ဖိုးထက် – ဦးနှောက်နဲ့ နှလုံးသား ဆတူကြီးတဲ့ ခေါင်းဆောင်တွေ အလိုရှိသည်

November 19, 2015

 

ဖိုးထက် – ဦးနှောက်နဲ့ နှလုံးသား ဆတူကြီးတဲ့ ခေါင်းဆောင်တွေ အလိုရှိသည်

(မိုးမခ) နိုဝင်ဘာ ၁၉၊ ၂၀၁၅

ကျွန်တော်က ဦးနုရဲ့ စာအုပ်တွေဆို မကြိုက်ဘူး။ မကြိုက်ဆို သူ့စာအုပ်တွေထက် အရင် ဆရာကြီး ရွှေဥဒေါင်းရဲ့ ဘ၀တစ်သက်တာ မှတ်တမ်းများ ကို အရင်ဖတ်မိတာကိုး။ ဒါကြောင့် ဦးနုရဲ့ စာတွေကို မကြိုက်အောင် ဆရာကြီး ရွှေဥဒေါင်းက လုပ်ခဲ့တာလို့ သွားလေသူ ဆရာကြီးကို အပြစ်ပုံချရမှာဘဲ။ ဆရာကြီးက သူ့စာအုပ်ထဲမှာ နွားသတ်လိုင်စင်တွေကို ရုပ်သိမ်းဖို့ ဥပဒေထုတ်ခဲ့တဲ့ ဦးနုကို အတော်လေး တွယ်ခဲ့တာကိုး။ ဆရာကြီးက ချက်နဲ့၊ လက်နဲ့ အဲဒီ နွားသတ်လိုင်စင်နဲ့ အမဲသား မစားရ ကိစ္စကို ဝေဖန်ခဲ့တယ်။ အမဲသားဟာ လူကို အားရှိစေတယ်။ အဟာရဖြစ်စေတယ်။ မသတ်ရလို့ ဥပဒေထုတ်ပေမယ့် တိုးတိုးသားတွေ ပေါ်နေတာဘဲလို့ ထောက်ပြတယ်။ ဆရာကြီးမှန်တယ်။ ဥပဒေထုတ်တဲ့ ဦးနုမှားတယ်။ ဒီလို စိတ်ထဲ မှတ်ခဲ့တာကိုး။ အဲဒါက တစ်ချက်။

နောက်ပြီး ဦးနုရေးတဲ့ မိတ္တဗလထီဋ္ဋီကာကျမ်း ကို ဖတ်တော့ အလိုလို ရန်လိုနေတဲ့ အကောင် ကျွန်တော့်အတွက် ဘယ်လိုမှ ခံစားလို့ရဘူး။ နောက်ပြီး သူရေးတဲ့ တက်ကျမ်းတွေကိုလဲ မကြိုက်ဘူး။ တက်ကျမ်းဆိုတာ ဖတ်တုံးသာ မြင့်မိုရ်တောင်ကြီး ရွှေ့ရ ရွှေ့ရ ဖြစ်တာ။ ပြီးရင် အသားကျနေတဲ့ ပျင်းတဲ့စိတ်၊ အလွယ်လိုက်ချင်တဲ့စိတ်၊ လူဝါးဝစိတ်တွေကို ပြင်ဖို့ ခက်ပါတယ်။ တက်ကျမ်းတွေ ဖတ် စကားကြီး စကားကျယ်တွေပြော ရင်ကော့ ခေါင်းမော့လမ်းလျှောက်တတ်လို့ ဂေါက်နေတာလား မသိဘူးဆိုတဲ့ အမြင်ခံရတာ အဖတ်တင်တာဘဲ။ ပြောချင်တာက ဦးနုရေးတဲ့ စာအုပ်ဆိုရင် ဖတ်တော့ ဖတ်သင့်တယ် ဆိုတဲ့ စိတ်ရှိပေမယ့် ပထမဦးစားပေးမှာ မပါဘူး။

