မောင်လှ – သုံးပွင့်တစ်ခိုင် (၀တ္ထုတို)

December 1, 2015

မောင်လှ – သုံးပွင့်တစ်ခိုင် (၀တ္ထုတို)
(မိုးမခ) ဒီဇင်ဘာ ၁၊ ၂၀၁၅

ဟိုတုန်းကဈေးဆိုင်ရယ်လို့ ရွာမှာမရှိခဲ့ပါချေ။ သိန္နီကန်က အရီးခွေးညိုမတို့သားအမိသာ လျှင် ခေါင်းရွက်ဈေးသည် အနေနဲ့ ရောက်လာကြလေ့ရှိသည်။ အရီးခွေးညိုမဆိုတာကလည်း ချက်ပြုတ်စရာတွေလောက်သာ အဓိကထားပြီးရောင်းတာပါ။ ကလေးတွေအတွက် မုန့်ပဲသွားရေစာရယ်လို့ သိပ်မပါဘူး။ သည်တော့လည်း မုန့်စားရဖို့က တောနေကလေးတွေအတွက် လွယ်တာမဟုတ်ပါဘူး။ တစ်ခါ တစ်ခါ မြောက်ဘက်ရွာကြီးကနေ မရှမ်းဆိုတာက မုန့်တီလာရောင်းတတ်သည်။ တစ်ခါ တစ်ရံတွင် အိုးပုတ်ဂျိုးရုပ်သည်နှင့်အတူ မုန့်ပဲသွားရည်စာပါတတ်သည်။ ထိုထက်ပို၍ ဈေးသည်ဟူသည်မရှိ။ ကိုသိန်းအောင် ကြီး မိန်းမရပါပြီဆိုသည့်အခါတွင်တော့ တူတူတန်တန် ဈေးဆိုင်ကလေးရှိလာသည်။

ကိုသိန်းအောင်ဆိုသည်ကလည်း မိန်းမရပြီး ရွာပြန်ရောက်လာမှသာသိခဲ့ရတာပါ။ လူပျိုပေါက်အရွယ်ကတည်းက ရွာကနေ ထွက်သွားခဲ့သူဆိုတော့ မြင်ဘူးခဲ့ရတာမဟုတ်ပါဘူး။ မိန်းမတစ်ယောက်နှင့်အတူ ရွာပြန်ကပ်ချိန်မှသာ ဦးတုတ်ပေါ ဒေါ်ချစ် မေတို့၏ သားအကြီးဆုံးဆိုပြီး သိခဲ့ရခြင်းပါ။ ဆပ်ကပ်အဖွဲ့တစ်ဖွဲ့နှင့်ပါသွားခဲ့ပြီး မိန်းမရကာမှ ရွာသို့ပြန်ရောက်လာခဲ့သူဖြစ် သည်။ ကိုသိန်းအောင်မိန်းမသည် ကျောက်ဆည်မြို့ပေါ်ကဆိုတာလောက်သာသိခဲ့ရသည်။ နာမည်လေးတော့ ကောင်း ကောင်း မှတ်မိနေသေးသည်။ ကလေးဘဝက မုန့်ဝယ်စားနေကျဆိုင်ပေကိုး။

“အင်း .. မခင်ငွေ။ ကျုပ်ကို ငရုပ်သီးတောင့် ချိုချဉ်လေးပေး” သည်လိုမုန့်ဝယ်စားခဲ့ရဖူးသည်ကြောင့် ကိုသိန်းအောင်၊ မခင် ငွေတို့၏ ဈေးဆိုင်ကလေးကို မှတ်မိနေရသည်။

