ထက်မြက် – သေခြင်း၏ အခြားမဲ့၌ (၀တ္ထုတို)

November 13, 2015

– သေခြင်း၏ အခြားမဲ့၌ (၀တ္ထုတို)

(မိုးမခ) နိုဝင်ဘာ ၁၃၊ ၂၀၁၅

    အဲဒီလို လူမသိ၊ သူမသိ နေချင်လှ
    အဲဒီလို လူမဆွေး၊ သူမဆွေး သေချင်ပ
    လူသူလေးပါး တိတ်ဆိတ်ချိန်ကြ လောကကြီးကထွက်ခွာမှ
    ငါလျောင်းရာ ဘာကျောက်တိုင်မှမပြ။
    Thus let me live, unseem, unknown,
    Thus unlamented let me die,
    Steal from the workd, and not a stone,
    Tell where I lie.
                
Alexander Pope


ဆရာဦးခင်မောင်လတ်၏ ‘ သေတမ်းစာ’ ဆိုသော ဆောင်းပါးကို စာပေဂျာနယ်တွင် ယခုကဲ့သို့ အလက်ဇန္ဒားပုပ်၏ ကဗျာ လေးကို ဘာသာပြန်ပြီး ရေးသားခဲ့သည်။ ထိုဆောင်းပါးတွင်

“အသိမိတ်ဆွေတစ်ယောက်ရဲ့ နာရေးကြော်ငြာမှာ ‘သွားလေသူရဲ့ဆန္ဒအရ အသုဘပို့ခြင်းသည်းခံပါ’ လို့ ရေးထားတာ တစ် ခါတုန်းက တွေ့ရဘူးတယ်။ အဲဒီဆန္ဒဟာ ဘဘရဲ့ ဆန္ဒနဲ့ တစ်ထပ်တည်းကျနေတယ်။ ဘဘကတော့ အသုဘလဲမပို့စေချင်ဘူး ၊ သတင်းစာထဲမှာလဲ နာရေးကြောငြာ မထည့်ချင်ဘူး” ဟုလည်း ဆက်လက်ရေးသားထား၏။ မသေသေးမီအချိန်ကပင် သေပြီးသောအချိန်အတွက် ကြိုတင်ပြင်ဆင်နေခြင်းဖြစ်သည်။ သေခြင်းတရားကို သိနားလည်သူများသည် သေခြင်းတရားကို မကြောက်ဘဲ ကျော်လွှားနိုင်အောင် ပြင်ဆင်ကြ ခြင်းဖြစ်သည်။ ဘဝကို မက်မောတွယ်တာလွန်းသူများသည် သေခြင်းကို ကြောက်၏။ ဘဝကိုသိပြီး တွယ်တာမှု နည်းလွန်းသူများက သေခြင်းကိုမကြောက်ပေ။  ထိုသူများသည် ဘဝချုပ်ငြိမ်းခါနီး၌ ကိုယ်စိတ်ဝေဒနာ ခံစားရမှု အလွန်နည်းလေသည်။

“ဖေဖေက အခုတလော မောမောနေတယ်” ဟု ကျွန်တော့တူကပြောသဖြင့် မတ်လ ၁ ရက်နေ့က မှော်ဘီရှိ ကျွန်တော့် အစ် ကိုအိမ်သို့ သွားခဲ့ကြသည်။ အိမ်မဝင်ခင် ဈေးထဲရှိ မရီးဖြစ်သူထံ အရင်ဝင်ကြသည်။ အရင်လက ဆရာတော် ရှင်ဉာဏိ သရထံတွင် စစ်ကိုင်းတောင်ရိုး ရေရရှိရေးနှင့် သံဃာ့ဆေးရုံအတွက် ငွေ ခြောက်သောင်း လှူခဲ့သည်ဟုပြော၏။

“နင့်အစ်ကိုက ဆရာတော်ဆီမှာ သိပ်လှူချင်တာ။ ဆရာတော်ကလည်း ဒီဘက်မှာ တရားလာဟောတာနဲ့ ကြုံတော့ မမတို့လဲ လှူဖို့လုပ်ကြတာပေါ့။ နင့်အစ်ကိုက ‘အခုနေလှူရင် နင့်ပိုက်ဆံနဲ့လှူတော့ နင်ပဲ ကုသိုလ်ရမှာပေါ့’ တဲ့။ ဒီတော့ မမက “ ရှင်ကုသိုလ်ရအောင် ရှင့်ကို ကျွန်မ ပိုက်ဆံချေးမယ်၊ ရှင့်တိုက်ခန်းရောင်းပြီး မှ ကျွန်မကို ပြန်ဆပ်ပေါ့။ ဒီလိုဆို လှူတဲ့ငွေဟာ ရှင့်ပိုက်ဆံဖြစ်သွားပြီ” ဆိုမှ ဘဝင်ကျသွားပြီး လှူတာပေါ့” ဟု ကျွန်တော့်မရီးက ရှင်းပြလေသည်။

