စံပယ်ဖြူ – နံနက်ခင်းများကို ကျော်လွန်၍ ဘ၀နေမွန်းတည့်ချိန်ဝယ်

October 27, 2015

စံပယ်ဖြူ – နံနက်ခင်းများကို ကျော်လွန်၍ ဘ၀နေမွန်းတည့်ချိန်ဝယ်

(မိုးမခ) အောက်တိုဘာ ၂၇၊ ၂၀၁၅

ငယ်ရွယ်နုပျိုတဲ့ ကလေးဘ၀၊ လူငယ်ဘ၀က နံနက်ခင်းလို လန်းဆန်းတဲ့ ဘ၀အစိတ်အပိုင်းဆိုရင်၊ လူလတ်ပိုင်းအရွယ်က ဘ၀ရဲ့ မွန်းတည့်ချိန် ဖြစ်ပါလိမ့်မယ်။ ငယ်ငယ်က အသက်လေးဆယ်မှာ ဘ၀ စတယ်ဆိုတာကို လက်မခံပေမဲ့ အသက်ကလေးရလာတော့ ဟုတ်သလိုလို။ အသက် ၃၅နှစ်ကျော်လို့ ၄၀ နားကပ်လာရင် လူ့သက်တမ်း တ၀က်ကျိုးပြီမို့ နေမွန်းတည့်ချိန် ၁၂ နာရီအချိန်ကို ချဉ်းကပ်လာပြီ။ ဒါမေမဲ့ ဘ၀ မစရသေး၊ စုန်လိုက် ဆန်လိုက်နဲ့ ဘယ်ကိုမှ ခရီးမရောက်သေးပဲ နေ့တ၀က်ကျိုးသွားကို သတိထားလိုက် မိပါတယ်။ ကုန်ဆုံးခဲ့တဲ့ ဘ၀မနက်ခင်းတွေကို ပြန်ကြည့်ရင်း၊ ကျန်တဲ့ နေ့တ၀က်ကို ဘယ်လို ရှေ့ဆက်မလဲ စဉ်းစားရင်း စာတပုဒ် ရေးလိုက်မိပါတယ်။

မိဘအရိပ်ခိုလုံခဲ့တဲ့ အချိန်တုန်းက ဘ၀ဟာ ဆောင်းနံနက်ခင်းတွေလို အေးချမ်းခဲ့ပါတယ်။ မိဘတွေ စားဝတ်နေရေး ကြပ်တည်းလို့ စိတ်ညစ်နေပေမဲ့ ကလေးပီပီ ပူပင်ရမှန်း မသိခဲ့ဘူး။ မနက်မိုးလင်းရင် လွယ်အိပ်ကိုလွယ် ထမင်းဗူးသယ်ပြီး ကျောင်းကိုသွားလို့ ကျောင်းနေပျော်ခဲ့တယ်။ ပညာလိုချင်တဲ့ သားသမီးတွေအတွက် အလုပ်သိပ်လုပ်တဲ့ လယ်သမား ကျွန်မတို့အဖေက လူတကာထက်ပိုပြီး ပင်ပန်းဆင်းရဲ ခံနိုင်ခဲ့ပါတယ်။ စည်းစနစ်ကျပြီး အိမ်ရှင်မကောင်း ပီသတဲ့အမေရဲ့ ထိန်းကွပ်မှုကြောင့် ကျွန်မ ကောင်းစွာလူလားမြောက်ခဲ့ ပါတယ်။ စီးပွားရေး အဆင်မပြေတဲ့ကြားက ကျွန်မကို သူနာပြု တက္ကသိုလ် ရောက်အောင်ပို့ခဲ့ ပါတယ်။ ၁၉၉၆-၂၀၀၀ တုန်းက ပညာသင်စရိတ်တွေ ခုလောက်မများပေမဲ့ လယ်သမားတယောက်အတွက် ကျွန်မရဲ့ ကျောင်းစရိတ်တွေဟာ ၀န်ပိစေပါတယ်။ သူများတိုင်းပြည်မှာလို ပညာသင် ထောက်ပံ့ကြေးတွေရရင် မိဘတွေ ၀န်ပိမှာမဟုတ်ဘူး။ သားသမီးတွေ ပညာရေးအတွက် အဖေ အလုပ်ကြိုးစားခဲ့ပေမဲ့ လုပ်ရင်းမြုပ်ရင်း၊ အကြွေးသံသရာလည် ခဲ့ပါတယ်။