ရွာတွင် အရှေ့အနောက်ဖေါက်ထားသည့် လမ်းသုံးလမ်းရှိသည်။ တောင်ဘက်အစွန်းဆုံးလမ်း၏ အလယ်လောက်တွင် တောင်ဘက်သို့ချိုးဝင်သွားသည့် လှည်းဝင်ရန်လမ်းကျဉ်းကလေးရှိသည်။ ထိုလမ်း၏အဆုံးတွင် ဦးတုတ်ပေါ၊ ဒေါ်ချစ်မေတို့၏ အိမ်ဖြစ်သည်။ အိမ်ခြံဝင်းအတွင်းသို့ လှည်းဝင်သည့်အပေါက်ဘေးတွင် ထန်းရွက်အသစ်များမိုး၍ ကြမ်းသပေါက်များ ခင်းထားသော အဆောက်အအုံကလေးသည် ကိုသိန်းအောင်မခင်ငွေတို့၏ ဈေးဆိုင်ပင်ဖြစ်လေသည်။ ရွာတွင် ပထမဆုံးမြင် ရဖူးသော ဈေးဆိုင်ကလေးဆိုတော့ ဝယ်သည်ဖြစ်စေ၊ မဝယ်သည်ဖြစ်စေ၊ ကလေးများးက ရစ်သီရစ်သီဖြစ်နေရလေ၏။ လိုချင်တပ်မက်စိတ်ဖြင့် ဟိုငေးသည်ငေးလုပ်ရသည်ကလည်း ကလေးတို့သဘာဝပင် မဟုတ်ပေလား။

ထိုဆိုင်ကလေးတွင် မခင်ငွေက ဈေးထိုင်ရောင်းရသည်။ ကိုသိန်းအောင်ကြီးကတော့ လေးထောင့်သံပုံးတစ်လုံး၊ ဂလိုင်တစ် ခုနှင့်အတူ ကျောက်ဆည်သို့တစ်ရက်ခြားဈေးသွားသည်။ ရွှေမိုး၊ သိန္နီမောင်စသည့် သိန္နီကန်ရွာကတောကားနှစ်စီးကို အသုံးပြု၍ ရေခဲချောင်းများသယ်ယူကာ ရွာတွင်ပြန်ရောင်းသည်။ ညနေဘက်လေးနာရီဝန်းကျင်ဆိုလျှင် သိန္နီကန် ရွာက တောကားကြီးတွေ ကျောက်ဆည်ကနေပြန်လာကြပြီ။ ထိုအချိန်မျိုးတွင် ရွာအရှေ့ဖျားဆီမှ ကျေးဇူးရှင် ကိုသိန်းအောင်ကြီး၏ ဂလိုင်ခေါင်းသံကို နားစွင့်နေရသည်က အလုပ်တစ်ခုဖြစ်သည်။ ထိုကလိုင်ခေါက်သံကိုကြားရပါက ရေခဲချောင်းလေးတော့ စားရပေလိမ့်မည်။

ကျောက်ဆည်ဘူတာအနီး ကားလမ်းနှင့်ရထားလမ်းဖြတ်ကူသည့်နေရာတွင် တမာပင်နှင့်မြေကွက်လပ်တစ်ခုရှိသည်။ ထိုနေ ရာသည် သိန္နီကန်ရွာက တောကားကြီးများစတည်းချရာဖြစ်ခဲ့ဖူးသည်။ ရွာဘက်ကလူတွေက တမာပင်ကားဂိတ်ဟု ခေါ်ကြသည်။ ကိုသိန်းအောင်၏ ရေခဲပုံးကဘူတာနှင့် ထိုတစ်ဝိုက်ကိုလည်း ရောင်းရသေးသည်။ မြင်လှည်း ဂိတ်များတွင် လည်း ရောင်းလိုက်သေးသည်။ သိန္နီကန်ကတောကားကြီးတွေပေါ်မှာလည်း ရောင်းရသေးသည်။ သိန္နီကန်ရွာတွင် လမ်း သင့်သလိုရောင်းပြီးကာမှ ရွာသို့ရောက်သည်။ ထိုအခါ တစ်နေကုန်နေပူထားသည့် ရေခဲချောင်းပုံးအတွင်းမှ ရွာအတွက် ကျန်သမျှအနည်းအကျဉ်းသည် အေးမနေတော့ပါ။ ထိုမအေးတော့သည့် ရေခဲချောင်းကိုပင် အလုအယက်ဖြစ်ကြရသေးသည်။