အစ်ကို့မာနကိုခံစားမိသဖြင့် စိတ်ထဲတွင် ခံစားရသည်။ အိမ်ရောက်သည့်အခါ အစ်ကို အခန်းထဲတွင် မှိန်းနေ၏။ ခြင်ထောင်ကို အသာမပြီး သူ့ဘေးတွင် ကျွန်တော် တင်ပါးလွှဲဝင်ထိုင်လိုက်သည်။ ကျွန်တော့်တူမက  “ဖေဖေ ၊ ဦးလေးတို့ လာတယ်” ဟု ပြောလိုက်၏။ အစ်ကို မျက်လုံးဖွင့်ကြည့်သည်။ မျက်တွင်းများ ချောင်ကျနေပြီ။ ပါးများမှာ ပိန်ချိုင့်နေပြီး ပါးရိုးကြီးများ ငေါ ထွက်နေ၏။ “အစ်ကို နေလို့သက်သာရဲ့လား” ဆိုသော ကျွန်တော့်အမေးကို ခေါင်းညိတ်ဖြေသည်။

ကျွန်တော့်အစ်ကိုသည် အသက် ၇၇ နှစ်ရှိပြီ။ သူ့တွင် ရောဂါစုံ၏။ အစာအိမ်လည်းမကောင်း၊ အဆုတ်လည်းမကောင်း၊ အူမ ကြီးတွင်လည်း အနာရှိသည်။ အဆုတ်ကင်ဆာဖြစ်နေသည်ဟုလည်း ပြောကြ၏။ သို့သော် ကျွန်တော့်တူများက အတိအ ကျ ကျွန်တော့်ကို မပြောပေ။ ပြီးခဲ့သည့်နှစ်က ကိုယ်တစ်ခြမ်းလေဖြန်းသွားသဖြင့် စကားပြောရာတွင် သိပ်မပီတော့။ သား သမီးတွေအားလုံးက ဂရုစိုက်ကြပါတယ်ကွာဟု ကျွန်တော့်ကို တိုးတိုးပြောသည်။ နောက် ဒီနေ့ဘာနေ့လည်းဟုမေးမြန်းသည်။ မတ်လ ၁ ရက်နေ့ဟု ကျွန်တော်ဖြေ၏။ သူ ခေါင်းရမ်းပြသည်။ ကျွန်တော့်တူမကိုခေါ်ပြီး သူ့အမေးကို ဘာသာပြန်ခိုင်းသည်။ တူမကလည်း ကျွန်တော်ဖြေ သည့်အတိုင်းပင် မတ်လ ၁ ရက်နေ့ပင် ပြောသည်။ သူက ခေါင်းရမ်းပြပြန်သည်။ နောက် တစ်ရက်နှစ်ရက်ချည့် ပြေနေကြတာပဲ၊ ဗုဒ္ဓဟူးလား ကြာသတေးလား မေးတာဟုပြောမှ ဗုဒ္ဓဟူးနေ့ဟု ကျွန်တော်တို့ ဖြေ လိုက်ကြသည်။

