သန်းဝင်းလှိုင် – ပီမိုးနင်း နှစ် ၁၃၀ ပြည့်

October 20, 2013

ပီမိုးနင်း နှစ် ၁၃ဝ ပြည့်
သန်းဝင်းလှိုင်
အောက်တိုဘာ ၂၀၊ ၂၀၁၃

ယခုနှစ် ၂ဝ၁၃ နိုဝင်ဘာလ ၅ ရက်၊ အင်္ဂါနေ့သည် စာရေးဆရာ၊ သတင်းစာဆရာ၊ ရုပ်ရှင် ဇာတ်ညွှန်း ဆရာကြီး ပီမိုးနင်း၏ နှစ် ၁၃ဝ ပြည့် မွေးနေ့ဖြစ်သည်။
စင်စစ် ဆရာကြီး ပီမိုးနင်းသည် ခေတ်ပေါ် မြန်မာဝတ္ထု ခေတ် စတင်ခဲ့သူသာမက ခေတ်မီ မြန်မာ စကားအရေးအသားကို ရှေ့ဆောင်ခဲ့သူလည်း ဖြစ်သည်။ ဆရာကြီးသည် လမ်းဟောင်းကို မလိုက်၊ လမ်းသစ်တီထွင်သူလည်း ဖြစ်သည်။ အဟောင်းမှ လမ်းခွဲထွက်ကာ ခေတ်သစ် မြန်မာဝတ္ထုရေးနည်းကို လမ်းပြခဲ့သူ ဖြစ်သည်။
ဆရာကြီးသည် ဝံသာနုခေတ် ဝံသာနုလှုပ်ရှားမှုကို အလုပ်အကျွေး ပြုခဲ့သော စာရေး ဆရာကြီးလည်း ဖြစ်သည်။ မြန်မာတို့အား အမျိုးသားစိတ်ဓါတ် တက်ကြွစေရေးနှင့် နယ်ချဲ့တော်လှန်ရေးတွင် ကလောင်လက်နက် အသုံးပြုကြရန် ဦးစွာ ဆော်သြခဲ့သူလည်း ဖြစ်သည်။ ဆရာကြီးသည် ဘဝတလျှောက်၌ စာပေါ့ စာညံ့တို့ကို မရေးခဲ့။ တိုင်းပြည်ကို မလှည့်ဖြားခဲ့။ နယ်ချဲ့လက်ပါးစေ၊ သွေးစုပ်ခြယ် လှယ်သူများ၊ ငါ့ဖို့အတ္တသမားများနှင့်ဆိုင်ရာ စာတို့ကို အမျိုးသားရေး အန္တရာယ်ကောင်များအဖြစ် ဖော်ထုတ်ရှုတ်ချလျက် ဝံသာနုစိတ်ဓါတ် နိုးကြွားလာအောင် ကလောင်ဖြင့် လှုံ့ဆော်ရေးသားခဲ့သူ ဖြစ်သည်။
မြန်မာစာပေတွင် လင်္ကာစပ်မနှောသော စကားပြေအရေးအသား ခေတ်စားတွင်ကျယ်လာအောင် လမ်းထွင်ရေးသား၍ ခေတ်မီသော အတွေးအမြင်များ မြန်မာစာ၏ ပရိတ်သတ်အား မိတ်ဆက်ပေးခဲ့သော ဆရာကြီး ပီမိုးနင်းကို ၁၂၄၅ ခု၊ တန်ဆောင်မုန်းလဆန်း (၆) ရက် (၁၈၈၃ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်) တနင်္လာနေ့ နံနက် (၈) နာရီ အချိန်တွင် ပဲခူးတိုင်း ရန်ကုန်ပြည်လမ်းပေါ်ရှိ သုံးဆယ်မြို့၌ အဖ ဦးရွှေစမ်း၊ အမိ ဒေါ်စိန်နုတို့မှ ဖွားမြင်ခဲ့လေသည်။

ဖွားမြင်စအခါက  မိုးနှင်းများ ထူထပ်စွာကျနေသောကြောင့် မိုးနှင်းဟူ၍ ခေါ်တွင်လေသည်။ ဇာတာအမည်ရင်းမှာ နေ့သင့်နံသင့်အားဖြင့် မောင်ကျော်ညွှန့် ဖြစ်လေသည်။ နောင်တွင် အဖျားဆွတ်၍ မောင်ကျော်ဟု ခေါ်သည်။ ပီမိုးနင်းဟု တွင်လာရခြင်းမှာ ဗြိတိသျှခေတ်က အလုပ်လျှောက်ထားရာတွင် မျက်နှာဖြူ အမျိုးသားများ၊ ကပြားများကိုသာ ဦးစားပေးလေ့ရှိသည့်အတွက် ခရစ်ယာန်ကျောင်းတွင် အမည်ခံခဲ့သော ဖိလစ် (Philip) အမည်၏ အတိုကောက်အက္ခရာ (P) ကို ယူကာ ပီမိုးနင်းဟု အမည်ခံရာမှ နောင်သော် ပီမိုးနင်း ဟု တွင်လာခဲ့ခြင်း ဖြစ်သည်။


