မြတ်သိန်းထွန်း – ပြောင်းလဲချိန်တန်သည့် အခါ …

November 17, 2015

၂၀၁၅ ဇွန်လ၊ ဓာတ်ပုံ မြ၀တီ။ ရေဘေးကယ်ဆယ်ရေး

မြတ်သိန်းထွန်း – ပြောင်းလဲချိန်တန်သည့် အခါ …

(မိုးမခ) နိုဝင်ဘာ ၁၇၊ ၂၀၁၅

ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ကြွေးကြော်သံနဲ့အတူ မြန်မာပြည်ရဲ့ နိုင်ငံရေးစနစ် အပြောင်းအလဲတစ်ခုကို နိုင်ငံရေးအင်အားစုတွေနဲ့ ပြည်သူတွေ လက်တွဲပြီး ကြိုးစားခဲ့တာ ခုဆို လမ်းခုလတ်ရောက်နေပါပြီ။ စနစ်ကိုပြောင်းလဲဖို့ ကြိုးစားမှုနဲ့အတူ အဲဒီကြိုးစားမှုကြောင့် ပြောင်းလဲလာတဲ့ စနစ်နဲ့ လိုက်လျောညီထွေနေနိုင်ဖို့ ကြိုးစားသူတွေဖက်မှာလည်း မိမိတို့ရဲ့ အရိုးစွဲနေတဲ့ အကျင့်စရိုက်ပြောဆိုပြုမူပုံတွေကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်ပါတယ်။ စံသတ်မှတ်မှုမရှိပေမယ့် နိုင်ငံကောင်းဖို့အတွက် ကျွန်တော်တို့မှာ ကိုယ်စီကိုယ်ငှ ပြောင်းလဲသင့်တာလေးတွေ ရှိနေပါတယ်။

အဲဒီထဲက တစ်ခုကို ဆွဲထုတ်ပြရမယ်ဆိုရင် မြန်မာပြည်သူအများစုရဲ့ တပ်မတော်အပေါ်ထားတဲ့ သဘောထားအမြင်ပဲ ဖြစ်ပါတယ်။ အားလုံးသိတဲ့အတိုင်းပါပဲ။ တပ်မတော်ဟာ အာဏာကိုချုပ်ကိုင်ထားတဲ့ လူတစ်စုရဲ့ အသုံးချခံဖြစ်နေခဲ့တာ ဆယ်စုနှစ်ပေါင်းများစွာ ရှိခဲ့ပါပြီ။ တိုင်းပြည်ရဲ့ အကြီးမားဆုံး အင်အားစုဖြစ်တဲ့ တပ်မတော်ရဲ့ အမိန့်နာခံမှု၊ အဲဒီအချက်ပေါ် အခြေခံတဲ့ စစ်သည်တိုင်းရဲ့ ကျင့်ဝတ်သိက္ခာ၊ အဲဒါတွေကို အလွဲသုံးစားလုပ်ခံခဲ့ရတာ နှစ်ပရိစ္ဆေတများစွာ ကြာလာတဲ့နောက်ပိုင်းမှာ တပ်မတော်ဟာ မြန်မာနိုင်ငံမှာ လူမုန်းအခံရဆုံး အဖွဲ့အစည်းတစ်ခု ဖြစ်လာခဲ့ပါတယ်။
အစုအဖွဲ့ထဲက တစ်ဦးချင်းစီရဲ့ ပြုမူလုပ်ဆောင်ချက်ဟာ အဖွဲ့အစည်းတစ်ခုလုံးအပေါ် အတိုင်းအတာတစ်ခုထိ သက်ရောက်မှုရှိသလို အဖွဲ့အစည်းတစ်ခုလုံးရဲ့ ပုံရိပ်ဟာလည်း သူ့ထဲမှာ ပါဝင်နေတဲ့ တစ်ဦးတစ်ယောက်ချင်းစီအပေါ် သက်ရောက်မှုရှိနေပါတယ်။ အဲဒီလို အပြန်အလှန်သက်ရောက်မှုရှိနေတဲ့ အနေအထားဟာလည်း သူ့ကိုထိန်းကျောင်းမောင်းနှင်တဲ့ စနစ်အပေါ်မှာ ရာနှုန်းပြည့် မှီခိုနေပါတယ်။ စနစ်မကောင်းခဲ့တဲ့အတွက် တပ်မတော်ရဲ့ ပုံရိပ်ဟာ ဆယ်စုနှစ်ပေါင်းများစွာ မြောင်းထဲရောက်ခဲ့ရပါတယ်။ အဲဒီရဲ့ဆိုးကျိုးကို တပ်မတော်သားတိုင်း ခံစားနေခဲ့ရပါတယ်။ ပြည်သူ့အချစ်တော်ဘ၀ကနေ ပြည်သူ့ချဉ်ဖတ်ဖြစ်သွားပြီး အာဏာရှင်ရဲ့ လက်ပါးစေ၊ စစ်ခွေးစတဲ့ ရှုံ့ချပြစ်တင်မှုတွေကို မချိမဆန့် ခံစားခဲ့ကြရပါတယ်။ သူတို့တင်မကပဲ သူတို့ရဲ့ မိသားစုဝင်တွေပါ အဲဒီဒဏ်ရာတွေကို မလိုချင်ပဲ ပိုင်ဆိုင်ခဲ့ကြရပါတယ်။ ဒီလိုအခြေအနေတွေဟာ စစ်အာဏာရှင်တွေအတွက် အာဏာလက်မလွှတ်ရဖို့ တပ်မတော်ကို ဆက်အသုံးချစရာ အကြောင်းပြချက်တစ်ခု ဖြစ်နေခဲ့ပါတယ်။ အဲလိုနဲ့ အာဏာရှင်စနစ် သက်ဆိုးရှည်လာတဲ့အခါ ပြည်သူအများစုဟာ တပ်မတော်သားတွေကို ပြည်သူထဲက ပြည်သူအဖြစ်တောင် မမြင်နိုင်တော့ပဲ ရွံရှာမုန်းတီးလာခဲ့ကြပါတယ်။

