မာန်(တောင်လုံးပြန်) – နှင်းဆီ

November 20, 2015

 

မာန်(တောင်လုံးပြန်) – နှင်းဆီ

(မိုးမခ) နိုဝင်ဘာ ၂၀၊ ၂၀၁၅

တိမ်တစ်အုပ်သည် တုပ်တုပ်မျှမလှုပ်။

လမင်းသော်တာသည် ထိုတိမ်အုပ်ကို ငေးကြည့်နေသည်။

 

အမေက နောက်တခွန်း မေးလာသည်။ မာလာသည် ဖျတ်ခနဲစာအုပ်ကို လှန်ကာ ပြန်၍ အသံပေးသည်။ “အေး၊ ညည်းစာကျက်တာ စိတ်က ဘယ်ရောက်နေလဲ” ဟု မြည်တွန်တောက်တီးရင်း အမေဖြစ်သူ အခန်းဝမှ ပြန်လှည့်ထွက်သွား၏။

 

မာလာသည် သက်ပြင်းရှည်ကြီး ဟီးတိုက်ချရင်း လှန်ထားသော စာအုပ်ကို ပိတ်လိုက်သည်။ ဓာတုဗေဒ – ဒုတိယနှစ် ဟူသော ကမ္ဗည်းထိုးထားသည့် စာအုပ်အဖုံးသည် မာလာ၏ သက်ပြင်းမောကို ခုခံရန်မစွမ်း။

မာလာစိတ်ညစ်နေသည်။ ခင်ရူပါကိုလည်း ဒေါသထွက်သည်။ ထို ဒေါသကိုလည်း အသိမခံဝံ့။ သူ့ရှေ့မှာ ဝံ့ဝံ့ကြွားကြွား လုပ်ပြသွားသည်ကို ခံပြင်း၍ မဆုံး။ မာလာသည် အခန်းဝ သို့ လည်ပြန်ကြည့်ကာ သတိအနေအထားဖြင့် တိတ်တဆိတ် အံဆွဲကို ဖွင့်သည်။ ကျောင်းသုံးပုံနှိပ်စာအုပ်ကို ထုတ်သည်။ အမေပြန်လှည့် မလာသည်ကို သေချာမှ စာအုပ်တွင်း ဝှက်ထားသည့် စာလေးတစောင်ကို ထုတ်သည်။

 

ဒင်းက ဘာကိစ္စနဲ့ နှင်းဆီပန်းကို ပန်လိုက်ရတာလဲ။ တနေ့လုံး ခြောက်လှန့်နေသော အတွေးက  နောက်တချီမာန်ဝင့်ကာ ထပ်မံထိုးနှက်လာပြန်သည်။ စားပွဲပေါ်မှ စာကို အားပါးတရ စုတ်ဖြဲလိုက်သည်။ လက်ကိုင်ပုဝါထဲမှာထည့်သည်။ အံကိုကြိတ်သည်။ ယခုလို ကလဲ့စားချေလိုက်မှ ဒင်းမှတ်မှာဟု ခပ်နာနာဖိတွေးရင်း အပြင်သို့ငေးမိပြန်သည်။ မျက်ဝန်းတို့သည် အစိုးမရ။အေးချမ်းသော အရိပ်အောက်မှာပင် ပို၍ ငိုချင်လာမိသည်။ ထုနှက်ခြေမွထားသော လက်ကိုင်ပုဝါနှင့် စာထုပ်ကို ကျစ်ကျစ်ပါအောင်ဆုပ်သည်။ မျက်ရည်တို့သည် တာရိုးကျိုးလေပြီ။

 

မာလာ အံကို တင်းတင်းကြိတ်လျက် ငိုမိချေပြီ။

 

ကောင်းကင်သည် တိမ်ဆင့်ကဲလာပြီ။ လေသည် တသေသောဖြင့် အခန်းပြတင်းမှ တိုးဝင်လာ၏။ မိုးငွေ့ရနံ့ ပါလာသည်။ မာလာက မိုးငွေ့ကို ရှူလိုက်ရင်း ခေါင်းကိုမော့သည်။ မျက်ရည်ကိုသုတ်သည်။ စာအုပ်ကို ပြန်ဖွင့်သည်။ စိတ်တင်းလျက် စာအံသည်။ အမေက မာလာ့ အသံကို ကြားမှ မိုးရွာရင် အအေးမခံနဲ့ ဟု လှမ်းအော်နေသည်။

 

