ဖိုးထက် – ဒဿဂီရိ ရွံတဲ့အနမ်း

October 8, 2015

ဖိုးထက် – ဒဿဂီရိ ရွံတဲ့အနမ်း
(မိုးမခ) အောက်တိုဘာ ၈၊ ၂၀၁၅
 

ကျုပ်က ဘီလူး။ ကျုပ်နာမည်ကို အခုပြော အခု ခင်ဗျားသိမယ်။ ကျုပ်ပြောလိုက်ရင် “သြော်…ခင်ဗျားကိုး” လို့ လုပ်အုံးမှာ။ အင်းပါလေ ခင်ဗျားတို့မှ မဟုတ်ပါဘူး။ ကျုပ်က လူတိုင်းသိတဲ့ ကမ္ဘာကျော် ဘီလူးကိုးဗျ။ ဒါပေမယ့် အနောက်နိုင်ငံတွေက လူတွေ အကုန်လုံး သိ၊ မသိ မသေချာပေမယ့် စာပေပညာရှင်တွေဆိုရင်တော့ ကျုပ်ကို သိမှာသေချာတာပေါ့။ ကျုပ်အ ကြောင်းပါတဲ့ စာအုပ်တွေ ကမ္ဘာ့စာပေလောကမှာ အများကြီးရှိခဲ့တာကိုး။ အဲ…အာရှနိုင်ငံတွေ၊ အထူးသဖြင့် ခင်ဗျားတို့ အရှေ့တောင် အာရှနိုင်ငံတွေမှာဆိုရင်တော့ ပညာရှင်မဟုတ်တဲ့ သာမန်အရပ်သားတွေတောင်မှ ကျုပ်ကို ကောင်းကောင်း ကြီး သိသပေါ့ဗျာ။ ဒီလောက် ပြောနေမှတော့ ကျုပ် ဘယ်သူလဲ၊ ကျုပ် နာမည် ဘယ်သူလဲဆိုတာ ခန့်မှန်းလို့ ရရောပေါ့။ ကျုပ်က ဒဿဂီရိ ဘီလူး ဖြစ်တော့ သကိုး။

ဒဿဂီရိ ဘီလူးဖြစ်တဲ့ ကျုပ်ကို ခင်ဗျားတို့သိထားတာက ခေါင်းဆယ်လုံးရှိတဲ့ ဘီလူး။ မယ်သီတာကို အရူးအမူး တပ်မက် ချစ်မြတ်နိုးတဲ့ ဘီလူး။ ဟို ညီအစ်ကို နှစ်ယောက် ရာမနဲ့ လက္ခဏ မင်းသားတို့ရဲ့ ရန်သူတော် ဘီလူး ဒီလို သိကြတာကိုးဗျ။ ခင်ဗျားတို့လဲ သိတာဘဲ။ ကျုပ်ရဲ့ ရန်သူတော်ကြီး ရာမမင်းသား ဘ၀အကြောင်းကို ရေးထားခဲ့တဲ့ ရာမဇာတ်တော်ကြီးထဲမှာ သူတို့ ညီအစ်ကို ဘယ်လောက် တော်တော်၊ ဘယ်လောက် ကောင်းကောင်း ကျုပ်ကို အဲဒီ ဇာတ်လမ်းထဲက ထုတ်ပြီး စဉ်းစားကြည့်ပါ့လား။ ဒီ ညီအစ်ကို နှစ်ယောက်ဘ၀က ပျင်းစရာကြီး ဖြစ်သွားမှာပေါ့။ ဟုတ်ဘူးလား။ ခင်ဗျားတို့ နိုင်ငံက စာရေးဆရာကြီး ဘယ်သူရယ်..သြော် သိပြီ ဆရာချစ်ဦးညိုဆိုတဲ့ ဆရာက ကျုပ်ရဲ့ မယ်သီတာနဲ့ ပါတ်သက်တဲ့ ရင်တွင်းခံစားချက်ကို ခံစားပြီး ၀တ္ထုတစ်ပုဒ်တောင် ရေးခဲ့သေးမို့လား။ နိုင်ငံကျော် ၀တ္ထုတစ်ပုဒ် ဖြစ်ခဲ့သေးတယ်လေ။ သူ့ကို ကျုပ်က သိပ်ကျေးဇူးတင်တာပေါ့။ ခင်ဗျားတို့ လူတွေရဲ့ ခေတ်စကားနဲ့ ပြောရရင် ကျုပ်ရင်ခုန်သံကို နားလည်ခံစားနိုင်တဲ့ သူ့ကို ကျုပ်က ကျေးဇူး တင်တာပေါ့။ ကိုယ့်ကို နားလည်တဲ့သူကို လူမှ ချစ်တတ် တယ် မထင်နဲ့ဗျ။ ဘီလူးလဲ ချစ်တတ်တာဘဲ။

