ဖိုးထက် – မုန်းတာဟာ ရှက်စရာ

November 22, 2015

 

ဖိုးထက် – မုန်းတာဟာ ရှက်စရာ

(မိုးမခ) နိုဝင်ဘာ ၂၂၊ ၂၀၁၅

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခုနောက်ပိုင်း အင်တာဗျူးတွေ၊ မိန့်ခွန်းတွေ၊ ဟောပြောချက်တွေ၊ သတင်းစာ ရှင်းလင်းပွဲတွေကို  ကျွန်တော် အချိန်ပေးပြီး မကြည့်တော့ဘူး။ ခင်ဗျား မျက်ခုံးတွေ ပင့်မသွားပါနဲ့။ အဖွားကြီး (ကိုယ့်အမေကို ချစ်စနိုးနဲ့ ကွယ်ရာမှာ အဖွားကြီး၊ မနိုင်ဘူး၊ ကြောက်ရတယ်၊ ချစ်ရတယ် ဆိုတဲ့ သဘောပါ) ရဲ့ စကားတွေက ကျွန်တော့်အတွက် အပ်ကြောင်းထပ်နေပြီ။ 

 

အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်ပါတယ်၊ 

စစ်တပ်ကို မမုန်းပါဘူး၊

 ရှေ့ကိုလျှောက်လှမ်းကြပါ၊ 

ဘယ်သူ့ကိုမှ အာဃာတ မထားပါဘူး၊ 

ပညာရေး၊ ကျန်းမာရေး ကိစ္စတွေကို ပြင်ရမယ်၊ 

စစ်တပ်ကို Professional စစ်တပ်ဖြစ်စေချင်တယ်၊ 

စည်းလုံး ညီညွတ်ကြပါ၊ 

စည်းကမ်းရှိကြပါ၊ 

ဒီမိုကရေစီ ခရီးက မဆုံးသေးပါဘူး 

 

စသည်ဖြင့် စကားတွေက ကျွန်တော့်အတွက် ရိုးနေပါပြီ။ ရိုးသွားပြီဆိုလို့ ဘယ်ဘက်နားက ၀င် ညာဘက်နားက ထွက်တဲ့ သဘော မဟုတ်ပါဘူး။ သူ့စကားတွေကို နှလုံးသားထဲမှာ စွဲစွဲမြဲမြဲ ယုံကြည် လက်ခံပြီးသားမို့ ရိုရိုသေသေ လေးလေးစားစား လက်ခံပြီးတဲ့ သဘောပါ။ ပြန်လှန်လေ့ကျင့်ခန်းတွေ လုပ်စရာမလိုလောက်အောင် ကြေညက်ပြီးတဲ့ သဘောပါ။

 

ဒါကြောင့် ပြီးခဲ့တဲ့ ရွေးကောက်ပွဲ မတိုင်ခင်က MRTV မှာ အဖွားကြီး စကားပြောတော့ ကျွန်တော် မကြည့်ဖြစ်ခဲ့ဘူး။ လာကြည့်ပါလို့ ဖိတ်ခေါ်တဲ့ အဖွားကြီးကို သဲသဲလှုပ်အားပေးတဲ့ ချစ်ခင် ကြင်နာရတဲ့ ရင်ဘတ်မိတ်ဆွေက သဘောကျပုံမရဘူး။ ငါ သူ့စကားတွေကို ရိုးနေပါပြီကွာလို့ ရှင်းပြပေမယ့် ကြိုက်ပုံမရဘူး။ သူကတော့ RFA၊ BBC စတဲ့ သတင်းဌာနတွေအပြင် facebook ပေါ်မှာ တက်လာတဲ့ ဒေါ်စုရဲ့စကားလေးတစ်ခွန်းကအစ တခုတ်တရ နားထောင်တတ်သူဆိုတော့ ကျွန်တော့် သဘောကို နားလည်မယ်မထင်ဘူး။

 