တကယ်တော့ တပ်မတော်သားတွေဟာ အထက်ကပေးလာသမျှ အမိန့်အတိုင်း တသွေမတိမ်းလိုက်နာနေရသူတွေပါ။ အဲဒီအမိန့်ကို လိုလိုလားလား နာခံနိုင်ဖို့ သူတို့အတွက် အဓိကတွန်းအားက နိုင်ငံနဲ့ပြည်သူကို ကာကွယ်နေတယ်ဆိုတဲ့ ခံယူချက်ပဲဖြစ်ပါတယ်။ အဲဒီခံယူချက်နဲ့အတူ လေ့ကျင့်သင်ကြားလာခဲ့ရတဲ့ တပ်မတော်သားတွေဟာ အမိန့်နာခံမှုနဲ့ အသားကျလာတဲ့အခါ ပေးအပ်လာတဲ့ အမိန့်ရဲ့ တရားခြင်း၊ မတရားခြင်းကို စောဒတက်နိုင်စွမ်း မရှိတော့ပါဘူး။ အမိန့်နာခံခြင်းသည်သာ သူတို့ရဲ့တာဝန်၊ သူတို့ရဲ့ ဂုဏ်သိက္ခာ ဖြစ်လာခဲ့ပါတယ်။ ပြည်သူ့အတွက် အသက်စွန့်ရဲတဲ့သူတွေရဲ့ အမိန့်နာခံခြင်းကို ခုတုံးလုပ်ပြီး ပြည်သူနဲ့ ရန်တိုက်ပေးခဲ့တယ်လို့ ပြောရင် မှားမယ်မထင်ပါဘူး။
တကယ်တော့ တပ်မတော်သားအများစုဟာ တခြားနိုင်ငံဝန်ထမ်းတွေထက် တိုင်းပြည်ကို ပိုချစ်တဲ့သူတွေ ဖြစ်ကြပါတယ်။ တော်ရုံစိတ်ဓာတ်နဲ့ အသက်ရင်းရဲဖို့ဆိုတာ မလွယ်ပါဘူး။ အဲဒီလိုရင်းရဲသလောက် တဖက်မှာလည်း ပြည်သူဆီက ချစ်ခြင်းမေတ္တာကို သူများထက် ပိုတောင့်တမက်မောကြပါတယ်။ ဒါပေမယ့် သူတို့မျှော်လင့်သလို ဖြစ်မလာခဲ့ပါဘူး။ ကိုယ်ချစ်သလောက် ပြန်အချစ်မခံရတဲ့အခါ လူတိုင်းနာကျည်းတတ်ကြပါတယ်။ အဲဒီနာကျည်းမှုတွေကပဲ ပြည်တွင်းစစ်မှာ တိုင်းရင်းသားတွေကို စိတ်ဒဏ်ရာတွေပေးခဲ့သလို ပြည်တွင်းစစ်နဲ့အတူ စစ်အာဏာရှင်စနစ်ကိုလည်း သက်ဆိုးရှည်စေခဲ့ပါတယ်။

ပြည်တွင်းစစ်ဆိုတာ စနစ်ကြောင့် ဖြစ်ရတာပါ။ သူလိုချင်တဲ့စနစ်နဲ့ ကိုယ်လိုချင်တဲ့စနစ် မတူညီလို့ ဒါမှမဟုတ် အပေးအယူမျှတမှုမရှိတဲ့အခါ စစ်ဖြစ်ကြရပါတယ်။ လက်နက်ကိုင်ချင်းတိုက်တဲ့ပွဲမှာ ဘယ်ဖက်ကလွန်တယ်လို့ တဖက်သတ်ကောက်ချက်ဆွဲလို့မရပါဘူး။ နှစ်ဖက်စလုံးမှာ အကြောင်းပြချက် ကိုယ်စီရှိကြပါတယ်။ ဒါပေမယ့် စစ်ပွဲကြာရှည်လာတဲ့အခါ စစ်ဘေးဒဏ်ခံစားခဲ့ရတဲ့ သာမန်ပြည်သူတွေရဲ့ ဘေးဒုက္ခနဲ့ နာကျည်းစိတ်ကို အဲဒီနှစ်ဖက်စလုံးရဲ့ အကြောင်းပြချက်တွေက ဖာထေးလို့မရတော့ပါဘူး။ စစ်ဖြစ်ရာဒေသတွေဟာ တိုင်းရင်းသားဒေသတွေ ဖြစ်တဲ့အတွက် ခံတိုက်တဲ့ လက်နက်ကိုင် တော်လှန်ရေးသမားတွေထက် သွားတိုက်တဲ့ တပ်မတော်သားတွေက ပိုမုန်းတီးခံရပါတယ်။

