တင်အေး – ဒီမိုကရေစီရေးလှုပ်ရှားမှုနဲ့ ရွေးကောက်ပွဲနည်း၊ လွှတ်တော်နည်း

November 3, 2015

– ဒီမိုကရေစီရေးလှုပ်ရှားမှုနဲ့ ရွေးကောက်ပွဲနည်း၊ လွှတ်တော်နည်း
(မိုးမခ) နိုဝင်ဘာ ၃၊ ၂၀၁၅

နိုင်ငံရေးလုပ်ငန်းလုပ်တယ်ဆိုတာ နည်းပရိယာယ်ကြွယ်ကြွယ်နဲ့ တိုက်ပွဲသဏ္ဌာန်ပေါင်းစုံ ပေါင်းစပ်လုပ်ရမယ်ဆိုတဲ့ အယူ အဆရှိပါတယ်။ ဒါဟာ ဒီနေ့အထိလည်း မှန်ကန်နေဆဲ အယူအဆတခုပါ။ ဗမာ့လူ့အဖွဲ့အစည်းမှာ စစ်အာဏာရှင်စနစ် ကင်းစင်ပပျောက်ရေးနဲ့  ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ ထူထောင်နိုင်ရေးအတွက် ရှိနေတဲ့အခြေအနေတိုင်းမှာ အဲဒီ့အခြေအနေနဲ့ ကိုက်ညီတဲ့ နည်းပရိယာယ်ကြွယ်ကြွယ်၊ တိုက်ပွဲသဏ္ဌာန်ပေါင်းစုံ ပေါင်းစပ်နိုင်ရေးလုပ်ကြပါတယ်။ ဒါဟာ ဒီနေ့ ဒီမိုကရေစီနိုင်ငံရေး လှုပ်ရှားမှုအတွက်လည်း အငြင်းထွက်စရာ အယူအဆ မဟုတ်ပါဘူး။

● သမိုင်းထဲက နည်းပရိယာယ်ကြွယ်ကြွယ်၊ တိုက်ပွဲသဏ္ဌာန်ပါင်းစုံ
အင်္ဂလိပ်ကျွန်ပြုမှုကို တွန်းလှန်တိုက်ခိုက်ခဲ့ရတာ အောက်ဗမာပြည်ကို အင်္ဂလိပ်တွေ စသိမ်းခံရကတည်းကတွက်ရင် ရာစုနှစ် နဲ့ချီ ကြာခဲ့တာပါ။ ဗမာပြည်သူတွေဟာ အင်္ဂလိပ်ကိုလိုနီနယ်ချဲ့ကို ဘယ်လိုဆန့်ကျင်ပြီး အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲ ဆင်နွှဲခဲ့ကြပါသလဲ။

အင်္ဂလိပ်နယ်ချဲ့ခေတ် အနှစ် ၁၀၀ ကျော်ကိုပြန်ကြည့်ရင် အင်္ဂလိပ်ကိုလိုနီတွေက ဗမာတနိုင်ငံလုံးကို အပြီးသတ် သိမ်းပိုက် ပြီးတဲ့အချိန်ကနေ ၁၉၀၅ ဝန်းကျင်အထိ ဗမာမျိုးချစ်တွေက လက်နက်စွဲကိုင် ပုန်ကန်ခဲ့ကြပါတယ်။ လက်နက်ကိုင် ဆန့်ကျင် ခဲ့ကြတာပါ။