သူ့ကိုတွဲ၍ အခန်းအပြင်ထွက်ခဲ့ကြသည်။ ပက်လက်ကုလားထိုင်ပေါ် အသာမှေး၍ ချပေးသည်။ ကျွန် တော့်ညီမကို အိပ်ယာထဲလဲနေသော သူ့ညီမဝမ်းကွဲတစ်ယောက်အကြောင်း မေးလိုက်သေးသည်။  ယခင်က သူ အမြဲတမ်းဖြတ်ခိုင်းနေသဖြင့် ယခု ကျွန်တော် ဆေးလိပ်ဖြတ်လိုက်ပြီးဖြစ်ကြောင်း သူ့ကိုပြောသောအခါ ကျွန်တော့်ဘက်ကို ခေါင်းငှဲ့လိုက်ပြီး သဘောကျစွာ အေးအေး ဟု ခေါင်းတဆက်ဆက်ညိတ်ပြ၏။ ခြေထောက် ညောင်းသည်ဆို၍ ကျွန်တော့်မိန်းမနှင့် ညီမက နှိပ်ပေးကြသည်။ ကျွန်တော်လည်း နောက်ဖေးထမင်းစားခန်းထဲ ကော်ဖီသောက်ရန်ထွက်ခဲ့သည်။ တအောင့်လောက်အကြာ၌ ကျွန်တော့်ညီမ ကော်ဖီလာသောက်သည်။  နောက် ကျွန်တော့်မိန်းမရောက်လာသည်။ နှိပ်ပေးရင်း အိပ်ပျော်သွားပြီဟု ပြော၏။ ကျွန်တော်တို့ ကော်ဖီ သောက်ကြသည်။ တူမက ဟောလစ်ဖျော်၍ အဖေ့ကိုတိုက်ရန် အိမ်ရှေ့ထွက်သွားပြီး တစ်ခဏအကြာတွင်   “ ဦး လေး ဦးလေး လာပါဦး ဖေဖေဘာဖြစ်လဲမသိဘူး” ဟု အော်ပြောသည်။ ရှေ့ခန်းကျွန်တော်ရောက်သွား၍ သွေးစမ်းကြည့် သောအခါ သွေးခုန်နှုန်း အလွန်နှေးနေပြီ။ နှလုံးခုန်သံ မကြားရတော့။ မကြာခင် ထွက်သက်ကို ခပ်ပြင်းပြင်း ထုတ်လိုက် လေတော့သည်။ အသက်ထွက်ခါနီးတွင် အိုခြင်း၊ နာခြင်း၏ ဝေဒနာကို စိုးစဉ်းမျှမပြပဲ အညင်သာဆုံးထွက်သက်ကို ထုတ် သွားလေသည်။ အားကျဖွယ်ကောင်းလေစွ။

ကျွန်တော်သေလျှင်လည်း ကျွန်တော့်အစ်ကိုလို သေချင်သည်၊ အသက်ထွက်ချင်သည်ဟု ကျွန်တော့် မရီးနှင့် တူ၊ တူမများကို ကျွန်တော်ပြောပြသည်။

လူတွင် မသေမှီ အိုခြင်းဒုက္ခ၊ သေခါနီး နာခြင်းဒုက္ခ၊ သေပြီး အသုဘဒုက္ခများ ကြုံတွေ့ကြသည်။
ဘာထရန်ရပ်ဆဲလ်က “How to grow old” ဘယ်လိုအိုကြမလဲဟု ရေးခဲ့၏။ ထိုစာကို ဆရာထက်အောင်က ဤသို့ ပြန် ဆိုထားလေသည်။

“………. အချို့သောလူအိုများသည် သေမှာကို ကြောက်ကြပါသည်။ ငယ်ငယ်ရွယ်ရွယ်တွင် သေခြင်း ကို ကြောက်ကြ သည်ဆိုလျှင် အပြစ်မဆိုသာပါ။ သို့ရာတွင် လူအိုများမှာမူ သူ့ဘဝတွင် ပျော်စရာတွေကို တွေ့ခဲ့ ပြီးဖြစ်ပါသည်။ သောက တွေကို ကြုံခဲ့ပြီးဖြစ်ပါသည်။ မိမိလုပ်စရာရှိသည်တို့ကိုလည်း လုပ်ခဲ့ပြီးပါပြီ။ ထို့ကြောင့် အိုကြီးအိုမဖြစ်ခါမှ သေခြင်း ကိုကြောက်နေရသည်မှာ ရှက်စရာကောင်းပါ၏။

သေရမည်ကို ကြောက်သည့်အကြောက်ကို ဖယ်ရှားရန် အကောင်းဆုံးနည်းလမ်းမှာ ကိုယ်စိတ်ဝင်စား မူများ ၊ ဝါသနာများကို တဖြည်းဖြည်းကျယ်ပြန့်လာအောင်လုပ်ရန်၊ ကိုယ်ကျိုးနှင့်ပတ်သက်သည့် စိတ်ဝင်စားမူ များကို နည်းနိုင်သမျှနည်းအောင် လုပ်ရန်၊ သို့ဖြင့် အတ္တတည်းဟူသော တံတိုင်းကြီးကို တဖြည်းဖြည်းဖြိုချရန်၊ သို့ဖြင့် ကိုယ့်ဘဝကို အများ၏ဘဝနှင့် ပို၍ရော နှောသွားအောင်လုပ်ရန်ဖြစ်သည်ဟု ကျွန်တော်ထင်ပါသည်။

