ဖိုးထက် – ပင်နီဇူလာမှ မိုးကျရွှေကိုယ် တယောက်

October 13, 2015

ဖိုးထက် – ပင်နီဇူလာမှ မိုးကျရွှေကိုယ် တယောက်
(မိုးမခ) အောက်တိုဘာ ၁၃၊ ၂၀၁၅

ကျွန်တော်တစ်ယောက် စီးတီးဟောလ်ဘက် မရောက်တာ ကြာပြီ။ ကြာဆို နှစ်လလောက် ရှိခဲ့ပေရော့မည်။ ဘာအကြောင်းကြောင့်မှ မဟုတ်ပါဘဲ မရောက်ဖြစ်ခြင်းသာ ဖြစ်၏။ အလွန်ကြိုက်သည့် ကွမ်းကို လက်တကမ်းမှာ အလွယ်တကူ ၀ယ်စားလို့ရနေခဲ့သည်။ ထို့ကြောင့် မြန်မာကွမ်းယာဆိုင်တွေ မိုးဦးကျ ကောက်ရိုးမှိုများလို များနေသည့် မြန်မာတွေစုရပ်ဖြစ်သည့် စင်္ကာပူနိုင်ငံ၏ စီးတီးဟောလ်ဘူတာအနီးမှ ပင်နီဇူလာ ပလာဇာက ကျွန်တော့်ကို မစွဲဆောင်နိုင်ခဲ့တာ ကြာခဲ့ပြီရော။

ပြီးခဲ့သော တနင်္ဂနွေနေ့က စိတ်ပြေလက်ပျောက်၊ စိတ်ညစ်ငြူး၊ စိတ်မလန်းဆန်းသည်များ ပျောက်စေမည်လား ဟူသည့် မျှော်လင့်ချက်ဖြင့် ချီတက်သွားခဲ့သည်။ တနင်္ဂနွေတိုင်း အဲဒီမှာ ကျွန်တော်တို့ ရွှေတွေ ပုခုံးခြင်း တိုးတိုးတိုက်တိုက်၊ အသက်ရှူသံခြင်း သိုးသိုးသဲ့သဲ့၊ လူအနံ့ခြင်း ရှိုးရှိုး ရှိုက်ရှိုက် ရှိနေတတ်တာ ကျွန်တော်သိပါသည်။ တကယ်တော့ လူတွေ အလွန်များလျှင် ကျွန်တော် မသွားချင်။ ဘ၀င်မြင့်၊ ဘ၀မေ့ မြန်မာများရင် မသွားချင်ဘူးဆိုသည့် စိတ်ထားမျိုး ကျွန်တော့်မှာ အလျင်းမရှိ။ လူအလွန်များလျှင် ဘယ်လူမျိုးကြားထဲမှ ကျွန်တော် မသွားချင်တတ်သည့် လူကြောက်၊ လူတောမတိုးသည့် ရောဂါအခံသာ ဖြစ်၏။ ငါးပိ၊ ငါးချဉ်၊ မျှစ်ချဉ်နံ့၊ ကွမ်းတံထွေးနံ့၊ ဆီနံ့သင်းသော အနံ့ပြင်းပြင်း ဟင်းအနံ့တွေကို ကျွန်တော် ချစ်ပါသည်။ ဒီအနံ့တွေက နိုင်ငံခြားမှာ အနေကြာသည့် မြန်မာလူမျိုးတစ်ချို့အား အလာဂျီ ဖြစ်စေတတ်သော်လည်း ကျွန်တော့်အတွက် အဆုပ်အားကောင်းစေပါသည်။ အိမ်လွမ်းစိတ်များကို ပြေပျောက်စေပါသည်။ ၀မ်းနည်း အားငယ်စိတ်များကို လျော့ပါးစေပါသည်။

