မျက်ရှု – ကျား၊ မ လူမှုရေးရာ ညီမျှမှုအတွက် လွှတ်တော်တွင် အမျိုးသမီးကိုယ်စားလှယ်ဦးရေ မြင့်မားလာရုံဖြင့် မလုံလောက်

November 4, 2015

– ကျား၊ မ လူမှုရေးရာ ညီမျှမှုအတွက် လွှတ်တော်တွင် အမျိုးသမီးကိုယ်စားလှယ်ဦးရေ မြင့်မားလာရုံဖြင့် မလုံလောက်
(မိုးမခ) နိုဝင်ဘာ ၄၊ ၂၀၁၅

မြန်မာနိုင်ငံရှိ လူဦးရေ ၅၁ သန်းကျော်၏ထက်ဝက်ကျော်ခန့်မှာ အမျိုးသမီးများဖြစ်ပြီး မကြာခင်ကျင်းပတော့မည့် ၂၀၁၅ ခုနှစ် အထွေအထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူ ၃၂ သန်းခန့်တွင်လည်း အမျိုးသမီးဦးရေမှာ ထက်ဝက်ကျော်ခန့်ပါဝင်နေပါသည်။ သို့ရာတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် (၉၃) ပါတီမှ အမတ်စုစုပေါင်း ၆၂၀၀ ဦးခန့်တွင် အမျိုးသမီးအမတ်ဦးရေမှာ နည်းပါးပါသေးသည်။ ထူးခြားချက်အနေဖြင့် အမျိုးသမီးသီးသန့်ပါတီအဖြစ် အမျိုးသမီးပါတီ (မွန်) သည် ယခုနှစ်ရွေးကောက်ပွဲတွင် စတင်ပါဝင်လာခဲ့သည်။ သို့သော် နိုင်ငံရေးပါတီကြီးများဖြစ်သော ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတွင် အမျိုးသမီးအမတ်ဦးရေ ၆.၂% ရှိပြီး၊ အမျိုးသားဒီမိုကရေစီပါတီတွင်မူ ၁၅% ရှိသည်ဟု သိရသည်။

နိုင်ငံ၏ လူဦးရေထက်ဝက်ကျော်ခန့်မှာ အမျိုးသမီးဦးရေဖြစ်သဖြင့် အမျိုးသမီးတို့ဘ၀တိုးတက်စေရန်အတွက် အရေးကြီးသော ကိစ္စရပ်များအတွက် အဆိုပြုနိုင်၊ ဆုံးဖြတ်ချက်ချမှတ်နိုင်သော နေရာများတွင် အမျိုးသမီးဦးရေတိုးတက်လာစေရန်၊ အထူးသဖြင့် လွှတ်တော်ထဲတွင် အမျိုးသမီးအမတ်ဦးရေ ၃၀% အထိ ရှိလာရန် အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူများက ဦးဆောင်တိုက်တွန်းလျက်ရှိပါသည်။ သို့သော် အမျိုးသမီး၊ အမျိုးသား တန်းတူညီမျှစွာ ဖွံ့ဖြိုးမှုအတွက် လွှတ်တော်ထဲတွင် အမျိုးသမီးကိုယ်စားလှယ်ဦးရေ ပိုမိုများပြားလာရုံဖြင့် မလုံလောက်သေးပါ။