ရာမ ဇာတ်တော်မူကွဲကြီးတွေ ဘယ်လောက်ရှိရှိ၊ ဘယ်လောက်ကွဲကွဲ ကျုပ်က အဲဒီမူကွဲတွေထဲမှာ ဘီလူးဆိုးကြီး ဖြစ်ခဲ့တာချည်းဘဲ။ ဟို ရာမ နဲ့ လက္ခဏကိုဘဲ အမျိုးမျိုး ချီးမြှောက်ပြီး အမျိုးမျိုးထွင်ခဲ့ကြတာလေ။ ခင်ဗျားတို့ နိုင်ငံမှာ ရာမ ဇာတ်တော်ကြီးကို ဟို ဘိုးတော်မင်းတရားခေတ်က စပြီး ဇာတ်တော်ကြီးတွေ ခင်းပြီး ကပြကြကတည်းက ကျုပ်က ဘီလူးဆိုးကြီးဘဲ။ ခင်ဗျားတို့ လူမျိုး ပညာရှင်တွေ ချဲ့သွားတာတောင် ရှိသေး။ ဘာတဲ့…လက္ခဏ၊ ရာမ နဲ့ မယ်သီတာတို့ တောထဲမှာ ၁၂ နှစ်နေတော့ လက္ခဏက မယ်သီတာရဲ့ မျက်နှာကို မကြည့်ခဲ့ဘူးတဲ့။ ၁၂ နှစ်လုံးလုံး မယ်သီတာရဲ့ ခြေထောက်ကိုဘဲ ကြည့်ခဲ့သတဲ့။ မရီးကို မတ်က သိက္ခာသမာဓိ အပြည့်နဲ့ စောင့်ထိန်း စောင့်ရှောက်ခဲ့သတဲ့။ မိန်းမ မျက်နှာကို ၁၂ နှစ် မကြည့်ခဲ့တဲ့သူသာ ကျုပ်လူ..အဲ ကျုပ်ဘီလူး ဣန္ဒဇီတ ကောင်းကင်မှာ ကိုယ်ယောင်ဖျောက်နေတာကို မြင်နိုင်သတဲ့။ ဒါကြောင့် လက္ခဏက မြင်နိုင်သတဲ့။ သူက ကျုပ်ကောင်ဘီလူး ရှိရာကို လက်ညှိုးထိုးပြီး သူ့အစ်ကို ရာမကို ပြတယ်တဲ့။ ရာမက သူ့ညီ လက်ညှိုး ညွှန်ရာကို ပြပြီး မြှားနဲ့ ပြစ်လို့ ကျုပ်ကောင် ကျတယ်လို့ ကွန့်ခဲ့ကြသေးတာမို့လား။ ရှိပါစေတော့။

စကားစပ်လို့ ပြောရအုံးမယ်။ အခု ခင်ဗျားတို့ ခေတ်မှာ လက္ခဏလို လူတွေ များပါပြီဗျာ။ မိန်းမတွေ မျက်နှာကို စောင့်ထိန်းနဲ့ သဘောနဲ့ မကြည့်တာတော့ မဟုတ်ပါဘူး။ ခြေထောက်ကြည့်ရင်ကို ပေါင်အထိပေါ်တဲ့ အတိုတွေ ၀တ်ကြတာ များမှတော့ မျက်နှာမကြည့်တဲ့ လူတွေ များပြီပေါ့။ ကျုပ်ထင်တာ ပြောတာပါ။ ထားလိုက်ပါ။ ကျုပ် အကြောင်း ဆက်ပြောပြမယ်။ ကျုပ်ကို လူရွှင်တော်တွေက နောက်ကြသေးမို့လား။  ခေါင်းဆယ်လုံး ရှိတော့ မနက်လင်းရင် မျက်နှာသစ်ရတာ အလုပ်ပိုရှုပ်မယ်။ သွားတိုက်ဆေး ပိုကုန်မှာပေါ့တို့ လုပ်ကြသေးတာ။ ကျုပ် ခေါင်းဆယ်လုံး ရှိတာ အလကား မဟုတ်ဘူးလေ။ ကျုပ်မယ်တော်က ဗြဟ္မာကြီး တစ်ပါးကို သရက်သီး ဆယ်လုံး ပါတဲ့ အခိုင်ကို လှူလို့ ကျုပ်ကို မွေးတော့ ခေါင်းဆယ်လုံး ပါလာတာ။ ပြောရရင်တော့ ဘုန်းကံကြီးတာပေါ့လေ။ ခေါင်းဆယ်လုံး ပါလို့ ကျုပ်မှာ ဆံပင် ပိုညှပ်ရတာလဲ မရှိပါဘူး။ သွားတိုက်ဆေး ပိုကုန်တာလဲ မရှိပါဘူး။ ဘုန်းသမ္ဘာကြီးတဲ့ သဘောပါ။

