စိုးရာဇာထွန်း – အရပ်ကူ၊ လူဝိုင်းရတော့မယ့် ဧရာဝတီလင်းပိုင်များ

October 15, 2015

စိုးရာဇာထွန်း – အရပ်ကူ၊ လူဝိုင်းရတော့မယ့် ဧရာဝတီလင်းပိုင်များ

အောက်တိုဘာ ၁၅၊ ၂ဝ၁၅


လင်းပိုင်နှင့် တံငါသည်တို့ အကျိုးတူ ငါးဖမ်းနေသည့် မြင်ကွင်းတခု (ဓာတ်ပုံများ – WCS)

လူတွေနဲ့ တရင်းတနှီးနေလေ့ရှိတဲ့ ဧရာဝတီမြစ်ထဲက လင်းပိုင်တွေဟာ လူတွေကို ဝေးဝေးရှောင်လာပါပြီ။ ဧရာဝတီလင်းပိုင် အရေအတွက်ဟာ အခုဆိုရင် ၅၈ ကောင်သာ ကျန်ရှိတော့တဲ့အကြောင်း ငါးလုပ်ငန်းဦးစီးဌာနနဲ့ ပူးတွဲလုပ်ကိုင်တဲ့  ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ပုံမှန်လေ့လာ သုတေသနပြု တွေ့ရှိချက်တွေက ပြသနေပါတယ်။ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးနယ်မြေထဲမှာ သူတို့တွေ မျိုးဆက်ပွားမှုတွေ ရှိနေတဲ့ကြားထဲက ကောင်ရေ များမလာပါဘူး။

လင်းပိုင်တွေ ရှင်သန်ရခက်ခဲပြီး အရေအတွက် လျော့နည်းလာတာ၊ မိတ်ဆွေလူသားနဲ့  ဆက်ဆံရေးကျဲလာတာတွေဟာ   လူတွေရဲ့ မဆင်ခြင်မှုတွေကြောင့်ပဲဖြစ်တယ် လို့ ဧရာဝတီမြစ်ကမ်းဘေး ဒေသခံတွေဆီက သိရပါတယ်။

လူတွေ ငါးဖမ်းရာမှာ အဆင်ပြေစေဖို့အတွက် ကူညီတာဟာ လင်းပိုင်တွေပဲဖြစ်တယ် ဆိုတဲ့အချက်ကြောင့်
လင်းပိုင်တွေကို အများက စိတ်ဝင်စားနေကြပါတယ်။

အကာအကွယ်ပေးမှု အစပြုခြင်း
ဧရာဝတီလင်းပိုင်အမျိုးအစားကို နေရာတိုင်းမှာ မတွေ့ရပါဘူး။ ဒေသတွင်း မြစ် ၃ ခုဖြစ်တဲ့ ဧရာဝတီ၊ မဲခေါင်၊ အင်ဒိုနီးရှားနိုင်ငံ မာဟာကမ်မြစ် တို့မှာပဲ တွေ့နိုင်တယ်လို့ သိရပါတယ်။ ရှေးခေတ်တရုတ်မှတ်တမ်းတွေအရ AD ၈ ရာစုကတည်းက ဧရာဝတီမြစ်ထဲမှာ လင်းပိုင်ရှိတယ်လို့ ဆိုပါတယ်၊ မှတ်တမ်းထဲမှာတော့ သူတို့ကို မြစ်ဝက် လို့ ဆိုထားပါတယ်။

ဒီဘက်ခေတ် ဧရာဝတီလင်းပိုင်ကို ပြည်ပကနေ လာရောက် လေ့လာမှုက   ၁၉၉ဝ ပြည့်လွန်နောက်ပိုင်းမှာ အစပြုပါတယ်။    ၂ဝဝ၂ မှာတော့ ပြည်တွင်းပြည်ပ ပညာရှင်တွေ၊ ဌာနဆိုင်ရာ တာဝန်ရှိသူတွေက မြစ်ဆုံကနေ ဘိုကလေးမြို့အထိ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်က လင်းပိုင်တွေကို သုတေသနပြုလုပ်ခဲ့ပါတယ်။

