လောအယ်စိုး – လေနီရိုင်းကို ဆန်ကာပျံသည့် ငှက် – အခန်းဆက်ရုပ်ပုံလွှာများ (၁)

October 14, 2015

လောအယ်စိုး – လေနီရိုင်းကို ဆန်ကာပျံသည့် ငှက် – အခန်းဆက်ရုပ်ပုံလွှာများ (၁)

(မိုးမခ) အောက်တိုဘာ ၁၄၊ ၂၀၁၅

 

နှလုံးသားမှ လှိုက်လှိုက် လှဲလှဲပြုံးတတ်သော အပြုံး။ ကြည်လင်၍ သန့်စင်သော သူ၏အပြုံး။ ကျွန်တော်ဘယ်သောအခါမျှ မေ့၍မရသည့် သူ၏အပြုံးပါ။ ရယ်မောစရာတွေရှိရင်လည်း ကျယ်ကျယ်လောင်လောင်နှင့် အားပါးတရ ရယ်မောလေ့ရှိသည်။ ကျွန်တော့်ဇာတိမြို့၏ အထက်တန်းကျောင်းတွင် သူနှင့် စတင်ခင်မင်ရင်းနှီးခဲ့တုန်းက ကျွန်တော်က နဝမတန်းကျောင်းသား၊ သူကအဋ္ဌမတန်း။ 

မှတ်မှတ်ရရ မြို့တော်ခန်းမတွင် ကျင်းပသော စာဆိုတော်နေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲတွင် သူ ပထမရသည်။ ခန်းမကြီးတစ်ခုလုံးအပြည့်နီးပါး ရှိနေသောပရိသတ်များ၏ရှေ့တွင် အားပါးတရနှင့် သူက မိမိပြောဆိုရမည့် ကျပန်းခေါင်းစဉ်ကို အချက်ကျကျတင်ပြရင်း ပြိုင်ပွဲဝင်နေသည်။ ပရိသတ်ကလည်း လက်ခုပ်တဖြောင်းဖြောင်းတီးကာ အားပေးနေသည်။ 

လူပုဂ္ဂိုလ်ချင်းစတင်ရင်းနှီးပြီးနောက် သူသည်လည်း စာပေကိုချစ်မြတ်နိုးသူတစ်ယောက်မှန်းသိသွား၍ ကျွန်တော်တို့ ခင်မင်ရင်းနှီးကာ တွဲဖြစ်ခဲ့ကြခြင်းဖြစ်သည်။ မိဘကပေးသောမုန့်ဖိုးများကို စု၍ မြို့ထဲက’ဝင်းဝင်း’စာအုပ်ဆိုင်တွင် ပီမိုးနင်း၏တိုးတက်ရေးကျမ်းများကို အတူဖတ်ဖြစ်ကြသည်။ ဆရာနန္ဒာသိန်းဇံ၏စာအုပ်များသည် ကျွန်တော်တို့နှစ်ဦးအတွက် ဆွေးနွေးစရာများဖြစ်ခဲ့ကြသည်။ 

တစ်ခါ၊ ကရင်အမျိုးသားလွတ်မြောက်ရေးအတွက် ကျွန်တော်တို့တွင်တာဝန်ရှိသည်ဆိုပြီး ကြီးကြီးကျယ်ကျယ်တွေတွေးကာ ကရင့်အမျိုးသားခေါင်းဆောင်ကြီးများအကြောင်းကို ဗဟုသုတစုံသော လူကြီးများထံ ကျွန်တော်တို့အတူ ချဉ်းကပ်မေးမြန်းခဲ့ကြဖူးသည်။ ထိုအချိန်က ကရင့်တော်လှန်ရေး၏ ရှေ့ဆောင်ခေါင်းဆောင်ကြီးများအကြောင်းစာအုပ်များ မရှိသလောက်ဖြစ်ခဲ့သည် မဟုတ်ပါလား။

ကွမ်းယာကို ဆေးနှင့်စားတတ်ပြီး ဆေးလိပ်ကိုလည်း ရံဖန်ရံခါရှူရှိုက်တတ်နေသော ကျွန်တော့်ကို သူ အမြဲဆုံးမတတ်သည်။ အဘယ်ကြောင့်ဆိုသော် သူက အားကစားသမား၊ ဘားအံမြို့၏ဆောင်းတွင်း နံနက်ခင်းစောစောတွင် ဘောင်းဘီတိုကြီးကြီးတစ်ထည်ကိုဝတ်၍ ကန်သာယာပေါင်ရိုးတစ်လျှောက်တွင် ပြေး၍ ကြည်နူးဖွယ်ရာနံနက်ခင်း၊ အရုဏ်ဦးကို သူ အမြဲခံစားတတ်သည်။ 

ချို့တဲ့သောမိဘနှစ်ပါး၏ဘဝကို သူသည် အမြဲတမ်းစာနာပြီး ခြိုးခြိုးခြံခြံနေတတ်သည်။ ‘ဆယ်ကျော်သက် ညီနှင့် ညီမလေးတို့အတွက် တာဝန်တွေ ငါ့မှာရှိတယ်’ လို့ အမြဲတမ်းနှုတ်က ပြောလေ့ရှိသည်။ 