လက်ရှိလွှတ်တော်တွင် အမျိုးသမီးပါဝင်မှု ၄.၆ ရာခိုင်နှုန်းသာရှိပြီး ဤပမာဏသည် အာဆီယံနိုင်ငံများတွင် အနိမ့်ဆုံးဖြစ်ပြီး နိုင်ငံပေါင်း ၁၉၀ ရှိ လွှတ်တော်တွင်အမျိုးသမီးပါဝင်မှု စစ်တမ်းအရမူ အဆင့် ၁၃၀ တွင် တည်ရှိပါသည်။ လွှတ်တော်တွင် အမျိုးသမီးပါဝင်မှု များပြားလာရေးအဆိုကို ဘ၀င်မကျသူအများစုမှာ အဆိုပါ အမျိုးသမီးတို့၏ စွမ်းဆောင်ရည်ကို သံသယရှိသောကြောင့် ဖြစ်သည်။ ၁၉၉၅ ခုနှစ် ဘေဂျင်းမူဘောင်အရ ဥပဒေပြုရေးရာကိစ္စရပ်များတွင် အမျိုးသမီး ၃၀% ပါဝင်ရေးကို သဘောတူညီခဲ့ကြပါသည်။ ထို့ပြင် ထောင်စုနှစ်ရည်မှန်းချက်ပန်းတိုင်၏ တတိယအချက်ဖြစ်သော ကျား၊မ လူမှုရေးရာညီမျှမှု မြှင့်တင်ရေးဟူသော ဦးတည်ချက်ပြည့်မီရေးအတွက်လည်း အမျိုးသမီးများ အခန်းကဏ္ဍတိုးတက်ရေးမှာ အထူးအရေးပါလျက်ရှိသည်။ အမျိုးသမီးဦးရေကို ဝေပုံကျစနစ် (quota system) ဖြင့် နေရာပေးခြင်း၏ အားသာချက်၊ အားနည်းချက်များကို မပြောမီ ဝေပုံကျစနစ်များအကြောင်း ဦးစွာ ရှင်းလင်းလိုပါသည်။

ဘေဂျင်းမူဘောင် သဘောတူညီချက်အရ လွှတ်တော်တွင် အမျိုးသမီးဦးရေ တိုးတက်လာစေရန် ဝေပုံကျစနစ်ဖြင့် နေရာပေးရာတွင် အဓိက နည်းလမ်းသုံးသွယ်ရှိပါသည်။

ပထမနည်းမှာ လွှတ်တော်တွင် သီးသန့်နေရာချန်ထားပေးခြင်း ဖြစ်သည်။ ဥပမာ – တပ်မတော်သားအတွက် ၂၅ ရာခိုင်နှုန်းကဲ့သို့ နေရာသီးခြား ဖယ်ထားပေးထားခြင်းမျိုးဖြစ်သည်။ အမျိုးသမီးများလွှတ်တော်အမတ် ဦးရေအတွက် ဤသို့ သီးသန့်ဖယ်ထားပေးရာတွင် တိုက်ရိုက်ခန့်ထားခြင်း (သို့မဟုတ်) ရွေးချယ်ကာ တင်မြှောက်ထားခြင်း နည်းလမ်းနှစ်မျိုးစလုံးဖြစ်နိုင်ပါသည်။ အဆိုပါနည်းလမ်းကို ရ၀မ်ဒါ၊ ဆူဒန်၊ အာဖဂန်နစ္စတန် နှင့် ဇင်ဘာဘွေ စသောနိုင်ငံတို့ အသုံးပြုကြသည်။ ထို့ကြောင့်ပင် ရ၀မ်ဒါသည် ကမ္ဘာ့နိုင်ငံများတွင် အထက်လွှတ်တော်တွင် ၆၃.၈% နှင့် အောက်လွှတ်တော်တွင် ၃၈.၅ % ဖြင့် လွှတ်တော်တွင် အမျိုးသမီးအမတ်ပါဝင်မှု ထိပ်ဆုံးနိုင်ငံအဖြစ် တည်ရှိပါသည်။

