နီဇူလိုင် – “ခေတ်စကြ်ာမှန်ပြောင်း”

November 23, 2015

နီဇူလိုင် –  “ခေတ်စကြ်ာမှန်ပြောင်း”

(မိုးမခ) နိုဝင်ဘာ ၂၃၊ ၂၀၁၅

  မီးခိုးတလူလူတငွေ့ငွေ့ နေတဲ့ ဆောင်းတွင်းမီးဖိုလေးထဲမှာ သစ်ရွက်ညိုညိုလေးတွေ၊ သစ်ရွက်စိမ်းဝါ၀ါလေးတွေဟာ တမြေ့မြေ့ လောင်ကျွမ်းခံရင်း မီးလှုံနေတဲ့ မြေးအဖိုးကို အနွေးဓါတ်ပေးနေတယ်။ သိုးမွှေးဦးထုပ်အပြာရောင်ကို ဆောင်းထားတဲ့ သူက အလျား၆လက်မအ နံ၁လက်မလောက်ရှိတဲ့  မှန်ပြားလေး သုံးချပ်ကို နှုတ်ခမ်းစောင်းချင်း ထိစပ်လိုက်တယ်..။ သူ့လက်တွေဟာ အမေ့ရင်ခွင်ထဲမှာ အိပ်နေတဲ့ ကလေးငယ်လေး လန့်နိုးသွားမှာစိုးလို့ ဖြေးညှင်းညင်သာစွာလှုပ်ရှားနေတဲ့  မိခင်တယောက်ရဲ့  လက်တွေလို ဂရုတစိုက်၊ တိတိကျကျ လှုပ်ရှားလို့။ မှန်နှုတ်ခမ်းစောင်းလေးတွေမှာ မှန်ကပ်ကော်သုတ်ထားတာမို့ မျက်နှာဝ တြိဂံပုံလေးနဲ့ မှန်ပြောင်းတခုဖြစ်သွားပြီ။ မှန်ပြောင်းရဲ့ တဖက်ထိပ်ကို စက္ကူထူတရွက်နဲ့ အလုံပိတ်လိုက်ပြီး
နံဘေးဘက်က မှန်ပြားလေးတွေပေါ်ကိုတော့  ဂျာနယ်စက္ကူ ထူထူနဲ့ တထပ်ထပ်ပတ်လိုက်တယ်။

“ဒါမှ သားလက်ကို မရှမှာ” လို့ ပြောရင်း  အနားက ငါးနှစ်အရွယ် မြေးကိုကြည့်လိုက်တော့..တောက်ပတဲ့ မျက်လုံးသေးသေးလေးတွေက  သူ့လက်ထဲက မှန်ပြောင်းလေးပေါ်မှာ တလက်လက်စူးစိုက်နေလိုက်တာ။

 “ကဲ ပေး။ လူလေးကြီး  ညှပ်ထားတဲ့  ရောင်စုံစက္ကူလေးတွေ..” လို့ ပြောလိုက်တော့ လျှာထိုးဦးထုပ်ညိုညိုကလေးထဲက ဂျာနယ်စက္ကူရောင်စုံဖြတ်စတွေကို  မြေးက သွက်သွက်လက်လက်  ထုတ်ပေးရင်း..

“ဒီစက္ကူတွေကိုရော အပေါ်က ထပ်ကပ်ရဦးမှာလား ဘဘ”

သူက တချက်ပြုံးရင်း..တဖက်ပိတ်မှန်ပြောင်းလေးကို  ရှေ့ တိုးပေးလိုက်တယ်။

“ဒီထဲကိုထည့်လကွာ..” 

မြေးလက်ဖ၀ါး.တုတ်တုတ်ကစ်ကစ်ကလေးတွေထဲက ရောင်စုံစက္ကူစလေးတွေဟာ တဖက်ပိတ်မှန်ပြောင်းလေးရဲ့ ဖွင့်ထားတဲ့ မျက်နှာဝကနေအထဲကို ခုန်ပေါက်ဆင်းသွားကြတယ်။ ပြီးမှ မှန်ပြောင်းရဲ့  ဖွင့်ထားတဲ့ မျက်နှာဝတဖက်ကို ပလတ်စတစ်အကြည်လေးနဲ့ အုပ်ပြီး သားရေကွင်းနဲ့  ထိပ်နှစ်ဘက်ကနေ စည်းလိုက်တယ်။ နဲနဲညောင်းသွားတဲ့ ခါးကိုဆန့်ရင်း…မှန်ပြောင်းရဲ့ ပလတ်စတစ်အကြည်မျက်နှာဝဘက်ကနေ မျက်စိတဘက်ပိတ်ပြီး ကပ်ကြည့်လိုက်တော့ ၊ အတွင်းက  ပြဒါးသုတ်ထားတဲ့ မှန်နံရံမှာ..ရောင်စုံမှန်ကူကွက်ကလေးတွေ။ မှန်ပြောင်းကို ကိုင်ထားတဲ့ လက်ကို တချက်လှုပ်လိုက်တိုင်း မှန်ကူကွက်ရောင်စုံလေးတွေက တဖျတ်ဖျတ်ပြေးလွှားလို့  ပုံသဏ္ဍန်အမျိုးမျိုး ဆင်လို့။