အခုဆိုရင် ဧရာဝတီလင်းပိုင် ကာကွယ်ဖို့ ရှော့ တိုက်ငါးဖမ်းဆီးမှု ပပျောက်ရေးအတွက် အသိပညာပေး ဟောပြောပွဲတွေကို လင်းပိုင်တွေကျက်စားနေထိုင်တဲ့ ဧရာဝတီမြစ် ကမ်းနားက ကျေးရွာတွေမှာ ခပ်စိပ်စိပ် ပြုလုပ်နေကြပါတယ်။

နိုင်ငံတကာ သားငှက် ထိန်းသိမ်းကာကွယ်ရေးအဖွဲ့ WCS နဲ့ မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းပြီး ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး အဖွဲ့(IDCT) ကို ဖွဲ့စည်းထားပါတယ်။  ဒီအဖွဲ့က ၂ဝဝ၅ နှစ်ကုန်ပိုင်းမှာ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ မန္တာလေးတိုင်းဒေသကြီး ကြားက ဧရာဝတီမြစ် အစိတ်အပိုင်း တစ်ခုဖြစ်တဲ့ မင်းကွန်းနဲ့    ကျောက်မြောင်းကြားက  ဒေသကို ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးနယ်မြေအဖြစ် ကြေညာခဲ့ပါတယ်။

မြစ်တစ်လျှောက် ၇၄ ကီလိုမီတာရှည်တဲ့ ထိန်းသိမ်းရေးနယ်မြေ တည်ထောင်ရခြင်း ရည်ရွယ်ချက်တွေကတော့ ဧရာဝတီလင်းပိုင် ကောင်ရေမျိုးတုန်းမယ့် အန္တရာယ်ကြီးဘေးက လွတ်မြောက်ဖို့၊ မြန်မာနိုင်ငံရဲ့ ဧရာဝတီမြစ်ကို ဂုဏ်ပြုပြီး ဧရာဝတီလင်းပိုင် ဆိုတဲ့အမည်ကို တန်ဖိုးထားထိန်းသိမ်းဖို့၊ ကမ္ဘာပေါ်မှာမြန်မာနိုင်ငံသာ တွေ့ရတဲ့ ရှေးနှစ်ပေါင်းများစွာက လက် ဆင့်ကမ်းထိန်းသိမ်းခဲ့တဲ့ ဧရာဝတီလင်းပိုင်နဲ့ လက်ပစ်ကွန်ရေလုပ်သား အကျိုးတူပူးပေါင်းငါးဖမ်းခြင်း ရိုးရာဓလေ့ ဆက်လက်တည်မြဲဖို့ပါပဲ။

အကျိုးတူငါးဖမ်းခြင်း
လက်ပစ်ကွန်ရေလုပ်သားတွေက လင်းပိုင်တွေအကူအညီယူပြီး ငါးဖမ်းမယ်ဆိုရင် လင်းပိုင်တွေရှိတယ်လို့ ထင်ရတဲ့ နေရာဝန်းကျင်ရောက်ရင် လှေနံကို သစ်သားချောင်းလေးနဲ့  ဖြည်းဖြည်းချင်းရိုက် အသံပေး၊ ပါးစပ်ကလည်း “ကတူး၊ ကတူး” ဆိုတဲ့ အသံလေး မြည်ပေးပါတယ်။ အဲဒါပြီးရင် ကွန်တစ်ချက်၊ နှစ်ချက် ပစ်ပြတဲ့အခါ လင်းပိုင်တွေက ငါးတွေကို လှေနားဆီ မောင်းလာပေးပါတယ်။ ဒါကို ဒေသခံတွေက “အကျိုးတူငါးဖမ်းခြင်း” လို့ ဆိုကြပါတယ်။