ဒုတိယအမျိုးအစားမှာ နိုင်ငံရေးပါတီများတွင် အမျိုးသမီးကိုယ်စားလှယ်ဦးရေ ပါဝင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ဖြစ်စေ၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေတွင်ဖြစ်စေ ရာခိုင်နှုန်းတစ်ခုသတ်မှတ်ကာ ဥပဒေအဖြစ်ပြဌာန်း၍ တိုက်တွန်းခြင်းဖြစ်သည်။ သည်နည်းလမ်းကို တီမော၊ အီကွေဒေါ၊ ဘယ်လ်ဂျီယံ၊ ကော်စတာရီကာ၊ ဖိလစ်ပိုင်၊ အီရတ် အစရှိသော နိုင်ငံတော်တော်များများ ကျင့်သုံးကြသည်။ ဥပဒေအရ နိုင်ငံရေးပါတီများက အမျိုးသမီးအမတ်လောင်းဦးရေကို သတ်မှတ်အချိုးအစားအတိုင်း ထားရှိရမည်။ ထို့ကြောင့် အများအားဖြင့် လူကိုတိုက်ရိုက်ရွေးချယ်ခွင့်မရှိဘဲ ပါတီကိုသာ ရွေးချယ်မဲပေးရသည့် အချိုးကျ ကိုယ်စားပြုရွေးကောက်ပွဲစနစ် (Proportional Representation) တွင် ဤနည်းလမ်းအားဖြင့် လွှတ်တော်အတွင်းသို့ အမျိုးသမီးကိုယ်စားလှယ်များ များစွာ ၀င်ရောက်ပါဝင်နိုင်လေ့ရှိသည်။

တတိယနည်းလမ်းမှာ နိုင်ငံရေးပါတီများအတွင်း အမျိုးသမီးကိုယ်စားလှယ်ဦးရေ ပိုမိုများပြားစေရေးအတွက် ၎င်းတို့ဆန္ဒအလျောက် အချိုးအစားသတ်မှတ်စေခြင်းမျိုး ဖြစ်သည်။ ၂၀%၊ ၃၀% အစရှိသဖြင့် ၎င်းတို့ဆန္ဒအလျောက် နေရာပေးကြသလို ၄၀% လောက်ထားရှိပေးရန် အမျိုးသမီးရေးဦးဆောင်လှုပ်ရှားသူများက ကိုယ်စားပြုအရေးဆိုပေးကြသည်များလည်း ရှိပါသည်။ ဆွီဒင်၊

နယ်သာလန်၊ ဒိန်းမတ်၊ နီဂါရာကွာ စသောနိုင်ငံများတွင် အဆိုပါနည်းလမ်းကို အသုံးပြုပါသည်။

နည်းလမ်းတခုချင်းစီအလိုက် အားသာချက်၊  အားနည်းချက်များ ရှိသလို ဝေပုံကျစနစ်အရလည်း ခြုံငုံပြီး ဆွေးနွေးစရာများ ရှိပါသည်။
ဝေပုံကျစနစ်၏ အားသာချက်များမှာ အဆိုပြုသောကိစ္စရပ်နှင့် ဆုံးဖြတ်ချက်ချမှတ်သော အရေးကိစ္စတို့တွင် အမျိုးသမီးတို့အသံ ပါဝင်လာခြင်းဖြစ်သည်။ ဖိုဝါဒကြီးစိုးသော လူမှုဝန်းကျင်တွင် အမျိုးသမီးအမတ်လောင်းများ လွှတ်တော်တွင် နေရာပိုမိုရရှိလာခြင်းဖြင့် ကျန်အမျိုးသမီးများအတွက် စံပြပုဂ္ဂိုလ်ဖြစ်လာကာ အမျိုးသမီးထု၏ စိတ်ဓာတ်ကို မြှင့်တင်ပေးရာရောက်ပါသည်။ အမျိုးသမီးဦးရေ ဝေပုံကျစနစ်ကျင့်သုံးလာသည်နှင့် တပြိုင်နက်တည်း ပါတီအသီးသီးကလည်း သည်အရေးကိစ္စကို ပေါ့ပေါ့တန်တန် သဘောထား၍ မရတော့ဘဲ မူဘောင်ချမှတ်ကာ အရည်အချင်းပြည့်ဝသော အမျိုးသမီးအမတ်လောင်းများကို လေ့ကျင့်သင်ကြား မွေးထုတ်ပေးလာကြမည် ဖြစ်သည်။ ထိုမျှမက လက်ရှိလူမှုဘောင်တွင် အမျိုးသမီးများအပေါ် ခွဲခြားနှိမ်ချဆက်ဆံသော ဓလေ့၊ ထုံးတမ်းစဉ်လာနှင့် ဥပဒေ အစရှိသော အရံအတားများ၊ အကြမ်းဖက်ခံရခြင်း၊ အမေ့လျော့ခံအဖြစ် အထားရှိခံရခြင်း စသည်တို့မှ လွတ်မြောက်အောင် လွှတ်တော်တွင်းရှိ အမျိုးသမီးများ စုပေါင်းအင်အားဖြင့် ဆောင်ရွက်နိုင်ပေသည်။