ကျွန်မ ကျောင်းပြီးတဲ့ အချိန်မှာ ဘ၀ရဲ့ ဆောင်းနံနက်ခင်းတွေဟာ နွေလို့ပူတဲ့ ရာသီကို ပြောင်းလာခဲ့ ပါတယ်။ အိမ်မှာလည်း အဆင်မပြေ၊ အစိုးရ၀န်ထမ်းအလုပ်ကို ဖက်တွယ်မိရက်သား ဖြစ်နေတော့ လစာမလောက်လို့ အပြင်ဆေးခန်း ပြေးလုပ်ခဲ့ရတယ်။ ဒီအကြောင်းတွေကို အရင်ကရေးပြီးသားမို့ ထပ်မရေးတော့ဘူး။ ကိုယ်ရေးကိုယ်တာ အဆင်မပြေတဲ့ အကြောင်းတွေနဲ့ အစိုးရ၀န်ထမ်းဘ၀အပေါ် မကျေနပ်ချက်တွေ များလာတော့ နိုင်ငံခြားကိုထွက်ပြီး အလုပ်လုပ် ခဲ့တယ်။ စင်္ကာပူသွားဖို့ ကြိုးစားခဲ့ပေမဲ့ မလေးရှားနဲ့ပဲ ရေစက်ပါခဲ့တယ်။ ရောက်စက တော်တော်လေး မပျော်ပေမဲ့ ကြာတော့လည်း နေသားကျသွား ပါတယ်။ အတိုးပေါ် အတက်ပေါက်နေတဲ့ အဖေ့ အကြွေးတွေကို ကျွန်မတို့ မောင်နှမ နှစ်ယောက် မလေးရှားမှာ နှစ်နဲ့ချီ အလုပ်လုပ်ပြီး ပြန်ဆပ်ခဲ့ ပါတယ်။

အရင်ကယူထားတဲ့ အကြွေး ၃ သိန်းက နှစ်ရှည်အတိုးတွေ တွက်လိုက်တဲ့အခါ ၁၀ သိန်းကျော် ဖြစ်သွားပါတယ်။ အတိုးမတွက်ပဲ အရင်းတိုင်းပဲ ပြန်ယူတဲ့ အကြွေးရှင်တွေ လည်းရှိပါတယ်။ သန့်ရှင်းတဲ့ လစာငွေနဲ့ အကြွေးတွေကို ပြန်ဆပ်နိုင်တဲ့အတွက် ရွာပြန်တဲ့အခါ လူတွေအားလုံးကို ပြုံးပြနှုတ်ဆက် နိုင်ပါတယ်။

ကျွန်မ ဘ၀မနက်ခင်းက နေပိုမြင့်လာတာနဲ့အမျှ အပူရှိန်မြင့်လာသလို ခံနိုင်ရည်အင်းအားတွေ လျော့လာပါတယ်။ အကြွေးတွေ ဆပ်ပြီးသွားပြန်တော့ သွားလေသူ အမလင်မယားဆီက လက်ဆောင်ရထားတဲ့ ကလေး ၄ ယောက်အတွက် ပညာသင်စရိတ်တွေ ထောက်ပံ့ဖို့ တာဝန်တွေ ရလိုက်တာ ခုချိန်ထိပဲ။  ဒီဝန်ထုတ်တွေကို မနိုင်မနင်းထမ်းပြီး၊ နေပူကျဲမှာ ဘ၀ခရီးကို လျှောက်ရတာ ခရီးမတွင်ပေမဲ့ သိပ်ပင်ပန်းပါတယ်။ စိတ်ဖိစီးမှု သိပ်များတဲ့အခါ စိတ်လေစိတ်ဓာတ်ကျပြီး၊ ဘာမှမလုပ်ဖြစ်ပဲ ကုန်သွားခဲ့တဲ့ အချိန်တွေကို နှမျှောမိပါတယ်။ စိတ်ကောင်းလေးတွေ ၀င်လာတဲ့အခါ တရားဓမ္မကို နှလုံးသွင်းဆင်ခြင်ပြီး၊ အေးချမ်းမှုကို ကြိုးစားရှာယူ ခဲ့ပါတယ်။ စာပေကိုချစ်မြတ်နိုးတဲ့ အကျင့်ကောင်းလေး ရထားလို့ စာအုပ်တွေကို အဖော်ပြုရင်း စိတ်ထွက်ပေါက် ရခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ဘ၀က နေမွန်းတည့်ခါနီး အချိန်ကို ရောက်မှန်းမသိ ရောက်လာခဲ့ပါတယ်။

