ဥသြ (ချယ်ရီမြေ) – ဘူးပင်က ဘူးသီးသီးတယ်ဆိုပေမယ့်

December 17, 2015

ဥသြ (ချယ်ရီမြေ) – ဘူးပင်က ဘူးသီးသီးတယ်ဆိုပေမယ့်

(မိုးမခ) ဒီဇင်ဘာ၊ ၁၇၊ ၂၀၁၅


တကယ်လို့များ ‘ဘူးပင်က ဘာသီးသီးသလဲ’လို့ မေးရင် ‘ဘူးသီးသီးတာပေါ့ဗျာ’လို့ ဖြေပြီး ကျွန်တော့် ကို ဂေါက်တောက်တောက်ပဲဆိုတဲ့ အကြည့်နဲ့ ကြည့်မှာ သေချာလှပါတယ်။ ဘူးပင်က ဘူးသီးပဲ သီး သလို သရက်ပင်ကလည်း သရက်သီးပဲ သီးပါတယ်။ နှင်းဆီပင်က နှင်းဆီပဲ ပွင့်သလို စံပယ်ပင်က လည်း စံပယ်ပဲ ပွင့်ပါတယ်။ ဒါက နေဟာ အရှေ့အရပ်က ထွက်ပြီး အနောက်အရပ်မှာ ဝင်တယ် ဆိုတဲ့ အမှန်တရားလိုပါပဲ။ ခိုင်မာလှပါတယ်။


ကျွန်တော်တို့ငယ်ငယ်တုန်းက သင်ခဲ့ဖူးတဲ့ ‘ကျေးညီနောင်’ပုံပြင်ကို အမှတ်ရမိပါတယ်။ အဲ့ဒီ ပုံပြင်ထဲမှာ ကျေးညီနောင်က လေပြင်း မုန်တိုင်းတွေ တိုက်လို့ ကွဲကွာ သွားကြပါတယ်။ အဲ့ဒီတုန်းက တော့ ကျေးငှက်ငယ်လေးတွေပဲ ရှိသေးတာပေါ့ဗျာ။ တစ်ကောင်က လူကောင်းသူကောင်းလက်ထဲ ရောက်သွားပြီး ကျန်တဲ့တစ်ကောင်က လူဆိုးသူခိုးလက်ထဲ ရောက်သွားပါတယ်။ နောင်ကျတော့ ဗီဇ တူပေမယ့် မတူညီတဲ့ ပတ်ဝန်းကျင်တွေက အရောင် သွင်းပေးလိုက်တဲ့အတွက် ကျေးညီနောင်ခမျာ စရိုက်ကွဲသွားကြပါတယ်။ နောက် မှတ်မိတာက ‘ဒေါင်းယောင်ဆောင်တဲ့ ကျီး’ ပုံပြင်ပါပဲ။ ဒေါင်းငှက် တွေလိုလှမလားဆိုတဲ့ အတွေးနဲ့ ကျီးငှက်က ဒေါင်းမွေးစိုက်ကာ အယောင်ဆောင်ခဲ့ပေမယ့် ဒေါင်း ဘဝ မရောက်ခဲ့သလို ဘဝတူကျီးတွေရဲ့ ပစ်ပယ်ခြင်းကိုလည်း ခံလိုက်ရပါတယ်။