တချို့သူများက ဝေပုံကျစနစ် သတ်မှတ်လိုက်ခြင်းသည် သတ်မှတ်ထားသော ပမာဏထက် အမျိုးသမီးများက ပိုမိုပါဝင်လိုလျှင်တောင် မရတော့၊ သို့မဟုတ် အမျိုးသားတို့၏ နယ်ပယ်ကိုပါ ကန့်သတ်လိုက်ခြင်းဖြစ်သည်ဟု ဝေဖန်ကြသော်လည်း ဝေပုံကျစနစ်ဖြင့် ခွဲခြားဆက်ဆံခြင်းမဟုတ်၊ လက်ရှိ မညီမျှမှုအနေအထားများကို ဝေပုံကျစနစ်ဖြင့် ဖြေရှင်းလိုခြင်းသာဖြစ်သည်။ ကျား-မ လူမှုညီမျှရေး (gender equality) ထက် ကျား-မ လူမှုရေးရာသာတူညီမျှရှိခြင်း (gender equity) ကို ရှေးရှုဆောင်ရွက်လိုခြင်း ဖြစ်ပါသည်။

သို့ရာတွင် ဝေပုံကျစနစ်ဖြင့် လွှတ်တော်ထဲတွင် အမျိုးသမီးအမတ်ဦးရေ တိုးပွားအောင်ဆောင်ရွက်ရာတွင် ထည့်သွင်းစဉ်းစားရမည့် အားနည်းချက်တစ်ချို့ရှိပါသည်။ ပထမဆုံးသော အကြီးမားဆုံးသော အခက်အခဲမှာ အရည်အချင်းပြည့်ဝသော အမျိုးသမီးအမတ်ဦးရေ ရှားပါးခြင်းဖြစ်သည်။

ဝေပုံကျစနစ်ပြည့်မီစေရန် ပါတီတစ်ခုက အရည်အချင်းကို ထည့်သွင်းမစဉ်းစားဘဲ အမျိုးသမီးအမတ်များကို သတ်မှတ်ထားသည့် ရာနှုန်းအတိုင်း ထည့်သွင်းယှဉ်ပြိုင်လိုက်ပြီဆိုပါစို့။ သို့ရာတွင် အခြားသော ပြိုင်ဘက်ပါတီက ကိုယ်စားလှယ်လောင်းက မိမိတို့ အမျိုးသမီးအမတ်ထက် အရည်အချင်းပိုမိုသာလွန်နေလျှင် ပါတီအနေဖြင့် အမျိုးသမီးဦးရေေ ၀ပုံကျ ပြည့်မီရေးထက် ပါတီအောင်နိုင်ရေးကို အလေးထားစဉ်းစားစရာ ဖြစ်လာသည်။ မဲဆန္ဒရှင် အနေဖြင့်လည်း လမ်းကြမ်းသောခရီးဝေးနှင်ရာ၌ ကားကို မောင်းနှင်သူသည် ကျားဖြစ်ခြင်း၊ မ ဖြစ်ခြင်းထက် အရည်အချင်းပြည့်ဝ ကျွမ်းကျင်သောသူကိုသာ အလိုရှိကြသည်။ သို့သော် တဖက်ကလည်း အမျိုးသားများက ပိုမိုထက်မြက်သည်ဟူသော အရိုးစွဲလာသောအတွေးအခေါ် အရင်းခံရှိနေပြန်လျှင် အမျိုးသမီးကိုယ်စားလှယ်လောင်းသည် ပြိုင်ဘက် အမျိုးသားထက် စွမ်းဆောင်နိုင်စွမ်း သိသာစွာ မပြသနိုင်ပါက ရှုံးရဖို့သာ များနေသည်။ ထို့ပြင် မဲဆန္ဒရှင်အများစုက နိုင်ငံရေးခံယူချက်နှင့် ပါတီစွဲပြင်းထန်သူများဖြစ်လျှင် ကျားကိုယ်စားလှယ်ဖြစ်စေ၊ မကိုယ်စားလှယ်ဖြစ်စေ မိမိတို့ ယုံကြည်သည့် ၀ါဒကို ဖော်ဆောင်သည့်ပါတီက အမတ်လောင်းကိုသာ ရွေးချယ်ကြမည်ဖြစ်သည်။