ကျုပ် အကြောင်းပြောရင် မယ်သီတာအကြောင်း ပြောရအုံးမယ်။ ကျုပ်က ဒင်းကလေးကို သိပ်ချစ်တာ။ ဒင်းကလေး ဟိုဟာလိုချင်၊ ဒီဟာလိုချင်၊ အလိုက်မသိတတ်တာကို သူ့ယောင်္ကျား ရာမ ထက်ကျုပ်က အရင် သိခဲ့သပေါ့ဗျာ။ ဒါကြောင့် ကျုပ်ညီမကို သမင်ယောင်ဆောင်ခိုင်းပြီး ရာမကို သူက ပူဆာအောင် လုပ်နိုင်ခဲ့တာကိုး။ ကျုပ် သူ့ကို ကျုပ်ရဲ့ ဘီလူး နိုင်ငံ ခေါ်သွားတာ ခင်ဗျားတို့လဲ သိပြီးသားပါ။ တိုတိုပြောရရင် ဒင်းကလေးဟာ ကျုပ်လက်ခုပ်ထဲက ရေပါ။ ဒင်းကလေးကို ကျုပ် တစ်စစီတောင် ခြေပြစ်လို့ရတာပေါ့။ ဒါပေမယ့် ကျုပ် မလုပ်ရက်ဘူးလေ။ ဒင်းလေးနဲ့ ဆိုရင် ကျုပ် ဘီလူးကြမ်းကြီးက အချလာ ဘီလူး ဖြစ်ရော။ ငပျော့ ဘီလူး ဖြစ်ခဲ့တာချည်းဘဲ။ ကျုပ် အသက်နဲ့ ရင်းပြီး ကျိန်တွယ်ချင်တယ်။ ကျုပ် ဒင်းကလေးကို လက်ဖျားနဲ့တောင် ထိခဲ့တာ မဟုတ်ဘူး။ ဒါကို ဒင်းကလေး ယောက်င်္ကျား ရာမက ကျုပ်ကို နိုင်လို့ ဒင်းကလေးကို ပြန်ယူသွားတာတောင် မယုံလို့ ကောင်မလေးခမျာ မီးပုံထဲတောင် ဆင်းပြီး သက်သေ ပြခဲ့ရသေးတယ်မို့လား။ ခင်ဗျားတို့ လူယောက်င်္ကျားတွေ ဘာကောင်းသလဲ။ မယုံရင် လိုက်ပြီး ပြန်မယူနဲ့ပေါ့။ ပြန်ရတော့လဲ မယုံဘူးတဲ့။ ကိုယ်ကျတော့ လုပ်ချင်ရာလုပ်။ ကောင်မလေးကျတော့ မယုံမကြည်နဲ့ ရာမနဲ့ ခင်ဗျားတို့နဲ့ အတူတူဘဲ။ ကိုင်းပါ။ ရှိပါစေတော့။ ခင်ဗျားတို့ သိပြီးသား ကျုပ် အကြောင်းကို ပြန်ပြောနေရတာ ခင်ဗျားတို့ ပျင်းမှာပေါ့။