    မြန်မာစကားပုံမှာ ‘အမိယုတ်တော့ နှုတ်ကြမ်း၊ အဖယုတ်တော့ ကိုယ်ကြမ်း’ဆိုတဲ့ စကားပုံရှိပါ တယ်။ ကျွန်တော်တို့ပတ်ဝန်းကျင်မှာလည်း ‘လူတစ်ယောက်မှာ ဗီဇကအရေးကြီးတယ်။ ပတ်ဝန်းကျင် က အရေးကြီးတယ်’ဆိုပြီး ငြင်းခုန်သံတွေ ကြားခဲ့ရဖူးပါတယ်။ လူတစ်ယောက်အတွက် မွေးကတည်း က ပါလာတဲ့ ဗီဇက အရေးကြီးတာ အမှန်ပါပဲ။ စောရနက္ခတ်နဲ့ မွေးလာတဲ့ကလေးဟာ သူခိုးဖြစ်ကို ဖြစ်လာတယ် ဆိုတဲ့ အယူအဆက ဗီဇက အရေးကြီးတယ် ဆိုတာကို ဖော်ပြပါတယ်။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာလည်း ဘယ်လောက်ပဲ သွန်းသင် သွန်းသင် ခွေးမြီးကောက် ကျည်တောက်စွပ်နေတဲ့၊ ကျွဲပါး စောင်းတီးသလို ဖြစ်နေတဲ့ လူတွေ အများကြီးကို တွေ့ရတဲ့အခါ ဗီဇဆိုတာ ဖျောက်ဖျက်နိုင်ခဲ တယ်လို့ ထင်မိခဲ့ပါတယ်။ တကယ်တော့ ဘူးပင်က ဘူးသီးပဲ သီးတယ်ဆိုတာ ဗီဇပါပဲ။

    သမိုင်းကို လေ့လာကြည့်တော့ ဗီဇဆိုတာ မိသားစုထဲမှာသာ ဆင်းသက်လာတာ မဟုတ်ပါ။ မျိုးဆက်တစ်ခုကနေ တစ်ခုကိုလည်း ဆင်းသက်လာနိုင်ပါတယ်။ သမိုင်းတစ်လျှောက် မျိုးဆက်တစ်ခု ကနေ နောက်မျိုးဆက်တစ်ခုကို လွှဲပေးခဲ့တဲ့ ဗီဇတွေ အများကြီးပါပဲ။ ပုဂံခေတ်က ရှေးမြန်မာကြီးတွေ က ပင်းယခေတ်က မြန်မာတွေကို ရဲရင့်မှုဗီဇ၊ ဘာသာတရားကို ရိုသေကိုင်းရှိုင်းတဲ့ ဗီဇ၊ ဟီရိသြတပ္ပ တရားဗီဇ၊ ကိုယ့်ယဉ်ကျေးမှုကို မြတ်နိုးထိန်းသိမ်းတဲ့ ဗီဇ၊ ဂါရဝတရား နိဝါတတရားထားတဲ့ ဗီဇ စတဲ့ ဗီဇ ကောင်းတွေ ပေးခဲ့ကြပါတယ်။ ပင်းယခေတ်ကနေ ကုန်းဘောင်ခေတ်အထိ အဲ့ဒီကောင်းမြတ်တဲ့ ဗီဇတွေ ရှိနေတုန်းပါပဲ။ ဟော အခုခေတ်မှာလည်း အဲ့ဒီ ဗီဇကောင်းတွေက မြန်မာလူမျိုး တော်တော် များများမှာ ရှိနေကြတုန်းပေမယ့် တစ်ချို့လူတွေမှာတော့ ပျောက်ပျက်နေခဲ့ကြပြီ။ ဒီနေ့ခေတ်ကို ပြန် ကြည့်တော့ လာဘ်လာဘနဲ့ အသက်မွေးဝမ်းကြောင်းတဲ့ ဗီဇ၊ လက်သင့်ရာ စားတော်ခေါ်တဲ့ ဗီဇ၊ အထက်ကို ဖား အောက်ကို ဖိတဲ့ ဗီဇ စတဲ့ ဗီဇဆိုးတွေ အမြစ်တွယ်နေခဲ့ကြပြီလေ။ ဝမ်းနည်းစရာ ကောင်းလေစွ။ ဒီတော့ ဘူးပင်က ဘူးသီးပဲ သီးတာ မဆန်းလှပါဘူး။