“ဘဘ…ပန်းစကြ်ာမှန်ပြောင်းရပြီလား။ လူလေး ကြည့်ချင်ပြီ၊ ပြပါ” 

 မြေးက သူ့လက်ထဲက  မှန်ပြောင်းကလေးကို  ဆွဲယူဖို့ လက်ကလေး တပြင်ပြင်နဲ့ စိတ်စောစွာ..။

“ပန်းစကြ်ာမှန်ပြောင်း..။အင်း…ဘဘတို့ငယ်ငယ်ကတော့…ဒီလို..မှန်ပြောင်းထဲကို  မင်းတို့လို စက္ကူရောင်စုံတွေ မထည့်ကြဘူး။ ပန်းရောင်စုံလေးတွေ ထည့်ကြည့်ကြတာကွ။ ပန်းစကြ်ာမှန်ပြောင်း အစစ်ပေါ့ကွာ”

သူက လက်ထဲက  ပန်းစင်္ကြာမှန်ပြောင်းလေးရဲ့ နှုတ်ခမ်းသတ်တွေကို  သေချာလှည့်ပတ်ကြည့်တယ်။ စိတ်ချရပြီဆိုမှ    လက်ထဲက ပန်းစင်္ကြာမှန်ပြောင်းကို မြေးလေးရဲ့  လက်ထဲကို လွှဲပေးရင်း၊ ညောင်းနေတဲ့ ခါးကို  ဆန့်လိုက်တယ်။ စိတ်မျက်ဝန်းထဲမှာတော့  ပန်းစင်္ကြာရောင်စုံစလေးတွေက  ခုန်ပေါက် ပြေးလွှားနေတုန်း။

– – – – – – – –

“လူလေးရေ – အမနဲ့ အဖော်လိုက်ခဲ့ဦးကွာ”  

ဖျင်တဘက်ကြီးကို  ခေါင်းပေါ်မှာ ခပ်သော့သော့ပတ်ခွေ ပေါင်းရင်း  အမက လှမ်းပြောတယ်။ ပြောလဲပြော လက်တဘက်မှာ ပိုက်ဆံထည့်နေကျ ရှမ်းလွယ်အိတ်အသေးလေးကို ချိတ်ရင်း အိမ်ပေါ်က ခပ်သွက်သွက်ဆင်းသွားတယ်။ အိမ်ရှေ့ ဈေးဆိုင်ထောင့်က  ဘီစကစ်မုန့်ပုံးထဲကို  လက်နှိုက်ရင်း ပါသမျှ မုန့်ချပ်တွေကို ပါးစပ်ထဲ  ပလုတ်ပလောင်းထိုးသွင်းဝါးပြီး အမနောက်ကို  အမီပြေးလိုက်ရတယ်။ 

အိမ်ရှေ့ မှာ ဦးလေးကိုမောင်ကြီးရဲ့  မြင်းလှည်းက  အဆင်သင့်စောင့်နေပြီ။ မြင်းလှည်း နောက်မြီး အမိုးကိုင်းလက်ကိုင်လေးကို  ဆွဲကိုင်ရင်း စွေ့ခနဲ ခပ်သွက်သွက်တက်လိုက်တဲ့ အမရဲ့   ခြေသလုံးလေးကိုပဲ မြင်လိုက်ရတယ်။ ၀ါးလက်စ မုန့်ချပ်တွေကို  ကပျာကယာ နှုတ်ခမ်းပါးနားသိမ်းမျိုချပြီး  ဦးလေးကိုမောင်ကြီးရဲ့  မြင်းလှည်းရှေ့ဘက်ကို  ရောက်တော့ မြင်းငညိုကြီးက ဆတ်ခနဲ ခြေလှမ်းစဖို့ပြင်နေပြီ။ မြင်းလှည်းရှေ့ သံအမိုးကိုင်းကို လှမ်းဆွဲရင်း  ဘာဘူတံပေါ်  တင်ပလွှဲပစ်ထိုင်လိုက် အပြီးမှာတော့ ဦးလေးကိုမောင်ကြီးရဲ့   “ဟရောင်း” ဆိုတဲ့ အာလုပ်သံနဲ့အတူ သူတို့မြင်းလှည်းလေး  စထွက်တော့တယ်။