ကျုပ်ပြောချင်တဲ့ နောက်ထပ် ဘီလူး နှစ်ကောင်ရှိသေးတယ်။ တစ်ကောင်က အာဠ၀က ဘီလူး။ ကျုပ်ထက် ပိုပြီး စီနီယာကျတဲ့ ဘီလူးဆိုတာ ဗုဒ္ဓဘာသာဝင်တိုင်း သိပါတယ်။ မြတ်စွာ ဘုရားအရှင်ကိုယ်တော်တိုင် ခြေချွတ်ခဲ့ရတဲ့ ဘီလူးကြီးလေ။ ကျုပ်ထက် ကြမ်းတယ် ဆရာရေ့။ ကျုပ်ကမှ ရာမတို့နဲ့ဘဲ ပြိုင်ပြီး ချဲရဲတာ။ ဒင်းကြီးက ဘုရားနဲ့တောင် ပြိုင်ရန်ဖြစ်ရဲတဲ့ ဘီလူး။ ဘုရားနဲ့ ယှဉ်ပြီး ရန်ဖြစ်ရဲဆို ဒင်းရဲ့ ဘွဲ့ဖြူ လက်နက်က ကျုပ်ခေါင်းဆယ်လုံးပါတာထက် အပုံကြီး သာတာကိုး။ ဘွဲ့ဖြူလက်နက်ဆိုတာ သူ့ အ၀တ်ပုဆိုး လက်နက်ပေါ့။ အဲဒီ သူ့ပုဆိုးကြီး ကောင်းကင်ပေါ်ပစ်ရင် ဆယ့်နှစ်နှစ် မိုးခေါင်တယ်။ မြေပြင်ပေါ်ပစ်ရင် သစ်ပင်တွေ အကုန်သေပြီး ဆယ့်နှစ်နှစ် အပင်ပြန်မပေါက်တော့ဘူး။ ရေထဲ ပစ်ရင် သမုဒ္ဒရာကြီးတွေတောင် ခန်းခြောက်ကုန်မယ်လေ။ မြင်းမိုရ်တောင်လောက် ကြီးတဲ့ တောင်ကြီးတွေကို သူ့ပုဆိုးကြီးနဲ့ ပစ်ရင်တောင်ဘဲ အပိုင်းပိုင်း အပြတ်ပြတ် ဖြစ်တာကိုး။ မအံ့သြနဲ့လေ။ ခင်ဗျားတို့ ခေတ်က အနုမြူဗုံးကြီးတွေလို နေမှာပေါ့။ သူ့မှာ အဲဒါကြီး ရှိမှတော့ ဒါကြီးနဲ့ ဘုရားကို နိုင်မယ် ထင်တာကိုး။

သူ့ ဘွဲ့ဖြူ လက်နက်ကြီးနဲ့ ဘုရားကို ပြိုင်လို့ မရမှန်းလဲ သိရော ဒင်းကြီးက ဘီလူးပါး။ ဘုရားကို ဒေါသထွက်အောင် လုပ်တယ်။ အတော် ဒူတဲ့ စီနီယာကြီးပါဗျာ။ ဘုရားများ ဒေါသထွက်အောင် လုပ်လို့ ရမယ်လို့ ထင်တာကိုး။ သူက ဘုရားကိုများ “ကျုပ်ခွင့်မပြုဘဲ ဘာလို့ အိမ်ထဲ ၀င်တာလဲ။ အခုထွက်လို့” ပြော။ ဘုရားရှင်က မေတ္တာတော် အနန္တလေ။ ထွက်ဆိုတော့လဲ ထွက်တာပေါ့ အာဠ၀ကရယ်ပေါ့။ ဒင်းကြီးက ပြီးတော့ ပြန်ဝင်ခိုင်းပြန်တယ်။ ဘုရားရှင်ကလဲ ၀င်ဆိုတော့လဲ ၀င်ပေါ့။ အဲဒီလို သုံးခါတိတိ လုပ်ပြီးလို့ လေးခါမြောက်မှာ ဘုရားကို ၀င်လိုက်၊ ထွက်လိုက် တစ်ညလုံး ခိုင်းမယ်။ ပင်ပန်းမှ ခြေထောက်က ဆွဲပြီး ဂင်္ဂါမြစ် တစ်ဖက်ကမ်းကို သွားပြစ်မယ် ကြံတာကိုး။ ဘုရားက သတ္တ၀ါတွေရဲ့ အတွေးအကြံကို သိတဲ့ သဗ္ဗုညု ဥာဏ်တော် ရှိတဲ့ ပုဂ္ဂိုလ်ကြီးဆိုတာ ဒင်းကြီးက မေ့နေတာလေ။ ဘုရားရှင်က “သင်လုပ်လိုရာ လုပ်တော့ ငါမထွက်” လို့ နေလိုက်တယ်လေ။