ကျွန်တော့်သူငယ်ချင်းသည် ဘာသာတရား၌ လေးနက်စွာယုံကြည်မှုရှိသူ တစ်ဦး ဖြစ်သည်။ မိဘနှစ်ပါး၏ယုံကြည်စိတ်ချမှု အရှိဆုံး ဖြစ်ပြီး သူတို့တစ်တွေ၏အနာဂတ်သည် ဤသားကြီးသာဖြစ်သည်။ 

အရက်၊ ထန်းရည်တို့ရောင်းသော ရပ်ကွက်၌ နေထိုင်သော်လည်း မြည်းစမ်းခြင်းကိုမူ မပြုခဲ့သူ တစ်ဦးပါ။ 

စာဖတ်ခြင်းအလေ့ကို နှစ်ဦးသား ခုံမင်သောကြောင့် ရန်ကုန်မြို့၊ စာအုပ်အဟောင်းဆိုင်တန်းက စာအုပ်ရောင်းသူများ၏ဘဝတွေကို သဘောကျပြီး တစ်နေ့တွင် နှစ်ဦးသား ရန်ကုန်မြို့သို့သွားကာ မြို့လယ်ကောင်လမ်းဘေးတွင် စာအုပ်အဟောင်းများရောင်းကြမည်။ ပြီးတော့ တစ်ဘက်ကလည်း တက္ကသိုလ်တက်မည်ပေါ့။ 

ထိုစိတ်ကူးကို မိတ်ဆွေများအား ကျွန်တော်တို့နှစ်ဦးက ပြောပြသောအခါ သူတို့က လှောင်ပြောင်ရယ်မောကြသည်။ ဘယ့်နှယ်ကွာ၊ လမ်းဘေးမှာ စာအုပ်အဟောင်းရောင်းကြမယ်လို့များ၊ ဒီထက်ကြီးမားတဲ့ ရည်ရွယ်ချက် မင်းတို့ဆီမှာ မရှိဘူးလားဟု လူကြီးတချို့က ခနဲ့ကြသည်။ သို့သော် ကျွန်တော်တို့နှစ်ဦးက အပြုံးမပျက်။ 

ရိုးစင်းသောဘဝကို မြတ်နိုးသည်။ ဆရာမြသန်းတင့်၏ ‘ဓားတောင်’ ဝတ္ထု။ ဆရာလင်းယုန်မောင်မောင် ဘာသာပြန်သော စာအုပ်များတို့ကိုဖတ်ပြီး စာရေးဆရာတို့၏ဘဝများကို ကျွန်တော်တို့ အားကျရင်ခုန်ခဲ့ကြသည်။ မဝယ်နိုင်သောစာအုပ်များကို ကျွန်တော်တို့ကျောင်းစာကြည့်တိုက်တွင် ငှားရမ်း၍ဖတ်ကြသည်။ သူ အမြဲတမ်းပြောလေ့ရှိသော စာအုပ်တစ်အုပ်မှာ ဆရာလယ်တွင်းသားစောချစ်၏ ‘နှစ်ကိုယ်တူ လျှောက်ရာလမ်း’ ဆိုသော စာအုပ်ဖြစ်သည်။ ကျွန်တော်ကတော့ မဖတ်ဖူးပါ။ 

သနားကြင်နာတတ်သောသူသည် တရားမမျှတမှုတို့ကိုတော့ သည်းခံတတ်သူ မဟုတ်ပါ  ။နှစ်ဦးသား (၁ဝ) တန်း ဖြေဆိုကြပြီးနောက် ရန်ကုန်မြို့သို့ မကြာခဏ ခရီးပြုတတ်သူတစ်ဦးနှင့်အတူ သူလိုက်သွားသည်။ ရန်ကုန်မှအပြန် ရွှေတိဂုံစေတီနောက်ခံနှင့်အတူ အနောက်တိုင်းသားတစ်ဦးနှင့် တွဲရိုက်ထားသောဓာတ်ပုံကို ကျွန်တော့်အားပြသည်။ ရွှေတိဂုံကိုတက်ဖူးတုန်း အဲဒီအမေရိကန်တစ်ယောက်ကို ငါလိုက်မိတ်ဆက်တယ်။ ပြီးတော့ အင်္ဂလိပ်လို ငါတတ်သလောက် ပြောခဲ့တယ်။ ဒီတော့မှ ငါအင်္ဂလိပ်စာတတ်မှာဟု ကျေကျေနပ်နပ်နှင့် သူ၏ခရီးစဉ် အတွေ့အကြုံကိုပြောပြခဲ့ဖူးပါသည်။ 