“ဟဲ့ လူလေး။ ပြုတ်ကျမယ်၊ အထဲဝင်စီးစမ်း။ အထဲမှာ အချောင်ကြီးကို”

  အမရဲ့  မြည်တွန်တောက်တီးသံကြောင့်  မြင်းလှည်းထဲကို  ၀င်ထိုင်လိုက်ရင်း

“ အမကလည်း  နေတောင်အတော်စောင်းနေပြီ..။ကျနော် ဘောလုံးကန်ဖို့ ချိန်းထားတာ” လို့ မကျေနပ်သံလေးနဲ့ အထွန့်တက်မိတော့

“ဟဲ့..မနက်ရောင်းဖို့ ကုန်အရေးပေါ်ပြတ်သွားလို့ပေါ့ကွ”အမက ခပ်ငေါက်ငေါက်ကလေး  ပြန်ဖြေတယ်။

“ နေနဲနေပြီ မလေးရေ။ ခေတ်ကြီးကလည်း မကောင်းဘူးမို့လား။ တတ်နိုင်ရင်တော့ နောက်ကို စောစောသွားပေါ့”လို့ ဦးလေးကိုမောင်ကြီးက  ပြောပေမဲ့ အမက ခပ်ပြုံးပြုံးပင်။

“မောင်ကြီးရဲ့ နင့်တို့အကိုကြီး အရှိန်တွေ ကျန်ပါသေးတယ်ဟဲ့။ ဒီရွာတ၀ိုက်  ငါတို့မိသားစုကို ဘယ်သူမှလက်ဖျားနဲ့ မတို့ပါဘူးကွယ်”

“ဟုတ်တော့ ဟုတ်ပါတယ် မလေးရယ်။ ဒါပေမဲ့ သတိဆိုတာ ပိုတယ်မရှိဘူးမို့လား”

အမတို့  နှစ်ယောက်ပြောနေတာကို  နားထောင်ရင်း   အဖေ့ကို သတိရသွားတယ်..။သတိရတယ်သာ ဆိုတာ အဖေဆုံးတော့  သူက ငါးနှစ်သားလောက်သာ။ မျက်စိထဲမှာ  အဖေ့အလောင်းကြီးကို အိမ်ရှေ့ ခန်းမှာ ဆန့်ဆန့်ကြီး ပြင်ထားတာရယ်။ အနားမှာ  မငိုပဲ ခပ်တင်းတင်းမျက်နှာနဲ့ထိုင်နေတဲ့  အမရယ်။ ၅နှစ်သားလေးရဲ့   မှတ်ဥာဏ်မှာ တစွန်းတစဆိုပေမဲ့၊ စိတ်ညစ်ညူးစရာမြင်ကွင်းကြီးဆိုတဲ့ အသိက  ခုထိ စူးစူးနစ်နစ်။ ရွာစွန်က  ခြံကျယ်ကြီးမှာ အသက်(၃၀)ကျော် မုဆိုးမချွေးမနဲ့ ဘုစုခရုကလေး လေးယောက် ကျန်ခဲ့လို့ အဖေ့မိဘတွေက  သူတို့ပိုင်တဲ့ရွာလည်အိမ်တန်းလျားတခုမှာ  လာနေဖို့ ပြောပေမဲ့ အမက  လက်မခံ။ ခြံကျယ်ကြီးကနေ  တန်းလျားကျပ်ကျပ်ကလေးမှာ သူများမျက်နှာကြည့်ပြီး  မနေနိုင်ပါဘူးတဲ့။ သူတို့အမေ  “အမ” ကလည်း အဖေ့လိုပင် သွေးမသေးသူ – မာနခဲ။ မုဆိုးမဘ၀နဲ့ သားသမီးလေးယောက်ကို ဘယ်သူ့အကူအညီမှ မပါဘဲ ဈေးရောင်းကျွေးနိုင်တာကို  အမြဲဂုဏ်ယူသူ။ ဈေးရောင်းတာလဲ သာမန်မြေလတ်ဒေသ တောရွာကလေးကနေ ပင်လယ်အထိကို ခြေဆန့် ကူးသန်းရောင်းဝယ်နိုင်သူ။ 