မုန်းတီးဖို့ လုံလောက်တဲ့ အကြောင်းပြချက်တွေလည်း အများကြီး ရှိနေပါတယ်။ ရွာမီးရှို့တာ၊ ပေါ်တာဆွဲတာ၊ သူပုန်ထင်ပြီး ပစ်သတ်တာ စတာတွေအပြင် မုဒိန်းမှုစတဲ့ ပြစ်မှုတွေလည်း ဖြစ်ပွားခဲ့ပါတယ်။ မရှိဘူးလို့ ငြင်းမယ်ဆိုရင် ရှိခဲ့တယ်ဆိုတဲ့ သက်သေအထောက်အထားတွေလည်း တပုံကြီးရှိနေပါတယ်။ ယုတ္တိကျကျ ဆင်ခြင်သုံးသပ်ကြည့်ရင်တောင် သားမယားနဲ့ လပေါင်းများစွာ ထိတွေ့ဆက်ဆံမှုမရှိတဲ့ ရှေ့တန်းရောက် တပ်မတော်သားတချို့ဟာ စစ်ဖြစ်ရာဒေသတွင်းက သားမယားနဲ့ နီးနီးကပ်ကပ် နေခွင့်ရတဲ့ လက်နက်ကိုင်တော်လှန်ရေးသမားတွေထက် မုဒိန်းမှုဖြစ်နိုင်ချေ ပိုများပါတယ်။
အဲဒီလိုဖြစ်ရပ်တွေကြောင့် တပ်မတော်သင်တန်းကျောင်းတွေမှာ ကျင့်သုံးတဲ့ One for All စနစ်လိုပဲ တစ်ယောက်မကောင်းရင် အားလုံးဟာ အပြစ်တင်ခံရပါတော့တယ်။ ဒီအချက်တွေဟာ တပ်မတော်သားတွေကို ပြည်သူမုန်းတီးဖို့ လုံလောက်တဲ့ အကြောင်းပြချက်တွေလို့ ပြောရင် မမှားပါဘူး။

ဒါပေမယ့် ပြောင်းလဲချိန်တန်ပြီလို့ ပြောကြတဲ့အခါ အရင်ကလိုပဲ တပ်မတော်ကို အပြစ်ထိုင်တင်နေရင်း သူ့ဘာသာသူ ပြောင်းလဲလာမယ့် အချိန်ကို ထိုင်စောင့်ကြမလား၊ ပြည်သူဖက်ကနေ စတင်ပြီး နွေးနွေးထွေးထွေး လက်ကမ်းကြိုဆို ပြောင်းလဲယူမလားဆိုတဲ့ မေးခွန်းတစ်ခု ရှိနေပါတယ်။

တပ်မတော်သားအများစုဟာ သာမန်ပြည်သူတွေလိုပဲ စနစ်ဆိုးရဲ့အောက်မှာ မချိမဆန့် ရုန်းကန်နေကြရတာပါ။ သူတို့ကို မှီခိုနေတဲ့ မိသားစုဝင်တွေရဲ့ ဘ၀ကလည်း အပြင်ကအောက်ခြေပြည်သူတွေလိုပဲ ဆိုးရွားလှပါတယ်။ အကျင့်ပျက်ချစားမှုအောက်မှာ တခြားဝန်ကြီးဌာနတွေထက် ဘတ်ဂျက်ပိုရပေမယ့် လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ဆယ်ကျော်က အရာရှိ၊အရာခံ၊အကြပ် စစ်သည်တွေရဲ့ဘ၀ဟာ ဒီနေ့ထိ ထူးမခြားနားလှပါဘူး။ လစာရိက္ခာအနည်းငယ် ပိုရပေမယ့်လို့ တရိပ်ရိပ်ထိုးတက်လာနေတဲ့ ကုန်ဈေးနှုန်းအောက်မှာ အသက်နဲ့ရင်းပြီး ၂၄နာရီ တာဝန်ထမ်းဆောင်နေကြရတဲ့ သူတို့ရဲ့ဘ၀က တောက်ပြောင်မလာနိုင်ခဲ့ပါဘူး။ ကြီးပွားနေတဲ့ လက်တဆုပ်စာ စစ်ဗိုလ်ချုပ်တစ်စုအတွက် စတေးခံနေရတဲ့ အောက်ခြေ တပ်မတော်သားတွေရဲ့ဘ၀ဟာ ဆယ်စုနှစ်နှစ်ခုကျော် စာနာသူကင်းမဲ့ခဲ့ရပါတယ်။