မာလာသည် အပြေးကလေးသော့နေ၏ ။ အင်းလျားကန်စောင်းဘေးမို့ ဆင်ခြေလျောကိုက ပို၍ ခြေကိုသွက်စေ၏ ။စက္ကူခွက်ဖြင့် ကော်ဖီပူပူကိုင်ကာ နောက်မှလိုက်နေသော ခင်မောင်  သည် ကို့ယို့ကားယားဖြင့် မာလာ့ကို မပြေးဖို့ တားမြစ်နေသည်။ မာလာက မမှု ။ ပြေးဆင်းနေရာမှ တဖန် ကန်ဘောင်ရှိရာသို့ ခြေဦးလှည့်ပြန်သည် ။ တဟားဟား ရယ်၍ပြေးသည်။ ချစ်သောသူ တယောက် နောက်မှာမမှီ။ မကျေမချမ်းဖြင့် အော်ဟစ်ကျန်နေသည်။ မာလာသည် ကျောပိုးအိတ်ကို ခပ်ပေါ့ပေါ့ပင် မြက်ခင်းပြင်သို့ လွှင့်ပစ်လိုက်သည်။ ဇင်မောင် ခမျာလိုက်ကောက်ရပြန်သည်။

 

လရောင်သည် တိုက်စစ်ဆင်လာသော မိုးတိမ်တောင်တို့နောက်တွင် ခိုဝင်သွားခဲ့ပြီ။ မိုးသည်အော်သံ ဟီး ဟီး ဖြင့် လေကိုခိုကာ မာလာ၏ အခန်းပြတင်းကို အတင်းကာရော ထိုးဆောင့်လာ၏ ။နောက်ဆုတ်သည်၊ ရှေ့တိုးသည်၊ မိုးစက်တို့က ပြတင်းပေါက်ကို ခုန်ပေါက်တိုင်းစိုင်းနေပြီ။

 

မာလာသည် အတွေးကို ဖြတ်ကာ ပြတင်းတံခါးတို့ကို ပိတ်လိုက်ရသည်။မိုးသံလေသံသည် တဝေါဝေါကြီးစိုး မင်းမူလေပြီ ။ ဘာရယ်ကြောင့်မသိ။ မိမာလာ သည်လို မိုးသံလေသံကို ရန်သူထင်လျက် ကျက်လျက်စစာကို အာခေါင်ခြစ်ကာ အော်ဟစ်ဖတ်နေပါတော့သည်။

 

နာရီလက်တံတို့သည် တရွေ့ရွေ့။ အမေက ကော်ဖီတခွက် လာချပေးသည်။ မာလာ တယောက် စိတ်ကို နှစ်လျက် တစာစာ အောက်ကျက်နေရင်း အမေ့ကော်ဖီခွက်ကို ကြည့်သည်။ လူက ရှေ့နောက် ယိမ်းထိုးနေသည်။ သင်ခန်းစာများကို နှုတ်တိုက်ရွတ်ဆို ကျက်မှတ်ကာ အခါခါကျော့၏။ အမေသည် မီးအစိမ်းလင်းနေသည့် ဟမ်းဖုန်းကို ကြည့်ကာ အားသွင်းကြိုးမှ ဖြုတ်လိုက်သည်။ ဖုန်းအားပြည့်နေပြီဟု သူ့ဘာသာပြောရင်း ပြန်ထွက်သွားသည်။ယခုညအဖို့ မာလာ့ဆီပြန်လာတော့မည်မဟုတ်တော့။ ဘုရားဝတ်တက်မည်။ ပုတီးစိပ်မည်။ အိပ်ရာဝင်တော့မည်။

 

အဖေသည် ဖတ်လက်စ စာအုပ်ကို ရင်မှာပိုက်လျက် အိပ်မောကျနေပြီ။ မိုးသည် မာန်လျော့ကာ စောစောက အော်ဟစ်သမျှကို အမောပြေ ခပ်စွေစွေ သွန်းချကာ နှုတ်ဆက်ဟန်ပြုနေပြီ။ ငြိမ်စ ပြုသော မိုးသံလေသံကြားတွင် မာလာသည် အောက်ကျယ် ၊ဟစ်ကျယ် စာအံနေတော့၏။

 