ဒါပေမယ့် ဒီနေ့တော့ အဖွားကြီးရဲ့ အင်တာဗျူး တစ်ခုကို ကြုံကြိုက်လို့ ဖတ်မိလိုက်တယ်။ ၀ါရှင်တန်ပို့စ်က သတင်းထောက် Lally Weymouth နဲ့ အဖွားကြီးနဲ့ သီးသန့် အင်တာဗျူးပါ။ မြန်မာစကားမှာ အမေးနွားကျောင်းသား အဖြေ ဘုရားလောင်းဆိုတဲ့ စကားရှိတယ်။ မေးသူက မေးချင်တာ မေးတယ်။ ဖြေသူက ပညာကြီးရင့်နဲ့ ဦးနှောက်နဲ့ နှလုံးသားကို အသုံးပြုပြီး ဖြေတယ်။ Lally မေးတဲ့ မေးခွန်းတွေက ဖြေရတဲ့ သူက စိတ်ထားလဲ မရှင်းဘူး၊ စိတ်ကောင်းလဲ မရှိဘူး၊ ပညာလဲ မရှိဘူး၊ ပြဿနာတွေကို ရှုပ်ရှုပ်ထွေးထွေးမြင်သူသာ ဆိုရင် ခပ်ရိုင်းရိုင်း ပြောရရင် ချောင်ပိတ်အရိုက်ခံရတဲ့ ခွေးတစ်ကောင်လို အာ…အီ…အင်း… ဖြစ်နေမှာဘဲ။

 

ဒီလောက် ဘေးကျပ်နံကျပ်မေးခွန်းတွေ မေးတဲ့ Lally ကိုလဲ စိတ်ဝင်စားသွားလို့ ၀ီကီမှာ တက်ဖတ်တော့ ဆရာမကြီးဆိုတာ သိရတယ်။ အမေရိကန်နိုင်ငံ မြို့တော် ၀ါရှင်တန်မြို့က နေ့စဉ်ထုတ် သတင်းစာ ၀ါရှင်တန်ပို့စ်ရဲ့ အကြီးတန်း တွဲဖက် အယ်ဒီတာ။ ၀ါရှင်တန်ပို့စ် သတင်းစာက ၁၉၇၇ ခုနှစ်မှာ တည်ထောင်တယ်။ မြန်မာပြည်လွတ်လပ်ရေး မဆုံးခင် ရှစ်နှစ်လောက်ကတည်းက သတင်းစာ။ သက်တမ်းက ကျွန်တော့်အသက်ထက် အများကြီး ကြီးနေသေးတယ်။ တကယ့် ၀ါရင့် သတင်းစာကြီးက အယ်ဒီတာတစ်ယောက်ဆိုတော့ နည်းတဲ့ အတွေ့အကြုံနဲ့ အရည်အချင်းလား။ ဒီတော့ မေးခွန်းတွေမှာ အားနာတာလဲ မရှိဘူး။ ကောင်းပါ့မလားလို့လဲ ဘယ်တွေးပါ့မလဲ။

 

Lally ဆိုတဲ့ အမျိုးသမီးကြီးက ရိုဟင်ဂျာတွေ၊ ဒီမိုကရေစီရေးရာတွေမှာ သူတို့ သတင်းဌာနတွေ ပေးသလောက်ဘဲ ရခဲ့တဲ့ အမျိုးသမီးကြီးလို့ ကျွန်တော် ထင်တယ်။ ရှုပ်ထွေးနေတဲ့ ကျွန်တော်တို့ နိုင်ငံအခြေအနေ၊ အောက်တန်းကျနေတဲ့ ကျွန်တော်တို့ နိုင်ငံအခြေအနေတွေကို နိုင်ငံသားဖြစ်တဲ့ ကျွန်တော်တို့လိုမျိုး သူက ဘယ်လိုလုပ်ပြီး ရင်ဘတ်နဲ့ ခံစားတတ်မလဲ။ သူ့ အရည်အချင်းနဲ့ အတွေ့အကြုံကို အထင်သေးတာတော့ မဟုတ်ပေမယ့် သုမဏကျောက ဒဏ်ရာတွေကို ဘယ်သူကများ သုမဏလောက် သိပါ့မလဲ။ ဘယ်သူကများ သုမဏလောက် ခံစားနိုင်မှာလဲ။ လူသားချင်း စာနာထောက်ထားရမယ်ဆိုတဲ့ သူလို ဒင်ပြည့် ကျပ်ပြည့် ဒီမိုကရေစီနိုင်ငံရဲ့ နိုင်ငံသားရဲ့ အမြင်က ဒီမိုကရေစီ လေးဘက်ထောက်သွားစပြုနေတဲ့ နိုင်ငံသား ကျွန်တော့်အမြင်နဲ့တော့ ဘယ်ထပ်တူကျပါ့မလဲ။