ပီမိုးနင်း၏ မိဘများမှာ ဆင်းရဲနွမ်းပါးသဖြင့် ငယ်စဉ်က မိခင်၏လုပ်စာကိုသာ အားထားမှီခိုကာ သားဦးဖြစ်သည့်အတိုင်း အိမ်အလုပ်များကို တာဝန်ယူလုပ်ကိုင်ခဲ့ရပေသည်။ ပီမိုးနင်းသည် ဝတ်ကောင်းစားလှ ဝတ်ဆင်ကာ သွားလာနေကြသော မြို့အုပ်၊ စာရေးကြီး စသည်တို့ကို တွေ့မြင်ရသောအခါ သူတို့ကဲ့သို့ ကြီးပွားထွန်းကားချင်လှသဖြင့် ကျောင်းနေခွင့်ရရန် ပူဆာလေသည်။ မိခင်က သုံးဆယ်မြို့ရှိ ဘရင်ဂျီခရစ်ယာန် သာသနာပြုကျောင်း (ရိုမန်ကက်သလစ်မစ်ရှင်ခေါ် အာစီအမ် ကျောင်း) ကျောင်းအုပ်ခရစ်ယာန် ဘုန်းတော်ကြီး ဖာသာဝဲလဝါးထံတွင် အပ်နှံ၍ ပညာသင်ကြားပေး လေသည်။ ထိုကျောင်းတွင် သုံးနှစ်ခန့် ကြာသောအခါ ကျောင်းအုပ်ဘုန်းတော်ကြီးက ရိုမန်ကက်သလစ် ဘုန်းကြီးလုပ်ရန် တိုက်တွန်းပြီး မော်လမြိုင်မြို့ရှိ စာသင်ကျောင်း (Seminary) သို့ ပို့ပေးသဖြင့် ထိုကျောင်းတွင် လက်တင်ဘာသာ သဒ္ဒါနှင့် ရှေးဘရင်ဂျီ သူတော်စင်များ၏ အတ္ထုပ္ပတ္တိများကို လေ့လာသင်ကြားရလေသည်။ ထိုကျောင်း၌ သုံးနှစ်ကြာပြီးနောက်  ပီနန်မြို့ရှိ ဂျင်နရဲလ်ကောလိပ် (General College) တွင် အင်္ဂလိပ်လင်္ကာ၊ လောဂျစ်ခေါ် တက္ကဗေဒ၊ ဖီလော်ဆော်ဖီခေါ် ဒဿနဗေဒ ပညာရပ်များနှင့် အခြားလောကီပညာများကို သင်ကြားခွင့် ရခဲ့လေသည်။
ထို့နောက် ခရစ်ယာန်ဘုန်းတော်ကြီး မလုပ်လိုတော့သောကြောင့် အသက် (၁၉) နှစ်တွင် မိခင်ရှိရာ သုံးဆယ်မြို့သို့ ပြန်လာခဲ့လေသည်။ ထို့နောက်တွင် ပီမိုးနင်းသည် ကြို့ပင်ကောက်မြို့ အာစီအင်ကျောင်းတွင် ကျောင်းဆရာအဖြစ် ခေတ္တလုပ်ကိုင်သည်။ ထိုအခါ ဖခင်ကွယ်လွန်ပြီး ဖြစ်သဖြင့် မိခင်၏ နောက်အိမ်ထောင်ဖြစ်သော ဦးမြို့က မြန်မာစာပေကျမ်းဂန်များ တတ်ကျွမ်းနှံ့စပ်သူ ဖြစ်သည့်အတိုင်း ပီမိုးနင်းအား သင်ကြားပေးလေသည်။ ပီမိုးနင်းသည် မြန်မာစာ၊ အင်္ဂလိပ်စာ၊ လက်တင်ဘာသာဟူ၍ သုံးဘာသာတတ်ကျွမ်းပြီး ခေတ်မီ ပညာရပ်များကိုလည်း တတ်မြောက်သူ တစ်ဦး ဖြစ်လာခဲ့လေသည်။
