ဗိုလ်မှူး ဘရှင် – ချစ်စဖွယ် ဂုံအမျိုးသားများ

October 9, 2015

ဗိုလ်မှူး ဘရှင် – ချစ်စဖွယ် ဂုံအမျိုးသားများ
(မိုးမခ) အောက်တိုဘာ ၉၊ ၂၀၁၅

ဗိုလ်မှူးဘရှင်၏ ယခုဆောင်းပါးအား မိုးမခပရိသတ်အတွက် ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

ဧည့်သည်လုပ်ရသူက အားနာ ယူရလောက်အောင် ဧည့်ဝတ်ကျေ၍ ချက်ချင်းပင်သွေး ရင်းသားရင်းသဖွယ် ထင်မြင်လာ လောက်အောင် ဖော်ရွေသော ကျွန်တော်တို့၏ သားရင်းပြည်ထောင်စုသား အမျိုးသားတမျိုးကို ပြောပြပါဟု ကျွန်တော့်အား မေးလာလျှင် ဂုံအမျိုးသားဖြစ်သည်ဟု မဆိုင်းမတွ ဖြေလိုက်မိပါမည်။

လွန်ခဲ့သော ၁၀ နှစ်ကျော် ၁၁ နှစ်ခန့်က၊ ဂုံတို့၏ဒေသ ကျိုင်းတုံမြေပြန့်သို့ ၁၀  ရက်ခန့် အလည်အပတ်ရောက်ခဲ့ဘူးပါသည်။ အုပ်စိုးသူ လူတန်းစားကို အအုပ်အစိုးခံ လုပ်သားပြည်သူတို့က မော်ဖူးရဆဲကာလ၊ အုပ်စိုးသူအထက်တန်းလွှာတို့မှာ လုပ် သားပြည်သူတို့က  လက်လှမ်းမမှိနိုင်သည့်နေရာဝယ်၊ မိုးကျရွှေကိုသဖွယ် သြဇာအာဏာနှင့် စည်းစိမ်ကို ခံစား စံ စားနေကြ သည့်ကာလဖြစ်၏။ ဆိုခဲ့သော ၁၀ ရက်တာမျှကာလမှာ အအုပ်အစိုးခံ ပြည်သူလူထုတို့အထဲတွင် ကျင်လည်ခဲ့ရသည့် တို တောင်းလှသောအချိန်ဖြစ်၏။ အချိန်ပင် တိုလင့်ကစား ဂုံတို့နှင့်ဆက်ဆံခဲ့ရာမှ ရရှိခဲ့သောအတွေ့အကြုံတို့မှာ ယနေ့တိုင် စိတ်တွင်လန်းဆန်းလျှက်ရှိပါ သေးသည်။ သူတို့၏ပွင့်လင်းမှု၊ သဘောဖြူမှု၊ ရိုးသားမှု၊ သစ္စာရှိ၍ကတိတည်မှု၊ ဖော်ရွေချစ်ခင် တတ်မှု၊ သိမ်မွေ့ယဉ်ကျေးမှုတို့က ဖန်တီးပေးခဲ့၍ ကျွန်တော်၏စိတ်တွင်ခံစားခဲ့ရသော ကြည်လင်ရွှင်လန်းမှု၊ အားရကျေ နပ်မှု၊ နှစ်သက်မြတ်နိုးမှုတို့ကို မေ့ပျောက်၍မရနိုင်ခြင်းကြောင့်ပင်  ဖြစ်တန်ရာသည်။

သူတို့၏ဒေသမှာ ဝေးကွာလှပါသည်။ တောအထပ်ထပ် တောင်အဆင့်ဆင့် မြစ်အသွယ်သွယ်တို့ကိုဖြတ်သန်းကာ ခက်ခက် ခဲခဲသွားပြီးမှ သူတို့၏ဒေသသို့ ရောက်ခဲ့ရပါသည်။  ပြည်ထောင်စုမြန်မာနိုင်ငံ၏ အရှ့ဖျားတွင် ကျရောက်နေသဖြင့် ရှမ်းကုန်း ပြင်မြင့်တခုလုံးလောက်ကို အနောက်မှအရှ့ ကန့်လန့်ဖြတ်ကျော်လွှားသွားရသည့် ခရီးကြမ်းဖြစ်ပါသည်။ သို့ ဖြစ်၍လည်း ပြည်ထောင်စုအလယ်ပိုင်းဒေသမှ ပြည်ထောင်စုသားတို့မှာသူတို့၏ဒေသသို့ အရောက်အပေါက်နည်းခဲ့ကြပေသည်။ အ ရောက်အပေါက်နည်းသောကြောင့် သူတို့အကြာင်းကို ပြည်ထောင်စုသား အများစုက သိသင့်သလောက် မသိကြသေးဟု ထင်မိပါသည်။

ကိုယ်ပိုင်စာရိတ္တ လူမှုဆက်ဆံရေး အရေအသွေးကောင်းများရှိသော ချစ်စဖွယ် ဤသားချင်း ပြည်ထောင်စုသားများကို သိချင်ကြမည်ဖြစ်ပါသည်။ သိလည်း သိထိုက်လှသည်ဟု ထင်ပါသည်။