စီးတီးဟောလ်ကို ရောက်တော့ ကျွန်တော် ထင်ထားခဲ့သည့် အတိုင်း ဆွေမျိုးသားချင်း၊ မောင်၊ ညီ၊ နှမတွေ အများကြီးမှ တကယ့် အများကြီး။ တစ်ချို့က မိုးတိုးမတ်တပ်။ တစ်ချို့က တွတ်တွတ်ထိုးထိုး ရယ်ရယ်မောမော။ တစ်ချို့က အခန့်စား စတိုင်လ်ကြီးများဖြင့်။ တစ်ချို့က တောဘုရားပွဲကို တက်လာသည့် တောသူ တောင်သားကြီးများလို ရိုးသား ပွင့်လင်းသည့် ဟန်ပန်အမူအရာများဖြင့်။ တ၀ါးဝါး၊ တဟားဟား တစ်ယောက်နှင့် တစ်ယောက် စလိုက်၊ နောက်လိုက်။  ကျွန်တော် ပျော်သွားသည်။ စိတ်ထဲမှာ ညစ်၊ ပုပ်နေသည်များက လေပြင်းတိုက်ခံလိုက်ရသည့် တိမ်တွေကဲ့သို့ တစစီ ပြယ်လွင့်သွားသည်။ လူသည် ကိုယ့် အကြောင်း ကိုယ်သိတာ အကောင်းဆုံးလို့ ဆိုကြပေမယ့် တစ်ခါတစ်ရံကြတော့ လူက အခြား လူများ၏ အကြောင်းကို လိုက်တွေး၊ လိုက်ကြည့်ရတာ အရသာထူးတတ်သည် မဟုတ်ပါလား။ မုန်းမာန ထားသည့် အတွေးအကြည့် မဟုတ်လျှင် ပြီးရောပေါ့။ စက်ဆုပ် ရွံရှာသည့် စိတ်မျက်မှန်တပ်ပြီး မကြည့်လျှင် ပြီးရောပေါ့။ စင်မြင့်ပေါ်က မျက်လုံးမှေးကြည့်နေသည့် အကြည့် မဟုတ်လျှင် ပြီးရောပေါ့။

ပင်နီဇူလာ ပလာဇာထဲကို ၀င်ဝင်ခြင်း ဒုတိယထပ်သို့ တက်ခဲ့သည်။ အဲဒီမှာ ဆရာ ဦးသန်းလွင်၏ ဆိုင်ရှိသည်။ လွန်ခဲ့သော နှစ်လလောက်က ဆရာ့ရဲ့ ဆိုင်က ကျွန်တော်ဆွဲချလာသည့်  ဆရာသိန်းဖေမြင့်ရေးသော “သပိတ်မှောက် ကျောင်းသား” စာအုပ်ကို မေ့လာခဲ့ကြောင်း။ ဒါပေမယ့် မမေ့ပါကြောင်း အပ်ကြောင်းထပ်အောင် ဘယ်နှခေါက်မြောက်မှန်းမသိ ၀င်တောင်းပန်ရအုံးမည် မဟုတ်လား။ သူများ၏ ဥစ္စာပစ္စည်းများ ကိုယ်ပိုင် မဟုတ်ပါဘဲ ယူထားမိပြီး ပြန်မပေးသေးလျှင် တုံ့ပြန်ဖို့ နည်းလမ်းက နှစ်လမ်းသာ ရှိသည်။ တောင်းပန်မလား။ မျက်နှာပြောင်တိုက်မလား။ မျက်နှာပြောင်တိုက် တာတွေကို ကျွန်တော်တို့ မျိုးဆက်က မုန်းလှပါပြီ။ ဒီတော့ မျက်နှာပြောင်တိုက်ပြီးဘဲ ကျွန်တော် တောင်းပန်ဖို့ ကြိုးစားရပေအုံးတော့မည်။

ဆရာက ဆိုင်မှာ မရှိ။ ကက်ပက်စတီကောင်းဖို့ Think Thank အိမ်မှာ လုပ်နေသည်ထင့်။ ဆရာက သူဖြတ်သန်းခဲ့ရသည့် စင်္ကာပူနိုင်ငံ၏ ကောင်းကွက်၊ ဆိုးကွက်တွေကို စိတ်ကောင်း စေတနာကောင်းများဖြင့် ဘယ်လိုဘဲ ရေးရေး ဟောရင်းသာ ပျံလွန်တော် မူရပေမည်။ (ကန်တော့ ဆရာ..ဆရာ ကျန်းမာတာ၊ ကျန်းမာအောင် နေတာ ကျွန်တော်တို့ သိပါတယ်။) ဆရာတော် ဘုရား၏ ပညာပြည့်ဝသည့် ဟောပြောချက်တွေသော်မှ မခန့်လေးစား၊ အလေးမမူ ပြုကြသေးလျှင် ကျောင်းလှေခါးရင်းမှာ ခွေအိပ်နေသည့် ကျွန်တော်လို အကောင်အတွက် အားမရှိသော်လည်း ဟောင်သာ ဟောင်ဟု ဆရာတော်က ရံဖန်ရံခါ မြှောက်ပေးတတ်သည် မဟုတ်လား။

