မောင်စွမ်းရည် – စစ်ကိုင်းဇာတိ ကမ္ဘာသိ စာရေးဆရာမကြီးနဲ့ တောသားကဗျာဆရာ

December 19, 2015

မောင်စွမ်းရည် – စစ်ကိုင်းဇာတိ ကမ္ဘာသိ စာရေးဆရာမကြီးနဲ့ တောသာကဗျာဆရာ
(ပြည်သူ့အရေး အတွဲ ၁၊ အမှတ် ၂၄)၊ မိုးမခ၊ ဒီဇင်ဘာ ၁၉၊ ၂၀၁၅

စစ်ကိုင်းမြို့ကြီးဟာ သက်တမ်း ၇၀၀ရှိပြီလို့ ဟစ်ကြွေးကြေညာပြီး  ‘ခုနှစ်ရာပြည့်ပွဲကြီး’ ဝှဲချီး ဆင်နွှဲကြမယ်လို့ ပြင်ဆင်နေကြကြောင်း ကြားသိရတော့ ဝမ်းသာအားရလည်း ဖြစ်ရတဲ့အပြင် အဝေးက လွမ်းရ တမ်းရတာလည်း အမောပါပဲ။

မန္တလေးဆိုတာက စစ်ကိုင်းနဲ့ မြို့ညီနောင်ပါ။ စစ်ကိုင်းက အသက်ကြီးပါတယ်။ မန္တလေးက ကျောင်းသားတွေဟာ အပျော်ခရီးထွက်ရင် မေမြို့နဲ့ စစ်ကိုင်းကိုထွက်လေ့ရှိတယ်။ တန်ဆောင်မုန်းလပြည့်ဆိုရင်တော့ စစ်ကိုင်းတောင်တစ်ခုလုံး မန္တလေးဘက်က  ဧည့်သည်တွေချည်းပါပဲ။ မန္တလေးတက္ကသိုလ်ကျောင်းသား ခေါင်းဆောင် မောင်သာနိုးကဦးဆောင်ပြီး ကျွန်တော်တို့ သွားလေ့ရှိပါတယ်။ မောင်သာနိုးက အင်္ဂလိပ်စာပေနဲ့ ပါဠိစာပေမှာ ထူးချွန်တဲ့သူ၊ မန်းတက္ကသိုလ်ရဲ့ ဂုဏ်ထူးဆောင် ကျောင်းသား၊ စစ်ကိုင်းဇာတိ၊ ကျွန်တော်တို့နဲ့ ကျောင်းနေဖက် သူငယ်ချင်း၊ သူနဲ့တကွ တင်မိုးတို့၊ မောင်မိုးသူတို့၊ မောင်သိန်းနိုင်တို့ ရန်ကုန်ဆင်းသွားကြတော့ ‘တို့လည်း လိုက်မယ် ချန်မထားနဲ့ အစ်ကိုတွေ သွားတော့ ပျင်းလှတယ်’ လို့ ရင်တွင်းက ကြွေးဟစ်ပြီး သူတို့ နောက်ကိုလိုက်ခဲ့တယ်။

ကံအားလျော်စွာ ကျွန်တော်က ကမာရွတ်ရပ်ကွက်ထဲမှာ အခြေချမိတယ်။ စစ်အစိုးရ လက်ထက်မှာ အဖျက်ခံရလို့ ဟိုးလေးတကျော်ဖြစ်ခဲ့တဲ့ ဝဂီ  ရပ်ကွက်ထဲမှာပါ။ အဲဒီရပ်ကွက်ရဲ့ မြောက်ဘက်ထိပ်မှာက အင်္ဂလိပ်စာ ဆရာကြီး ဦးခင်မောင်လတ်၊ ဇနီး၊ ဆရာမကြီး ဒေါ်ခင်မျိုးချစ်တို့ အိမ်ရှိပါတယ်။ ဒါကြောင့် ကျွန်တော်က ဆရာကြီး၊ ဆရာမကြီးတို့နဲ့ အိမ်နီးချင်းဖြစ်ခဲ့ရပါတယ်။