………. ထိုအခါတွင် မိမိ၏ ပုဂ္ဂလိကဘဝသည် အနာအကျင်မရှိ ပျောက်မှန်းမသိ ပျောက်သွားပါသည်။ ဘဝကို ထိုအ တိုင်းမြင်နိုင်သည်။ လူအိုတစ်ယောက်သည် သေခြင်းတရားကို ကြောက်မည်မဟုက်ပါ။ သူတန်ဖိုး ထားနေသော အရာများသည် ရှေ့တွင် ဆက်လက်ဖြစ်ပွားနေမည်ဖြစ်သည့်အတွက် သေခြင်းတရားကို သေခြင်း တရားကိုကြောက်ခြင်းမှ ကင်းဝေးပါလိမ့်မည်။ အားခွန်တို့ဆုက်ယုက်ကာ မောပန်းနွမ်းနယ်ခြင်း ကြီးမားလာ သည့်အချိန်တွင် ငြိမ်းချမ်းစွာအနားရ တော့မည်ဟူသော အတွေးသည် မနှစ်သက်စရာမဟုက်ပါ။

ကျွန်တော်သည် သေလျှင် အလုပ်လုပ်ရင်းသာ သေသွားချင်ပါသည်။ ကျွန်တော်ဆက်မလုပ်နိုင်သော အရာတို့ကို အခြား သူများက ဆက်လုပ်ကြမည်ဟူသောအသိဖြင့် သေသွားချင်ပါသည်။ ကိုယ်က စဉ်းစားရုံသာ စဉ်းစားခဲ့သော အရာများသည် တစ်နေ့၌ အကောင်အထည်ဖော်ပြီးသား ဖြစ်လိမ့်မည်ဟူသော ကျေနပ်နှစ်သိမ့်မှုဖြင့် ကျွန်တော်သေသွားချင်ပါသည်။”

ဘာထရန်ရပ်ဆဲလ်က အိုခြင်းဒုက္ခကိုဤကဲ့သို့ မြင်ခဲ့သည်။ အိုစပြုလာသူများသည်။ အိုခြင်းဒုက္ခကို ရင် ဆိုင်ဖို့ ၊ ကျော်လွှားဖို့ တွေးဆပြင်ဆင်ကြ၏။ ဆင်းရဲမွဲတေသူများ ၊ သားထောက်သမီးခံမရှိသူများ ၊ ရှိသော်လည်း သားသမီးကံမကောင်းသူများမှာ အိုခြင်းဒုက္ခကို ခါးစည်းခံကြရ၏။ ရုပ်နာမ်ချမ်းသာလျှင်ကား အိုခြင်းဒုက္ခကို ရင်ဆိုင်ကျော်လွှားဖို့ လွယ်ကူပေသည်။ ထို့ ကြောင့် အသက်ရလာလျှင် ကိုယ်လေးချိန်ချဖို့ ၊ ကိုယ်လက်လှုပ် ရှားဖို့ ၊ ဆေးလိပ် ၊ အရက် ၊ အပျော်အပါးဖြတ်တောက်ဖို့ ကြိုးစားကြခြင်းဖြစ်သည်။

သေလုဆဲဆဲကာလ ထွက်သက်မထုတ်မှီ နာစဉ်ဒုက္ခမှာလည်း ကာယကံရှင်ရော ပတ်ဝန်းကျင်ပါ အ လွန်ဒုက္ခကြီးလှသည်။