နောက်တော့ အမျိုး ဘာသာ သာသနာ ဆိုတဲ့ကြွေးကြော်သံနဲ့ နိုင်ငံရေးလှုပ်ရှားမှု၊ ကျောင်းသားတွေကလည်း ကျောင်း သားသမဂ္ဂတွေနဲ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂဖွဲ့ပြီး ကျောင်းသားသပိတ်တွေနဲ့ အင်္ဂလိပ်အစိုးရကို အခြေ အနေပေးရင် ပေးသလို ဆန့်ကျင်ခဲ့တဲ့ ကျောင်းသားလှုပ်ရှားမှုတွေ၊ ဗမာပြည်သည် တို့ပြည်-ဗမာစာသည် တို့စာ ဆိုတဲ့ ကြွေးကြော်သံနဲ့သခင်လှုပ်ရှားမှု၊ ရေနံမြေ အလုပ်သမားသပိတ်နဲ့ ကျောင်းသားသပိတ်ပေါင်းစပ်ပြီး လူထုလူတန်းစား ပေါင်းစုံပါဝင်တဲ့ ၁၃၀၀ ပြည့် အရေးတော်ပုံ သမိုင်းဝင်အထွေထွေသပိတ်လှုပ်ရှားမှု၊ စစ်ပညာသင်ပြီး ရဲဘော်သုံးကျိတ်ဖွဲ့ လှုပ်ရှားခဲ့ကြတဲ့ လက်နက်ကိုင်လှုပ်ရှားမှု၊ ဖက်ဆစ်ဂျပန်တော်လှန်ရေး လက်နက်ကိုင်လှုပ်ရှားမှု၊ အဲဒီ့နောက် လုံးဝ လွတ်လပ်ရေး လူထုလှုပ်ရှားမှု၊ သတင်းမီဒီယာနယ်ပယ်မှာလည်း သူရိယသတင်းစာ၊ မြန်မာ့အလင်းသတင်းစာ၊  ဂျာနယ် ကျော် ဂျာနယ်၊ ဒီးဒုတ်ဂျာနယ်၊ တိုးတက်ရေးဂျာနယ် စတဲ့ သတင်းစာ၊ ဂျာနယ်၊ စာစောင် စာတမ်းတွေထုတ် အင်္ဂလိပ် နယ်ချဲ့ဆန့်ကျင်ရေးအကြောင်းအရာတွေ ရေးသားကြ လှုံ့ဆော်ကြ၊ နဂါးနီစာအုပ်တိုက်ကနေ ဗမာပြည်သူလူထုကြား နယ်ချဲ့ ဆန့်ကျင်ရေးနဲ့ အမျိုးသားလွတ်မြောက်ရေး စိတ်ဓါတ်တွေ ရှင်သန်ပြန့်ပွားစေဖို့ စာအုပ် စာပေတွေ ထုတ်ဝေဖြန့်ချိ ပြည် သူလူထုကို အမြင်ဖွင့်ပေးခဲ့တဲ့ နိုင်ငံရေးစာပေလှုပ်ရှားမှု အစရှိတဲ့ နယ်ပယ်အသီးသီးရဲ့ လှုပ်ရှားမှုပုံစံ အစုံစုံကို တွေ့ရ ပါတယ်။

ဖြတ်သန်းခဲ့ရတဲ့ ခေတ်အခြေအနေတွေလိုက်လို့ နည်းပရိယာယ်ကြွယ်ကြွယ်၊ တိုက်ပွဲသဏ္ဍန်ပေါင်းစုံ ပေါင်းစပ်ပြီး နယ်ချဲ့ ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုကို အဲဒီ့ခေတ် နိုင်ငံရေးခေါင်းဆောင်တွေနဲ့ ဗမာပြည်သူလူထုဟာ အောင်မြင်အောင် စွမ်းဆောင်ခဲ့ကြတာပါ။