ပိုက်ကွန်မှာ ဖမ်းမိတဲ့ငါးတွေကို လူကယူပြီး၊ လွတ်သွားတဲ့ ငါးကိုတော့ လင်းပိုင်တွေက စားကြတာလို့ သိရပါတယ်။ အကျိုးတူငါးဖမ်းခြင်းဟာ လူတွေနဲ့ တခြားသတ္တဝါတွေကြားက ရှားပါးတဲ့ ဆက်ဆံရေးပါပဲ။

လက်ပစ်ကွန်ရေလုပ်သားတွေကတော့ သူတို့ကို အထူး အကူအညီပေးတဲ့ လင်းပိုင်တွေကို တစ်ကောင်ချင်း မှတ်မိနေကြတဲ့အတွက် နာမည်ပေးထားကြပါတယ်။  လွန်းမောင်မ၊ ဘေးကြားမ၊ ဖျပ်မနဲ့ လင်းပိုင်ညီနောင် ဆိုပြီး နာမည်ပေးထားကြတာပါ။ အဲဒီငါးတွေဟာ မတ္တရာမြို့နယ်၊ ဧရာဝတီမြစ်တလျှောက်က အေးကျွန်း၊ ဆင်ကျွန်း၊ စိန်ပန်းကုန်း၊ မြစ်ကမ်းကြီး၊ ဆီဆည်၊ မြေစွန်းကျေးရွာတွေနားမှာ ကျက်စားပါတယ်။
ဒေသခံတွေဟာလည်း   လင်းပိုင်တွေကို ထိန်းသိမ်းရမယ် ဆိုတာကို  ကောင်းကောင်း နားလည်ထားကြသူတွေပါ။ ဘာကြောင့်လဲဆိုတော့ အဲဒီ ၆ ရွာမှာ လင်းပိုင်နဲ့အတူ ငါးဖမ်းနေတဲ့ လက်ပစ်ကွန်ရေလုပ်သား (၇ဝ) ကျော်ဟာ ဒီအလုပ်ကို   မျိုးရိုးစဉ်ဆက် လုပ်လာသူတွေ ဖြစ်လို့ပါပဲ။

အကျိုးပြုလင်းပိုင်အကြောင်း အများအပြား ပြောနိုင်သူများထဲမှာ မြေစွန်းကျေးရွာက လက်ရှိ လက်ပစ်ကွန်ရေလုပ်သက် အကြီးဆုံးဖြစ်တဲ့ အသက် (၆၈) နှစ်အရွယ် အဘဦးထွန်းကြည်လည်း ပါပါတယ်။

“လင်းပိုင်ကတော့ဗျာ သူနဲ့သာ ပစ်ရပြီဆိုရင် ကိုယ့်အိမ်ဆန်အိပ်တောင့်ပြီမှတ် ” လို့ ဦးထွန်းကြည်က ကျန်းမာရေးမကောင်းတဲ့ကြားက သူ့အိမ်အောက်ကိုဆင်းလာပြီး စိတ်ပါလက်ပါ ရှင်းပြပါတယ်။
ရေလုပ်သား အများအပြား ချစ်ကြတဲ့ ဧရာဝတီလင်းပိုင်တွေဟာ သဘာဝသယံဇာတကြွယ်ဝတဲ့ မြန်မာရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။

မျိုးသုဉ်းစေမယ့်အကြောင်းရင်း

လူတွေရဲ့မိတ်ဆွေဖြစ်တဲ့လင်းပိုင်တစ်ကောင်ရဲ့သက်တမ်းက အနှစ် ၃ဝ ကနေ ၅ဝ အထိ ရှိနိုင်တယ် ဆိုပေမယ့် သူတို့တွေ သက်တမ်းမစေ့ဘဲ ပျောက်ကွယ်သွားနိုင်စရာအကြောင်းတွေထဲမှာ စက်ရုံစွန့်ပစ်ပစ္စည်း နှင့် စိုက်ပျိုးရေးသုံး ဓာတုဆေးများ မြစ်အတွင်း ကျရောက်မှု၊ သစ်တောပြုန်းတီးရာမှ မြစ်အနေအထား ပြောင်းလဲမှု၊ တံငါသည်တချို့ ရှော့တိုက်ငါးဖမ်းမှု စသဖြင့် အများအပြား ရှိနေပါတယ်။

ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးဒေသမှာ စိုးရိမ်တကြီး ထောက်ပြနေတာကတော့ ရှော့တိုက်ငါးဖမ်းခြင်းပါပဲ။  တံငါသည်တွေထဲက တချို့ဟာ ရေထဲ လျှပ်စစ်ဓာတ်လွှတ်ပြီးငါးဖမ်းနည်းကို ကျင့်သုံးကြပါတယ်။
ရှော့တိုက်ငါးဖမ်းနည်းလို့ ခေါ်တဲ့ ဘက်ထရီအိုးသုံးပြီး ငါးဖမ်းတဲ့ ဒီနည်းလမ်းက အချိန်အနည်းငယ်အတွင်း ငါးအများအပြား ဖမ်းဆီးရမိနိုင်တဲ့နည်းပါ။ လျှပ်စစ်ဓာတ်ကြောင့် သတိလစ်၊ သေဆုံးတဲ့ ငါးကြီးငါးငယ် အသွယ်သွယ်က ရေပေါ် ပေါ်လာတာကို လိုက်ကောက်ရုံပါပဲ။ ငါးဖမ်းသူရဲ့လိုအင်ဆန္ဒ ပြည့်ဝစေတဲ့ ဒီနည်းလမ်းက လင်းပိုင်တွေကို ကြောက်လန့်စေ၊ အန္တရာယ်ဖြစ်စေပါတယ်လို့ အသက် (၅၇) နှစ်ရှိပြီးဖြစ်တဲ့ မြေစွန်းရွာသား ဦးစိုးမင်းက ပြောပါတယ်။

“ရှော့သမားတွေက ဦးတို့လုပ်သလို လင်းပိုင်တွေကိုခေါ်ပြီး ရှော့တိုက်တော့ ဦးတို့ငါးဖမ်းဖို့ ခေါ်တာ တောင် မလာကြတော့ဘူး ” လို့ လက်ပစ်ကွန်ရေလုပ်သားသက်တမ်း နှစ်ပေါင်း (၄ဝ) ကျော်ရှိတဲ့ ဦစိုးမင်းက အာဘောင်ရင်းသန် သန်နဲ့ စိတ်ပါလက်ပါ ရှင်းပြပါတယ်။

သူနဲ့ လုပ်သက်တူတဲ့ ဆင်ကျွန်းရွာက လက်ပစ်ကွန်ရေလုပ်သက် ဦးမောင်လေးကလည်း “ သူတို့ နောင်တမရဘဲနဲ့ လုပ်ကိုင်ဆောင်ရွက်နေမယ်ဆိုရင်တော့ ဧရာဝတီလင်းပိုင် ဆိုတာလည်း မြင်ဖူးတော့မှာ မဟုတ်တော့ဘူး ” လို့ မဲ့ပြုံး ပြုံးပြီး ပြောပြပါတယ်။

ဒီဒေသမှာ ငါးကို ရှော့တိုက်ဖမ်းတာ ၂ နှစ် ရှိပါပြီ။   ၂ဝ၁၃  မတိုင်ခင်ကဆိုရင် တစ်ရက်တည်းနဲ့ ငါးပိဿာ ၃ဝ ကျော်၊ ၄ဝ လောက် ရခဲ့ဖူးကြောင်း မြေစွန်းရွာက လက်ပစ်ကွန် ရေလုပ်သားတွေက ဆိုပါတယ်။ အခုတော့ လင်းပိုင်အကူအညီနဲ့ ဖမ်းဆီးတာတောင် တစ်ပိဿာခန့်လောက် ကို မနည်းရှာဖွေနေရကြောင်း သူတို့က ရင်ဖွင့်ပါတယ်။