အရပ်ဖက်ပြောင်းလဲတဲ့ စနစ်မကျင့်သုံးခင်အထိ အောက်ခြေတပ်မတော်သားတွေအဖို့ သက်ပြည့်ပင်စင်ကလွဲပြီး တပ်မတော်ကထွက်ချင်ရင် အသေထွက်၊ အပြတ်ထွက်၊ အရူးထွက်၊ စစ်ပြေးထွက် အဲလေးမျိုးပဲ ရှိခဲ့ပါတယ်။ စစ်သက်ဆယ်နှစ်ပြည့်ရင် ထွက်ခွင့်ရှိတယ်ဆိုတဲ့ စစ်မှုထမ်းဥပဒေက ခုချိန်ထိ အသက်မ၀င်သေးပါဘူး။ ကျွန်ဝယ်ရာ အဆစ်ပါဆိုသလို အဲဒီအောက်ခြေတပ်မတော်သားတွေရဲ့ အိမ်ထောင်ဖက်ရဲမေတွေဟာလည်း ရှေ့တန်းစစ်မြေပြင်မှာ အသက်အန္တရာယ် ကြုံကြိုက်လာတဲ့အခါ လင်သားတွေနဲ့အတူ သေနတ်ကိုင်တိုက်ခဲ့ရပါတယ်။ နောက်တန်းမှာလည်း အများစုဟာ အရာရှိမိသားစုတွေရဲ့ အိမ်တော်ပါကျွန်ဘ၀နဲ့ ရပ်တည်နေရပါတယ်။ ရှေ့မတိုးသာ၊ နောက်မဆုတ်သာ မချိမဆန့်ရပ်တည်နေရတဲ့ သူတို့ဘ၀မှာ အဓိပ္ပါယ်ရှိစွာ ရှင်သန်ဖို့အတွက် တိုင်းပြည်အတွက်ပေးဆပ်နေတယ်ဆိုတဲ့ ခံယူချက်လေးတစ်ခုတည်းနဲ့ မာန်တင်းနေကြတာပါ။

လက်တကမ်းမှာ မြင်နေရတဲ့ အဆင်ပြေကြီးပွားနေတဲ့ တပ်မတော်သားတချို့ကို ကြည့်ပြီး ပြစ်တင်ဝေဖန်လိုသူတွေအနေနဲ့ လက်တကမ်းထက် ဝေးဝေးကြည့်မှ မြင်နိုင်မယ့် စုတ်ပြတ်သတ်နေတဲ့ ဘ၀တွေကို မြင်အောင်ကြည့်ပြီးမှ ဆုံးဖြတ်စေချင်ပါတယ်။
လစာတစ်သိန်းကျော်ပေးမယ်၊ ရိက္ခာပေးမယ်၊ ပေါင်တစ်ရာကျော်အလေးကို ထမ်းပြီး လနဲ့ချီမနားတမ်း တောင်တက်တောင်ဆင်းသွားရမယ့် အလုပ်ကို လုပ်နိုင်မလားလို့ သာမန်ပြည်သူတွေကို မေးရင် ခေါင်းခါမယ့်လူတွေချည်းပါပဲ။ ညစ်ပတ်ပေရေပြီး ဖြစ်သလိုနေထိုင်စားသောက်ရမယ့် အခြေအနေတွေ မပါသေးပါဘူး။ အခန့်မသင့်ရင် ခြေပြတ်လက်ပြတ် မျက်စိကန်း အသက်ပါဆုံးရှုံးရမယ့် အခြေအနေတွေ မပါသေးပါဘူး။ ဒီလစာ၊ ဒီခံစားခွင့်လေးနဲ့ အဲလိုအလုပ်မျိုးကို ဂုဏ်ယူစွာလုပ်နေသူတွေဟာ တပ်မတော်သားတွေ ဖြစ်ကြပါတယ်။ သူတို့ကို ကိုယ့်ရဲ့ သွေးသားရင်းခြာအဖြစ် ရှုမြင်ကြည့်ပါ။ ကိုယ့်သွေးသားကို အဲဒီအခြေအနေမျိုးမှာ မြင်ရက်ပါ့မလား။