● ဒီနေ့ ဒီမိုကရေစီရေး တိုက်ပွဲမျက်နှာစာများ
လက်ရှိတွေ့နေရတဲ့ နိုင်ငံရေးမြင်ကွင်းကျယ်ကို အခြေခံပြီး ပြောရရင် ဒီမိုကရေစီရေးတိုက်ပွဲမျက်နှာစာတွေဟာ အရပ် မျက်နှာများစွာမှာ ဖြစ်ထွန်းပေါ်ပေါက်နေပါတယ်။ ဒီနေ့ ဒီမိုကရေစီနိုင်ငံရေးတိုက်ပွဲမျက်နှာစာတွေကိုကြည့်ရင်-
– တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေနဲ့ မငြိမ်းသေးတဲ့ စစ်မြေပြင်က လက်နက်ကိုင်တိုက်ပွဲ မျက်နှာစာ၊
– ပြီးပြည့်စုံတဲ့ ငြိမ်းချမ်းရေးအခြေအနေတရပ်အဖြစ် အနားမသတ်နိုင်သေးတဲ့ စားပွဲဝိုင်းပေါ်က ငြိမ်းချမ်းရေး တိုက်ပွဲမျက် နှာစာ၊
– ရောင်စုံဖဲကြိုးလှုပ်ရှားမှုမျိုးတွေအပါအဝင် စာရွက်စာတမ်းဖြန့်ဝေ၊ လမ်းလျှောက်၊ ကြွေးကြော်၊ တောင်းဆို စတဲ့ လမ်းမ တွေပေါ်နဲ့  အဆောက်အအုံတွေထဲက နိုင်ငံရေးတိုက်ပွဲမျက်နှာစာ၊
– လေလှိုင်းနဲ့ စာမျက်နှာတွေပေါ်က ဒီမိုကရေစီစာ၊ ဒီမိုကရေစီအသံ တိုက်ပွဲမျက်နှာစာ၊
– ကျောင်းသား၊ အလုပ်သမား၊ လယ်သမားနဲ့ တက်ကြွလှုပ်ရှားသူတွေ ရင်ဆိုင်အံတုနေကြတဲ့ တရားရုံးနဲ့ အကျဉ်းခန်း၊ အချုပ်ခန်းတွေထဲက သတ်လို့မသေ ဒီမိုကရေစီရေး တိုက်ပွဲမျက်နှာစာ …

စတဲ့ တိုက်ပွဲမျက်နှာစာအသီးသီးကနေ စစ်အာဏာရှင်စနစ် ကင်းစင်ပပျောက်ရေးနဲ့ ဒီမိုကရက်တစ်ဖက်ဒ ရယ်ပြည်ထောင် စုနိုင်ငံ ထူထောင်နိုင်ရေးဆိုတဲ့ ရည်မှန်းချက်တူ တိုင်းရင်းသားပြည်သူတွေဟာ ရည်မှန်းချက် ပန်းတိုင်ဆီ နီးသထက်နီးအောင် ဝိုင်းတွန်းနေကြပါတယ်။

အဲဒီ့တိုက်ပွဲမျက်နှာစာတွေနဲ့အတူ ဒီနေ့ ဗမာပြည်နိုင်ငံရေးမှာ ၂၀၁၀ ခုနှစ်နောက်ပိုင်း ထပ်ဖြစ်ထွန်းလာတဲ့ တိုက်ပွဲမျက် နှာစာကတော့ ရွေးကောက်ပွဲနဲ့ လွှတ်တော်တိုက်ပွဲ မျက်နှာစာပါ။

● ရွေးကောက်ပွဲ နဲ့ လွှတ်တော်တိုက်ပွဲမျက်နှာစာ
အခုရှိနေတဲ့ ရွေးကောက်ပွဲ၊ လွှတ်တော်တို့နဲ့ ပတ်သက်လို့ အယူအဆ (၃) ခု အထင်အရှားတွေ့လာရပါတယ်။ အဲဒီ့ အယူအဆ (၃) ခုက –

(၁) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာလုပ်တဲ့ ရွေးကောက်ပွဲနဲ့လွှတ်တော်ကို လုံးဝမယုံကြည်၊ လုံးဝ လက်မခံရေး အယူအဆ။
(၂) ရွေးကောက်ပွဲကိုဖြတ်သန်းပြီး လွှတ်တော်တွင်းကနေပဲ ဒီမိုကရေစီလမ်းကြောင်းကို လျှောက် လှမ်းမယ်ဆိုတဲ့ လွှတ် တော်နိုင်ငံရေးကိုသာ လုံးဝလက်ခံရေးအယူအဆ။
(၃) ရွေးကောက်ပွဲနဲ့ လွှတ်တော်ကို ဒီမိုကရေစီရေးတိုက်ပွဲမျက်နှာစာတခုအဖြစ် သဘောထားပြီး ကျန်တဲ့ တိုက်ပွဲမျက်နှာ စာတွေနဲ့ ဆက်စပ်ဖြတ်သန်းမယ်ဆိုတဲ့ ဟန်ချက်ညီဆက်စပ်ရေးအယူအဆ။