 

Lally ရဲ့ မေးခွန်းတွေနဲ့ အဖွားကြီးရဲ့ အဖြေတွေက လူတိုင်းနီးပါး ဖတ်ပြီးသားဆိုတော့ ဌီကာ ချဲ့မနေချင်တော့ပါဘူး။  Lally က သူ့နိုင်ငံရဲ့ မြန်မာ့ နိုင်ငံရေးအပေါ်ကို အလေးအနက်ထားတယ်ဆိုတဲ့ အမြင်ရှိပုံရတယ်။ ဟုတ်ပါတယ်။ ကျေးဇူးတင်ရပေမယ့် အဖေခေါ်လောက်အောင်လဲ မဟုတ်ပါဘူး။ အခြားနိုင်ငံတွေလဲ ကျွန်တော်တို့ ပြည်သူလူထုဘက်မှာ ကူရပ်ပေးခဲ့ကြတာဘဲ။ အထူးသဖြင့် အဖွားကြီးအပေါ်မှာ အမေရိကန် နိုင်ငံ အစိုးရ အဆက်ဆက် ကျောထောက် နောက်ခံ ပြုခဲ့ကြတာချည်းဘဲ။ ဒါပေမယ့်အဖွားကြီးဖြေသွားပုံက တရားမျှတတယ်။ ကိုယ့်နိုင်ငံရဲ့ အား ကိုယ့်ပြည်တွင်းမှာသာဘဲ ရှိတယ်ဆိုတဲ့ မူကို ကျွန်တော် အကြိုက်ဆုံးဘဲ။ ကိုယ်တိုင်သောက်သုံးမကျရင် ဘယ်သူ ကူလို့မှ ဘယ်ခရီးကိုမှ ရောက်မှာ မဟုတ်ပါဘူး။ နိုင်ငံတကာက ဖိအားဘယ်လောက်ပေးပေး အာဏာရှင်ဆိုတာ ဘယ်သူ့ကိုမှ ဂရုစိုက်တတ်တာ မဟုတ်ပါဘူး။

 

ဒီမိုကရေစီ ခရီးဟာ အခုဆို ခရီးအတော်ပေါက်နေပြီလို့ ပြောလို့ မရသေးပေမယ့် အတော်အသင့်တော့ ခရီးရောက်ခဲ့ပြီလို့ ကျွန်တော်တို့ ပြောနိုင်မှာပါ။ ဒီလို လမ်းစတွေ့ဖို့၊ ခရီးရောက်သင့်သလောက် ရောက်ဖို့ အဖွားကြီးနဲ့ ကျွန်တော်တို့ ပြည်သူလူထုတွေရဲ့ အားထုတ်မှုဟာ အဓိကကျပါတယ်။ ဦးနုတို့ ခေတ်က ဦးကျော်ငြိမ်းတို့နဲ့ သန့်ရှင်းနဲ့ တည်မြဲဆိုပြီး ဖဆပလကြီး နှစ်ခြမ်းကွဲတယ်။ သန့်ရှင်းက ဦးနုတို့ ခေါင်းဆောင်တယ်။ တည်မြဲက အဲဒီအချိန်တုံးက မဲရဖို့ အတွက် အမျိုးမျိုး စည်ရုံးတယ်။ မဲသွားပေးမယ့် သူတွေကို ကားစီစဉ်ပေးတယ်။ ထောက်ပံ့တယ်။ ဒါပေမယ့် ရွေးကောက်ပွဲမှာ သန့်ရှင်းက နိုင်တယ်။ ခေတ်အဆက်ဆက်က မြန်မာပြည်သူလူထုရဲ့ နိုင်ငံရေး အမြင်ဟာ ဘယ်တော့မှ ခေတ်နောက်ကျမနေခဲ့ဘူး။ ရောင်ရောင်ဝါးဝါး ဘယ်တော့မှ မဖြစ်ခဲ့ဘူး။ ဦးနုတို့ ခေတ်က ဒီမိုကရေစီ ခရီးကို ခရီးပေါက်အောင် သွားနိုင်မယ့် သန့်ရှင်းကို မဲထည့်ခဲ့ကြသလို အခုလဲ NLD က ကြီးစွာ အောင်နိုင်တယ်။ ဒါတွေဟာ ကျွန်တော်တို့ ပြည်သူလူထုရဲ့ နိုင်ငံရေး ပါးနပ်လိမ္မာမှုပါဘဲ။

