အောင်တင့်ဆွေ – လူ့ဂွစာကြီး (၀တ္ထုတို)

November 5, 2015

အောင်တင့်ဆွေ – လူ့ဂွစာကြီး (၀တ္ထုတို)
(မိုးမခ) နိုဝင်ဘာ ၅၊ ၂၀၁၅

ကျွန်တော်ဒီလမ်းကိုပြောင်းလာတာ မကြာသေးပေးမယ့်လို့ လူတိုင်းနှင့်ခင်နေပြီဖြစ်သည်။ ကျွန်တော်ပြောင်းလာသောလမ်း တွင် လမ်းသွယ် သုံးခုရှိသည်။ လမ်းသွယ် (၁) (၂) (၃) ဟု အမည်ပေးထားသည်။ ကပ်ပြီးပြည့်ကျပ်နေသည်။ ဒါပေမယ့်လို့ လမ်းသွယ်သုံးခုနှင့်ဆိုတော့ အိမ်ခြေများသည်။ အိမ်တွေက တစ်အိမ်နှင့် တစ်အိမ်ကပ်ပြီး ပြည့်ကျပ်နေသည်။ ဒါပေမယ့်လို့ ကျွန်တော် လူတိုင်းနီးပါးနှင့် ခင်သည်။

လမ်းသွယ် (၂) ထဲက  အိမ်တစ်အိမ်မှာနေတဲ့ အဘိုးကြီးတစ်ယောက်နှင့်တော့ တခါမှစကားမပြောဖူးပါ။ သူ့ကို တစ်လမ်းလုံး က လူ့ဂွစာကြီးဟုခေါ်ကြသည်။ ကျွန်တော့်ကိုလည်း သူနဲ့စကားမပြောဖို့ ပြောသည်။ ကျွန်တော်သိရသလောက်တော့ အဖိုး ကြီးမှာ ပင်စင်စားကြီး တစ်ယောက်ဖြစ်သည်။ ဝါသနာအရ မော်တာတို့ ရေစုပ်ပန့်တို့ ပြင်ပါသည်။ သို့ပါသော်လည်း လမ်းထဲကလူတွေကတော့ သွားမပြင်ကြပါ။ တခြားတနေရာကလူတွေသာ တစ်ယောက်စ နှစ်ယောက်စလာပြင်ကြသည်။ ကျွန်တော့်စိတ်ထဲမှာ ဘဝင်မကျဖြစ်နေတာက သူ့ကို စကားပြောမကောင်းလို့ ဒီအတိုင်းထားလိုက်ရင် သူဟာ လူ့ဘောင် အပြင်ဘက်က လူတစ်ယောက်ဖြစ်သွားနိုင်တယ်မဟုတ်လား။

ဒီအကြောင်းလက်ဖက်ရည်ဆိုင်မှာ ကျွန်တော်ကပြောတော့ အားလုံးက မကျေနပ်သောမျက်နှာနှင့် ကျွန်တော့်ကိုကြည့်သည်။ ကျွန်တော်စကားကြားတော့ လမ်းထိပ်ကလူပျိုကြီး ကိုအောင်ကြီးက အဘိုးကြီးအကြောင်းပြောပြသည်။ ကိုအောင်ကြီးက ဒီလမ်းထဲမှာ မွေးကတည်းကနေသူဖြစ်သည်။ ထို့ကြောင့် ဒီလမ်းထဲကလူတွေအကြောင်း အကုန်သိသည်။ သူပြောပြချက်အရ ထိုအဖိုးကြီးမှာ မိန်းမရှိသည်။ သူ့မိန်းမက သူ့ထက် ၄, ၅ နှစ်လောက်ငယ်သည်။ သူကလည်း အစိုးရဝန်ထမ်းတစ်ယောက် ဖြစ်သည်။ ထို့ကြောင့် သူပင်စင်ယူချင်ပေမယ့်လို့ သူမိန်းမက ပင်စင်မယူသေးပေ။ နယ်မှာ တာဝန်ကျနေ၍ သူနှင့်အတူမနေ နိုင်ပါ။ တစ်ခါတလေတော့ ပြန်လာတတ်သည်။ သူ့မှာသားသမီး (၃) ယောက်ရှိသည်။ အကုန်လုံး သူ့အိုးသူ့အိမ်နှင့် တကွဲ တပြား စီနေကြသည်။ ဒါကြောင့် သူတစ်ယောက်ထဲဖြစ်နေခြင်းဖြစ်သည်။ ဝါသနာအရ မော်တာတွေ၊ ရေစုပ်ပန့်တွေကိုပြင် သည်။ ပြင်တယ်ဆိုပေမယ့်လို့လည်း လာပြင်တဲ့သူတွေကို တွေ့ရခဲသည်။

