လွမ်းမော … ရာသီ

November 18, 2015

လွမ်းမော … ရာသီ

တင်ကိုမင်းညို  နိုဝင်ဘာ ၉၊ ၂၀၁၂

 

(မိုးမခပြန်လည်ဆန်းသစ်၊ ကမာပုလဲ၏ ကလောင်အမည်တခု ဖြစ်ပါတယ်။ ကဗျာဆရာ ကမာပုလဲဟာ .. တင်ကို မင်းညိုဆိုတဲ့ နာမည်နဲ့လည်း ကဗျာတချို့ စာတချို့ရေးခဲ့ပါတယ်။ ကမာပုလဲထက်စာရင် ဒါက လူသိနည်းတယ်ထင်တယ်ပါတယ်။ မိုးမခမှာ တင်ခဲ့ဖူးပါတယ်။)

 လူသည် လွမ်းမောတတ်သော သတ္တ၀ါဖြစ်သည်။ လူနှင့် တိရိစ္ဆာန်အကြား စည်းခြားလိုက်သည့်အရာထဲတွင် လူ၏လွမ်းမောတတ်သော စိတ်ခံစားမှု သတ္တိသည်လည်း ပါဝင်မည်ဟုထင်သည်။ လွမ်းမောတတ်သော အလွမ်းသည် မေတ္တာတရားမှ မြစ်ဖြားခံ ဖြစ်တည်လာသည်ဟု ယုံကြည်သည်။

အိပ်၊ စား၊ ကာမ သုံးခုသာ သိသော၊ ပြုမူလုပ်ဆောင်လျှက်ရှိသော တိရိစ္ဆာန်တွင် မေတ္တာတရားအတွက် နေရာမရှိနိုင်ပေ။

ငယ်ဘ၀ ကစားဖေါ်၊ ကစားဖက် သူငယ်ချင်းများကို လွမ်းသည်။ ငယ်ဘ၀ စာသင်ကျောင်းကလေးကို လွမ်းသည်။ ရွာဦး ဘုန်းတော်ကြီး ကျောင်းတွင် စာစသင်ခဲ့သည်။ ဘုန်းကြီး၏ ကျက်သရေခန်းထဲက ငှက်ပျောခိုင်များကို လွမ်းသည်။ ဘုန်းကြီး ကျိန်းနေချိန် သူငယ်ချင်းများနှင့် ငှက်ပျောသီးခိုးစားကြသောအခါ ဖြစ်ပေါ်လာသည့်ရင်ခုန်သံကို လွမ်းသည်။ ဘုန်းကြီးမိ၍ ကျောပြင်ဗျောတင်ခဲ့သော နှစ်လုံးပြူး ကြိမ်လုံးကို လွမ်းပါသည်။

မူလတန်းစတက်တော့ က၊ ခနှင့် ဘဲဥပုံ ၀လုံးကလေးများကို ရေးခြစ်ခဲ့သည့် ဘောင်ကျိုး ကျောက်သင်ပုံးကလေးကို လွမ်းသည်။ အမေ၀ယ် ပေးသော မိုးကာ အင်္ကျီကလေး ကို လွမ်းမိပါသည်။ ငယ်ငယ်က မုန့်ဖိုးပိုက်ဆံပေးလျင် အပေါ့စေ့ ပေးပါက မယူ။ အလေးစေ့ ပေးရမည်ဟု ဂျစ်တိုက်ခဲ့သည်။ အမေသည် မုန့်ဖိုးဆယ်ပြားအတွက် ညစဉ် အလေးစေ့ကလေး တွေကို ရုပ်ရှင်ဈေးတန်းတလျှောက် လိုက်လံလဲလှယ်ရ သည်။ လဲ၍မရသောနေ့တွင် အမေစိတ်တိုနေသည်။ ဒါကို ဘုမသိ၊ ဘမသိနှင့် မနက်ကျောင်းတက်ချိန် ဆယ်ပြား အပေါ့စေ့ကို မုန့်ဖိုးပေး သောအခါ မယူဘဲ ဂျစ်တိုက်သဖြင့် အမေ့အရိုက်ကိုခံရသည်။ ထိုစဉ်က ကျခဲ့ရသောမျက်ရည်စများကို တခါတခါ လွမ်းမောတသ ဖြစ်မိပါ သည်။