ဖြတ်ပြောရအုံးမယ်။ သူများ စိတ်အတွင်း အကြံအစည်ကို ဘုရားရှင်သိတာ မအံ့သြနဲ့ဗျ။ ခင်ဗျားတို့ ပါတ်ဝန်းကျင်မှာဘဲ ကြည့်။ ခင်ဗျားတို့ကို အခု အုပ်ချုပ်နေတဲ့ လူစုတ်ပဲ့တွေ ဘာလုပ်ရင် ဘာလုပ်တော့မယ်ဆိုတာ ခင်ဗျားတို့ တွေးလို့ ရတယ်မို့လား။ တစ်သက်လုံး စုတ်ပဲ့ခဲ့တဲ့ လူတွေရဲ့ နောက်ခြေလှမ်းက ဘာလဲဆိုတာ ခင်ဗျားတို့ လွယ်လွယ်လေး တွေးလို့ရ တယ်မို့လား။ ဘာတဲ့..အခု ခင်ဗျားတို့ တစ်နိုင်ငံလုံး စိတ်ဝင်စားနေတဲ့ ရွေးကောက်ပွဲ မဲစာရင်းမှားတာတွေ ဘာဖြစ်လို့ သိသိကြီးနဲ့ ပေါ်ပေါ်တင်တင် မှားနေသလဲဆိုတာ ခင်ဗျားတို့ လွယ်လွယ်လေး တွေးလို့ရသလိုပေါ့။ ကျုပ်ဆိုလို ချင်တာက ဘုရားရှင်ရဲ့ ဥာဏ်တော်ကို သရော်မော်ကား အထင်မကြီးဘူးလို့ ပြောချင်တာ မဟုတ်ဘူး။ တစ်သက်လုံး စုတ်စုတ်ပဲ့ပဲ့ နေခဲ့တဲ့ ဘီလူးဖြစ်ဖြစ်၊ လူဖြစ်ဖြစ် သူတို့ရဲ့ နောက်ထပ် ခြေလှမ်းကို လွယ်လွယ်သိနိုင်သလို အာဠ၀ကလောက်ကတော့ ဘုရားရှင်က သနားတော် မူတယ်လို့ ပြောချင်တာ။ ငါဘုရားက ပျင်းတောင် ပျင်းသေးတယ် အာဠ၀ါကရယ်လို့ စိတ်ထဲက မိန့်တော် မူမှာပေါ့။

ကျုပ် စီနီယာ အာဠ၀ကကြီးများ ဘယ်လောက် ဆိုးသလဲဆို ဘုရားက သူ့ဗိမာန်ထဲက မထွက်သွားပြန်တော့လဲ မဟုတ်ရဘူး။ ဟိုး ရှေးရှေး ဘုရားရှင် အဆက်ဆက်ကို သူ့ရဲ့ မိဘ၊ ဘိုးဘွားတွေ မေးခဲ့တဲ့ အမေး ပုစ္ဆာတွေကို မေးသေးတာ။ ဘုရားရှင် တွေမှသာ ဖြေနိုင်တဲ့ မေးခွန်းမျိုးတွေပေါ့။ ကျုပ် လေကြောရှည်နေသလား မသိတတ်ဘူး။ ကျုပ် စီနီယာကြီး မေးတဲ့ မေးခွန်းတွေ အကုန်သိချင်ရင် စာသာ ပြန်ရှာဖတ်တော့။ ကျုပ်လဲ အကုန် မမှတ်မိဘူး။ တစ်ခုတော့ မှတ်မိတယ်။ ဘာတဲ့ သူမေးတာ။ “ရဟန်းကြီး ဂေါတမ ဘယ်အရသာသည် အကောင်းဆုံး ဖြစ်သနည်း” လို့ မေးခဲ့တာတော့ မှတ်မိတယ်။ ဘုရားရှင်က “မုသားမပါ မှန်ရာကို ပြောဆိုခြင်းသည် အကောင်းဆုံး အရသာတည်း” လို့ ဖြေခဲ့တာတော့ မှတ်မိတယ်။
အာဠ၀ကကြီးက နည်းနည်းနောနော မာနတော့ မဟုတ်ဘူးနော်။ ဘုရားရှင်ကိုများ ခေါ်တာ ရဟန်းကြီး ဂေါတမ တဲ့။ ဒင်း ပြောပေါက် ဆိုပေါက်က ဘုရားရှင်မို့လို့သာ သီးခံနိုင်တာပေါ့။ ကျုပ်ကိုသာ အဲဒီလို ရင့်ရင့်သီးသီး လာပြောကြည့်ပါ့လား။ ခေါင်း တစ်လုံးမှ မကျန်ချင် နေပါ့စေ။ ဒင်းကြီးကို ပြန်ချတာပေါ့။ ကျုပ်က သူ့ကို မရိုမသေ မလေးမစားပြောနေလို့ ခင်ဗျားက လိုက်ပြီး မခန့်လေးစား မလုပ်နဲ့အုံး။ ဒင်းကြီးက နောက်ဆုံးကျတော့ ဘုရားရဲ့ တရားတော်တွေ နာပြီး သောတာ ပတ္တိမဂ်ဥာဏ်ကိုတောင် ရသွားတာနော့်။ ပေါ့သေးသေး ဘီလူး မဟုတ်ဘူး။
ပေါ့သေးသေး ဘီလူး မဟုတ်လို့လဲ ဘုရားရှင်ရဲ့ အောင်ခြင်း ရှစ်ပါးထဲမှာတောင် ဒင်းကြီးက တစ်ပါး ပါနေတာနေမှာပေါ့။ မာန်မာန အလွန်ကြီး၊ ဘုန်းတန်ခိုးအလွန်ကြီး၊ တော်တန်ရုံ နတ်တွေတောင် ဆလံသထားရတဲ့ အာဠ၀ကဟာ နောက်ဆုံးတော့လဲ ဗုဒ္ဓဘုရားရှင်ရဲ့ တရားတော်တွေနဲ့ တွေ့တော့ သူတော်ကောင်းကြီး ဖြစ်သွားတာမို့လား။ မှန်တာကိုတွေး၊ မှန်တာကိုပြော၊ မဟုတ်မမှန်တာ မလုပ်၊ အများ ကောင်းကျိုးကို လိုလားတဲ့ ဘီလူး ဖြစ်သွားတယ်လေ။