တပ်မတော်လေ့ကျင့်ရေး သင်တန်းကျောင်းတချို့မှာ ခွဲတမ်းချပေးတဲ့ ရိက္ခာတွေကို အဆင့်ဆင့် အလွဲသုံးစားလုပ်တဲ့အတွက် ရဲဘော်သစ်လေးတွေဟာ အပြင်လူဆိုရင် နှာခေါင်းရှုံ့လောက်တဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်တွေကို ဖြစ်သလို စားသောက်နေကြရပါတယ်။ တခါတလေ အထက်အရာရှိက ဖော်ရှိုးလုပ်ပြဖို့ စားရိပ်သာမှာ တ၀ိုင်းတည်း လာစားတဲ့နေ့လောက်ပဲ ကောင်းကောင်းစားရပါတယ်။ မြိုမကျနိုင်တဲ့လူသစ်တွေကို မြိုကျလာအောင် ခေါင်းထဲရိုက်သွင်းတဲ့ စနစ်အမှားတစ်ခုက စစ်သားဆိုတာ အစားအသောက် ဂျီးများခွင့်မရှိဘူး။ ငါတို့လည်း ဒီဘ၀ကတက်လာတာ။ ဒီလိုမျိုးစားသောက်ခဲ့ရတာ။ မင်းတို့ သင်တန်းမှာ ဒီဟာတွေ မ၀င်နိုင်ရင် ရှေ့တန်းမှာ ဘယ်လိုလုပ်စစ်တိုက်မလဲ။ အဲဒီသြ၀ါဒတွေကြားမှာ မုန်ညှင်းရွက်ရေလုံပြုတ်၊ သဲတရှပ်ရှပ်ငါးခြောက်၊ ယင်မနားငါးပိနဲ့ အမဲရွတ်တွေကို ရဲဘော်သစ်တွေ အံကြိတ်ဝါးနေရတုန်းပါပဲ။ ဒီခလေးတွေကို ကိုယ့်သွေးသားအဖြစ် မြင်ကြည့်ပါ။ ဘယ်လောက်သနားစရာကောင်းသလဲ။ ခုနောက်ပိုင်း သင်တန်းကျောင်းတွေရဲ့ အခြေအနေ မဆိုစလောက် ပြန်ကောင်းလာတယ်ဆိုပေမယ့် ရှိသင့်ရှိထိုက်တဲ့ အဆင့်အတန်းကို မရောက်နိုင်သေးပါဘူး။

တပ်မတော်ကထွက်လာတဲ့အချိန်မှာ တချို့အရာရှိတွေလို အရပ်ဖက်မှာ နေရာကောင်းမရနိုင်လို့ အပြင်မှာ လုပ်ကိုင်စားသောက်မတတ်ပဲ ဘ၀ပျက်နေတဲ့ စစ်မှုထမ်းဟောင်းတွေ တပုံကြီးရှိနေပါတယ်။ စစ်တပ်ကိုအကြောင်းပြပြီး နိုင်ငံရဲ့သယံဇာတတွေကို အလွဲသုံးစားလုပ်နေတဲ့ ဦးပိုင်လိုမျိုး အဖွဲ့အစည်းတွေ ပြစ်တင်ဝေဖန်နေတဲ့အချိန်မှာ သူတို့ရဲ့ ဒဏ်ကို သာမန်ပြည်သူလို ပြန်မပြောရဲ၊ ဆန္ဒမပြရဲကြတဲ့ စစ်မှုထမ်းဟောင်းတွေရဲ့ ဘ၀ကို စာနာဖို့မမေ့ပါနဲ့။ စစ်အာဏာရှင်တွေ ဆက်ရှင်သန်နိုင်ဖို့ တပ်မတော်ကို ခုတုံးလုပ်၊ ပြည်သူတွေကြား ၀ါဒမှိုင်းတိုက်နေတဲ့ လက်တစ်ဆုပ်စာ စစ်မှုထမ်းဟောင်းတွေကို ကြည့်ပြီး တခြားစစ်မှုထမ်းဟောင်းတွေရဲ့ ရင်ဘတ်ထဲ ၀င်ကြည့်ဖို့ မတွန့်သွားပါနဲ့။ ခင်ဗျားတို့လိုပဲ သူတို့ဟာ တိုင်းပြည်ကို အင်မတန်ချစ်မြတ်နိုးပြီး တိုးတက်စေချင်သူတွေပါ။

စစ်အစိုးရခေတ်မှာ အရပ်သားပြည်သူတွေထက် ပိုမိုကောင်းမွန်တဲ့ ပညာရေးကို တပ်မတော်အရာရှိတွေ ရခဲ့ကြပါတယ်။ ဒါပေမယ့် ခိုင်မာမှုမရှိတဲ့ ပေါ်လစီတွေကြောင့် တိုင်းပြည်ဘဏ္ဍာတွေ အများကြီးသုံးပြီး ပညာတော်သင်လွှတ်ခံရတာကနေ ပြည်တော်ပြန်လာခဲ့တဲ့ တပ်မတော်သားပညာရှင်တချို့ဟာ သူတို့တတ်မြောက်လာတဲ့ ပညာရပ်တွေနဲ့ နိုင်ငံကို အကျိုးပြန်ပြုရမယ့်အစား ရှေ့တန်းမှာ သေနတ်ကိုင် တိုက်ပွဲဝင်နေကြတာတွေ ရှိပါတယ်။ နောက်တန်းမှာ ဖက်တိတ်အင်ချက်တွေ ဖြစ်နေကြရပါတယ်။ ဘာကြောင့်လဲဆိုတာကိုတော့ နိုင်ငံတော်ထိပ်တန်းလျှို့ဝှက်ချက်ဖြစ်နေလို့ ထည့်မရေးတော့ပါဘူး။ အဲဒီလိုနေရာမှန်လူမှန် မဖြစ်လို့ စိတ်လေလွင့်နေရတဲ့ တပ်မတော်အရာရှိတချို့ရှိနေပါတယ်။ နောင်တချိန်မှာ တိုင်းပြည်ကို အုပ်ချုပ်ရမယ့် ပုဂ္ဂိုလ်တွေအနေနဲ့ သူတို့ကို ပညာရှင်အဖြစ်မမြင်ပဲ မုန်းတီးစရာ စစ်အာဏာရှင် လက်ပါးစေတွေအဖြစ် ရှုမြင်နေရင် တိုင်းပြည်အတွက် အဖိုးတန်တဲ့ လူ့စွမ်းအားအရင်းအမြစ်တွေ အလဟသဆုံးရှုံးသွားပါလိမ့်မယ်။ အဲဒီပုဂ္ဂိုလ်တွေကို နိုင်ငံအတွက် အကျိုးပြုခွင့်ပေးပြီး ဆုံးရှုံးနေတဲ့ ပြည်သူ့မေတ္တာကို ပြန်လည်ပိုင်ဆိုင်ခွင့် ပေးသင့်ပါတယ်။