    တစ်ချို့လူတွေကျတော့ ဘူးသီးသီးပေမယ့် ဒူးရင်းသီးသီးသယောင်လည်း ဖုံးကွယ်ဟန်ဆောင် တတ်ကြပါတယ်။ ဒေါင်းယောင် ဆောင်တဲ့ ကျီးလို ဒေါင်းမွေးတွေ စိုက်ကာ သူတိုရဲ့ အမည်းရောင် အဆင်အသွေးတွေကို ကွယ်ဝှက် တတ်ကြပါတယ်။ ဘယ်လိုပဲ ဗီဇကို ဖုံးကွယ်ဖုံးကွယ် ဗီဇဆိုတာမျိုး က ပျောက်ပျက် မသွားနိုင်ပါဘူး။ အင်းဝခေတ်က သူခိုးငတက်ပြားကို ဘုရင့်ဘဏ္ဍာတိုက် စောင့်ဖို့ ခန့်လိုက်တာ သူခိုးဘဝက ပြောင်းလဲသွားပေမယ့် ဒီနေ့ခေတ်မှာဆိုရင်တော့ ပြောင်းတော့ပြောင်းလဲ သွားနိုင်ပါတယ်။ လူတော့မဟုတ်ပါ။ ဘဏ္ဍာတိုက်သာ ပြောင်းသလင်းခါတဲ့အထိ ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။ ဒါတွေက ဘာကို ဆိုလိုချင်သလဲဆိုရင် ကျွန်တော်တို့ခေတ်မှာ ကြိုးနီစနစ်ရဲ့အကျင့်ဆိုး၊ ညဉ်ဆိုးတွေ၊ စနစ်အမှားက လေ့ကျင့်ပေးခဲ့တဲ့ အကျင့်ဆိုး၊ ညဉ်ဆိုးတွေက ခိုင်မြဲတဲ့ ဗီဇတွေအဖြစ် အမြစ်တွယ်နေပြီဆိုတာပါ။ ရေခံမြေခံကလည်း ဘူးပင်ကို အားပေးတော့ ဘူးသီးတွေချည်း လှိုင်လှိုင် သီးခဲ့တာ မဆန်းလှပါဘူး။


ကျွန်တော် သတိရမိတဲ့ စကားပုံလေးတစ်ခု ရှိပါတယ်။ အဲ့ဒါက ‘တံငါနားနီး တံငါ၊ မုဆိုး နားနီး မုဆိုး’ ဆိုတဲ့ စကားပါပဲ။ ဒီစကားပုံကတော့  ဗီဇထက် ပတ်ဝန်းကျင်က လူတွေကို ပုံသွင်းပေး တယ်ဆိုတဲ့ အယူအဆကို ဖော်ညွှန်းပါတယ်။ ကျေးညီနောင်ပုံပြင်ထဲက ကျေးငှက်လေးတွေလိုပါပဲ။ ပတ်ဝန်းကျင်က ဗီဇကို လွှမ်းမိုးနိုင်တာမျိုးလည်း ရှိပါတယ်။ လူတွေရဲ့ သဘောက အများလုပ်တာကို လိုက်လုပ်တတ်တဲ့ သဘောရှိပါတယ်။ ‘အများမိုးခါးရေသောက်ရင် ငါလည်း မိုးခါးရေသောက်မယ်’ ဆိုတဲ့ စိတ်တွေကြောင့် ဒီနေ့ခေတ်မှာ မခါးတဲ့မိုးရည်တွေလည်း ခါးခဲ့တာကြာခဲ့ပါပြီ။ ‘အများ ညီရင် ဤကို ကျွဲဖတ်’မယ် ဆိုတဲ့ လူတွေကြောင့်လည်း ‘ဤ’တွေ ကျွဲဖြစ်ခဲ့ရပေါင်းလည်း များခဲ့ပါပြီ။ 

တစ်ခါ တလေကျတော့လည်း လူတစ်ယောက်တည်းက ပတ်ဝန်းကျင်တစ်ခုလုံးကို ပြောင်းလဲပစ်နိုင်ပါတယ်။ သမိုင်းကို ကြည့်မယ်ဆိုရင် ဟစ်တလာက ဂျာမန်နိုင်ငံတော်ကြီးကို သမိုင်းမှာ ညစ်ထေးစေခဲ့ပါတယ်။ ဂျူးလူမျိုးသန်းပေါင်းများစွာကို စတေးပစ်ခဲ့ပါတယ်။ ဒါတွေက ဘူးပင်တွေက ဘူးသီးတွေပဲ သီးသလို ဘူးသီးတွေကလည်း ဘူးပင်တွေပဲ ဖြစ်ထွန်းစေနိုင်တယ်ဆိုတာကို ဖော်ညွှန်းနေပါတယ်။