● ဂုံဟူသောအမည်
မြန်မာရာဇဝင်ကျမ်းများနှင့် မြန်မာစာပေတို့တွင် သူတို့ကို ‘ဂုန်’ ဟုရေးကြသည်။ သူတို့ ဂုဏ်ပြုလို၍လော မသိ၊ “ဂုဏ်” ဟု ရေးသည်ကိုလည်း တွေ့ဘူးပါသည်။ သူတို့ကိုသူတို့က ခေါ်သော ထိုင်းရှမ်းအမည်မှာ ခွန်ဖြစ်သည်။ ခွန်ဆိုသော်လည်း နှုတ် ခမ်းကိုမစုဘဲ အာခေါင်ကို လျှာနောက်ပိုင်းနှင့်ထိ၍ နောက်နှင့်ဆိုရသော ခွန်၏အသံဖြစ်ပါသည်။ ခွန်၏အသံထွက် ရိုးရိုး ထွက် မဟုတ်ပါ။

● ကျိုင်းတုံမြေပြန့်
ဂုံတို့၏ဒေသမှာ ကျိုင်းတုံမြေပြန့်ဖြစ်သည်။ မဲ့ခေါင်မြစ်၏ အနောက်ဖက် လက်တက်တခုဖြစ်သော နမ့်လွိုင်မြစ်သို့ တောင် ဖက်မှစီးဝင်သော နမ့်ခွန် (နမ့်ဂုံ) လက်တက်ငယ်၏ မြစ်စဉ်မြစ်ဝှမ်းသည် ဤကျိုင်းတုံမြေပြန့်ပင် ဖြစ်သည်။ ဤလက်တက် ငယ်အတွင်းသို့ စီးဝင်သော မြောက်များလှစွာသော မြစ်ငယ် ချောင်းငယ်များ၊ စိုက်ပျိုးလုပ်ကိုင်ရန် ဖောက်လုပ်ထား သော ရေမြောင်းများသည် ဤမြေပြန့်ကို တဆယ့်နှစ်ရာသီ တသွင်သွင်ဖြတ်သန်းစီးဆင်းနေ သဖြင့် မြေပြန့်မှာ စိမ်းလန်းစိုပြေသော စိုက်ခင်းများ၊ လယ်များ၊ သစ်ပင်ကြီးငယ်များနှင့် အမြဲလိုပင် သာတောင့်သာယာရှိနေပါသည်။ မြို့ရိုးမြို့တာ ကျုံးပစ္စင် ရင်တား အချို့ ကျန်ရှိသေးသော ကျိုင်းတုံမြို့ ရွာကြီးရွာငယ်များ၊ စေတီပုထိုးများ၊ ဘုန်းတောကြီးကျောင်းများနှင့်လည်း သိုက်သိုက်မြိုက်မြိုက်ရှိပေသည်။

● အနှစ် ၅၀၀ ခန့်က အခြေအနေ

လွန်ခဲ့သောအနှစ် ၅၀၀- လောက်ကဖြစ်သော ဤမြေပြန့်၏ အကြာင်းအရာနှင့် အခြေ အနေကို ရှေးဟောင်းတရုတ်ရာဇဝင်ကျမ်းတို့တွင် ဤသို့ဖော်ပြထားသည်။

“အကြီးအကဲကို ဖကျောဝ့် ဟုခေါ်သည်။ အထပ်ထပ်ရှိသော အဆောက်အဦးတွင်နေ ၏။ ဇနီးအမြောက်အများရှိသည်။ ညနေပိုင်းတွင် ဆင်များကိုစီး၍ မြစ်ဆိပ်သို့ ရေချိုးဆင်းကြ သည်။

အရာရှိကို စုလုသြာဝ်မုဝ် ဟုခေါ်သည်။ စစ်သားများကို ကျေစိုဟုခေါ်သည်။ သယ်ယူ ပို့ဆောင်ရေးတွင် ဆင်များကိုအသုံးပြု သည်။ သူတို့၏လက်နက်တို့မှာ အသွားထက်မြက်လှသည်။ အမျိုးသားရော အမျိုးသမီးပါ ဖျတ်လက်၍ လှုပ်လှုပ် ရှားရှား ရှိကြသည်။

မြေသြဇာကောင်းသော သူတို့၏ မြေပြန့် ရှလီ ၁၀၀၀ ကျော်ကျယ်သည်။ အကြွယ်ဝ ဆုံးဖြစ်သည်။ ဤနယ်တွင် ကျား အလွန်ပေါသည်။ လယ်သမားတို့သည် မိမိတို့စိုက်ခင်းများကို ကာကွယ်စောင့်ရှောက်နိုင်ရန် သစ်ပင်ထိပ်တို့တွင် သက်ငယ် လင့်စင်များကို ဆောက်လုပ်ထားကြသည်။ သူတို့သည် လည်ကုပ်ကိုဖုံးသော အင်္ကျီမျိုးကို ဝတ်ကြသည်။ သူတို့၏ စောင်များ ကို ငန်းမွှေးသွပ်၍ ဂွမ်းကပ်သဖွယ် ပြုလုပ်ကြသည်။

တရုပ်မှတ်တမ်းတို့တွင် ကျိုင်းတုံနယ်ကို ‘မေင်ဇကန်’ (Meng Ken) ဟု ရေးသည်။  ‘ကေင်တို့၏ပြည်’ ကေင်မှာ စွန်ကို တရုပ်အက္ခရာပုံနှင့် အက္ခရာဖလှယ် ရေးထားခြင်းဖြစ်သည် ဟု ယူဆပါသည်။

● ရှုမငြီးဘွယ် ရှုခင်းတရပ်
ဤမြေပြန့်တွင် ဂုံ တို့ချည်းသာမဟုတ်၊ ဂုံတို့နှင့် အနွယ်တူသော လူး၊ လေမ်ရှမ်းနှင့် အ ခြား ရှမ်းအမျိုးသားတို့လည်း နေကြ သည်။ သို့ရာတွင် ဂုံတို့မှာ သူများစုဖြစ်သည်။