တစ်ခုသောညနေခင်းတွင် ကိုသိန်းအောင်ကြီးက ဂလိုင်မခေါက်ပဲရွာတွင်းသို့ ရောက်လာသည်။ ရေခဲချောင်းပုံကြီး ပါလာ ပေမယ့် ရေခဲချောင်းကတော့ ကုန်နေပြီဟုဆိုသည်။ သို့သော်ရေခဲချောင်းမရသဖြင့် ဂျီကျနေသည့်အတွက် အမေက ပန်း ကန်လေးတစ်ချပ်ပေးကာ ကိုယ်တိုင်သွားဝယ်စေသည်။ ကိုသိန်းအောင်ကလည်း မယုံကြည်မည်ကိုစိုးရိမ်၍ ပုံးကြီးကိုဖွင့်ပြ လေသည်။ ရေခဲချောင်းပုံးအတွင်း ရေခဲရေများကို ပန်းကန်ထဲသို့အနည်းငယ်ငှဲ့၍ ထည့်ပေးသည်။

“မင်းကျေနပ်အောင် အရည်နည်းနည်းပေးလိုက်မယ်။ ရေခဲချောင်းက မနက်ဖြန်မှဖြစ်တော့မှာကွ၊ မနက်ဖြန်ဒီအချိန်ဆိုရင် ဒါတွေကခဲနေလောက်ပြီ၊ အဲဒီတော့မှ လာဝယ်တော့နော်” ကိုသိန်းအောင်ပြောသည့်အတိုင်း အိမ်တွင်ပြန်ပြောသည့်အခါ အမေက ဟက်ဟက်ပက်ပက်ရယ်ပါတော့သည်။

“ဒီအရည်တွေက မခဲတော့ဘူး လူလေးရဲ့၊ သိန်းအောင်က မင်းကိုနောက်တာနေမှာ” အမေကပြောရင်း ရယ်လိုက်သည်မှာ မျက်ရည်များပင်ထွက်လို့။

ထိုဈေးဆိုင်ကလေးက တစ်ရွာလုံးကိုပတ်၍ ဒုက္ခပေးခဲ့ဖူးသေးသည်။ စတင်ဖွင့်ခါစမှာတော့ မိဘများကိုယ်တိုင်က ဝယ် ကျွေးကြသည်။ ကလေးတို့ကလည်း မကြာခဏပူဆာတတ်ကြသည်။ အနည်းငယ် အသားကျလာတော့ အရောင်းပါးလာ သည်။ ရွာကငယ်နေသည့်အထဲက လေစာများချည်းရောင်းရသည်ဆိုတော့ တွက်ချေကိုက်ဟန်မတူ။ ထိုသို့ဖြင့် လူကင်းပါး လှသော ကိုသိန်းအောင်သည် ကလေးများကိုအသုံးချကာ ရောင်းကောင်းမည့်နည်းကို ရှာကြံတော့သည်။ ကိုသိန်းအောင်၏ ဈေးဆိုင်တွင် ပိုက်ဆံဖြင့် မုန့်ဝယ်စားရန်မလိုတော့ပါ။ ပဲ၊ နှမ်း၊ ဝါးစသည်ဖြင့် ဝယ်စားလျှင်လည်းရလာသည်။ ထို့ကြောင့် ရွာနားဝန်းကျင်ရှိ ယာခင်းများတွင် ကလေးများတစ်အုပ်ကြီးထွက်၍ ပဲခင်းများမှ ပဲများခူးခြင်း၊ ဝါးခင်းများမှ ဝါကောက်ခြင်း တို့ကို ပြုကြလေသည်။ ထိုသို့ဖြင့် ကိုယ့်မိဘစိုက်ခင်းများရော၊ အခြားသောစိုက်ခင်းများပါ မချန်ခူးကြ၊ ဆွတ်ကြဖြစ်ကုန်သည်။ ထိုအဖြစ်အပျက်များကို ရက်အနည်းငယ်ကြာတော့ မိဘလုပ်သူတွေ သိကုန်သည်။ ထိုအခါ တစ်ရွာလုံးပတ်ချာလည်ကာ ပြဿနာတက်ကြလေသည်။

