်တဲ့လုတွေတောင် ဖိန့်ဖိန့်တုန်အောင် ကြောက်ရတဲ့ဆရာမပါ။  ဆရာမတွေကတော့ ယူနီဖောင်းဝတ်စရာ မလိုသေးဘူး။  ကြိုက်သလိုဝတ်၊ သူဌေးသမီး တီချာနွယ်နွယ်အေးဆို တရက်မှ အကျီ င်္- လုံချည်မထပ်ဘူးလို့ ပြောစမှတ်ကိုဖြစ်ရော။
မုဒုံချည်ချော မီးခိုးရောင်ပြောင်လုံချည်နဲ့ တက်ထရွန် ဒါမှမဟုတ် ပေါ်ပလင် ပန်းရောင်အကျီ င်္နဲ့ မိန်းကလေးတွေ ကြည့်ရတာ ခဲသားရောင်မြေသားထက်က လန်းလန်းစွင့်စွင့် ပွင့်နေတဲ့ ပန်းရောင်ပန်းတွေလို ရွှင်လို့လန်းလို့ လှလို့ ပလို့၊
ခင်မင်သူလို့ ဗမာနံမည်ပြောင်းလိုက်ရတဲ့ ပဲင်စီမင်းသိမ်း တလောက ပြောပြမှ ဒီယူနီဖောင်းကို ကက်သလစ်မယ်သီလတွေက ရွေးတာတဲ့။ သူ့ဖခင်က တချိန်မှာ နိုင်ငံတော်ကောင်စီထိတက်ဖြစ်တဲ့ စစ်မှူထမ်းဆိုတော့ နယ်တကာလျှောက်လှည့်နေရတာမို့ သူ့ကို ဘော်ဒါလို့ခေါ်တဲ့  ကျောင်းအိပ်ကျောင်းစားထားတဲ့အတွက် ကျောင်းသတင်းစုံရပ်ကွက်က သူရထားတဲ့ သတင်းကို ပြန်ဖောက်သည်ချတာနေမှာပေါ့။
အဲဒိ ကက်သလစ်မယ်သီလတွေက အိုင်ယာလန်ကလာတာဆိုတာ  ဘီဘီစီက ဒေါ်ရင်ရင်မေခေါ် မနီတာ ပြောပြမှ သိတာ။ မနီတာက စိန့်ဖီလိုးမီးနားစ်ကျောင်းသူစစ်စစ်၊ ရေတစက်မှမရောဘူး။ သူတို့ဆယ်တန်းအောင်သွားပြီးမှ ကျောင်းက ပြည်သူပိုင်အသိမ်းခံရတာ။ ဒါကြောင့် သူတို့ အတန်းက အစ်မကြီးတွေ အင်္ဂလိပ်စကားပြောပြော ရေးရေး- သွက်သွက်လက်လက် ပီပီသသ မှန်မှန်ကန်ကန် ပြောတတ် ရေးတတ်ကြတာကလား၊  အင်္ဂလိပ်စာကောင်းတော့ ဗမာစာရော… မညံ့ကြပါဘူး။  မနီတာဆို တခေတ်တခါ မေအောင်စိုး ကလောင်နံမည်နဲ့ စာတွေရေးခဲ့တာ။
သူ့ အတန်းဖော် အင်္ဂလိပ်စာ ခင်သန္တာဆိုပြီး အင်္ဂလိပ်စာပြအလွတ်ဆရာမ မမေဘဲယ်လ်မောင်ဆိုရင် ကဗျာက အစပ်ကောင်း။  ဗမာစာဆရာမ တီချာဒေါ်မြတင်ရဲ့ တပည့်ရင်းချာတွေ… ဗမာစာလည်း သူတို့မညံ့
ဆရာမကြီးက ပင်စင်ယူသွားလို့ မသင်လိုက်ရပေမဲ့ ကျောင်းပြဇာတ်မှာဝင်ကရတော့ ပြဇာတ်ဒါရိုက်တာလုပ်တဲ့ တီချာဒေါ်မြတင်ရဲ့ တပည့်ဖြစ်ရတာကိုပဲ ဂုဏ်တယူယူ၊ မနီတာတို့ အတန်းက သမားတော်ကြီးတွေထွက်တဲ့ အတန်းလေ… ကတော်တွေလည်းရှိတာတော့ ပြောမနေတော့ပါဘူး။
