နေလင်းညီ – လူယုတ်မာ ဆရာဝန်၏ အခြားစာမျက်နှာများ (၀တ္ထုတို)

October 20, 2015

နေလင်းညီ – လူယုတ်မာ ဆရာဝန်၏ အခြားစာမျက်နှာများ (၀တ္ထုတို)
(မိုးမခ) အောက်တိုဘာ ၂၀၊ ၂၀၁၅

၁၉၇၇-၇၈ ပညာသင်နှစ်တွင် လူထွေးက စတုတ္ထတန်း၌ သင်ကြားနေ၏။ မော်လမြိုင်၊ တောင်ရိုးတန်းရှိ ဘုံပျံ အ.မ.က တွင်ဖြစ်သည်။ ဓမ္မပါလကျောင်းတိုက်တွင် ဘုန်းကြီးကျောင်းသားအဖြစ် နေထိုင်စဉ် ကာလ ၁၉၇၇-ဒီဇင်ဘာလောက်တွင် ဆရာဘုန်းကြီး ဦးနန္ဒမာလာက လူထွေးနှင့် ကြည်ထွန်းတို့ကို ရွှေဝါအမည်ရှိသော ကြောင်လေးကို လိုက်ဖမ်းခိုင်းသည်။ ဆရာတော်သည် ကြောင်များ၊ ခွေးများကို ကရုဏာကြီးမားသဖြင့် စောင့်ရှောက်ကျွေးမွေးထားလေ့ရှိရာ ရွှေဝါလည်း အပါအ ဝင်ဖြစ်သည်။ ရွှေဝါသည် ဘေးချင်းကပ် ခြံဝင်းသို့ ၀င်ရောက်သွားလာတတ်ရာ၊ ထိုခြံဝင်းရှိ ခွေးများက လိုက်ကိုက်သဖြင့် အသက်လုပြီး ပြန်ပြေးလာရတာလဲ အကြိမ်ကြိမ်။ ဒါလည်း မမှတ်ပါ။ သွားလာဝင်ထွက်မြဲ။

လူထွေးနှင့် ကြည်ထွန်းတို့က ဟိုဖက်ခြံသို့ ဦးတည်နေသော ရွှေဝါကို လိုက်ဖမ်းကြသည်။ ရွှေဝါက သွပ်ဆူးကြိုးအောက်မှ လျှို၍ ဟိုဖက်ခြံသို့ ၀င်သွားသည်။ လူထွေးက သွပ်ဆူးကြိုးသို့ တွယ်တက်၍ ဟိုဖက်ခြံသို့ ခုန်ဆင်းသည်။ ပုဆိုးနှင့် ခြေထောက်တုပ်မိပြီး၊ ဟိုဖက်ခြံသို့ ပြုတ်ကျသည်။ ပြန်ထဖို့ လုပ်တော့ ညာဖက်ခြေဆစ်နားတွင် သံချွန်နှင့် ထိုးလိုက်သလို မခံမရပ်နိုင်အောင် နာသည်။ ညာဖက် ခြေဆစ်ပေါ်သို့ ခန္ဓာကိုယ်တစ်ခုလုံး ဖိလိုက်သဖြင့် အဆစ်လွဲသွားခြင်း ဖြစ်သည်။

ဆရာဘုန်းကြီးက လူထွေး၏ ခြေဆစ်ကို တောင်ဆိတ်ခွာများ စိမ်ထားသော နှမ်းဆီဖြင့် လိမ်းပေးစေသည်။ သို့သော် တဖြည်းဖြည်း ရောင်ကိုင်းလာကာ လုံးဝ အထိ မခံနိုင်လောက်အောင် နာကျင်နေ၏။

နောက်နေ့ နံနက်တွင် မော်လမြိုင် ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ပြသ၏။ ခြေထောက်ကား နဲနဲလေးမှ ထောက်၍မရ၊ ထိ၍မရ။ အတော်ကြာကြာ တန်းစီစောင့်ဆိုင်းပြီးမှ ဆရာဝန်တစ်ဦးက လူထွေးကို မေးမြန်းစမ်းသပ်သည်။ အဆစ်လွဲသွား တာပဲဟု မှတ်ချက်ချသည်။