ဒါပေမယ့် အသက်လေး အတန်ရလာတော့ စာဖတ်တာလဲ အရှိန်ရလာတယ်။ အထူးသဖြင့် ကိုယ်ရေး ကိုယ်တာ ကိစ္စ၊ ၀ိစ္စတွေနဲ့ ရှုပ်ထွေးမနေဘဲ အချိန်အားတွေ အများကြီးရအောင် ဖန်တီးလိုက်ရင် စာဖတ်ဖို့ အချိန်အများကြီးရပါတယ်။ စာဖတ်တယ်ဆိုတာ သူများတွေကို လိမ်လို့ ရချင်ရမယ်။ ကိုယ့် ကိုယ် ကိုယ်တော့ စာတကယ်ဖတ်သလား၊ မဖတ်သလား ဒီလူ ဘာလုပ်သလဲဆိုတာ လိုက်ကြည့်ရုံနဲ့ အလွယ်လေး သိနိုင်တယ်။ ဆိုရှယ်နက်ခ်ဝပ်တွေမှာ ၀ယ်လာတဲ့ စာအုပ်တွေ ဓာတ်ပုံရိုက်၊ စာအုပ်ထူထူကြီးတွေ ရှိတယ်လို့ ကြွားကြွားနေတဲ့ လူတွေကို ကျွန်တော် (တစ်ဦးတည်း သဘောအရ) အလွန် မုန်းပါတယ်။ ဒီလို ငကြွားတွေကို မုန်းပြီး ကိုယ်တိုင်ကြတော့ တစ်ရက်နေလို့ စာတစ်ကြောင်းတောင် ပြီးအောင် ဖတ်ရဲ့လားလို့ ပြန်မေးပြီး စာဖတ်ဖြစ်အောင် ကြိုးစားတယ်။ ကိုယ်တိုင် မပြင်ဘဲ သူများကို ပက်ပက်စက်စက် ဝေဖန်တတ်တဲ့ အကျင့်ဆိုးကြီး ကျွန်တော့်မှာ ရှိနေတတ်လို့ သတိထားပြီး ပြင်ကြည့်တဲ့ သဘောပါဘဲ။

အခုလဲ ဦးနုရဲ့ တာတေစနေသားကို ကျွန်တော့် အမအကြီးဆုံးက “နင့်အတွက် ၀ယ်ထားတယ်။ ဖတ်ချင်မလားလို့” ဆိုပြီး ပေးလာတော့ ယူထားလိုက်တယ်။ မိသားစုထဲမှာ စနေသား ကျွန်တော်လူဆိုးကို အမကြီးက ဘာသဘောနဲ့ ပေးသလဲတော့ မသိဘူး။ သူ စာဖတ်နည်းတာတော့ သေချာတယ်။ ဒါပေမယ့် တစ်မိသားစုလုံးရဲ့ ဆိုးမွေတွေကို မျှဝေခံစားပေးနေတဲ့ အမကြီးရဲ့ စေတနာကို သိတာကြောင့် ဒီ ဦးနုရဲ့ တာတေ စနေသားတော့ ဖတ်အုံးမှဘဲလို့ တွေးတယ်။

စာအုပ်ကို စဖတ်မှဘဲ ငါ အတော်မိုက်တဲ့ အကောင်လို့ တွေးမိတယ်။
လူတွေဟာ ကိုယ်ပိုင် ကြိုတင်ကူးယူထားတဲ့ သတ်မှတ်ချက်တွေအရ ဘ၀ကို ဖြတ်သန်းကြတယ်။ လူတစ်ယောက်ရဲ့ ဘ၀ကို သေသေချာချာ သိအောင် မလေ့လာဘူး။ စနစ်ကြီး တစ်ခုရဲ့ အကြောင်းကို နားမလည်ဘူး။ အများယောင်ရင် လိုက်ယောင်တယ်။ အများက မကောင်းဘူး ပြောရင် မကောင်းဘူး လိုက်ပြောတယ်။ အခြားသူက ဆဲရင် လိုက်ဆဲတယ်။ လေဖမ်းဒါန်းစီး စကားတွေနဲ့ လူတတ်ကြီး လုပ်ချင်ကြတာ ကျွန်တော် ရှေ့ဆုံးကဘဲ။ အခု တာတေစနေသား ကို ဖတ်မှ ငါဟာ ဦးနုစာတွေ မစွံ၊ ဖတ်လို့ မကောင်းလို့ ကြိုတင်တွေးဆချက်တွေနဲ့ ဒီလောက် ကောင်းတဲ့ စာအုပ်ကို ပြစ်ထားခဲ့တာ အချိန်တွေ နှမြောစရာလို့ တွေးတယ်။

ဦးနုဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရင်းနှီးတဲ့ မိတ်ဆွေကြီး ဖြစ်သလို အစ်ကိုကြီးတစ်ယောက်လို အားထားယုံကြည်ခဲ့တဲ့ သူဘဲ။ ဖြတ်ပြောရအုံးမယ်။ ကျွန်တော်တို့ မျိုးဆက်မှာ ၁၉၈၈ တုံးက ဦးနုကို အတော်လေး နှံခဲ့ကြဘူးတယ်။ ခေတ်ကုန်ပြီ။ အခုထိ နေရာရချင်ဆဲလား စသည်ဖြင့် အများပြောတာကို လိုက်ယောင်ခဲ့ကြတဲ့ သူတွေထဲမှာ ကျွန်တော်လဲ ပါတယ်။ တကယ်တော့ ဦးနုဟာ ဒီလိုမဟုတ်ဘူးလို့ အခုစာအုပ်ဖတ်မှဘဲ နားလည်တယ်။ အခု ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ဦးနုရဲ့ မျိုးဆက်တွေ ပါတီထောင်ပြီး ရွေးကော်ပွဲ ၀င်တဲ့ နေရာမှာဘဲ NLD ကို ဘဲ့တိုက်တယ်လို့ အတော် ကျဉ်းမြောင်းတဲ့ စိတ်နဲ့ ကြည့်ကြတဲ့ သူတွေအထဲမှာ ပါခဲ့သေးတယ်။

ဦးနုဟာ သူပြောသလို ဦးနှောက်ထက် နှလုံးသားက ပိုကြီးသူ ဖြစ်မယ်။ ဒါကြောင့်လဲ ရှေ့တန်းကို ထွက်ပြီး ငမ်းငမ်းတက် နိုင်ငံရေး လူရာဝင်ချင်မှုတွေကို စက်ဆုပ်သလို ကိုယ်တိုင်လဲ နိုင်ငံရေး လူရာဝင်ချင်တဲ့ စိတ် ရှိခဲ့တာ ဖြစ်မယ်။

လူဟာ အသက်ကြီးလာရင် နှလုံးသားရော၊ ဦးနှောက်ရော ဆတူနီးပါး လိုက်ကြီးမှ ကောင်းမယ်။ ကျွန်တော်ဟာ ဦးနုနဲ့တူတယ်။ တူတယ်ဆိုလို့ မတန်မရာဟယ်လို့ မထင်စေချင်ဘူး။ သူ့လိုမျိုး နှလုံးသားက ဦးနှောက်ထက် ပိုပြီး ကြီးနေတဲ့ လူဖြစ်နေတာကို ပြောချင်တာ။ နှလုံးသားက ဦးနှောက်ထက် ပိုကြီးသူတွေဟာ စိတ်ထဲမှာ နစ်နစ်နဲနဲ ခံစားလိုက်ရရင် လုပ်သင့်သလား၊ မလုပ်သင့်သလား ဦးနှောက်နဲ့ မတွေးတော့ဘူး။ လုပ်ချင်ရာကို စွတ်ရွတ် လုပ်ပြစ်တယ်။ ပြီးမှသာ မှားမှန်းသိပြီး ပြင်မရတော့လို့ နောင်တ ရနေတတ်တာ။ ဦးနုကတော့ နှလုံးသားက ပိုကြီးပေမယ့် သူ့ဦးနှောက်က အဆင့်အတန်းမှီလို့ ဗိုလ်ချုပ်တို့လို နိုင်ငံရေး ခေါင်းဆောင်တွေ ကိုယ်တိုင်က တန်ဖိုးထားခဲ့ရတဲ့ လူတစ်ယောက်ဖြစ်ခဲ့တာ။ ကျွန်တော်လို အကောင်ကတော့ စိတ်လိုက် မာန်ပါ စွတ်လုပ်၊ ဦးနှောက်က အဆင့်မမှီိလို့ လူတွေရဲ့ မုန်းတီး၊ စက်ဆုပ်မှုတွေ ခံလိုက်ရတာဘဲ ရှိတယ်။ နှလုံးသားနဲ့ ဦးနှောက် တိုက်ရိုက် အချိုးကျဖို့ ကြိုစားသင့်တယ်လို့ ဦးနုက သူ့စာအုပ်ထဲမှာ တိုက်ရိုက် မပြောခဲ့ပေမယ့် စာဖတ်သူ ကျွန်တော့်ကို သင်ပေးတယ်။