လင်းပိုင်တွေရှင်သန်ရေး ခက်ခဲလာရင် သူတို့ကို မှီခိုနေတဲ့ လက်ပစ်ကွန်ရေလုပ်သားတွေရဲ့ လုပ်ငန်း ရှင်သန်ရေးကလည်း ခက်ခဲလာမယ်လို့ WCS ရန်ကုန်ရုံးရဲ့ ဒုတိယတာဝန်ခံ ဖြစ်သူ ဦးစောထွန်းက သုံးသပ်ပါတယ်။ သူက ဧရာဝတီလင်းပိုင်တွေသာ သေဆုံးသွားခဲ့မယ်ဆိုရင် “ လူသား တွေအသက်ရှင်သန်ရပ်တည်ဖို့ ထောင့်တိုင်တစ်ခု ပြုတ်သွားတာနဲ့ အတူတူပေါ့” လို့ ဆိုပါတယ်။

ခရီးသွားလုပ်ငန်းက လင်းပိုင်ကို ထိန်းသိမ်းနိုင်မလား

ဒေသခံတွေကတော့ ဒီလင်းပိုင်တွေဟာ ၂ဝဝ၈ ခုနှစ်က ဂျာမန်၊ ဂျပန်နိုင်ငံတို့ကရောက်လာတဲ့ ရုပ်မြင်သံကြား ရိုက်ကူးရေး အစီအစဉ်တွေမှာလည်း အကူအညီတွေ ပေးခဲ့ကြတာကြောင့် လက်ပစ်ကွန်ရေလုပ်သားတွေ ဝင်ငွေကောင်းခဲ့တယ်လို့ ဆိုကြပါတယ်။

မျိုးသုဉ်းပျောက် ကွယ်နိုင်တဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီဖြစ်တဲ့  ဒီလင်းပိုင်တွေကို သဘာဝအခြေခံခရီးသွားလုပ်ငန်းနဲ့ ထိန်းသိမ်းဆောင် ရွက်ဖို့ IDCT က အကောင်အထည် ဖော်နေပါတယ်။ ဧရာဝတီလင်းပိုင်တွေနဲ့ လက်ပစ်ကွန်ရေလုပ်တွေရဲ့ အကျိုးတူငါးဖမ်းတဲ့ ရိုရာဓလေ့ကို နိုင်ငံခြားသားခရီးသွားတွေကို ပြသပေးခြင်းဖြင့် ရွာသားတွေလည်း အကျိုးရှိ သလို ဧရာဝတီလင်းပိုင်တွေကိုလည်း ထိန်းသိမ်းရာရောက်မယ်လို့ WCS ရဲ့ မန္တလေးတာဝန်ခံဖြစ်သူ ကိုကျော်လှသိန်းက ဆိုပါတယ်။

“ကျေးရွာသားတွေကိုယ်တိုင်က ထိန်းသိမ်းချင်စိတ် ပေါက်လာအောင် အဲ့ဒါမှ သူတို့ရွာနဲ့ သူတို့ လင်းပိုင်နဲ့ အဲဒါမျိုးပေါ့နော်။ နောက်ပိုင်းကျွန်တော်တို့ ဝင်စရာမလိုတော့ဘူး။ သူတို့ဘာသာသူ တို့ မပျက်ထိန်းသိမ်းသွားတဲ့ပုံစံမျိုးပေါ့” လို့ သူက ရှင်းပြပါတယ်။

လင်းပိုင်ထိန်းသိမ်းရေးကို ခရီးသွားလုပ်ငန်းနဲ့ ပူးပေါင်းလုပ်ဆောင်မယ်ဆိုရင် ကောင်းကျိုးထက် ဆိုးကျိုးပိုများမယ်လို့ သုံးသပ်သူကတော့
သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS) ရဲ့ အရာရှိဟောင်း    သားငှက်ထိန်းသိမ်းရေးပညာရှင် ဦးအောင်မျိုးချစ် ဖြစ်ပါတယ်။