ဆရာဝန်သည် ရောင်ကိုင်းမို့မောက်နေသော လူထွေး၏ ညာဖက်ခြေအဆစ်ကို ရုတ်တရက် လက်၂-ဖက်ဖြင့် ကိုင်ကာ အဆစ်ပြန်တည့်ပေးဖို့ ကြိုးစားသည်။ လူထွေးလဲ ငယ်သံပါအောင် အော်လေတော့သည်။ ဘာထုံဆေးမှ မပေးသဖြင့် လူထွေးလဲ အကြီးအကျယ်တုန်လှုပ်ကြောက်လန့်သွားသည်။ ဆရာဝန်သည် စိတ်ပျက်သော စိတ်ဆိုးသော အမှုအရာများ ဖြစ်ပေါ်လာပြီး သူနာပြုဆရာမအား တစုံတရာ လှမ်းပြောသည်။ သူနာပြုက ဖြစ်ပါ့မလား ဆရာဟု အထွန့်တက်၏။ လုပ်သာ လုပ်ပါဟု ဆရာဝန်ကပြောရာ လူထွေး၏ ညာဖက်ခြေထောက်ကို ဒူးဆစ်နားထိ သူနာပြုဆရာမများက ကျောက်ပတ္တီး စီး လေးတော့၏။ ဆေးရုံ၌ ၂-ညခန့်နေရကာ ဆေးရုံဆင်းခွင့် ပေးလိုက်၏။ ၂-လကျော်ကြာလျှင် ပြန်လာခဲ့ဖို့ မှာသည်ဟု လူထွေးမှတ်မိနေသည်။

လူထွေးမှာ စတုတ္တတန်း အတန်းတင်စာမေးပွဲကို ဖြေရခါနီးပေပြီ။ ထိုစဉ်က မြို့နယ်စစ်ဖြစ်၍ ဘုံပျံကျောင်းတွင် မဖြေရ။ မြို့ထဲရှိ ကျောင်း၌ သွားဖြေရမည်ဖြစ်သည်။ ကျောင်းမှာ စာတော်သော လူထွေးကို ကျောင်းအုပ်ဆရာကြီးကရော၊ လက်ထောက်ကျောင်းအုပ်ကြီးကပါ အားထားကြသည်။ လက်ထောက်ကျောင်းအုပ်ကြီး ဦးရွှေချိန်သည် စာမေးပွဲကာလ အတွင်း စက်ဘီးဖြင့် ရောက်လာသည်။ လမ်းမလျှောက်နိုင်သော လူထွေးကို ပွှေ့ချီကာ စက်ဘီးကယ်ရီယာပေါ် တင်ပေး သည်။ စာစစ်ဌာနကျောင်းသို့ နင်းပို့ပြီး ရောက်လျှင် စက်ဘီးကို ရပ်သည်။ လူထွေးကို ပွှေ့ချီကာ စာသင်ခန်းသို့ ပို့ပေးသည်။ ထိုစဉ်က ထိုဆရာသမားများမှာ တွေးမိတိုင်း ဦးချချင်စိတ်ပေါ်လောက်အောင် တပည့်များအပေါ် မေတ္တာ၊ ကရုဏာကြီး မားကြသူများ ဖြစ်သည်။ မိဘကဲ့သို့ အနွံတာခံကြသည်။ ကျောင်းသား မိဘများထံမှ ငွေကြေးနှင့် အခွင့်အရေးများ လုယက် တောင်းရမ်းဖို့ နေနေသာသာ သူတို့ထံတွင် ရှိသော လူအား၊ ငွေအား၊ အကြံဉာဏ်အားဖြင့် တပည့်များကို မြေတောင် မြှောက်ပေးကြသည်။

