ဖိုးထက် – တန်ဖိုးကြီးတဲ့ ဆန္ဒတစ်ခု

November 4, 2015

ဖိုးထက် –  တန်ဖိုးကြီးတဲ့ ဆန္ဒတစ်ခု

(မိုးမခ) နိုဝင်ဘာ ၄၊ ၂၀၁၅

ကျွန်တော် ကျောင်းတက်မယ်ဆိုတော့ အချို့က ဟားတိုက်ရီကြတာများ ဟက်ဟက် ပက်ပက်။ ပြောမနာ ဆိုမနာ ရင်းနှီးသော သူများက “ခွေးကြီးမှ လက်ပေးသင်တယ်ဆိုတာ ဒါမျိုးပေါ့” ဟု ဆိုကြသည်။ ကျွန်တော်ကတော့ ဘုရင်က ရက်ရက်စက်စက်ဟားတိုက်သဖြင့် မခံချင်စိတ်ဖြင့် ကြိုးစားသော ဦးကျည်ပွေ့ထုံး နှလုံးမူရသည်။ ပညာလို အိုသည်မရှိ စကားပုံလဲ အရှိသားဘဲဟု စိတ်ကို ဇွတ်အတင်း မောင်းတင်ရသည်။ ကျောင်းပြီးတာ ဆယ်နှစ်ကျော်ခဲ့ပြီ။

ဆယ်နှစ်ကျော်အတွင်းမှာ ကျောင်းစာတွေနဲ့ ဘ၀နဲ့ တစ်ခါတစ်ရံ ထပ်တူကျလိုက်။ တစ်ခါတစ်ရံ ပြဒါးတလမ်း သံတလမ်း။ တစ်ခါတစ်ရံ ငါ ဘာစာတွေ သင်ခဲ့ပါလိမ့်ဟု ပြန်တွေးမိရလောက်အောင် ကျောင်းစာတွေနဲ့ ဝေးခဲ့ရသည်။ သို့သော်လည်း ဘ၀ကို Upgrade လေး နည်းနည်းလုပ်၊ ဆေးလေး ဘာလေး ပြန်သုတ်၊ ကြည့်ပျော်ရှုပျော်လေး ရှိအောင် လုပ်အုံးမှပါလို့ တွေးမိပြီး အလုပ်နှင့် တိုက်ရိုက် ပါတ်သက် သက်ဆိုင်သည့် ဘာသာရပ်ကို ရွေးချယ်ပြီး အချိန်ပိုင်း ကျောင်းကို တက်ခဲ့သည်။

စာတွေနဲ့ ဝေးခဲ့ပေမယ့် အလုပ် အတွေ့အကြုံက တစ်ပိုင်း တစ်စ ပြန်ပြီးကူညီသဖြင့် ချွေးပြန်လောက်အောင် မဖြစ်တာတော့ အမှန်။ သို့သော် အချိန်။ အရင်က အချိန်အားတွေ များမှ များ။ အလုပ်ပြီးတာနဲ့ အိမ်ပြန်။ စာဖတ်။ စာမဖတ်ချင် ရုပ်ရှင်ကြည့်။ အချိန် ချမ်းသာသည်။ အိပ်ရေး၀၀ အိပ်ရသည်။ အခုတော့ ကျောင်းက တစ်ဖက်။ အလုပ်က တစ်ဖက်။ ကျောင်းစာလုပ်ရတာက တစ်ဖက်။ အပြင်စာလေးများ အချိန်ပေးဖတ်ချင်တာက တစ်ဖက်။ အချိန်ဆင်းရဲလေပြီ။ စိတ်က အလုပ်နဲ့ ကျောင်းစာတွေ အကြားမှာ အားအားယားယား တွေးဖို့ပင် အချိန်သိပ်မရတော့။ ကောင်းလဲ ကောင်းသလို ကောင်းလဲ မကောင်း။ ကောင်းတာက စိတ်က ဒီကမ္ဘာပေါ်မှာ အားနေတာ ငါတစ်ယောက်တည်းလားလို့ မတွေးဖြစ်တော့။ မကောင်းတာက အင်တာနက်ပေါ်က သတင်း ပလင်းတွေ ဖတ်ဖို့ အချိန် လုံးဝမပေးနိုင်တော့ခြင်း ဖြစ်သည်။