ဦးခင်မောင်လတ်၊ ဒေါ်ခင်မျိုးချစ်ဆိုတာကို ကျွန်တော်တို့ ရန်ကုန်မရောက်ခင် မူလတန်း၊ အလယ်တန်းကျောင်းသားဘဝကတည်းက ‘စာသိ’ သိခဲ့ပြီးသားပါ။ အထူးသဖြင့် ဟာသ စာရေးဆရာ သော်တာဆွေရဲ့ စာတွေထဲမှာ သူတို့အကြောင်းကို ဟာသလုပ်ပြီး ရေးလေ့ရှိတော့ သူတို့ကို စိတ်ထဲက ရင်းနှီး ကျွမ်းဝင်နေမိပါတယ်။ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်ကို ဆိုရင် ဆရာသော်တာဆွေ ခေါ်သလို ‘ အစ်မကြီး’ လို့ပဲ ခေါ်ဖြစ်ပါတယ်။ ဆရာကြီး၊ ဆရာမကြီး တို့ဟာ စာပေစိတ်ထက်သန်တဲ့ပြင် စာပေအနုပညာလောကထဲက လူငယ်မောင်မယ်တွေကိုလည်း မိတ်ဆက်ခေါ်ယူပြီး စာကြောင်းပေကြောင်းတွေ ဆွေးနွေးခြင်းအားဖြင့် ပြုစုပျိုးထောင် အားပေးချီးမြှောက်လေ့ရှိပါတယ်။ ဒဂုန်တာရာ၊ မြသန်းတင့်၊ ကြည်လင်၊ ကျော်အောင်၊ ကြည်အေး၊ သန်းဆွေ၊ သော်တာဆွေ၊ ဟံသာဝတီဦးဝင်းတင် တို့က တစ်သုတ်၊ တစ်ခေတ်ပေါ့၊ နိုင်ဝင်းဆွေ၊ သာယာဝတီ စိန်စိန်၊ ကြည်နိုင်တို့ ဆိုတာက နောက်တစ်သုတ်။