တဆင့်ပြီးတဆင့် မြင့်တက်သွားသော တောင်တို့က ဝန်းရံထားသဖြင့် ဤမြေပြန့်မှာ ခပ်ပက်ပက် ဒယ်အိုးနှင့်တူနေသည်။ ယင်းတောင်များပေါ်တွင် တိဗက်- မြန်မာအနွယ်ဝင်များ ဖြစ်သော လောလော (လိုလို) အစုဝင်၊ ကော့၊ အီကောခေါ် ဂေါ့အမျိုးများ၊ မူဆိုးခေါ် လားဟူး လူမျိုးစုများ၊ လီရှော လူမျိုးစုများနှင့် မွန်ခမာအစုဝင် ဝ, သို့မဟုတ် လဝ များနေထိုင်ကြသည်။
ကျိုင်းတုံဒေသတဝိုက်မှာ ထိုင်ဝှမ်း၊ တိဗက်- မြန်မာ၊ မွန်ခမာ အနွယ်ဝင်များ ပါဝင်သည့် တိုင်း ရင်းသား ကုန်းမြင့်နေ လူမျိုးစအုတော်များများ နေထိုင်ရာဒေသဖြစ်သည်။ အလွန်စိတ်ဝင်စား ဖွယ်ကောင်းသော ဒေသဖြစ်၏။ ဈေးစည်ချိန်တွင် ကျိုင်းတုံမြို့ဈေးမှာ အဆင်၊ အရောင်၊ ပုံသဏ္ဍာန် ထွေပြားလှသော တိုင်းရင်းသားတိုင်းရင်းသူ အသီးသီးတို့၏ အမျိုးသားတို့၏ အရာင်စုံနှင့် လွှမ်းလျှက်ရှိသည်သာဖြစ်၏။ ထူခြားတင့်ဆန်းလှသော ရှုမငြီးဖွယ်ရှုခင်းတရပ်ဟု ထင်မြင်မိပါသည်။

● ခေမာရဌ
ပြည်ထောင်စု၏ သာယာလှသော ဤဒေသကို မြန်မာစာပေတွင် ခေမာဝရတိုင်းဟု ရေးသည်။ ဂုံတို့နှင့် အခြား ထို်င်းရှမ်း တို့ကမှု ခေမာရဌဟု ခေါ်ဝေါ်သုံးစွဲကြသည်။ လူများစုများဖြစ်သည့် အားလျော်စွာ ဂုံအမျိုးသားတို့မှာ ဤခေမာရဌတိုင်းကို စီမံခန့်ခွဲ အုပ်စိုးလာခဲ့သူများ ဖြစ်ကြသည်။

ဂုံအမျိုးသားတို့၏ ရင်းမြစ်ကား အဘယ်နည်း။ ရုပ်ဆင်းသဏ္ဍန်၊ ဝတ်စားဆင်ယင်မှု၊ ယဉ်ကျေးမှုနှင့် ဘာသာစကားတို့တွင် ဂုံ တို့မှာ လူးတို့နှင့်အလွန်ဆင်သည်ကို မျက်မြင်ကိုယ် တွေ့ မှတ်သားခဲ့ရပါသည်။ ဂုံတို့နှင့်ဆင်သော အခြားလူမျိုးစုမှာ လေမ် များဖြစ်သည်။ အမြင် အားဖြင့် ဂုံ လူးနှင့် လေမ်တို့မှာ အနွယ်တူများဖြစ်သည်ဟု ယူဆပါသည်။ ဂုံတို့မှာ လူး၊ လေမ် တို့အပြင် မူရင်းအားဖြင့် အခြားရှမ်းအမျိုးသားတို့နှင့် တနွယ်တမျိုးတည်း ဖြစ်ကြောင်းကို ဘာသန္တရပညာရှိတို့က ဆုံးဖြတ်ထားပြီး ဖြစ်ပါသည်။

● ထိုင်းရှမ်းတို့၏ ရွှေ့ပြောင်းမှု
တရုပ်ပြည် တောင်ဖတ်ပိုင်းတနေရာတွင် ရှိခဲ့သည်ဟု ခန့်မှန်းရသော မူရင်းနေရာမှ ထိုင်း- ရှမ်းတို့သည် ရှေးခေတ်ကတည်းက အနောက်၊ အနောက်တောင်၊ တောင်၊ အရှေ့ တောင်နှင့် အရှေ့ဘက်တို့သို့ ရွှေ့ပြောင်းလာခဲ့ကြသည်ဟု ဆိုပါသည်။ အနောက်ဖက်တွင် အာသံနယ်အထိ၊ အနောက်တောင်ဘက်တွင် မြန်မာနိုင်ငံအလယ်ပိုင်းအထိ၊ တောင်ဘက်တွင် မလေးကျွန်းဆွယ်အထိ၊ အရှေ့တောင်ဘက်တွင် ယူနန်နယ်တောင်ပိုင်းနှင့် ဗိယက်နန်ပြည်  မြောက်ပိုင်းအထိ၊ အရှေ့ဘက် တွင် ဟိုင်နန်ကျွန်းအထိ အလွန်ကျယ်ပြန့်စွာ ပြန့်နှံ့ခဲ့သူများ ဖြစ် သည်။ ယင်းသို့ရွှေ့ပြောင်း ပြန့်နှံ့ခဲ့ကြရာတွင် ဂုံတို့မှာ တောင်ဘက်သို့ရွှေ့လာသောအစုတွင်  ပါခဲ့သည်ဟုဆိုရပါမည်။ ဂုံတို့ရောက်ရှိစတည်းချရာဒေသမှာ ပထဝီဝင်အနေအထား အရ အခြား ထိုင်ရှမ်းတို့နှင့် အဆက်အသွယ်ပြတ်လောက်အောင် တသီးတခြားဖြစ်ခဲ့ရသည်။ အနောက်ဖက်တွင် သံလွင်မြစ်၊ အရှေ့ဘက်တွင် မဲ့ခေါင်မြစ်၊ အရပ်လေးမျက်နှာတွင် တောင်မြင့် တန်းတို့က ပိတ်ဆို့ထားဘိသကဲ့သို့ တည်နေပေသည်။