ကော်ဖီခွက်သည် တဖြည်းဖြည်း အငွေ့သေလာပြီ။ မာလာက နောက်ဆုံးအချီ တစ်လီကြော့ကာ စာအုပ်ကို ပိတ်ရင်း မှတ်မိသမျှ အံချကာ အနိုင်ပိုင်းလိုက်သည်။ သူ့စိတ်များတွင် လန်းလာသည်။ ကော်ဖီကို တကျိုက်ငုံရင်း ကျေနပ်စိတ်ဖြင့် ခါးကြောကိုဆန့်သည်။ဖုန်းကို ဖွင့်ကာ Message Box ထဲမှ စာများကို ဖွင့်ဖတ်သည်။ ဖတ်နေရင်း အံဆွဲထဲမှ လက်ကိုင်ပုဝါ နှင့်စာကိုထုတ်ကာ ဖုန်းကင်မရာဖြင့် ရိုက်သည်။သူ့ကိုယ်သူ အထင်ကြီး ကျေနပ်ပြီး ကုတင်ပေါ်သို့ ပစ်လှဲကာ ပြုံးနေတော့သည်။

 

ခင်ရူပါက ပြောင်ပြောင်တင်းတင်း ငြင်းသည်။

 

သူငြင်းသည်ကို အားလုံးသိသည်။ ထိုနှင်းဆီပန်းကို ဇင်မောင် မြင်အောင် တမင်ပစ်ချခဲ့ခြင်း မဟုတ်ဟု မည်သူမှမယုံ။

 

“ ငါက ဇင်မောင့်လို နိုင်ငံရေးသမားယောင် ဘာယောင်ယောင်  ကောင်ကို တစက်ကလေးမှ စိတ်မဝင်စားဘူး ၊ ငါ့ဟာငါ မပန်ချင်လို့ ပစ်ချလိုက်တာ၊ ကားက ထွက်နေပြီလေ၊ ဇင်မောင် ကောက်သွားမှန်းတောင် ငါမသိဘူး ၊ရှင်းပြီလား …”

 

မာလာက စိတ်ထဲမှ  ကောင်မကတော့ဟု တွက်လိုက်သည်။သို့သော်နှုတ်ကမထွက်။ သောက်လက်စ ကော်ဖီကို ဇွန်းဖြင့်ကဲ့ရင်း ခပ်ရင်း စဉ်းစားနေသည်။

 

“ နေပါဦး သူက ဘာပြောလို့လဲ ”

 

“ ငါ ဘယ်သိမလဲ။ သူများတွေ ပြောနေတာ နင်က သူမြင်အောင် ပစ်ချပေးလို့ သူ ကောက်ထားတာတဲ့၊ ဘာမှမဟုတ်လဲ ပြီးတာဘဲ”

 

မာလာက ဟန်ပါပါ ပခုံးတွန့်လိုက်သည်။ စားပွဲဝိုင်းမှ ထလာခဲ့သည်။ ခင်ရူပါက  မကျေမချမ်း စူပုတ်ကာ ကျန်နေရစ်သည်။ တခြားသူတွေက သူတို့ ဝင်မပါချင်၍ ဘာသိဘာသာ လုပ်နေကြ၏။

 

“လူတွေက နည်းနည်းကို များများလုပ်ချင်တယ်၊ဟွန်း၊ အဲဒီအကောင် ငါနဲ့ တွေ့ဦးမယ် ၊ငါက ဘာကိစ္စ သူ့ကို ပေးရမှာလဲ၊ ဝေးသေး”

 

ခင်ရူပါက ဖုန်းကို ဖွင့်ကာ ဇင်မောင့်နံပါတ်ကိုရှာသည်။ ဝင်းဝင်းသန်းက တားသည်။ ပြီးတဲ့ကိစ္စပြီးပြီပဲ။ ဖုန်းခေါ်မနေနဲ့ဟု ။

 

“ မဟုတ်ဘူး၊ ငါ အဲဒီကောင်နဲ့ ရှင်းရမယ်၊ မရဘူး”

“ နင်က ဘယ်လိုရှင်းမှာလဲ”

 

ခင်ရူပါ ထိတ်ခနဲ ဖြစ်သွားသည်။ ချက်ချင်း မျက်ရည်ဝဲလာသည်။  ဝင်းဝင်းသန်းက စားပွဲထိုးကို ခေါ်ပြီး ပိုက်ဆံရှင်းကာ ခင်ရူပါကို ခေါ်လာခဲ့သည်။ ကားပေါ်ရောက်တော့ ခင်ရူပါ ငိုတော့သည်။ဝင်းဝင်းသန်း က ကားကိုစက်နှိုးကာ လေအေးစက် ဖွင့်ထားလိုက်သည်။

 

“ငါ့ကို ပြန်တောင်းပေးပါလား ဟာ”

 