ရွေးကောက်ပွဲအတွက် မဲဆွယ်နေကြတာ ကျွန်တော် သိသည်။ ဒေါ်အောင်ဆန်းစုကြည် နယ်စုံကို ခရီးတွေထွက်ပြီး မဲဆွယ်စည်းရုံးရေးတွေ သွားနေရတာ ကျွန်တော် သိသည်။ သို့သော် အရင်လိုမျိုး တစ်ဖက်က သက်တော်ရှည် အာဏာရ ဘဘကြီးများ ဘာလုပ်နေတယ်ဆိုတာ အားအားယားယား လိုက်ကြည့်ဖို့ အချိန်မရှိ။ အချိန်ဆင်းရဲချိန်မှာ အလေနတော လူတွေအတွက် အချိန်မပေးကြတာ လူ့ဝသဘာဝဖြစ်မည်။ အရင် အချိန်တွေ ပေါဌေးစဉ်က “လာပါ ဆရာဖိုးစီရယ် ကျွန်တော် ဘီယာတိုက်ပါ့မယ်။ တွေ့ကြရအောင်ပါ” ဟု မည်မျှပင် ခေါ်သော်လည်း ကျွန်တော့်ကို ဆရာက အချိန်မပေးသလိုမျိုး ဖြစ်နိုင်သည်။ (ဒါက စကားချပ်။)

ဒါတောင်မှ ဒေါ်စု ဘယ်ကို ခရီးသွားတယ်ဆိုတာ မျက်စိနှစ်လုံးပိတ် အိပ်ချိန်ကြမှ အင်တာနက်ကို မသုံးဘဲနေသည့် မိတ်ဆွေတွေ ပြောပြမှ သိခြင်း ဖြစ်သည်။ စိတ်ဝင်စားပေမယ့် အရင်လို ဘာတွေ ပြောသွားသလဲလို့ လိုက်မဖတ်နိုင်။ လိုက် နားမထောင်နိုင်အား။ ပြီးတော့ ဒေါ်စု စကားတွေက ကျွန်တော့်အတွက် (ကျွန်တော့်အတွက်) ဖန်တရာတေပြီး ရိုးအီနေလေပြီ။ စိတ်လျှော့ စာဖတ်သူ။ ကျွန်တော် ဆိုလိုချင်သည့် သဘောက ဒေါ်စုသည် အခုလက်ရှိ ပြောနေသောစကားတွေကို လွန်ခဲ့သော နှစ်ပေါင်း နှစ်ဆယ်ခန့်ကတည်းက ပြောနေခဲ့ခြင်း မဟုတ်ပါလား။

တိုင်းပြည်ကို ရှေ့ဆက်သွားကြဖို့။ အာဃာတတွေ လျှော့ကြဖို့။ ပြည်သူလူထု ကျွန်တော်တို့ မျက်နှာကို ထောက်ထားကြဖို့။ သိက္ခာရှိတဲ့ တပ်မတော်ကြီး တည်ဆောက်ကြဖို့။ တန်းတူရည်တူ အခွင့်အရေးဖြင့် ပြည်ထောင်စု မြန်မာနိုင်ငံကို တည်ဆောက်ကြဖို့။ အရင်ကလဲ ဒီစကားတွေ။ အခုလဲ ဒီစကားတွေ။ ဒီစကားတွေ အကုန်လုံးက ဟိုလူကြီးတွေအတွက် နားထဲ ၀င်ဖို့ မပြောနှင့် ကြားပင် ကြားဟန် မတူ။ သူတို့နားထောင်သည့် အသံတွေက သူတို့ ရင်ဘတ်ထဲက အသံတွေ။ သူတို့ အသိုင်း အ၀ိုင်းထဲက အသံတွေ။ သူတို့ လောဘ၊ မောဟ၊ ဒေါသ၊ မာန်မာနတွေရဲ့ ပဲ့တင်သံတွေ။