ဆရာ့ဆိုင် အရှေ့မှာ ချထားသည့် ဘယ်သူမှ မျက်စောင်းထိုး အရေးတယူ ကြည့်ကြဟန် မတူသည့် စာအုပ်စင်လေးအပေါ်မှ ကိုယ့်ဆီမှာ မရှိသေးသော မိုးမခ မဂ္ဂဇင်း အတွဲကို ရှာယူသည်။ ဆိုင်ထဲကို ပိုက်ဆံရှင်းဖို့ဝင်သွားတော့ ဒီမဂ္ဂဇင်း ဒီအကောင် ၀ယ်ကတည်းက မရိုးသားဘူးဆိုတာ ကောင်တာထိုင်သည့် အမက သိရှာဟန်တူသည်။ “မောင်လေးစာရော ပါသလား” တဲ့။ “သြော်..ဟုတ်..ဒီလိုပါဘဲ အမရာ” လို့ ဘယ်လိုမှ အဆက်အစပ်မရှိသည့် အဖြေကို ပေးပြီး ကျွန်တော် ပြန်ထွက်လာခဲ့သည်။

ကွမ်းလေးတော့ စားအုံးမှ။ တတိယထပ်မှ ဟင်္သာ ဆိုင်က ကွမ်းက ကောင်းသည်။ လတ်ဆတ်သည်။ သန့်ရှင်းသည်။ နောက်ပြီး ကွမ်းယာသည့် သူတွေက လူငယ်တွေ။ ပျော်တတ်သည်။ စလို့ နောက်လို့ကောင်းသည်။ ဖော်ရွေသည်။ တွန့်တိုခြင်း အလျင်း မရှိ။ ပြီးတော့ သူတို့က ဟဲဗီးမက်တယ်လ် သမားများ ဖြစ်ကြသေးသည်။ သူတို့ဆီသွားလျှင် Metallica ၊ Gun’s N Roses၊ Hale Storm စသည့် မျိုးဆက်ဟောင်း၊ မျိုးဆက်သစ် ရော့ခ်ကာကြီးများ သီချင်းတွေကို ကွမ်းစောင့်ရင်း နားထောင်လို့ ရတတ်သည် မဟုတ်လား။ မျိုးဆက်ခြင်း မတိမ်းမယိမ်းဆိုတော့ ရင်ခုန်သံခြင်း နီးစပ်သည့် သူတို့ ဆိုင်ကိုဘဲ ကျွန်တော် သဘောကျနေသလား မဆိုတတ်။

“ဟာ ဟေ့လူ ပျောက်လှချည်လား။ သေပြီမှတ်တာ”

“သေချင်းဆိုးလေးတွေ…ဖတ်…ဖတ်..ဖွဟဲ့..လွဲပါစေ..ဖယ်ပါစေ…အခုသေ အခုလားရာက ရှင်းနေလို့ သေမဖြစ်သေးဘူးဟေ့..မရှည်နဲ့… အဆင်ပြေသလိုယာ..အချိန်ရှိတယ် ..စောင့်နိုင်တယ်.. ငါးကျပ်ဖိုး လုပ်လိုက်… တစ်ယာ အရင်ကျွေး.. ခါးတွင်းနှယ် ချဉ်တာဟာ”