(လူထွေး၏ သားသမီးများကတော့ လူထွေးလိုမဟုတ်၊ ဆရာရ ကံမကောင်းကြပါ။ ယခုအခါ ကျောင်းသားများရော၊ မိဘ များပါ အများစုမှာ ဆရာများကို သတိရတိုင်း လက်ဖြင့် မရှိခိုးပဲ …….ဖြင့် ရှိခိုးချင်နေကြသည်ဟု လူထွေးမိတ်ဆွေက ပြော၏။ အမှန်တော့ ခေတ်စနစ်၏ သားကောင်များဖြစ်နေကြခြင်းပါ။)

လူထွေး၏ ကျောက်ပတ်တီးကို ဖြေသော အခါ ခြေထောက်မှာ လုံးဝ လျှောက်၍ မရအောင် နာကျင်နေဆဲဖြစ်သည်။ ဆရာဘုန်းကြီးက ဒိုင်းဝန်ကွင်းဖက်ရှိ အရိုးအကြောအနှိပ်သည်ဆရာထံ အပ်ပေးပြန်သည်။ ဆေးရုံက ခြေထောက်ကို ခွဲစိတ်ကုသဖို့ ပြောရာ၊ ဆရာဘုန်းကြီးက သူတို့ကို မယုံကြည်သဖြင့် ဝေဒနာရှင်ဟောင်းများ ထောက်ခံချက်ပေးသော အနှိပ်သည်ထံ အပ်နှံခြင်း ဖြစ်သည်။ ‘စဖြစ်ဖြစ်ချင်း ထုံဆေးပေးပြီး အဆစ်ပြန်တည့်ပေးရင် ကောင်းလိမ့်မယ်လို့ ငါထင်တာပဲ’ ဟု ဆရာဘုန်းကြီးက မှတ်ချက်ပေးသည်။ နောက်ပိုင်းတွင် လူထွေးကလဲ ထိုသို့ပင် ယူဆ၏။

အရိုးအကြော အနှိပ်သည်ဆရာထံတွင် လအတန်ကြာ ဆေးလိမ်း၊ အနှိပ်ခံလုပ်လိုက်ရာ လမ်းတော့ လျှောက်နိုင်လာသည်။ သို့သော် နာနေသေး၏။ သန်သန်စွမ်းစွမ်း မဖြစ်သေးပေ။

၁၉၈၀-ပြည့်နှစ် နွေရာသီကျောင်းပိတ်ရက်၌ ရန်ကုန်၊ ကြည့်မြင်တိုင် အရိုးကု ဆေးရုံ၌ လူထွေး၏ ခြေထောက်ကို ခွဲစိတ်ကုသခဲ့သည်။ ကြီးစွာသော ဝေဒနာနှင့် ဆိုးဝါးလှသော လူမှုဒုက္ခများကို တ၀ကြီး ခံစားခဲ့ရသည်။ ကျောက်ပတ်တီးဖြေသောအခါ လမ်းလျှောက်၍မရသေးပါ။ ပြည်တည်နေသဖြင့် ခြစ်ထုတ်ပစ်ဖို့ ခွဲစိတ်ခန်းသို့ ထပ်ဝင်ရပြန်သည်။ ၆-လကျော်ကြာမှ လမ်းကို နည်းနည်း လျှောက်နိုင်သည်။ တဖြေးဖြေးနှင့် လမ်းလျှောက်ရတာ အဆင်ပြေလာသည်။ သို့သော် အလေးအပင် မ ပြီး သွားလာခြင်း၊ အကွာအဝေးများစွာ သွားလာခြင်းများပြုလျှင် ခြေအဆစ်က ပြန်နာလာသည်။ ပြီးတော့ ညာဖက်ခြေသလုံးနှင့် ခြေချောင်း၊ ခြေဆစ်များမှာ ဆက်လက်ကြီးထွားမှု မရှိတော့ပေ။ သိမ်သွားသည်။ ဘယ်ခြေထောက်နှင့်စာလျှင် ညာဖက်ခြေထောက်က သိသိသာသာ သေးငယ်နေသည်။