ကျွန်တော် ရန်ကုန်ကိုရောက်သွားတော့ ကျွန်တော့်ကို ဖိတ်ခိုင်း၊ ခေါ်ခိုင်းလို့ မောင်သာနိုး၊ တင်မိုး၊ ကိုလေး(အင်းဝ ဂုဏ်ရည်)၊ နုနုရည်(အင်းဝ)၊ စမ်းစမ်းနွဲ့(သာယာဝတီ)၊ ချစ်ဦးညိုစတဲ့ လူငယ်စာပေသမားတွေကိုလည်း ဖိတ်ခေါ်ပေးရပါတယ်။ တချို့ကို သူတို့ရဲ့ အင်္ဂလိပ်စာသင်တန်းမှာ တက်စေပါတယ်။ သူတို့အင်္ဂလိပ်စာ သင်တန်းက အင်္ဂလိပ်စာနဲ့ စကားကိုသာမက ကမ္ဘာ့စာပေ ဗဟုသုတတွေကိုလည်း အခါအားလျော်စွာ သင်ကြားပို့ချပေးလေ့ရှိပါတယ်။ ကျွန်တော်ကတော့ မအားလို့ မတက်လိုက်ရပါဘူး။ ကျွန်တော်မလာတာကြာရင်တော့ အိမ်အထိ လိုက်ခေါ်လေ့ရှိပါတယ်။ ကျွန်တော်ကတော့ တံခါးမရှိ ဓါးမရှိသွားပါတယ်။ ဝင်းတံခါးပိတ်၊ သော့ချိတ်ထားတာကို အသံမပေးဘဲ လက်နှိုက် ဖွင့်ပြီး ဝင်ပါတယ်။ အဝင်က စောင်းလျားသီးတွေ ရင့်နေရင် ခဲနဲ့ပစ်ချ စားချင်စားပါတယ်။ ကွမ်းရွက်တို့၊ ငရုတ်ကောင်းပင်တို့လည်း ဝင်ခူးပါတယ်၊ သံပရာသီးလည်း သူတို့မမြင်အောင် ခူးပြီး အိတ်ကပ်ထဲထည့်သွားတတ်ပါတယ်။ သူတို့က မခူးဘူး။ အလှထားတာလေ။ ဒီကြားထဲက ငှက်ပျောပင်ကို အိမ်မှာ စိုက်ချင်လို့ဆိုပြီး တူးဖဲ့ ယူဖူးသေးတယ်။ သူတို့အိမ်က ပန်းပင်ကို အိမ်မှာ စိုက်ချင်လို့ဆိုပြီး ဆတ်ခနဲ ချိုးဖဲ့ယူဖူးသေးတော့၊ သူတို့ သားသမီးတွေက ‘ဘုရားတ’ ပါတယ်။ ကျွန်တော်က ‘တောသား’ ဆိုတော့ မယဉ်ကျေးဘူးဆိုပြီး ခွင့်လွှတ်ကြရှာပါတယ်။ တစ်ခါတလေတော့ အစ်မကြီးရဲ့ ‘အဆဲ’ ကို ခံရပါတယ်။ ဆဲတာကလည်း ယုဒသန်အဘိဓာန်ထဲက ဆဲနည်းနဲ့ ဆဲတာပါ။ ‘ဟဲ့ ပြင်တလင်းသား’ တဲ့။ အစ်မကြီးက လက်မြန်မှန်း သိလို့ သူလက်ပြင်ပြီးဆိုရင်လည်း ကျွန်တော်က ထပြေးတယ်။ မပြေးတတ်မရှောင်တတ်တဲ့ ရွှေကူမေနှင်းတော့ နားရင်း တစ်ချက်ထိခံရဖူးပါတယ်။

ဒေါ်ခင်မျိုးချစ်မှာ မောင်တစ်ယောက်ရှိတယ်။ မောင်သိန်းအောင်တဲ့ တက္ကသိုလ်ကျောင်းသား ဘဝ၊ နိုင်ငံခြားကို သတင်းစာပညာ သင်ဖို့ထွက်သွားရင်း၊ ဗ.က.ပ အဖြစ် တောခိုသွားခဲ့တာ၊ မောင်နှမနှစ်ယောက်လုံး အသက် ၇၀ကျော်မှ ပြန်ဆုံကြရတယ်။ မကြာခင် နှစ်ဦးလုံး ကွယ်လွန်သွားကြရှာတယ်။ သူ့မောင်က ပန်းချီဝါသနာပါတော့ ပန်းချီကားတစ်ကားပဲ လက်ဆောင် ယူလာခဲ့နိုင်တယ်။ တောခိုသွားတော့ တောတွင်းနာမည်က ‘ဦးလွင်’ တဲ့။ တောတွင်းက သူ့တပည့်သားမြေးတွေကလည်း ကျွန်တော်တို့ မြင်းခြံဘက်က လူငယ်တွေအများကြီးပါဝင်တယ်။ သူတို့နဲ့ ကျွန်တော်နဲ့က တချို့က တပည့်၊ တချို့က သူငယ်ချင်း၊ တချို့က ဆွေမျိုးတွေဆိုတော့ သူတို့ဆရာနဲ့ ကျွန်တော်နဲ့လည်း ရင်းနှီးသွားပါတယ်။ ကျွန်တော် အလည်သွားရင် ဒေါ်ခင်မျိုးချစ်က ‘ဟေ့ကောင်၊ နင် ငါ့ဆီလာတာလား၊ နင့်အဖေဆီလာတာလား’ လို့ မေးလေ့ရှိပါတယ်။ ‘နင့်အဖေဆီ လာတာဆိုရင် ခြံထဲသွား စကားပြောချေကြ၊ ငါ့ဆီ တက်မလာနဲ့’ လို့ ဟောက်တတ်ပါတယ်။ ကျွန်တော်တို့လည်း ရယ်ရယ်မောမောနဲ့ပဲ ခြံထဲဆင်းခဲ့ကြတယ်။