အမအကြောင်းကို တွေးမိတွေးရာ တွေးနေမိတုန်း၊ ဦးလေးကိုမောင်ကြီးက   မြင်းလှည်းကို ခပ်မှန်မှန်မောင်းနေရင်းက …

“ မလေးရေ…ရှေ့ မှာ  လူစိမ်းတယောက် မြင်းလှည်းကို တားနေတယ်..” လို့ ပြောရင်း  မြင်းညိုကြီးရဲ့  တင်ပါးကို  ကြိမ်နဲ့အသာတို့ပြီး၊  အရှိန်မြှင့်လိုက်ဖို့ပြင်လိုက်တယ်။ လူစိမ်းက  မြင်းလှည်းရှေ့ တည့်တည့် လမ်းမပေါ်မှာ ပိတ်ရပ်နေရာကနေ လမ်းဘေးဘက်ကို  ကမန်းကတန်း ဆင်းချလိုက်ရင်း

“မြင်းလှည်း ကြုံ လိုက်ပရစေ..။အရေးကြီးလို့ပါ..” လို့  အသံခပ်အုပ်အုပ် ခပ်ပြတ်ပြတ်နဲ့ လှမ်းပြောတယ်။ အချိန်က  နေအတော်စောင်းနေပြီ။ ဦးလေးကိုမောင်ကြီးက  မြင်းလှည်းကို ရပ်မပေးပဲ  ခပ်သွက်သွက် မောင်းရင်း

 “ ခေတ်ကြီးက  ကောင်းတာမဟုတ်ဘူးကွ..မောင်အုန်းကြီးရ.။မင်းတို့လဲ  မြို့ ကျောင်းက  ပြန်ရင်  ဟိုဝင်ဒီထွက်  လုပ်မနေနဲ့။ ဟိုရက်က  ပြည်ဘက်မှာ ရောင်စုံသူပုန်တွေနဲ့ ဦးနုအစိုးရတပ်တွေ ရင်ဆိုင်တိုက်ကြသေးဆိုလား။ နောက်ပြီး  ဒီနေရာက  လူပြတ်တယ်။ ဟိုတလောကပဲ ကာလသား  ကိုကြွက်နီကို  သတ်သွားတာ ဒီနေရာမှာကွ။”

“ဦးလေးကိုမောင်ကြီးကလည်း  သတင်းစာထဲကလေအတိုင်း ရောင်စုံသူပုန် လုပ်နေပြန်ပြီ။ သူတို့သူပုန်တွေမှာ နံမယ်ရှိတယ်ဗျ။ ပြည်သူ့ဒီမိုကရေစီတပ်ပေါင်းစု ဆိုလား။ သူတို့ကလည်း ပြည်မြို့နီးချုပ်စပ် တ၀ိုက်ကို တော့ အခိုင်အမာခြေကုပ်ယူထားပြီး၊ သူပုန်အစိုးရတောင် ဖွဲ့ထားသေးတာနော်”

“အေးလကွာ။ တို့ပေါင်းတည်မှာတောင် မီးရထားလမ်းတဖက်မြောက်ဖက်ကို  ကျော်ရင် အညိုရောင်နယ်မြေ သူပုန်နယ်လို့ သတ်မှတ်ထားတာကို။ တို့ရွာတွေဆို သူပုန်တပ်ဖက်ကလူတွေ အားကောင်းတယ်ကွ။ ဒါပေမဲ့ကွာ … ရွာမှာတော့ အစိုးရဘက်သားရော သူပုန်ဘက်သားရော ရောနေကြတာကိုး။ ဂျိုမှ မပါတာ။ ဘယ်ခွဲသိမလဲ။ အပြောအဆို အနေအထိုင် ဆင်ခြင်မှ။ အသက်နဲ့ ခန္ဒာမြဲမဲ့ ခေတ်ကြီးကွ”

“ခုတော့  ပြည်ဘက်မှာလဲ  သူပုန်တပ်တွေ  နဲနဲပြိုနေသလိုလို သတင်းကြားတယ်နော်။ အစိုးရဘက်နဲ့ သူပုန်နဲ့ စေ့စပ်နေကြတယ်လဲ ကြားတယ်”

   သူနဲ့ ဦးလေးကို မောင်ကြီးတို့  စကားပြောနေတုန်း ။အမကတော့ နောက်ဘက်ခပ်လှမ်းလှမ်းမှာ  ကျန်ခဲ့တဲ့  လူစိမ်းကို  အကဲခတ်သလို ကြည့်နေတယ်။ လူစိမ်းက  ဇွဲမလျှော့သေးပဲ   မြင်းလှည်းနောက်က
အပြေးကလေးလိုက်လာနေတယ်။