●  ဂုံနှင့် အခြားရှမ်းတို့၏ ကွဲပြားချက်များ
ထိုင်းရှမ်းတို့အကြာင်းကို အချိန်ယူကာ မျက်မြင်ကိုယ်တွေ့ သုတေသနပြုခဲ့သော ဆာ ဂျော့စကော့က အထက်မြန်မာနိုင်ငံ ဂဇက်တီးယားကျမ်းကြီးတွင် ဤသို့ မှတ်ချက်ချထား သည်။

“သို့ဖြစ်ရကား သံလွင်မြစ်၏ အရှေ့ဖက်နှင့် အနောက်ဖက်တွင် ရှိကြသော ရှမ်းအမျိုး သားတို့၏ အသံကွဲဘာသာစကားနှင့် အက္ခရာစလုံးပုံတို့သည် သိသိသာသာ ကွဲပြားကြသည်။ ကျိုင်းတုံနယ်နှင့် ကျိုင်းရုံးကြီး (ကောင်းဟုင်း) နယ်များရှိ ဂုံ (ခွန်) နှင့် လူးတို့မှာ အပြင်ပ၏  လွှမ်းမိုးမှုကို အနည်းဆုံးခံခဲ့ရသူများ ဖြစ်သည်” ။

ဂုံတို့၏ အသံကွဲဘာသာစကားနှင့် အက္ခရာစလုံးပုံတို့သည် သံလွင်မြစ်အနောက်ဖက် ရှိ ရှမ်းတို့၏စကား၊ အက္ခရာပုံတို့ထက် လော(လာအို) စကား၊ အက္ခရာပုံတို့နှင့် ပိုမိုနီးစပ်သည်။ လောတို့နှင့်မတူသော အချက်တချက်မှာ ဂုံတို့သည် ကမ္ဘောဒီး ယားခေါ် ခမာယဉ်ကျေးမှုကို  လောတို့ကဲ့သို့ တိုက်ရိုက်သော်၎င်း၊ ယိုးဒယားမှတဆင့်သော်၎င်း၊ လွှမ်းမိုးခြင်း မခံရခြင်း ပင်ဖြစ်သည်။ ခံရသည်ဆိုသည့်တိုင်အောင် အနည်းငယ်မျှသာ ခံရခြင်းမျိုးရှိမည်ဟု ဆိုရပါမည်” ။

“ဂုံ စကားတွင် ဝ သို့မဟုတ် လဝစကား လွှမ်းမိုးပါဝင်နေမှု အတော်တော်များများ ရှိနေ ဟန်တူသည်။ ထိုင်ရှမ်းတို့မရောက်မီက ကျိုင်းတုံမြေပြန့်မှ တောင်ဘက်ဇင်းမယ်နယ် အထိဒေသမှာ ဝတို့၏ဒေသဖြစ်သည်။ (ထိုင်းရှမ်းတို့ရောက်လာမှ တောင်များ ပေါ်သို့ ရွှေ့ပြောင်းပေးခဲ့ ကြရသည်)။ ရှေးက ကျိုင်းတုံစော်ဘွားတို့ စော်ဘွားအဖြစ် ခံယူသည့် အခမ်းအနားတို့တွင် ဝအမျိုး သားနှစ်ဦးမှာ အစဉ်အလာအရ ပါဝင်ရစမြဲဖြစ်သည်။ (ဤအချက်က ကျိုင်းတုံမြေပြန့်ကို မူလက ဝတို့ပိုင်ဆိုင်ခဲ့ကြောင်းကို ညွှန်ပြနေဘိသကဲ့သို့ ရှိ၏) ။”

“သို့ဖြစ်၍ ဂုံတို့ကို လူးအမျိုးသားစုတွင် ပါဝင်ခဲ့သော အစိတ်အပိုင်းတခုဟု ယူဆနိုင်သည်။”

“မဲခေါင်နှင့် သံလွင်မြစ်တို့စပ်ကြား ကျိုင်းတုံနယ်တွင်ရှိနေသော ထိုင်ရှမ်းတို့သည်၊ အ မျိုးစုကိုလိုက်၍ မိမိတို့ကိုယ်ကိုလူး၊ ခွန်(ဂုံ) လေမ်ဟု အသီးသီးခေါ်ကြသည်။ (ထိုင်းရှမ်းဟုခေါ် လိုခြင်းမရှိကြ) သံလွင်မြစ်အနောက်ဖက်ရှိ ရှမ်းတို့ကို သူတို့က ထိုင်ဟုခေါ်သည်။ မိမိတို့မှာ ထို ထိုင်တို့နှင့် မည်သို့မျှမတော်စပ်၊ အနွယ်အဆက်လည်းမရှိဟု ဆိုကြသည်။ ကျိုင်းတုံမြေပြန့် တွင် သီးခြားရွာများနှင့် နေထိုင်ကြသော ရှမ်း- တရုပ်တို့ကို သူတို့က ထိုင်ခဲ ဟုခေါ်ကြသည်။ ထိုထိုင်ခဲတို့နှင့်လည်း  မည်သို့မျှမတော်စပ်ဟု ဆိုကြသည်။