အာဏာနိုင်ငံရေးကို အားဖြည့်ဖို့ ၀ါရင့်တပ်မတော်အရာရှိကြီးတွေကို အရပ်ဝတ်လဲစေခဲ့တဲ့အတွက် ယနေ့တပ်မတော်မှာ မျိုးဆက်ပြတ်မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ အထင်ရှားဆုံး သာဓကကို ပြရရင် ပြီးခဲ့တဲ့ လောက်ကိုင်စစ်ပွဲနဲ့ ခုဖြစ်နေတဲ့ ရှမ်းပြည်နယ်ထဲက စစ်ပွဲတွေမှာ တပ်မတော်ဖက်က လိုအပ်တာထက် ပိုမိုအကျဆုံးများနေခဲ့ပါတယ်။ စစ်ရေးအတွေ့အကြုံ လုံလုံလောက်လောက် မရှိတဲ့၊ မြေပြင်အနေအထားကို အကျွမ်းတ၀င်မရှိတဲ့ တာဝန်ရှိသူတွေဆီက ဆင်းလာတဲ့ ရေဗူးပေါက်တာမလိုချင်ဘူး၊ ရေပါတာပဲလိုချင်တယ်ဆိုတဲ့ အမိန့်မျိုးအောက်မှာ ယနေ့ချိန်ထိ ရှမ်းပြည်နယ်အတွင်း အသက်စွန့်သွားရတဲ့၊ ကိုယ်လက်အင်္ဂါဆုံးရှုံးသွားရတဲ့ တပ်မတော်သားတွေ အများအပြား ရှိနေပါတယ်။ ကျဆုံးသွားသူတွေထဲမှာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထိရောက်ဆုံး အထောက်အကူပြုနိုင်တဲ့ ပညာရှင်အရာရှိစစ်သည်တွေ ပါသွားနိုင်ပါတယ်။ သူတို့ကိုလေ့ကျင့်ပျိုးထောင်ပေးဖို့ သုံးစွဲခဲ့ရတဲ့ နိုင်ငံ့ဘဏ္ဍာနဲ့ သူတို့ကို ဒီအနေအထားထိ မြေတောင်မြှောက်ပေးခဲ့ရတဲ့ မိဘတွေအတွက် ပြန်မရနိုင်တော့တဲ့ ဆုံးရှုံးမှုပဲ ဖြစ်ပါတယ်။

သက်ဆိုးရှည်နေသမျှ စစ်ဘေးသင့်ဒေသတွေက ဒေသခံတိုင်းရင်းသား ပြည်သူတွေရဲ့ ဘ၀ဟာ နလံပြန်ထူနိုင်မယ့် လမ်းမမြင်ပါဘူး။ လက်နက်ကိုင်တော်လှန်နေကြတဲ့ တော်လှန်ရေးအဖွဲ့တွေထဲက တိုင်းရင်းသားလူငယ်တွေရဲ့ အနာဂတ်ဟာလည်း လမ်းပျောက်နေအုန်းမှာပဲ။ သူတို့အားလုံးဟာ တိုင်းပြည်သာ တကယ်ငြိမ်းချမ်းသွားရင် အဖိုးတန်တဲ့ လူ့စွမ်းအားအရင်းအမြစ်တွေ ဖြစ်လာမှာ မြေကြီးလက်ခတ် မလွဲပါဘူး။ အင်မတန် အကဲဆတ်တဲ့ လက်နက်ကိုင်ပဋိပက္ခတွေမှာ ကြားဝင်ဖြန်ဖြေမယ့် နိုင်ငံရေးအင်အားစုတွေ အနေနဲ့
ဘက်မလိုက်ပဲ မှန်မှန်ကန်ကန် ရပ်တည်ဆုံးဖြတ်နိုင်ဖို့ လိုပါတယ်။ ခုအစိုးရလက်ထက်မှာ လုပ်နေသလိုမျိုး ငြိမ်းချမ်းရေးကို ပွဲစားနည်းနဲ့သာ ဆက်လုပ်နေမယ်ဆိုရင် ပြည်တွင်းငြိမ်းချမ်းရေးဟာ နာတာရှည် ဆက်ဖြစ်နေအုန်းမှာပါပဲ။