“ မောင်ကြီးရေ မြင်းလှည်းရပ်ပြီး  တင်လိုက်ပါကွာ။ သူ့ကြည့်ရတာ မွန်မွန်ရည်ရည်နဲ့ပါ။ တကယ်လဲ အရေးကြီးနေပုံရပါတယ်”

အမရဲ့ သြဇာပါတဲ့လေသံကြောင့်  ဦးလေးကိုမောင်ကြီးက  မကျေမနပ်နဲ့ မြင်းလှည်းကို  ရပ်ပေးလိုက်တယ်..။

“ကျေးဇူးတင်ပါတယ်ဗျာ..။ကျနော် တကယ်အရေးကြီးလို့ပါ”

ဦးထုပ်ခပ်ငိုက်ငိုက်ဆောင်းထားတဲ့ လူစိမ်းက အသံခပ်တိုးတိုးနဲ့ ပြောရင်း  မြင်းလှည်းပေါ်ကို  တက်လိုက်တယ်။ အမက …

“ဘယ်အထိ  လိုက်မှာလဲကွ။တို့က  ဈေးနားက ကုန်စုံဆိုင်ကို အချိန်မီသွားရမှာမို့ ပေါင်းတည်မြို့ ထဲဝင်တဲ့ အထိတော့  လိုက်လို့ရမယ်။ ဟိုဘက်ကိုတော့  မင်းဖာသာ ဆက်သွားပေါ့ကွာ..။မြို့ထဲရောက်ရင်တော့  လူလဲ မပြတ်တော့ပါဘူး”

လူစိမ်းက  သူတို့အားလုံးကို  တချက်ဝေ့ကြည့်ရင်း “ကျနော် ပေါင်းတည်ရဲစခန်းကို သွားချင်တာပါ”

မြင်းလှည်းပေါ်က  လူလေးယောက်စလုံး ဘာမှဆက်မပြောကြတော့ပဲ အသံတိတ်သွားတယ်။ ညှိုးလာတဲ့
ကျနေ ရီရီအောက်မှာ ကျောက်ခင်းလမ်းမကြမ်းကြမ်းနဲ့ စည်းချက်မှန်မှန်ရိုက်နေတဲ့ မြင်းခွါသံတခွပ်ခွပ်ကိုပဲ   ကြားနေရတယ်။ တချက်တချက် ဦးလေးကိုမောင်ကြီးရဲ့  မြင်းမောင်းတဲ့  အာလုပ်သံကပဲ ဖောက် ဖောက်ထွက်လာတယ်။

“မလေးရေ ရှေ့ မှာ  အုန်းသုံးပင်က  ကိုထွန်းရွှေရယ်  မြင်းလှည်းကို  တားနေတယ်”

ဦးလေး ကိုမောင်ကြီးရဲ့  အသံက  ခပ်အုပ်အုပ်။ လူစိမ်းကလည်း  ဦးထုပ်ကို ပိုငိုက်အောင်  ဆွဲချလိုက်တယ်။
သူကတော့ မြင်းလှည်းအမိုးသံဘောင်ကို လက်နဲ့ ကျစ်ကျစ်ဆုပ်ထားမိတယ်။ မြင်းလှည်းဦးက သူ့ကို  လှမ်းမြင်တော့ ဦးလေးကိုထွန်းရွှေက

“ဟေး – မောင်အုံးကြီး။ နေစောင်းကာနီးမှ..  ဘယ်လဲကွ”

သူဘာမှ  ပြန်မဖြေရသေးခင်ပဲ  အမက  အသံကျယ်ကျယ်နဲ့ ပြန်ဖြေပြီးသွားပြီ။

“မောင်ထွန်းရွှေရေ။ မလေးတို့ မြို့ ကို ဈေးဝယ်သွားမှာဟေ့။ ဆိုင်ပိတ်ကာနီးအရေးကြီးလို့ မြင်းလှည်းစင်းလုံးငှားလာတာ။ တို့တွေချည်းပဲကွ”

“ အော် … မလေးလဲ  ပါတာကိုး။ သွား..သွား  မလေးရေ။ ခေတ်ကြီးက မကောင်းဘူးဆိုတော့  အပြန်လဲ မိုးမချုပ်စေနဲ့ဗျို့ ။ ဒါပေမယ့် ကျုပ်တို့နယ်မှာတော့ မလေးတို့မိသားစုကို စောင့်ရှောက်ရမှာပေါ့ဗျာ။ မောင်အုံးကြီး မင်းလဲ အကူအညီလိုရင်  ပြော။ မင်းအဖေကျေးဇူးတွေ ငါတို့အပေါ်မှာ  ရှိတယ်ကွ”