● ကျိုင်းတုံဖြစ်စဉ်
ဤသည်ကား လွန်ခဲ့သောအနှစ် ၆၀- ကျော်က ရေးသားခဲ့သော ဂုံတို့၏ရင်းမြစ်နှင့်  စပ်ဆိုင်သော အကြောင်းအချက်များ ဖြစ်သည်။ ကျိုင်းတုံမြေပြန့်၏ အစောပိုင်းရာဇဝင်ကိုလည်း လေ့လာခွင့်ရခဲ့ပါသည်။ မြန်မာနိုင်ငံ၏ အစောပိုင်းရာဇဝင်ကဲ့သို့ ဒဏ္ဍာရီဆန်နေသည်ကို တွေ့ ရသည်။ သို့ဖြစ်၍ ဤဆောင်းပါးတွင် ချန်လှပ်ထားခဲ့ပါသည်။

● တရုပ်အထောက်အထား
ကျိုင်းတုံနယ်သည် တရုပ်ပြည်နှင့် ၁၄၀၅- အေဒီတွင် ရှေးဦးစွာဆက်ဆံခဲ့သည်ဟု တ ရုပ်မင်း မင်းဆက်ရာဇဝင်ကျမ်းတို့က ဆိုသည်။ သို့သော် ၁၃- ရာစုနှစ်များ နောက်ပိုင်းလောက်ကတည်းက ကျိုင်းတုံနယ်ရှိခဲ့ကြောင်းကို ယွန်မင်းဆက် ရာဇဝင်ကျမ်းတို့အရ သိသာနိုင်၏။

● ကျိုင်းတုံမြို့ တည်ထောင်လာပုံ

ဆာဂျော့စကော့၏ ရေးသားချက်တို့မှ သိရသော ကျိုင်းတုံနယ်တည်ထောင်လာပုံအ ကြောင်းမှာ ဤသို့ဖြစ်၏။

ဗူးသီးမှပေါက်ဖွားသည်ဆိုသော ဝတို့သည် ၁၁၂၉- အေဒီအထိ ကျိုင်းတုံနယ်ကိုကြီးစိုး ခဲ့ကြ၏။ ၁၂၄၃- အေဒီတွင် ယိုးဒယား နိုင်ငံ မြောက်ပိုင်းရှိ လန်နား ထိုင်းပြည်မှ မင်ရိုင်မင်းသည် ဝတို့နယ် ကျိုင်းတုံကို အောင်နိုင်ခဲ့သည်။ ကျိုင်းတုံနယ်တွင် မြို့ရွာတည်ထောင်ရန်  ဆောင်ရွက်ခဲ့သော်လည်း တိုးတတ်မှုမရှိသဖြင့် ၁၂၅၃- အေဒီတွင် မိမိသားတော်တပါးနှင့် ရ ဟန်းတော်တပါးတို့ကို စေလွှက်ခဲ့၍ အုပ်စိုးစေခဲ့သည်။

● မုင်းခုင်းမှ ၆၉ အိမ်ထောင်
ရဟန်းတော်မှာ ယွန်းအမျိုးသားဖြစ်သည်။ ကျိုင်းတုံနယ်တွင် ယွန်းအမျိုးသားတို့ မနေ စကောင်း၊ ယွန်းအမျိုးသားတို့်က မအုပ်ချုပ်ကောင်းဟု အယူရှိနေကြသဖြင့် ရဟန်းတော်သည် မုင်းခုင်းနယ်သို့ ကိုယ်စားလှယ် အဖွဲ့တဖွဲ့ လွှတ်ကာ ကျိုင်းတုံနယ်တွင် အခြေစိုက်နေထိုင်မည့် လူများကို ဖိတ်ခေါ်စေသည်။ မုင်းခုင်းနယ်မှ အိမ်ထောင်စု ၆၉- အိမ်ထောင်တို့ ကျိုင်းတုံနယ်သို့ ရွှေပြောင်းနေထိုင်လာကြသည်။ ဤသူတို့မှာ အင်္ကျီအဖြူ သို့မဟုတ် အနက်ကိုဝတ်သူများဖြစ် ကြသည်။  သူတို့သာလျှင် ကျိုင်းတုံနယ်တွင် နေထိုင်သူများ၊ ကျိုင်းတုံနယ်ကို အုပ်စိုးထိုင်သူ များဟု အယူရှိကြသည်။ ဤလူစုမှ ဂုံအမျိုးသားတို့ ဆင်းသက်ခဲ့သည်ဟု ယုံကြည်ကြသည်။

မင်ရုင်မင်း၏ သားနှင့် ရဟန်းတော်တို့သည် ကျိုင်းတုံနယ်ကို ၁၂၅၃- ၁၂၆၄- အေဒီ အထိ အုပ်စိုးခဲ့သည်။ ယခုခေတ် ဂုံတို့၏ ရှေးဘေးဘိုးကြီးများဟု ဂုံတို့က ယုံကြည်နေသော  ဤ ၆၉- အိမ်ထောင်စုသားတို့သည် ကျိုင်းတုံနယ်သို့ လာရောက်သည် မှန်လျှင် ဤ ၁၂၅၃- ၁၂၆၄- အေဒီ (၁၃- ရာစုနှစ်များ အလယ်လောက်) က လာရောက်ခြင်းဖြစ်သည်ဟု ဆိုရပါ မည်။