ကျွန်တော် သတိထားမိသည်မှာတစ်လနေမှ တစ်ယောက်လောက်သာ လာပြင်သည်။ ဈေးကြီး၍မဟုတ် သူကလာပြင်ရင် သူများတွေလို ပိုက်ဆံအများကြီး မယူဘဲ ပစ္စည်းလဲစရာမရှိရင် လက်ဖက်ရည်ဖိုးလောက်သာ ယူသည်။ ထိုအချက်ကိုကြည့်ရင် စားဝတ်နေရေးအတွက်မဟုတ်ပဲ ဝါသနာအရပြင်ကြောင်းသိနိုင်သည်။ ကျွန်တော်လည်း ထိုစကားတွေကိုကြားရတော့ သူနဲ့ တနေ့ ပစ္စည်းသွားပြင်ရင် စကားပြောကြည့်မည်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။

ကျွန်တော်လက်ဖက်ရည်ဆိုင်ထိုင်ရင်း တခါတလေသူ့ကိုတွေ့သည်။ သူကဆိုင်ထဲဝင်လာတာနဲ့ လူအရှင်ဆုံးခုံကိုရှာပြီးရင် မှာစရာရှိတာမှာသောက်ပြီး ထပြန်သည်။ ဘယ်သူကိုမှလည်းမခေါ် ဘယ်သူနဲ့မှလည်း စကားမပြောပေ။ ထိုသို့ဘယ်သူနဲ့မှ လည်းမခေါ်မပြော တစ်ယောက်တည်းနေတာကြောင့် သူ့ကို လူ့ဂွစာကြီးဟု ခေါ်ဟန်တူသည်။ ကိုအောင်ကြီးတစ်ခါက အ ဘိုးကြီးနဲ့ ပတ်သက်တဲ့အဖြစ်အပျက်တစ်ခုပြောပြဖူးသည်။ သူတို့လမ်းတွေ ကွန်ကရစ်ခင်းတုန်းက ဖြစ်သည်။ အားလုံးလမ်း အကျယ်ကို တပြေးညီသတ်မှတ်ကြသည်။ ထိုသို့သတ်မှတ်ကျရာတွင် လမ်းသွယ် (၂) (၃) က ဘာပြဿနာမှမရှိ။ လမ်းသွယ် တစ်ကတော့ ပြဿနာရှိသည်။ ခြံစည်းရိုးတွေက ရှေ့တိုးလိုက် နောက်ဆုတ်လိုက်နဲ့ ဖြစ်ချင်သလိုဖြစ်နေသည်။ ထို့ကြောင့် ရပ်ကွက်လူကြီးက တပြေးညီ အတိုင်းအတာယူလိုက်သည်။ သူတို့ လူ့ဂွစာကြီးဟုခေါ်နေသော အဘိုးကြီးရဲ့ ခြံစည်းရိုးကြီးနဲ့ လည်း မလွတ်ပေ။ အဘိုးကြီးက သူ့ခြံစည်းရိုး အခိုင်အမာကြီးကို ဖြိုမပေးချင်ပေ။ ဒါနဲ့ ရပ်ကွက်လူကြီးတွေလည်း မနည်းပြော ဆိုစည်းရုံးပြီးမှ ဖယ်ပေးသည်။ ဖယ်ပေးပေမယ့်လို့လည်း အသာတကြည်မဟုတ်။ အသံအကျယ်ကြီးနှင့် တစ်ရပ်ကွက်လုံး ကြားအောင် အော်ပြောလိုက်သည်။ “လုပ်မည်ဆိုလည်း အားလုံးညီတူညီမျှလုပ်ကြပေါ့ကွာ။ မလုပ်လို့ကတော့ ငါကမဖယ် ပေးဘူး” ဟု အော်ပြောခဲ့ဖူးကြောင်း ကိုအောင်ကြီးက ပြောပြဖူးသည်။