ဦးလေး ကိုထွန်းရွှေက လေရှည်ရင်း  မြင်းလှည်းပေါ်က  လူစိမ်းကို  အကဲခတ်နေတာကိုး။ ဦးလေးကိုထွန်းရွှေက သူတို့နဲ့ ဆွေရိပ်မျိုးရိပ်မကင်း။ အဲဒီခေတ်က ပြည်သူ့ရဲဘော်အဖွဲ့ဝင်။  အစိုးရကိုပုန်ကန်နေတဲ့  သူပုန်ဘက်ကို အားပေးသူ။ အတွေ့အကြုံအရ လူစိမ်းကို အာရုံခံနေတာ။

“ကဲ … သွားပြီဟေ့”

အမနှုတ်ဆက်သံအဆုံးမှာ  ဦးလေးကိုမောင်ကြီးကလည်း  အကင်းပါးစွာ ကြိမ်တံကို ၀င့်ပြီး  မြင်းလှည်းစထွက် လိုက်တယ်။ 

နောက်တပါတ်လောက်ကြာမှ မြို့ ကနေ အမယူလာတဲ့ သတင်းစာတွေထဲမှာတော့ စာလုံးမဲကြီးတွေနဲ့ ရေးထားတဲ့ မျက်နှာဖုံးသတင်းတခုကို  ဖတ်လိုက်ရတယ်။ သတင်းဓါတ်ပုံထဲက လူက  သူတို့မြင်းလှည်းနဲ့ တင်ခေါ်လာတဲ့  လူစိမ်း။ သတင်းကိုဖတ်မိတော့မှ သူတို့မြင်းလှည်းကြုံတင်လာသူဟာ ပြည်သူ့ဒီမိုကရေစီတပ်ပေါင်းစု သူပုန်လက်က ထွက်ပြေးလာတဲ့ အစိုးရတပ်ရဲ့ကာနယ်တယောက်မှန်း သိရတော့တယ်။

နံမည်က “ကာနယ်ချစ်ခိုင်” တဲ့။

ဦးလေးကိုမောင်ကြီးက… “မင်းတို့သားအမိကို  ဈေးနားက ကုန်စုံဆိုင်မှာချပြီး သူ့ကိုရဲစခန်း လိုက်ပို့တော့ သူ့မှာ မြင်းလှည်းခတောင်  ပေးစရာမရှိဘူးကွ။ အဲဒါ  ငါ့ကို ခနစောင့်ခိုင်းပြီး၊ ရဲစခန်းကနေ ပိုက်ဆံယူပေးလိုက်တာကွ။ ပြောနေသံကြားတာကတော့  သူ့ကို  အစိုးရတပ်ဘက်ကနေ  သူပုန်နဲ့စေ့စပ်ဖို့  ဒီနယ်ဘက်ကို လွှတ်ထားတာတဲ့။ သူပုန်ဘက်မှာ ပိတ်မိနေတုန်း ။ သူပုန်တပ်တွေအပျက်မှာ ပေါက်ခေါင်းလမ်းကတဆင့်  တို့ဘက်ကို  ပြေးလာတာတဲ့”


xx+++++++++++++++++++++++++++++++++++++++++++xxx

လင်းလက်တောက်ပနေတဲ့  ကြယ်ဖြူကြီးဆီကို  ရှေ့ ရှုနေတဲ့ ရွှေဝါရောင်ခွပ်ဒေါင်းတွေဟာ အနီရောင် အောက်ခံအလံတွေပေါ်ကနေ ၀င့်ဝင့်စားစား။ အနီရောင်အလံတွေ လေထဲမှာ တလူလူလွှင့်နေတဲ့ ဂန္ဒီခန်းမကြီးတခုလုံးမှာ အနီးဝန်းကျင်မှာ ပင်နီအင်္ကျီနဲ့ ကချင်ပုဆိုးတွေကို တူညီဆင်မြန်းထားကြတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေ။ တယောက်ဝင်လာတိုင်း လူထုကြီးက လက်ခုပ်တီးကာ ကြိုဆိုနေသံတွေက သောင်းသောင်းဖျဖျ မိုးထိညံလို့။ လမ်းမကြီးတွေပေါ်မှာ ပြည့်လျှံပိတ်ကျနေတဲ့ ပြည်သူတွေထဲက ပြည်သူတချို့ က   ပြည်သူ့ကိုယ်စားလှယ်ကြီးတွေရဲ့  လက်ထဲကို အောင်နိမိတ်ဆောင်တဲ့သပြေညိုတွေ ကမ်းလို့။