ပြောနေတာက ကျောင်းဝတ်စုံ ကိစ္စ..။
အဲဒိအကျီ င်္ ပန်းရောင်-မီးခိုးလုံချည်က တနှစ်-နှစ်နှစ်လောက်ပဲ ၀တ်ရတယ်။ ပြောင်းပြန်ပြီ ကျောင်းဝတ်စုံ။
ခုတခါက ဆရာကန်တော့ပွဲမှာ သူငယ်ချင်းတွေဝတ်ကြတဲ့ အကျီ င်္ဖြူ-ပန်းထိုး လုံချည်ပြာ။ ကျောင်းဝတ်စုံပြောင်းပြန်တော့ ပြောင်းတာလိုက်ဝတ်ရပြန်ရော။
မှတ်မိသေးတယ်။  လုံချည် စွန်တောင်ဆွဲ ၀တ်သွားတာ။ ကျောင်းစစဖွင့်တဲ့နေ့မှာ ၀တ်စုံသစ်နဲ့ ကျောင်းတက်တယ်ပေါ့။ လားလား.. ကျောင်းရောက်တော့ သူငယ်ချင်းတွေက ဟဲ့ နင့် လုံချည်က ပန်းပြောင်းပြန်ကြီး ဆိုလို့ ငုံ့ကြည့်တော့ အစကဘာမှန်းမသိသေးဘူး  သူများဝတ်တာတွေ လိုက်ကြည့်တော့ သူတို့နဲ့မတူ။ အဖြူရောင်ပန်းပွင့်ညှာက အထက်မှာ ချွန်တက်နေပြီး ပန်းငုံဖူးပွင့်က ဇောက်ထိုးဆင်းလို့၊ ပန်းတောင်တည့်အောင် ချုပ်မ၀တ်တတ်တဲ့ အလယ်တန်းကျောင်းသူပေါ့။
အဲဒိမှာပဲ ဆရာမတွေလည်း ဒီဝတ်စုံဝတ်ရတော့တာပဲ။ တကျောင်းလုံး ဖြူဖြူပြာပြာ… တော်ပါသေး နဂိုအခံကျန်နေသေးတော့ ဖြူကာပြာကာမကျ။
အဲဒိတုန်းက ပြည်သူပိုင်မသိမ်းသေးဘူး… မာသာကြီးတွေလို့ခေါ်တဲ့ ကက်သလစ်သီလရှင်တွေရှိနေတုန်း… ဒါပေမဲ့ အတန်းတွေထဲစာလာမသင်တော့ဘူး။ အစ်မကြီးတွေ အတန်းတွေတုန်းက ၀င်သင်ပေမဲ့ ခုတော့ မသင်တော့၊ ဆရာမတွေပဲသင်တော့တာ။ ဒါကြောင့်မို့လည်း မိဘတွေမျှော်မှန်းသလို သူတို့သမီးတွေ အင်္ဂလိပ်စကား အပြော အရေး ဒီရေတက်လာရမယ့်ကိစ္စ မဖြစ်မြောက်ခဲ့တာပေပဲ။ ဒါပေမဲ့ အဲဒိအချိန်ထိ မာသာတွေ ချမှတ်ထားတဲ့အတိုင်း ကျောင်းက စည်းကမ်းလည်းကောင်း၊ စာသင်လည်းကောင်း၊ ကျောင်းဆိုတော့ ပျော်စရာက အမြဲကောင်း။
ငယ်နုစဉ်က အလေ့အကျင့်ဆိုတာ တသက်တာစွဲကပ်လာတယ်ဆိုတာလည်း ဟုတ်တန်ရာပါပဲ။ အမှိုက်တစ သေးသေးလေးဖြစ်ဖြစ် လူမသိတန်ရာဘူးဆိုပြီး လက်လွတ်စပယ်တွေ့ရာနေရာမှာ ပစ်ချဖို့ အတော့်ကို ၀န်လေးမိပြီး အမှိုက်ပုံးတွေ့မှ ပစ်တတ်တဲ့အကျင့်ဟာ ကျောင်းက လေ့ကျင့်ပေးလိုက်တဲ့ အသေးအဖွဲလို့ထင်ရပေမဲ့ အရေးကြီးတဲ့ ကျင့်ဝတ်တွေထဲက တခုဆိုရင်မမှားလေပါ။