အရင်ကတည်းက အပြောအဆိုနည်းလို့ သတ်မှတ်ခံထားရတဲ့အပြင် လူ့ဂွစာကြီးပါ ပူးတွဲဘွဲ့ထူးရထားသည့် အဘိုးကြီးဟာ ဒီကိစ္စပြီးကတည်းက ခြံစည်းရိုးတံခါးကြီးကို အမြဲသော့ခတ်ထားပြီး အိမ်ထဲမှာတစ်ယောက်ထဲနေတော့သည်။ မော်တာတို့ ပန့်တို့ ပြင်ချင်တဲ့သူလာမှ တံခါးထဖွင့်ပေးသည်။ သူတစ်ယောက်ထဲရှိနေချိန် သူ့ရဲ့ အပျင်းအပြေ အဖော်က ရေဒီယိုဖြစ်သည်။  FM ကိုအကျယ်ကြီးဖွင့်ပြီး နားထောင်သည်။ ဒီလိုနဲ့နေလာလိုက်တာ သူနဲ့ကျွန်တော်စကားပြောဖို့ ကံပါလာသည်။ ကျွန်တော့်အိမ်က ရေစုပ်ပန့်ကလေးပျက်သွားသည်။ ကျွန်တော်လည်း ကျွန်တော့်ပန့် အပျက်ကလေးကို ဖြုတ်ပြီး ပြင်ဖို့သူ့အိမ်ကိုထွက်လာခဲ့သည်။ သူ့အိမ်ရှေ့ရောက်တော့ သော့ခတ်ထားတာတွေ့သည်။ ဒါနဲ့ ကျွန်တော်အိမ်ထဲ လှမ်းကြည့်လိုက်တော့ အဘိုးကြီးက ပက်လပ်ကုလားထိုင်ပေါ်မှာ ရေနွေးသောက်ရင်း FM နားထောင်နေသည်။ ကျွန်တော်လည်း ဒါနဲ့ဘဲ “အဘ” ဟု လှမ်းအော်လိုက်သည်။ ကျွန်တော့်အသံကြားမှ တံခါးလာဖွင့်သည်။ ကျွန်တော့်ကိုလည်း ခြေဆုံးခေါင်းဆုံး ကြည့်နေသည်။ သူ့အိမ်အောက်ရောက်တော့ ကျွန်တော်ထိုင်ဖို့ ထိုင်ခုံတစ်စုံလှမ်းပေးသည်။ ထို့နောက် “ဘာဖြစ်တာလဲ” ဟုမေးတော့ ကျွန်တော်က ကျွန်တော့် ပန့်အပျက်ကလေးကို ပေးလိုက်ပြီး မနက်ကမှဖွင့်လို့မရတော့ကြောင်း ရှင်ပြလိုက်သည်။ ကျွန်တော်ပြောပြီးတာနဲ့ သူလည်းစပြင်တော့သည်။ သူကပြင်ရင်းနဲ့ ကျွန်တော့်ကို စကားပြောသည်။ ကျွန်တော်ကိုအရင်က မမြင်ဖူးကြောင်း ဘယ်ကနေပြောင်းလာကြောင်း စသဖြင့်မေးသည်။ ကျွန်တော်လည်း အလိုက်သင့်ပြန်ဖြေသည်။ ရပ်ကွက်ထဲကသူတွေပြောသလို မဆိုးကြောင်း စကားပြောကြည့်၍ သိရသည်။

