မောင်ရစ် – အာရပ်နွေဦးအလွန် နိုင်ငံရေးကန့်လန့်ကာနောက်ကွယ် တူနီးရှား ဘာလဲ ဘယ်လဲ

December 4, 2015

မောင်ရစ် – အာရပ်နွေဦးအလွန် နိုင်ငံရေးကန့်လန့်ကာနောက်ကွယ် တူနီးရှား ဘာလဲ ဘယ်လဲ

(အတွေးအမြင်မဂ္ဂဇင်း၊ ဒီဇင်ဘာ ၂၀၁၅) မိုးမခ၊ ဒီဇင်ဘာ ၄၊ ၂၀၁၅


၂၀၁၅ အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆိုကို တူနီးရှားနိုင်ငံက ၄ပွင့်ဆိုင် နိုင်ငံရေးအစုအဖွဲ့က ရသွားတယ်။ သူတို့ကို ဘီုလို – Tunisia’s National Dialogue Qyartet လို့ ခေါ်တယ်။ ၂၀၁၁ အာရပ်နွေဦးအကြို နိဒါန်း တူနီရှားရဲ့ စပယ်တော်လှန်ရေးအတွက် ပေးဆပ်မှုတွေနဲ့ နောက်ဆက်တွဲ ရုန်းကန်မှုတွေအတွက် ပေးတာလို့ ဆိုပါတယ်။ လေးမွှာပူးအဖွဲ့မှာ အလုပ်သမားသမဂ္ဂကြီး ၂ ခု၊ လုပ်ငန်းရှင်အုပ်စုတစုနဲ့ ရှေ့နေအဖွဲ့တခု တို့ ပါဝင်တယ်။ သူတို့တွေ ကျေးဇူးကြောင့် စပယ်တော်လှန်ရေးအလွန် ချောက်ထဲ မသက်ဆင်းမူဘဲ အပေါင်းလက္ခဏာဖြစ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေဆီ ဆွဲယူနိုင်ခဲ့တယ်လို့ သုံးသပ်ကြတာပဲ။

အတိတ်က ပြန်လှန်ရရင် အဲသည် ၂၀၁၁ ဇန်န၀ါရီလဆန်း၊ အာရပ်နွေဦး၏ အစ၊ တူနီးရှားမြို့တော်က မိုဟာမက်ဘိုဇီဇိဆိုတဲ့ ဟင်းရွက်ရောင်းသမားဟာ တိုင်းပြည်ချွတ်ချုံကျပြီး သူကိုယ်တိုင်ဆင်းရဲလွန်းတာကြောင့် ကိုယ့်ကိုယ်ကို မီးရှို့ ဆန္ဒပြလိုက်တာစလို့ လူထုလှုပ်ရှားမှု ဖြစ်ပွားပြီး အမေရိကန်ထောက်ခံထားတဲ့ အာဏာရှင်အစိုးရကို ၁၀ ရက်အတွင်း လူထုနည်းနဲ့ ဖြုတ်ချနိုင်ခဲ့ပါတယ်။ တကယ်တန်းကတော့ အမေရိကန်က ထောက်ခံမှု ရုတ်သိမ်းလိုက်တာရယ် အာရပ်နိုင်ငံတခုဖြစ်တဲ့ ဆော်ဒီအာရေဗျက အာဏာရှင်ဟောင်းကို ခိုလှုံခွင့်ပေးလိုက်တာရယ်ကလည်း အရေးပါတဲ့ အချက်တွေ ပါပါတယ်။