ကျွန်တော့်အတွက်ကတော့ ဒေါ်စု၏ အဆိုပါ စကားတွေသည် နားရွက်နှစ်ဖက်က ၀င်လာပြီး ရင်ဘတ်ထဲမှာ အစိုင်အခဲကြီး ဖြစ်နေတာ ကြာခဲ့ပြီရော။ ဒီအတွက်ကြောင့် ဒေါ်စု စကားတွေသည် ကျွန်တော့်အတွက် ရိုးအီနေပြီလို့ ဆိုလိုခြင်း ဖြစ်သည်။ သူ့စကားတွေ ကျွန်တော့် အတွက် ရိုးနေပေမယ့် လာမယ့် ရွေးကောက်ပွဲမှာ မဖြစ်မနေ မဲပေးရမယ်ဆိုတာ ကျွန်တော် သိသည်။ လူတိုင်း ကြားဘူးသည့် ပုံပြင်ထဲကလို ညနက်သန်းခေါင် မှောင်မည်းကြီးထဲမှ နွားနို့များ လာထည့်ခိုင်းသဖြင့် ငါ့တစ်အိုးထဲနဲ့ ဘာမှ မဖြစ်ပါဘူးလို့ တွေးကြသဖြင့် မနက်လင်းတော့ ရေတွေချည်း ဖြစ်ကြသလို ကျွန်တော် တွေးမိမှာ စိုးပါသည်။ ငါတစ်ယောက် မဲမပေးလိုက်လို့ ဘာမှ မဖြစ်ပါဘူးလို့ ကျွန်တော်တွေးဖို့ မသင့်တာ သိပါသည်။ ထို့ကြောင့် မဖြစ်မနေကြီးကို မဲပေးရမယ်လို့ ကျွန်တော် အားခဲ၊ အားတင်း ထားပါသည်။

အရိုးသားဆုံး ၀င်ခံရလျှင် လာမည့် ရွေးကောက်ပွဲကို ကျွန်တော် အယုံအကြည်မရှိ။ ရသလောက် ညစ်စုတ်ပဲ့ကြအုံးမှာဆိုတာ မြေကြီးကို လက်နဲ့ ပုတ်တာမှ လွဲချင် လွဲပေအုံးမည်။ ဒီလူတွေကတော့ ညစ်ကြ၊ စုတ်ပဲ့ကြ၊ ခြေထိုးကြပေအုံးမည်။ မလွဲမသေ သေချာသည်။ ညစ်မှန်းသိပေမယ့် ပွဲကို ဆက်ကစားနေသည့် ဒေါ်အောင်ဆန်း စုကြည်ကတော့ သူ့အသက်အရွယ်အရ၊ အချိန်အရ အကောင်းဆုံးကို မျှော်လင့်ဟန်တူသည်။ သူလို ပညာတတ် ခေါင်းဆောင်ကြီး၏ မျှော်လင့်ချက်ကို ကျွန်တော်လို အကောင်က ဘာများ စောဒက တက်နေစရာ ရှိပါသနည်း။ ခေါင်းဆောင်ကြီး သွားရာနောက်သို့ ဖ၀ါးထပ်ချပ် ဖြောင့်ဖြောင့်ကြီး လိုက်ပါကြရုံသာ မဟုတ်လား။ ညစ်တာ မညစ်တာ ဒီလူတွေ ကိစ္စ။ ကျွန်တော်တို့ရဲ့ စိတ်၊ ဆန္ဒ၊ စေတနာတွေကို ပြဖို့က ကျွန်တော်တို့ ကိစ္စ။ ရာဇ၀င် သမိုင်းမှာ အဆဲခံရအောင် သူတို့ဘာသာ ဘယ်လိုဘဲ လုပ်ကြ လုပ်ကြ ကျွန်တော်တို့၏ ကိုယ်စီ ကိုယ်စီ ဘ၀ ရာဇ၀င် သမိုင်းမှာ အဆဲမခံရဘဲ လိပ်ပြာလုံနေဖို့က အဓိက။ အချိန်က လူတွေ အားလုံးကို၊ ဘ၀တွေ အားလုံးကို မှတ်ကျောက်တိုက်စားသွားမည် မဟုတ်လား။