မကြာလှသောတစ်ချိန်တွင်တော့ ထိုဈေးဆိုင်ကလေးဖျက်သိမ်းကာ ဈေးဆိုင်မရှိသည့် ရွာငယ်လေးအဖြစ်သို့ ပြန်ရောက် သွားလေသည်။ ထိုဈေးဆိုင်ကလေးချည်းမဟုတ်ပါ။ ကလေးများ မကြာခဏ ဈေးဝယ်နေသဖြင့် ရင်းနှီးခင်မင်နေသော မခင် ငွေဆိုသည့် မြို့ကလိုက်လာသော ကိုသိန်းအောင်၏မိန်းမသည်လည်း မရှိတော့ပါ။ မည်သည့်အကြောင်းရယ် မသိသော် လည်း ကိုသိန်းအောင်ကြီးနှင့် ကိုသိန်းအောင်ကြီးနှင့် ကွဲသွားခဲ့ပြီဟု သိလိုက်ရလေသည်။ မခင်ငွေနှင့် ထိုဈေးဆိုင်ကလေး သည် တွဲလျှက်ပေါ်ပေါက်လာခဲ့ပြီး အတူတကွပျောက်ကွယ်သွားခဲ့လေသည်။

မခင်ငွေပြန်သွားတော့ ကိုသိန်းအောင်တစ်ယောက် ယောင်ချာချာဖြစ်ကျန်ခဲ့မည်ဟု မထင်ပါလေနှင့်။ အခုမှ ရွာတွင်နေသား ကျ၍ အလုပ်ပိုတွေတိုးလာသည်။ လူပျိုဘဝတစ်ချိန်လုံးရွာတွင်မရှိခဲ့သော သူ့အတွက် အခုမှ လူပျိုလုပ်ရမည့်သဘောဖြစ် နေသည်။ ရွာက လူငယ်များကိုဆပ်ကပ်တွင် လေ့ကျင့်ခဲ့သည်များကို လုပ်ပြရင်း သင်ပေးနေလေသည်။ ညဘက်လသာ သာတွင် ယောက်ျားလေးမိန်းကလေးများကို ဆပ်ကပ်ထဲမှ ကစားနည်းများကို သင်ပေးနေသည်။ ကလေးဘဝက သူတို့ တွေကစားနေသည်ကိုငေးရင်း ကိုယ်တိုင်ဝင်ကစားဖြစ်သည်အထိ ဖြစ်သည်။

တစ်ခုသောညနေခင်းတွင် ဘိုဝင်းနှင့်ကစားနေကြရင်း တစ်အုံးအုံးတစ်ဘုံးဘုံး အသံများကြားရသည်။ ဘိုဝင်းဆိုသည်က ကိုသိန်းအောင်၏ ညီတစ်ဦးဖြစ်သည်။ ဘိုဝင်းနှင့်အတူ အသံကြားရာ သူတို့အိမ်နောက်ဖေးသို့ အပြေားသွား၍ ကြည့်သည်။ ထိုနေရာတွင် ဂုန်နီအိတ်စုတ်တစ်ခုကို ခင်းထားသည်။ လူပျိုများက ခပ်လှမ်းလှမ်းမှအရှိန်ယူကာ ပြေးလာရင် ထိုအခင်း တွင်လက်ထောက်၍ ဂျွမ်းပစ်နေကြသည်။ ကိုဥာဏ်အောင်နှင့် ကိုကျော်တင့်တို့က အနည်းငယ်နားနီးသဖြင့် ရအောင်လုပ် နိုင်သည်။ ကိုညိုကြီးကလည်း မရတစ်ချက်ရတစ်ချက်ဖြစ်နေသည်။ ကိုမြင့်အောင်ဆိုသည်က ဝဝတုတ်တုတ်ဖြစ်လေတော့ ပစ်လိုက်တိုင်းမအောင်မြင်။ တစ်အုံးအုံးတစ်ဘုံးဘုံး မြည်နေသည်က ပစ်ကျသွားသောခန္ဓ္ဓာကိုယ်၏ မြေကြီးနှင့် ရိုက်မိသံဖြစ် နေသည်။ နောင်တစ်ချိန် ကိုသိန်းအောင်ပြဇာတ်ဒါရိုက်တာလုပ်သည့် အရပ်ဇာတ်များတွင် ထိုအခန်းများကို စင်ပေါ်တွင် တွေ့လာရလေသည်။