ဒီအယူအဆ (၃) ခုဟာ တကယ်တော့ ဒီနေ့အထိ အခန်းဆက် ဆင်နွှဲနေရတဲ့ ရှစ်လေးလုံးဒီမိုကရေစီတိုက်ပွဲစီး ကြောင်းထဲမှာ လက်တွဲပါဝင်လာခဲ့ကြသူတွေ၊ ဒီမိုကရေစီဘက်ခြမ်းက နိုင်ငံရေးသမားတွေနဲ့ ပြည်သူတွေကြားမှာ ဖြစ်ပေါ်နေတဲ့ အယူအဆတွေပါ။

နံပတ်(၁) အယူအဆဖြစ်တဲ့ လုံးဝလက်မခံရေးအယူအဆ ရှိသူတွေဟာ မကြာခင်ကျင်းပတော့မယ့် ၂၀၁၅ ရွေး ကောက်ပွဲမှာ မဲပေးမှာလည်း မဟုတ်သလို၊ လွှတ်တော်တွင်း နိုင်ငံရေးဖြစ်စဉ်တွေကိုလည်း လက်မခံပါဘူး။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအောက်က လွှတ်တော်တွင်းမှာ ဒီမိုကရေစီရေးအတွက် ဘာမှကို ဆောင်ရွက်လို့မရဘူးလို့ မြင်ကြပါတယ်။ လွှတ်တော် တွင်း နိုင်ငံရေးဆိုတာ သုညနိုင်ငံရေး သို့မဟုတ် အနုတ်လက္ခဏာပြနိုင်ငံရေးလို့ မြင်ကြပါတယ်။ ဒါကြောင့် ၂၀၁၅ ရွေး ကောက်ပွဲနဲ့ ပေါ်လာမယ့် လွှတ်တော်ဆိုတာကို ဝေးလေကောင်းလေဆိုတဲ့သဘောမျိုး၊ လုံးဝ လက်မခံကြောင်း ပြောကြ ဆိုကြ ရေးသားဖေါ်ပြကြပါတယ်။

ဒါပေမယ့် ရွေးကောက်ပွဲနဲ့လွှတ်တော်ကို လုံးဝမယုံကြည်၊ လုံးဝလက်မခံအယူအဆရှိသူတွေ သတိထားဆင်ခြင်စရာ အကျပ်အတည်းတခုရှိပါတယ်။ အဲဒါကတော့ ရွေးကောက်ပွဲကို ဖြတ်သန်းပြီး လွှတ်တော်တွင်းဝင်ဖို့ လုပ်နေကြရတဲ့ နိုင်ငံရေး ပါတီတွေနဲ့ ပါတီဝင်တွေ၊ တသီးပုဂ္ဂတွေ၊ ရွေးကောက်ပွဲနဲ့ လွှတ်တော်တွင်းလုပ်ငန်းတွေအတွက် ဆောင်ရွက်ပေး နေကြ သူတွေ အစရှိသူတွေနဲ့ လက်တွဲလုပ်ကြရတဲ့အလုပ်တွေ၊ (လူမှုရေးအရ မဟုတ်ဘဲ) နိုင်ငံရေးအရ ရင်းနှီးတဲ့ဆက်ဆံရေး ရှိနေတာတွေအပေါ် ဘယ်လိုအဖြေထုတ်မလဲ။ နောက်ဆုံး ကိုယ်သဘောမတူ၊ လက်မခံနိုင်တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ဒီမိုကရေစီဘက်တော်သားတွေကို အုံနဲ့ကျင်းနဲ့ မဲပေးကြဖို့ တက်ကြွနေကြတဲ့ ပြည်သူတွေကို ဘယ်လိုကြည့်မြင်မလဲ။