● ဂျပန်နှင့် ဆက်စပ်ပုံအယူ
ထူးခြားသော အခြားယုံကြည်ချက်တရပ်မှာ ကျိုင်းတုံနယ်ကို တိုးတက်အောင်ပြုလုပ် နိုင်သော ပြင်ပမှလာရောက်သူတို့မှာ ဂျပန်တို့မှဆင်းသက်သူများဖြစ်ကြောင်း၊ ထိုလူစုမှာ  တောင်ဖက် ယိုးဒယားနိုင်ငံဘက်မှလာကြောင်း ဟူသော ယုံကြည်ချက် ပင်ဖြစ်သည်။ ဤယုံ ကြည်ချက်မှာ စိတ်ဝင်စားဖွယ်ကောင်းသည့်အားလျော်စွာ ဤဒေသဖက်သို့ ဂျပန်တို့ မည်သည့် အချိန်က မည်ကဲ့သို့ရောက်ရှိလာသည်ကို ရှာဖွေစုံစမ်းခဲ့ပါသည်။

● ယိုးဒယားနှင့် ဂျပန်
ဤတွင် ယိုးဒယားနိုင်ငံပေါ်ပေါက်လာပုံကို အကျဉ်းအားဖြင့်ဖော်ပြမှ ရှင်းလင်းမည်ထင် ပါသည်။ ယိုးဒယားနိုင်ငံတွင် ထိုင်းရှမ်းတို့သည် ယေဘူယျအားဖြင့် မြောက်မှတောင်သို့ ဆင်း သက်ရွှေ့ပြောင်သည်ဟု ယုံကြည်ရပါသည်။ ယခု ယိုးဒယားနိုင်ငံ နယ်နိမိတ်အတွင်းသို့  မြောက်ဖက်မှဝင်လာခဲ့ပြီးနောက် ယိုးဒယားနိုင်ငံ၏ မြောက်ဖက်စွန်တွင် ရှေးဦးစွာ ကျိုင်းသည်၊ ကျိုင်းရဲ၊ ကျိုင်းမဲ(ဇင်းမယ်) ကဲ့သို့သောနယ်များကို တည်ထောင်ခဲ့ကြသည်။ ထိုမှတဆင့် ယိုးဒ ယားနိုင်ငံ အလယ်ပိုင်းတွင် သောက္ကတဲ (စနိုးထိုင်) သဝဏ်ခလောက်၊ ကမာပိုက်(ကမ်ဖဲဖက်) ကဲ့သို့သော မြို့ကြီးများ ပေါ်ပေါက် လာသည်။ ထို့နောက် တောင်ဖက်သို့တဆင့်တိုးကာ အယုဒ္ဓယမြို့ကို တည်ထောင်ခဲ့ကြသည်။ အယုဒ္ဓယကို တည်ထောင် သည့်နှစ်မှာ ၁၃၅၁- အေ ဒီ ဖြစ်သည်။

အယုဒ္ဓယမင်းဆက်၏ မင်းတပါးဖြစ်သော ဧကထေခံစရောက် မင်းလက်ထက်(၁၆၀၅- ၁၆၁၀- အေဒီ) တွင် ဂျပန်အမြောက် အများ ယိုးဒယားနိုင်ငံသို့ ရောက်လာခဲ့သည်။ ယိုးဒယားတို့က ကောင်းမွန်စွာလက်ခံကြရုံသာမက ယိုးဒယားမင်း၏ ကိုယ်ရံတော်တပ်၌ပင် အမှုထမ်းစေသည်။ ကိုယ်ရံတော်တပ်မှုးမှာ ဂျပန်အမျိုးသား ယမဒါနဂမစ ဖြစ်သည်။ ယမဒါသည် တဖြည်း ဖြည်း တန်ခိုးကြီးလာသည်။ သူ၏အကြံပေးချက်အရ ယိုးဒယားမင်းသည် ဂျပန်နိုင်ငံ ရှိုဂန်အိ ယေယေစုယိနမိုတို နှင့် မဟာမိတ်အဖြစ် ဆက်သွယ်ခဲ့သည်။

● ဂျပန်တို့ ပုန်ကန်ခြင်း
ဧကထောက်စရောတ်မင်းကို ဆက်ခံသော စောင်ထမ်မင်းလက်ထက်တွင် ဂျပန်တို့ ပုန်ကန်ထ ကြွကြသည်။ ရက်စက်စွာ ထိုးခုတ်သက်ဖြတ်၍ မြို့တော်ကို တိုက်ခိုက်ဖြတ်စီး လုယက်ကြသည်။ အဖိုးတန်ရတနာအမြောက်အများကို လုယက်ယူဆောင်ပြီးနောက် ဂျပန်သူပုန်တို့ သည် ဖက်ဗူရီမြို့သို့ ဆုတ်ခွာကာ အခိုင်အမာနေကြသည်။ ယမဒါသည်လည်း မင်းဧကရာဇ်တဆူကဲ့သို့ပြုမှုကျင့်ကြံခဲ့သည်။ သို့ရာတွင် ယိုးဒယားမင်းသည် စစ်သည်အင်အား မြောက်များ စွာဖြင့် ဖက်ဗူရီမြို့ကို တိုက်ခိုက်၍ ဂျပန်သူပုန်တို့ကို မောင်းနှင်ထုက်ခဲ့၏။