ဗိုလ်ချုပ်အောင်ဆန်းဟာ ကျွန်တော်တို့ နိုင်ငံ လွတ်လပ်ရေးအတွက် ဖိုက်တာကြီး တစ်ယောက်ဆိုရင် အခါတော်ပေး ပညာရှိကြီးဟာ ဦးနုဘဲလို့ ထင်တယ်။ ဗိုလ်ချုပ်ဟာ ပြတ်သားတယ်၊ ရဲရင့်တယ်။ တစ်ချိန်ထဲမှာဘဲ မှန်တဲ့ အရာတွေအတွက် နည်းနည်းမှ အလျှော့မပေးတတ်တဲ့ မာန်မာနလဲ ပြင်းထန်တယ်လို့ ကျွန်တော် ထင်တယ်။ သူ့လို နေရာမှာ သူလို ခေါင်းဆောင်အတွက် ဒီလို စိတ်ထားမျိုး ရှိလဲ ရှိသင့်ပါတယ်။ ဒါပေမယ့် ဒီလို ငါမှန်တယ်၊ ငါလုပ်တာ ဟုတ်တယ် ဆိုတဲ့ စိတ်ထားဟာ အထူးသဖြင့် နိုင်ငံရေးမှာ နေရာတိုင်းမှာဖြင့် မဟုတ်ဘူး။ နိုင်ငံရေးဆိုတာ လူကောင်း၊ လူတော်တွေ အများကြီး ၀ိုင်းဝန်းပြီး နိုင်ငံကို ကယ်မ၊ စောင့်ရှောက်ရတဲ့ ကိစ္စ။ ဗိုလ်ချုပ်လိုမျိုး စိတ်ရှင်းရှင်းနဲ့ လူတိုင်းကို ငေါက်ဆတ်ပြောနေလို့ နေရာတိုင်းမှာ အဆင်မပြေဘူး။ ဥပမာ တစ်ခု ပြောပါ့မယ်။

အောင်ဆန်း-အက်တလီ စာချုပ်ကို လူတိုင်းသိတယ်။ ဖင်ကုန်းအော်ပြီး ကျက်မှတ်ခဲ့ရတာ ကလေးဘ၀ကတည်းက။ ဒါပေမယ့် အဲဒီစာချုပ်ရဲ့ နောက်ခံ သမိုင်းကတော့ ပိုရှုပ်တယ်။ ဒုတိယ ကမ္ဘာစစ်ကြီး ပြီးလို့ ဗိုလ်ချုပ်တို့ အဖွဲ့ ဦးဆောင်တဲ့ ဖဆပလ ပါတီကြီးဟာ ပြည်သူလူထုကြီး အများစုကို ကိုယ်စားပြုတယ်။ (ပြည်သူလူထု အကုန်လုံးဆိုတဲ့ စကားကို သေချာ မသုံးတာ။ ဒါကို လက်ခံရမယ်။ ဗိုလ်ချုပ်တို့ လမ်းစဉ်ကို အဲဒီခေတ်က လူတိုင်း လိုက်နာခဲ့တယ်ဆိုတဲ့ စကားတွေ အခု မယုံတော့ဘူး။