ငယ်ငယ်ကတည်းက ပညာကို တန်ဖိုးထားတဲ့ ကျွန်မ၊ ပညာသင်စရိတ် သက်သာတဲ့ မလေးရှားမှာ ဘွဲ့လွန်တက်ဖို့ မျက်စိမှိတ်ပြီးဆုံးဖြတ်ခဲ့ ပါတယ်။ ငွေကြေး မပြည့်စုံပဲ ပညာသင်ရတာ တကယ်ကို စိတ်ဖိစီးမှုများ ပါတယ်။ ကျွန်မ အကြောင်းကို ကောင်းကောင်းသိကြတဲ့ မိတ်ဆွေသူငယ်ချင်းတွေ ကူညီဖေးမခဲ့လို့ ကျွန်မ ဘွဲ့လွန်ပြီးခဲ့ ပါတယ်။ ဆင်းရဲဒုက္ခတွေကို ရင်ဆိုင်ပြီး ကြိုးစားခဲ့တာ ကျွန်မရဲ့ သုတေသနကျမ်းက မျှော်လင့်ထားတာထက် ပိုအောင်မြင်ခဲ့ပါတယ်။ ကျွန်မရဲ့ သုတေသနကျမ်းကြောင့် မလာယာ တက္ကသိုလ်က ဆရာတွေရဲ့ ယုံကြည်မှုကို ရခဲ့ပါတယ်။ သူတို့ ထောက်ခံပေးလို့ အခုလုပ်နေတဲ့ ဆာဘား မလေးရှား တက္ကသိုလ်မှာ ကျွန်မ နှစ်သက်တဲ့ သင်ကြားရေးဆရာ အလုပ်ကို ရခဲ့ပါတယ်။ စာချုပ်နဲ့ခန့်တာ ဆိုပေမဲ့ ဒီအလုပ်ကို အခိုက်အတန့် လုပ်ရလည်း ကျွန်မ ကျေနပ်ပါတယ်။

ခက်ခဲပင်ပန်းတဲ့ ကျွန်မဘ၀ မနက်ခင်းတွေအကြောင်း ရေးရတဲ့ အဓိက ရည်ရွယ်ချက်က မြန်မာပြည်မှာ လယ်သမား သားသမီးတယောက် ပညာရဲရင့်ပွဲလယ်တင့်ဖို့ ဘယ်လောက်ခက်ခဲ သလဲဆိုတာကို သိစေချင်လို့ပါ။ အစိုးရက အောက်ခြေလူတန်းစားတွေကို လျစ်လျှူရှုထားတော့ ကိုယ်လျှောက်မဲ့ လမ်းကို ကိုယ့်ဘာသာ ဖောက်ရတယ်။ တကယ်တော့ ကျွန်မ လျှောက်ခဲ့တဲ့လမ်းဟာ အဖေ့ချွေးစက်တွေနဲ့ ဖောက်ပေးခဲ့တဲ့ လမ်းပါ။ အဖေက နေပူမရှောင် မိုးရွာမရှောင် လယ်ကွင်းထဲမှာ ရွှံ့ဗွက်ရုန်းပြီး၊ ကျွန်မကို စာသင်ကျောင်း ပို့ပေးခဲ့လို့ ကျွန်မ ပညာနဲ့ အသက်မွေးခွင့် ရခဲ့တယ်၊ ဘ၀နေမစောင်းခင် အချိန်မှာ တည်ငြိမ်တဲ့ အခြေအနေတခုကို ရောက်ခဲ့ပါတယ်။ အဖေ့ အသွေးအသားထဲက ကျလာတဲ့ ချွေးစက်တွေကို နင်းလျှောက်ရတာ စိတ်ထဲဝမ်းနည်း သလိုခံစားမိပေမဲ့၊ ကျွန်မ လျှောက်တဲ့လမ်းမှာ ဘယ်သူ့မျက်ရည်စက်မှ မပါတဲ့အတွက် စိတ်သန့်ပါတယ်။ အဖေ ခင်းပေခဲ့တဲ့လမ်းမှာ ဘယ်သူ့သွေးစက်မှ စွန်းထင်းမနေတဲ့အတွက် နင်းပြား လယ်သမား သားသမီးဖြစ်ရတာကို ကျွန်မ ဂုဏ်ယူပါတယ်။