 

ဒါကြောင့် အခြားသော ပြည်ပ နိုင်ငံတွေရဲ့ အကူအညီကို အသိအမှတ်ပြုရမှာ ဖြစ်ပေမယ့် မြန်မာပြည်အရေးကို မြန်မာနိုင်ငံသားတွေက အဓိက လုပ်ရမှာဘဲ။ နောင်ကိုလဲ မြန်မာနိုင်ငံသားတွေကို ငအ တွေလို့ထင်တဲ့ နိုင်ငံခေါင်းဆောင်မှန်သမျှ နောက်ကောက်ကျ ကျန်နေခဲ့အုံးမှာဆိုတဲ့ သမိုင်းရဲ့ သင်ခန်းစာတွေပါဘဲ။ 

 

လက်ရှိ ကျွန်တော်တို့ နိုင်ငံ အခြေအနေအရ စစ်တပ်ကြီးသာ အနေမှန်အုံးမယ်ဆိုရင် လေးဘက်သွားကနေ မတ်တပ်ပြေးမယ်။ မြန်မာပြည်စစ်တပ်ကို အများမယုံကြည်သလို ကျွန်တော် မယုံကြည်ဘူး။ နိုင်ငံရေးမှာ အမြဲ ၀င်ရှုပ်ခဲ့တဲ့ စစ်တပ်ကြောင့်မို့လို့ ယုံချင်စရာလဲ မကောင်းဘူး။ အာဏာ နဲ့ နိုင်ငံရေးမှာ လက်နက် အကူအညီသာ ရှိရင် စားရတဲ့ကလေး ပိုငတ်တယ်ဆိုတဲ့ စကားလို အရသာသိနေခဲ့ကြတဲ့ စစ်ဗိုလ်တွေ အုပ်စီးထားတဲ့ စစ်တပ်ကြီး ဖြစ်နေတာ ကြာခဲ့ပြီ။ 

 

ဒါပေသိ အလွန်အောက်တန်းကျနေတဲ့ နိုင်ငံဖြစ်နေပြီ။ အုပ်ချုပ်ရေး စနစ်ကြီးကို ပြောင်းမှ ရတော့မယ်။ ပြီးတော့ တစ်ဖက် အတိုက်အခံခေါင်းဆောင်ကလဲ စစ်ဗိုလ်တွေကို လူကြီးလူကောင်းဆန်ဆန် ဘေးထွက်ထိုင်ဖို့ လမ်းဖွင့်ပေးထားတယ်။ ဒီလို အခွင့်ကောင်း အခါကောင်းကို ယူဖို့ သင့်တယ်ဆိုတာ သူတို့က ကျွန်တော်တို့ထက် ပိုသိမယ်လို့ မျှော်လင့်ရတာပါဘဲ။

 

ဦးနုရဲ့ တာတေစနေသားကို ကျွန်တော် ဖတ်မိရင်း အခန်း ၂၇ က အကြောင်းအရာတစ်ချို့ကို ပြန်ပြောပြချင်တယ်။ အဲဒီအချိန်က ဦးနု နိုင်ငံခြား ခရီးတွေသွားရင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အမြစ်တွယ်ပါ့မလားလို့ မေးခဲ့ကြတယ်တဲ့။ ဦးနုက သရက်စေ့ကနေ သရက်ပင်ဖြစ်လာပြီး သရက်သီး သီးဖို့လိုမျိုး ကိစ္စမှာတောင် ချက်ချင်း မရဘူး။ နှစ်အတော်ကြာအောင် စောင့်ရတယ်။ ဒီမိုကရေစီ ကိစ္စမှာဆို ပိုခက်ပြီပေါ့တဲ့။ ဒီမိုကရေစီကို အမြစ်တွယ်လာအောင် လုပ်ချင်တဲ့ သူတွေဟာ စိတ်ရှည်ရတယ်။ ဇွဲရှိရတယ်။ သီးခံရတယ်။ ကိုယ်တိုင်လဲ ဒီမိုကရေစီ စနစ်ကို ယုံယုံကြည်ကြည် ရှိရမယ်တဲ့။ 