အဲသလို သဘောထားအယူအဆ ပြဒါးတလမ်း၊ သံတလမ်း ဖြစ်ကြနေသူတွေကို ဘယ်လိုသဘောထားမလဲ၊ ဘယ်လို လက် တွဲ အလုပ်လုပ်ကြမလဲဆိုတာ အနည်းဆုံး ကိုယ့်ခေါင်းထဲမှာကိုယ် နိုင်ငံရေးအရ၊ အတွေးအခေါ်အရ ရှင်းလင်းထားရမယ့် ကိစ္စပါ။ ဒီတော့မှ အလုပ်လုပ်ရတာလည်း ရှင်းရှင်းလင်းလင်း ရှိမှာပါ။ ပိုပြီး အင်အားဖြစ်မှာပါ။

နံပါတ် (၂) အယူအဆဖြစ်တဲ့ လုံးဝလက်ခံရေးအယူအဆ ရှိသူတွေကတော့ လွှတ်တော်တွင်းမှာ ဘယ်လို ဘယ်လိုတွေ လုပ်မယ်လို့ပြောပြော၊ လွှတ်တော်တွင်း လွှတ်တော်ပ ဘယ်လို ဘယ်လိုတွေ ဆက်စပ်လုပ်မယ်လို့ပြောပြော စစ်အာဏာရှင် တို့နဲ့ ထိပ်တိုက်ရင်ဆိုင်တွေ့ကြရမယ့် အလုပ်မျိုးကို လက်တွေ့မှ လုံးဝ မလုပ်ကြတော့တာ တွေ့ရပါတယ်။

လွှတ်တော်ပ နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ပတ်သက်ရင် ထိန်းထိန်းသိမ်းသိမ်း ကြေညာချက် တစောင်တလေ ထုတ်ရတာ က လွဲပြီး၊ လွှတ်တော်ပ နိုင်ငံရေးလှုပ်ရှားသူတွေ၊ တက်ကြွလှုပ်ရှားသူတွေကို ဆက်စပ်မှုမလုပ်ကြတော့ပါဘူး။ ဒီ့ထက် ပိုဆိုး တာက အပြစ်ဖို့တာမျိုးပါ ရှိလာပါတယ်။

လူထုလက္ခဏာဆောင်တဲ့ လှုပ်ရှားမှုတခုပေါ်လာတဲ့အခါမျိုးမှာ အဲဒီ့လှုပ်ရှားမှုက ပင်မဒီမိုကရေစီ နိုင်ငံရေးလမ်း ကြောင်းကိုပဲ အနှောင့်အယှက်ဖြစ်သယောင်၊ လှုပ်ရှားနေသူတွေကိုလည်း စစ်အစိုးရအဆက်ဆက်ကျင့်သုံးလာတဲ့ ဖော်မြူ လာအတိုင်း ကွန်မြူနစ်တွေ၊ လက်ဝဲတွေ၊ ဒါမှမဟုတ် ကွန်မြူနစ်တွေ၊ လက်ဝဲတွေနဲ့ ပတ်သက်နေသူတွေမို့ မဆက်စပ်ချင်သ ယောင် ယောင် တိုးတိုးတမျိုး ကျယ်ကျယ်တဖုံပြောပြီး ဝေးလေကောင်းလေ လုပ်ကြပါတယ်။ ကိုယ်ကိုယ်တိုင်က တိုက်ပွဲထဲ မလိုက်ပါနိုင်မှုကို ကွန်မြူနစ်မလိုလားကြောင်းဆိုင်းဘုတ်နဲ့ စွဲကာကြတာပါ။