၁၉၇၇-၇၈က မော်လမြိုင်တွင် လူထွေး၏ ခြေထောက်ကို ဘာကုသမှုမှ မပေးပဲ ဒီအတိုင်း ကျောက်ပတ်တီးစီးစေခဲ့သော ဆရာဝန်သည် လူယုတ်မာဆရာဝန်ဟု လူထွေး သတ်မှတ်ခဲ့သည်။ အခြားဆရာဝန်အတော်များများနှင့် တွေ့လျှင် ထိုဆရာဝန်မှာ လူယုတ်မာဆရာဝန်ဖြစ်သလားဟု မေးလေ့ရှိသည်။ သူတို့က ပွင့်ပွင့်လင်းလင်း မဖြေကြ။ ဟိုလိုလို ဒီလိုလို လှီးလွှဲပြောဆိုကြသည်။ သူတို့ ဆေးလောကသားအချင်းချင်း ဆရာဝန်အချင်းချင်း မတရားသဖြင့် အကာအကွယ်ပေးကြခြင်းဟု လူထွေး ကောက်ချက်ချသည်။

သို့သော် ၂၀၀၈-အောက်တွင် မီးယပ်နှင့် သားဖွားအထူးကုဆရာဝန်ကြီး ဒေါက်တာ ဦးစိုးအောင်နှင့် စကားစမြည်ပြောကြရင်း ထိုမော်လမြိုင်က ဆရာဝန်အကြောင်း လူထွေးပြောပြသည်။ ဦးစိုးအောင်က မဆိုင်းမတွ မှတ်ချက် ပေးလိုက်ရာ လူထွေးအံ့သြသွားသည်။ ၀မ်းလည်းဝမ်းသာသွားသည်။ အမှန်တရားအပေါ် ရပ်တည်သော ထိုဆရာဝန်မျိုးလဲ ရှိပါသေးသည်ဟု ကျေနပ်သွားသည်။ ‘ထုံဆေးမပေးပဲ ဒီအတိုင်း တည့်ဖို့ ကြိုးစားတာ မဖြစ်သင့် ဘူး။ ထုံဆေးလုံးဝမရှိတဲ့ နေရာမှာ တော့ တစ်မျိုးပေါ့။ ဒါပေမဲ့ ကာယကံရှင် အဲဒီဆရာဝန်ကို မေးတဲ့ အခါ သူကလဲ အမှန်အတိုင်း ဖြေမယ်ဆိုရင် သူ့ရဲ့ ယုတ်မာတဲ့ စိတ်ကြောင့် ဖြစ်ကတတ်ဆန်းလုပ်ပေးလိုက်တာလား၊ အခြား အကြောင်းကြောင့် လားဆိုတာ သိရမယ်။ ထုံဆေးလုံးဝမရှိရင် သီးသန့် ခွဲစိတ်ခန်းမှာ ၀ိုင်းချုပ်ပြီး အနာခံလုပ်ရတဲ့ အရေးပေါ်ကိစ္စမျိုးလဲ ရှိနိုင်တာပေါ့။’ ခြေဆစ်လွဲတာလောက်ကနေ တသက်လုံး မသန်မစွမ်း၊ ခြေသိမ်သွားတာတော့ မဖြစ်သင့်တာအမှန်ပါ။

လူထွေးလည်း ယခုအခါ အသက်၅၀ ခန့်ရှိလာပြီ။ အတွေ့အကြုံ ဗဟုသုတလည်းအသင့်အတင့်ရှိလာပြီ။ ဆရာဝန်ကြီး ဒေါက်တာ စိုးအောင်ပြောသလို ထိုကိစ္စ၌ ကာယကံရှင် ဆရာဝန်ကို တွေ့ဆုံမေးမြန်းချင်စိတ်ပေါ်လာသည်။သို့သော်တွေ့ဖို့မလွယ် ။တွေ့လျှင်လဲ အမှန်အတိုင်းပြောပါ့မလား။

