မောင်မောင်စိုး – ရိုမန်းတစ်နေ့ရက် နေ့ရက်များ

November 14, 2015

မောင်မောင်စိုး – ရိုမန်းတစ်နေ့ရက် နေ့ရက်များ

(မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၅

ကွယ်လွန်သူ ဆရာမောင်သော်က ကတော့ ရောမတိက ဟုအသံဖလှယ်ခဲ့ဘူးပါသည်။ လွမ်းမောတသကြည်နူး ဆွတ်ပျံ့ဘွယ်နေ့ရက်များဟု ဆိုရမည်ထင်ပါသည်။

မိမိတို့၏ တက္က္ကသိုလ်သည် မင်္ဂလာဒုံ မြို့နယ် အတွင်း ပြည်လမ်းမနံဘေးတွင်တည်ရှိသည်။ မင်္ဂလာဒုံစစ်ဆေးရုံ၏ မျက်စောင်းထိုးတွင်ရှိသည်။ ယခုတော့ မရှိတော့ပေ။ စစ်တပ်၏ သိမ်းပိုက်ခံလိုက်ရသော တခုတည်းသော အရပ်ဖက် တက္ကသိုလ်ဟု မှတ်တမ်းတင်ဝင်သွားပေပြီ။တက္ကသိုလ် ပါမောက္ခချုပ်ရုံးသည်လည်း ပြည်လမ်းမနံဘေး တွင်ရှိသည်။ အုတ်တိုက်နီနီ အုတ်ကျွပ်မိုးနှင့် တထပ်အဆောက် အအုံဖြစ်သည်။ကိုလိုနီခေတ်လက်ကျန်ဖြစ်ပုံရသည်။ ပါချုပ်ရုံး အဆောက်အအုံသည် ဝင့်ဝင့်ကြွားကြွား ခန်းခန်းနားနားတော့ မရှိပေ သို့သော် ဂန္တဝင်ဆန်သည်ဟုဆိုရမည်။ ပါချုပ်ရုံးရှေ့တွင် ကန့်ကော်ပင်အုပ်အုပ်ရှိသည်။မိမိတို့ကျောင်းသည် ရှေ့ဆန်၍ မခန်းနားသော်လည်းတက္ကသိုလ်၏ အငွေ့အသက် ရှိသည်ဟု ဆိုရမည်။ 

ထိုစဉ်က တက္ကသိုလ်၏အငွေ့အသက်များတွင် ကန့်ကော်သည် အထင်ကရ မဟုတ်ပါလော။

ထိုကန့်ကော်သည်ပင် မိမိတို့အား တက်ကြွရွှင်လန်းစေသည် မဟုတ်ပါလော။ တကယ်တော့ မိမိတို့တက္ကသိုလ်သည် ထိုစဉ် ( ၁၉၇၃ ) က ကျောင်းတော်သူ ကျောင်းတော်သား အပြည့်နှင့် စည်ကားခဲ့သည် ရန်ကုန်ပင်မ တက္ကသိုလ် လိုမစည်ကား။ မိမိတို့ တက္ကသိုလ်က တကျောင်းလုံးပေါင်းမှ ကျောင်းသား/သူ ၇၀၀ လောက်ရှိသည်။ ကျောင်းကစာသင်ဆောင်မှာ အငယ်တန်း တန်းသာရှိသည်။ အတန်းကြီးအားလုံးက မင်္ဂလာဒုံစစ်ဆေးရုံနှင့် မြောက်ဥက္ကလာ ရောက်နေကြသည်။ သို့ဖြစ်၍ ကျောင်းမှာက မူလတန်းကျောင်းလောက်မျှပင် လူမရှိချေ။ ထို့ပြင် မင်္ဂလာဒုံ ဆိုသည်မှာ ထိုစဉ်ကဇနပုဒ်မျှသာ။ စည်စည်ကားကားမရှိသေး။ တိတ်ဆိတ်ခြောက်ကပ်နေဆဲဆင်ခြေဖုန်းတခုမျှသာ ဖြစ်သည်။