၁၉၉၀  ရွေးကောက်ပွဲကြီးမှာ လူထုက  သူတို့ပုခုံးပေါ် ယုံကြည်စွာတင်ပေးလိုက်တဲ့ တာဝန်တွေကို ဂုဏ်ယူစွာ ထမ်းပိုးဖို့အသင့်ဖြစ်နေတဲ့ သူတို့ခြေလှမ်းတွေဟာ သွက်လက်တက်ကြွလို့။ ဂန္ဒီခန်းမအ၀င်မှာ ပါတီတာဝန်နဲ့ လူငယ်လေးတချို့ က ဂန္ဒီခန်းမအစည်းအဝေးစာတမ်းပါ ဖိုင်ကာဗာတွေပေးရင်း၊ ရင်ထိုးတံဆိပ်တွေ တပ်ပေးတော့ သူ့ရင်ဘတ်ပေါ်က  ရင်ထိုးတံဆိပ်ကလေးကို  ငုံ့ကြည့်မိတယ်။

“ ဦးအုန်းနိုင် ပေါင်းတည်(၁)  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်”

အားလုံး တက်ကြွပျော်ရွှင်နေကြပေမဲ့ နေအိမ်အကျယ်ချုပ်ကျနေတဲ့ သူတို့ခေါင်းဆောင်ကို သတိရနေကြတယ်။ အစည်းအဝေးမစခင် သူတို့အချင်းချင်း   နီးစပ်ရာအုပ်စုလေးတွေဖွဲ့ပြီး တချို့ က  “ဒေါ်စု လွတ်မြောက်ရေးကို အရင်တောင်းဆိုသင့်တယ်”၊ တချို့ ကတော့  “အာဏာလွှဲပြောင်းရေးက  ပထမ။ အာဏာရပြီးရင် ဒေါ်စုလွတ်မြောက်ရေးက  ကျွဲကူးရေပါပဲ”

ခနအကြာမှာ  အခမ်းအနားစတော့မယ်လို့  အခမ်းအနားမှူး ဦးစိန်လှဦးက ကြေညာတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေဟာ    ခန်းမထဲက  ကိုယ့်နေရာမှာကိုယ် နေရာယူလိုက်ကြတယ်။ ဂန္ဒီခန်းမရဲ့   အပြင်ဖက်မှာ မိုးတွေဟာ သဲသဲမဲမဲရွာလို့။ မိုးသည်းသည်းကြားထဲမှာ  စိုရွှဲနေတဲ့ လူထုကြီးဟာ လမ်းမပေါ်ကနေ သူတို့ရဲ့  မျှော်လင့်ချက်ရောင်ခြည်တွေကို ထမ်းပိုးထားရာ  ဂန္ဒီခန်းမဆီကပါးလာမဲ့  သတင်းစကားတွေကို မှန်းမျှော်နားစွင့်လို့။

အဲဒီအချိန်မှာ  ဂန္ဒီခန်းမရဲ့အနီးက အဆောက်အဦခေါင်မိုးတွေပေါ်မှာ စစ်အစိုးရရဲ့ လက်နက်ကိုင်တပ်တွေဟာ ပြည်သူတွေဆီ ပြည်သူ့ကိုယ်စားလှယ်တွေဆီကို ရန်သူသဖွယ် သေနတ်ပြောင်းတွေ  ထိုးချိန်ထား ကြတယ်။ လူထုရဲ့  မျှော်လင့်ချက်ရောင်ခြည်တွေကို နောက်ထပ် ဆယ်စုနှစ်နှစ်ခုကျော်လောက်  နင်းချေရိုက်ချိုးချေဖျက်ပစ်မဲ့ စစ်တရားခံတစုဟာ လက်ဦးမှုရယူဖို့ အသင့်ပြင် အကွက်ချ စောင့်ဆိုင်းနေကြတယ်။

 ၁၉၈၈ ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးရဲ့ အောင်သီးအောင်နှံ။ ၁၉၉၀ ဒီမိုကရေစီရွေးကောက်ပွဲရဲ့ ရလဒ်ကို  လက်ဆင့်ကမ်းသယ်ဆောင်မဲ့ မြန်မာတပြည်လုံးက  ပြည်သူ့ကိုယ်စားလှယ်တွေ  ပထမဆုံးဆုံတွေ့တဲ့  ပဏာမညီလာခံကြီး တခုဖြစ်တဲ့သမိုင်းဝင် ဂန္ဒီခန်းမကြီးရဲ့ သဘာပတိစင်မြင့်ထက်မှာ သဘာပတိ တာဝန်ယူထားသူကတော့၊ တချိန်က ကာနယ်ချစ်ခိုင်။ အခုတော့ ဦးချစ်ခိုင်။ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုကော်မတီဝင်။ 