လူထွေးမှာ အသိအကျွမ်းဆရာဝန်တွေရှိပါသည်။ လူထွေး၏ သမီးကြီးလဲ ဆရာဝန်ဖြစ်နေပြီ။ သူတို့၏ တွေ့ကြုံ ခံစားရမှုများ ကို အခါမလပ်ကြားနေရတတ်၏။ သြော် ….. သူတို့မှာလဲ သူတို့ဒုက္ခနှင့်….။ မိသားစု တစ်စု၏ အသုံးစရိတ်တွင် စားဝတ် နေရေး၊ ကျန်းမာရေး၊ ပညာရေးတို့ အတွက် ဟုတ်တိပတ်တိ မသုံးနိုင်ခဲ့။  အိမ်သားအချင်းချင်း ရိုက်ဖို့ သတ်ဖို့ ဒုတ်ဖိုး ဓားဖိုးသာ များများ သုံးနေရသော ဥပမာ။ နိုင်ငံတစ်နိုင်ငံ၏ အသုံးစရိတ်တွင်လည်း …………။

အမြီးကျက် အမြီးစား၊ ခေါင်းကျက် ခေါင်းစား ဖြစ်နေခဲ့သော သူတို့လောက။ အသားထဲက လောက်ထွက်သော ဆရာဝန်အချင်းချင်း၏ ပြဿနာ။

‘ဆရာဝန်တွေကို တစ်ယောက်မကျန်နေရာ ပြောင်းရွှေ့ (transfer) လုပ်မယ်ဆိုပြီး ၀န်ကြီးကိုယ်တိုင် ပြောတာ။ ငါက အဲဒီတုံးက ပုသိမ်နားက မြို့လေးတစ်မြို့မှာ ကွ။ ဘယ်ကို ပြောင်းရလဲဆိုတော့ ပြည်နယ်က ဆွမ်ပရာဘွမ်ကို။ ငါ့နဲ့ ကျောင်းဆင်းဖက်ကတော့ မန္တလေးကနေ စစ်ကိုင်းဖက်ကို ပြောင်းရတာ။ ပြောင်းတော့ ပြောင်းရတာချည်းပဲ။ ဒါပေမဲ့ ဘက်လိုက်မှု ခြစားမှုတွေက အလွန်ကြီးမားခဲ့တာ’ ဟု ဆရာဝန်တစ်ဦးက ရင်ဖွင့်သည်။

‘ပညာရေးစနစ်ကိုက ပေါလစီမှားခဲ့တာအပြင်၊ ကျောင်းသားမိဘတွေကိုယ်တိုင်က တလွဲတချော် တွေးခဲ့တာကိုး။ အမှတ် ကောင်းလို့သာ ဆေးကျောင်းဝင်လာတာ၊ ၀ါသနာလဲမပါ။ အနွံတာလဲ မခံနိုင်။ အဲဒီ ဆရာဝန်တွေက ကုသရေးထဲ ၀င်လာရင် လူနာတွေ မပြောနဲ့၊ ဆရာဝန်အချင်းချင်းတောင် ကြောက်စရာလို့ တွေးမိတယ်’ ဟု အခြားဆရာဝန်တစ်ဦးက ဆို၏။    ‘ဆေးရုံမှာ ထုံဆေးပြတ်နေတယ်ဆိုပါတော့၊ ဆရာဝန်က သြုံဖွလုပ်ပြီး ထုံခိုင်းလို့ မရဘူး။ ဓာတ်မှန်စက်ကတော့ ရှိပါရဲ့။ အရေးအကြောင်းမို့ ဓာတ်မှန်ရိုက်ဖို့လုပ်တော့ ဖလင်တွေ တွေ့တယ်။ Expired ဖြစ်သွားတဲ့ ဖလင်တွေချည်းပဲ။ ’ အခြားတစ်ဦးက ပြောသည်။