သို့ဖြစ်ရာ ထိုကန့်ကော်သည်ပင် မိမိတို့ကိ တက္ကသိုလ် ရနံ့ပေး၍ စိတ်ကြီးဝင်စေခဲ့သည်။ စိတ်ချမ်းမြေ့မှုကိုပေးခဲ့သည်။ ထိုစဉ်က ငယ်ရွယ်နုပျိုသော မိမိတို့၏ စိတ်ခံစားမှု နုနယ်သည်။ ခံစားလွယ်သည်။ သစ်ရွက်လှုပ်သံ လေတိုးသံ ပန်းရနံ့ မိန်းမပျိုလေးများ၏ အလှအပကဗျာများ စာများ စသည်စသည် အားလုံးသည်ရင်ခုံခံစားစရာကြီးဖြစ်သည်။ အရွယ်ရာက်လာသော လူငယ်များအား အတွေ့အကြုံသစ် ခံစားမှုအသစ်တို့က ဆီးကြိုနေသည်မဟုတ်ပါလော။ ထိုအထဲအတွင် စိတ်ကူးယဉ်မှုများက ကပ်ညိကပ်နေသည်မဟုတ်ပါလား။

မိုးတွေသဲကြီးမဲကြီးရွာနေစဉ် ထီးမဆောင်းဘဲ မိုးရေထဲ၌ စိတ်အေးလက်အေး လမ်းလျှောက်ထွက်ခဲ့ဖူးသည်မှာ ထိုစဉ် အသက်အရွယ်ကဖြစ်သည်။ ရူးသွပ်မှုများဖြင့် ပြည့်နှက်နေသည်ဟုဆိုရမည်။ ထိုရူးသွပ်မှုများသည် ငယ်စဉ်ဘဝကို ကျေနပ်မှု ပေးခဲ့သည်ကတော့ ငြင်းပယ်မရပေ။

ဆောင်းနှင်းငွေ့လွှမ်းခြုံ၍ ကန့်ကော်ဝေသောတည၌ ပါချုပ်ရုံးရှေ့ ကန့်ကော်ပင်အုပ်အုပ်တွင်မိမိတို့ တညတာ အိပ်စက်ဖြစ်ခဲ့သည်။လှူံဆော်သူက မိမိဖြစ်သည်။ အလိုတူ အလိုပါ သူငယ်ချင်းလေးငါးခြောက်ယောက်လောက်ပါသည်။ ၉ နာရီလောက် မြေကြီးပေါ်ခင်းရန် ဂရောင်းရှိတချပ်ယူ တယောက် ခေါင်းအုံးတလုံးယူ၍ ပါချုပ်ရုံးရှေ့သို့ချီတက်ခဲ့ကြသည်။ ပါချုပ်ရုံး ကန့်ကော်ပင်အုပ်၏ ဘေးတွင် အလံတိုင်ခုံလေးတခုရှိသည်။ ထိုခုံ ပေါ်တွင် မြက်ခင်းလေးရှိသည်။ ထိုမြက်ခင်းပေါ်တွင် အခင်း ခင်း၍ တညတာကိုစခဲ့ကြသည်။

ညသည်တိတ်ဆိတ်နေသည်။ ပြည်မလမ်းဘေးတွင်ပေမဲ့ ထိုစဉ်က နာရီကျော်လျင် ကားအသွားအလာမရှိတော့။ ခြောက်ကပ်တိတ်ဆိတ်သွားသည်။ဝတ်လစ်စလစ်လမ်းမကြီးသည်လည်းအဖေါ်ကင်းမဲ့စွာတကိုယ်တည်းလှဲလျောင်းနေရသည်ဟု ဆိုရပေမည်။ အလံတိုင်ခုံပေါ်လှဲသူကလှဲထိုင်သူကထိုင် ရောက်တတ်ရာရာပြောသူကပြော ရင့်ဖွင့်သူကဖွင့် ကြယ်တွေ ရေတွက်သူကရေ အားလုံးအဆင်ပြေနေကြသည်။ သို့သော် ထိုညကလသာ မသာတော့ မမှတ်မိပါ။ည ၁၂ နာရီကျော်တော့ စကားသံများ တဖြည်းဖြည်းတိုးသွားသည်။ တချို့လည်းငိုက်မြည်း တချို့လည်း နိုးတဝက် အိပ်မက်။