ထို့နောက်သူ့ဘဝအကြောင်း၊ ယခင်ကလုပ်ခဲ့သော အစိုးရဝန်ထမ်းဘဝအကြောင်း၊ အခြားထွေရာလေးပါးအကြောင်းတွေကို ခရားရေလွှတ်ပြောသည်။ သူက စကားကို အားရှိပါးရှိပြောကိုကြည့်ရတာ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် မယုံနိုင်ဖြစ်နေသည်။ အလွန်စကားနည်းသည်ဟု ထင်ထားခဲ့သောသူသည် ယခုလိုစကားတွေပြောလိမ့်မည်ဟု ကျွန်တော်မထင်ပါ။ သူပြော စကားအရ သူအရင်က အစိုးရစက်ရုံတစ်ရုံက စက်ပြင်ဆရာတစ်ယောက်ဖြစ်သည်။ သားသမီးသုံးယောက်ရှိပြီး အကုန်လုံး သူ့အိမ်ထောင်နှင့်သူဖြစ်သည်။ ကျွန်တော်ကတော့ သူနဲ့စကားပြောနေစဉ်မှ ခေါင်းညိတ်နဲ့ “ဟုတ်ကဲ့” ဟူသောစကားကိုသာ ခဏခဏသုံးနေမိသည်။ တစ်ခါတလေမှ စကားနည်းနည်းပါးပါး ဝင်ပြောသည်။ ကျွန်တော်ကတော့် နားသာထောင်နေ လိုက်သည်။ ကျွန်တော် ရေစုပ်ပန့်ကလေးပြင်ပြီးတာတောင် စကားစမပြတ်သေးပါ။ စကားတွေဆက်ပြောနေသည်။ သူ့ရဲ့ ငယ်ဘဝအကြောင်း၊ သူ့ဇာတိအကြောင်း၊ သူ့ရဲ့ကျောင်းသားဘဝ၊ နောက်ပြီး သူ စက်မှုလက်မှု သိပ္ပံတက်ခဲ့ရတဲ့အကြောင်း တွေပြောပြသည်။ သူ့စကားထဲတွင် ကျွန်တော်မှတ်မိနေတာတစ်ခုက သူတို့ကျောင်းပြီးတာနဲ့ အလုပ်ခန့်စာကို စာအိတ် ထဲထည့်ပြီး တစ်ခါတည်းပေးလိုက်တယ်ဆိုသည့် အချက်ဖြစ်သည်။ သူနဲ့စကားပြောနေတုန်း ကျွန်တော့်ကို ကော်ဖီတွေ၊ မုန့်တွေနဲ့သာ ဧည့်ခံသည်။ ကျွန်တော်မစားဘူးဟုပြောသော်လည်း မရပါ။ အတင်းစားခိုင်းသည်။

ကျွန်တော် နေ့လည် (၃) နာရီကရောက်ခဲ့တာ ညနေ (၆) နာရီထိုးလို့ မှောင်ရိပ်သန်းမှ စကားစပြတ်၍ အိမ်ပြန်ရသည်။ စကားစပြတ်တယ်လို့ ပြောရပေမယ့် ကျွန်တော်က “ဟုတ်ကဲ့” နှင့် ခေါင်းညိတ်တဲ့အလုပ်ကိုသာ လုပ်ပြီး သူပြောသော စကားများကို နားထောင်နေလိုက်ခြင်းဖြစ်သည်။ ပြန်ခါနီး ပြင်ခဘယ်လောက်ကျလည်း ဟုမေးလိုက်တော့ ပိုက်ဆံပေးစရာ မလိုကြောင်း ဘာပစ္စည်းမှလည်း ထည့်စရာမလိုတဲ့အတွက် ပိုက်ဆံမပေးဖို့ ပြောသည်။ ကျွန်တော်ကလည်း အာနာတာနဲ့ ပိုက်ဆံယူဖို့ အတင်းပြောတော့ ပိုက်ဆံတစ်ထောင်သာ လက်ဖက်ရည်ဖိုးယူလိုက်သည်။ သူ့ကိုကြည့်ရသည်မှာ ကျွန်တော်နဲ့ စကားပြောရသည်ကို နှစ်သက်ပုံပေါ်သည်။ နောက်ပြီး တစ်ခုသတိထားမိတာက သူဒီလိုစကားမပြောရသည်မှာ ကြာပြီး ထင်သည်။ စကားစက ပြတ်တယ်လို့ကို မရှိပေ။ သူ့ပါးစပ်ကမပြောပေမယ့် သူ့မျက်နှာက ကျွန်တော့်ကို နောက်တစ်ချိန်ပြန် လာစေချင်ပုံပေါ်နေသည်။