ဘယ်နိုင်ငံမှာမဆို ကာကွယ်ရေးဝန်ကြီးဌာနဘတ်ဂျက်ဟာ တခြားဝန်ကြီးဌာနတွေထက် ပိုများပါတယ်။ နိုင်ငံတစ်ခုစီရဲ့ စစ်အင်အားနဲ့ တိုင်းပြည်ရဲ့ ဘဏ္ဍာရေးအခြေအနေပေါ် မူတည်ပြီး ပမာဏကွာသွားတာပါ။ အကျင့်ပျက်ခြစားနေတဲ့ တိုင်းပြည်တွေမှာတော့ တပ်မတော်သားအများစုဟာ တခြားအရပ်ဖက်ဝန်ထမ်းတွေလိုပဲ အရိုးအရင်းပဲ ကိုက်နေကြရပါတယ်။ တပ်မတော်အသုံးစရိတ် လျှော့ချမယ်လို့ စဉ်းစားရင် ဒါဟာ လက်တွေ့မကျဘူးလို့ ဝေဖန်ချင်ပါတယ်။ တကယ်လုပ်သင့်တာက တပ်မတော်ရဲ့ လက်ရှိအသုံးစရိတ်ကို အလေအလွင့် နည်းသထက်နည်းပါးအောင်၊ တပ်မတော်သားတိုင်း ထိုက်တန်တဲ့လစာခံစားခွင့် ရရှိအောင်၊ ခိုင်မာတဲ့ ဘ၀အာမခံချက်ရှိအောင် ဥပဒေတွေနဲ့ ဖန်တီးပေးခြင်းကသာ လက်တွေ့ကျသော ပြုပြင်ပြောင်းလဲမှု ဖြစ်ပါတယ်။

အဲဒီလိုမျိုး တပ်မတော်အတွက် အကျိုးရှိတဲ့ အဆိုပြုချက်တွေကို တပ်မတော်သားကိုယ်စားလှယ်တွေထက် ပြည်သူတွေ ရွေးကောက်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေကသာ တင်သွင်းနိုင်ရင် တပ်မတော်နဲ့ ပြည်သူတသားတည်းပြန်ဖြစ်လာမယ့် အချိန်မှာ လွှတ်တော်ထဲ လူပိုဖြစ်လာမယ့် တပ်မတော်သားကိုယ်စားလှယ်တွေရဲ့ စစ်တန်းလျားပြန်မယ့်နေ့ရက်ဟာ မကြာခင်ဆိုက်ရောက်လာမှာ သေချာပါတယ်။

အဲဒီလို အခင်းအကျင်းတွေဖြစ်လာဖို့ လွှတ်တော်ပြင်ပက ဒီမိုကရေစီအင်အားစုတွေ၊ သူတို့ကိုထောက်ခံတဲ့ ပြည်သူတွေဟာ တပ်မတော်သားတွေနဲ့ အပြုသဘောဆက်ဆံရေးတွေ တိုးတက်လာအောင် ခုကတည်းက ကြိုးပမ်းဆောင်ရွက်သွားကြမယ်ဆိုရင်၊ တပ်မတော်သားတွေကလည်း စစ်အာဏာရှင်ဟောင်းတွေရဲ့ အရိပ်အောက်ကနေ ရုန်းထွက်ပြီး ပြည်သူထဲက ပြည်သူတွေအဖြစ် တသားတည်းဖြစ်အောင် ကြိုးစားသွားကြမယ်ဆိုရင် အာဏာနိုင်ငံရေးမှာ ဘက်မလိုက်ပဲ ပြည်သူ့ဖက်ကရပ်တည်မယ့် ပြည်သူ့တပ်မတော်ကြီးကို ကျွန်တော်တို့ မကြာခင် ပိုင်ဆိုင်ခွင့် ရလာလိမ့်မယ်လို့ မျှော်လင့်ရင်း နိဂုံးချုပ်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သူတို့အာဘော်

2 Responses to မြတ်သိန်းထွန်း – ပြောင်းလဲချိန်တန်သည့် အခါ …

  1. moemyintaung on November 17, 2015 at 2:55 pm

    တပ်မတော်ကို ပြည်သူချစ်တဲ့ တပ်မတော်အဖြစ် မြင်ရဖို့ဆိုရင် ကာချုပ်အပါအဝင် တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တွေ အနေနဲ့ နောက်တက်မယ့်အစိုးရလက်ထက်မှာ ၂၅% ကို လျှော့ချပြီး လွတ်တော်ထဲက တဖြည်းဖြည်း ထွက်ခွာပေးစေချင်ပါတယ် ပြည်သူတွေက ဒါကို မျှော်လင့်နေပါတယ် ပြည်သူနဲ့တစ်သားတည်းကျဖို့ တကယ် (ဆန်ဒ wish) ရှိတာမှန်ရင် ပြည်သူကို အလေးထားရပါမယ် အာဏာကို ဖက်တွယ်နေလို့ မရပါဘူး ပြီရင်း အစားကြီးစား အဝါးကြီး ဝါးထားတဲ့ ထိပ်ပိုင်းခေါင်ဆောင်များလည်း လောဘတွေ အတောသတ်လိုက်ကြပါတော့ တိုင်းပြည်လည်း ဆင်းရဲတွင်းနက်လှပါပြီ