မနက်လေးနာရီထိုးလောက်တော့ အားလုံးနိုးသည်။ နဘေးက ကန့်ကော်အုပ်အုပ်တွင် ကန့်ကော်ပန်းလာခူးသူ၏ အသံဗလံကြောင့် လဲပါသည် ။နှင်းရည်စက်တို့ စိုစွတ်လာသော ကြောင့်လည်းဖြစ်သည်။ ကျောင်းသားများမှန်းသိ၍ ဘာမှ ပြောသော ပါချုပ်ရုံး အစောင့်အဖိုးကြီးက နံနက်စောစော နှင်းရည်စိုရွှဲလာချိန်မှာတော့ ဒီကလေးတွေ ဖျားနာကုန်တော့ မှာဘဲဟု မည်တမ်းသည်။

မိမိနှင့် သူငယ်ချင်းတစ်ဦးလည်း ကန့်ကော်ပန်းတွေ ဝင်ခူးကြ သည်။ ပြီးတော့ ကန့်ကော်ပန်းတပွေ့တပိုက်နှင့် ဆောင်းနှင်းမြူငွေ့ကြားတွင် မိမိတို့ အဆောင်သို့ ပြန်လာခဲ့ကြတော့သည်။ ကန့်ကော်ပန်းတွေ ခူးလာမှတော့ ချစ်သူခေါင်းတွင် ပန်းတွေဝေစေဖို့ ဟု အများကထင်ကြသည်။ သို့သော်မိမိတွင် ချစ်သူခေါင်းတွင် ပန်းတွေဝေစေသည်ထက် ကြီးမားသော အကြံအစည်ကြီးရှိသည်။

ထိုစဉ်က မိမိတွင်ချစ်သူတစ်ဦး ရှိနေခဲ့ပြီဖြစ်၏။ သူမသည် မိမိတို့ကျောင်းမှ မဟုတ်။ အခြားကျောင်းမှဖြစ်သည်။ သူမသည် အသားခပ်လတ်လတ် ဆံပင်ရှည်ကို ခါးလယ်လောက်ထိ ဖြန့်ချထားလေ့ရှိသော ဆံရှည်မလေးဖြစ်သည်။ သို့သော် မိမိခူးလာသော ကန့်ကော်ပန်းသည် သူမ၏ ဆံကေသာတွင် ဆင်မြန်းဖို့တော့မဟုတ်ပေ။

အခန်းထဲရှိ စားပွဲပေါ်တွင် ကန့်ကော်ပန်းများကိုခြောက်သွေ့ သည်အထိ တပတ်ကျော်လောက် ပစ်ထားလိုက်သည်။ အခန်းထဲတွင် ကန့်ကော်ပန်းရနံ့က အချိန်အတော်ကြာစွဲနေသည်။ အခန်းဖေါ်သူငယ်ချင်းက မည်သို့မှ မဆိုသော်လည်း အတော်ရူးတဲ့ သနားစရာ သတ္တဝါအဖြစ် မိမိအားမြင်ပုံတော့ရသည်။ ခြောက်သွားတော့မှ ကန့်ကော်ဝတ်ဆံများအား စက္ကူဖြူလွလွ ပေါ်တွင်ချွေချသည်။ ပြီးတော့ စာအိတ်တအိတ်တွင်ထည့်သည်။ ပြီးလျင်ချစ်သူအားပေးမည်။ ချစ်သူအားသနပ်ခါးဖြင့်ရော၍ လိမ်းစေပြီး ချစ်သူပါးပြင် ပါးကွက်တင်စေမည်။ ပြီးမှ တဝနမ်းရှိုက်မည်ဟု မိမိစိတ်ကူးယဉ်ထားခဲ့သည်။