သူ့တွင် ဘဝရည်မှန်းချက်အိပ်မက်များက ကြီးသည်။ အထူးသဖြင့် လူ့အကျိုး၊ ရပ်ရွာအကျိုး ဆောင်ရွက်သယ်ပိုးနိုင်ဖို့အတွက် သူရည်မှန်းခဲ့ပါသည်။ ကျွန်တော်က ဆယ်တန်းကို တစ်နှစ်ကျပြီးမှ အောင်သည်။ ဂုဏ်ထူးနှစ်ဘာသာဖြင့် သူ အောင်မြင်ခဲ့သည် ။နှစ်ယောက်စလုံး ရန်ကုန်တက္ကသိုလ်သို့တက်ရောက်နိုင်ဖို့အတွက် အခွင့်အလမ်းများ ပွင့်သွားပေပြီ။ 

ထိုအချိန်က သိပ္ပံတွဲဘာသာနှင့် ဂုဏ်ထူးတစ်ဘာသာ သို့မဟုတ် နှစ်ဘာသာ ပါစေကာမူ ဘားအံကောလိပ်နှင့် မော်လမြိုင်တက္ကသိုလ်တို့၌သာ ဆက်ပြီး ပညာသင်ကြားကြသည်။ ဝိဇ္ဇာဘာသာတွဲနှင့်အောင်မြင်သူတို့က ထူးထူးခြားခြား သာမန်အောင်လက်မှတ် သို့မဟုတ် တစ်ဘာသာဂုဏ်ထူးထွက်ရုံမျှနှင့် ရန်ကုန်တက္ကသိုလ်သို့ သွားရောက်ပညာသင်ခွင့်ရကြသည် ။နိုင်ငံတကာဆက်ဆံရေးဘာသာရပ်၊ စီးပွားရေးတက္ကသိုလ်၊ ဥပဒေပညာရပ်တို့ကို ဝိဇ္ဇာဘာသာတွဲနှင့်အောင်မြင်သော ကျွန်တော်တို့ ပညာသင်ကြားဖို့ရန် အခွင့်အရေးများရရှိကြသည်။ 

ကျွန်တော်တို့နှစ်ဦးအတွက် တံခါးများပွင့်သွားပြီဟု ခံစားမိလိုက်သည်။ တိုက်တိုက်ဆိုင်ဆိုင် မြန်မာနိုင်ငံ၏နိုင်ငံရေးအခြေအနေသည်လည်း ထို ၁၉၈၈ ခုနှစ် ကာလတွင် သိသိသာသာ၊ ကြီးကြီးမားမား အပြောင်းအလဲတစ်ခုနှင့် ကြုံတွေ့လိုက်ရပါတော့သည်။ 

၁၉၈၈ခုနှစ်၊ သြဂုတ်လအတွင်း မိတ်ဆွေတစ်ဦးနှင့်အတူ ရန်ကုန်မြို့သို့ ကျွန်တော်အလည်ရောက်သွားခဲ့သည်။ တစ်လကျော်ကျော် အရှိန်အဟုန်ကြီးမားလှသည့် လူထုလှုပ်ရှားမှု အရေးအခင်းကြီးကြောင့် လမ်းပန်းဆက်သွယ်မှုများ အခက်အခဲအမျိုးမျိုးနှင့် ရင်ဆိုင်ရသည်။ ပြည်သူလူထုက မဆလတစ်ပါတီအာဏာရှင်စနစ်ကို ပြောင်ပြောင်တင်းတင်း၊ ရဲရဲဝံ့ဝံ့ဆန့်ကျင်သောဆန္ဒပြပွဲများကို ရန်ကုန်မြို့တွင် ကျွန်တော် မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသည်။ အားတက်စရာ မျှော်မှန်းမှု၊ ဝမ်းနည်းကြေကွဲမှု စသောခံစားချက်များကို ရောပြွမ်း၍ ကျွန်တော်ခံစားခဲ့ရသည်။ 

ရန်ကုန်မြို့အတွင်း အတွဲလိုက်ပစ်ခတ်သော ဂျီသရီး၊ ဂျီဖိုးမောင်းပြန်သေနတ်တို့၏ ချောက်ချားဖွယ်အသံများ၊ အင်းစိန်လမ်းမကြီးပေါ်တွင် ပိုင်ရှင်မဲ့ ပြန့်ကြဲနေသော ညှပ်ဖိနပ်များ၊ တချို့ကပက်လက်၊ တချို့ကမှောက်ခုံ ပုံစံအမျိုးမျိုး၊ ယနေ့တိုင် ကျွန်တော်၏အာရုံတွင် မြင်ယောင်မိဆဲ။ 