ခင်ရူပါက ရှိုက်သံနှောကာ တောင်းဆိုသည်။ ဝင်းဝင်းသန်းက မလိုက်လျော။ နေပါလေစေတော့  ဟု ဖြောင်းဖျသည်။ နှင်းဆီပန်းကို ပြန်တောင်းလျှင် မာလာနှင့် ပြဿနာ ထပ်ဖြစ်ဦးမည်ဟု ဆိုသည်။ သူကပင် ဆက်၍

 

“မနှစ်ကတည်းက နင် အဖြေပေးလိုက်ပါလို့ ငါပြောသားပဲ၊ ဇင်မောင်က နင့်ကို ပထမနှစ် တနှစ်လုံး ဒီလောက်လိုက်နေတာ ၊ တကျောင်းလုံး သိတယ်၊ နင်ကမှ အကပ်မခံတာ”

 

“ တော်ပါတော့ဟာ ၊တစက်ကလေးမှ သစ္စာမရှိတဲ့ကောင်”

 

ဘာဟု ဝင်းဝင်းသန်း အော်သည်။ မကျေမနပ်  ကြည့်သည်။ ခင်ရူပါသည် သူ့အပြစ်မဖြစ်အောင် လှီးလွှဲစကားပြောသည်။ သို့သော် ဇင်မောင့်ကို နှင်းဆီပန်း ပစ်ချပေးသည်က သိသာလွန်းနေသည်။ သူ့လှီးလွဲ ဆင်ခြေများက တိုးမပေါက်သာ။ သူတို့ သတင်းက တကျောင်းလုံး ပျံ့နှံ့နေပြီ။ ဇင်မောင်က ဘာမှပြောသည် မဟုတ် ။ သူပစ်ချပေးသော  နှင်းဆီပန်းကို ကောက်ခါ ထွက်သွားသော ကားကို ငေးကြည့်နေခြင်းမျှသာ ။ ကျောင်းသည် အရိပ်မျှ မြင်ရုံမျှနှင့် ဘာဆိုသည်ကို သိကြပြီ။ မာလာလည်း ကြားခဲ့ပြီ။ တအုပ်စုထဲ သွားလာနေကြသူတွေမို့ ပြဿနာက မပြီးတော့ ။

 

ဒီကနေ့ နှင်းဆီပန်း ပြဿနာကို ဇင်မောင်ရှင်းရမည်။ ဇင်မောင်က ကျောင်းမလာ။ ဖုန်းကို ပိတ်ထားသည်။ မာလာသည် ညကတည်းက ဇင်မောင်နှင့် ဇာတ်လမ်းဖြတ်လိုက်ပြီဟု ကြွေးကြော်နေသည်။ မာလာ့ကြွေးကြော်သံကို ရွက်ကြွေများက ရယ်မောပြေးလွှားနေသည်။ ရွက်ကြွေများကို နင်းခြေရင်း ကျောင်းသူများက ဆက်ရယ်မောသည်။ တကျောင်းလုံး ခေါင်းလောင်းထိုးသံ နှင့်အပြိုင် ရယ်မောနေကြသည်။ ဤသို့ဖြင့် မိမာလာ ၏ ပြတ်စဲမှု ကြွေးကြော်သံသည် ဖျော့တော့မှေးမှိန်သွားလေပြီ။

 

သို့ရာတွင် ထိုစိုစွတ် ထိုင်းမှိုင်း သောမိုးတနေ့တွင် ဤ ကျောင်းတော်ကြီး၌ သုံးပွင့်ဆိုင်အချစ်ပြဿနာ တရပ်မှာတော့ အားလုံး သိကြားလိုက်ကြပြီ။ ဇင်မောင်သည် သတ်မှတ်ထားသည့်အတိုင်း ကျောင်းကားဂိတ်မှာ စောင့်နေသည်။ သူ့ကိုယ်သူလဲ ရဲဆေးတင်ရင်း ပတ်ဝန်းကျင်ကို ဂရုမစိုက်သလို ထိုင်နေသည်။ ဖြိုးသိန်းတို့ကား မလာသေး ။ ဖြိုးသိန်းစကားအရ “ ငထောက် ´´ တွေကို ရှောင်ရဦးမည်ဟုဆိုသည်။ ဇင်မောင်သည် အန္တရာယ်ပြည့်လွှမ်းနေသော ကျောင်းသုံးကျောပိုးအိတ်ကို နံဘေးတွင် ချထားလိုက်သည်။ မာလာတော့ စိတ်ဆိုးတော့မှာပဲဟု တွေးမိပြန်သည်။ ထိုအတွေးသည် အခါခါကြော့နေသည်။ အဖေဖြစ်သူ၏ စိတ်ပူပူမပူပူ ဂရုမစိုက် ။ မာလာစိတ်ပူမှာကို သာတွေးနေမိသည်။ ခင်ရူပါကလည်း နေရင်းထိုင်ရင်း သူ့အပေါ် စစ်ကြေငြာသည်။ တစက်ကလေးမှ သစ္စာမရှိတဲ့ကောင်ဟု လူကြုံပါးလိုက်သည်။ မာလာကလည်း စာဟောင်းကို လက်ကိုင်ပုဝါဖြင့်ပတ်ကာ ပြတ်စဲကြောင်း  မိန့်မှာလိုက်သည်။ ဒါက သိပ်တော့အရေးမကြီး ။