နှစ်ကာလများ တစစ ကုန်ဆုံးသွားခဲ့သည်။ အလယ်တန်းရောက်တော့ ရှက်တတ်လာသည်။ ဘာကို ဘာကြောင့်ရှက်မှန်းမသိ။ ရှက်နေ သည်ကိုသာ ခံစားနေမိသည်။ အင်္ကျီအဖြူကလေး နည်းနည်းစွန်းနေလျှင် မ၀တ်ဆင်ချင်တော့။ ပုဆိုးစိမ်းကလေး နည်းနည်း နလာလျှင် ချောင်ထိုးထားတော့သည်။ မိဘနှင့် အကိုအမများက မရှိမဲ့၊ ရှိမဲ့ရှာဖွေကာ ကျောင်းဝတ်စုံအသစ်များ ဖြည့်ဆည်းပေးခဲ့သည်။ ဘ၀နှင့် မိ သားစု၏ လက်ရှိအခြေအနေကို မသိသား ဆိုးဝါးနေသောအရွယ်ဖြစ်သည်။ စာတော်တာကလေးကို ခုတုံးလုပ်၊ အငယ်ဆုံးသားဆိုသော ဂုဏ်မာနဖြင့် အိမ်တွင်အနိုင်ကျင့်သူတယောက်ဖြစ်နေခဲ့သည်။ သို့သော် ထိုအကျင့်၊ ထိုဘ၀၊ ထိုအရွယ်က အဖြစ်အပျက်နှင့် ပြုမူအနိုင်ကျင့် ခဲ့မှုများသည် အသက်အရွယ်ကလေး ရလာသောအခါ ဆင်ခြင်သုံးသပ်စရာ ဘ၀သင်ခန်းစာဖြစ်သွားတော့သည်။ ထိုအရွယ်က အိမ်ရှေ့ စားပွဲပေါ်တွင် အမဖြစ်သူအတွက် လာရောက်ဖူးပွင့်နေကြသော ရွှေရည်လူးထားသည့် သင်္ကြန်ပိတောက်များကို လွမ်းမောမိပါသည်။

အထက်တန်းကျောင်းသား ဘ၀ကိုရောက်တော့ ကိုယ့်ဘ၀၊ ကိုယ့်အခြေအနေကို သိတတ်လာသည်။ ကျူရှင်ယဉ်ကျေးမှု ထွန်းကားနေသော အချိန်ဖြစ်သည်။ ကျောင်းသား အားလုံးနီးပါး ကျူရှင်တက်ကြသည်။ တလလျှင် ဆယ့်ငါးကျပ်သော အသပြာကို ပေးရသည်။ ညဘက် ဆိုက်ကားထွက်နင်းပြီး ဘွဲ့ရခဲ့သော ဆရာတယောက်၏ကျူရှင်က မြို့တွင် နာမည်အရမ်းကြီးသည်။ သူက ကျူရှင်လခမယူဘဲ သူ့ကျူရှင်ကို လာတက်စေခဲ့သည်။ မျက်စောင်းထိုး ရှေ့နှစ်တန်းကျော်တွင် ထိုင်၍စာသင်နေသော သူငယ်ချင်းမဖြစ်သူ၏ လမင်းသဏ္ဌာန် သနပ်ခါးပါး ကွက်ကို ငေးကြည့်မိန်းမောနေမိရင်း ဆရာကစာမေးလိုက်သည်ကို “ရှင်မတောင်သနပ်ခါးလို့ ထင်တယ်ဆရာ” ဟု ဖြေလိုက်မိသည်။ တ တန်းလုံးက ရယ်မောမှုဖြင့် အားပေးဆုချလိုက်သည်။ ရှက်လိုက်သည်များ မျက်နှာကိုဘယ်မှာထားရမည်မသိ။ ဆယ်တန်းကို နှစ်ချင်းပေါက် အောင်မြင်ခဲ့သည်။ စာမေးပွဲအောင်တော့ မြစ်ကမ်းဘေးရှိ လူရှင်းသော ဆိပ်ခံတံတားပေါ် တယောက်တည်းသွားထိုင်ကာ စီးနေသော မြစ် ရေကိုကြည့်ရင်း ငိုနေခဲ့သည်။ ဒေသကောလိပ် ဆက်တက်ဖို့မှာ လက်တွေ့ဘ၀နှင့် အလှမ်းဝေးလွန်းလှသည်။ မြစ်၏အနောက်ဘက်ကမ်းတွင် နေလုံးကား ပုစွန်ဆီရောင်ဖြင့် ကွယ်လေပြီ။ အိမ်ပြန်ချိန်တန် ပြီ။ အင်္ကျီလက်ဖြင့်သုတ်လိုက်သော ထိုစဉ်က မျက်ရည်စများကို တရံတခါ လွမ်းမိပါသေးသည်။

