ဖိုးထက် – ဘာကောင်ကြီးမှန်း မသိတဲ့ မြန်မာတစ်ဦး

December 23, 2015

 

ဖိုးထက် – ဘာကောင်ကြီးမှန်း မသိတဲ့ မြန်မာတစ်ဦး    

(မိုးမခ) ဒီဇင်ဘာ ၂၃၊ ၂၀၁၅

“မင်းတို့ မြန်မာလူမျိုးတွေများ ချီးကျူးစရာရှိရင် မသိချင်ယောင်ဆောင်တယ်။ မမြင်ချင်ယောင် ဆောင်တယ်။ မကြားချင်ယောင်ဆောင်တယ်။ အဲ..အပြစ်ပြောစရာ ရှိပြီများဆို နှစ်ပြား မတန်အောင် ၀ိုင်းပြီး ပြောကြ၊ ထိုးနှက်ကြတာများ ခံရတဲ့ လူက လူ့ဘ၀ သေသွားတာမှ ကောင်းသေးလို့ တွေးမိလာအောင်ကို ပြောကြတာဗျား။ မဟုတ်ဘူးလား မောင်ချွန်ကြီးရယ်”

ခက်ကပြီ။ ချွန်ကြီး နဲ့ အခက်အခဲမှာ ကျားနဲ့ ဆင် လယ်ပြင်မှာ တွေ့သလို တွေ့ကြလေပြီ။ သူ့ကို “မဟုတ်ဘူးလား” လို့ မေးသူက ရပ်ကွက်ထဲက အငြိမ်းစား ကျောင်းအုပ်ဆရာကြီး ဦးဖေထင်။ ဖေထင်ကို ဘာထင်သလဲဆိုသည့် ပုံစံဖြင့် ဆရာကြီးမှာ အရပ်က လေးစားရသော သူဖြစ်သည်။ လူမှန် ဆရာကြီးဆိုလျှင် ချွန်ကြီးတို့လို နောက်မျိုးဆက် မဆိုထားနှင့် ကိုသောင်းမြင့်တို့လို စီနီယာ မျိုးဆက်မှ လူများပင် လန့်ရသည်။ ကြောက်ရသည်။

အခုလဲ ရပ်ကွက်ထဲရှိ ၃၁ ဘုံသော လူ နတ် သတ္တ၀ါအပေါင်းကို အချွန်နဲ့ မတတ်၊ စတတ်၊ ရန်တိုက်ပေးတတ်သောကြောင့် ချွန်ကြီးဟု အမည်ရနေသည့် ချွန်ကြီးကို “မဟုတ်ဘူးလား မောင်ချွန်ကြီးရယ်” ဟု ဦးဖေထင်၏ အချွန်မေးခွန်းကို မည်သို့ ဖြေရအံ့နည်း။ ဟုတ်တာပေါ့လို့ အဖြေပေးပြန်ရင်လဲ ကိုသောင်းမြင့်တို့ ၀ိုင်းထဲရှိ လူကြီးတွေ အကုန်လုံးနဲ့ ချွန်ကြီးနဲ့ မျက်နှာကြောမတည့် ဖြစ်ရတော့မည်။ မဟုတ်ဘူးလို့လဲ ငယ်ကြောက် ဆရာကြီးကို မတော်လှန်ရဲ။  “ဟုတ်တယ် ထင်တာဘဲ။ ဒါပေမယ့် မဟုတ်ဘူး ထင်လားလို့” ဆိုသည့် ဆိတ်ဟိုဒင်းလို ဟိုဘက် ပြေးကပ်၊ ဒီဘက် ပြေးကပ် ဖြေပြန်ရင်လဲ တိကျသေချာမှ ကြိုက်သည့် ဆရာကြီး ဒေါသတွေ သူ့ဘက်သို့ ပုံကျလာနိုင်သည် မဟုတ်လား။ ဒါကြောင့် လူတစ်ကာကို အချွန်နဲ့ မ၊ ဂျောက်ချ ခဲ့သည့် ခွန်ကြီး ငုပ်အချွန်တွေ သပ်ရိုက်ထည့်ထားသည့် ကျင်းထဲသို့ ပြုတ်ကျသည့် သားကောင်တစ်ကောင်လိုမှ အသံမထွက်နိုင်အောင် ဘေးကြပ် နံကြပ် ဖြစ်နေရှာသည်။

ဖြစ်ပုံက ဒီလို….