ညမှောင်မှောင်ထဲ၊ သမ္မတဦးစိန်လွင်သမ္မတအဖြစ်မှ နှုတ်ထွက်သွားကြောင်းသတင်းကို ကြေညာအပြီး၊ ရန်ကုန်မြို့လူထုက လက်ခုပ်တီး၊ သံပုံးများခေါက်ပြီး အော်ဟစ်ပျော်ရွှင်နေကြသည့်အသံများ ။ပြည်သူလူထုများခင်ဗျာ ပိတ်ထားသောကားလမ်းများကို ကျွန်တော်တို့တပ်မတော်သားများနှင့်အတူ လာရောက်ကူညီပြီး ဖယ်ရှားပေးပါဟူသော စစ်ထရပ်ကားပေါ်တွင် တပ်ဆင်ထားသော လော်စပီကာ၏အသံတွေ၊ (၂)လနီးပါးခန့် ရန်ကုန်မြို့တွင် ကျွန်တော်နေထိုင်ခဲ့စဉ်အတွင်း ကြုံတွေ့ခဲ့ရသည်။

ထူးထူးခြားခြား ဘားအံမြို့တစ်ဘက်ကမ်း ၊ မြိုင်ကလေးကျေးရွာပတ်ဝန်းကျင်အနီးတွင် အခြေစိုက်သော အမှတ်(၂၂)ခြေမြန်တပ်မမှ အရာရှိတစ်ဦးကို ရန်ကုန်မြို့ စံပြရုပ်ရှင်ရုံအနီးတွင် ကျွန်တော် ဆုံတွေ့ခဲ့ရပါသေးသည်။ သူကလည်း ကျွန်တော့်ကိုတွေ့၍ အံ့သြနေသည်။ ရန်ကုန်မြို့သို့အလည်လာကြောင်း ရှင်းပြတော့မှ – အေး..မင်းလည်း ဒီမှာမြင်တဲ့အတိုင်းပဲ။ ရန်ကုန်မြို့အခြေအနေတွေ ရှုပ်ထွေးနေလို့ ငါတို့တပ်ကို လုံခြုံရေးအတွက် ဒီကိုပြန်ခေါ်လိုက်တာ။ ကဲ.. မင်းတည်းတဲ့အိမ်ကို မြန်မြန်ပြန်တော့ဟု စေတနာနှင့် အသိပေးလိုက်ရှာ၏။ မှတ်မှတ်ရရ ထိုနေ့တွင်ပင် တည်းခိုရာအင်းစိန်ကိုပြန်ဖို့ရာ မည်သည့်လိုင်းကားမှ မရှိတော့။ စံပြရုပ်ရှင်ရုံမှ အင်းစိန်ရွာမအထိ လမ်းလျှောက်ပြန်ခဲ့ရသည်။

 မြန်မာ့နိုင်ငံရေးကာလသည် သန်းခေါင်ယံအချိန်ကို ကျော်လွန်နိုင်တော့မည်ဟု (၁၇)နှစ်သား အရွယ် ဆယ်တန်းအောင်ကာစ၊ ဆယ်ကျော်သက်အရွယ်တစ်ဦး၏ အတွေးနှင့် ခံစားချက်ဖြစ်သည်။ သောင်းကျန်းသူဆန့်ကျင်ပွဲဆိုပြီး တစ်အိမ်တစ်ယောက် ချီတက်ကြပါဆိုတော့ နံနက်ခင်းတွင် ချီတက်ကြပြန်ပြီး၊ ကြိုဆိုထောက်ခံပွဲတွေဆိုပြီး လူထုတွေ ဘားအံမြို့သီရိကွင်းမှာ တစ်ခါကြိုဆိုမှုတွေ လုပ်ကြ၊ ပေါ်တာကြေးဆိုတော့လည်း ပေးကြ။ ဓားပြများသဖွယ် ထိုင်းနယ်စပ်မှမြန်မာပြည်တွင်းသို့ မှောင်ခိုအရောင်းအဝယ်လုပ်သူများ၏ ပစ္စည်းများကို သိမ်းဆည်း၊ လူကိုဖမ်း၍ထောင်ချသော ရှာဖွေရေး (ကောင်စီလူကြီးများ၊ ရဲ၊ အကောက်ခွန်ဝန်ထမ်းများ) တို့၏ လုပ်ရပ်များတို့ကို ကျွန်တော် မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရဖူးသည်။ ထို့ကြောင့် ဤတစ်ပါတီမဆလကို ကျွန်တော်ရွံရှာသည်။ မဆလပါတီပြုတ်ကျဖို့အတွက် ဆန့်ကျင်၍ ဆန္ဒပြသူများတို့သည် ကျွန်တော့်အတွက် သူရဲကောင်းများ၊ မိတ်ဆွေကောင်းများပမာ ဖြစ်ခဲ့ပါသည်။