ပီမိုးနင်းသည် ငယ်သူငယ်ချင်းဖြစ်သော “မဟန်” ကို အကြောင်းပြု၍ ခရစ်ယာန်အယူကို စွန့်ကာ သာမဏေဝတ်လေသည်။ ထို့နောက် လူထွက်၍ သာယာဝတီမြို့ လမ်းဘက်ဆိုင်ရာရုံးတွင် စာရေးအဖြစ် လုပ်ကိုင်ရာမှ လွတ်လပ်စွာနေလိုသဖြင့် အလုပ်သို့မသွားတော့ဘဲ နေခဲ့လေသည်။ ထို့နောက် ပြည်မြို့သို့ ရောက်ကာ ပြည်သူ့ဆေးရုံကြီး၌ စာရေးကြီးအဖြစ် လုပ်ကိုင်ပြန်လေသည်။ ပြည်မြို့တွင် ဒေါ်မေမေနှင့် မမျှော်လင့်ဘဲ အိမ်ထောင်ကျခဲ့သည်။ ပြည်မြို့တွင်ရှိခိုက် လယ်တီဆရာတော်ဘုရားကြီး တရားဟောကြားသည်ကို နာကြားရသဖြင့် အလုပ်မှထွက်ကာ ရဟန်းဘောင်သို့ တက်ရောက်ခဲ့လေသည်။ ထိုအခိုက် ဇနီးကွယ်လွန်သဖြင့် လယ်တီဆရာတော်ဘုရားကြီးနှင့်အတူ ရန်ကုန်မြို့သို့ လိုက်ပါ လာခဲ့လေသည်။
ရန်ကုန်မြို့တွင် ဦးဗြားတောရကျောင်းတိုက်၌ အင်္ဂလိပ်လူမျိုး ဗုဒ္ဓဘာသာဘုန်းတော်ကြီး အာနန္ဒမေတ္တေယျနှင့်အတူ သီတင်းသုံး၍ ဗုဒ္ဓသမဂ္ဂ အမည်ရှိ နိုင်ငံခြား ဗုဒ္ဓဘာသာအသင်း၏ မဂ္ဂဇင်း ထုတ်ဝေရာတွင် ကူညီခဲ့လေသည်။ ထို့နောက်တွင် လူထွက်ပြီးနောက် မိမိအားလပ်ခိုက် တဖြည်းဖြည်း ရေးသားထားခဲ့သော လော်ဂျစ် (တက္ကဗေဒ) ကျမ်းကိုရောင်းချရန် ဟံသာဝတီတိုက်သို့ သွားရောက်လေသည်။ တိုက်ရှင်သူဌေး မစ္စတာရစ်ပလီက စာမူကို မဝယ်ယူသော်လည်း သနားကြင်နာသဖြင့် ပီမိုးနင်းအား ဘာသာပြန်အလုပ်ကို ပေးခဲ့လေသည်။ ဟံသာဝတီသတင်းစာတွင် အယ်ဒီတာ ဆရာစောနှင့်အတူ အလုပ်လုပ်ရလေသည်။ သို့ရာတွင် အလုပ်တွင် မပျော်ပိုက်သဖြင့် မကြာမီအလုပ်မှထွက်ကာ သုံးဆယ်မြို့သို့ ပြန်သွားလေသည်။
ပီမိုးနင်းသည် သုံးဆယ်မြို့တွင် ဆရာခရစ်ယာန်ဘုန်းတော်ကြီိး ဝဲလဝါး၏ အစောင့်အရှောက်ဖြင့် နေထိုင်ရာမှ ဓမ္ဘီမြို့တွင် ကျောင်းဆရာအဖြစ် လုပ်ကိုင်လေသည်။ ဓမ္ဘီမြို့တွင် ဒေါ်စိန်တင်နှင့် ဒုတိယအကြိမ်လက်ထပ်ခဲ့လေသည်။ ထိုအိမ်ထောင်နှင့် သားသမီးခုနှစ်ယောက် ထွန်းကားခဲ့လေသည်။ ထို့နောက် အင်္ဂပူမြို့၊ ကနောင်မြို့၊ မင်းလှမြို့များသို့ အသက်မွေးဝမ်းကျောင်း လုပ်ကိုင်ပြီး နောက်ဆုံး သုံးဆယ်မြို့သို့ပြန်ကာ မိတ်ဆွေများ၏ အကူအညီဖြင့် စာပုံနှိပ်စက် တစ်စက်ထောင်ပြီး “မြန်မာ့မိတ်ဆွေ” မဂ္ဂဇင်းကို ထုတ်ဝေခဲ့လေသည်။ သို့ရာတွင် ပထမကမ္ဘာစစ်ဒဏ်ကြောင့် အခက်အခဲများ ကြုံတွေ့ရသဖြင့်  မဂ္ဂဇင်းကို ရပ်စဲကာ ရန်ကုန်မြို့သို့ ထွက်ခွာသွားရောက်လေသည်။ ထို့နောက် လောကီလမ်းပြနိသျှကျမ်းကို ရေးသားထုတ်ဝေသည်။ ထိုကျမ်းသည် ပီမိုးနင်း၏ ပထမဆုံးသောကျမ်း ဖြစ်သည်။ ရန်ကုန်မြို့တွင် သူရိယ သတင်းစာတိုက်၌ စစ်သတင်း ဘာသာပြန်အဖြစ် လုပ်ကိုင်လေသည်။ ထို့နောက် မြန်မာ့အလင်း မဂ္ဂဇင်းတိုက်ရှင်အား တိုက်တွန်းကာ မြန်မာ့အလင်းသတင်းစာကို ထုတ်ဝေစေပြီး ထိုသတင်းစာတိုက်သို့ ပြောင်းရွှေ့လုပ်ကိုင်ရာ သတင်းစာတိုက် ခေတ္တရပ်စဲသောအခါမူ သူရိယသတင်းစာတိုက်သို့ပင် ပြန်၍ လုပ်ကိုင်ရလေသည်။ ထိုအချိန်ထိ ပီမိုးနင်းအမည်ကို မခံယူခဲ့သေးပေ။
ထိုသို့ လုပ်ကိုင်နေစဉ် ရန်ကုန်မြို့ အလုံရပ် ဘက်ပတစ်ကျောင်းတွင် လက်တင်ဘာသာပြ ဆရာ လစ်လပ်သဖြင့် ဆရာကျော်ညွှန့်သည်  လျှောက်ထားလေရာ မြန်မာအမျိုးသားကို လက်တင်ဘာသာပြ ဆရာ မခန့်နိုင်ဟူသော ပြန်စာကို ရရှိလေသည်။ ထိုအခါ အရင်က ခေါ်သော မိုးနှင်းအမည်တွင် ရှေ့မှ ဖိလစ်၏ အတိုကောက် ပီ(P)စာလုံးတစ်လုံးတိုးကာ ပီမိုးနင်းအမည်ဖြင့် ထပ်မံ လျှောက်ထား လိုက်ပြန်လေသည်။ ထိုအခါမှ ကျောင်းအုပ်ကြီး ဒေါက်တာ ဂေးလ်မိုးက ခေါ်ယူလေရာ ဆရာကြီးပီမိုးနင်းက အင်္ဂလိပ်ဝတ်စုံ ဝတ်ဆင်၍ သွားရောက်တွေ့ဆုံသဖြင့် အလုပ်ရရှိလေသည်။
ထိုသို့ဆောင်ရွက်နေစဉ် ပညာအလင်း မဂ္ဂဇင်းပေါ်ထွက်လာသဖြင့်  အားလပ်ချိန်များတွင် ဝတ္ထုနှင့် ဆောင်းပါးများကို ရေးသားပေးပို့လေသည်။ လယ်တီပဏ္ဍိတ ဦးမောင်ကြီးကို အကြောင်းပြု၍ ပညာအလင်း မဂ္ဂဇင်းတွင် လစဉ်ဝတ္ထုနှင့် အခြားအခန်းပေါင်းများစွာ ရေးသားခဲ့လေသည်။ ထိုမှတစ်ဆင့် ပညာ့အလင်း သတင်းစာ ထုတ်ဝေပြန်ရာ ဆရာကြီးသည် ကျောင်းဆရာအလုပ်ကို လုံးဝ စွန့်လွှတ်လိုက်လေသည်။
ပညာ့အလင်းသတင်းစာတိုက်တွင် “ပိုက်ဆံကြီး” အမည်ဖြင့် ဆောင်းပါးများနှင့် နေရီရီဝတ္ထု၊ ပွဲစားကြီးသားအဖနှင့် မြမြ ဝတ္ထု စသော ဝတ္ထုရှည်ကြီးများကို ရေးသားခဲ့လေသည်။ ထိုအခါက ခွဲရေးတွဲရေး  ပြဿနာပေါ်ပေါက်လျက်ရှိရာ တွဲရေးဘက်မှနေ၍ ပိုက်ဆံကြီးအမည်နှင့် ဆောင်းပါးများကို ရေးသားခဲ့လေသည်။ ထိုအခါမှ ပိုက်ဆံကြီးအမည်ကို အသုံးပြုရာ ပညာ့အလင်းသတင်းစာမှ ထွက်သောအခါ ထိုကလောင်အမည်ကို တိုက်ရှင်ဦးတင်က အပိုင်ယူထားလိုက်သဖြင့် ပီမိုးနင်း ဟူသော အမည်ကိုပင် ကလောင်အမည် အသစ်ယူခဲ့ရပေသည်။ (ဦးတင်သည် နောင်တွင် ပိုက်ဆံကြီး အမည်ဖြင့် ဘာမားဒေး (အာဝါဒေး) ဝတ္ထုကို ရေးသားထုတ်ဝေရာ ထိုဝတ္ထုကို ဆရာကြီး ပီမိုးနင်း၏ လက်ရာဟူ၍ အမှတ်မှားကြ ပေသည်။)
ထို့နောက်တွင် အလုပ်တိုက်မှ ထွက်ပြန်၍ အောင်တော်မူ ခေါ် ရက်သတ္တပတ်စဉ် မဂ္ဂဇင်းများ ထုတ်ဝေရာ (၁၄) စောင်မျှ ထုတ်ဝေအပြီးတွင် ရပ်စဲလိုက်ရပြန်လေသည်။ ထိုမှစ၍ လန်ဒန်အတ်မဂ္ဂဇင်း၊ ကဝိမျက်မှန်မဂ္ဂဇင်း၊ ကဝိတံခွန်မဂ္ဂဇင်း၊ ဗြိတိသျှဘားမားမဂ္ဂဇင်း၊ တက္ကသိုလ်မဂ္ဂဇင်း၊ သူရိယသတင်းစာ၊ မြန်မာ့အလင်းသတင်းစာ၊ သစ္စာဝါဒီသတင်းစာ၊ ဗန္ဓုလသတင်းစာ စသည်တို့တွင် လည်းကောင်း ဆောင်းပါးများကို ရေးသားခဲ့ပေသည်။ ဗန္ဓုလဂျာနယ်မှ ဗန္ဓုလသတင်းစာအထိ တိုးတက်လာခဲသည်မှာ ဆရြာ့ကီး၏ ဦးဆောင်မှုကြောင့်ပင် ဖြစ်လေသည်။
ထိုသို့လုပ်ကိုင်ရာမှ ဗန္ဓုလသတင်းစာတိုက်မှာပင် ဗန္ဓုလရုပ်ရှင်ကို တည်ထောင်စေပြီး ဆရာကြီးက သားဖြစ်သူ မောင်ကျော်စိုးကို သင်ကြားပြသကာ ဒါရိုက်တာအဖြစ် ရုပ်ရှင်ရိုက်ကူးခဲ့ရာ “ချစ်တဲ့သူရယ်” ဇာတ်ကား အောင်မြင်စွာ ပေါ်ထွက်လာလေသည်။ ထို့နောက် သားမောင်ကျော်စိုးသည် ဗြိတိသျှဘားမား ရုပ်ရှင်တွင် “တစ်ကိုယ်တော်” ဇာတ်ကား ရိုက်ကူးရာ ဆရာကြီးကပင် ကူညီခဲ့လေသည်။
ဆရာကြီးပီမိုးနင်းသည် ဆင်းရဲပင်ပန်းစွာဖြင့် စာပေများကို မပြတ် ရေးသားပြုစု၍ အသက်မွေး ဝမ်းကျောင်းပြုရသည်ကို ငြီးငွေ့လာသည်။ သား မောင်ကျော်စိုးမှာ ရုပ်ရှင်ဇာတ်ညွှန်းများရေးကာ အေးအေးလူလူပင် ဒါရိုက်တာ လုပ်တော့မည်ဟု စိတ်ကူးမိသော်လည်း မောင်ကျော်စိုးမှာ “၁ဝ နာရီ” ဇာတ်ကား ရိုက်ကူးနေစဉ် မသမာသတို့ ၏ သတ်ဖြတ်ခြင်း ခံရသဖြင့် ဆရာကြီး ပီမိုးနင်းမှာ စိတ်ထိခိုက်ခြင်းဖြစ်ပြီး ရုပ်ရှင်လောကမှ စွန့်ခွာခဲ့လေသည်။ ထိုအချိန်နှင့် မရှေးမနှောင်းမှာပင် မျက်စိကွယ်နေရရှာသော ဇနီးသည် ဒေါ်စိန်တင့်မှာ သား၏ ပရိဒေ၀မီးကြောင့် ဆုံးပါးရပြန်လေရာ ဆရာကြီး ပီမိုးနင်းမှာ လူမမည် ကလေးငယ်များနှင့် ကျန်ခဲ့ရပြီး စိတ်ဆင်းရဲခြင်းကြီးစွာ ဖြစ်ရလေသည်။ ထို့နောက် ကလေးများကို မိခင်ဆွေမျိုးများရှိရာ ဓမ္ဘီမြို့သို့ပို့ထားပြီး စိတ်သောကဖြေရာ အရက်ကိုသာ အဖော်ပြုမိလေတော့သည်။