‘ပိုင်ရာဆိုင်ရာတွေကတော့ ဟိုအကြောင်းပြ၊ ဒီအကြောင်းပြနဲ့ နေချင်သလို နေနေကြတယ်။ ကျန်တဲ့ သူတွေပဲ ဖိလုပ်နေရ တော့ အိပ်ချိန်၊ နားချိန်တောင် သိပ်မရှိတော့ပဲ အလိုလို စိတ်တိုလာရော။ ၀န်ထမ်းတစ်ယောက်ကို ခိုင်းသင့်တာထက် ပိုခိုင်းပြီး ရုပ်ပိုင်းစိတ်ပိုင်းကို ဒဏ်ရာပေးတာ ဘယ်သူတွေလဲ၊ အဲဒါ စဉ်းစားသင့်တယ်။ အရည်အချင်းရှိတဲ့ ဆရာဝန်တွေ အရမ်းနည်းသွားတာ ဘာ့ကြောင့်လဲ၊ အခြားစီးပွားရေးတွေလုပ်၊ ပြည်ပထွက်၊ ဒီလိုဖြစ်တာ ဘာ့ကြောင့်လဲ။ ဆေးဝန်ထမ်းဦးရေထက် လူနာတွေ အရမ်းများလာပြီး၊ မနိုင်မနင်းဖြစ်တိုင်း ဆရာဝန်တွေရဲ့ အပြစ်လို့ ချည်းပြောမှာလား’ ဟု ဆရာဝန်တစ်ဦးက မေးသည်။

‘အရေးကြီးတဲ့ ဆေးပစ္စည်းတွေနဲ့ စက်ကိရိယာတွေ ဆေးရုံကို ရောက်လာပါရဲ့ ဒါပေမဲ့ ခွင့်ပြုချက်ရမှ သို့မဟုတ် VIP တွေရောက်လာမှ သုံးခွင့်ရတယ်လေ’ ဟု တစ်ဦးကဆိုခဲ့ပါသည်။

သမိုင်းဆိုင်ရာ အရေးကြီးသော ဖြစ်ရပ်တိုင်းတွင် အကြောင်းရင်းဆိုတာကို လေ့လာသုံးသပ်ကြရမြဲဖြစ်သည်။ သို့သော် အကြောင်းရင်းက ၂-ခုရှိ၏။ (၁) လတ်တလော အကြောင်းရင်း (၂) မူလအကြောင်းရင်း။ လတ်တလောအကြောင်းရင်းတစ်ခုတည်းကိုသာ ထည့်သွင်းစဉ်းစား၍မရပါ။ မူလ အကြောင်းရင်းကိုလဲ ထည့်သွင်း စဉ်းစားရမြဲ။

လူထွေး၏ ခြေထောက် တသက်လုံးသိမ်သွားသော၊ မစွမ်းမသန်ဖြစ်သွားသော ကိစ္စ၌ လတ်တလော အကြောင်းရင်းက ဘာလဲ။ လူယုတ်မာ ဆရာဝန်၏ အမှားဖြစ်ကောင်း ဖြစ်နိုင်သည်။ သို့သော် မူလအကြောင်းရင်းတွေက ဘာတွေဖြစ်ခဲ့ကြ သနည်း။ ယခုအချိန်မှာတော့ လူထွေး ခပ်ရေးရေးတော့သိလာသည်ဟု ဆိုရပါလိမ့်မည်။

ဆရာဝန်က တမင်တကာ ပေါပေါ့ဆဆ မှားယွင်းဆောင်ရွက်ခဲ့ခြင်းသည် လတ်တလော အကြောင်းရင်းဟု ဆိုပါလျှင်လဲ ထိုသို့သော ဆရာဝန်မျိုးကို ထိုက်သင့်သော ပြစ်ဒဏ် မပေးနိုင်ခြင်းသည် မူလ အကြောင်းရင်းပင်ဖြစ်မည်မှာ လယ်ပြင်တွင် ဆင်သွားသကဲသို့ ထင်ရှားနေ့ပါ၏။ စစ်အသုံးစရိတ် အလွန်များနေပြီး၊ ကျန်းမာရေးနှင့် ပညာရေးအသုံးစရိတ်တွေက ဆင့်ပါးစပ် နှမ်းပက်သလောက်သာရှိနေခြင်းကလည်း မူလအကြောင်းရင်းများထဲက အကြောင်းရင်းတစ်ခုပင် မဟုတ်ပါလား။

နေလင်းညီ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို, နေလင်းညီ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

 ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ

By

ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ (မိုးမခ) ဖေဖော်ဝါရီ ၅၊...

Read more »

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 

By

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ  မိုးမခစာပေက ထွက်ပါပြီ။...

Read more »

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်