မောင်နှမနှစ်ယောက်လုံးက အံ့သြစရာပါ။ ပဒေသရာဇ်ခေတ်နှောင်း၊ ကိုလိုနီခေတ်ဦးမှာ သူတို့အဖို့က မြန်မာပညာရှိ ဦးဖေဆိုတာ အထင်အရှားပါ။ သူတို့ဖခင်က ရဲဝန်ထောက်ကြီးပါ။ အင်္ဂလိပ်ခေတ်က ရဲဝန်ထောက်ကြီးဆိုတာ အလွန်တန်ခိုး သြဇာကြီးပါတယ်။ ခုခေတ်လို စစ်ဗိုလ်တွေကို ကြောက်နေရတဲ့ ခေတ်မဟုတ်ဘူး။ စစ်ဗိုလ်တွေ ရပ်ထဲရွာထဲလာရင် ဖမ်းနိုင်ချုပ်နိုင်တယ်။ ဖခင်အမည်က ဦးတောတဲ့။ မိခင်အမည်က ဒေါ်သန်းတင်တဲ့။ ဒီလိုဗြိတိသျှလက်ထက် ဗျူရိုကရက်အကြီးစားရဲ့ သားသမီးတွေက အင်္ဂလိပ်အစိုးရကို ဆန့်ကျင်တဲ့ သူပုန်သူကန်တွေ ဖြစ်လာခဲ့တယ်။ ဒေါ်ခင်မျိုးချစ်က တောခိုတဲ့ မြေအောက်သူပုန် အမျိုးအစားပါ။

ဒေါ်ခင်မျိုးချစ်ရဲ့ အမည်ရင်းက ‘မခင်မြ’ တဲ့။ ဆာဝေါ်လတာ စကော့နဲ့ ‘The Patriolism’ ကဗျာကို မြန်မာလိုပြန်ဆိုပြီး စာပေလောကထဲဝင်လာတော့ အယ်ဒီတာက ‘ခင်မျိုးချစ်’ လို့ ဘွဲ့နှင်းလိုက်သတဲ့။ ဒီအကြောင်း၊ ကြားဖူးတာကြာပြီ ဆိုတော့ ခပ်မေ့မေ့ပါပဲ။ ခင်မျိုးချစ်တဲ့ နာမည်နဲ့ လိုက်လျောစွာပဲ မျိုးချစ်စိတ်ပြင်းထန်တယ်။ ၁၀တန်းအောင်တော့ ၁၉၃၂တဲ့။ တစ်နှစ်ပဲ တက္ကသိုလ်တက်ပြီး ထွက်လာတယ်။ တိုးတက်ရေး၊ မဂ္ဂဇင်းနဲ့ အင်္ဂလိပ်သတင်းစာ တစ်ခုမှာ အယ်ဒီတာ ဝင်လုပ်တယ်။ သူ့မိဘတွေက ဘယ်သဘောကျမှာလဲ။ ဗျူရိုကရက်ကြီးတွေဆိုတာ စာနယ်ဇင်းသမားတွေနဲ့ ရန်ဘက်ပါ။ အထင်လည်းသေးပါတယ်။ အစ်မကြီး ဒေါ်ခင်မျိုးချစ် ပြောလေ့ရှိတာက ‘ငါဟာ လူကြီးတွေစကားကို ဘယ်တော့မှ နားမထောင်ခဲ့ဘူး တစ်သက်လုံး အမှားတွေချည်း လုပ်ခဲ့တယ်၊ မှန်တာ တစ်ခုရှိတယ်ဆိုရင် အဲဒါဟာကို ကိုလတ်ကို အိမ်ထောင်ဖက်အဖြစ် ရွေးခဲ့တာပဲ’ တဲ့။