ထိုသို့ ရန်ကုန်မြို့တွင် လှည့်လည်နေထိုင်ခိုက် တစ်နေ့သော (၁၉၃၉ ခု ၊ ဒီဇင်ဘာလ ၅ ရက်အဂါင်္နေ့ ၁၉ ကြိမ်မြောက်အမျိုးသားနေ့) နံနက်တွင် ရန်ကုန်မြို့ ဆူးလေဘုရားလမ်းရှိ မြန်မာ့အလင်း သတင်းစာတိုက်ရှင်များ၏ အလှူပွဲသို့ တိုက်သားဟောင်း တစ်ယောက်အဖြစ် တက်ရောက်ရလေသည်။ ထိုအလှူပွဲတွင် တိုက်သားများအား ကျွေးမွေးဧည့်ခံကာ တစ်ဦးလျှင် ငွေ (၂ဝ) ကျပ်စီ ဆုချီးမြှင့်ပြီး မဟာဂီတ ဦးပြုံးချို၏ သမီး ခေါ်ခင်မြင့်က သီချင်းကြီးများဖြင့် ဖျော်ဖြေလေသည်။ ထိုနေ့ နံနက် (၁၁) နာရီတွင် ဆရာကြီးသည် ဘုရင်မပန်းခြံ (ယခု မဟာဗန္ဓုလပန်းခြံ) ရှိ အိမ်သာသို့သွားရန် ဆူးလေဘုရား လမ်းဘေးမှ လျှောက်သွားစဉ် အချုပ်ထောင်မှ အမှုထမ်းတစ်ဦး စီးလာသော  စက်ဘီး ဖြင့်အရှိန်ပြင်းစွာ အတိုက်ခံရသဖြင့် လဲကျသွားလေသည်။ ဒဏ်ရာပြင်းထန်သဖြင့် မထနိုင်ဘဲရှိရာ သူနာပြုတပ်သားများက ပွေ့ယူ၍ ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ကာ အခန်း ၁၁/၁၂ ခုတင်အမှတ် (၁၉) တွင် အတွင်းလူနာအဖြစ် ကုသထားရလေသည်။
ထိုစဉ်က ဆရာကြီးမှာ လေငန်းဖြတ်ခံရပြီးစ ကျန်းမာရေးချို့တဲ့ပြီး စိတ်ဓါတ်ကျဆင်းနေချိန် ဖြစ်လေသည်။ ဒဏ်ရာမှာလည်း ဒူးဆစ်အထက် ခုံညင်းအပေါ်နားဆီမှကပ်၍ ကျိုးသွားခြင်း ဖြစ်သဖြင့် ပြန်၍ဆက်ရန် အခက်အခဲရှိနေလေသည်။ ထိုအခက်အခဲအပြင် ဆရာကြီး၌ အမှတ်မထင် စွဲကပ်နေသော ဆီးချိုရောဂါ ကြောင့်အနာမှာရင်းကာ ရိုးထွင်းခြင်ဆီလိုက်သဖြင့် ဆရာဝန်များက ခြေထောက်ဖြတ်ရန် တိုင်ပင်ဆုံးဖြတ်ကြလေသည်။ သို့ရာတွင် ခြေထောက်မဖြတ်မီညမှာပင် အဆုတ်အအေးမိသည့်ရောဂါ ဝင်ရောက်လာပြီး ၁၉၄ဝ ပြည့်နှစ်၊ ဇန်န၀ါရီလ (၆) ရက်၊ နံနက် (၉)နာရီ (၁၉) မိနစ်အချိန်တွင် ကွယ်လွန်အနိစ္စ ရောက်ရရှာလေသည်။ ကြွင်းကျန်သော ဆရာကြီး ရုပ်ကလာပ်ကို (၉) ရက်တိတိထားပြီး (၁၄-၁-၄ဝ) နေ့ (၁) နာရီအချိန်တွင် ကြံတောသုသာန်၌မီးသဂြိုင်္ဟ်ခဲ့လေသည်။