ညဘက်လာသည့်အခါများတွင်တော့ ပေါပေါဆယ်တို့၏အိမ်ဝင်းအတွင်း ကိုသိန်းအောင်နှင့် သူ၏ညီဝမ်းကွဲများဖြစ်သော မမသင်းဝေတို့၊ မမခင်သန်းဝင်းတို့သည် ဆပ်ကပ်တွင်ကြည့်ရသော ကစားနည်းများ သင်နေသည်ကို တွေ့လာရလေသည်။ သူတို့နှင့် တစ်ရွယ်တည်းဖြစ်သည့် အပျိုပေါက်အတော်များများက နောက်ပိုင်းရက်များတွင်တိုးလာသည်။ ထိုအခါ ညဘက်ကစားနေကျဖြစ်သော ကလေးငယ်များသည်လည်း ထိုအရာကိုငေးမောရန် စုဝေးလာကြသည်။ ကိုသိန်းအောင်က စိတ်ရှည်လက်ရှည်သင်တတ်သည်။ လက်အနေအထား၊ ခါးအနေအထားကစ၍ စနစ်ကျအောင် သင်သည်။ လက်ကိုကိုင် လိုက်၊ ခါးကိုကိုင်လိုက်ဖြင့် အပျိုပေါက်များနှင့် တစ်ရုန်းရုန်းဖြစ်နေသည့်အခါ အမေက နိမိတ်ဖတ်တော့သည်။

“အင်း သိန်းအောင်တော့မကြာဘူး၊ နောက်တစ်ယောက်ထင်တယ်” အမေနိမိတ်ဖတ်သည်က မကြာခင်မှန်လာခဲ့သည်။ အဖေ့တူမ မမခင်သန်းတစ်ယောက် ကိုသိန်းအောင်နှင့် ညားပါလေတော့သည်။

မမခင်သန်းနှင့်ညားသည်ဆိုရာတွင်လည်း အလွယ်တော့မဟုတ်ခဲ့ချေ။ အစ်ကိုထွန်းစိန်တို့ညီအစ်ကိုများက သဘောမ တူကြပါ။ လတ်ယားလတ်ယား အလုပ်လက်မဲ့ဖြစ်သော ကိုသိန်းအောင်ကို ဓါးကြိမ်းကြိမ်းနေကြသူများဖြစ်သည်။ ကိုသိန်း အောင်ကလည်း လူပါးဖြစ်သည်။ ထိုညီအစ်ကိုများခွန်းတုံ့မပြန်ရဲသည့် အဖေ့ထံတွင် တဂျီဂျီလာ၍ ချည်းကပ်ပါတော့သည်။ ထိုသို့ဖြင့် ကိုသိန်းအောင်တစ်ယောက် အိမ်ထောင်သည်ဘဝ ရောက်သွားခဲ့ပြန်သည်။ သည်တစ်ကြိမ်တွင်တော့ သူလိုငါလို တောင်သူယာလုပ်ဘဝဖြင့် နားအေးပါးအေးဖြစ်နေသေးသည်။ နားမအေးသည်က မမခင်သန်းတစ်ယောက် ကလေးမီးဖွား သည့်အချိန်တွင် ဖြစ်သည်။

ပေါပေါဆယ်တို့၏ အိမ်ခြံဝင်းထောင့်တွင်ရှိသော သူတို့အိမ်ကလေးတွင်ပင် မမခင်သန်းက မီးမဖွားနိုင်ဖြစ်ကာ ကွယ်လွန်ခဲ့ ရပြန်သည်။ မမခင်သန်း၏နာရေးတွင် ကိုသိန်းအောင်တစ်ယောက် အော်ကြီးဟစ်ကျယ်ငိုပါတော့သည်။ ထိုအချိန်းချက်ကို သိမြင်နေရသောအမေကပြောသည်။