ဒါဟာလည်း နံပါတ် (၁) အယူအဆဖြစ်တဲ့ လုံးဝလက်မခံရေးအယူအဆ ရှိသူတွေမှာ အကျပ်အတည်းရှိသလိုမျိုးပါပဲ၊ ကိုယ်နဲ့ နည်းပရိယာယ် မတူသူ၊ တိုက်ပွဲပုံသဏ္ဍန်မတူသူတွေကို ရေရှည်အကျိုးစီးပွားအပေါ်ရှေ့ရှုပြီး ဒီမိုကရေစီဘက်တော် သားချင်း ဘယ်လိုသဘောထားမလဲ၊ နိုင်ငံရေးအရ ဘယ်လိုဆက်ဆံမလဲဆိုတာ အဖြေမထုတ်နိုင်တဲ့ နံပတ်(၂)အယူအဆ ဖြစ်တဲ့ လုံးဝလက်ခံရေးအယူအဆ ရှိသူတွေရဲ့ သဘောထားအကျပ်အတည်းပါ။ လက်တွေ့ တိုက်ပွဲပေါ်လာတဲ့အခါ ဒီမိုကရေစီ ဘက်တော်သားချင်းအပေါ် တုံ့ပြန်နေတာတွေဟာ အဲဒီ့သဘောထားအကျပ်အတည်းကို ထင်ဟပ်ဖေါ်ပြနေတာ ပါပဲ။

ဒီနေရာမှာ တခုရှင်းလင်းထားဖို့လိုတာကတော့ လူတဦးတယောက်ဟာ လုံးဝလက်ခံရေးအယူအဆ ရှိသူလား၊ လုံးဝလက်မခံရေးအယူအဆ ရှိသူလားဆိုတာ သူ့စိတ်ထဲ ဘယ်လိုရှိမလဲဆိုတာနဲ့ ခန့်မှန်းလို့ မသိနိုင်ပါဘူး၊ သူ လက်တွေ့ ဘာလုပ်နေသလဲ၊ ဘယ်လိုဖေါ်ပြနေသလဲ၊ ဘယ်လမ်းကြောင်းပေါ်မှာရှိနေသလဲဆိုတာနဲ့ပဲ ဆုံးဖြတ်ရတာပါ။

နံပတ် (၃) အယူအဆဖြစ်တဲ့ ဟန်ချက်ညီဆက်စပ်ရေးအယူအဆ ရှိသူတွေဟာ လွှတ်တော်တွင်း၊ လွှတ်တော်ပ နိုင်ငံရေးကို ဟန်ချက်ညီညီ ဆက်စပ်လုပ်မယ်လို့ ဖေါ်ပြကြပါတယ်။ လက်တွေ့လည်း လွှတ်တော်ပ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ကျောင်း သား၊ အလုပ်သမား၊ လယ်သမားတွေနဲ့အတူ တသားတည်းလက်တွဲပါဝင်သလို၊ ရွေးကောက်ပွဲကိုဖြတ်သန်း လွှတ်တော်တွင်း ဝင်ရေးကိစ္စကိုလည်း အားကြိုးမာန်တက် ဆောင်ရွက်နေကြတာ တွေ့ရပါတယ်။

သူတို့မှာ လုံးဝလက်မခံရေးအယူအဆ ရှိသူတွေနဲ့ ဆက်ဆံရေးအကျပ်အတည်းရော၊ လုံးဝလက်ခံရေးအယူအဆ ရှိသူတွေနဲ့ ဆက်ဆံရေးအကျပ်အတည်းရော မတွေ့ရပါဘူး။ လိုအပ်ရင် လိုအပ်သလို ဒီမိုကရေစီဘက်တော်သား အားလုံးနဲ့ ပြည်သူ တရပ်လုံးနဲ့ လက်တွဲဆောင်ရွက်နိုင်ကြပါတယ်။

ဟန်ချက်ညီဆက်စပ်ရေးအယူအဆ ရှိသူတွေရင်ဆိုင်ရတာက တခုတည်းပါ၊ စစ်အာဏာရှင်စနစ်ကို ဆက်လက် ကျင့်သုံး လိုသူတွေ၊ ဒီမိုကရေစီလမ်းကြောင်းကို အမှန်တကယ် မသွားချင်သူတွေနဲ့ ရင်ဆိုင်ရတာပဲ ရှိပါတယ်။