ကျွန်တော့်အဒေါ်၊ ကျွန်တော့်အစ်ကိုလတ်တစ်ယောက်၊ ကျွန်တော့်ကြီးဒေါ်၊ ကျွန်တော့်ဝမ်းကွဲအစ်ကို တစ်ယောက်၊ ကင်ဆာရောဂါဖြစ်နေသူများ၊ လေဖြတ်ထားသူများ၊ မသေမှီအချိန်တွင် ဝေဒနာကို အလူးအလှိမ့် ခံစားကြရသည်။ ညည်းညူ သံများ ၊ မာန်တင်းသံများ ငိုရှိုက်သံများဖြင့် နာခြင်းဒုက္ခကို ခါးစည်းခံကြရ၏။ ထိုအ ချိန်တွင် သေမင်းကို အမြန်ဆုံးလာခေါ်ဖို့ တမ်းတကြသည်။ နာခြင်းဝေဒနာမှ ကင်းလွတ်ဖို့အတွက် သေခြင်းတရားသည်သာ တစ်ခုတည်းသောထွက်ပေါက်အဖြစ် မျှော်လင့်စောင့်စားကြခြင်းဖြစ်သည်။ တိုသို့သောဝေဒနာနှင့် ဘဝကူးခါနီးအခြေအနေကို ကျွန်တော်မလိုချင်၊ မခံစားချင်။ အညင်သာဆုံးအသက်ထွက်ချင်သည်။ ထို့ကြောင့် သေဒဏ်ကျခံရသူများကို အမြန်ဆုံး၊ အသက်သာဆုံး အသက်ထွက် နည်းများကို တိုးတက်သောနိုင်ငံများက ရှာကြံကြသည်။ ခေါင်းဖြတ်စက်ဖြင့် လည်ပင်းကိုပိုင်းဖြတ်ခြင်း ၊ နောက်စေ့ကို သေနက်ဖြင့်ပစ်သက်ခြင်း ၊ ထို့ထက် ညင်သာသည်က လည်ပင်းကို ကြိုးကွင်းစွပ်ကာ အသက်ရှုလမ်းကြောင်းကို ပိတ်စေပြီး အုတ်ဆက်ကို ဖြုတ်ပစ်လိုက်သော ကြိုးပေးသက်ခြင်း ၊ နောက် လျှပ်စစ်ဓာက်လွှတ်ပြီး တစ်ပြိုင်နက်တည်း အဆိပ်ငွေ့ပေး သတ်ခြင်း ၊ ယခုနောက်ဆုံးပေါ်သေဒဏ်က သွေးကြောထဲအဆိပ်ထိုး၍ သတ်ခြင်းပင်ဖြစ်ပေသည်။

သေခြင်းတရားကို ညင်သာသည်ဖြစ်စေ၊ ကြမ်းတမ်းသည်ဖြစ်စေ ဖြတ်သန်းသွားကြရသည်။ ကျန်ရစ် သောသက်မဲ့ခန္ဓာ အတွက် ထုံးတမ်းစဉ်လာလုပ်ကြရသည်။ အသုဘဒုက္ခကို ကျန်ရစ်သောမိသားစု ၊ ဆွေမျိုး သားချင်း ၊ ညီအစ်ကိုမောင်နှမများက ခံကြရသည်။ ဆရာဦးခင်မောင်လတ်၏ ‘သေတမ်းစာ’ ဆောင်းပါးသည် အသုဘဒုက္ခအတွက် ရည်ညွှန်း၏။ အကျဉ်းရုံး သဂြိုလ်ခြင်း ၊ ခမ်းနားကြီးကျယ်စွာ သဂြိုလ်ခြင်း၊ ထုံးတမ်းအစဉ် အလာအပေါ် ပကာသနဖက်လာကြသည်။ ဓနအင်အား အနည်းအများအပေါ်မူတည်၍ ကြီးကျယ်မှု၊ သေးငယ်မှုများ ဖြစ်ရပါသည်။

ကြွင်းကျန်ရစ်သော ရုပ်ကလပ်အပေါ် မသေခင်က ကာယကံရှင်များ၏ မှာကြားချက်များ၊ ဆောင်ရွက်ချက်များကို သတိရမိ သည်။ အိန္ဒယဝန်ကြီးချုပ်ဟောင်း ပဏ္ဍပ်နေရူးက သူသေလျှင် သူ့အရိုးပြာကို အိန္ဒိယနိုင်ငံအပေါ် ကြဲချပေးရန် မှာကြား ခဲ့သည်။ တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်းကလည်း သူ့အလောင်းကို ဂူသွင်းမြှုပ်နှံခြင်းမပြုပဲ မီးသဂြိုလ်စေပြီး အရိုးပြာကို တရုတ်တစ်နိုင်ငံလုံးကို ကြဲချပေးရန် မှာကြားခဲ့ပြန်သည်။ မြန်မာနိုင်ငံမှ ဝန်ကြီးချုပ်ဟောင်း ဦးနုကလည်း သူ့အလောင်းကို မီးသဂြိုလ်ပြီး ပင်လယ်ထဲမျှောရန်မှာခဲ့သည်ဟု ကြားဖူးသည်။ စာရေးဆရာ ဗန်းမော်တင်အောင်သည်လည်း သူ့အလောင်းကို မီးသဂြိုလ်ပစ်ရန် မှာကြားခဲ့သည်ဟုဆို သည်။