ကျုပ်နဲ့ ကျုပ်စီနီယာကြီး အာဠ၀ါက ဟာ ဘယ်လောက်ဘဲ မာန်မာန ခက်ထန်ပါစေ မဟုတ်၊ မမှန်တာ မလုပ်ခဲ့ဘူး။ ကျုပ်ဆိုရင် မယ်သီတာကို လက်ဖျားနဲ့တောင် မတို့ခဲ့ဘူး။ မှဲ့တစ်ပေါက် မစွန်းစေခဲ့ရဘူး။ အာဠ၀ကကြီးဆိုရင် သူ့ ညောင်ပင်ကြီးအောက် ၀င်လာတဲ့ သူမှန်သမျှ ဖမ်းစားတာဘဲ ရှိတယ်။ နောင်မှ ကိုယ်မသေပြီးရော ငါ့တိုင်းသူ ပြည်သားတွေ ဘာဖြစ်ဖြစ် ဆိုတဲ့ ဘုရင်နဲ့ တွေ့မှသာ သူ့ခမျာ အဖတ်ဆည်မရတဲ့ နာမည်ပျက် စာရင်းဝင် ဘီလူးဆိုးကြီး ဖြစ်ခဲ့ရတာ။ ဒါတောင်မှ နောက်ဆုံးမှာ ဘုရားရှင်ရဲ့ တပည့်ကြီး ဖြစ်ခဲ့သေးတာဘဲ။ ဗုဒ္ဓတရားတော်တွေကို လိုက်နာနိုင်သေးတာဘဲ။
အဲ..အခု နောက်ဆုံး ကျုပ်ပြောပြမယ့် ဘီလူးသာ အတော် အောက်တန်းကျတဲ့ ဘီလူး။ ဘီလူး လောကကို အိုးမဲသုတ်တဲ့ ဘီလူး။

အဲဒီ ဘီလူး နာမည် အခုပြော အခု ခင်ဗျားတို့ သိတယ်။ ဒါပေမယ့် ကျုပ် မပြောချင်ဘူး။ ကျုပ်တို့ ဘီလူးတွေရဲ့ သိက္ခာကို အောက်တန်းကျစေတဲ့ အဲဒီ ဘီလူး နာမည် ကျုပ် ထုတ်မပြောချင်ဘူး။ ကျုပ် ပါးစပ် သနလွန်းလို့ ခွင့်လွှတ်တော့။ ဒါပေမယ့် ကျုပ်ခင်ဗျားတို့ကို ရိပ်ဖမ်း သံဖမ်းတော့ ပြောပါ့မယ်။