“သိန်းအောင် မိန်းမအတော်မင်တာပဲ၊ မကြာဘူးနောက်တစ်ယောက်နေမှာ” ကိုသိန်းအောင်ကြီးမှာတော့ လက်ထပ်ယူစဉ်က တည်းက အဆင်မပြေခဲ့သော နှစ်ဘက်မိဘများက မမခင်သန်းကွယ်လွန်တော့လည်း ပူညံပူညံဖြစ်နေသေးသည်။ မမခင် သန်း ကွယ်လွန်သွားခဲ့သော်လည်း ကလေးကအသက်ရှင်လျှက် ကျန်ခဲ့သည်။ ထိုကလေးကို သူရသင့်ငါရသင့် အငြင်း အခုန်ဖြစ်ကြသည်။ ထိုအခါရှေးရိုးအစဉ်အလာအရ လိပ်ပြာခွဲရသည့်အဖြစ်သို့ ရောက်သွားလေသည်။

လိပ်ပြာခွဲသည်က ကွယ်လွန်သူ၏ ဝိညာဉ်က ကျန်ရစ်သောကလေးကို မည်သူနှင့်ထားခဲ့စေမည်ကို မေးရခြင်းဖြစ်သည်။ အလေးချိန်တူညီသော ဂွမ်းစများကို ချိန်ခွင်တစ်ဘက်စီတွင်ထည့်၍ ချိန်ရသည်။ အလေးသာပေးသောဘက်က အနိုင်ရ သည်။ ထိုစဉ်က ဦးတုတ်ပေါ၊ ဒေါ်ချစ်မေတို့၏ဘက်ကိုအလေးသာခဲ့သဖြင့် ကိုသိန်းအောင်မခင်သန်းတို့၏ သမီးလေး မ ဆယ်ကို ဦးတုတ်ပေါတို့က မွေးစားခဲ့လေသည်။ ဖိုးလေးဆန်၊ အရီးနှင့်နုတို့က ထိုကလေးကို မြေးအဖြစ်တော့ အသိအမှတ် ထားခဲ့ပါသည်။ တကယ်တော့ သူတို့တွေလည်း ထိုစဉ်ကမြေးရှိသေးဟန်မတူ။ ကိုသိန်းအောင်ကြီးကတော့ မုဆိုးဖိုနှင့် တစ်ခုလပ်ဟူသော ဂုဏ်ပုဒ်နှစ်ခုလုံးပိုင်ဆိုင်ကာ လူလွတ်ဖြစ်လာပြန်သည်။

ဒီတစ်ကြိမ်တွင်တော့ ကိုသိန်းအောင်တစ်ယောက် ရွာကလူငယ်များနှင့် ဒိုးပတ်ဝိုင်းကလေးကို ပျိုးထောင်ကာ စုစုဝေးဝေး လုပ်ကြပြန်သည်။ အရပ်ဇာတ်များကိုလည်း ခင်းကျင်းကာ လူငယ်များအတွင် အနုပညာပိုးကိုသွတ်သွင်းခဲ့သည်။ ရွာဘုရားပွဲ များနှင့် အလှူအတန်းများတွင် သူနှင့် ယောက်ဖတော်ခဲ့ဖူးသူ ကိုထွန်းငြိမ်းတို့ ပူးပေါင်းကာ အရပ်ဇာတ်များ ကပြကြလေသည်။ ကိုသိန်းအောင်က တစ်ဘက်လူကျလောက်အောင် ပြောတတ်သည်။ အရပ်ဇာတ်လုပ်သည့်အခါ လိုအပ်သောငွေကြေးကို ရွာအပေါ်တွင် ပေးချင်ကမ်းချင်အောင် ပြောတတ်သူဖြစ်သည်။

“ကျုပ်တို့ လူငယ်တွေအရပ်ဇာတ်ကနိုင်ဖို့ ပထမဆုံးအနေနဲ့ မုဆိုးမဖြစ်တဲ့ ဒေါ်ရှုက ငွေတစ်ရာထောက်ပံ့ပါတယ်” သည်လေ သံမျိုးနှင့် ကြေငြာလိုက်သည့်အခါ ကျန်သူများအတွက် မထောက်ပံ့၍ မကောင်းတော့ချေ။ မုဆိုးမကို မရ အရ မထမဆုံး ညှစ်ထုတ်လာသည်ကိုး။