အခုလဲ NLD ကို ပြည်သူလူထု အကုန်လုံးက လက်ခံတယ်ဆိုတဲ့ စကားမသုံးသင့်ဘူး။ မကြိုက်တဲ့ လူတွေလဲ ရှိမှာဘဲဆိုတာ လက်မခံချင်လဲ လက်ခံရမှာဘဲ။ NLD ကို ထောက်မခံတာနဲ့ ရန်သူကြီး ဖြစ်တယ်ဆိုတဲ့ စိတ်တွေ မြင်နေရလို့ ပြောတာ။ ဒါက စကားကြုံလို့ ပြောတာ။)
ဒုတိယ ကမ္ဘာစစ်အပြီး ဂျပန်တွေ မြန်မာပြည်က ပြန်ပြေးရတော့ အင်္ဂလိပ်တွေ ပြန်လာတယ်။ အင်္ဂလိပ်တွေက မြန်မာပြည်ကို ရသလောက် အုပ်ချုပ်ချင်သေးတယ်။ ဓနသဟာရ အဖွဲ့ထဲက အုပ်ချုပ်ရေးထဲမှာ ဆက်ထားချင်ခဲ့တယ်။ ၉၁ ဌာန အုပ်ချုပ်ရေးအရ မြန်မာပြည်ဟာ ကိုယ်ပိုင် အုပ်ချုပ်ရေးရမယ်။ ဒါပေမယ့် အင်္ဂလိပ်ဘုရင်မကြီးကို ဘုရင်အဖြစ် ဆက်သတ်မှတ်ရမယ်။ ဘုရင်ခံက အုပ်ချုပ်သူ အာဏာရှိတယ်။ ဦးနုတို့ ဗိုလ်ချုပ်အောင်ဆန်းတို့က မြန်မာပြည်သူလူထုရဲ့ စိတ်ဓာတ်ကို သိတယ်။ မြန်မာတွေဟာ ဇာတိသွေး ပြင်းထန်တယ်။ အမျိုးဂုဏ်ကို ပုဆိုး ခါးတောင်းကျိုက် မောက်တယ်။ အင်္ဂလိပ်တွေ ပေးတဲ့ အုပ်ချုပ်ရေးကို လက်ခံလိုက်ရင် ပြည်သူလူထုက သူတို့ကို အမြင်မှားမယ်ဆိုတာလဲ သိတယ်။ တိုင်းပြည်ကို ရောင်းစားတယ်လို့ ထင်မှာလဲ စိုးရိမ်တယ်။ ပြီးတော့ သူတို့အဖွဲ့ဟာ လွတ်လပ်ပြီးတဲ့ မြန်မာနိုင်ငံကို ဘယ်လို ဦးဆောင်ရမလဲ၊ ဘယ်လို ခေါင်းဆောင်မှုကို ပေးရမလဲဆိုတဲ့ စိတ်ချ ယုံကြည်ချက်လဲ ရှိတယ်။ အရည်အချင်းလဲ ရှိတယ်။ ဒါကြောင့် လုံးဝ လွတ်လပ်ရေးကနေ တစ်ပြားမှ မလျှော့ခဲ့ဘူး။