ကျွန်တော်လည်း နောက်ပိုင်းပြင်စရာ ရှိရှိ မရှိရှိ အဘိုးကြီးဆီကို ကျွန်တော်အလုပ်ပိတ်ရက်တွေဆို သွားသည်။ သွားတိုင်း လည်း ကျွန်တော့်ကို နွေးနွေးထွေးထွေးကြိုဆိုသည်။ လက်ဖက်ရည်တွေ မုန့်တွေနဲ့လည်း အမြဲဧည့်ခံသည်။ ကျွန်တော့်က မကျွေးဖို့ ပြောသော်လည်း မရပါ။ သွားတိုင်း အမြဲကျွေးသည်။ အဘိုးကြီးကိုကျွန်တော်အရင်က သူများတွေပြောသလို စကားပြောမကောင်းတဲ့လူကြီးဟု မှတ်ယူထားခဲ့သည်။ ယခုသိလိုက်ရသည်မှာ အဘိုကြီးက စကားပြောဖော်မရှိ၍ ဒီလိုဖြစ် နေရခြင်းဖြစ်သည်။ စကားပြောဖော် ဆိုရာမှာလည်း သူ့စကားကိုနားထောင်ပေးမယ့်သူ မရှိဘူးလို့ပြောရင် ပိုမှန်မည်ဖြစ်သည်။ ကျွန်တော် အဘိုးကြီးနှင့် စကားပြောရင် အထွေအထူးတွေပြောဖို့မလိုပါ။ ခေါင်းညိတ်ခေါင်းခါ ဟုတ်ကဲ့ မှန်တာပေါ့အဘရာ ဒီလောက်ပဲထောက်ပေးရသည်။ အဘိုးကြီးကလည်း သူပြောချင်တာတွေ နှစ်ရှည်လများ မပြောခဲ့ရလို့လားမသိပါ။ စကား ပြောရင် အမူအရာတွေပါ ပါသည်။ သူဒီလို အာပေါင်အာရင်းသံသံနဲ့ ပြောနေရပေမယ့်လို့ သူ့ကိုကြည့်ပါက ပင်ပန်းပုံ လုံးဝ မပေါ်ပါ။

နောက်ပိုင်းကျွန်တော်နဲ့ စကားပြောချိန်များလာတော့ ကျွန်တော့်ကို ဆွေမျိုးအရင်းအချာပမာ ခင်မင်လာသည်။ ကျွန်တော် ရုံးပိတ်ရက် စနေ၊ တနင်္ဂနွေနေ့ဆိုရင် သူ့ဆီကိုလာတတ်မှန်းသိ၍ ခြံတံခါးကိုစေ့တာရုံသာ စေ့ထားတတ်သည်။ ဒါ့အပြင် ကျွန်တော်လာရင်သောက်ဖို့ ကောဖီဖျော်ဖို့ ရေနွေးဓာက်ဗူးပါ အဆင်သင့်ချထားသည်။ ကျွန်တော်မစားဘူးဟု အမြဲငြင်း လည်း ဘယ်တော့မှမရပါ။ သူကျွေးတာကို စားမှကြိုက်သည်။ ရပ်ကွက်ထဲကလူတွေက ကျွန်တော်နှင့်အဖိုးကြီး ဆက်ဆံရေး ပြေလည်နေတာကို အံ့သြနေကြသည်။ ကျွန်တော်နဲ့ ရပ်ကွက်ထဲကလူတွေ လက်ဖက်ရည်ဆိုင်မှာ တွေ့တိုင်း ဒီအကြောင်းကို အမြဲအမေးခံရသည်။ ကျွန်တော်သူတို့ကို ပြန်ပြောတဲ့ စကားတစ်ခွန်းသာရှိသည်။