  2. ၽWin Hlaing on November 19, 2015 at 5:12 pm

ုသို့/ ကိုမြတ်သိန်းထွန်း
    (၁) မျက်ရည်ချူတဲ့ ဆောင်းပါးတပုဒ် မဟုတ်ပေမယ့် ၊ လက်ခံနားလည်ပေးနိုင်မယ့် ဆောင်းပါး တစ်ပုဒ်အဖြစ် မှတ်ချက်ပေးလိုပါတယ်။
    (၂) ပြောင်းလဲကြဖို့ ဆိုတဲ့ နေရာမှာ ပြည်သူတွေဖက်ကလည်း ပြောင်းလဲရမှာ မှန်သလို ၊ တပ်မတော်ဖက်ကလည်း (အောက်ခြေကနေ အထက်အဆင့်အထိ) ပြောင်းလဲဖို့လိုပါတယ်။ တဖက်သတ်ကြီး…ပြည်သူတွေဖက်ကနေ ရင်ဘတ်ကြီးဖွင့်ပြီး တပ်မတော်ကို ကြိုဆိုကြပါဆိုရင်တော့ ဒီအပြောင်းအလဲဟာ ရေရှည်မှာ မဟုတ်ပါဘူး။ တပ်မတော်အနေနဲ့လည်း အရင်လို ” ပြည်သူသာအမိ၊ ပြည်သူသာအဖ” ဆိုတဲ့ စိတ်မျိုးပြန်ထားကြဖို့လိုပါတယ်။
    (၃) တပ်မတော်အနေနဲ့ ပြည်သူ့ခေါင်းဆောင်အစစ်ဟာ ဘယ်သူလဲဆိုတာကို ရဲရဲကြီး လက်ခံပေးဖို့လိုပါတယ်။
    (၄) ပြည်သူ့ခေါင်းဆောင်နဲ့ တပ်မတော်ခေါင်းဆောင်တို့ရဲ့ တွေ့ဆုံဆွေးနွေးမှုကနေတဆင့် တိုးတက်ဖြစ်ထွန်းမှုတွေကို ကြည့်ပြီး ပြည်သူတွေဟာ တပ်မတော်အပေါ်ကို တဖြေးဖြေးချင်း လက်ခံလာမှာပါ။
    (၅) တပ်မတော်အနေနဲ့ ယခုဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်မီးဟာ ကိုယ့်တိုင်းရင်းသားအချင်းချင်း ပြန်တိုက်နေကြတဲ့ စစ်ပွဲဆိုတာကို ထပ်မံ လက်ခံပြီး…တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အမြန်ဆုံး စစ်မှန်တဲ့ ငြိမ်းချမ်းရေးရဖို့ ကြိုးစားရပါ့မယ်။ တွေ့ဆုံဆွေးနွေးပွဲတိုင်းမှာ ပွင့်လင်းမြင်သာစွာဆွေးနွေးကြဖို့လိုသလို၊ ဒီသတင်းတွေကိုလည်း ပြည်သူတွေသိအောင် အသေးစိတ်ထုတ်ပြန်ပေးဖို့လိုပါတယ်။
    (၆) ၂၀၀၈ ဖွဲ့စည်းပုံကို ဒီမိုကရေစီစံသတ်မှတ်ချက်တွေအတိုင်း ပြန်ပြင်ပေးဖို့ကို တပ်မတော်အနေနဲ့ သတ္တိရှိရပါ့မယ်။
    (၇) တပ်မတော်နဲ့ ပြည်သူကြားကို သွေးခွဲနေတဲ့ စစ်လော်ဘီတွေကို အမြန်ဆုံး အရေးယူသင့်ပါတယ်။
    (၈) လယ်သမားတွေထံကနေ မတရားသိမ်းယူထားတဲ့ လယ်ယာမြေတွေကို အမြန်ဆုံး ပြန်ပေးဖို့လိုပါတယ်။
    (၉) အောက်ခြေစစ်သားတွေရဲ့ ဝေစုတွေကို မတရားဖြတ်စားနေတဲ့ အရာရှိတွေကို အရေးယူအပြစ်ပေးသင့်နေပါပြီ။
    (၁၀) နောက်ဆုံးအနေနဲ့ ကတော့ ပြည်သူ့ချစ်တဲ့ တပ်မတော်ဖြစ်ဖို့၊ တပ်မတော်ဖက်ကလည်း ပြည်သူတွေကို ပြန်ချစ်တတ်တဲ့ စိတ်မျိုးပြန်မွေးပြီး ပြုပြင်ပြောင်းလဲမှုတွေကို အမြန်ဆုံးပြန်လုပ်သွားဖို့ လိုပါတယ်။

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)