မာသာကြီးတွေက စည်းကမ်းကောင်းတဲ့အပြင် တော်ရုံတန်ရုံလောက်ကလေး စာညံ့ရင် စာမေးပွဲမှာ အအောင်မပေးပါဘူး။ နည်းနည်းလေးရှန်းမိပြီး သင်္ချာအတွက်မှားသွားရင်တောင် ခွင့်မလွှတ်တတ်ဘဲ စာမေးပွဲချပစ်တာ။ ဒေါင်ဒေါင်မည်မှ အအောင်ပေးတာမို့ အစ်မကြီးတွေ ဘယ်နေရာရောက်ရောက် လူတလုံး သူတလုံးဖြစ်ပြီး သူတကာတွေထက် ခေါင်းတလုံး ပိုမြင့်နေတာ ဒါကြောင့်လားမသိ။
ဒါတွေအားလုံးဟာ ပုံပြင်တွေထဲ ဒဏ္ဍာရီတွေထဲ ကျန်ရစ်တော့မယ်ဆိုတာ စိုးစဉ်းမှ မခန့်မှန်းမိ- မရိပ်စားမိတာလည်း အမှန်။ တကယ်တော့ ငါးတန်းကျောင်းပြန်ဖွင့်ကတည်းက မြောင်းမြက ဆန်စက်ပိုင်ရှင်သမီး ကျောင်းအိပ်ကျောင်းစား ဂလဲဒစ်ဘမောင် ကျောင်းပြန်မလာတော့ နည်းနည်းတော့ သိဖို့ကောင်းတယ်လို့ ကြီးလာတော့မှ စဉ်းစားမိတာလေ။ ၁၉၆၂-၆၃ ပညာသင်နှစ်ကတည်းက ပြန်ရောက်မလာတာ- ပြည်သူပိုင်တွေသိမ်းတာက ၆၃ မှာ- သူပြန်မလာတာ သူ့မိဘတွေက အခြေအနေအရပ်ရပ်ကို တွက်ဆထားလို့ဖြစ်မှာပေါ့။
အိန္ဒိယနိုင်ငံ ဒါဂျီလင်မှာ ကျောင်းသွားတက်တဲ့ ရှင်စောပုလမ်းက မေရီမောင်တို့ ပဲင်စီမောင်တို့ ညီအစ်မတတွေ… နောက်ပိုင်းနှစ်တွေမှာ ကျောင်းကိုပြန်လာတော့ သူတို့ခမျာ အင်္ဂလိပ်စာပဲ တော်နိုင်တော့ပြီး ဗမာလိုသင်တာတွေမှန်သမျှ ယောင်အအ ဖြစ်ကုန်တော့… မိဘတွေထားတဲ့ ရည်းမှန်းချက်က လွဲချော်သွားသလို စာတော်တဲ့ ညီအစ်မတတွေ ပန်းတိုင်လွဲသွားတာလည်း ကျန်သူငယ်ချင်းတွေ သတိမှထားမိပါစ။
၁၉၆၄-၆၅ စာသင်နှစ်မှာ ၇ တန်း။  အတန်းပိုင်ဆရာမဒေါ်တင်တင်က စည်းကမ်းကြီးသလားမပြောနဲ့၊ ဖြစ်ချင်တော့ အဲဒိနှစ်မှာမှ ကျောင်းပေါင်း စုံရေကူးပြိုင်ပွဲ အတွက် ကျောင်းလက်ရွေးစင်ဖြစ်။ ကျောင်းပေါင်းစုံ ပြပွဲပြိုင်ပွဲမှာ ကပြရမယ့် ပြဇာတ်မှာလည်း ပါဝင်ဖို့ စောစောကပြောထားတဲ့ တီချာဒေါ်မြတင်နဲ့ တီချာအဲလစ်။ တီချာပက်ဂီတို့က ရွေးထား။ ရေကူးလေ့ကျင့်ဖို့၊ ပြဇာတ်တိုက်ဖို့ ကျောင်းစာသင်ချိန်တွေကို ဖဲ့ပေးရတော့ တီချာဒေါ်တင်တင်က လုံးဝမကြည်။ တခြားအတန်းက ရေကူးသမားတွေ၊ ပြဇာတ်တို့ အကတို့တိုက်မယ့်လူတွေ အတန်းဝမှာပြူတစ်ပြူတစ်နဲ့ လာခေါ်ချိန်မှာ တီချာကြီး မျက်နှာမကြည်တာကိုကြောက်ပြီး အတန်းထဲက ခွင့်ပန်ပြီးမထွက်ရဲပေမဲ့ နောက်ဆုံးတော့ အရဲစွန့်ပြီး ခွင့်ပန်ထွက်ရတာပေါ့။ ခုစဉ်းစားကြည့်မိတော့ တပည့်မတွေ စာသင်ပျက်မှာ အင်မတန်စိုးရိမ်တဲ့ ဆရာမကျေးဇူးကိုအောင်းမေ့ရတယ်။ သူက ကြပ်မတ် နောက် မျက်နှာတင်းတင်းထားဆူ… စာသင်ကကောင်း စည်းကမ်းကကြီး သူ့ကြောက်ရတာမို့…  လစဉ်ပညာရည်တိုးတက်မှု မှတ်တမ်းတွေ အတန်းစဉ်စီကြည့်ရင် သူ့အတန်းမှာ အမှတ်တွေ အကောင်းဆုံး။
အဲဒိ ၇ တန်းမှာ Mrs. King က အင်္ဂလိပ်စာသင်တယ်။ ကျောင်းသင်ရိုးတင်မက ကဗျာတွေ simile တို့ metaphor စတာတွေ အင်္ဂလိပ်စကားပုံတွေ … သင်ပေးတာ။ William Worthwords ရဲ့ Daffodils ကဗျာစကြားဖူးတာ စရွတ်ဖူးတာ အဲဒိတုန်းက.. ခုလည်း တိမ်တစလို အတွေးတွေရော လူရောလွင့်မျောနေရင် … I wonder lonely as a cloud လို့ ရင်ထဲက ရွတ်မိတာ…။
တကယ်တော့ ကျောင်းက ဒီပုံစံအတိုင်းသွားရင် အစ်မကြီးတို့ခေတ်လောက် မမှီရင်တောင်… ဗမာလိုချည်းပဲ သင်ရသင်ရ အဲဒိခေတ်နီးပါးလောက် ကျောင်းပညာရေးကောင်းခဲ့မှာပါ… ။
ဒါပေမဲ့…  
၁၉၆၅ ဧပြီ ၁ ရက် April Fool နေ့မှာ အရူးလုပ်ခံလိုက်ရတာပါပဲ… ကျောင်းတွေ ပြည်သူပိုင်သိမ်းလိုက်ပြီတဲ့.. ရေဒီယိုက ကြေညာသွားတာ။
 တော်လှန်ရေး ကောင်စီ ကြေညာချက် အမှတ် ဘာညာနဲ့ပေါ့..။
ဒီတော့.. ပြောင်းပြန်ပြီ ကျောင်းဝတ်စုံ… ပုဂ္ဂလိကကျောင်း မဟုတ်တော့တဲ့ အစိုးရကျောင်း- အစိုးရအထက်တန်းကျောင်း အမှတ်-၂ စမ်းချောင်း ဖြစ်သွားတော့ အစိုးရကျောင်း ၀တ်စုံ အဖြူ-အစိမ်းဝတ်ကြ..။
တချိ့ကတော့ ကြုံရင်ကြုံလို့လား… တမင်ရယ်လေလား… အပေါ်အဖြူနဲ့ ပွင့်ထိုးလုံချည်ပြာဝတ်တုန်း..ဘယ်လောက်ဝတ်နိုင်လေမလဲ… ၀တ်နိုင်ရင် အလွန်ဆုံး ၃-၄ နှစ်… ။
နောက်မျိုးဆက်တွေကတော့ အဖြူ-အစိမ်း..။
အဖြူ-အစိမ်းတွေက အတော်တွင်ကျယ်တာနော်… ဟိုတရက်ကပဲတွေ့လိုက်သေး… တောင်တော်ရွှေပုပ္ပားက အဘ ဘိုးမင်းခေါင်တောင် အဖြူအစိမ်းနဲ့… ကျောင်းဝတ်စုံတော့ မဟုတ်လေဘူးရယ်..။