အရပ်ဇာတ်များ မကြာခဏပြုလုပ်လျှက်ရှိသည်။ ထိုအချိန်များအတွင်းတွင် ကိုသိန်းအောင်တစ်ယောက် မဆောင်းရင်နှင့် သမီးရည်းစားဖြစ်ကြပြန်သည်။ မဆောင်းရင်က ဒွေးလေးပိုက်သမီးဖြစ်သည်။ ဒွေးလေးပိုက်သာမက ဆွေမျိုးအတော်များ များက မုဆိုးဖိုလည်းဖြစ်၊ တစ်ခုလပ်လည်းဖြစ်သော ကိုသိန်းအောင်နှင့် လုံးဝသဘောမတူကြချေ။ သမီးဖြစ်သူကို အမျိုးမျိုး နားချကြရင်း မဆောင်းရင်တစ်ယောက် စိတ်လည်ကာ မိဘသဘောမတူသူကို မယူတော့ဟု ဆုံဖြတ်လိုက်သည်။ ထိုဆုံး ဖြတ်ချက်က အပြောကောင်းသည့် ကိုသိန်းအောင်လည်း မတတ်နိုင်တော့သည်အထိ ခိုင်မာသွားဟန်တူပါသည်။

တစ်ခုသောနံနက်ခင်းတစ်ခုတွင် ပေါပေါဆယ်တို့အိမ်မှ ဆူဆူညံညံဖြင့် အသံများကြားရလေသည်။ အိမ်ချင်းကပ်နေသဖြင့် အမေကကြားသည်။

“ဟဲ့ပေါဆယ်တို့ ဘာဖြစ်ကြသတုံး”

အမေ့အသံကြားတော့ မမသင်းဝေကဖြေသည်။ ကိုသိန်းအောင်တစ်ယောက် အဆိပ်သောက်သေရန် ကြံစည်နေခြင်းဖြစ် ကြောင်း သိရလေသည်။ ထိုအခါ အဖေက ဦးချစ်ကြွယ်ရေကန်တွင် ကန်ဇွန်းရွက်ခူးစေသည်။ ကိုကျော်တင့်နှင့်အတူ အစ်ကို တစ်ယောက် လိုက်သွားစေသည်။ အနီးအပါးကလူတွေရောက်လာကြသလို ကိုသိန်းအောင်၏မိခင် မချစ်မေနှင့် ညီမများ လည်း ရောက်လာကြသည်။ ရောက်လာသူများက မဆောင်းရင်ကြောင့်ဟု တွတ်ထိုးနေကြသလို တစ်ယောက်တစ်ပေါက် တွေပြောနေကြသည်။ ကိုသိန်းအောင်ကတော့ မမသင်းဝေတို့အိမ်က တန်းလျားပေါ်တွင် ပါးစပ်မှ အမြှုတ်များ ထွေးထုတ် လိုက်၊ ခြေလက်များက ဆန့်ငင်ဆန့်ငင်ဖြစ်လိုက်နေသည်။ ညီမဖြစ်သူများက ငိုကြယိုကြသည်။

မကြာခင်တွင် ကိုကျော်တင့်ပြန်လာသည့်အခါ အဖေက ကန်ဇွန်းရွက်ကိုချေ၍ တိုက်လေသည်။ ကိုသိန်းအောင်က မ သောက်ပါ။

“ဦးကြီးကျုပ်က သေချင်လို့သောက်တာဗျ၊ ဦးကြီး ဆေးတွေတိုက်နေ. နေ” ပြောရင်း ဇက်ကျိုးကျသွားသည်။ ထိုအခါတွင်မှ ကိုကျော်တင့်နှင့် အပေါင်းပါများက ကိုသိန်းအောင်ကို ဝိုင်းဝန်း၍ချုပ်လိုက်သည်။ မရ အရ ဆေးတိုက်ကြသည်။ ထိုအခါတွင် တော့ ဝေါ့ကနဲအန်ချပစ်လိုက်သည်။ ထိုသို့ဖြင့် အဆိပ်သောက်ခဲ့သော ကိုသိန်းအောင်နှင့် ပတ်သက်သည်တို့ကို တစ်ရွာလုံး ပြောကြဆိုကြဖြစ်နေသည်။ စကားဝိုင်းအတော်များများတွင် ကိုသိန်းအောင်ကြီးတော့ သေရွာပြန်ဆိုပြီး မပြီးနိုင်မစီးနိုင်ဖြစ်နေကြလေသည်။