မျက်နှာ တစ်ချက် မပျက်၊ အပြုံးတစ်စလေးမှ လွင့်မသွားဘဲ အမြန် ယာပေးလိုက်သည့် ကွမ်းယာကို ပါးစပ်ထဲ အမြန်ထည့်လိုက်သည်။ ထို့နောက်မှာတော့ ဒင်းတို့လဲ ကျွန်တော့်ကို ဂရုမစိုက်နိုင်အား။ ၀ယ်သူတွေ ပျားပန်းခပ်မျှ များ၊ လိုအင်တွေ အလွန်များသည့် ကွမ်းယာဝယ်သူတွေ ကြားမှာ ရော့ခ်သီချင်းတွေ ဆိုရင်း၊ ရွတ်ရင်း။ ခေါင်းကြီးတွေက ရော့ခ်ကာကြီးတွေလို အားပါပါ၊ မာန်ပါပါ လှုပ်ရင်း ခပ်ရင်း။ လက်တွေက ထုံးသုတ်သည့် အတံဆွဲလိုက်။ ကွမ်းသီးခြင်း လှမ်းနှိုက်လိုက်။ ကျန်သည့်အဆာပလာများ ထည့်လိုက်။ ကျွန်တော်ကတော့ သူတို့ကို ကြည့်ရင်း မျက်လုံးကစားမိသည်။ ဘေးကြည့်။ ဘယ်ကြည့်။

စာအုပ်စင်တစ်ခု။ ဒီအကောင်တွေ ကွမ်းယာနေသည့် ကွမ်းယာစဉ်၏ ဘေးမှာ ချထာသည့် စာအုပ်စဉ် တစ်ခု။ သုံးဆင့်ရှိသည့် စင်လေးပေါ်မှာ တင်ထားသည့် စာအုပ်တွေက အများကြီးလဲ မဟုတ်။ နည်းလဲ မနည်း။

“ဟဲ့ကောင်..ဒီစာအုပ်တွေက ဘာလုပ်တာလဲ”

“ရောင်းတာလေ..အဲဒီမှာ ဈေးကပ်ထားတယ်။ ၀ယ်မလို့လား။ မဆိုင်တဲ့ နယ်ပါယ် ၀င်မရှုပ်စမ်းပါနဲ့ဗျာ။”

ဒင်းတို့ကို ကျွန်တော် စကားမပြန်နိုင်တော့။ စာအုပ်စဉ်ကို ကျွန်တော် ဖွမိသည်။ (ဆရာများဖြစ်ကြသည့်) နီကိုရဲ၊ မင်းလူ၊ သာဓု၊ ရွှေဥဒေါင်း၊ မြသန်းတင့်၊ မြင့်သန်း၊ မင်းခိုက်စိုးဇန်၊ မောင်ထွန်းသူ စသည့် ဆရာတွေ၏ စာအုပ်တွေကို တွေ့သည်။ စာအုပ်ဈေးတွေက လေးဒေါ်လာ၊ ငါးဒေါ်လာ၊ လေးဒေါ်လာခွဲ စသည် စသည်။ ပိုက်ဆံအိတ်ထဲက လက်ကျန် ပိုက်ဆံပြန်စစ်လိုက်သည်။ လေးငါး ခြောက်အုပ်ခန့်တော့ ၀ယ်လို့ရသည်။ စိတ်အကြိုက်ဆုံး၊ လုံးဝမဖတ်ဘူးသေးသည့် စာအုပ်တွေ ကျွန်တော်ခွဲထုတ်လိုက်သည်။ ဆရာနေ၀င်းမြင့်၏ “အာရှတိုက်ယွန်းပေါင် ပုရပိုက် ၀တ္ထုတိုများ”၊ ဆရာလင်းယုန်မောင်မောင်၏ “ဟိုချီမင်း”၊ ဆရာ သာဓု၏ “ ချစ်စံနမူ” တို့ကိုတော့ မယူမဖြစ် ယူရမည်။ ထပ်ဖွပြန်တော့ ဆရာကြီး ရွှေဥဒေါင်း၏ ဘ၀တစ်သက်စာ မှတ်တမ်းများ ဒုတိယ အကြိမ်ထုတ် “ဘ၀တစ်သက်စာ မှတ်တမ်းများ” ကိုတွေ့သည်။ ကြေကြေညက်ညက် ကျွန်တော် ဖတ်ပြီးသားစာအုပ်။ သို့သော် ဆရာကြီးအဆင့်နှင့် ဒီလို မထင်မရှား ကျော်ခွသွားကြသည့် စာအုပ်စင်လေးထဲမှာ ရှိ မနေစကောင်း။ ထို့ကြောင့် ဆွဲချလိုက်ရပြန်သည်။ ပိုက်ဆံတွက်ကြည့်သည်။ နောက် ထပ် တစ်အုပ်ယူမည်ဆိုလျှင် ဖြစ်သေးသည်။ ထပ်ရှာတော့ ဒေါက်တာသန်းထွန်း၏ “မိုးကျရွှေကိုယ် ရောင်လှည့်တယ်” ဟူသော စာအုပ်လေး တစ်အုပ် တွေ့ပြန်သည်။ ကျွန်တော် လုံးဝမဖတ်ဘူးသေးသည့် စာအုပ်။ ဒေါက်တာ သန်းထွန်း စာဆိုတာနှင့် အလကားဘယ်တော့မှ မဖြစ်ဆိုတာ သိထားသည့် ကျွန်တော့်အတွက် စာအုပ်ကို လှန်လှောကြည့်မိသည်။