အဲသလို ပြောတာက ကျွန်တော်နဲ့ ကိုဝင်းတင်(ဟံသာဝတီ ဦးဝင်းတင်) တို့ရှေ့မှာပါ။ အဲသလိုပြောဆဲမှာ ခြံထဲက ဘဘလတ်က ကျွန်တော်တို့ဆီ လာပါတယ်။ ကျွန်တော်က ‘ဘဘလတ်ကလည်း ခုလိုပြောမယ်ထင်တယ်’ ‘ငါလည်း တစ်သက်လုံး မှန်တာတွေချည်း လုပ်ခဲ့တာမှားဆာ တစ်ခုရှိတယ်ဆိုရင် အဲဒါဟာ ငါ့အိမ်ထောင်ဖက်အဖြစ်- — -’ ဆိုပြီး ကျွန်တော်စကားမဆုံးခင် အစ်မကြီးက ထရိုက်လို့ ထွက်ပြေးရပါတယ်။ ဒါပေမယ့် ထုံးစံအတိုင်း ယုဒသန် အဘိဓာန်ထဲက ဆဲနည်းနဲ့ လှမ်းအော်ပါတယ်။ ဘဘလတ်ကတော့ ‘ဟုတ်တယ်ဟေ့၊ ဟုတ်တယ်ဟေ့’ လို့ပြောရင်း တဟားဟား ရယ်ပါတယ်။ အစ်မကြီးက ‘နင့်ကို ကော်ဖီမတိုက်ဖူး’ ဆိုပေမယ့် ဘဘလတ်တိုက်လို့ သောက်ခဲ့ရပါတယ်။

တတိယ ကောလိပ်သပိတ် ၁၉၃၈ မှာ အတွင်းဝင်ရုံးကို ဝိုင်းပြီး ကျောင်းသားတွေ ဆန္ဒပြကြတော့ ကျောင်းသူမဟုတ်တော့တဲ့ ဒေါ်ခင်မျိုးချစ်လည်း ဝင် ဆန္ဒပြတယ်။ ဂေါ်ရာ ပုလိပ်တွေက မြင်းနဲ့တိုက် တုတ်နဲ့ရိုက်လို့ ကျောင်းသားကျောင်းသူ အများအပြား ဒဏ်ရာရကြတယ်။ ဗိုလ်အောင်ကျော် ကျဆုံးတယ်။ သတင်းစာ ဆရာမ ပေါက်စ ခင်မျိုးချစ် ခေါ် မခင်မြလည်း သွေးစွန်းခဲ့ရဖူးသတဲ့။ အဲဒါက သတင်းစာထဲမှာ နာမည်နဲ့တကွ ပါခဲ့တယ်။ လူမသိ သူမသိ သက်စွန့်ဆံဖျားလုပ်ခဲ့ရတာက ဂျပန်ခေတ်မှာပါ။ ဘီဒီအေ ခေါ် ဗမာ့ကာကွယ်ရေးတပ်မတော် ဗိုလ်ချုပ်အောင်ဆန်းက ရုံးချုပ်မှာ ‘ချာပရာစီ’ လို့  အဲဒီခေတ်က ကုလားလိုခေါ်တဲ့ စာဝင်စာထွက်စားပွဲထိုင်ရတဲ့ စာရေးမ အလုပ်ကို ခေါ်ခိုင်းတာပါ။ သူနဲ့ မကိုက်တဲ့ စစ်ယူနီဖောင်းပွပွကြီး ဝတ်ပြီး စစ်မှုထမ်းရတဲ့ တစ်ဦးတည်းသော စစ်မှုထမ်း အမျိုးသမီးပေါ့။