ဒီအတွက် တောင်တန်းနဲ့ ပြည်မ ပေါင်းဖို့ တွေ လုပ်တယ်။ အားလုံး ပေါင်းပြီး လွတ်လပ်ရေး ယူမယ်လို့ အင်္ဂလိပ်တွေကို အကြောင်းပြန်တယ်။ ကရင် နဲ့ ရှမ်း ခွဲထွက်ချင်တာကို ရသလောက် ထိန်းတယ်။ လွတ်လပ်ရေး ရပြီး နောင်ဆယ်နှစ်အတွင်း မခွဲထွက်ပါဘူးလို့ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ညှိတယ်။ နောင်မှ တရားမျှတတဲ့ အုပ်ချုပ်ရေး စနစ်နဲ့ တိုင်းရင်းသားတွေ ခွဲမထွက်အောင် ထိန်းမယ်လို့ တွေးခဲ့ကြတယ်။ (ဖက်ဒရယ်ဆိုတိုင်း ခွဲထွက်တာ မဟုတ်။ ညီတူမျှတူ ရှိရင် ဘယ်မိသားစုဝင်မှလဲ အိမ်ဝိုင်းထဲက ထွက် ၀န်းထရံ အသစ်ကာမယ်မဟုတ်ဘူး။ ဒါက ဦးနှောက် အဆေးခံထားရတဲ့ လူအချို့ကို စကားကြုံလို့ ပြောတာ။) တိုင်းပြု ပြည်ပြု လွှတ်တော်ခေါ်တယ်။ အခြေခံ ဥပဒေ အသစ်ဆွဲတယ်။ ဒီကိစ္စတွေ အကုန်လုံးမှာ ဗိုလ်ချုပ်ဟာ ဦးဆောင် ဦးရွက်ပြုသူဆိုတာ ဘာမှ သံသယဖြစ်စရာ မရှိဘူး။ ဒါပေမယ့် ဦးနုတို့လို စေ့စပ် ဖျန်ဖြေရေးသမားတွေရဲ့ ထောက်ပံ့မှု မပါဘဲနဲ့လဲ အချိန်တိုအတွင်း လွတ်လပ်ရေးပေးပါ့မယ်ဆိုတဲ့ အင်္ဂလိပ်တွေရဲ့ ကတိကို မရနိုင်တာလဲ အမှန်ဘဲ။
ဦးနုရဲ့ စာအုပ်ထဲက အကြောင်းအရာ တစ်ခုဟာ ကျွန်တော်တို့ လက်ရှိခေတ်ကြီး ဖြစ်နေတာနဲ့ လာတိုက်ဆိုင်နေတာ တစ်ခုရှိသေးတယ်။ သူတို့တုံးက တိုင်းပြု ပြည်ပြု လွှတ်တော်ခေါ်ပြီး အခြေခံ ဥပဒေ အသစ်ဆွဲကြတော့ ဘာသာရေးနဲ့ ပါတ်သက်ပြီး ပြဿနာ ဖြစ်ရတာကို တွေ့တယ်။ ဗိုလ်ချုပ်က နိုင်ငံတော် ဘာသာကို ဗုဒ္ဓဘာသာဖြစ်တယ်ဆိုတဲ့ ကိစ္စကို ထည့်ဖို့ မူအားဖြင့် သဘောမတူဘူး။ မူအားဖြင့်ဆိုတာ သူ့အတွက်မှန်တယ်။ သူက တရားမျှတတဲ့လူ။ လူတိုင်း ကိုယ်ကြိုက်တာ ကိုယ် ကိုးကွယ်ပိုင်ခွင့်ရှိတယ်ဆိုတာ လက်ခံပြီးသား။ သိပြီးသားလူ။ ဒါကြောင့် ဘာသာရေးကို အရေးအရာလုပ်ပြီး အခြေခံ ဥပဒေထဲမှာ ထည့်ရေးနေဖို့ မလိုဘူးလို့ သူထင်တယ်။ ဒါပေမယ့် ဗုဒ္ဓဘာသာ အများစုရှိတဲ့ နိုင်ငံမှာ ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာအဖြစ် အခြေခံ ဥပဒေထဲမှာ ရေးခဲ့ချင်တဲ့ လူတွေရဲ့ စိတ်ဆန္ဒဟာလဲ မလွန်ဘူး။ ဗိုလ်ချုပ်ကတော့ မရဘူး။ တင်းခံတယ်။ ဒီကိစ္စအတွက် ဆွေးနွေးကြ၊ ငြင်းကြ၊ ခုံကြနဲ့ လွှတ်တော် အပြင်က ရဟန်းတော်တွေပါ ပါလာပြီး ဗိုလ်ချုပ်ကို သတင်းစာတွေကနေ အရေးဆိုလာတယ်။ သတင်းသမားတွေက ဗိုလ်ချုပ်ကို မေးတော့ “ခွေးဟောင်တိုင်း ထမကြည့်အားဘူး” ဆိုတဲ့ စကားကို လွှတ်ကနဲ့ ပြောမိခဲ့တယ်။ ဗိုလ်ချုပ်ဟာ ပြတ်သားတဲ့ သူ ဖြစ်တယ်။ သူမှန်မှန်းလဲ သိတယ်။ ဘာသာရေးအတွက် အခြေခံဥပေဒေကြီးဟာ အခြားဘာသာဝင်တွေအတွက် စိတ်ပျက် အားငယ်စရာ ဖြစ်လာမှာကို နည်းနည်းမှ မလိုလားတဲ့သူ။ ဒါကြောင့်လဲ ရဟန်းတော်တွေကို မရည်ရွယ်ပေမယ့် အဲဒီလို ရင့်ရင့်သီးသီး မိုက်မိုက်ရိုင်းရိုင်း ပြောမိတယ်။ ဒါကို သိတဲ့ ဦးနုဟာ ဗိုလ်ချုပ်အောင်ဆန်းကို ကြားက ၀င်ပြီး စေ့စပ်ပေးတယ်။