ဘားအံမြို့သို့ ပြန်ရောက်သောအခါ ကျွန်တော်သည် သူ့ကို ဦးစွာသွား၍ ရှာသည်။ အထမမြောက်သေးသော ဆန္ဒပြပွဲကို အထက်တန်းကျောင်းသားတချို့နှင့်အတူ သူဦးဆောင်ခဲ့ပါသည်။ ထို့ကြောင့် ရလဒ်ကား ပြည်နယ်ကောင်စီဝင်လူကြီးတစ်ဦး၏ ကြိမ်းမောင်းသတိပေးခြင်းကို သူ ခံခဲ့ရသည်။ ရန်ကုန်မှ ကျွန်တော် တွေ့ကြုံခဲ့ရသောအနေအထား၊ အဖြစ်အပျက်တို့ကိုလည်း သူ့အား ကျွန်တော်ပြောပြခဲ့သည်။ လူထုအုံကြွမှုကြီးကိုလည်း ဘားအံမြို့တွင်ဖြစ်အောင်၊ ကျွန်တော်တို့ အတတ်နိုင်ဆုံးနည်းလမ်းတွေ ရှာကြံကြသည်။ 

ရန်ကုန်တက္ကသိုလ် ၊မော်လမြိုင်တက္ကသိုလ်နှင့် ဘားအံကောလိပ်မှ အစ်ကိုကြီး၊ အစ်မကြီးတို့၏ ဦးဆောင်လှုံ့ဆော်မှုတို့ကြောင့် ဘားအံမြို့တွင် လူထုလှုပ်ရှားမှုကြီး ငြိမ်းချမ်းစွာဖြင့်အထမြောက်သွားခဲ့သည်။ ကျွန်တော်တို့လည်း ပျော်ရွှင်တကကြွစွာဖြင့် ပါဝင်ဆင်နွှဲခဲ့ကြသည်။ တစ်ပတ်လုံး တို့အရေး တို့အရေး၊ စားလည်းသည်စိတ်၊ အိပ်လည်းသည်စိတ်။ ကိုယ့်ရပ်ကွက်ကို ကိုယ်ကင်းစောင့်ရသည်။ ကျွန်တော်တို့ အလွန်ပျော်ကြသည်။

 အောင်မြင်သောလူထုအရေးတော်ပုံကာလကျော်၊ အနာဂတ်မြန်မာနိုင်ငံ၏ စီးပွားရေး၊ လူမှုရေး ၊နိုင်ငံရေးအခြေအနေများကို ကျွန်တော်တို့ စိတ်ကူးကြည့်ခဲ့ကြသည်။ အားတက်စရာ၊ ရင်ခုန်စရာတွေကလည်း တစ်လှေကြီး။ အနာဂတ်မြန်မာနိုင်ငံကြီးကား ဝင်းဝင်းတောက်လို့ လင်းလက်နေ၏။ သည်ကြားထဲ ဆန္ဒမစောကြပါနဲ့ ၊ပြည်သူလူထုကြီးခင်ဗျားဟု ရေဒီယို၊ရုပ်မြင်သံကြားထဲတွင် မကြာမကြာပေါ်လာသည့် သမ္မတဒေါက်တာမောင်မောင်ကို ကျွန်တော်တို့ ဝိုင်း၍ သြဘာပေးကဲ့ရဲ့ လိုက်ကြတာတွေကိုလည်း အဘယ်သို့မေ့နိုင်ပါမည်နည်း။

 မြန်မာ့နိုင်ငံရေးအကူးအပြောင်းတွင် ကရင်ပြည်နယ်၏ မြို့တော်ဘားအံမြို့မှ ကျွန်တော်တို့ ဆယ်ကျော်သက်ရွယ် အထက်တန်းအောင်ကာစ လူငယ်လေးများ မိမိတို့စွမ်းရာ၊ သန်ရာဘက်မှ တစ်နိုင်ဆောင်ရွက်နိုင်ခဲ့ကြမှုအတွက် ကျွန်တော်တို့ပျော်ရွှင်ခဲ့ကြသည်။ မဆလပါတီတန်ခိုးထွားစဉ်တုန်းက လူထုကိုအာဏာဖြင့် အနိုင်ကျင့်ခဲ့သူများ၊ အိမ်ပြင်သို့မထွက်ရဲကြတော့။ တချို့ကတော့ စစ်တပ်ထဲ၊ တချို့က နီးစပ်ရာဘုန်းကြီးကျောင်းများတို့တွင် ခိုလှုံကြသည်။ ကျွန်တော်တို့တာဝန်တွေကလည်း နံနက်စာစားပြီး၊ အိမ်မှထွက်။ သပိတ်စခန်းဖွင့်ထားရာ ဘားအံမြို့၊ ဘုရားဝင်းကြီးထဲတွင်လူစုပြီးတော့ မြို့တွင်းသို့ စီတန်းလှည့်။ နေပူကြီးထဲတွင်လမ်းလျှောက်ရာ အသားများပါနီစပ်၍ နေလောင်ကာ အသားနီများလန်ကုန်သည်။ ဂရုမစိုက်။ ကြီးကြီးကျယ်ကျယ်နှင့် ဒါတော်လှန်ရေးအတွက်ပဲဟု ဆိုကြသည်။ 