အောက်တိုဘာ ၂၀၁၁ မှာ တူနီးရှားမှာ လွှတ်တော်ရွေးကောက်ပွဲ ကျင်းပခဲ့တယ်။ လက်ယာစွန်း မျိုးစောင့်ပါတီ က ၃၇% မဲနဲ့ အစိုးရ တက်ဖြစ်လာခဲ့တယ်။ နောက်ပိုင်းကျတော့ အာဏာရ ဘာသာရေးအစွန်းရောက်ပါတီ ဦးဆောင်တဲ့အစိုးရက အတိုက်အခံတွေကို နှိမ်နင်းသတ်ဖြတ်တာတွေ လုပ်ပြန်တော့တာကြောင့် လူထုဟာ လမ်းပေါ်ထွက် အုံကြွ တော်လှန်ခဲ့ရပြန်တာပါပဲ။ အဲသည်မှာ အာဖရိကနယ်မြေ၊ အာရပ်နိုင်ငံတွေ ထုံးစံအတိုင်း လက်နက်ကိုင်အကြမ်းဖက်မှုတွေနဲ့ သွေးချောင်းစီး ပြည်တွင်းစစ်တွေ ဖြစ်လေ့ရှိရမယ့်အစား ခုနင်ကပြောတဲ့ ၄ပွင့်ဆိုင် နိုင်ငံရေးအင်အားစုကြီးတွေရဲ့ ပူးပေါင်းဆောင်ရွက် အားထုတ်မှုတွေကြောင့် ကြားဖြတ်အစိုးရတရပ် ပေါ်ထွန်းအတဲ့အထိ အပြောင်းအလဲကို ဆောင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဘာသာရေးအစွန်းရောက်တဲ့ အခြေခံဥပဒေကနေ သာတူညီမျှတဲ့ အခြေခံဥပဒေတရပ် ရေးဆွဲပြီးနောက် ၂၀၁၄ အောက်တိုဘာမှာ နောက်ထပ် ရွေးကောက်ပွဲနဲ့ လွှတ်တော်ခေါ်၊ နိုဝင်ဘာမှာ သမ္မတရွေးကောက်ပွဲလုပ်နိုင်ခဲ့ပါတော့တယ်။

တူနီးရှားမှာ စီးပွားရေး အကြပ်အတည်းတွေ ရှိနေဆဲ၊ အစွန်းရောက်အကြမ်းဖက်တွေရဲ့ ရန်စမှုတွေ စော်ကားမှုတွေ ရှိနေဆဲကြားထဲက အခြားအာရပ်နိုင်ငံတွေထက်နှိုင်းရင် တည်ငြိမ်တဲ့ ဒီမိုကရေစီ အစိုးရ ဖော်ဆောင်နိုင်နေတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

ဒီလိုမျိုး လက်နက်မပါ အကြမ်းမဖက်ဘဲ နိုင်ငံရေးအပြောင်းအလဲ ဖော်ဆောင်နိုင်တာဟာ တူနီးရှားရဲ့ နဂိုမူလ နိုင်ငံရေးသန္ဓေဖြစ်တဲ့ သမဂ္ဂတွေ ကျောင်းသားတွေ လှုပ်ရှားမှု အားကောင်းတာက တကြောင်း၊ တူနီးရှားတပ်မတော်ဟာ အခြားအာရပ်နိုင်ငံတွေလိုမျိုး အင်အားကြီးမားတောင့်တင်းတဲ့ စစ်တပ်အင်အား  မရှိတာကြောင့် တကြောင်းလို့ သုံးသပ်ကြပါတယ်။ စစ်တပ်က တိုင်းပြည် လုံခြုံရေးအတွက်ပဲ တာဝန်ယူပြီး နိုင်ငံရေးကို ၀င်မစွက်ခဲ့လို့ ဆိုကြပါတယ်။

အီဂျစ်ကတော့ အမေရိကန်နောက်ခံနဲ့ အင်အားအတောင့်ဆုံး စစ်တပ်ကြီးရှိနေတာကြောင့် အာရပ်နွေဦးအပြီး ထုံးစံအတိုင်း ရှေးရိုးစွဲဘာာသာရေးအစွန်းရောက်တွေ အာဏာရ၊ အတိုက်အခံတွေကို နှိမ်နင်းတာတွေ လုပ်၊ မသီးခံနိုင်တဲ့ အီဂျစ်စစ်တပ်က အာဏာပြန်သိမ်း၊ စစ်ဗိုလ်တွေ လူထွက်ပြီး အစိုးရထွက်လုပ်တဲ့ အဖြစ်နဲ့ ရင်ဆိုင်ခဲ့ရတာ သာဓကအဖြစ် ကြည့်နိုင်ပါတယ်။

တူနီးရှားမှာ (ISIS) လိုမျိုး ဘာသာရေးအစွန်းရောက်တွေရဲ့ အကြမ်းဖက်မှုတွေ နယ်ချဲ့မှုတွေ ဘာကြောင့် မတွေ့ကြုံရတာလဲဆိုတော့ သူတို့တွေက ဆူနီမူဆလင်လူများစုတွေဖြစ်နေတာရယ်၊ ရှီယိုက်မူဆလင်နဲ့ အခြား လူမျိုးစွဲအစုတွေ အားနည်းတာရယ်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ နောက်ပြီးတော့ အီဂျစ်တို့လို ဘာသာရေးအစွန်းရောက် နိုင်ငံရေးပါတီတွေ အစုအဖွဲ့တွေ ပါဝင်ချယ်လှယ်မှုကလည်း အားမကောင်းတာကြောင့်လို့ ဆိုကြပါတယ်။