အဲဒီအလုပ်က ဟန်ပြပါ။ တကယ်လုပ်ရတာက ဂျပန်စစ်တပ်က သေဒဏ်အမိန့်ထုတ်ထားတဲ့ အလုပ်ပါ။ ရေဒီယိုနားထောင်ပြီး ကမ္ဘာစစ်သတင်းတွေကို ယူရပါတယ်။ ရုံးချုပ်က ခုအခါ မရမ်းခြံကျောင်းခေါ် ကမာရွတ် အထက ၁၂ မှာပါ။ အဲဒီခြံထဲမှာ မီးဖိုချောင်လို တဲလေးတစ်လုံးရှိသတဲ့။ လူလစ်ရင် အများမသိအောင် ဝင်သွားပြီး ရေဒီယိုနားထောင်၊ စစ်သတင်းတွေ ကူးယူပြီး ဖက်ဆစ်တော်လှန်ရေး ပြင်ဆင်နေတဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်အောင်ဆန်း၊ သခင်သန်းထွန်း၊ သခင်စိုး၊ သခင်ဗဟိန်းတို့ဆီကို သူကူးယူထားတဲ့ ရေဒီယို သတင်းတွေ သွားပို့ရပါတယ်။ ဖမ်းမိသွားရင် သေဒဏ်၊ ဒီလိုလျှို့ဝှက်လုပ်ခဲ့ရတာကို ဘယ်သူမှ မသိတော့ဘူး၊ လူသိအောင်လည်း မပြောဘူး၊ စစ်ရုံးမှာ လုပ်ခဲ့တာတော့ ဗိုလ်နေဝင်း သိတယ်။ ဒါကြောင့် လွတ်လပ်ရေး မော်ကွန်းဝင် နိုင်ငံ့ဂုဏ်ရည်ဆုချီးမြှင့်ပေမယ့် လျှို့ဝှက် အလုပ်ကို မသိခဲ့တော့ တတိယ အဆင့်လောက်ပဲ ပေးခဲ့တယ် ထင်ပါတယ်။ ဂျပန်ပြေးတော့ အလုပ်မရှိတော့ဘူး။ ဗိုလ်ချုပ်အောင်ဆန်းတို့ သခင်သန်းထွန်းတို့ကတော့ ဗြိတိသျှ အစိုးရပြေးခါနီး ဝန်ကြီးတွေပေါ့။ ဦးခင်မောင်လတ်နဲ့ ဒေါ်ခင်မျိုးချစ်တို့ လဟာပြင်ဈေးမှာ ခုံဖိနပ်ရောင်းပြီး ဝမ်းကျောင်းနေတာကို ဝန်ကြီးသခင်သန်းထွန်းကားပေါ်က မြင်တော့ပြေးဆင်းလာပြီး မျက်ရည်ကျရှာသတဲ့။ ကားပေါ် တင်ခေါ်သွားပြီး စောင့်ရှောက်တယ်လို့ ပြောဖူးပါတယ်။ (အသေးစိတ်တော့ ကျွန်တော် မမှတ်မိတော့ဘူး။ သူ့သားသမီးမြေးတွေက စာရေးဆရာတွေပဲ ဖော်ထုတ်ကြပါ။ ဒါက သမိုင်းပါ။ ကြွားတာမှ မဟုတ်ဘဲ)