ထိုနေ့ မနက်ခင်းက ချွန်ကြီး တစ်ယောက် လမ်းထိပ်ရှိ ကိုမောင်တူး၏ လ္ဘက်ရည်ဆိုင်ရောက်တော့ ကိုသောင်းမြင့်တို့ ၀ိုင်းက လူစုံနေပြီ။ ကိုသောင်းမြင့်တို့ဟု အများဆိုင် နမ်စားသုံးရခြင်းမှာ သူတို့ ၀ိုင်းက စိတ်တူ ကိုယ်တူ လူတွေ။ နိုင်ငံသား တစ်ယောက်သည် ထိုနိုင်ငံ၏ ခေတ်ကြီးနဲ့ အပြိုင် ယှဉ်သွားနေသင့်သည်ဟု အဆိုသည် မှန်ပါပေ၏ဟု ယူဆကြပါစို့။ ထိုသို့ဆိုလျှင် ကိုသောင်းမြင့်တို့ လူစုသည်ကား ထိုခေတ်ကြီး၏ ရှေ့က မီးတုတ်ထွန်းသွားသည့် လူများသာ ဖြစ်သည်။ သူတို့ ကိုင်သည့် မီးတုတ်သည် ခေတ်ကြီးကို ရှေ့ဆောင် လမ်းပြ အလင်းပြဖို့ မဟုတ်။ တွေ့ကရာကို မီးတင်ရှို့ဖို့ အဆင်သင့်နေသည့် မီးတုတ်များသာ ဖြစ်ချေသည်။ ဆိုရှယ်နက်ဝပ်ခ်တွေမှာ ဖြစ်သမျှ၊ ပျက်သမျှကို ကိုသောင်းမြင့်တို့ အဖွဲ့က သိသည်။ ဘယ်သူက ဘယ်လို။ ဘယ်ဝှာက ဘယ်လို ဆိုသည့် မှတ်ချက်တွေကို သတင်းတစ်ပုဒ် ၀ါကျမှ မဆုံးခင် စိတ်ထဲမှာ ပုဒ်မ ချချင်သလို ချထားပြီး ဖြစ်သည်။

ကိုသောင်းမြင့်တို့ လူစုထဲမှာ ကိုသောင်းမြင့်က အဆိုးဆုံး။ အိမ်မှာ သူ့မိန်းမ မသူဇာကြောင့် မပြောရ မဆိုရသမျှ လမ်းထိပ် ကိုမောင်တူးဆိုင်ရောက်လျှင် အတိုးချ လေကန်တော့သည်။ ဆရာကြီး လုပ်တော့သည်။ အခုမနက်ခင်းမှာလဲ ဆိုင်ထဲသို့ ကုပ်ချောင်း ကုပ်ချောင်း အိပ်ချင် မူးတူး မျက်ချေးမှ မစင်သေးသည့် ချွန်ကြီးကို တွေ့သည်နှင့် “မင်းတို့ လူငယ်တွေ ရပ်ကွက်ထဲ လတ်လျား၊ လတ်လျားနဲ့ နေဖင်ထိုးမှ အိပ်ရာထ၊ အလုပ်နောက်ကျ၊ ဘာအသုံးကျသလဲကွ” ဟု သူ့အဖေ လုပ်စာ သူထိုင်စားနေသည့် ချွန်ကြီးကို သူကဘဲ တင်ကျွေးထားသည့် ပုံစံဖြင့် ဆီးငေါက်သည်။