ဂန္ဒီခန်းမထဲက ပြည်သူ့ကိုယ်စားလှယ်နေရာမှာထိုင်နေတဲ့ သူဟာ ငယ်ငယ်က မြင်းလှည်းပေါ်မှာ တွေ့ခဲ့ဖူးတဲ
ဦးထုပ်ခပ်ငိုက်ငိုက်စောင်းထားတဲ့ လူစိမ်းတယောက်ကို ပြန်လည်ပုံဖော်ကြည့်နေမိတယ်။ မြေလတ်ဒေသရွာလေးတရွာအနီးက  ကျောက်ခင်းလမ်းကြမ်းကြမ်းပေါ်မှာ သူတို့ခရီးတိုတခုကို အတူသွားခဲ့ဖူးတယ်။ စိုးတထိတ်ထိတ်နဲ့ပေါ့။ အခုလည်း  သူတို့ ဘယ်လောက်ရှည်မယ်၊  ဘယ်လောက်ကြမ်းမယ် မသိတဲ့ ခရီးကြမ်းတခုကို  အတူတူ  သွားနေရပြန်ပြီ။

+++ ++++ ++++ +++++ +++++ +++++

“ဘဘ – ဘဘ …  ။သားငယ်ငယ်က  ဘဘလုပ်ပေးတဲ့ ပန်းစကြ်ာမှန်ပြောင်းမျိုးလေးနဲ့တူတယ်နော်။ ဒီမှာကြည့်ပါဦး။ သားလုပ်ထားတာ ကောင်းလားလို့”  မြေးအသံကြားလိုက်မှ  အတိတ်ပန်းစကြ်ာမှန်ပြောင်းထဲကနေ ကမန်းကတန်း ခုန်ထွက်လိုက်မိတယ်

အထက်တန်းကျောင်းသားအရွယ်ရောက်နေပြီဖြစ်တဲ့.. မြေးက သတ္တုပြားခပ်သေးသေးတခုကို သူ့မျက်နှာနား လာကပ်ပြတယ်။ သူတို့တွေတုန်းကလို ဖန်ပြားသုံးချပ်ကို သားရေကွင်းနဲ့ပတ်ထားတဲ့ ပန်းစကြ်ာမှန်ပြောင်းတော့ မဟုတ်။ ဒါပေမဲ့ ချာလည်လှည့်နေတဲ့ ရောင်စုံပုံရိပ်ကလေးတွေဟာ အသက်၇၀ကျော် မျက်စိရေတိမ်ဝေဒနာရှင် သူ့မျက်စိကို ကျိန်းစပ်သွားအောင်  တဖျပ်ဖျပ် တောက်ပလို့..။

“သားရဲ့  ပန်းစကြ်ာ မှန်ပြောင်းက  သရီးဒီနဲ့လုပ်ထားတာ ဘဘရ”

သူက  အပြုံးတခုကို  အားရပါးရပြုံးရင်း..ဂုဏ်ယူစွာ  ပြောနေတဲ့  မြေးရဲ့ပုခုံးလေးကို  ဖျစ်လိုက်တယ်။

 “ကောင်းတာပေါ့ကွ.။လူလေးကြီးတို့နည်းပညာခေတ်ရဲ့ သရီးဒီပန်းစကြ်ာမှန်ပြောင်းက အရောင်ပိုစုံပြီး၊ ပိုတောက်ပ လာရမှာပေါ့ကွာ”

++++  xxxxxx ——– xxxxxxx +++++++

 ခေတ်စကြ်ာမှန်ပြောင်းထဲမှာ ခေတ် လူ ရောင်စုံပုံရိပ်များ။ ခေတ်သမိုင်း ရောင်စုံဖြတ်ပိုင်းစများဟာ တခုနဲ့တခု ဖျတ်ခနဲ ထိတွေ့နီးကပ်လိုက်၊ ဝေးကွာသွားလိုက်နဲ့ ဟိုမှသည်သို့ ဇောက်ထိုးမိုးမျှော်၊ စုန်ဆန်ကူးလူး၊ ပေါင်းစပ်ရောမွှေရင်း၊ တရိပ်ရိပ် ပြောင်းလဲလို့..။
 
(၂၂.၁၁.၁၅)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Ni July, ရသဆောင်းပါးစုံ, ခေတ်ပြိုင်အတွေ့အကြုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

MoeMaKa Monthly July 2017 ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်