နယ်ချဲ့ပေမယ့် စိတ်ဓာတ်ကောင်းတဲ့ ဘုရင်ခံ ဆာဟူးဘတ်ရန့်ပေးတဲ့ အိုင်ယာလန်နိုင်ငံရဲ့ အခြေခံ ဥပဒေစာအုပ်ကြီးကို ကိုင်ပြီး ဗိုလ်ချုပ်ဆီသွားတွေ့တယ်။ အိုင်ယာလန်ရဲ့ အခြေခံ ဥပဒေထဲမှာ ကက်သလစ် ခရစ်ယာန် ဘာသာဟာ လူအများဆုံး လက်ခံတယ်။ ပရိုတက်စတင့် ခရစ်ယာန်ဘာသာဝင်တွေလဲ ရှိတယ်ဆိုတဲ့ စာကြောင်းပါတယ်။ (သူတို့ဆီမှာ အဲဒီ ကက်သလစ်နဲ့ ပရိုတက်စတင့် ကိစ္စအတွက် တစ်ဖက်နဲ့ တစ်ဖက် သတ်ကြ၊ ဖြတ်ကြ ဖြစ်ခဲ့ကြတာ သမိုင်းမှာ အများကြီး ရှိခဲ့တယ်။ တစ်ဖက်က အာဏာရရင် တစ်ဖက်ကို တွယ်တယ်။ သမိုင်းထဲမှာ ပထမ အယ်လီဇဘက် ဘုရင်မကြီးတို့လို နိုင်ငံခေါင်းဆောင်ကြီးတွေက ၀ိုင်းထိန်းပေးခဲ့ရတယ်။) တိုတိုပြောရရင် ဘာသာရေးအတွက် အပိုဒ်ခွဲအချို့ အခြေခံ ဥပဒေထဲမှာ ထည့်ဖို့ လူကြီးတွေ သဘောတူခဲ့တယ်။
ဦးနုဟာ နိုင်ငံရေးမှာ ထင်ပေါ်ခဲ့ပေမယ့် နိုင်ငံရေးနဲ့ ဝေးဝေးနေချင်သူဖြစ်တဲ့ လူကောင်း၊ လူတော်ကြီးဆိုတာ ထင်ရှားတယ်။ တရားသမားလိုလို၊ ဘာလိုလို၊ လူပျော့လိုလို ဆိုတဲ့ ဖန်တီးထားတဲ့ အပုပ်ချ သတင်းတွေထက် နိုင်ငံအပေါ်မှာ အလွန်စေတနာရိတဲ့ ပညာတတ် ခေါင်းဆောင်ကြီး ဖြစ်တယ်လို့ ကျွန်တော် သိပြီ။

သူ့စာအုပ် ဖတ်ရင်း ကြုံကြိုက်လို့ အလျင်းသင့်လို့ ပြောရအုံးမယ်။ အင်္ဂလိပ်တွေ လွတ်လပ်ရေးပေးဖို့ မြန်မာလူမျိုးတွေ အစိုးရဖွဲ့နိုင်ဖို့ ရွေးကောက်ပွဲ လုပ်ခဲ့တယ်။ အဲဒီ အချိန်က ဖဆပလ ဟာ မြန်မာပြည်မ အမတ်နေရာ ၁၈၂ နေရာမှာ ၁၇၁ နေရာ နိုင်တယ်။ အခု NLD နိုင်တယ်ဆိုတဲ့ ရာနှုန်း ၈၀ ဆိုတာထက်တောင် ပိုသေးတယ်။ ကွန်မြူနစ် စနစ် လက်ခံသူတွေက ၇ နေရာ နိုင်တယ်။ ကျန်တာက တိုင်းရင်းသား။ ဖဆပလဟာ ဗိုလ်ချုပ်တို့ လုပ်ကြံခံခဲ့ရပေမယ့် တိုင်းပြည်ကို လွတ်လပ်ရေးရအောင် ဦးဆောင်နိုင်ခဲ့တယ်။