သူတို့ဟာ ဗမာပြည်ရဲ့ လက်တွေ့နိုင်ငံရေးအခြေအနေမှာ ရေရှည်ခရီးဆက်ရေး၊ လွှတ်တော်တွင်းဝင်ရေးအတွက် ရွေး ကောက်ပွဲဆိုတာ ဖြတ်သန်းရမယ့်လုပ်ငန်းစဉ်တခုအဖြစ် သဘောထားပြီး၊ လွှတ်တော်ဆိုတာကိုလည်း ဒီမိုကရေစီရေး တိုက်ပွဲ မျက်နှာစာတခုအဖြစ် သဘောထားကြတာ တွေ့ရပါတယ်။ လွှတ်တော်တွင်း နိုင်ငံရေးတခုတည်းနဲ့ စစ်အာဏာ ရှင်စနစ် ကင်းစင်ပပျောက်ရေးနဲ့ ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ ထူထောင်ရေး ဖြစ်နိုင်မယ်လို့လည်း မယုံကြည် ကြပါဘူး။ စစ်အာဏာရှင်စနစ် ကင်းစင်ပပျောက်ရေးနဲ့ ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ ထူထောင်ရေး ဆိုတာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ တည်မြဲနေသရွေ့ မဖြစ်နိုင်ကြောင်းဖွင့်ချပြစရာ တိုက်ပွဲမျက်နှာစာ တခုအဖြစ်သာ လွှတ် တော်တွင်း နိုင်ငံရေးရဲ့အခန်းကဏ္ဍကို အသိအမှတ်ပြုကြောင်းတွေ့ရပါတယ်။

လွှတ်တော်တွင်းနိုင်ငံရေးဆိုတာ စစ်အာဏာရှင်စနစ် အတွင်းသရုပ်မှန်ကို ဖွင့်ချပြစရာ နိုင်ငံရေးစင်၊ ပြည်သူလူထုရဲ့ အခွင့်အရေးပေါင်းစုံဆုံးရှုံးနစ်နာနေရတဲ့ ဘဝအမှန်ကို ဗမာသိ၊ ကမ္ဘာသိဖွင့်ချပြစရာ ဒီမိုကရေစီတိုက်ပွဲ ဝါဒဖြန့်ချိရေးစင် တခုအနေ နဲ့သာ သဘောထားကြောင်း ဟန်ချက်ညီဆက်စပ်ရေးအယူအဆ ရှိသူတွေရဲ့  ထုတ်ပြန်ချက်တွေ၊ လက်တွေ့ လုပ်ဆောင် ချက်တွေကနေ ထင်ဟပ်ဖေါ်ပြနေပါတယ်။

ရွေးကောက်ပွဲနည်း၊ လွှတ်တော်နည်းတွေကိုလည်း အသုံးချ၊ လူထုနဲ့လည်း တသားတည်းလှုပ်ရှားဆိုတဲ့ ဟန်ချက်ညီ ဆက် စပ်ရေးအယူအဆဟာ ငြိမ်းချမ်းရေးတိုက်ပွဲမျက်နှာစာ၊ နိုင်ငံရေးတိုက်ပွဲမျက်နှာစာ၊ ဒီမိုကရေစီအသံ တိုက်ပွဲမျက်နှာစာ စတဲ့တိုက်ပွဲမျက်နှာစာတွေလိုမျိုး လွှတ်တော်တွင်းနိုင်ငံရေးဆိုတာကိုလည်း ဒီမိုကရေစီရေးတိုက်ပွဲမျက်နှာစာတခုအဖြစ်သာ သဘောထားတဲ့ နည်းပရိယာယ်ကြွယ်ကြွယ်၊ တိုက်ပွဲသဏ္ဌာန်ပါင်းစုံပေါင်းစပ်ရေး အယူအဆတခု ဖြစ်တယ်လို့ ဆိုရပါ မယ်။ ။

တင်အေး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)