ထိုအခါ နိုင်ငံရေးပါတီများအနေဖြင့် အသည်းအသန် မဲနိုင်ရေးဆောင်ရွက်ရာတွင် အမျိုးသမီး၊ အမျိုးသား ဝေပုံကျစနစ်တို့ထက် လူထုကို လွှမ်းမိုးမှုရှိသူကိုသာ ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်ကြစေလိုသည်။ ဤသို့မဟုတ်ဘဲ လွှတ်တော်တွင် သီးသန့်နေရာဖယ်ထားပေးခြင်း နည်းလမ်းဖြင့် အမျိုးသမီးပါဝင်မှုကို မြှင့်တင်ပြန်လျှင်လည်း အဆိုပါအမျိုးသမီးကိုယ်စားလှယ်လောင်းများ၏ ဦးဆောင်ဆွေးနွေးနိုင်မှု အရည်အချင်းမှာ အမျိုးသားများနှင့် မယှဉ်ပြိုင်နိုင်လျှင် လွှတ်တော်အတွင်း ပါဝင်မှုမှာ ရုပ်ပြသက်သက်သာ ရှိလိမ့်မည်။

ဒုတိယအချက်မှာ မဲပေးသူတို့၏ ရွေးချယ်ခွင့်ကို ကန့်သတ်လိုက်ခြင်းဖြစ်သည်။ မဲပေးလိုသူက သူတို့၏ စိတ်ဆန္ဒတွင် ဦး….. ကို ရွေးချယ်ရန် အာသီသရှိသည် ဆိုပါစို့။ သို့သော် ဝေပုံကျစနစ် ပြည့်မီရန် ပါတီက အမျိုးသမီးကိုယ်စားလှယ်လောင်းများကို သတ်မှတ်အရေအတွက်အတိုင်း ထည့်သွင်းလိုက်သည့်အခါ မဲဆန္ဒရှင်တို့ အတွက် ရွေးချယ်ခွင့်ကို ဘောင်ခတ်လိုက်သလို ဖြစ်သွားတတ်ပါသည်။

တတိယအချက်မှာ လွှတ်တော်တွင် သီးသန့်် နေရာပေးသည့်ကိစ္စနှင့် သက်ဆိုင်ပါသည်။ ထိုသို့သီးသန့်နေရာပေးသည့်အခါ အထက်တွင် ဆိုခဲ့သည့်အတိုင်း တိုက်ရိုက်ခန့်ထားသလို၊ ရွေးကောက်တင်မြှောက်သည့်နည်းလမ်းလည်း ဖြစ်နိုင်သည်။ ထိုအခါ အမျိုးသမီးကိုယ်စားလှယ်သည် အခြားသူများနှင့် ယှဉ်ပြိုင်ရခြင်းထက် မိမိတို့အမျိုးသမီးအချင်းချင်း ယှဉ်ပြိုင်ရမှုမျိုး ဖြစ်လာနိုင်ပါသည်။ မိမိတို့ထက် ရှေ့နှစ်လံလောက် ရောက်နှင့်နေပြီးသော အမျိုးသားတို့နှင့် ယှဉ်ပြိုင်ရခြင်းထက် မိမိတို့ အချင်းချင်းပြိုင်ရခြင်းက ပိုမိုကောင်းမွန်သည်ဟု ယူဆဖွယ်ရှိသော်လည်း ဘောင်ကျဉ်းသွားသဖြင့် အာဏာရှိသူများ ခြယ်လှယ်စွက်ဖက်ပိုင်ခွင့်ကို လမ်းဖွင့်ပေးလိုက်သည့်နှယ် ၎င်းတို့၏ ဇနီး၊ သမီး နှင့် အခြားသော နီးစပ်ရာတို့ကို ထည့်သွင်းခြင်းကဲ့သို့သော ပွင့်လင်းမြင်သာမှုအားနည်းသည့် ပြဿနာများရှိလာနိုင်ပါသည်။