နောက်တချက်ကတော့ အီဂျစ်၊ ယီမင်၊ လစ်ဗျား၊ ဘာရိမ်း နဲ့ ဆီးရီးယားမှာ အမေရိကန်ရဲ့ ကိုယ်ကျိုးတွေ၊ အာရပ်ကမ္ဘာက နိုင်ငံကြီးတွေ (အီရန်၊ ဆော်ဒီ စတဲ့)ရဲ့ ဘာသာရေး လူမျိုးရေး အကျိုးစီးပွားတွေ အများအပြား ယှက်နွယ်နေတာကြောင့်၊ ဘာသာရေးအစွန်းရောက်တွေ ပါဝင်ပတ်သက်နေတာတွေကြောင့် အာရပ်နွေဦးလှုပ်ရှားကြတဲ့ နိုင်ငံတွေဟာ အစကောင်းပြီး အနှောင်းမသေချာဖြစ်ကြရတယ်လို့ ဆိုနိုင်ပါတယ်။ နိုင်ငံကြီးတွေရဲ့ လူမွေး တပည့်မွေး ဆရာမွေး စွက်ဖက် ချယ်လှယ်မှုတွေကြောင့် အာဖရိကနဲ့ အာရပ်ကမ္ဘာက တိုင်းပြည်တွေဟာ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် ပညာ သုတ အင်အားတွေ စုစည်းခွင့် မရခဲ့ကြပါ။ ဒါ့အပြင် စီးပွားရေးအကျိုးအတွက် ရုရှားတို့ တရုတ်တို့ကလည်း ခြေလှမ်းသွက်တာကြောင့် အာဏာရှင်တွေဟာ သူတို့လိုချင်တဲ့ လက်နက်နဲ့ ငွေကြေးထောက်ခံမှုတွေ အလွယ်တကူ ရရှိနေတာနဲ့ လူထုကို အာခံပြီး သက်ဇိုးရှည်နေတာဖြစ်ကြောင်း သုံးသပ်လိုက်ရပါတယ်။

မြန်မာပြည်မှာကတော့ အင်အားကြီးပြီး ကျေထောက်နောက်ခံအားကောင်းတဲ့ အာဏာရှင်နိုင်ငံရေး အတွေ့အကြုံ  ရင့်ကျက်တဲ့ တပ်မတော်၊ စစ်အုပ်စုထောင်ထားတဲ့ နိုင်ငံရေးပါတီ၊ ဘာသာရေးအစွန်းရောက် အစုအဖွဲ့တွေ ရှိနေပြီးသား ဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် အစုအဖွဲ့များကလည်း သူတို့၏ ကိုယ်စီ ကိုယ်စီသော သမိုင်းအစဉ်အလာနဲ့ ရပ်တည် ရုန်းကန်နေကြတာ တွေ့နိုင်ပါတယ်။  ပြည်ပအကျိုးစီးပွားတွေကလည်း မြန်မာပြည်ပေါ်မှာ အများသားကလား။ တရုတ်၊ ရုရှ၊ အာဆီယံ၊ အိန္ဒိယနဲ့ အမေရိကန် ဥရောပ စုံလို့ စုံလို့ပါ။ အဲသည် နိုင်ငံရေး ညီမျှချင်းကို တဖက်က အလေးသာအောင် ဆွဲချနိုင်ဖို့ ပြည်သူလူထုဘက်မှာ ရှိနေတာက အတိုက်အခံပါတီများ၊ အရေးတော်ပုံထွက် နိုင်ငံရေးအင်အားစုများ၊  ကျောင်းသားလူငယ် မျိုးဆက်သစ်များ နဲ့ နိုင်ငံတကာအဆင့်ရှိ ခေါင်းဆောင် အောင်ဆန်းစုကြည်တို့ ဖြစ်ကြပါတယ်လို့ ဆိုလိုက်ချင်ပါရဲ့။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သူတို့အာဘော်, မောင်ရစ်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

http://moemaka.com/archives/57845

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်