    ဒီနေ့ခေတ်မှာတော့ နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ သဘာဝတရားအတိုင်း ဖူးပွင့် ကြတဲ့ အပင်တွေရဲ့မျိုးရိုးဗီဇတွေ ပြောင်းလဲနိုင်လာပါတယ်။ ပေါင်းစပ်ပေးလာနိုင်ပါတယ်။ ဒါပေမယ့် အရောင် အသွေး၊ အရသာ၊ အလုံးအထည်ကိုသာ ပြောင်းလဲပေးနိုင်တာပါ။ မူလနဂိုဗီဇကြီးတစ်ခုလုံး ကိုတော့ မပြောင်းလဲနိုင်သေးပါ။ ဒါကြောင့် ဘူးပင်က ဘူးသီးပဲ သီးနေတုန်းပါ။ ဘူးပင်ကနေ သရက် သီးသီးအောင် မလုပ်နိုင်သေးသလို စံပယ်ပင်ကနေ နှင်းဆီပန်းပွင့်အောင် မလုပ်နိုင်သေးပါ။ ချိုမြတဲ့ အရသာဗီဇရှိတဲ့သရက်သီးတွေဟာ ခွေးတောက်ပင်နဲ့ကပ်ပြီးစိုက်လိုက်တဲ့အခါ ခါးသက်တဲ့သရက်သီး တွေ ဖြစ်ကုန်ကြတဲ့ အဖြစ်အပျက်ကို သင်ခဲ့ရတာ မှတ်မိနေပါသေးတယ်။ ဒီတော့ ပတ်ဝန်းကျင်က အပင်တွေရဲ့ဗီဇကိုတောင် လွှမ်းမိုးနိုင်တာတွေ့ရပါတယ်။ ဒီနေ့ခေတ်မှာလည်း ကျွန်တော်တို့ ပတ်ဝန်း ကျင်မှာ ခါးသက်နေတဲ့ သရက်သီးတွေ အများကြီး သီးနေခဲ့ပါပြီ။ ခွေးတောက်ပင်နဲ့ ရောစိုက်ခံခဲ့ရတဲ့ ကာလကလည်း မနည်းခဲ့ပြီကို။

    ကျွန်တော်တို့တတွေ ခြုံငုံကြည့်ရာကနေ အနည်းငယ်ချုံ့ပြီး ပြောင်းလဲကြည့်ကြပါစို့။ တောသူ တောင်သားတွေရဲ့ သားသမီးတွေက ဆရာဝန်၊ အင်ဂျင်နီယာတွေ ဖြစ်နေကြသလို ဆရာဝန်၊ အင်ဂျင်နီယာတွေရဲ့ သားသမီးတွေကလည်း ဆရာဝန်၊ အင်ဂျင်နီယာဖြစ်နေကြတာ အများကြီးပါ။ လူတော် လူကောင်းတွေရဲ့ သားသမီးတွေက လူတော်လူကောင်းတွေ ဖြစ်လာကြသလို လူဆိုးလူမိုက်တွေရဲ့ သားသမီးတွေကလည်း လူဆိုးလူမိုက်တွေ ဖြစ်လာတာရှိပါတယ်။ ဒါပေမယ့် လောကကြီးမှာ ဆရာဝန် တိုင်းရဲ့ သားသမီးက ဆရာဝန်မဖြစ်သလို လူတော်လူကောင်းတိုင်းရဲ့ သားသမီးကလည်း လူတော်လူ ကောင်းမဖြစ်ပါ။ အဲ့သလိုပါပဲ။ လူဆိုးလူမိုက်တိုင်းရဲ့ သားသမီးကလည်း လူဆိုးလူမိုက်တွေ ဖြစ်မလာ ကြပါဘူး။ လူဆိုတာမျိုးက ကိုယ့်ဗီဇနဲ့ ကိုယ်ပါ။ ဒါ့အပြင် လူတွေမှာ ပြောင်းလဲနိုင်တဲ့ စွမ်းရည်တွေ ရှိကြပါတယ်။ အကောင်းဘက်ကနေ အဆိုး။ အဆိုးဘက်ကနေ အကောင်း ပြောင်းလဲနိုင်ကြပါတယ်။ နွံထဲက ကြာပန်းတွေပွင့်နိုင်သလိုပါပဲ ပတ်ဝန်းကျင်ဆိုးထဲကနေလည်း လူတော်လူကောင်းတွေ ထွက် ပေါ်လာနိုင်ပါတယ်။ 