ဆရာကြီး ပီမိုးနင်းသည် အချစ်ရေး၊ အိမ်ထောင်ရေး၊ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ တိုးတက်ကြီးပွားရေး၊ နိုင်ငံရေးနှင့် ရောင်းရေးဝယ်တာမှအစ စာအုပ်ပေါင်းများစွာ ရေးသားခဲ့ပေသည်။ ဝတ္ထုများ၊ ဆောင်းပါးများ၊ သတင်းစာခေါင်းကြီးများနှင့် ဘာသာပြန် စာအုပ်များလည်း များပြားလှပေသည်။ အင်္ဂလိပ်ဘာသာကို စနစ်တကျ တတ်မြောက်စေရန် နောလိတ်ခ်ျမဂ္ဂဇင်း (Knowledge Magazine) ခေါ် အင်္ဂလိပ် – မြန်မာ နှစ်ဘာသာ ဘာသာပြန်မဂ္ဂဇင်းလည်း ဦးစွာ ထုတ်ဝေခဲ့လေသည်။ ယင်းမဂ္ဂဇင်းတွင် ဦးလေပွေ ကလောင်အမည်ဖြင့် အင်္ဂလိပ်လို ဆောင်းပါးများ ရေးခဲ့သည်။ ရှာဖွေတွေ့ရှိသမျှ ဆရာကြီး ရေးသားခဲ့သော ကျမ်းပေါင်း (၄၄) ကျမ်းနှင့် ဝတ္ထုတိုပေါင်း (၄၆) အုပ် ရှိလေသည်။
ယခုအခါ၂ဝ၁၃ခုနှစ်နိုဝင်ဘာလ၅ရက်နေ့ ၌ကျရောက်မည့် ပီမိုးနင်းနှစ် ၁၃ဝပြည့်အခမ်းအနားကိုကျင်းပ ရန်စီစဉ်နေပြီးအခမ်းအနားတွင်စာတမ်းဖတ်ပွဲများ၊ဟောပြောပွဲများ၊အထိမ်းအမှတ်ဓါတ်ပုံပြပွဲနှင့်  စာအုပ်ပြ ပွဲများ၊ ဈေးရောင်းပွဲတော်များ ဖြင့်စည်ကားသိုက်မြိုက်စွာပြုလုပ်ရန်ပြင်ဆင်နေကြသည်။
ဆရာကြီး ပီမိုးနင်းပြုစုခဲ့သော စာပေများ
ကျမ်းများ
၁။ လောကီလမ်းပြနိသျှ (မောင်ကျော်အမည်ဖြင့် ရေးသည်။)
၂။ အင်္ဂလိပ်လမ်းပြနိသျှ (မောင်ကျော်အမည်ဖြင့် ရေးသည်။)
၃။ လက်တွေ့ကြီးပွားရေးကျမ်း
၎။ ကမ္ဘာ့မင်တံ
၅။ သခင်စိတ်
၆။ ကမ္ဘာ့အလင်း (လူမင်း အမည်ဖြင့် ရေးသားခဲ့သည်။)
၇။ ထူးချွန်ရေး
၈။ သားဂုဏ်ရည်
၉။ သမီးဂုဏ်ရည်
၁၀။ မိန်းမစိတ်ကျမ်း
၁၁။ လူပျိုကြေးမုံ
၁၂။ အပျိုကြေးမုံ
၁၃။ ကာမသိဒ္ဓိ
၁၄။ မနောသိဒ္ဓိ
၁၅။ စိတ်ပညာ
၁၆။ ကြီးပွားချမ်းသာရေး
၁၇။  ကိုယ်ထူးကိုယ်ချွန်
၁၈။ လူမှုရေးရာ
၁၉။ အာဂလူ
၂၀။ အချစ်လမ်းညွှန်
၂၁။ အချစ်သျှတ္တရ
၂၂။ တက်လမ်း
၂၃။ က္ကုစ္ဆာသယ
၂၄။ ဝတ္ထုသတင်းစာရေးနည်း
၂၅။ အရင်းမစိုက် လှေထိုးလိုက်
၂၆။ တကယ့်လူချွန်
၂၇။ စကားပြောနည်း
၂၈။ ကြီးပွားချမ်းသာသော စိတ်ပညာ
၂၉။ လောကမျက်မှန်
၃၀။ လူစွမ်းလူစ
၃၁။ ဟန်ကျပန်ကျ
၃၂။ တိုးတက်ရေးလက်စွဲ
၃၃။ ထိပ်ဆုံးကလူ
၃၄။ ကုန်သည်အိတ်ဆောင်
၃၅။ မသိသူကျော်သွား
၃၆။ သိသူဖော်စား
၃၇။ အချစ်ဖြတ်လမ်း
၃၈။ ပီမိုးနင်းနိတိ (ကျမ်းများမှ ပြုစုထုတ်ဝေသည်။)