 

ဒီမိုကရေစီ အမြစ်တွယ်လာအောင် လုပ်တဲ့ နေရာမှာ အပိုင်းနှစ်ပိုင်းရှိတယ်တဲ့။ ဒီမိုကရေစီရဲ့ အန္တရာယ်ဖြစ်လာစေမယ့် ပုဂ္ဂိုလ်တွေကို အမြင်မှန်ရအောင် လုပ်ပေးရတဲ့ အပိုင်းနဲ့ ပြည်သူလူထု တစ်ရပ်လုံးဟာ ဒီမိုကရေစီ စနစ်ကို အသက်ပေးပြီး ကာကွယ်မယ့် စစ်သားကောင်းတွေ ဖြစ်လာအောင် လုပ်ပေးရတဲ့ အပိုင်းတဲ့။ လက်ရှိမှာ ကျွန်တော်တို့ ပြည်သူလူထုဟာ ဒီမိုကရေစီကို အသက်နဲ့ ပေးကာကွယ်ချင်သူတွေ ဖြစ်တယ်၊ နိုင်ငံရေး ငတုံးကြီးတွေ မဟုတ်ဘူးဆိုတာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ထင်ရှားခဲ့ပြီ။

 

ဆန့်ကျင်ဘက် ပုဂ္ဂိုလ်များကို အမြင်မှန်ရအောင် လုပ်ဖို့ကြတော့ ထင်သလောက် မလွယ်ဘူးလို့ ကျွန်တော်ထင်တယ်။ လူဆိုတာမျိုးက ကိုယ်တိုင်တောင် အမြင်မှန်ရဖို့ သိပ်ခက်ပါတယ်။ မွေးရာပါ ဒေါသ၊ မခံချင်စိတ်၊ မနာလို ၀န်တိုစိတ်၊ လောဘ တွေပါပြီးသား လူတစ်ယောက်တည်းကိုတောင် အတွေးမှန်၊ အနေမှန်အောင် လုပ်ဖို့ သိပ်ခက်တယ်မို့လား။ အခုက ဒီမိုကရေစီကို အန္တရာယ်ပေးမယ့် လူတွေက ရိုက်သတ်မယ်ဆိုရင်တောင် ကုန်မယ် မထင်ဘူး။ သူတို့ကို အမြင်မှန်ရအောင်၊ အတွေးအခေါ်ပိုင်း အဆင်ပြေလာအောင် ဘယ်လိုလုပ်ကြပါ့မလဲ။ ကျွန်တော်ကတော့ မလွယ်ဘူး ထင်တယ်။ 

 

ဒါပေမယ့် အဖွားကြီးအတွက်ကတော့ လွယ်ပုံရတယ်။ ဒါကြောင့်လဲ Lally မေးတဲ့ မေးခွန်းတစ်ခုထဲမှာ သူ့သဘောထားကို ထည့်ဖြေသွားတာဘဲ။

 

 Lally က “သူတို့ (စစ်အာဏာရှင်တွေ) ပြုမူ ဆက်ဆံခဲ့ပုံနဲ့ ပါတ်သက်ပြီး အင်မတန် ခါးသီးနေတဲ့ သူတွေ ရှိနေမှာဘဲလေ” လို့ စကားထောက်ပေးတယ်။ 

“But there must be people who are very bitter about the way they were treated.” တဲ့။ 

 

အဖွားကြီးက “I don’t know that bitterness really helps anybody.” တဲ့။

 