မဲပေးဖို့ မြန်မာနိုင်ငံကို ကျွန်တော် ခဏ ပြန်အုံးမယ်လို့ ဆိုတော့ ကျောင်းက သူငယ်ချင်း မြန်မာများက “ဒီမှာ မဲပေးလဲ ရရဲ့သားနဲ့ ကျောင်းပျက်ခံပြီးတော့” လို့ စေတနာဖြင့် သတိပေးကြသည်။ သံရုံးမှာ အအိပ်ပျက်၊ အစားပျက်၊ အလုပ် အကိုင်ပျက်ပြီး မဲပေးကြသည့် သူတွေကို ကျွန်တော် ကြီးစွာသော လေးစားမှု ရှိပါသည်။

သို့သော် လူ့စိတ်သည် လွန်စွာမှ ဆန်းကျယ်ပါသည်။ တစ်ခါမယုံမိလျှင် နောင်အခါ ဘယ်သောအခါမှ ယုံကြည်ဖို့ မဖြစ်နိုင်တတ်ပါ။ မိဘနှင့် သားသမီး၊ မောင် နဲ့ နှမ၊ လင်နဲ့ မယား၊ သမီးရည်းစား စသည့် ကြီးမားသည့် ချစ်ခြင်း မေတ္တာတရား ရစ်ပါတ်တွယ်ငှင်ထားသည့် လူမှု ဆက်ဆံရေးများကြားတွင် သော်မှ ခဏ ခဏ လိမ်၊ ဒုက္ခပေးသည့် သား၊ သမီး၊ လင်၊ ယောင်္ကျား၊ မိန်းမ များကို ချစ်ခင် ကြင်နာသည့် စိတ်ဖြင့်ဘဲ မပြောတာဘဲ ရှိမည်။ ကြီးမားသည့် မေတ္တာ အရှိန်အဟုန်ဖြင့် ခွင့်လွှတ်လိုက်တာဘဲ ရှိမည်။ စိတ်အတွင်းက မယုံမကြည်ရသည့် ဒဏ်ရာက သေသည်အထိ ရှိတတ်ကြသည် မဟုတ်ပါလား။ အခုလဲ စစ်အစိုးရ အာဏာရှင်ကြီးများသည် ကျွန်တော်တို့ အပေါ် ဘက်ပေါင်းစုံက လိမ်ခဲ့ရုံသာ မက စိတ်ကောင်းစေတနာလေး တစ်စက်ကလေးမှ မရှိသည့် ဥစ္စာရူး၊ အာဏာရူး၊ ဘ၀င်ရူးများသာ ဖြစ်သည်လို့ ကျွန်တော်က စွပ်စွပ်စွဲစွဲ သိထားခဲ့သည်။ ထို့ကြောင့် ကျွန်တော့်မဲကို ရာနှုံးပြည့် သေချာချင်သည်။ ကျွန်တော့် မဲတစ်ပြားသည် ဒေါ်အောင်ဆန်း စုကြည် ခေါင်းဆောင်သည့် NLD ပါတီအတွက် သေချာလွန်းချင်သည်။ ကျောင်းနဲ့ အလုပ်နဲ့ ကြားမှာ ရူးလောက်အောင် ဗျာများနေသည့် ကျွန်တော်က မြန်မာနိုင်ငံကို ပြန်ပြီး မဲပေးဖို့ ရွေးချယ်မိခြင်း ဖြစ်သည်။ သူငယ်ချင်းများ၏ စိတ်စေတနာကို အသိအမှတ်ပြု လေးစားသော်လည်း မဲပေးပြန်ဖို့ ကျွန်တော် ပြင်ဆင်မိတော့သည်။