 

ဇင်မောင် တညလုံး မအိပ်ရသေးသဖြင့် အားရပါးရ သမ်းဝေရင်း ကားများကို ငေးနေသည်။ နေရောင်က တက်လာချေပြီ။ ကားဂိတ်သည် တက်နေကို အံတုနိုင်သော်ငြား ဇင်မောင့်အတွက် အကာအကွယ်ပေးနိုင်မည်မဟုတ်။ ကျောင်းကားများ တဖြည်းဖြည်း ပါးသွားခဲ့ပြီ။ဖြိုးသိန်း သည် ဇင်မောင့်ကို မြင်သော်ငြား ကားကိုဆက်မောင်းသွားသည်။ ဘေးဝန်းကျင်သည် အခါတိုင်းနေ့များလိုပင် ထူးခြားမှုမရှိ။“ ငထောက်´´ တွေ တကောင်တမြှီးမှမတွေ့။ ဖြိုးသိန်းကားကို ပြန်ကွေ့ကာ ဇင်မောင့်ကို အချက်ပြလိုက်သည်။ ဇင်မောင်က ကျောပိုးအိတ်ကို လွယ်ရင်း ကားဆီသို့ မနှေးမမြန် လျှောက်လာတော့သည်။

 

“မနေ့က စာရွက်တွေပါလား၊ တခါတည်းသွားရမှာ ´´

 

ဇင်မောင်က ကျောင်းတံခါးဝသို့ လှမ်းမျှော်သည်။ မာလာထွက်လာလေမလား ဟုတောင့်တသည်။ ဖြိုးသိန်းက ဘာမှန်းမကြားလိုက်သော မေးခွန်းတခုမေးလာသဖြင့် ကားထဲကို ငုံ့ကြည့်လိုက်သည်။ တင်မောင်စိုးက ခေါင်းစီးအနီနှင့်။ နော်ကထပ် ပထမနှစ်ကျောင်းသားနှစ်ဦးကလည်း ရဲရဲတောက်နေကြသည်။ ကားဂိတ်ပေမို့ နောက်မှ လိုင်းကားတစီးက မြန်မြန်ထွက်ပါရန် ဟွန်းသံ အကျယ်ကြီးပေးနေ၏။ ဖြိုးသိန်း ခေါင်းပြူကာ ထီမထင်ဟန် ထွက်ကြည့်တော့မှ ကားဆရာသည် မရမက စီယာတိုင်ကို အားပြုဆွဲကာ ကားနံဘေးမှ ကျော်တက်သွားသည်။

 

ဇင်မောင်သည် ကားတံခါးကိုဖွင့်ကာ သပိတ်မှောက်မည့် ကျောင်းသားများနှင့်အတူသိမ်ကြီးဈေးသို့ လိုက်သွားလေပြီ။

အမေသည် ခြံဝမှပင် ဝမ်းသာအားရအော်ဟစ်နေသည်။ အရေးထဲမှ ကပ်ကျေးကရှာမတွေ့။ အမေက အော်လေလေ ၊ မာလာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတော့။ ပြီးတော့မှ

 

“ အမေ ဟိုနေ့က ပန်းညှပ်ဖို့ ခြံထဲယူသွားတယ်လေ၊ အဲဒီမှာ မရှိဘူးလား”

 

မာလာ အလယ်ခန်းပြတင်းပေါက်မှ အသံပေးလိုက်သည်။ အမေသည် ပြန်သတိရရင်း ပန်းပင်များအောက်ကိုရှာသည်။ ရွက်ကြွေတချို့အောက်တွင် ကပ်ကျေးကငြိမ်သက်နေ၏။

 