ဆရာကြီးက ၁၉၃၉ ခုနှစ် မှာ မြန်မာနိုင်ငံကို အုပ်ချုပ်ရေး အရာရှိအဖြစ်ရောက်လာပြီး ၁၉၄၂ ခုနှစ်အထိ အင်္ဂလိပ် နေမ၀င် အင်ပါယာကြီး၏ ၀န်ထမ်းအဖြစ် ထမ်းဆောင်ခဲ့သည့် Maurice Maybury ၏ “ Heaven Born in Burma, I, The Daily Round” ကို ဘာသာပြန်ထားခြင်း ဖြစ်သည်။ ဘာသာပြန်ပုံက သင်းသည်။ “မိုးကျရွှေကိုယ် ရောင်လှည့်တယ်” တဲ့။ မိုးကျရွှေကိုယ်ဆိုလျှင် အသံတောင် မကြားချင်သည့် ကျွန်တော်က စာအုပ်လေးကို ဖွင့်ပြီး ဒေါက်တာသန်းထွန်း၏  အမှာကို ဖတ်မိသည်။ အမှာထဲမှာ..

“ ရှေးရှေးက အိုင်စီအက်စ်၊ ဘီစီအက်စ်လို့ အများက ခေါ်တဲ့ အရေးပိုင်၊ နယ်ပိုင်ဆိုတဲ့ အုပ်ချုပ်ရေး အရာရှိတွေကို မိုးကျရွှေကိုယ်လို့ ခေါ်တယ်။ ဘာဖြစ်လို့ ဒီလို နာမည်တွင်လာသလဲဆိုတော့ မြန်မာတွေကို မြို့ပိုင်၊ နယ်ပိုင် ၊ အရေးပိုင် အဖြစ်နဲ့ အုပ်ချုပ်မယ့် လူတွေကို အင်္ဂလိပ် အစိုးရက တစ်သီး တခြား သင်တန်းပေးပြီး မွေးထုတ်လိုက်လို့ လူအများက ရွံမုန်းတာလည်း ပါမယ်။ ရွံပေမယ့် ရိုသေရမယ်၊ မထီမဲ့မြင် မလုပ်သင့်ဘူး ထင်လို့ မိုးကျရွှေကိုယ်လို့ ခေါ်လိုက်ကြတာနဲ့ တူတယ်။…….” စသည်ဖြင့် အမှာရေးခဲ့သည်။ ထို အမှာစာ ရေးသည့်ရက်စွဲက ၁၄ နိုဝင်ဘာ ၂၀၀၃။ ပညာရှိများ အမှာစာလေး စာတစ်ပိုဒ် လောက် ရေးတာတောင် အာဏာရှင်ကို ဆန့်ကျင် ထောက်ပြခဲ့ပါလားလို့ ဆရာကြီးကို ဦးညွှတ်မိသည်။ ၀ယ်မှ၊ ၀ယ်ထားမှ။