လွတ်လပ်ရေးခေတ်မှာတော့ သူတို့ ဇနီးမောင်နှံအင်္ဂလိပ်စာ ပြပါတယ်။ အင်္ဂလိပ်စာတွေလည်း ရေးကြပါတယ်။ ဒေါ်ခင်မျိုးချစ်ရေးတဲ့ ‘ပုဂံ သူရဲကောင်းများ’ ဝတ္ထုကို ဆရာ သော်တာဆွေက မြန်မာလို ပြန်ဆိုထုတ်ဝေတော့ လူကြိုက်များပါတယ်။ ‘ရောင်စုံရွှန်းဖျာ ပြည်ဗမာ’ ဆိုတဲ့ စာအုပ်လည်း လူသိများပါတယ်။ နိုင်ငံခြားသွားတွေရဲ့ လက်စွဲစာအုပ်တွေပေါ့။ မြန်မာလိုလည်း စာရေးကောင်းသူပါ။ ဗိုလ်နေဝင်း အစိုးရက သတင်းစာတွေ ထုတ်မယ်ဆိုတော့ အင်္ဂလိပ်သတင်းစာ( လုပ်သားပြည်သူ့နေစဉ်) မှာ နှစ်ဦးလုံးကို အယ်ဒီတာခန့်ပါတယ်။ ဗိုလ်နေဝင်းက စစ်ဗိုလ်တွေ ဝင်မစွက်စေရပါဘူးလို့ ကြိုတင် ကတိပေးထားပေမယ့် ဝင်စွက်ကြတယ်။ ဗိုလ်နေဝင်းက ‘ကိုလတ်တို့လည်း ပင်ပန်းပြီး သံအမတ် အဖြစ်နဲ့ အနားယူပါတော့’ လို့ခေါ်ပြောတော့၊ ‘ကျွန်တော်တို့ ဒီလောက်ဆို နားလည်ပြီ၊ ဘာရာထူးမှ မလိုချင်ဘူး၊ ကျောင်းဆရာ အလုပ်ပဲ ဝါသနာပါတယ်’ ဆိုပြီး ထွက်ခဲတယ်။ ‘မခင်မြက စိတ်ကောင်းမှာ မဟုတ်ဘူး’ လို့ ဗိုလ်နေဝင်းက ကွန့်ပြန်တော့ ‘ မခင်မြ အစကတည်းက မလုပ်ချင်ဘူး။ ထွက်ခဲ့တဲ့သတင်းကြားရရင် ထက နေမှာ’ လို့ပြောပြီး ဗိုလ်နေဝင်းတိုက်တဲ့ ကော်ဖီရည်ကျဲတောင် မသောက်တော့ဘဲ ထွက်လာခဲ့တော့ ဗိုလ်နေဝင်းများ ပါးစပ်ဟောင်းလောင်း ကျန်ရစ်ရှာသတဲ့။ ဦးခင်မောင်လတ်ကတော့ သတင်းစာတိုက်ကို ပြန်သွားပြီး ကြေးမုံဦးသောင်းနဲ့ ကိုဝင်းတင်(ဟံသာဝတီ) တို့ကို မင်္ဂလာသတင်းပြောမယ်လို့ လက်ဖက်ရည်ဆိုင်ခေါ်ပြီး ‘ရှယ်’ လက်ဖက်ရည်နဲ့ အောင်ပွဲခံခဲ့ပါသတဲ့။ မခင်မြကလည်း ဒီသတင်းကို ကြားတော့တကယ် ထက မကတော့မသိ၊ ဝမ်းသာလွန်းလို့ မျက်ရည်များတောင် လည်ရှာတယ်လို့ပြောရမယ် ထင်ပါတယ်။