နောက်ဆုံးအချက်မှာ ဓလေ့ထုံးတမ်းစဉ်လာနှင့် မဲဆန္ဒရှင်တို့က အမျိုးသမီးများအပေါ်နှိမ်ချမြင်တတ်သည့် အရိုးစွဲအတွေးအခေါ်တို့ကြောင့် ဝေပုံကျစနစ်သတ်မှတ်သော်လည်း အမျိုးသမီးကိုယ်စားလှယ်လောင်းတို့ လွှတ်တော်အတွင်းသို့ တက်လှမ်းနိုင်သူ နည်းပါးသွားရခြင်းဖြစ်သည်။ အထူးသဖြင့် ဝေပုံကျစနစ် နည်းလမ်း (၂) နှင့် (၃) တို့တွင် အမျိုးသမီးလွှတ်တော်အမတ် ဦးရေ တိုးပွားအောင်ကြံသော်လည်း ထိုသို့သော ခွဲခြားသည့်အမြင်များကြောင့် ထင်သလောက်ခရီးမပေါက်ခဲ့ခြင်းပင် ဖြစ်သည်။
ထို့ပြင် လွှတ်တော်အတွင်းရှိ အမျိုးသမီးအမတ်တိုင်း အမျိုးသမီးအရေးကို စိတ်ဝင်တစားရှိ၊ မရှိမှာလည်း သံသယဖြစ်စရာ ကောင်းသည်။ ထိုနည်းတူ အမျိုးသမီးအမတ်များက အမျိုးသမီးရေးရာကိစ္စရပ်များကို ကြားဝင်ဆောင်ရွက်ရန် စိတ်ဝင်စားသည်၊ ဆန္ဒရှိသည် ဆိုဦးတော့၊ အမျိုးသမီးသည် အမျိုးသမီးအတွက်ပဲလား၊ တိုင်းပြုပြည်ပြုလွှတ်တော်ထဲ၏ ကိုယ်စားလှယ်အဖြစ် ၎င်းတို့သည် မည်သည့်အရေးကိစ္စတွင်မဆို အမျိုးသမီးကိုသာ ဦးတည်စဉ်းစားမှုကို ကျော်လွန်ပြီး တခြားသော ဘာသာရေး၊ လူမျိုးရေး၊ အသားအရောင်ခွဲခြားမှု၊ စီးပွားရေး ပြဿနာများကိုရော ပါဝင်ဆွေးနွေးနိုင်စွမ်းမရှိဘူးလား အစရှိသဖြင့် မေးခွန်းထုတ်ကြပြန်သည်။ ထို့ကြောင့် မဲပေးရာတွင် မဲဆန္ဒရှင်သည် အမျိုးသမီးရေးရာကိစ္စရပ်ကို စိတ်ဝင်စားလျှင် သည်အပေါ်အခြေခံစဉ်းစားကာ အမျိုးသမီးကိုယ်စားလှယ်လောင်းကို ရွေးချယ်ကြပြီး၊ တချို့ကမူ အမတ်လောင်းအပေါ် အလုံးစုံသောကိစ္စရပ်တွင် စီမံဆောင်ရွက်နိုင်မှု အနေအထားအပေါ် ချိန်ဆကာ မဲပေးကြပါသည်။