မောရစ်ကောလစ်၏ စာအုပ်ကို ဆရာမကြီး လူထု ဒေါ်အမာက ဘာသာပြန်ခဲ့ဘူးသည်။ “မြန်မာပြည်တွင် စစ်ဆေးခဲ့သည့် အမှု အခင်းများ။ ပြီးတော့ သိပ္ပံမောင်ဝ၏ စာတွေလဲ ကျွန်တော် အများကြီး ဖတ်ဘူးသည်။ အခု မောရစ် မေဗာရီ၏ စာကလဲ ဖတ်သင့်သည် မဟုတ်ပါလား။ အုပ်ချုပ်သူ လူတန်းစား၏ အမြင်ကို အနည်းနဲ့ အများတော့ ရမှာပါဘဲ။ ပြီးတော့ ဆရာကြီး ဒေါက်တာ သန်းထွန်းက ဖတ်လို့ ကောင်းတဲ့ စာအုပ်မှန်သမျှ ဘာသာပြန်ပါတယ် လို့ ဆိုခဲ့တယ် မို့လား။ အခု စာအုပ်ကို ဖတ်လျှင် ဒုတိယ ကမ္ဘာစစ် မဖြစ်ခင် အုပ်ချုပ်ရေးပိုင်းက အင်္ဂလိပ်တွေ၏ အနေအထားကို မှန်းဆလို့ ရနိုင်မယ်လို့ ကျွန်တော် ထင်သည်။ ကိုယ့်ဘာသာဆိုလျှင် ဒီစာအုပ် ရှိလို့ ရှိမှန်းတောင် မသိ။ အခုတော့ ခူးပြီး ခပ်ပြီးသား ထမင်းဟင်းပွဲကို “ကိုင်း..မျို၊ ဆို့တော်မူ ကောင်လေး” ဟု ဆရာကြီး ဒေါက်တာ သန်းထွန်းက ဆိုနေလေပြီ။

“ဟေ့လူ ကွမ်းရပြီ။ အဲဒီ စာအုပ်ဖိုးက ၀ယ်မယ်ဆိုရင် အထဲ ကောင်တာမှာ သွားရှင်း” ဟူသည့် စကားကြောင့် ကျွန်တော့် အတွေးများ ပြတ်သွားသည်။ ကောင်တာမှာ စာအုပ်ဖိုး သွားရှင်းတော့ နည်းနည်း လျှော့ပါအုံးဗျာ။ ကျွန်တော် ၀ယ်တာတွေ အများကြီးဘဲ ဥစ္စာဟု မ၀ံ့မရဲ ဈေးဆစ်မိသည်။

“မလျှော့တော့ပါဘူး မောင်လေးရယ်။ မင်းလဲ ဒီစာအုပ်တွေ ဘယ်လောက်ကောင်းတယ်ဆိုတာ သိတာဘဲ။ ဒီဈေးက ဘာမှ မဟုတ်ပါဘူး။ အရင်လို စာမဖတ်ကြလို့သာ စာအုပ် အငှားလုပ်ငန်း ဖြုတ်လိုက်လို့ ဂိုထောင် ရှင်းတဲ့ သဘောနဲ့ ထုတ်ရောင်းတာပါ။ အမတို့က ထားစရာ နေစရာသာ ရှိရင် ထုတ်တောင် မရောင်းချင်ဘူး”

ဘာစောဒကမှ ကျွန်တော် ထပ်မတက်တော့ဘဲ ပိုက်ဆံ ရှင်းခဲ့သည်။ ထို့နောက် အိမ်ကို အမြန်ပြန်ရောက်ချင်လှပြီလေ။ ဒီစာအုပ်လေးကို ဒီည အပြီး ဖတ်ပြစ်ရမယ်လို့ စိတ်ထဲက ကြုံးဝါးမိသည်။ ကျွန်တော်တို့ ခေတ် မြန်မာနိုင်ငံထက် သာတဲ့ မောရစ်ကောလစ်တို့ ခေတ်က၊ မောရစ် မေဗာရီတို့ ခေတ်က သူတပါးကျွန် မြန်မာနိုင်ငံကြီးကို ကျွန်တော် သိချင်လှပြီ။