မာလာလည်း နှင်းဆီပန်းများကိုကြည့်ကာအံ့အားသင့်နေသည်။ အနီစွေးစွေး ပွင့်လွှာထက်၌ မိုးစက်တချို့ နားခိုနေဆဲ။ အမေက တပွင့်ချင်း ညှပ်သည်။ သမီးကို သုံးပွင့်ချန်ထားနော်လို့ မာလာ တောင်းဆိုလိုက်သည်။ အမေက ရယ်မောကြည်နှူးနေသည်။ နှင်းဆီတွေက လေပြေကြားတွင် သူ့ထက်ငါ အပြိုင်တိုးဝှေ့ကာ သခင်မထံဝင့်ကြွားနေကြသည်။ သူ့ထက်ငါ စင်ထက်ပေါ်သို့ အသုံးတော်ခံရန် စိုင်းပြင်းနေကြပြီ။

“ ဒီလောက် တခါမှ အပြိုင်မပွင့်ဖူးဘူး၊ဝမ်းသာလိုက်တာအေ”

 

အမေသည် သူ့စကား သူ ကြည်နှူးမဆုံး။ ကိုင်းထက်မှ အရွက်စိမ်းများကို ခြွေချရင်း တပုံတပင် ဖြစ်လာသည့် နှင်းဆီခြင်းကို ကျေနပ်နေသည်။

 

“ ညည်း ဒေါ်လေးက ဘယ်အချိန်တဲ့လဲ ´´

 

“ ကိုးနာရီ အရောက် သွားရမှာ အမေ ၊ပန်းဘဲတန်း တရားရုံးက ပြီးမှတဲ့ ´´

 

“ အေးဟယ် ၊တင်မောင်စိုးတော့ ´´

 

အမေက ထိုသို့ပင် ။ စိတ်ဆင်းရဲစရာဆိုလျှင် ဝါကျကုန်မပြောချင်။ မာလာက ငွါးငွါးစွင့်နေသည့် ပန်းသုံးပွင့်ကို အမှတ်သညှာပြုလိုက်သည်။အဖြူရောင်လည်ထောက် ရင်ဖုံးအင်္ကျီ၊ ကချင်လုံချည် အစိမ်းရင့်ရင့် ၊ပြီးတော့ ။ မာလာသည် သူ့အတွေးကို အမေရိပ်မိသွာြး့ပီလားဟု တိတ်တခိုးကြည့်လိုက်သည်။ သို့တိုင် သူ့ကိုယ်သူ မလုံ။ ထို့ကြောင့် နောက်ဖေးလှေကားမှ ပြန်တက်လာပြီး ဝှက်ထားသော ပုလင်းသုံးလုံးကို ယူကာ ကျောပိုးအိတ်ထဲသို့ခည့်သည်။ ဓာတုဗေဒစာအုပ်ကိုလည်း ထည့်သည်။

 

သူ့လျှို့ဝှက်ချက်ကြီးမပြီးခင် ဒေါ်လေးသည် အိမ်ရှေ့မှာ ဆိုက်ရောက်ခဲ့လေပြီ။ မာလာမနိုးသေးဟု မြည်တွန်တောက်တီးကာ အစ်မဖြစ်သူကို လှမ်း၍ ရန်လုပ်သည်။ အစ်မဖြစ်သူက အိမ်ပေါ်မှာဟေ့ နိုးနေပြီ နိုးနေပြီ ဟု ပြန်အော်သည်။ မာလာသည် အမေတို့ ညီအစ်မနှစ်ဦး အော်ဟစ်ခွန်းတုံ့ဆိုနေစဉ်မှာပင် အောင်မြင်ပြီးမြောက်ခဲ့လေပြီ။

 

“ ဟဲ့ ၊ နင့်ပန်းတွေ ထားခဲ့ရမှာလား ၊ငါရေဆေးတော့မလို့ ´´

 

အမေက အမေးပြုလာသည်။ လာပြီဟု မာလာ အဖြေပို့ကာ ပြန်ဆင်းပြေးတော့ ဒေါ်လေးက တံခါးဝမှဆီး၍ ဆူပူသည်။ ညည်း ရေမချိုးသေးဘူးလားဟု  အစချီကာ…။

 