အဲဒီဘီလူးက အခု လူယောင်ဆောင်ထားတယ်။ သူ့ဘာသာ ဘယ်လိုဘဲ လူယောင် ဆောင်ဆောင် သူ့အခွက်ကြီးကို ကြည့်လိုက်။ ဘီလူးထဲမှာ ဒင်းလောက် ရုပ်ဆိုးတဲ့ ဘီလူး တစ်ခါမှ ကျုပ်တို့ ဘီလူး လောကမှာ မတွေ့ဘူး ဘူး။ ရုပ်ကိုက ဘီလူး သံပရာသီး ဆယ်လုံး ၀ါးစားနေတဲ့ ရုပ်။ မျက်နှာကြီးများဆို မဲပြီး အမြဲ မဲ့ခွက်နေတာဘဲ။ အပုပ် အစပ်တွေ ဘယ်လောက်များ လူမသိ သူမသိ စားထားသလဲ မသိဘူး။ သူ့ဝမ်းထဲက ပုပ်စပ်နေတာတွေ သူ့မျက်နှာမှာ လာပေါ်နေတာ ခင်ဗျားတို့ လူတွေ သိတာ ဘာဟုတ်သေးလဲ။ ကျုပ်က ဘီလူးအချင်းချင်း ခြေပိုမြင်တာပေါ့။ အဆိုးဆုံးက သူ့ပါးအုံ့ကြီး နှစ်ဖက်စူထွက်နေတာများ ဖဲ့ဖဲ့စားချင်စိတ် ပေါ်လာလို့ ကျုပ် ခေါင်းဆယ်လုံး အချင်းချင်း အမြဲ သတိပေးနေရတယ်။ စားချင်တယ်လို့သာ ပြောတာပါ။ မျက်နှာက မီးကျွမ်းထားသလို မဲတူးနေတော့ စားရမှာ မသတီဘူး။ ကျုပ်က ဖြူဖြူဖွေးဖွေးလေးမှ စားချင်တဲ့ ဘီလူးဗျ။ ထားပါ။  အောင်မယ် သူက ခင်ဗျားတို့ဆီမှာ လူယောင်ဆောင်ရုံတင် မကဘူး။ ၀န်ကြီးတွေ ဘာတွေပါ လုပ်လိုက်သေးတာ။ အသားစား ဘီလူးက အပင်တွေ ဘာတွေ စိုက်တဲ့ အလုပ်ကို မလုပ်တတ် မကိုင်တတ်နဲ့ လုပ်ခဲ့သေးတာ။ အတော်ကို နားမလည် ပါးမလည် ဘီလူးပါလေ။

နောက် တစ်ခုရှိပါသေးတယ်။ ဘာတဲ့ သူပြောတာ။ နှစ်ခါလာ နှစ်ခါ အနမ်းခံရတာပေါ့တဲ့။ ဘီလူးဆိုတာ ခင်ဗျားတို့ စာတွေထဲမှာ ပါသလို ဆိုးသွမ်း၊ စုတ်ပဲ့၊ ယုတ်မာနေတာ ချည်းဘဲ မဟုတ်ဘူးဗျ။ ဘီလူးမှာလဲ အသည်းနဲ့ဘဲလေ။ ပြီးတော့ ဘီဘူးဆိုတာ ကျားကျား ယားယား နေတာချည်းဘဲ။ တုံးဆိုတိုက်။ ကျားဆို ကိုက်ဆိုတဲ့ စိတ်ထားမျိုးနဲ့ နေတဲ့ ဘီလူးချည်းဘဲ။ ဟိုစောင်းသလို၊ ဒီစောင်းသလိုလို မိန်းမတွေ အတင်းအုပ်သလို မပြောဘူး။ (ယောင်္ကျားတွေလဲ အတင်းအုပ်ကြပါသည် ဘီလူးမင်း ခင်ဗျား။ ပုံ/ ဖိုးထက်) ကြိုက် ကြိုက်တယ်။ မကြိုက် မကြိုက်ဘူး။ ကျုပ် မယ်သီတာကို ကြိုက်တယ်။ သူ့မှာ ကာမပိုင်ကြီး ရှိတာ ကျုပ်သိသားဘဲ။ ဒါပေမယ့် ကျုပ် ကြိုက်တာ ကြိုက်တယ်လို့ ပေါ်ပေါ်တင်တင် ပြောတာဘဲ။ ပေါ်ပေါ်တင်တင် သိမ်းပိုက်ဖို့ ကြံခဲ့တာဘဲ။ အဲဒီ လူယောင်ဆောင်ထားတဲ့ ဘီလူးကျမှ ဟိုလူ့ စောင်းသလိုလို ဒီလူ့စောင်းသလိုလိုနဲ့ အနမ်းခံရတာပေါ့တို့။ ဘာတို့ လျှောက်ပြောနေတာ။ ကျုပ်တို့ စီနီယာဘီလူးကြီးတွေ လက်နဲ့ ရေးခဲ့တာကို ခြေနဲ့ ဖျက်တဲ့ ဘီလူးယုတ်။