ညနေစောင်းဆိုလျှင် အိမ်သို့ပြန်ကြ။ ည (၈း၁၅) ဆိုရင် ရေဒီယိုဘေးနားတွင်စု၍ ထိုင်ကာ မြန်မာနိုင်ငံတစ်ဝှမ်းလုံး၏အခြေအနေကို နားထောင်ကြသည်။ စစ်တပ်က လူထုနဲ့ပေါင်းလိုက်လျှင် အားလုံးပြီးသွားပြီကွ ဆိုပြီး သူငယ်ချင်းတစ်ယောက်က တပ်မတော်ကြီးကိုလှမ်း၍ မျှော်သည်။ သူတို့တစ်တွေများ ပြည်သူ့တပ်မတော်ဖြစ်လာရင်ပေါ့။ ကရင်တော်လှန်ရေးတပ်မကြီး၊ ဘားအံမြို့ကို ဒီအချိန်မှာ သိမ်းနိုင်ရင် အကောင်းဆုံးပဲဟု မျိုးချစ်ကရင်လူငယ်တို့ကလည်း (KNU)ကို ယခုလိုနိုင်ငံရေးအခွင့်အလမ်းသင့်သောအချိန်ကို အကောင်းဆုံးအသုံးချစေဖို့ ဆန္ဒရှိ၏။ ဒါ သူတို့တစ်တွေ၏ အတွေး၊ ကျွန်တော်တို့၏ အားကိုးမှု။ လူကြီးတွေကလည်း သပိတ်စခန်းကြီးထဲ သူတို့အတွေးအခေါ် အထင်အမြင်၊ သုံးသပ်ချက်တွေနှင့်။ ကျွန်တော်တို့ကလည်း ကိုယ့်အစု၊ ကိုယ့်အရွယ်၊ စကားဝိုင်းတွေနှင့် အချေအတင်။ 

ထူးထူးခြားခြား အုံနှင့်ကျင်းနှင့် အစိုးရမှ လွှတ်လိုက်သော နိုင်ငံတစ်နံတစ်လျား အကျဉ်းထောင်များမှ ထောင်သားတွေကလည်း ဘားအံမြို့ကို ရောက်လာကြသေးသည်။ သပိတ်စခန်းတွင် ၎င်းတို့အားကျွေးမွေးပြီး လမ်းစရိတ်များပေးကာ ဘားအံမြို့မှ နီးစပ်ရာကျေးရွာအသီးသီးသို့ သူတို့တစ်တွေပြန်နိုင်ဖို့အတွက် လူကြီးတွေစီစဉ်ပေးကြရသေးသည်။ 

ဘားအံမြို့သည် ၁၉၈၈ခု၊ (၈၈) အရေးအခင်းကာလကြီးအတွင်း ငြိမ်းချမ်းစွာနှင့်ဖြတ်သန်းခဲ့သော မြို့များထဲတွင် တစ်မြို့ အပါအဝင်ဖြစ်ခဲ့ပါသည်။ ၁၉၈၈ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်နေ့တွင် စစ်တပ် အာဏာသိမ်းလိုက်သည့် သတင်းကို ရေဒီယိုနှင့်ရုပ်မြင်သံကြားတို့တွင် ကြေညာလိုက်သည်။ ဗိုလ်ချုပ်မှူးကြီးစောမောင်၏ ရုပ်သွင်နှင့်အတူ စစ်ချီသီချင်းများက ရေဒီယိုနှင့် ရုပ်မြင်သံကြားဖန်သားပြင်မှ အပြင်သို့လျှံ၍ ထွက်နေသလားဟု အောက်မေ့ရသည်။ 

တပ်မတော်ကြီးလည်း တကယ်ပင် ချီတက်လာခဲ့ပြီ။ လူထုတွေမျှော်လင့်သလို တပ်မတော်ကြီးသည် လူထုဘက်မှ မရပ်တည်၊ တပ်မတော်သည် တပ်မတော်ကြီးအတွက်သာ ဖြစ်သွားခဲ့ပြီ။ ဆန္ဒပြခေါင်းဆောင်များ သပိတ်စခန်းမှ စွန့်ခွာကြတော့သည်။ မြို့ထဲတွင် အသီးသီး ၎င်းးတို့အတွက် လုံခြုံမည်ထင်သော နေရာအသီးသီးတို့တွင် နေရင်း ၊နိုင်ငံရေးရာသီဥတုကို ရည်မျှော်၍ ခန့်မှန်းကြသည်။ 