ဤသည်မှာ ယခုထိသိရသမျှ ယိုးဒယားနိုင်ငံသို့ အင်းအားအတော်များစွာဖြင့် ရှေးဦးစွာ ရောက်ခဲ့သော ဂျပန်တို့၏ အကြောင်းဖြစ်သည်။ ကျိုင်းတုံသို့ မုင်းခုင်းမှ ၆၉- အိမ်ထောင် ရောက်ခဲ့သော ၁၃- ရာစုနှစ် အလယ်ခန့်ကာလနှင့်သော် နှစ်ပေါင်း ၃၅၀- ခန့် နောက်ကျနေပေ သည်။ မုင်းခုင်း ၆၉- အိမ်ထောင်သားတို့မှာ သို့မဟုတ် ကျိုင်းတုံသို့  ၁၃- ရာစုနှစ် များအလယ် လောက်တွင် လာရောက်နေထိုင်သူတို့မှာ ဂျပန်တို့မှ ဆင်းသက်သူများဖြစ်သည်ဆိုလျှင် ဤယ မဒါ၏ ဂျပန်တို့မှ ဆင်းသက်သူများမဖြစ်နိုင်ပေ။

● ဒဏ္ဍာရီကြောင့် ဂုဏ်မနိမ့်ကျစေလို
ယမဒါတို့ထက်စော၍ ယိုးဒယားသို့ ရောက်သော ဂျပန်များရှိသေးသလော။ ကျိုင်းတုံ ကို တည်ထောင်သည့် ခေတ်နှင့် ညီရအောင်ဆိုလျှင် ၁၃- ရာစုနှစ်များ၏ ပထမပိုင်းလောက်တွင် ယိုးဒယားသို့ ဂျပန်များရောက်ပြီးဖြစ်နေရပေမည်။ ယိုးဒ ယားမဟုတ်သည့်တိုင်အောင် အာရှတိုက်အရှ့တောင်ပိုင်း တနေရာရာသို့ ထိုအချိန်က ဂျပန်များရောက်နှင့်ပြီဖြစ်ရပေမည်။ ၁၃- ရာစုနှစ်များအလယ်လောက်တွင် ဂျပန်နိုင်ငံ၏ အခြေအနေသည် မည်သို့ရှိ၍ ပင်လယ်ရပ် ခြား မည်သည့်ဒေသများသို့ ဂျပန်တို့ ထွက်ခွာခဲ့သည်။ အာရှအရှေ့တောင်ပိုင်းသို့ ဂျပန်တို့ ရောက်ခဲ့သလော။ ရောက်ခဲ့သည်ဆိုလျှင် မည်သည့်ခိုင်လုံသော အထောက်အထားများ ရှိသ နည်းဟူသော အချက်တို့မှာ နိုင်ငံသမိုင်း၏ အမှန်တရားကိုရှာသူတို့ ရင်ဆိုင်ရမည့် မေးခွန်းများ ဖြစ်ပေသည်။ ခိုင်လုံသော အထောက်အထားမရှိပါက  ရာဇဝင်မဖြစ်နိုင်တော့ပေ။ စိတ်ကြိုက် ပြောသော ဒဏ္ဍာရီသာ ဖြစ်ပေမည်။

● အထောက်အထေားခိုင်လုံမှုသည် အခရာ
မည်သို့ပင်ဖြစ်စေ ဂျပန်မှ ဂုံတို့ဆင်းသက်သည်ဆိုသော အဆိုပြုချက်၊ သို့မဟုတ် မယုံ ကြည်ချက် အတွက် သုတေသန ဆက်လက်ပြု၍ အထောက်အထားများကို ထပ်မံရှာဖွေရန် လိုပေသေးသည်။ ဂုဏ်ယူဖွယ်ကောင်းသော ဂုံလူမျိုးတို့၏ သမိုင်းကို ဒဏ္ဍာရီလုပ်ပစ်ခြင်းတို့ ဖြင့် ဂုံတို့၏ဂုဏ်ကို မနိမ့်ကျစေလိုသောကြောင့် ဖြစ်ပေမည်။

ယဉ်ကျေးသိမ်မွေ့၍ ဖော်ရွေလှသော ဂုံအမျိုးသားတို့ကို စစ်အတွင်းက နဖူးတွေ့ဒူး တွေ့တွေ့ခဲ့ရသော ဂျပန်တို့နှင့်မည်သို့မျှ ဆက်စပ်၍မရနိုင်ပါဟု ညည်းညူခဲ့သော မိတ်ဆွေတ ဦး၏ညည်းသံကို သတိရမိပါသည်။ စစ်ဦးဘီလူး ဂျပန်တို့နှင့် ဂျပန်တမျိုးလုံးကို စံထိုး၍ မရနိုင် ကြောင်း ပြန်လည်ဖြေကြားခဲ့သည်ကိုလည်း ပြန်လည်သတိရမိပါသည်။ မည်သို့ပင်ဖြစ်စေ အ ကျိုးနှင့်အကြောင်းကို ဆက်စပ်ပြီးမှ၊ လက်ခံယုံကြည်ပြီးမှ လက်ခံယုံကြည်နိုင်သော သိပ္ပံပညာ ထွန်းကားသည့် ဤခေတ်တွင် ခိုင်လုံသော အထောက်အထားသည်သာလျှင် အခရာဖြစ်ပေ သည်။