ကျွန်တော် ဖတ်ဖူးတဲ့ အဖြစ်အပျက်လေးကို ပြန်သတိရမိပါတယ်။ ပန်းချီဆရာတစ်ယောက် က ခရစ်တော်ရဲ့ နောက်ဆုံးညစာစားပွဲ ပန်းချီကို ဆွဲဖို့လုပ်တဲ့အခါ ခရစ်တော်ကို ကိုယ်စားပြုနိုင်တဲ့ ဖြူစင်သိမ်မွေ့တဲ့ လူငယ်တစ်ယောက်ကို မော်ဒယ်အဖြစ်ရေးဆွဲဖို့ ရှာနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ခရစ် တော် လုပ်ကြံခဲ့တဲ့ ယုဒရဲ့ ပုံကို ရေးဆွဲဖို့အတွက်ကျတော့ ဆိုးညစ်မိုက်မဲတဲ့ပုံစံရှိတဲ့ သူကို ရှာလို့မရ ပါဘူး။ ဒါနဲ့ ယုဒရဲ့ မျက်နှာနေရာ ဖြည့်မဆွဲနိုင်ခဲ့တာ တော်တော်ကြာခဲ့ပါတယ်။ နှစ်အတန်ငယ် ကြာ ပြီးတဲ့နောက်မှာတော့ ပန်းချီဆရာက သူ့စိတ်တိုင်းကျ ကြည့်ဆွဲဖို့ လူဆိုးလူမိုက်ကို ရှာတွေ့ခဲ့ပါတယ်။ အဲ့ဒီလူရဲ့ မျက်နှာပုံစံကို ကြည့်ပြီး ပန်းချီပုံကို ရေးဆွဲပြီးတဲ့အခါ မော်ဒယ်လုပ်ပေးတဲ့ လူက မျက်ရည် တွေ ကျနေပါတယ်။ ပန်းချီဆရာက အကျိုးအကြောင်းမေးတဲ့အခါ အရင်တုန်းက ခရစ်တော်ရဲ့ ပုံကို ရေးဆွဲဖို့ မော်ဒယ်လုပ်ပေးခဲ့တာလည်း သူပါပဲလို့ ပြောပြပါတယ်။ ဒီတော့ လူတွေဟာ အကောင်းက နေ အဆိုး၊ အဆိုးကနေ အကောင်းကို ပြောင်းလဲနိုင်စွမ်းရှိကြတဲ့သူတွေပါ။ ဒါပေမယ့် ကျွန်တော်တို့ ပတ်ဝန်းကျင်မှာတော့ ပြောင်းလဲနိုင်စွမ်းနည်းတဲ့လူတွေကို တွေ့နေရတုန်းပါပဲ။ တစ်ချို့က ပြောင်းလဲမှု ကိုတောင်ဆန့်ကျင်နေကြပါတယ်။ ပြောင်းတော့ပြောင်းလဲကြပါတယ်။ ဒါပေမယ့် အဆိုးက အကောင်း ထက် အကောင်းက အဆိုးက ပြောင်းလဲကြတာ ပိုများနေသလိုပါပဲ။ ဘာပဲဖြစ်ဖြစ် ဘူးပင်က ဘူးသီး တွေပဲ သီးနေကြတုန်းပါပဲ။