နောင်မှသာ ကွန်မြူနစ်တွေက ဖဆပလတွေကို အပုပ်ချ။ ငယ်ကျိုးငယ်နာဖော်။ ဖဆပလတွေကာ ကွန်မြူနစ်တွေကို အဖေ၊ အမေဘဲ သတ်တော့မှာလိုလို၊ ရွှေတိဂုံဘုရားကြီးဘဲ ဖြိုချတော့မှာလိုလို သတင်းတွေလွှင့်ကြတယ်။ တကယ်က ကွန်မြူနစ်စနစ်နဲ့ ဒီမိုကရေစီ စနစ်ဟာ သူ့ဘာသာသူဆိုရင် ဘာမှ တိုက်ခိုက်စရာမလို။ လူတွေ ၀င်ရှုပ်ကြလို့ တစ်ယောက်နဲ့ တစ်ယောက် ငယ်ကျိုး ငယ်နာဖော်၊ ရစရာ မရှိအောင် နင်းခြေပြောကြရင်း ကွန်မြူနစ်စနစ်ဟာ သုံးစားလို့ မရဘူးဆိုတဲ့ စိတ်ထားမျိုး နိုင်ငံခေါင်းဆောင် တစ်ချို့ရဲ့ ခေါင်းထဲကို ရောက်ကုန်တာ ဖြစ်မယ်။ ကွန်မြူနစ်စနစ်ဟာ သူ့ချည်းဘဲဆို အဆင်ပြေ။ လောဘ၊ ဒေါသ၊ မာန်မာနတွေ အလွန်များတဲ့ လူတွေနဲ့သာ မသင့်တော်တဲ့ စနစ်ကြီးဆိုတာ မသိဘဲ ကွန်မြူနစ်ကို သုံးစားမရအောင် ပြောနေတာ စိတ်ပျက်ဖို့လဲ ကောင်းတယ်။ လေဖမ်းဒါန်းစီးတဲ့ အကျင့်တွေကို မဖျောက်နိုင်ကြအောင် ကျောင်းကတည်းက ရိုက်သင်တာကို ခံခဲ့ကြရတယ်။

တကယ်ဆိုရင် ကျွန်တော်က ဦးနုရဲ့ တာတေစနေသားကို ဖတ်နေတာ မပြီးသေးပါဘူး။ စာအုပ်ကို ဖတ်ရင်း အချို့ အကြောင်းအရာတွေကို တွေ့တော့ သမိုင်းဆိုတာ တကယ်ကြီး တစ်ပါတ်လည်နေပါလားလို့ တွေးမိပြီး တောင်တောင်အီအီ ရေးချင်စိတ်ပေါ်လာလို့ ထရေးမိတာဘဲ။ အရေးကြီး၊ တန်ဖိုးရှိ အက်ဆေးတစ်ပုဒ်လဲ မဟုတ်ပါဘူး။

စိတ်ထဲမှာက ဦးနုတို့၊ ဗိုလ်ချုပ်တို့၊ ဦးကျော်ငြိမ်းတို့၊ ဦးဘချိုတို့ရဲ့ ဖဆပလကြီး အာဏာရခဲ့တယ်။ တိုင်းပြည်ကို ဦးဆောင်ခဲ့တယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ဘာတွေ ဘယ်လို ဆက်ဖြစ်ခဲ့သလဲဆိုတာ အများသိပြီးသားမို့ ဆက်မပြောချင်တော့။ ၀မ်းနည်းစရာနဲ့ ပျော်စရာ ၀မ်းနည်းစရာကိစ္စတွေဘဲ များခဲ့ပြီး နိုင်ငံက အခုထက်ထို ဇောက်ထိုးမိုးမျှော်ဖြစ်နေတုံး။

အခုလဲ NLD က အစိုးရကို ဦးဆောင်ရအုံးမယ်။ ဦးနုက ငမ်းငမ်းတက် လူရာဝင်ချင်သူတွေကို ရာထူးငတ်တယ်လို့ အပြင်းစား စကားလုံးသုံးခဲ့တယ်။ အခုလက်ရှိ မာမီကြီးက အိပ်မက် မမက်ကြနဲ့လို့ ယဉ်ယဉ်ကျေးကျေးပြောတယ်။ ဆိုရှယ်လစ်တွေ၊ ကွန်မြူနစ်တွေ၊ ဒီမိုရေစီတွေ၊ စစ်အာဏာရှင်တွေ၊ စစ်တပ်တွေကို မေ့ထားပြီး စိတ်ကောင်း နှလုံးကောင်းနဲ့ နိုင်ငံကို ရှေ့ဆက်စေချင်တယ်။
သမိုင်းဟာ တစ်ပါတ်မလည်ပါစေနဲ့လို့ ကျွန်တော်ဆုတောင်းတယ်။ ဦးနှောက်နဲ့ နှလုံးသား ဆတူကြီးတဲ့ နိုင်ငံ့ခေါင်းဆောင်တွေ ခေါင်းဆောင်တဲ့ တိုင်းပြည်မှာ မသေခင်နေသွားခဲ့ချင်ပါသေးတယ်။

ဖိုးထက်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဖိုးထက်, ဖိုးထက်, ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်