ညနေခင်းအတော်မိုးချုပ်ကာမှ သတင်းတစ်ခုထွက်လာသည်။ ကိုသိန်းအောင်တစ်ယောက် မဆောင်းရင်ကို ခိုးပြေး သွားပြီဆိုတာပါ။ ပိုလိုပိုးသတ်ဆေးများကို နှုတ်ခမ်းဘေးတစ်လျှောက် သုတ်လိမ်း၍ အဆိပ်သောက်သလို သရုပ်ဆောင်ကာ မဆောင်းရင်ကြားလောက်အောင် လုပ်ခဲ့ခြင်းသာဖြစ်သည်။ လမ်းတစ်ဘက်သာခြားသော ဒွေးလေးပိုက်တို့အိမ်က ယက္ကန်း စင်တွင် မဆောင်းရင်တစ်ယောက် ထိုအသံများကြားပြီး မည်သို့သိရှိခဲ့လေသည်မသိ။ ကိုသိန်းအောင်၏ ထိချက်ကောင်းသော အလိမ်အညာကို မဆောင်းရင်တစ်ဦးတည်း ခံခဲ့ရသည်တော့ မထင်ကြလေနှင့်။ တစ်ရွာလုံးသည်လည်း မဆောင်းရင်နှင့် ညားပြီးမှသာ သိခဲ့ရခြင်းဖြစ်သည်။

အခုတော့ ကိုသိန်းအောင်တစ်ယောက် ကွယ်လွန်သွားခဲ့ပါပြီ။ မဆောင်းရင်နှင့်လည်း ယောက်ျားလေးတစ်ဦး မိန်းကလေး တစ်ဦး မွေးထားခဲ့သည်။ ရွာတွင်မိန်းမသုံးယောက်အထိယူခဲ့သူ ကိုသိန်းအောင်သည် သားသမီးသုံးဦးသာ ကျန်ရစ်ခဲ့သည်။ ဘဝတစ်လျှောက်လုံး ရွာကလူများကို ဖမ်းစားနိုင်ခဲ့သောသူ့ကို ရွာကလူတွေမေ့ကြမည်မဟုတ်။ နှစ်စဉ်အရပ်ဇာတ်များထည့်သွင်းကြသည့် တန်ဆောင်မုန်းလ ဘုရားပွဲဆိုလျှင် ပို၍ပင်တမ်းတမိကြပါလိမ့်မည်။ အတူကပြခဲ့ကြဖူးသူများဆိုလျှင် မသိနားမလည်၍ ကိုသိန်းအောင်ကြီး ရှင်းပြခဲ့ရသော ဇာတ်ညွှန်းစကားလုံးလေးဖြစ်သည့် မှိုင်ဆိုသည့် ဇာတ်ဝင်ခန်းကိုရောက် နေသလား အောက်မေ့နေကြပေလိမ့်မည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …


MoeMaKa Monthly February 2017 ထွက်ပြန်ဘီ တဲ့..

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ

By

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ (မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၁၇ တရားမျှတဖို့ အတွက်...

Read more »

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့ အိမ်အရောက် ပို့ဆောင်ပေးနေပါတယ်

By

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့  အိမ်အရောက် ပို့ဆောင်ပေးနေပါတယ် (မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၁၇ ၂၀၁၆...

Read more »

မိုးမခ နိုဝင်ဘာကို အိမ်အရောက် မှာယူပါ

By

” ကဗျာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ စာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ တရွေ့ရွေ့နဲ့ ရှေ့တန်းရောက်လာတဲ့ မဂ္ဂဇင်း .....

Read more »

မိုးမခမဂ္ဂဇင်း အောက်တိုဘာကို အိမ်အရောက် မှာယူပါ

By

 မိုးမခမဂ္ဂဇင်း အောက်တိုဘာကို အိမ်အရောက် မှာယူပါ  (မိုးမခ) အောက်တိုဘာ ၁၃၊ ၂၀၁၆ “အ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သင်းလဲ့ဝင်း (Myanmar Now) သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) လောကပါလ သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်