လူဆိုတာမျိုးက မှားတတ်ကြတာတွေပါပဲ။ လူတိုင်း အမှားနဲ့မကင်းနိုင်ကြပါဘူး။ ဒီတော့ မှား တတ်ကြတာ သဘာဝဆိုပေမယ့် အဲ့ဒီအမှားကို အမှန်ပြင်နိုင်ကြဖို့တော့ လိုပါတယ်။ တစ်ချို့အမှား တွေက ပြင်ဆင်ဖို့အတွက် အချိန် မလိုအပ်လှပါဘူး။ တစ်ချို့အမှားတွေကတော့ အချိန်မီပြင်ဆင်ဖို့ လိုအပ်ပါတယ်။ အက်ဒီဆင်ကတော့ ထောင်ချီတဲ့အမှားတွေကို နမူနာယူပြီး မီးသီးလေးကို တီထွင် နိုင်ခဲ့ပါတယ်။ အမှားဆိုတာက တကယ်သာ အသုံးပြုတတ်မယ်ဆိုရင် လှေကားထစ်တွေပါပဲ။ အဲ့ အသုံးမပြုတတ်ဘူးဆိုရင်လည်း နွံတွေလိုပါပဲ။ လူတစ်ယောက်အဖို့ သူပိုင်ဆိုင်ရတဲ့ အသားအရောင်၊ မျိုးရိုးဗီဇတွေကို ပြောင်းလဲပစ်ဖို့ ခက်လှပါတယ်။ ဒါပေမယ့် စိတ်နေစိတ်ထား၊ အကျင့်၊ ဓလေ့စရိုက် တွေကိုတော့ ပြောင်းလဲပစ်နိုင်ပါတယ်။ အကောင်းဆုံးပြောင်းလဲမှုကတော့ အမှားကနေရုန်းထွက်တဲ့ ပြောင်းလဲမှုပါပဲ။

    အခုဆိုရင် ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံရေးအခြေအနေက အရင်နဲ့မတူတော့ပါ။ အရွေ့တစ်ခု ကို စတင်ခဲ့ပြီဖြစ်ပါတယ်။ ခေတ်စနစ်က ရွေ့သလို စနစ်ဆိုးက စွဲကပ်ခဲ့တဲ့ အကျင့်ဆိုးတွေလည်း ပြင် ကြရမယ့် အချိန်ရောက်နေပြီ ဖြစ်ပါတယ်။ အကျင့်ဆိုးဆိုတဲ့ နေရာမှာ နိုင်ငံနဲ့ လူမျိုးအတွက် အကျိုး မဖြစ်ထွန်းစေဘဲ အကျိုးယုတ်စေတဲ့အကျင့်မှန်သမျှ အကျင့်ဆိုးတွေပါပဲ။ အလုပ်ထဲမှာဖြစ်စေ၊ မိသားစု ဘဝမှာဖြစ်စေ ဘယ်နေရာမှာ ပဲဖြစ်ဖြစ် နိုင်ငံအတွက် အကျိုးရှိစေတဲ့ တော်တည့် မှန်ကန်တဲ့ အကျင့် တွေကိုသာ မွေးဖြူကြရမှာ ဖြစ်ပါတယ်။ မိုးရေတွေခါးရင် အဲ့ဒီမိုးရေတွေကို သွန်ပစ်ကြရမှာပါ။ အဲ့ဒီ မိုးရေတွေနေရာမှာ ချိုတဲ့မိုးရေတွေ အစားထိုးကြရမှာပါ။ ‘ဤ’ကိုလည်း ‘ဤ’အတိုင်းသာ ဖတ်ကြရမှာ ပါ။ ကောင်းတဲ့ ဗီဇတွေကိုတော့ ဆက်လက်ထိန်းသိမ်းဖို့ ကြိုးစားရမှာ ဖြစ်သလို မကောင်းတဲ့ဗီဇတွေ ကိုတော့ ပြောင်းလဲပစ်ကြရမှာ ဖြစ်ပါတယ်။