၃၉။ ငွေကလောင်ကျမ်း
၄၀။ အစ္စလာမ်အလင်းပြကျမ်း
၄၁။ နောလိခ်ျစာစောင်များ
၄၂။ အင်္ဂလိပ် သဒ္ဒါဖြတ်လမ်း
၄၃။ အင်္ဂလိပ်ပြောသော အင်္ဂလိပ်စကား
၄၄။ ပီမိုးနင်း၏ ပီမိုးနင်း
ဝတ္ထုများ
၁။ ပင်လယ်ကူး ဓါတ်ပုံ
၂။ ဘီအေမောင်တင့်နှင့် ကခြေသည် မယ်မြင့်
၃။ ခင်ထား (မောင်ကျော်အမည်နှင့် ရေးသည်။)
၎။ နေရီရီ
၅။ ပွဲစားကြီး သားအဖနှင့် မြမြ (ပိုက်ဆံကြီး ကလောင်ဖြင့် ရေးသည်။)
၆။ ပွဲစားကြီး ဂရာရွတ်ကို မြာဂျွတ်သော ချစ်ချစ်
၇။ နေညိုညို
၈။ ဟေမဝန်ဘွေ
၉။ တကိုယ်တော်
၁၀။ သဲမြညှာ
၁၁။ တနိုင်ငံ မြိုင်ယံခြား
၁၂။ ချစ်ပန်းနွယ်
၁၃။ ယောက်ျားကောင်း သုံးယောက်
၁၄။ ကျွန်းငွေသောင်
၁၅။ တဖြစ်လဲ
၁၆။ ကျားကြီး ရာဇာ
၁၇။ တခုလပ်နှင့် တလင်ကွာ
၁၈။ လူမိုက်ကြီး
၁၉။ မယ်ယက္ခ
၂၀။ ဝင်္ကဘာကံ
၂၁။ တို့တောင်ပေါ်
၂၂။ တက်လူကွ
၂၃။ ကြုံလေဘုံဘွေ
၂၄။ နဖူးစာ
၂၅။ ရေနတ်သူ
၂၆။ အံသြဖွယ်
၂၇။ မျိုးချစ်
၂၈။ မျိုးချစ်လက်ျာ
၂၉။ စိုးပါနှင့် မေ
၃၀။ ကျုပ်အသက်ကလေး
၃၁။ ဝါသနာ
၃၂။ သွေးဆောင်ခြင်း
၃၃။ မိတ်ဆွေနှင့် ရည်းစား
၃၄။ စိတ်ပြောင်းလဲခြင်း
၃၅။ ဝရမ်းပြေး
၃၆။ သင်းတို့အကြံ
၃၇။ လူလားနတ်လား ကုမ္ဘာန်လား
၃၈။ ချစ်တဲ့မယား
၃၉။ ရွှေဖူးစာကံဆော်စီမံသွင်း
၄၀။ ငယ်ကကျွမ်းကို လွမ်းလို့ခွေယိုင်
၄၁။ ငါ့သမီး
၄၂။ တို့ဘာသာ
၄၃။ မှော်ဘုရင်
၄၄။ စာရေးဆရာ
၄၅။ သူရဲကောင်း သုံးယောက် (ဘာသာပြန်) (ပထမပိုင်း)
၄၆။ ပီမိုးနင်း ၀တ္ထုတိုများ (အားလုံး ပီမိုးနင်း အမည်ဖြင့် ရေးသည်)
စာကိုး
၁။ (က) မြင့်ဆွေ၊ “ပီမိုးနင်း၏ နောက်ဆုံးနေ့” မြ၀တီ မဂ္ဂဇင်း တွဲ ၁၈၊ မှတ် ၂ ၊ )၁၉၆၉ ခု၊ ဒီဖင်ဘာလ) စာ – ၉၃ ၊ ၉၆။
(ခ) သင်္ခါ “နိုင်ငံကျော် စာရေးဆရာကြီး ပီမိုးနင်း” ဂျာနယ်ကျော် (၁၉၄၀ ပြည့် ၊ ဇန်န၀ါရီ လ ၁၃ ရက်) စာ – ၁၃ ၊ ၂၀။
(ဂ) စာရေးဆရာကြီး ပီမိုးနင်း ရန်ကုန်၊ ပီမိုးနင်း နှစ် ၁၀၀ ပြည့်ပွဲ ကျင်းပရေးကော်မတီ ၊ ပကြိမ်၊ ၁၉၈၃။

(ဃ) သန်းဝင်းလှိုင်၊အနှစ်ချုပ်မြန်မာ့သမိုင်းအဘိဓါန် ပထမတွဲ၊ပညာရွှေတောင်စာအုပ်တိုက်၊ပကြိမ် ၂၀၁၀။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သန်းဝင်းလှိုင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်