ကျွန်မ ဘွဲ့လွန်းတက်တုန်းက အင်တာနက်မှာ စာတွေရှာဖတ်ရင်း self-determination theory အကြောင်း လေ့လာဖြစ်ပါတယ်။ သီအိုရဲ့ အဆိုအရ လူတိုင်းလူတိုင်းမှာ သဘာဝအားဖြင့် ဖွံ့ဖြိုးတိုးတက်လိုတဲ့ စိတ်ဆန္ဒဓာတ်ခံ ရှိကြတယ်။ အဲ့ဒီစိတ်ဆန္ဒကို ပိုအားကောင်းလာအောင် အထောက်အကူ ပြုသော ပတ်ဝန်းကျင် လိုအပ်တယ်လို့ ဆိုပါတယ်။ ကျွန်မဆိုရင် စာသင်ကျောင်းဆိုတဲ့ ပတ်ဝန်းကျင်ကို ရောက်ခဲ့လို့ ဖွံ့ဖြိုးတိုးတက်လိုစိတ်တွေ ပိုအားကောင်း လာခဲ့တယ်။ ဆရာသမားကောင်း၊ သူငယ်ချင်းကောင်းတွေနဲ့ ကြုံတွေ့ခဲ့လို့ အဆင်မပြေမှုများစွာကို ကျော်လွန်နိုင်ခဲ့ ပါတယ်။ ဒါပေမဲ့လည်း ဘ၀မှာ အခက်အခဲတွေ သိပ်များလွန်း ခံနိုင်ရည်အင်းအားတွေ ကုန်ခမ်းသွားတတ်ပါတယ်။ အခက်အခဲ အတားအဆီးတွေဟာ အောင်မြင်မှုဆီ ရောက်အောင် နင်းဖြတ်သွားရမဲ့ လမ်းခင်းကျောက်တွေ  ဖြစ်တယ်ဆိုတယ် စကားကို ကျွန်မ အပြည့်အ၀ မထောက်ခံလိုဘူး။ လူတယောက် ရုန်းကန်နိုင်အားထက်ပိုတဲ့ ဆင်းရဲဒုက္ခတွေ ကြုံရရင် အောင်မြင်ဖို့ မဖြစ်နိုင်ဘူးလို့ self-determination theory ကလည်းရှင်းပြ ထားပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာဖွံ့ဖြိုးဖို့ အာဟာရ ပြည့်ဝဖို့လိုအပ်သလို၊ ထူးချွန်ထက်မြက်တဲ့ ပညာရှင် တယောက်ဖြစ်ဖို့ လိုအပ်တဲ့ ငွေးကြေးထောက်ပံ့မှုနဲ့ အခြေခံအဆောက်အအုံတွေ ရှိဖို့လို အပ်ပါတယ်။

မြန်မာပြည်မှာ လူငယ်အများစု ဖွံ့ဖြိုးတိုးတက်လိုစိတ်ကို အထောက်အကူပြုသော ပတ်ဝန်းကျင်နဲ့ စနစ်ကောင်းကို မရကြတော့ အဖိုးတန်သော လူသားစွမ်းရည်တွေကို ကျွန်မတို့ ဆုံးရှုံးနေရတယ်။ အထူးသဖြင့် ကျွန်မတို့ မျိုးဆက်က စိတ်ကူးယဉ် အိပ်မက်တွေကို လေထဲမှာ ထားရစ်ခဲ့ရသူတွေ။ အောက်ခြေအလွှာမှာ လူဦးရေများတဲ့ ကျွန်မတို့ တိုင်းပြည်မှာ ဆင်းဆင်းရဲရဲနဲ့ ကြိုးစားရင်း ထူးချွန်ထက်မြက်တဲ့သူဆို မြန်မာလူငယ်ထုရဲ့ (၁)ရာခိုင်နှုန်း မရှိဘူး။

တကယ်ဆို အောက်ခြေအလွှာက လူငယ်တွေမှာလည်း သဘာဝအားဖြင့် ဖွံ့ဖြိုးတိုးတက်လိုတဲ့ စိတ်ဆန္ဒဓာတ်ခံ ရှိကြတယ်။ သူတို့ဘ၀တွေ ဖွံ့ဖြိုးတိုးတက်အောင် အစိုးရ ကူညီထောက်ပံ့ ပေးရမယ်၊ ပညာရေး အသုံးစရိတ်တွေ တိုးမြှင့်ရမယ်။ လူငယ်တွေရဲ့ စိတ်ကိုဖွင့်ပေးဖို့ ပညာရေး လွတ်လပ်ခွင့်နဲ့ ကျောင်းသားကို ဗဟိုပြုတဲ့ ပညာရေးစနစ် တကယ်ကို လိုအပ်ပါတယ်။ လွတ်လပ်၍ စနစ်ကျသော သင်ယူမှုပတ်ဝန်းကျင် ရှိမှသာလျှင် တီထွင်ကြံဆမှုနဲ့ လွတ်လပ်သော အတွေးအခေါ်တွေ ဖွံ့ဖြိုးနိုင် ပါလိမ့်မယ်။