ကျောင်းစာတွေ ရသလောက် ကြည့်တာပေါ့။ ပြန်လာမှ ဖိဖိစီးစီး စာတွေ ပြန်ကြည့်တာပေါ့လို့ စိတ်ကို လျှော့ချလိုက်တော့ အချိန်အားလေးများ ရှိလာသည်။ လူသည် အားလျှင် သူများ အကြောင်းတွေကို စိတ်ဝင်စားသည်။ ကိုယ့် အကြောင်းကိုယ် မေ့နေတတ်သည့် လူ့သဘာဝအရ ထိုလူကြီးများ၏ အာဏာရပါတီရဲ့ မဲဆွယ် စည်းရုံးရေးများကို လိုက်ကြည့်မိသည်။ ထိုအခါကျမှ မြန်မာစကားပုံဖြစ်သည့် ထိုင်နေ အကောင်းသား ထသွားမှ ကျိုးမှန်းသိ စကားပုံကို သတိရသည်။ လုပ်လိုက်မှဖြင့် တလွဲတွေချည်း။ ဘယ်နေရာမှ ဖြောင့်ဖြောင့်တန်းတန်း မှန်မှန်ကန်ကန် မရှိ။

ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်များကို တိုက်ခိုက်ဖို့ ကျွန်တော် စိတ်မ၀င်စား။ တိုက်ခိုက်ဖို့လဲ မသင့်ဟု ကျွန်တော် ထင်ပါသည်။ ဒီမိုကရေစီစနစ်ကိုသွားကြမယ်ဆိုမှတော့ ကိုယ်ကြိုက်တဲ့ ပါတီ ကိုယ် အားပေးတာ အပြစ်မဟုတ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်ဟု ဆိုတာနှင့် သုံးစားမရတဲ့ လူဖြစ်သွားပြီလို့ ကျွန်တော် တံဆိပ် မကပ်ချင်ပါ။ ဘယ်ပါတီဝင်ကမှ ဘယ်ပြိုင်ဖက် ပါတီဝင်ကိုမဆို နင်းခြေ၊ ဖိထောင်း၊ သုံးစားမရအောင် ပြောဆိုခြင်းကို ကျွန်တော် အားမပေးချင်ပါ။ ငယ်ကျိုးငယ်နာဖော်ပြီး တိုက်ခိုက်တတ်ကြသည့် ပါတီဝင်၊ ပါတီများသည် ဘယ်လို အဆင့်အတန်း ရှိသလဲဆိုတာ ကျွန်တော်တို့ အားလုံး သိကြပါသည်။ သို့သော်လည်း…