ပြင်ဆင်မှုပိုင်းတွေ ပြည့်စုံအောင် လုပ်မှသာ ခရီးသွားလုပ်ငန်းနဲ့ စဉ်ဆက်မပျက် ထိန်းသိမ်းနိုင်မယ်လို့ သတိပေး ပြောဆိုပါတယ်။

“နေ့တိုင်းအိမ်ကို ဧည့်သည်လာရင် ဘယ်လိုလုပ်မလဲ။ ဧည့်သည်ကို စိတ်ချမ်းသာအောင် လုပ်နေရတယ် ” လို့ သူက သုံးသပ်ပါတယ်။

၂နှစ် ၃နှစ်ခန့်အချိန်ယူပြီး စနစ်တကျဖြစ်အောင် သင်တန်းတွေပေး၊ လူတွေရဲ့ဗဟုသုတ၊ ရွာသားတွေကို နားလည်အောင် လုပ်ပေးသင့်တယ်လို့ မှတ်ချက်ပေးပါတယ်။

နိုင်ငံတကာမှာ လင်းပိုင်ကောင်ရေ လျော့နည်းခြင်း၊ ပပျောက်သွားခြင်းရဲ့ အကြောင်းရင်းတစ်ခုကတော့
ကမ္ဘာလှည့်ခရီးသွား ထောင်သောင်းချီ သွားရောက်ကြည့်ရှုကြခြင်းကြောင့်ဖြစ်တယ်လို့ ဦးမောင်မျိုးချစ်က ထောက်ပြပါတယ်။

စိုးရိမ်သူတို့ရဲ့အသံ
မကြာသေးခင်က ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ဒေသအတွင်း တွေ့ရတဲ့ ဒေသခံတချို့၊ ထိန်းသိမ်းရေး ဝန်ထမ်းတချို့က လင်းပိုင်တွေရဲ့ ရှေ့ရေးအတွက် ရင်လေးနေကြပါတယ်။ ဧရာဝတီမြစ်အတွင်းနဲ့ ဝန်းကျင်က အခြေအနေတွေကြောင့်  လင်းပိုင် ထိန်းသိမ်းရေး ကြိုးပမ်းချက်တွေ အလုပ်ဖြစ်နိုင်ပါ့မလား လို့ သူတို့က သံသယဖြစ်နေကြပါတယ်။

“ရှော့တွေ ဒီလောက်သောင်းကျန်းလာရင် ဦးတို့ရဲ့ ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးဆိုတာ နာမည်ပဲ ရှိတော့မှာ”လို့ ဦးတင်မျိုးက နံရံကိုနောက်မှီကာ ခေါင်းယမ်းရင်းပြောပါတယ်။ သူက လင်းပိုင်နှင့်အတူ အကျိုးတူငါးဖမ်းလာတာ နှစ်ပေါင်း ၂၇ နှစ်ရှိပါပြီ။

လင်းပိုင်အကူအညီနဲ့ နှစ်ပေါင်း ၃ဝ ကျော် ငါးဖမ်း လာတဲ့ မြေစွန်းရွာက အသက်(၄၈)နှစ်အရွယ် ဦးစိုးသန်းကလည်း ရှော့တိုက် ငါးဖမ်းသူတွေ သောင်းကျန်းမှုဒဏ်ကြောင့် သူတို့ရဲ့ လုပ်ငန်း ထိခိုက်ရကြောင်း ရှင်းပြပါတယ်။

“ဘယ်ထရီရှော့ကြောင့် လုပ်ငန်းက ကြပ်လာတယ်၊ လုပ်စားလို့၊ ဘာလို့မကောင်းတော့ဘူး ” လို့ ဦးစိုးသန်းက သူ့ရှေ့က စားပွဲခုံကိုကြည့်ပြီး တည်ငြိမ်စွာ ပြောပြပါတယ်။