ကျွန်တော်တို့လူငယ်များလည်း ဘာကိုဆက်လုပ်ရမည်တကယ်မသိတော့။ ထွက်ပေါက်တစ်ခုကတော့ ထိုင်းနယ်စပ်သို့သွား၍ ကရင်လက်နက်ကိုင်အဖွဲ့ကြီးနှင့် ပူးပေါင်းဆက်သွယ်ရန်သာ။ ဘားအံမြို့မှလူငယ်တွေ တစ်သုတ်ပြီးတစ်သုတ် အလျှိုလျှိုထွက်သွားကြသည်။ ရန်ကုန်မြို့နှင့် အခြားမြို့ကြီးများမှ တက္ကသိုလ်ကျောင်းသား/ သူ၊ အထက်တန်းကျောင်းသား/ သူများ နည်းမျိုးစုံ၊ ပုံစံမျိုးစံနှင့် ဘားအံမြို့သို့ ရောက်ရှိလာကြပြီး၊ ဘားအံမှတစ်ဆင့် (KNU)အဖွဲ့အစည်းနှင့် ဆက်သွယ်နိုင်မည့်ကျေးရွာများသို့ ဆက်လက်ထွက်ခွာသွားကြသည်။ သားပျောက်၊သမီးပျောက် မိဘတွေ ထောင်၊သောင်းမက ရှိသွားခဲ့သော ကာလတစ်ခု ရှိခဲ့သည်ကို မြန်မာနိုင်ငံသားတို့ ယနေ့တိုင်မေ့နိုင်ကြလိမ့်မည် မဟုတ်ပေ။ တိုင်းပြည်၏အနာဂတ်အရေးထက် ပုထုဇဉ်လူသားများပီပီ မိမိတို့၏ မိသားစုအသိုက်အမြုံလေးကို မည်သူတစ်ဦးမျှ မပျက်စီးစေလိုကြ။ အသီးသီးသော သား၊ သမီးများတို့ကို မိဘများလိုက်၍ ရှာကြတော့သည်။ 

ရင်နင့်စရာ မြန်မာနိုင်ငံသူ/ သားများအတွက် ရန်သူမျိုးငါးပါးထဲတွင် မင်းဟူသော အစိုးရသည် ပြည်သူတို့၏ ဘုံရန်သူဖြစ်သွားခဲ့ပေပြီ။ တိုင်းပြည်နှင့် လူမျိုးအတွက်ဟူသော သန္နိဋ္ဌာန်နှင့် ကျွန်တော်ချစ်သောသူငယ်ချင်းသည်လည်း ထိုင်းနယ်စပ်သို့ ထွက်သွားသော လူငယ်ကျောင်းသားများထဲတွင် တစ်ဦး အပါအဝင်ပါ။ မိဘများလည်း သူ့ကို ဘယ်မှာသွား၍ ရှာရမည်ကို မသိတော့။ 

(၈၈) အရေးအခင်းကြီး ပြီးဆုံး၍ ၊ဆောင်းကာလ သုံး ခု ကို ဖြတ်သန်းသွားသည့်အချိန်၌ ထိုင်းနယ်စပ်တွင် အခိုင်အမာ ခံတပ်ဆောက်ထားသော (KNU) တို့၏ အခြေခံစစ်စခန်းများကို မြန်မာ့တပ်မတော်သည် ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်ခဲ့သည်။ ထိုင်းနိုင်ငံတွင် ကြိုဆိုရေးစခန်းများကိုဖွင့်ပြီး ၊တောခို ကျောင်းသား ကျောင်းသူများတို့ကိုလည်း တစ်ဘက်ကလည်း ကြိုသည်။ နေ့စဉ်သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြားတို့မှ တပ်မတော်၏ သဘောထားအမှန်ကို သိမြင်၍ ဟူသောခေါင်းစဉ်ဖြင့် မိဘနှင့် ဇာတိမြို့ရွာများသို့ ပြန်လာသောကျောင်းသားကျောင်းသူများတို့၏ အမည်ကို တခမ်းတနား ဖော်ပြကြသည်။ 

ရှည်လျားလှသော စစ်ကားတန်းကြီးများ၊ ဘားအံမြို့မှတစ်ဆင့် ပြင်းထန်စွာတိုက်ပွဲများဖြစ်နေသော ထိုင်းမြန်မာနယ်စပ်ဒေသများသို့ ချီတက်သွားကြသည်။ ရန်ကုန်မြို့နှင့် အနယ်နယ်အရပ်ရပ်မှ ဖမ်းဆီးလာခဲ့သော ပေါ်တာ (ခေါ်) လွတ်လပ်ရေးခေတ်အလွန် ချွေးတပ်သားများကို စစ်ကားကြီးများပေါ်တွင် တိရစ္ဆာန်များပမာ ကျွန်တော်မြင်တွေ့ခဲ့ရသည်။ ဘားအံမြို့၏ ဇွဲကပင်ခန်းမကြီးကို နဝတ စစ်အစိုးရသည်  ချွေးတပ်သားတို့အား ခေတ္တလှောင်၍ထားသည့် လူသားဂိုထောင်ကြီးအဖြစ် အသွင်ပြောင်းပစ်ခဲ့ဖူးသည်။ ဘားအံမြို့၏ ကောင်းကင်ယံတွင်  ရှေ့တန်းမှ ဒဏ်ရာရစစ်သည်များတို့ကို ဘားအံစစ်ဆေးရုံနှင့် မင်္ဂလာဒုံစစ်ဆေးရုံတို့သို့ ရဟတ်ယာဉ်များဖြင့် နေ့စဉ်နီးပါး ပို့ဆောင်ပေးနေသည်ကို မြို့သူမြို့သားတို့ မြင်တွေ့ရသည်။ အချို့သောနေ့ရက်များတွင် ရဟတ်ယာဉ် (၄) စင်း ယှဉ်၍ ပျံလာသည်ကို မြင်ခဲ့ရသည်။ အစိုးရတပ်တွေ ဒီလောက်တောင် ထိခိုက်ဒဏ်ရာရနေရင် တစ်ဘက်ရှိ ဆန့်ကျင်ဘက် လက်နက်ကိုင်အဖွဲ့တွင် ပါဝင်၍တိုက်ခိုက်နေသော မိမိတို့၏ရင်သွေးများအတွက် မိဘတို့ ပူပင်သောကရောက်ကြသည်။ 