အပြောင်းအလဲဆိုတာ ဘာကိုခေါ်သလဲ။ ဘာကို ပြောင်းချင်တာလဲ။ ပြောင်းလို့ဘဲ အခုလို ပြောချင်တာ ပြောလို့ရတာပေါ့ ..စသည့် စကားတွေကိုကျတော့ စိတ်ထဲမှာ ဟယ်…တုံးတာ အဘရယ်လို့ဘဲ စကားတင်း ဆိုချင်လာမိသည်။ မပြောင်းဘဲ နေလို့ရလျှင် နေကြအုံးမည့် လူများဆိုတာ ကလေးကအစ ခွေးသော်မှ သိကြသည် မဟုတ်လား။ လူပေါ် လူဇော် လုပ်ချင်တိုင်း လုပ်လို့ရသည့် စနစ်ကြီးကို ဘယ်နိုင်ငံရေး ဖိအားမှ မရှိဘဲ၊ ဘယ်သူမှ တိုက်ခိုက်တွန်းလှန်ခြင်း မပြုဘဲ စိတ်ကောင်း စေတနာနဲ့ ပြောင်းပေးခဲ့တာပါဆိုသည့် စကားအပြောအဆိုတွေသည် အလွန် အရှက်၊ သိက္ခာမဲ့ခြင်းသာ ဖြစ်သည် မဟုတ်လား။ သူတို့ဘာသာ ရှက်၊ ရှက် မရှက် ရှက် ကျွန်တော့်မှာ သတင်းလေး နည်းနည်းလိုက်ဖတ်တာနှင့် အမျက် ဒေါသ သင့်ရလေပြီ။

အခုနောက်ဆုံး မဲဆွယ် စည်းရုံးရေးအတွက် အဆီတရစ်၊ အခေါက်တရစ် အမျိုးသမီးများကို စင်ပေါ်တင်ပြီး ကော့၊ ကန်၊ ကား လုပ်ပြတာ တွေ့ရပြန်တော့ ၀က်သား အလွန်ကြိုက်သည့် ကျွန်တော့်မှာ ၀က်သားစားချင်စိတ်ပင် ပျောက်ပြန်လေပြီ။ စင်ပေါ်မှာ ဒီလို အဖော်၊ အချွတ် မယ်များဖြင့် မဲဆွယ် စည်းရုံးခွင့် ပေးသည့် ပါတီ၏ မူဝါဒသည် အဘယ်သို့ ရှိသနည်းဟု ဥာဏ်မှီသလောက် လိုက်တွေးမိတော့ ကျွန်တော့်ခမျာ ဥာဏ်နည်းတယ်ဘဲ ပြောပြော၊ ဒူလိုက်တာလို့ဘဲ ဆိုဆို ဘယ်လိုမှ အဖြေ မရ။ ၀က်သားကို ရွံသွားတာဘဲ အဖတ်တင် ကျန်ခဲ့သည်။

ဘယ်လိုဘဲ ဆိုဆို၊ ဘယ်လိုဘဲ ဖြစ်ဖြစ် ကျွန်တော် အတန်းတွေလွတ်ရပေအုံးမည်။ စာတွေ အတင်းပြန်ဖိပြီး ကြည့်ရ၊ ဖတ်ရ၊ တွက်ရ ပေအုံးမည်။ ပြီးမှ စာမေးပွဲတွေ အတွက် ပြင်ရဆင်ရပေအုံးမည်။ အတန်းတွေ အောင် အောင် ကြိုးစားပြီး သက်ဆိုင်ရာ ဘွဲ့၊ ဒီပလိုမာတွေ ရအောင် ကြိုးစားရအုံးမည်။ ဒါပေမယ့် ဒါတွေက ကျွန်တော်သေရင် ကျွန်တော်နဲ့ အတူတူ ပါလာမည့် အရာတွေ။ တန်ဖိုးကြီးမားသည့် အရာတွေ မဟုတ်။ ထို့ထက် တန်ဖိုးကြီးမားသည့် အရာက ဒေါ်အောင်ဆန်း စုကြည် ခေါင်းဆောင်ရာနောက်သို့ ဖြောင့်ဖြောင့်တန်းတန်းကြီး လိုက်ပါမည်ဆိုသည့် ကျွန်တော်၏ ကိုယ်ပိုင် ဆန္ဒပြု မဲတစ်ပြားသာ ဖြစ်ပေသည်။

ဖိုးထက်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဖိုးထက်, ဖိုးထက်, ခေတ်ပြိုင်အတွေ့အကြုံ, ခေတ်ပြိုင်အတွေ့အကြုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်