ဒီအခြေအနေတွေကြောင့် လင်းပိုင်ထိန်း သိမ်းရေးမထိခိုက်အောက် ရှော့တိုက်သူတွေနဲ့ တာဝန်ရှိသူ တွေ တိုက်ရိုက်ဆွေးနွေးသင့်တယ်လို့ သားငှက်ထိန်းသိန်းရေးပညာရှင် ဦးအောင်မျိုးချစ် ကဆိုပါတယ်။ ဥပဒေနဲ့သေသေချာချာကိုင်တွယ်သင့်သလို ဌာနဆိုင်ရာပေါင်းစုံကလည်းပါဝင် ကူညီပေးဖို့လိုအပ်တယ်၊ လင်းပိုင်ထိန်း သိမ်းရေးလုပ်ဆောင်သူဒေသခံတွေကို လစာပေးသင့်တယ်လို့လည်း အကြံပြုလိုကြောင်း ရှင်းပြပါတယ်။

ရှော့တိုက်၊ ငါးဖမ်းမှုအတွက်  ငွေဒဏ် ၁ သိန်း၊ ထောင် ၃ နှစ် အထိ ချမှတ်ဖို့ ဥပဒေပြဋ္ဌာန်းထားရုံသာမက ရဲတပ်ဖွဲ့ရဲ့ ပူးပေါင်းကူညီမှု မကြာမီအနာဂတ်မှာ ရလာနိုင်ခြေရှိပေမယ့် ဧရာဝတီမြစ်တစ်လျှောက် မပြတ်စောင့်ကြည့်ရေး ဆိုတာကတော့ မဖြစ်နိုင်ပါဘူး။

လင်းပိုင်ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီး မန္တလေးမှာ စက်တင်ဘာလဆန်းပိုင်းက ပြုလုပ်တဲ့ အစည်းအဝေးတစ်ခုမှာ တိုင်းရဲတပ်ဖွဲ့၊ ရေကြောင်းရဲတပ်ဖွဲ့တွေကို ဖိတ်ပြီးတော့ ပူးပေါင်းဆောင်ရွက်ဖို့ ပြောခဲ့တယ်လို့ ငါးလုပ်ငန်းဦးစီးဌာနရဲ့ လင်းပိုင်လေ့လာရေးနဲ့ ထိန်းသိမ်းရေးတာဝန်ခံ ဦးဟန်ဝင်းက ပြောပါတယ်။

“ကင်းလှည့်တဲ့အခါ သက်ဆိုင်ရာ ရဲစခန်းကို အကူအညီတောင်းလို့ ရတဲ့အနေအထားမျိုးတော့ ရှိပါတယ်။ ကျွန်တော်တို့ချည်းပဲတားဖို့က အခုနောက်ပိုင်း ခက်ခဲလာတယ်။ ရဲတွေ ပါလာရင် ပိုကောင်းတာပေါ့” လို့ ဦးဟန်ဝင်းက  ရှင်းပြပါတယ်။

ထိန်းသိမ်းသူတွေဘက်က လူအင်အားများရုံတင်မက ဥပဒေစိုးမိုးရေးဝန်ထမ်းတွေရဲ့ အကူအညီလည်း လိုအပ်နေပြီ ဆိုတဲ့သဘော ဒေသခံတစ်ဦးဖြစ်တဲ့ ဦးစန်းလွင်ကပြောပါတယ်။

“ရှော့တိုက်သူတွေ များနေတာ၊ ထိန်းသိမ်းသူတွေက မလိုက်ရဲဘူး။ သူတို့လည်း အပြစ်ပြောလို့ မရဘူး။ အာဏာပိုင်တွေ မထိန်းကြရင်တော့ ဧရာဝတီလင်းပိုင်ဟာ မျိုးတုန်းဖို့ပဲရှိတယ်” လို့ လုပ်သက်(၄ဝ)ကျော်ရှိပြီဖြစ်တဲ့ မြစ်ကမ်းကြီးရွာက လက်ပစ်ကွန်ရေလုပ်သား ဦးစန်းလွင်က မှတ်ချက်ပေးပါတယ်။     ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

 ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ

By

ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ (မိုးမခ) ဖေဖော်ဝါရီ ၅၊...

Read more »

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 

By

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ  မိုးမခစာပေက ထွက်ပါပြီ။...

Read more »

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်