ပုံမှန်သာဆိုလျှင် ချွန်ကြီးကို ဒီလို ဆရာလုပ်၊ ငေါက်လို့ ရရိုးလား။ အခုမနက်ခင်းမှာတော့ ချွန်ကြီး တစ်ယောက် ထူးထူး ခြားခြား တစ်ခွန်းမှ ပြန်မပြော။ ပြန်မပြောသည့် အပြင် ကိုသောင်းမြင့်တို့ ၀ိုင်းမှာ ၀င်ထိုင်လိုက်သေးသည်။ ချွန်ကြီး ပြန်ပက်လျှင် ၀ိုင်းတွယ်ကြမယ်ဟု အားခဲထားကြသည့် ကိုသောင်းမြင့်တို့ အဖွဲ့မှာ အခုလို ရိုကျိုးနေသည့် ချွန်ကြီးကြောင့် ပြောရတာ သိပ်အရသာ မရှိ။ သို့သော်လည်း ဒီလို အကောင်၊ ဂျပေတူးကောင်၊ စွာတေးလန်အကောင် ရှားရှားပါးပါး ငြိမ်နေစဉ်မှာ ဆိုင်တာတွေကော မဆိုင်တာတွေကော ၀ိုင်းပြောကြတော့သည်။ ဟိုအကောင် ချွန်ကြီးကတော့ မျက်နှာပိုးလေး သေသေဖြင့် အီကြာကွေး ပျင်းတွဲတွဲကို လ္ဘက်ရည် ဖြင့် တို့ကာ ပင့်ကာ စားနေလေသည်။

ထိုစဉ် ချွန်ကြီးတို့ အနောက်ဘက်က ၀ိုင်းမှာ ဘယ်တုံးက ရောက်နေမှန်း မသိသည့် ဦးဖေထင်က ချွန်ကြီးကို သနားသလော၊ ကိုသောင်းမြင့်တို့ကို အမြင်ကပ်လာသလော မဆိုတတ်။ ထို့ကြောင့်ပင် မြန်မာလူမျိုးများ နှိပ်ကွပ်စရာရှိရင် ရစရာ မရှိအောင် ပြော။ ချီးမွမ်းစရာ ရှိရင် မသိချင်ယောင် ဆောင်တယ်လို့ ၀င်ပြောဟန်ရှိသည်။

လူတွင် ငယ်ကြောက်ဆိုတာ ရှိသည်။ ရာဇ၀င် လူဆိုးကြီးများ၊ လူ့အသက်ကို ကြက်ကလေး၊ ငှက်ကလေးကို သတ်ရဲသည့် လူဆိုးကြီးများပင်လျှင် ငယ်ကြောက်ဆိုတာ ရှိတတ်သေးသည် မဟုတ်လား။ ငယ်ငယ်က စိတ်အစွဲကို ဖျောက်ဖို့ ခက်သည် မဟုတ်ပါလား။ ထို့ကြောင့် ကိုသောင်းမြင့်တို့ အထက်တန်း ကျောင်းသား ဘ၀က ဖိန့်ဖိန့်တုန်အောင် ကြောက်ရသည့် မဟုတ်တာ မလုပ်၊ မမှန်တာ မပြော၊ ကျောင်းသားတွေအပေါ် စေတနာ အလွန်ရှိရှာသည့် ဦးဖေထင်အား အဘယ်သို့ အားအင်ဖြင့် ပြိုင်ငြင်းရဲ ပါအံ့နည်း။ သတ္တိရှိပါအံ့နည်း။ ထို့ကြောင့် ဆရာကြီး ပြောသမျှကို ခေါင်းလေးတွေ ငုံ့ကာ နာခံရရှာတော့သည်။ ဟိုအကောင် ချွန်ကြီး ငါတို့ကို အချွန်နဲ့ “မ” မှာမို့ သက်သက်မယ့် တစ်ခွန်းမှ ပြန်မပြောဘဲ သွားဖြဲလေးနဲ့ ငြိမ်ခံနေခဲ့တာ နေမှာဟု တွေးမိကြကာ စားပွဲအောက်ကနေ ဆွဲဆိတ်သူက ဆိတ်သည်။ ခြေဖြင့် ခတ်သူက ခတ်သည်။ ချွန်ကြီးကတော့ သူ့ခန္ဓာကိုယ်လေးကို ဆရာကြီး ရှိရာဘက်သို့ တိုးထိုင်လိုက်သည်။ ဆရာကြီး၏ ဆိုဆုံးမသံတွေကို မကြားရမှာ စိုးသလော၊ ကိုသောင်းမြင့်တို့ ရန်က ထွက်ပြေးသလော။ ဆရာကြီး ဦးဖေထင်ကတော့ ဆက်ပြောနေသည်။