သူတို့နှစ်ဦးလုံးဟာ လူငယ်တွေ တရုန်းရုန်းနဲ့ စာကြောင်းပေကြောင်းပြောနေရင် ပျော်ကြတယ်။ တစ်ခါတစ်ရံ မြန်မာနိုင်ငံစာရေးဆရာအသင်းက ကျင်းပတဲ့ စာဆိုတော်နေ့ ပြဇာတ်တွေမှာ ဝင်ပြီး သရုပ်ဆောင်ကြဖူးသတဲ့။ ဆရာသော်တာဆွေ၊ ဆရာဇဝန၊ ဆရာ သုခ၊ စာရေးဆရာမင်းအောင်၊ ငွေဥဒေါင်းစတဲ့ ရေးဖော် ရေးဖက်များနဲ့ စင်ပေါ်တက် ကခဲ့ကြရာမှ စိတ်ပါလက်ပါ သရုပ်ဆောင်လေ့ရှိသတဲ့။ တစ်ခါတော့ ဘဘလတ်က ဇာတ်စင်ပေါ်မှာ ဝမ်းနည်းဒေါသ မဖြစ်ဟန် သရုတ်ဆောင်ရတယ်။ ဘဘလတ်ရဲ့ ခြေကိုဖက်ပြီး အစ်မကြီးက ငိုရတယ်။ ဘဘလတ်က ပြောရင်းဆိုရင်း တကယ်စိတ်ပါလာပြီး တုန်တုန်ယင်ယင်နဲ့ ဒေါသထွက်မျက်ရည်တွေ ကျလာသတဲ့။ ဒါနဲ့ အစ်မကြီးက ‘ကိုလတ် ကိုလတ်၊ သတိထား သတိထား၊ ဒါတကယ် မဟုတ်ဘူး’ လို့ ခြေသလုံးကို ကုတ်ခြစ်ပြီး သတိပေးရဖူးပါသတဲ့။

ရှစ်လေးလုံးကာလက ကျောင်းသားတွေ ကမာရွတ်လမ်းဆုံးမှာ ညအချိန် မိုးရွာကြီးထဲ ဆန္ဒပြတော့ အဘိုးကြီး အဘွားကြီး ဇနီးမောင်နှံတို့ မနေနိုင်ဘဲ သားသမီးတွေနဲ့ အတူထွက်လာတယ်။ ဆရာကြီး မင်းသုဝဏ်လည်း အလားတူပဲ ထွက်လာပြီး လူကြီးတွေ မျက်ရည်ကျကြတယ်။ သူတို့ကိုယ်တိုင် လူထု ပရိသတ်ထဲ မရပ်နိုင်ရှာဘူး၊ ဆရာကြီး မင်းသုဝဏ်ရဲ့ စာသဝဏ်လွှာကို မောင်စွမ်းရည်က ဖတ်တယ်။ ဘဘလတ်တို့ ဇနီးမောင်နှံရဲ့ သဝဏ်လွှာကို သားဖြစ်သူဒေါက်တာ ခင်မောင်ဝင်းက ဖတ်ကြားပါတယ်။ ကျောင်းသားတွေက လက်ခုပ်သြဘာပေးပြီး ခဏခဏ ပြန်ဖတ်ခိုင်းကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အိမ်မှာ လူကြီး သူကြီးတွေ ဟောပြောကြတော့လည်း ပါဝင်ဟောပြောကြပါတယ်။ သူတို့အိမ်မှာ ထမနဲပွဲ ကျင်းပတော့လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ အဖွဲ့ချုပ်ခေါင်းဆောင်တွေ တက်ရောက်ကြပါတယ်။ ဘဘလတ်က ရွှေညာမောင်နဲ့တွဲပြီး ‘ဒိုဗမာ’ သီချင်းကို လက်သီးလက်မောင်းတန်းပြီး သီဆိုပါတယ်။ လွမ်းစရာတွေပါ။

ခုဆိုရင် အစ်မကြီး ဒေါ်ခင်မျိုးချစ်၊ စစ်ကိုင်းသူ မခင်မြဟာ သူ့ရဲဘော် ဗိုလ်ချုပ်အောင်ဆန်း သပိတ်မှောက်ကျောင်းသူ မအမာတို့နဲ့အတူ အသက် ၁၀၀ ပြည့်ခဲ့ပါပြီ။ ဗမာ့သမိုင်းမှာတော့ သူတို့ဟာ ဘယ်တော့မှ သေဆုံးကြမှာ မဟုတ်ပါ။

မောင်စွမ်းရည်

ပြည်သူ့အရေးမှ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:လူများ၊ ရုပ်ပုံလွှာများ, မောင်စွမ်းရည်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်