    ပြုပြင်တယ်ဆိုတဲ့ နေရာမှာ အစိုးရတစ်ခုတည်းရဲ့ တာဝန်မဟုတ်ပါဘူး။ အရွေ့ ဆိုတာမျိုးက အားလုံး ပြိုင်တူတွန်းမှ ရွေ့နိုင်တာပါ။ အမှိုက်ကို စည်းကမ်းမဲ့ပစ်တာ မကြိုက်ဘူးဆိုရင် ဒဏ်ရိုက်ရုံ သက်သက်ပဲ ပြုလုပ်၍ မရပါ။ အမှိုက်အလွယ်တကူပစ်နိုင်အောင် အမှိုက်ပုံးတွေလည်း ချထားပေးရ မှာ ဖြစ်ပါတယ်။ ဒီတော့ မကောင်းတဲ့ ဗီဇတွေကို ပြောင်းလဲပစ်ချင်တယ်ဆိုရင် မကောင်းတဲ့ ဗီဇတွေ မရှင်သန်နိုင်အောင် ပတ်ဝန်းကျင်ကိုပါ ပြောင်းလဲပေးရမှာ ဖြစ်ပါတယ်။ ကောင်းတဲ့ဗီဇတွေ ဖြစ်ထွန်း လာနိုင်တဲ့ ပတ်ဝန်းကျင်တွေ ဖန်တီးပေးရမှာဖြစ်ပါတယ်။ အဲ့သလို ပြောင်းလဲပေးဖို့၊ ဖန်တီးပေးဖို့က လူတိုင်းမှာ တာဝန်ရှိကြပါတယ်။ လာဘ်စားတာ မကြိုက်ဘူးဆိုရင် ကိုယ်ကလည်း လာဘ်ပေးတဲ့သူ မဖြစ်အောင် ဆင်ခြင် စောင့်ထိန်းကြရမှာပါ။ အစိုးရကလည်း လာဘ်စားတဲ့ သူတွေကို ပြတ်ပြတ် သားသား အရေးယူရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဝန်ထမ်းတွေ လာဘ်မစားဘဲ ကောင်းမွန်စွာနေနိုင်တဲ့ လစာမျိုး ပေးဖို့လည်း လိုအပ်ပါတယ်။ ဒါက အချက်တစ်ခုကိုသာ ဆွဲထုတ်ပြတာ ဖြစ်ပါတယ်။

    တကယ်တော့ ဘူးပင်က ဘူးသီးသီးတာ မဆန်းလှပါဘူး။ ခေတ်ဆိုး စနစ်ဆိုးကလည်း လူဆိုး တွေသာ မွေးထုတ်ပေးပါတယ်။ ခေါင်းဆောင်ကောင်းတွေက စနစ်ကောင်းတွေကို ဖန်တီးပေးသလို စနစ်ကောင်းတွေကလည်း ခေါင်းဆောင်ကောင်းတွေကို မွေးထုတ်ပေးနိုင်ပါတယ်။ အဲ့သလိုပါပဲ။ ဗီဇ ကောင်းတဲ့ သူတွေက ပတ်ဝန်းကျင်ကောင်းကို ဖန်တီးပေးသလို ပတ်ဝန်းကျင်ကောင်းတွေကလည်း ဗီဇတွေ ကောင်းလာအောင် ပြောင်းလဲပေးပါတယ်။

ဘယ်ခေတ်မှာပဲဖြစ်ဖြစ် ဘူးပင်က ဘူးသီးပဲသီးတာသဘာဝပါ။ ဘူးပင်က ဘူးသီးမသီးအောင် ဘူးပင်ရဲ့ မျိုးရိုးဗီဇကို မပြုပြင်နိုင်ပေမယ့် ကျွန်တော်တို့ လုပ်နိုင်တာတစ်ခုတော့ ရှိပါတယ်။ အဲ့တာက တော့ ဘူးသီး မသီးစေချင်ရင် ဘူးပင် မစိုက်ကြဖို့ပဲ ဖြစ်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …


MoeMaKa Monthly MARCH 2017 ထွက်ပြန်ဘီ တဲ့..

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ

By

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ (မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၁၇ တရားမျှတဖို့ အတွက်...

Read more »

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့ အိမ်အရောက် ပို့ဆောင်ပေးနေပါတယ်

By

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့  အိမ်အရောက် ပို့ဆောင်ပေးနေပါတယ် (မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၁၇ ၂၀၁၆...

Read more »

မိုးမခ နိုဝင်ဘာကို အိမ်အရောက် မှာယူပါ

By

” ကဗျာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ စာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ တရွေ့ရွေ့နဲ့ ရှေ့တန်းရောက်လာတဲ့ မဂ္ဂဇင်း .....

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သင်းလဲ့ဝင်း (Myanmar Now) သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်