“ဘာရယ် မောင်သောင်းမြင့်..မင်း အခုနက ပြောလိုက်ပါတယ်။ ဘာတဲ့ နောက်တက်တဲ့ အစိုးရကို စောင့်ကြည့်ရမယ် ဟုတ်လား။ ဘာအလုပ်မှ မလုပ်ရသေးတဲ့ လူကို ဘာလုပ်မယ်မှန်းလဲ မသိရသေးတဲ့ လူကို မှားလို့ကတော့ တွယ်ပြီဆိုတဲ့ အချိုးမျိုးက မဟုတ်သေးပါဘူးကွယ်။ ငါက မြန်မာလူမျိုးတွေ အဲဒါတွေ မကြိုက်တာ။ ကမ္ဘာပေါ်မှာ ဘေးထိုင် ဘုပြော လူမျိုးကို နံပါတ်စဉ်ရင် မြန်မာလူမျိုးဟာ  one to ten တော့ အသာလေး ချိတ်မယ်ဟေ့။ မဟုတ်ဘူး လား မောင်ချွန်ကြီးရယ်..”

“ဟုတ်ကဲ့ ဆရာကြီး”

သူ့ဘာသာ အသာငြိမ်နေသည့် ချွန်ကြီးကို ခြေဖြင့် ခတ်၊ ဆိတ်ဆွဲလုပ်ကြသည့် အကျိုးဆက်ကို ကိုသောင်းမြင့်တို့ ခံရချေပြီ။

“မင်းတို့ မြန်မာလူမျိုးများ သိပ်ပြောတယ်။ ဘာတဲ့.. ရွှေနိုင်ငံကြီး၊ ဗုဒ္ဓဘာသာ နိုင်ငံကြီးနဲ့ သိပ်ဂုဏ်ယူ သိပ်ကြွားပြောကြတယ်။ ထွပ်…အလကား။ လဲနေသူဆိုရင် ၀ိုင်းထောင်းတယ်။ ကိုယ့်ထက် သာတဲ့ သူဆိုရင် မနာလိုဘူး။ ကိုယ့်ထက် သူများကသာတယ် ထင်ရင် မခေါ်နိုင် မပြောနိုင်ဖြစ်ကြတယ်။ မနာလိုစိတ် သိပ်ကြီးကြတဲ့ လူမျိုး။ မဟုတ်ဘူးလား မောင်ချွန်ကြီးရယ်”

“ဟတ်ကဲ့”

“ဟုတ်” ဆိုသည့် အသံကို “ဟတ်” ဆိုသည့် အသံ တမင်တကာ ထွက်အောင် လုပ်သည့် ချွန်ကြီးကို ကိုသောင်းမြင့်တို့ လူစုက ဖြစ်နိုင်ရင် တစ်စစီဆွဲဖဲ့ချင်လှသည်။ ပြီးတော့ ဆရာကြီး ဦးထွန်းဖေ ပြောတာတွေလဲ နည်းနည်း လွန်လာပြီလို့ ထင်သည်။ ကြောက်ပေမယ့် ပြန်တော့ ပြောရပေအုံးမည်။