မာလာသည် နှင်းဆီသုံးပွင့်ကို လက်ကိုင်ပုဝါအဖြူနှင့်ပတ်သည်။ ပြီးမှ သတင်းစာအဟောင်းနှင့် ပတ်သည်။ ထိုသတင်းစာက တကူးတက ရွေးချယ်ထားသော သတင်းစာဖြစ်သည်။ ကျောင်းသားလေးတစ်ဦးကို ဝိုင်းဝန်းရိုက်နှက်နေသည့် ပြည်ထဲရေးဝန်ကြီး ဌာနလက်အောက်မှ ပါးကွက်သားများ ပုံပါနေသည်။ ရေမစိုစေရန် ရေချိုးခန်းထောင့်ရှိ အဝတ်လျှော်ဇလုံထဲသို့ ထည့်သည်။ ရေမြန်မြန်ချိုးသည်။ ဒေါ်လေးသည် ခေါ်လာပြီးသော တက္ကဆီကားအကြောင်း ဗာရာဏသီချဲ့ပြန်သည်။ အစ်မက သူ့ညီမ ပြောချင်ရာပြောနေသည်ကို သည်းခံနေပါသည်။ အကယ်၍သာ သားတော်မောင် တင်မောင်စိုး အခြေအနေမေးလိုက်လျှင် မယ်မင်းကြီးမ သူ့ကိုယ်သူ အပူရုပ်ကို ဟန်လုပ်နေသမျှ ချုံးပွဲချငိုပေလိမ့်မည်။

 

အမေသည် မာလာ့ကိုပင် မြန်မြန်လက်စသတ်ရန်အော်ပြန်သည်။

 

မာလာသနပ်ခါးမတို့ဖြစ်တော့။ နားစပ်ဆီမှ ရေစက်လက်ဖြင့်ပင် အဝတ်အစားမြန်မြန်ဝတ်ကာထွက်လာသည်။ ကျောပိုးအိတ်ကတဖက်၊ သတင်းစာပတ်ထားသော နှင်းဆီပန်းများက တဖက်ဖြင့် အမေရှေ့မှ ထွက်လာသည်။ အမေကတော့ သူ့သမီးတယောက် မောင်ဝမ်းကွဲ တင်မောင်စိုးအတွက် ဘုရားမှာ ပန်းလှူပေးတာနေလိမ့်မည်ဟု တထစ်ချတွေးသည်။ ဒေါ်လေးသည် သုတ်ခြေတင်သွားသော မာလာ့နောက်သို့ ပြေးလိုက်ခဲ့သည်။

 

ဆူဆူညံညံ အသံများကြောင့် အိပ်ခန်းထဲမှထွက်လာရင်း ဇနီးသည်ကို မေးသည်။ ဇနီးသည်က ပြန်မေးသည်။

 

“ ဘာကြော်လို့ ညှော်ရမှာလဲ၊ မနက်က ကျုပ်ဈေးသွားနေတဲ့ဟာ ´´

 

“ဟာ ၊တမနက်လုံး ကြော်လှော်နေတဲ့ဟာ ´´

 

“ ရှင့်သမီး နေမှာပေါ့၊ သူ့မောင်အတွက် ကြော်တာနေမှာပေါ့ ´´

 

မိုးဖြူသည် ပန်းဆိုးတန်းနှင့် ကမ်းနားလမ်းထောင့်တွင် တစွေစွေဟန်ရေးပြနေသည်။ လမ်းထောင့်ရှိ အနောက်ပိုင်းခရိုင်တရားရုံးဝင်ပေါက်၌ ရဲတပ်ဖွဲ့ဝင်များ စီတန်းနေရာယူထားကြသည်။ မိုးတစိုစိုအောက်မှာပင် သတင်းထောက်များက မြင်ကွင်းရှုထောင့်ကောင်းကောင်းရရန် ပြင်ဆင်နေရာယူနေကြသည်။ ကျောင်းသားကျောင်းသူ တော်တော်များများရှိနေသည်။ စခန်းမှူးအဆင့်ရှိ ရဲအရာရှိက သူ့ဝန်ထမ်းများကို ကြပ်မတ်နေသည်။ ဝင်ပေါက်တံခါးမှာ ကျဉ်းသည်။ ရဲဝန်ထမ်းများက ဘေးနှစ်ဖက်စလုံးတန်းစီနေရာယူထားသည်။ လုံခြုံရေးယူထားသည့်ပုံစံပင်။

 