ကိုယ်တိုင်လူငယ် ဘ၀ကို ဖြတ်သန်းခဲ့ပြီး၊ ကျောင်းသားလူငယ်တွေနဲ့ ထိတွေ့ဆက်ဆံ နေရတော့ ဖြူစင်တဲ့ လူငယ်သဘာဝနဲ့ သူတို့ရဲ့ အရည်အချင်းကို ကျွန်မ ယုံကြည်ပါတယ်။ လူငယ်တွေကို တန်ဖိုးထားတဲ့ ပတ်ဝန်းကျင်၊ လူငယ်တွေကို ကောင်းစွာ ပျိုးထောင်ပေးနိုင်တဲ့ ပညာရေးစနစ်ရှိရင် ပတ္တမြားနဲ့တူတဲ့ မြန်မာပြည်က လူငယ်တွေရဲ့ အရည်အသွေးတွေ ကမ္ဘာ့စံချိန်မှီအောင် တောက်ပြောင်နေမှာ။ ဒီလိုဆိုတော့ မြန်မာပြည်မာ ထူးချွန်တဲ့ လူငယ်တွေ မရှိဘူးလား မေးချင်ပါလိမ့်မယ်။ ရှိပါတယ်၊ ဒါပေမဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ကြည့်ရင် အရည်အတွက် အလွန်နည်းပါတယ်။ ထူးချွန်သော်လည်း အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေ မရရင်၊ အရည်အချင်းတွေကို အသုံးချခွင့်မရှိရင် အဲဒီအရည်အသွေးတွေ ပိုမိုတောက်ပြောင်လာဖို့ ခက်ပါတယ်။

ဒါကြောင့်မို့ မြန်မာ့ပြည်က ပတ္တမြားတွေ နွံနစ်နေတဲ့ဘ၀က လွတ်မြောက် စေချင်ပါတယ်။
ကျွန်မ ဘ၀ရဲ့ လက်ကျန်အချိန် နေ့တ၀က်မှာ အခြေအနေပေးရင် မြန်မာပြည်ရဲ့ ပညာရေး ကျန်းမာရေး ဖွံ့ဖြိုးရေးအတွက် တထောင့်တနေရာကနေ ပါဝင်ချင် ပါသေးတယ်။ လက်ရှိအနေအထားမှာတော့ လက်ဆောင်ရထားတဲ့ ၀န်ထုပ်တွေကိုထမ်းရင်း၊ အိုစာမင်းစာ စုဆောင်းဖို့အတွက် အမိမြေကို အဝေးကပဲ မျှော်ကြည့်နေ ပါတယ်။ မြန်မာပြည် ကျန်းမာပါစေ၊ မျိုးဆက်သစ်များရဲ့ မနက်ခင်းတွေ အေးချမ်းပါစေ၊ နွံနစ်နေတဲ့ မြန်မာပြည်က အဖိုးတန် ပတ္တမြားတွေ အရောင်အ၀ါ ထွန်းလင်းတောက်ပ နိုင်ပါစေလို့ ဆုတောင်းပါတယ်။

စံပယ်ဖြူ
၂၅၊၁၀၊၂၀၁၅။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခေတ်ပြိုင်အတွေ့အကြုံ, ခေတ်ပြိုင်အတွေ့အကြုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …


MoeMaKa Monthly MARCH 2017 ထွက်ပြန်ဘီ တဲ့..

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ

By

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ (မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၁၇ တရားမျှတဖို့ အတွက်...

Read more »

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့ အိမ်အရောက် ပို့ဆောင်ပေးနေပါတယ်

By

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့  အိမ်အရောက် ပို့ဆောင်ပေးနေပါတယ် (မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၁၇ ၂၀၁၆...

Read more »

မိုးမခ နိုဝင်ဘာကို အိမ်အရောက် မှာယူပါ

By

” ကဗျာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ စာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ တရွေ့ရွေ့နဲ့ ရှေ့တန်းရောက်လာတဲ့ မဂ္ဂဇင်း .....

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သင်းလဲ့ဝင်း (Myanmar Now) သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်