ကျွန်တော်တို့ကို သွေးစုပ် အုပ်ချုပ်သွားသည့် အင်္ဂလိပ် လူမျိုးတွေ ကြားထဲမှာ မောရစ်ကောလစ်တို့၊ မေဗာရီတို့ဆိုတာ ခွေးသွားစိတ်လေး တစ်ခုမျှသာ ဖြစ်မည်။ ချောဆီလေး တစ်စက်သာ ဖြစ်ပါမည်။ သို့သော် အလုပ် ကောင်းကောင်း လုပ်တတ်ပြီး လူစိတ်ရှိသည့် မိုးကျရွှေကိုယ် မောရစ် မေဗာရီတို့၏ စိတ်ကူး၊ စိတ်သန်း၊ အတွေး၊ အမြင်များသည် လူမျိုးတူ အချင်းချင်း အလွန် ကျက်သရေမဲ့လှသည့် နည်းလမ်းများဖြင့် ယုတ်မာ ကောက်ကျစ် ဗိုလ်လုပ်နေကြသည့် ၊ ဗိုလ်လုပ်ချင်ကြဆဲ ဖြစ်သည့် လူတွေထက်တော့ အများကြီး သာမယ်ဆိုတာ ကျွန်တော်က သိနေခဲ့သည် မဟုတ်ပါလား။ မိုးကျရွှေကိုယ် တစ်ယောက်ကို ကျွန်တော့် ကျောပိုးအိတ်ထဲ ရိုရိုသေသေ ထိုးထည့်ရင်း စီးတီးဟောလ်ဘူတာဘက်သို့ ခြေဦး အမြန်လှည့်မိတော့သည်။

(Photo credit – http://samplegreatman.blogspot.com/2009/08/that-is-singapore.html )


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဖိုးထက်, ခေတ်ပြိုင်အတွေ့အကြုံ, ရေခြားမြေခြား မြန်မာများ

3 Responses to ဖိုးထက် – ပင်နီဇူလာမှ မိုးကျရွှေကိုယ် တယောက်

  1. Catwoman on October 13, 2015 at 7:51 am

    You shouldnt eat betel . It s dirty and gives you diseases

  2. Ko Zaw on October 15, 2015 at 5:20 am

    ဟုတ်ပါတယ်။
    အင်္ဂလိပ်အစိုးရလိုပဲ အုပ်ချုပ်ရေးယန္တယားးကို ကိုယ့်လူပဲအုပ်ချုပ်ဖို့ အထွေထွေအုပ်ချုပ်ရေးဌာနကို အခိုင်အမာ ဖွဲ့ပြီးပါပြီ။ ထွေအုပ် ကျေးလက် မြို့နယ် ပြည်နယ်တိုင်းဦးစီးမှုးအားလုံးလဲ သူတို့လူတွေပါ။ ထွေအုပ် အကြီးဆုံး ညွန်ချုပ်ကို ပြည်ထဲရေးဝန်ကြီးက ခန့်ရပါတယ်။ ပြည်ထဲရေးဝန်ကြီးကို ကာချုပ်က ခန့်တဲ့စစ်ဗိုလ်ချုပ်ပါပဲ။ ဒီ ခြေဥ ကိုအခိုင်မာလုပ်ထားပေမဲ့ ပြည်သူလူထုနဲ့ NLD တိုင်းရင်းသားပါတီများ ဘယ်လောက်ညီညွတ်မှုနဲ့ပဲ ခြေဖျက်ရမှာပါ။
    သမ္မတ ဒေါ်အောင်ဆန်းစုကြည် ဖြစ်နေဦးတော့ စစ်တပ်ခန့်ထားတဲ့ ထွေအုပ် အဖွဲ့ (မိုကျကိုယ်တော်များ) အမိန့်မနာခံရင် အချီးနှီးပါ။ ဒါကြောင့် အခြေအနေက စစ်တပ်နဲ့ ပြေလည်အောင် ပါတီအားလုံးက ကြိုးစားနေဆဲပါပဲ။

  3. ဝတ်မှုန်(စင်ကာပူ) on October 15, 2015 at 5:31 am

    ဖတ်ရတာဝမ်းသာလှပါတယ် ကိုဖိုးထက်ရေ။
    ကိုသန်းလွင်က သူ့ဟန်ဖုန်းကိုဆက်ထားရင် ဖိုးထက်ကို သူ့ဆိုင်မှာ စောင့်ပီး ကော်ဖီ လဘက်ရည်နဲ့ ကြိုမှာပါ။ ကိုယ်တွေ့မို့ ပြောတာပါ။

    ဒါနဲ့ မိုးမခမဂ္ဂဇင်းကို ပင်နီစူလာ ၅ထပ်က လမ်းပြကြယ်စာကြည်တိုက်က ဝယ်ပါမယ်။ အသစ်ထွက်တိုင်း ၃အုပ် သွားပို့ဖို့ DELIVERY လိုနေတယ်ဗျ။ ကျတော်လဲ မရောက်နိုင်လို့ပါ။

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်