တကယ့်လက်တွေ့မှာတော့ ထိုကန့်ကော်ဝတ်ဆံများကို ချစ်သူအားပေးခွင့်မကြုံတော့ပါ။ တက္ကသိုလ်နယ်မြေတွင် ခွပ်ဒေါင်းအလံ ဝဲပျံလာခဲ့သည်။ လက်ရုံးတို့ ဆန့်တန်းခဲ့ကြသည်။ မိမိလည်းထိုမှသည် ခရီးရှည်ကြီးထွက်ခဲ့ရသည်။ ကန့်ကော်ဝတ်ဆံထည့်ထားသော စာအိတ်လေးသည် အမျိုးသားဆောင် အခန်းနံပတ် တွင် ကျန်ခဲ့သည်။ ချစ်သူပါးပြင်သို့ မရောက်ဘဲ အမှိုက်ခြင်းတွင်းသို့ သက်ဆင်းသွားမည်ထင်သည်။ သူမနှင့်လည်း ပြန်မဆုံတော့။ နောင်တော့ သူငယ်ချင်းတစ်ဦးက မင်းနဲ့လွဲသွားတာ ဒီကောင်မလေး ကံကောင်းသွားတာ ဟု ဆိုသည်။ ဟုတ်မည် ထင်ပါသည်။

တကယ်လူဘဝသည်ကတော့ ရိုမန်းတစ်မဆန်လှချေ။ ရက်စက်ကြမ်းကြုတ်လှသည်။ အားကြီးသူရှင်သန်သည့် တောရိုင်းဥပဒေသ ခေါင်းထောင်ထနေသည့်ကာလတွင် လက်တွေ့ဘဝသည် ရိုမန်းတစ်မဖြစ်ချေ။ ကြမ်းတမ်းရက်စက်၍ အကြင်နာကင်းမဲ့သော ဘဝအားဖြတ်သန်းရင်း အပူအပင် ကင်းမဲ့ခဲ့သော ရိုမန်းတစ်နေ့ရက်များအား သတိရမိသည်။

ကြည်နူး ဆွတ်ပျံ့ လွမ်းမောတသဘွယ် အတိတ်၏ နေ့ရက်များသည် မည်သို့ဆိုစေစိတ်၏ ငြိမ်းအေးမှုကိုခဏတာ ပေးနိုင်စွမ်းပါသည်။ မိမိတို့၏အားလုံး၏ ရိုမန်းတစ်နေ့ရက်များသည် တိုတောင်းကောင်း တိုတောင်းနိုင်ပါသည်။ သို့သော် ထိုအမှတ်တရများ၌ မိမိတို့ နုပျိုမှုများ စိတ်ကူးစံများ ခံစားမှုများ မျှော်လင့်ချက်များ စီးဝင် နေသည်ကတော့ အမှန်ပင်။ ထို့ပြင် တခါတရံ ဘဝအမောမှ ခေတ္တထွက်ပြေးလွတ်မြောက်ပြီး
တခဏတာလေးဖြစ်စေ ခိုလှုံနိုင်သော အမှတ်တရလေးအဖြစ် ရှိနေသည်ဟု ဆိုရမည်။

မွမ်းကြပ်လှသော နေ့စဉ်ဘဝများမှ တခဏတာမျှ ထွက်ပြေး ခိုလှုံနိုင်သော ကြည်နူး ဆွတ်ပျံ့လွမ်းမော တသဖွယ်ရာ ရိုမန်းတစ်နေ့ရက်များဟုဆိုရပေမည်။

( photo credit Oo Hla Oo

မှတ်ချက် စုဆောင်ထားသည့် ဓါတ်ပုံများပို့ပေးသည့် ဆရာ Oo Hla Oo အား အထူးကျေးဇူးတင်ပါသည်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, မောင်မောင်စိုး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ

By

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ (မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၁၇ တရားမျှတဖို့ အတွက်...

Read more »

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့ အိမ်အရောက် ပို့ဆောင်ပေးနေပါတယ်

By

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့  အိမ်အရောက် ပို့ဆောင်ပေးနေပါတယ် (မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၁၇ ၂၀၁၆...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်