ဘ၀တွင် လက်ချိုးရေလို့ရသော အောင်မြင်မှုမဖြစ်စလောက်ကို လွမ်းမောနေမိသည်။ ထို့အတူ ကြမ်းတမ်းခက်ထန်လှသော တိုက်ပွဲများ၊ ရှုံးနိမ့်မှုများကိုလည်း လွမ်းသည်။ သတ္ထုတွင်းနှင့် သတ္ထုတွင်း အလုပ်သမားများကို လွမ်းသည်။ အဖေ့ရဲ့ ရေဒီယိုကလေးကို လွမ်းသည်။ ဘ၀တက္ကသိုလ်တွင် ဖထီးမန်းဒါဝိတ် ပေးခဲ့၊ ကျွေးခဲ့သော ဆေးရုံစာ လက်သုံးလုံးခန့်ရှိ ငါးကြော်ကလေးတွေကို လွမ်းသည်။ ရွာခန့် အ လယ်တန်းပြ ကျောင်းဆရာဘ၀ကို လွမ်းသည်။ စာသင်နေပါလျက်နဲ့ ကျောင်းမှထွက်ကာ အိမ်တွင် ကျီးခြောက်၊ ကြက်နှင် ကလေးထိန်းနေ ရသော ကျောင်းသူ၊ ကျောင်းသားကလေးများကိုလွမ်းသည်။ လယ်သမားဦးလေးကြီးနှင့် ဘဲတကောင်ကြေး အလောင်းအစားလုပ်ကာ ထမ်းပြခဲ့သော စပါးကောက်လှိုင်းစည်းများကို လွမ်းပါသည်။

မိုးမခပင်များကို လွမ်းသည်။ နှင်းပုဝါကိုခြုံကာ အလှကြီးလှနေသော လရောင်အောက်က ဒေါန တောင်တန်းများကိုလွမ်းသည်။ မိုးရာသီတွင် ရိုင်းစိုင်းခက်ထန်၍ နွေရာသီတွင် ဘုရင့် ကခြေသည်မလို ယဉ်ကျေးသိမ်မွေ့နေသော သံလွင်နှင့် သောင်ရင်းမြစ်ကိုလွမ်းသည်။ သရက်သီး စိပ်ကလေးတွေ ပေါက်ထည့်ကာ တလတခါစားခွင့်ရခဲ့သော ငါးတန်ချဉ်စပ်ဟင်းကလေးကို လွမ်းမိသည်။ ငှက်ဖျားညတွေကိုလွမ်းသည်။ လက်ထိပ်ကို အပ်ဖြင့်ဖေါက်ကာ အဖျားပိုးစစ်ပေးခဲ့သော ကရင်ဆရာမကလေးကို လွမ်းသည်။ မောင်နှမရင်းနှယ် ပေါင်းကူး ယှက်နွယ် သွားသော မေတ္တာတရားအပေါ် အခြေခံဖြစ်တည်လာသည့် လွမ်းမောအမှတ်တရ ရှိခဲ့မှုများ ….။

အလွမ်းသည် လူကို အေးချမ်းသိမ်မွေ့စေသည်။ အလွမ်းသည် ဒေါသနှင့် ခက်ထန်မှုတို့ကို လက်မခံ၊ အတူတွဲလျက် မတည်ရှိ။ အလွမ်းသည် လောဘ၊ မောဟတို့၏ ဆန့်ကျင်ဘက်ဖြစ်သည်။ အလွမ်းသည် ငြိမ်းချမ်းရေးလည်းဖြစ်သည်။ အနုပညာလည်း ဖြစ်သည်။ မလွမ်းတတ် သောသူ၏နှလုံးသားသည် မေတ္တာတရားအတွက် နေရာမရှိနိုင်။ အလွမ်းသည် မေတ္တာတရားမှ မြစ်ဖြားခံဖြစ်တည်ခဲ့သည်။ ဥသြငှက်က လေးသည် အဟိတ်တိရိစ္ဆာန်ငှက်တကောင်ပင် ဖြစ်နေပါသော်ငြား သူ၏လွမ်းဖွယ်တေးဖြင့် နွေဦးကို နှစ်စဉ် ကြိုဆိုနေမြဲကို ……။ ။

မှတ်ချက်။ ။ ဒီအက်ဆေးကို တခါက ၂၀၁၀ ၀န်းကျင်ကာလ … စာသင်ပေးနေခဲ့တဲ့ ကျောင်းကလေးမှာ ကလေးတွေဖတ်ဖို့အတွက် ရေး ခဲ့တယ်…. ကျောင်းနံရံကပ်စာစောင်မှာ ဖေါ်ပြဖြစ်ခဲ့တဲ့စာမူကလေးလည်း ဖြစ်တယ်။ ကမာပုလဲဆိုရင် ကလေးတွေကသိနေလို့ “တင်ကို မင်းညို” ဆိုပြီးရေးခဲ့တယ်။ ကလေးတွေက ဘယ်သူလဲလို့မေးတော့ အသိတယောက်လို့ ညာလိုက်တယ်။

သရုပ်ဖော်ပန်းချီအား ဤနေရာမှ ယူပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကမာပုလဲ, ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်