ကျုပ်စဉ်းစားမိတယ် သိလား။ ဘီလူးတွေမှာလဲ မနာလို ၀န်တိုစိတ် ရှိနိုင်သလားလို့လေ။ ဘီလူးလဲ ပုထ္ထုဇဉ်ဘဲ။ ဒေါသ ၊ မောဟ ရှိသလို မနာလို ၀န်တိုစိတ်လဲ ရှိမှာဘဲ။ ကျုပ်လဲ ရှိခဲ့တာဘဲ။ ကျုပ် အသည်းဗူးလေး မယ်သီတာကို ဟို ရာမ ဆိုတဲ့ မင်းသား ယူသွားတော့ မီးခဲပေါ် ဖင်ခုထိုင်သလို ဖြစ်ခဲ့တာဘဲလေ။ အာဠာဝကကြီးလဲ သူ့ဗိမာန်ထဲ ဘုရားရှင် ၀င်ပြီး သူ့ မယားတွေနဲ့ တရားစကားပြောနေတော့လဲ ဒင်းကြီး ဒေါသထွက်တာမှ သေမတတ်ဘဲ။ အဲဒီ သောက်ကမြင်းမ လူယောင် ဆောင်ထားတဲ့ ဘီလူးလဲ ဘာထူးလဲ။ အဲဒီလို သူများကို အနမ်းခံရတာပေါ့ ဘာ၊ ညာ စည်းကမ်းမရှိ ကလေးကလား ကလေ က၀ စကားပြောထွက်တာ မနာလိုစိတ် များလို့ဘဲ နေမှာရယ်။ သူ့ကို ဟို မဲတူး သမ္မတလေးက အာဘွား မပေးလို့ နေမှာပေါ့။ ဟုတ်ဘူးလား။ ကျုပ်တော့ ဒီလိုဘဲ တွေးမိတယ်။

ခက်ပါတယ်။ တကယ် ခက်ပါတယ်။ ကျုပ် ခင်ဗျားတို့ လူတွေကို အားလဲ နာသလို သူ့အစား ရှက်လဲ ရှက်ပါရဲ့။ ဘယ်လို ဘီလူး မိဘတွေက ပေါက်ဖွားလာတဲ့ မျိုးမစစ် ဘီလူးလဲ မသိပါဘူး။ ဒီလောက်တောင် အနမ်းခံနေချင်ရင်လဲ ကျုပ်လုပ်ပေး ပါ့မယ်လို့ ကြုံကြိုက်ရင် ပြောလိုက်ကြစမ်းပါ။ ကျုပ် နောက် တစ်ပါတ်ထဲ အဲဒီ မဲတူး သမ္မတလေး နေတဲ့ နိုင်ငံကို သွားစရာ ရှိတယ်။ ဒီလောက်တောင် အနမ်းခံချင်ရင်လဲ ကျုပ် အဲဒီ သမ္မတကို ၀င်ပြောပေးခဲ့ပါ့မယ်။ မောင်လို နှမလို ချစ်လို့ ပါးကို နမ်းရုံတင် မကဘူး။ ဟို ခင်ဗျားတို့ လူတွေ ကြိုက်တဲ့ ဂျိမ်းစ်ဘွန်း ရုပ်ရှင်တွေထဲက ဂျိမ်းစ်ဘွန်း ကစ်စ် လို အနမ်းမျိုး ပေး ဖို့ ပြောပေးပါ့မယ်လို့။ သိတယ်မို့လား။ ဂျိမ်းစ်ဘွန်းက ဘယ်တော့မှ ပါးကိုမနမ်းဘူးလေ။

ကျုပ်ဘ၀မှာ မယ်သီတာလေးရဲ့ ရိုးရိုးအနမ်းလေး တစ်ချက်ရရင် ကျုပ်ဘီလူး ဖြစ်ရကျိုး နပ်ပြီဗျ။ အဲဒီ သောက်ကျိုးနည်း ဘီလူးသာ ဂျိမ်းစ်ဘွန်း အနမ်းခံရရင် သူ့ရဲ့ ကျက်သရေ မရှိတဲ့ အခွက်ကြီး မဲရာကနေ ဖြူသွားမလား ကျုပ်တော့ သိချင်စမ်း လှတယ်။ နောက်ပြီး ယောင်္ကျားချင်း ဂျမ်းစ်ဘွန်းအနမ်း နမ်းနေတာကြီး မျက်လုံးထဲ မြင်ကြည့်လိုက်စမ်းပါ။ ကျုပ် ဒဿဂီရိ ဘီလူးတောင် ရွံတယ်။ ခင်ဗျားတို့ လူဆို ပိုဆိုးပြီပေါ့ နော့်။

ဖိုးထက်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဖိုးထက်, ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)