“ခါးသီးမှုက ဘယ်သူ့ကိုများ အကူအညီ ဖြစ်စေလို့လဲ” တဲ့။

ဒေါ်စုရဲ့ ကျွန်တော်တို့ အပေါ် နိုင်ငံရေး ခေါင်းဆောင်မှုတွေထဲက အကြိုက်ဆုံး အချက်ကို ပြောပြပါလို့ ကိုယ့်ဘာသာ ပြန်မေးမိရင် အဲဒီလို မေတ္တာထားနိုင်တဲ့ စိတ်ထားဘဲ။ ခံရတာက သူ။ လုပ်သူကို ပြန်မုန်းတာက ကျွန်တော်တို့။ ကိုယ်ရေး ကိုယ်တာမှာ မာနကို ထိတာ၊ နှိမ်ချ စော်ကားတယ်လို့ ထင်ရင် သူသူကိုယ်ကိုယ် ဒေါသက အတားအဆီးမရှိထွက်တယ်။ ကြိုက်တဲ့ ဆီကိုတက် တိမ်ပေါ်အထိ တက်မယ်ဆိုတဲ့ စိတ်ထား ကျွန်တော်တို့မှာ ရှိတတ်ကြတယ်။ နိုင်ငံရေးမှာကြတော့ ဒီလိုမျိုး ဒေါသ၊ မာန်မာနတွေ အများကြီး သင့်နေလို့ မရဘူးဆိုတာ အဖွားကြီးက အများကြီး နည်းပေး လမ်းပြလုပ်တယ်။ လူအများအတွက် ခရီးသွားကြတဲ့ နေရာမှာ ကိုယ်ဖြစ်ချင်တာဘဲ သိ၊ ကိုယ်လုပ်ချင်တာဘဲ လုပ်၊ ကိုယ်ဖြစ်စေချင်တာဘဲ ဖြစ်စေချင်တဲ့ စိတ်မျိုး ဘယ်လိုမှ အဆင်မပြေသလို နိုင်ငံရေး ခရီးကြမ်းတွေမှာ မဖြစ်ပါဘူးလို့ ကိုယ်တိုင်လဲ ကျင့်သုံးတယ်။ သိပ်ကို ပြည့်စုံလွန်းတဲ့ ခေါင်းဆောင်ဆိုတာ ထင်ရှားတယ်။ နှလုံးသားနဲ့ ဦးနှောက် အကြီးကြီးရှိတဲ့ ခေါင်းဆောင်ဖြစ်တယ်။

 

အဖွားကြီးနဲ့ Lally တို့ရဲ့ အမေးနဲ့ အဖြေကို ဖတ်ရတော့ ကဗျာဆရာ မောင်ရန်ပိုင်ရဲ့ ကဗျာလေး တစ်ပုဒ်ကို ကျွန်တော် သတိရတယ်။ 

 

“ရင်ထဲမှာ

အမုန်းစိတ် ဖြစ်ပေါ်တယ်ဆိုတာ

ဘယ်လောက် ရှက်ဖို့ ကောင်းလဲ” တဲ့။

သူသူ ကိုယ်ကိုယ် သာမန်လူတစ်ယောက်ဖြစ်တဲ့ ကျွန်တော်က မုန်းတီးသူတွေ ရှိတယ်။ ကျွန်တော့်ကို ခါးခါးသီးသီး မတွေ့ချင် မမြင်ချင်လောက်အောင် မုန်းတီးသူတွေလဲ ရှိတာဘဲ။ မုန်းတီး ခါးသီးမှုဟာ ရှက်စရာပါ ဆိုတဲ့ အမြင်ကို အဖွားကြီးက ကျွန်တော့်ကို သင်ပေးတယ်။ ဆရာ မောင်ရန်ပိုင်က ကျွန်တော့်ကို မေးတယ်။

Link 

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဖိုးထက်, ခေတ်ပြိုင်အတွေ့အကြုံ

One Response to ဖိုးထက် – မုန်းတာဟာ ရှက်စရာ

  1. khin soe on November 22, 2015 at 7:45 pm

    ရေးဒါ နားလည်ပါသည် အဖွားကြီးလို့မသုံးပါနဲ့ ချစ်စနိုးသုံးဒါလည်းနားထောင်ရဒါရော ဖတ်ရဒါပါမကောင်းပါ အသက်အရွယ်ရလာသည့်သူများအနေဖြင့်လည်းယခုကဲ့သို့
    ခေါ်ဝေါ်သုံးနှုန်းသည်ကိုနာကြပါသည်

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း သြဂတ်စ် ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်