● လုံးဝအဓိပ္ပါယ် မရှိဟုဆိုသူ
ထိုင်းရှမ်းနှင့် ယိုးဒယားတို့၏ ရာဇဝင်နှင့် ယဉ်ကျေးမှုတို့ကို နှစ်ရှည်လများ သုတေသန ပြုခဲ့သူ ယိုးဒယားနိုင်ငံ၏ သုတေသနအသင်းဖြစ်သော ဗန်ကောက်မြို့ ယိုးဒယား အသင်းကြီး ၏ ဒုတိယဥက္ကဌဖြစ်ခဲ့ဘူးသူ အာက်၊ စိုင်ဒဲန်ဖဒဲန် ဆိုသူ ပညာရှိက ဤယူဆချက်နှင့်စပ်လျဉ်း၍ သူ၏ “ထိုင်းလူမျိုးများ” (The Thai Peopies) ဆိုသော စာအုပ်တွင် ဤသို့ ရေးသားထား၏ ။

“ထိုင်ခွန်(ဂုံ) တို့သည် လူးတို့ထက် အရပ်အမောင်း ပိုကောင်း၍ ရုပ်ရည်ပိုမိုသန့်ပြန့် သည်။ သူတို့သည် ဂျပန်လူမျိုးမှ ဆင်းသက်သည်ဟု အပိုင်ဆိုကြသည်။ (အံ့သြသည့် အမှတ်လက္ခဏာ) ဤသည်မှာ အမှန်အားဖြင့် လုံဝအဓိပ္ပာယ်မရှိပေ။

ဂုဏ်သိမ်နေသူတဦးသည် မိမိဂုဏ်ကို မြှင့်တင်နိုင်ရေးအတွက် ဂုဏ်မြင့်သူ၊ ဂုဏ်ကြီး သူ၊ မည်သူမည်ဝါနှင့် မည်သို့အမျိုး တော်စပ်သည်။ မည်သို့ ကျွမ်းကျင်သည် စသည်ဖြင့် ပြောတတ်သည်ကို တွေ့ရတက်ပါသည်။

● ဂုဏ်မြင့်နေပြီဖြစ်သော ဂုံများ
ချစ်ဘွယ်ကောင်းသော ပြည်ထောင်စုသား ဂုံအမျိုးတို့မှာ လူမှုရေး၊ လူမှုဆက်ဆံရေး၊ ယဉ်ကျေးမှု၊ စာရိတ္တတို့တွင် ကျွန်တော် ၏အမြင်၌ ဂုဏ်မြင့်နေသူများ ဖြစ်ပါသည်။ ပြည်ထောင် စုသားအားလုံးတို့က ဂုဏ်ယူဘွယ်ရာ၊ မြတ်နိုး ဘွယ်ရာဖြစ်သော ဂုဏ်မြင့်မှုဟု ယူဆပါသည်။ ဤကား အရည်အသွေးကောင်းများဖြစ်ပါသည်။ လက္ခဏာကောင်းများလည်း ဖြစ်သည်။ ဤ အရည်အသွေးကောင်းနှင့် လက္ခဏာကောင်းတို့မှာ ပြည်ထောင်စုတိုင်းရင်းသားအားလုံး၏ ရှေးကျသော မှုပိုင်အရည် အသွေးနှင့် လက္ခဏာများဖြစ်သည်။ ဂုံတို့ကဲ့သို့ အမြတ်တနိုးဂုဏ်ယူ ဘွယ်ကောင်းသော ပြည်ထောင်စု၏ အခြားတိုင်းရင်း သားတို့လည်း ရှိနေပေသည်။ ဤအရည် အသွေးတို့မှာ ပြည်ထောင်စုသားတို့၏ မူရင်းမူပိုင် အရည်အသွေးများ ဖြစ်သည်ကို ဂုံတို့အ ကြောင်း စိတ်ဝင်စားစွာ လေ့လာရာမှ ထပ်မံ၍ သဘောပေါက်မိပါသည်။

အခါအခွင့်သင့်ပါက အထက်တွင်ဆိုခဲ့သော ဂုံအမျိုးသားတို့၏ မူရင်းလူမူရေး၊ ယဉ် ကျေးမှုနှင့် ဓလေ့ထုံးစံတို့အကြောင်းကို ကိုယ်တွေ့မျက်မြင်လေ့လာခဲ့ရ၍ စိတ်တွင်စွဲမြဲခံယူခဲ့ရ သည့်အတိုင်း ဆက်လက်ရေးသားဖော်ပြလိုပါသည်။

အုပ်စိုးသူ အရှင်သခင်တို့၏ အပေါ်စီးအမြတ်ထုတ်မှုမှ လွတ်လပ်ခဲ့၍ ဆိုရှယ် လစ် လူ့ဘောင်တွင် အခွင့်အရေး အပြည့်အစုံနှင့် ချင်းနင်းဝင်ရောက်နေပြီဖြစ်သော ချစ်ခင်မြတ်နိုးဘွယ်ကောင်းလှသည့် ပြည်ထောင်စုအရှေ့စွန်မှ ပြည်ထောင်စု၏ သား ကောင်းများ ဖြစ်ကြသော ဂုံအမျိုးသားတို့နှင့် ဂုံအမျိုးသမီးတို့သည် ဂုဏ်တက်သည်ထက်တက်ကြ၍ တိုးတက်ကြီးပွား ကြသည်ဖြစ်ပါစေဟူ၍ ဆန္ဒပြုမိပါတော့သည်။

ဗိုလ်မှူးဘရှင်
၁၉၆၅


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မှတ်စုမှတ်တမ်း, ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်