အသုဘဒုက္ခအတွက် မှာသူများကမှာခဲ့သော်လည်း သူတို့၏ဂုဏ်သိက္ခာ၊ အကျင့်၊ သီလ၊ ကိုယ်ကျိုး စွန့်အနစ်နာခံမှု၊ စွမ်း ဆောင်မှုအရည်အချင်းတို့ကို ကျန်သူများက ထောက်ထားကြ၏။ မြတ်သောနေခြင်းဖြင့် ဘဝကို ဖြတ်သန်းခဲ့ပြီး မြတ်သော သေခြင်းဖြင့် ဘဝကိုချုပ်ငြိမ်းခဲ့သော်လည်း သူတို့ကို အမှတ်တရရှိစေချင်သည်။ သူတို့လိုပုဂ္ဂိုလ်များ ၊ သူတို့လိုလူများအဖြစ် နောင်သားစဉ်မြေးဆက် ပြည်သူပြည်သားအားလုံး အတုယူလိုက်နာ ကြစေရန် သူတို့ အထိမ်းအမှတ်အုတ်ဂူများ ၊ ဗိမာန်များ ၊ ရုပ်ထုများ ပြုလုပ်ကြသည်။ သူတို့ကို ဂုဏ်ပြုကြလေသည်။

သေဆုံးသူများကို အထိမ်းအမှတ်ပြုခြင်းသည် သူတို့ကို တမ်းတလွမ်းဆွတ်ခြင်းဖြစ်သလို သူတို့၏ စွမ်း ဆောင်အနစ် နာခံမှုများကို ဂုဏ်ပြုခြင်းလည်းဖြစ်သည်။ သူတို့လို သားကောင်းသမီးကောင်းများအဖြစ် သူတို့ လျှောက်လမ်းခဲ့သောလမ်းကို ဆက်လက်လျှောက်ကြရန် နောင်လာနောင်သားများကို လမ်းညွှန်အသိပေးခြင်းလည်းဖြစ်၏။ ကွယ်လွန်သွားခဲ့သော မိဘ များအတွက် နှစ်စဉ် ဆွမ်းကျွေး၊ အလှူအတန်းပြုကြသည်မှာ မိဘများအတွက် အမျှအတန်းပေးဝေသလို မိဘများ၏ ကျေးဇူးကို အမှတ်ရခြင်း၊ သိတက်ခြင်း၊ မိဘကို မိဘများဖြစ်အောင် အသိပေးခြင်းလည်းဖြစ်သည်။

ကျဆုံးသော အာဇာနည်ခေါင်းဆောင်များ၊ တိုင်းပြည်အတွက် အသက်ပေးသွားခဲ့သည့် ခေါင်းဆောင်များအတွက် နှစ်စဉ် အခမ်အနားများ ကျင်းပခြင်း၊ ဂုဏ်ပြုခြင်း၊ ဦးညွှတ်ခြင်းတို့မှာလည်း ထိုပုဂ္ဂိုလ်များ၏ ကျေးဇူးတရားကို သိတက်ခြင်း၊ လွမ်း ဆွတ်ခြင်းကို ပြသရာရောက်ပေသည်။

မြင့်မြတ်သူများသည် ပကာသနကို ရွံ့မုန်းကြ၏။ အေးချမ်းစွာနေလိုကြသည်။ အေးချမ်းစွာသေလိုကြသည်။ မြင့်မြတ်သော ၊ ရင့်ကျက်သော ပုဂ္ဂိုလ်ကြီးများ၏ ငြိမ်းချမ်းစွာနေလိုမှုကို သူတို့၏ပတ်ဝန်းကျင်က ဖျက်ဆီးတတ်ကြသည်။ သူတို့၏ နာမည် သတင်း၊ အကျင့်သိက္ခာကို ထိပါးအောင် အနီးကပ်နေသူများက မရည်ရွယ်ပဲ ပြုလုပ်တတ်ကြသည်။ ပကာသနကို ခုံမင် သူများ ၊ ထင်ပေါ်ကျော်ကြားလိုသူများ ၊ မရင့်ကျက်သေးသူများ၏ အန္တရာယ်နှင့် လိုသည်ထက်ပိုသော လုပ်ရပ်များကို သတိ ထားဆင်ခြင်ကြရပေလိမ့်မည်။

ထက်မြက်

illustration : ToniDemuro


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်