“ခင်ဗျားတို့တွေ နားထောင်တဲ့အကျင့်သာလုပ်ပါ ၊ အဘိုးကြီးသာမကဘူး ဘယ်လောက်ဆက်ဆံရေးမကောင်း တဲ့သူနဲ့မဆို ပေါင်းလို့ရတယ်” ဟု ပြန်ဖြေသည်။

ဒီစကားကြားတော့ သူတို့အားလုံး စဉ်းစားခန်းဖွင့်နေကြသည်။ ဒီတစ်ပတ်သွားတော့ အဖိုးကြီးနေမကောင်းလို့ အိပ်ရာထဲမှာ လှဲနေသည်။ ဒါပေမယ့် ဝင်းတံခါးကိုတော့ ထဖွင့်ပေးထားသည်။ အိမ်မှာတစ်ယောက်မှမရှိတော့ ကျွန်တော်ကဘဲ အဘိုးကြီး ကို ဆေးခန်းလိုက်ပို့ပေးရသည်။ ဆေးခန်းရောက်မှ အဘိုးကြီးနာမည် ကျွန်တော်သိခွင့်ရသည်။ အဘိုးကြီးနာမည် က ဦးအောင်ငြိမ်းဖြစ်သည်။ သူကတော့ ကျွန်တော့်နာမည်ကို မသိပါ။ ဒါပေမယ့် ကျွန်တော့်ကို အလွန်ခင်သည်။

သူပြောချင်တာတွေကို နားထောင်ပေးသော ကျွန်တော့်ကို သူ့ဆွေမျိုးအရင်းပမာခင်သည်။ နောက်တစ် ပတ်ကျွန်တော် သွားတော့ ဦးအောင်ငြိမ်းတစ်ယောက် ပတ်လက်ကုလားထိုင်ပေါ်မှာ ထိုင်နေသည်။ မျက်နှာကို ကြည့်ရတာကလည်း အား မရှိသလိုဖြစ်နေသည်။ အဲဒီနေ့မှ ကျွန်တော့်ကို သူ့ဘဝရဲ့ ခက်ခဲတဲ့အချိန်တွေမှာ ဘယ်လိုနေထိုင်ခဲ့တဲ့အကြောင်း ၊ အခက် အခဲတွေကို ဘယ်လိုအောင်မြင်ခဲ့တဲ့အကြောင်းတွေကို ပြောပြသည်။ အဲဒီနေ့ဟာ ကျွန်တော် ဦးအောင်ငြိမ်းကို နောက်ဆုံးတွေ့လိုက်ရတဲ့နေ့ဖြစ်သည်။ ဦးအောင်ငြိမ်းတစ်ယောက် ကျွန်တော်နဲ့တွေ့ပြီး သုံးရက်လောက်အကြာမှာ လေဖြတ်ပြီး ဆုံးသွား သည်။ သူသေဆုံးသွားပေမယ့် ကျွန်တော့်ကိုတော့ တစ်သက်တာမမေ့နိုင်စရာတွေ ထားသွားခဲ့သည်။ လူ့ဂွစာကြီးဟု အခေါ် ခံရသော ဦးအောင်ငြိမ်းတစ်ယောက် ကောင်းရာသုဂတိလားပါစေ။

အောင်တင့်ဆွေ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်