“ဆရာကြီးစကားတွေက ၀ါးလုံးရှည်နဲ့ ရမ်းသလို ဖြစ်နေပါတယ် ခင်ဗျား။ အကောင်းနဲ့ အဆိုးဆိုတာ ဘယ်ကိစ္စမှာ မဆို ဒွန်တွဲနေတယ် မဟုတ်ပါလား ခင်ဗျား”

“နွားရှေ့ထွန်ကျူး မောင်သောင်းမြင့်ရယ်” ဟု ပြောပြီးမှ ငါနွားဖြစ်ပါပေါ့လားလို့ တွေးမိသွားသဖြင့် ဆရာကြီး ဦးထွန်းဖေမှာ ပိုပြီး ဒေါသ ဖြစ်သွားရသည်။

“မင်းပြောသလောက်တော့ ငါသိတာပေါ့။ မြန်မာလူမျိုးတွေ၊ မြန်မာလူမျိုးတွေလို့ ငါပြောနေလို့ မင်းက နာချင်သလား။ ယေဘူယျကို ပြောတာကွဲ့။ လူတိုင်းကို မဆိုလိုဘူးကွဲ့။ မြန်မာလူမျိုးဟာ စည်းကမ်းနည်းတယ်။ နှစ်ယောက်ရှိရင် သုံးဖွဲ့ဖြစ်တယ်။ စည်းလုံး ညီညွတ်မှု အားနည်းတယ်။ တစ်ကျပ်ဝင်ရင် တစ်ဆယ် သုံးချင်တယ်။ ဒီစကားတွေ ငါတစ်ယောက်တည်းကဘဲ အဆိုးမြင် ပြောနေတယ်လို့ ထင်နေသလားကွဲ မောင်သောင်းမြင့်ရဲ့။ သတိထားကြည့်ရင် လွယ်လွယ်လေး မြင်နိုင်တယ်ကွဲ့။ မြန်မာလူမျိုးဟာ စိတ်ကောင်းရှိတယ်။ ဖော်ရွေတယ်။ ဥာဏ်ကောင်းတယ်။ ဒါတွေက ကောင်းတဲ့ အချက်တွေ ဆိုတာ ငါ မငြင်းလိုဘူးကွဲ့။ ဒါပေမယ့် အလွန်ဆိုးတဲ့ အချက်က စည်းလုံး ညီညွတ်မှု အားနည်းပြီး မနာလိုစိတ် သိပ်ကြီးကြတဲ့ အချက်ဘဲ မောင်ရင်တို့ရဲ့။ မဟုတ်ဘူးလား မောင်ချွန်ကြီးရယ်”

“ကိုသောင်းမြင့်တို့ရဲ့ ရပ်ကွက် ဘောလုံး အသင်းပျက်သလို နေမှာပေါ့နော် ဆရာကြီး”

ရှေ့က ရေနွေးခွက်နဲ့ ကောက်ပေါက်မလို ဖြစ်သွားပြီးမှ ဆရာကြီးကို မှန်သွားရင် ငရဲ ငအုံတွေ အကြီးကြီး ကြီးရချည်ရဲ့ဟု တွေးမိကာ လက်ထဲ ရောက်လာသော ရေနွေးခွက်ကို ကိုသောင်းမြင့် တစ်ယောက် အသာ ပြန်ချထားလိုက်ရသည်။