တကယ်စိမ်းရမှာက တောတွေတောင်တွေ….စိမ်းရမယ့်နေရာ မစိမ်း… မစိမ်းရမယ့်နေရာမှာ စိမ်းသွားပြီး အဖြူ-အစိမ်းဝတ်စုံတွေလွှမ်းသွားတဲ့ ကာလမှာ ကျောင်းတော်မဟာက ပညာရေး အဆင့်အတန်းကလည်း ဘယ်နှမျိုးဆက်ထိ ထိုးစိုက်ဆင်းခဲ့ပြီ မသိ…။
အင်းလေ… ပြောင်းတိုင်းလည်းကောင်းတာမှ မဟုတ်တာရယ်ပဲ….။
စမ်းစမ်းတင် @ SanSan Cynthia Tin
၂၀၁၅၊ အောက်တိုဘာ ၅
မှတ်ချက် — ဆရာဝန်ဖြစ်သွားတဲ့ Patricia Lwin က ဒီလိုပြောပါတယ်။  Cynthia
Pink & Gray Uniform က မြန်မာလို ဝတ်ကြရမယ်ဆိုတော့  Teacher ဒေါ်မြတင် ရွေးခဲ့တာပါ။  Teacher ကြီးက စာသင်ရင်းပြောဖူးတယ်။  အဲဒီအရောင်က ထိကရုဏ်းပန်းကလေးတွေနဲ့ တူတယ်တဲ့..။
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Related posts
Tags:
အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခေတ်ပြိုင်အတွေ့အကြုံ
Comments are closed.
ကြော်ငြာ … ကြော်ငြာ …
စာအုပ်မြင် ချစ်ခင်ပါစေ
မိုးမခမှာ ကြော်ငြာပါ
Help MoeMaKa
မိုးမခမာတိကာစဉ်
%d bloggers like this:
ကြော်ငြာရန် …
မိုးမခနဲ့ ပတ်သက်သမျှ
မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ
By
မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...
Read more »
မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ
By
  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...
Read more »
ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ
By
  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...
Read more »
မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ
By
  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...
Read more »
သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ
Donate while shopping on amazon
Recent Comments
ကဏ္ဍများအလိုက်
ကဏ္ဍများအလိုက် မာတိကာစဉ်