အမျိုးသမီးကိုယ်စားလှယ်လောင်းများအနေဖြင့် လွှတ်တော်ထဲသို့ အရေအတွက်ပမာဏများများ ရောက်ရှိရေးတွင် ကန့်သတ်ချက်များကို ကျော်လွန်နိုင်အောင် မနည်းအားထုတ် ကြိုးပမ်းနေရချိန်၌ ၎င်းတို့အပေါ် ထားရှိသော မတန်တဆများပြားလွန်းသော မျှော်မှန်းချက်တို့ကိုလည်း ရင်ဆိုင်နိုင်ရန် အားထုတ်ရပြန်သည်။ ထို့ကြောင့် အမျိုးသမီးများ အရည်အချင်းရှိစွာ လွှတ်တော်တွင် ပါဝင်နိုင်ရေးအတွက် အဓိကဆောင်ရွက်ရန် အကြောင်းနှစ်ချက်ရှိသည်။

ပထမအချက်မှာ နိုင်ငံရေးဓလေ့ကိုပြောင်းလဲပစ်ရန်ဖြစ်သည်။ ထို့အတွက် လွှတ်တော်တွင်းအမျိုးသမီးပါဝင်မှုမြှင့်တင်ရေးကို အသိအမှတ်ပြု၍ တရားဝင်ပြဌာန်းပေးရန်လိုပါသည်။

ဒုတိယအချက်မှာ ပြည်သူအသိအမြင်ဖွင့်ပေး (civic education)သည့် ပညာပေးကိစ္စများနှင့် အလယ်တန်းနှင့်အထက်တန်းပညာရေးတွင် အမျိုးသမီးများ၏ ဦးဆောင်မှုအတွက် နေရာပေးလေ့ကျင့်ပေးရန်နှင့် ၎င်းတို့၏ အခန်းကဏ္ဍအရေးပါမှုကို ထည့်သွင်းသင်ကြားရန်၊ ရပ်ရွာအဖွဲ့အစည်းတို့တွင်လည်း အမျိုးသမီးတို့၏ လုပ်ကိုင်နိုင်စွမ်းကို တိုးမြှင့်ပေးခြင်းအားဖြင့် စတင်ပျိုးထောင်ရန်တို့ဖြစ်ပါသည်။

ဝေပုံကျစနစ်သည် အမျိုးသမီးများ ဆုံးဖြတ်ချက်ချမှတ်နိုင်သော နေရာများတွင် ပါဝင်လာရေးအတွက် လိုအပ်ချက်တစ်ခုဖြစ်ပါသည်။ သို့သော် အမျိုးသမီးအမတ်လောင်းများ တိုးပွားရေးသာအဓိက၊ ကျန်သည့်အရည်အချင်းပိုင်းကို ဖြည်းဖြည်းချင်းဖြည့်ဆည်းသွားမည်ဟု တွေးထင်ရုံနှင့် မလုံလောက်ပါ။ မည်သည့်နည်းနာအားဖြင့် မည်သို့ဆောင်ရွက်သင့်သည်ကို ဒေသ၏နောက်ခံအခြင်းအရာနှင့် ကိုက်ညီအောင် ရွေးချယ်ဆုံးဖြတ်ကာ ဗျူဟာများချမှတ်ထားရန်လိုပါသည်။ ထို့အပြင် အမျိုးသမီးတို့၏ ဦးဆောင်မှုကဏ္ဍမြင့်မားရေးနှင့် ၎င်းတို့လက်ရှိရင်ဆိုင်နေရသော စိန်ခေါ်မှုများနှင့်ပတ်သက်ပြီး အမျိုးသမီးချင်းသာ အသိအမှတ်ပြု စိတ်ဝင်စားရုံ၊ ဆောင်ရွက်ရုံနှင့် မလုံလောက်ဘဲ လွှတ်တော်တွင်းရှိ အမျိုးသားများပါ သိရှိနားလည်ရန်အထူးလိုအပ်ပါသည်။

(Photo – http://www.telegraph.co.uk )


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သတင်းဆောင်းပါး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်