သတင်းထောက်အချို့က ကျောင်းသားတချို့ကို အင်တာဗျူးလုပ်နေသည်။ ဓါတ်ပုံများရိုက်ကူးမှတ်တမ်းယူနေသည်။ဖုန်းထဲမှ ဝင်လာသောသတင်းအရ ပန်းဘဲတန်းတရားရုံးတွင် ရုံးတက်နေသောဖမ်းဆီးခံ ကျောင်းသားများ မကြာခင် ဤတရားရုံးသို့ ရောက်လာတော့မည်ဟု ကြားနေရသည်။ တရားရုံးဝင်ပေါက်တဝိုက်သည် မိုးဖြူတစွေစွေ အောက်မှာပင် တရုန်းရုန်း ဆူညံနေသည်။

 

မာလာသည်အံကိုတင်းတင်းကြိတ်ကာ ဒေါ်လေးနှင့်အတူရပ်နေသည်။ ဒေါ်လေးက ထီးအောက်ကိုဝင်ဖို့ နှစ်ခါသုံးခါ တိုက်တွန်းသည်။ ရပ်နေရသည်မှာ ညောင်းညာလှ၏။ ဒေါ်လေးသည် သားဖြစ်သူတင်မောင်စိုး အဖမ်းခံရသည်ကို တူမဖြစ်သူ မာလာကို အဖော်ခေါ်ကာတရားရုံးသို့လာခဲ့သည်။ မာလာသည် မောင်ဝမ်းကွဲ တင်မောင်စိုး ထက် ဇင်မောင့်ကို တွေ့ချင်သည်။ ဇင်မောင် လည်း အဖမ်းခံနေရသည်။ တင်မောင်စိုးနှင့် အတူရုံးထွက်ရမည်ဟု သိရသည်။

 

ဇင်မောင် သိပ်နေမကောင်း ။ ပိန်လည်း ပိန်သွားသည်ဟု ထပ်ဆင့်ကြားရသည်။ နဂိုကမှ ဇင်မောင်က ခပ်နွဲ့နွဲ့၊ခပ်ပါးပါး ။ သူလိုလူက သပိတ်မှောက်သည့်အထဲပါသွားရသေးသည်။ ဇင်မောင့်အဖေက စိတ်ဆိုးသဖြင့် ဖမ်းထားလိုက်သည်တဲ့။

 

မာလာသည် အတွေးလွန်နေသဖြင့် ဝင်းဝင်းသန်း ဘာလာပြောသည်ကို မကြားမိ။ ဝင်းဝင်းသန်း နှင့်အတူ သူငယ်ချင်းတွေ ပါလာသည်။ လာတော့မယ်ထင်တယ်ဟု ဒေါ်လေးက ရုတ်ရုတ်သဲသဲဖြစ်သွားသော မီဒီယာသမားများကိုကြည့်ကာ မာလာ့လက်မောင်းကိုဆွဲရင်း ပြောလာသည်။ မာလာသည် အပူတကြီးဖြင့် ခင်ရူပါကိုရှာသည်။ ဝင်းဝင်းသန်း က မာလာ့အတွေးကို ရိပ်မိသဖြင့် ခေါင်းခါပြသည်။ ပြီးတော့

 

“ သူ့ အဖေက တရားသူကြီးလေ ၊သူဘယ်လာရဲမှာလဲ၊ နင် ဘာမှ စိတ်မပူနဲ့ ၊ ဇင်မောင်က နင့်ကိုပဲချစ်တာပါ”

မာလာသည် အောင်ပွဲအတွက် ငိုချလိုက်သည်။ ဝင်းဝင်းသန်းက မာလာ့ကို ပွေ့ဖက်ထားသည်။ ဒေါ်လေးကလည်း သားအတွက် ငိုနေသည်။ ဇင်မောင်တို့ အချုပ်ကားကြီး ဝင်လာပြီ။

 

မာလာသည် ကားတံခါးဝဆီသို့ အားသွန်ကာတိုးသည်။ သူ့လက်ထဲမှာ နှင်းဆီပန်းတွေကိုင်ထားသည်။ ဇင်မောင် သည် တင်မောင်စိုးညွှန်ပြရာသို့ ကြည့်ကာ ဟေးခနဲ အော်ဟစ်လိုက်သည်။ သူသည် သူ့နှင်းဆီစစ်စစ်ကိုရတော့မည်။

 

တမနက်လုံးစွေနေသောမိုးသည် အချုပ်ကားတံခါးဖွင့်သည်နှင့် ဆန္ဒပြကျောင်းသားများကို အလေးဂရုပြုကာတိတ်တဆိတ် ထွက်ခွာသွားသည်။ကင်မရာမီးလျှပ်ပန်းများ တခြိမ်းခြိမ်း။

 

(ပညာရေးသပိတ်မှောက်ကျောင်းသားများကို ဂုဏ်ပြုပါသည်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)