(KNU)တို့၏ အခြေခံစခန်းကြီးများ တစ်ခုပြီးတစ်ခု ကျသွားပြီဖြစ်ကြောင်း အစိုးရပိုင်မီဒီယာတို့က ဂုဏ်ယူဝင့်ကြွားစွာဖြင့် ကြေညာ၏။ သို့သော် မြန်မာ့တပ်မတော်၏အောင်ပွဲသည် မြန်မာပြည်သူပြည်သားတို့၏ အောင်ပွဲများ မဟုတ်ခဲ့ပါ။ စစ်ဘုရင်တို့၏ အောင်ပွဲများပင်။

 ဆယ်ကျော်သက်အရွယ် ကျွန်တော်တို့သည် ၁၉၈၈ခု၊ အရေးအခင်းကာလမတိုင်မီ အထိ စစ်အင်္ကျီ၊ ချည်ကြမ်းလက်ရှည်ကို မြတ်မြတ်နိုးနိုး၊ ကချင်လုံချည် သို့မဟုတ် ကရင်ပုဆိုးနှင့် တွဲ၍ ဝတ်ခဲ့ကြသည်။ ဘာကြောင့်မှန်းမသိ၊ လူငယ်တို့ကြားထဲတွင် ဖက်ရှင်တစ်ခုဖြစ်ခဲ့ပြီး ကျား  မ မရွေး ဝတ်ခဲ့ကြသည်။ သို့သော် (၈၈) အရေးအခင်းကာလကြီးအလွန်တွင် ထိုဖက်ရှင်ကို လူထုကြားထဲတွင် ထူးထူးခြားခြား မတွေ့ရတော့။ စစ်အစိုးရကို ဆန့်ကျင်သည်ဟူသော လူငယ်အများစု၏ဆန္ဒကို ဖော်ထုတ်၍ပြနိုင်သည့်နေရာတွင် လူငယ်တို့ ညီညွတ်ငြိမ်းချမ်းစွာ နှလုံးရည်ခံစားချက်ဖြင့် ပြခဲ့ကြသည်။

 မြန်မာတစ်နိုင်ငံလုံးရှိ တက္ကသိုလ်၊ ကောလိပ်များနှင့် အသက်မွေးဝမ်းကျောင်း ကျောင်းများကိုလည်း ၄ နှစ် နီးပါးခန့် စစ်အစိုးရသည် ရည်ရွယ်ချက်ရှိရှိဖြင့် ပိတ်ပစ်လိုက်သည်။ မိမိတို့၏ ဘဝ အနာဂတ်အတွက် လူငယ်အတော်များများ တွေဝေသွားခဲ့ကြသည်။ ဘားအံမြို့တွင် တက္ကသိုလ်သို့တက်ဆဲ လူငယ်များ၊ ကုန်သည်ပေါက်စများ၊ လက်ဖက်ရည်ဆိုင်ရှင် ပေါက်စများ၊ ငွေကြေးအခြေခံ ရှိသူတို့ ဖြစ်သွားကြသည်။ တချို့ မိမိကျေးရွာများတွင် မိဘတို့၏ လက်ငုတ် လက်ရင်း လုပ်ငန်းများကို ဝိုင်း၍ ကူကြသည်။ စက်ဘီးပြင်ဆိုင်တွင် အလုပ်လုပ်သူက လုပ်၊ ပညာတစ်ပိုင်းတစ်စဖြင့် ကျောင်းဆရာ (သို့) ရုံးစာရေးတွေ ဖြစ်ကုန်ကြတော့သည်။ ကွမ်းယာဆိုင်ထောင်သူ က ထောင်။ ပညာရေးဟူသော အရာသည် ကျောင်းတွေပိတ်ထားသောကာလအတွင်း လူငယ်များအတွက် မရေရာသော အနာဂတ်ကာလတစ်ခု ဖြစ်သွားစေခဲ့သည်။ တစ်နည်းအားဖြင့် ထိုကာလသည် ကျွန်တော်တို့အတွက် အသိပညာ အမှောင်ဖုံးလွှမ်းခဲ့သော ကာလတစ်ခုဖြစ်ခဲ့သည်ဟု ဆိုရင်လည်း မမှားပေ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Law Eh Soe, အခန်းဆက်များ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

http://moemaka.com/archives/57845

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်