“လက်ရှိ ငါတို့ နိုင်ငံရေးကို ကြည့်စမ်း။ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးရဲ့ ရာခိုင်နှုန်း အများကြီးမှာ မနာလို ၀န်တိုစိတ်တွေနဲ့ သွားခဲ့ကြလို့ကွဲ့။ စောစောက ငါပြောခဲ့သလို မြန်မာ လူမျိုးဟာ ချီးကျူးစရာ ရှိရင် မချီးကျူးဘူး။ မသိချင်ယောင် ဆောင်တယ်။ အသံတိတ်နေတယ်။ ဆဲစရာ ရှိရင် ကိုယ်နဲ့ မဆိုင်ရင်တောင် ၀င်ဆဲတဲ့ လူမျိုးဗျား။ အခုနောက်ပိုင်း ရသစာပေကို လူတွေ မဖတ်ကြတော့ဘူး။ မဖတ်ကြတော့ဘူး ပြောနေကြတာ ဘာဆန်းသလဲ။ မင်းတို့ရဲ့ ဆိုရှယ် နက်ဝပ်ခ်ပေါ်မှာ ဆဲမှ၊ ဆိုမှ၊ တွယ်လိုက်ရမှ စာဆိုတာ ဖတ်လို့ အရသာရှိတယ်လို့ ထင်နေကြတာကိုး။  ဆရာကြီး ရွှေဥဒေါင်းက ပြောဘူးတယ် မောင်သောင်းမြင့်ရဲ့။ ငါးပါး သီလသမားနဲ့ Gentleman မှာ Gentleman ကိုဘဲ ပို ကြိုက်တယ်တဲ့။ အဲဒီ အချက်ကို ငါသဘောတူတယ် မောင်သောင်းမြင့်။ မင်းတို့ ရပ်ကွက် ဓမ္မာရုံမှာ ညည တရားစာတွေ ရွတ်ကြ၊ ဖတ်ကြနဲ့ ကောင်းတဲ့ ကိစ္စတွေ လုပ်ကြတယ်။ တိုင်ပင်ကြတယ်။ ဒါပေမယ့် ငွေစာရင်း မရှင်းနိုင်ဘဲ ရပ်ကွက် ဘုံပိုင်ငွေနဲ့ ဘုရားဖူးဆိုပြီး ထွက်နေကြတာ မျက်စိ စပါးမွှေး စူးလှတယ်ကွယ် မောင်ရင်တို့ရယ်… အဟင်း.. ဟင်း… ကိုင်း ပြန်မှပါကွယ်.. မောင်ချွန်ကြီး.. ငါမင်းအဖေဆီက စာအုပ် တစ်အုပ် ၀င်ယူစရာ ရှိတယ်။ ငါနဲ့ လိုက်ပြန်စမ်း။ ငါ့လိုက်ပို့စမ်း” ဟု ခိုင်းလေသည်။

ဆရာကြီးထသွားမှတော့ အလုပ်နဲ့ အကိုင်နဲ့ တပည့်ဟောင်းများက သူစားထားသည့် ပလာတာ တစ်ချပ်နဲ့ လ္ဘက်ရည်လေး တစ်ခွက်သော်မှ မရှင်းပေးနိုင်လျှင် မကောင်း။ သူတို့ကို ဘယ်လို ဆဲဆဲ။ ဘယ်လို ဆူဆူ။ သူတို့ကို ပညာတတ်ကြီးတွေ ဖြစ်အောင် ဒီဆရာကြီးကဘဲ အမုန်းခံ၊ အမိုက်ခံပြီး ပညာသင်ကြားပေးလာသည် ဆိုတာ ကိုသောင်းမြင့်တို့ အဖွဲ့က ကောင်းကောင်းကြီး သိသည်။ ဆရာကြီးနဲ့ သဘော မတိုက်ဆိုင်အုံးတော့ ဆရာကြီးပေါ်တွင် ရှိသည့် ရိုသေလေးစား ချစ်ခင်မှုကတော့ ပျောက်မသွား။ ထို့ကြောင့် ဆရာကြီးဘာသာ တစ်ခွက် တစ်ခု မကလို့ ဘယ်နှစ်ခွက် ဘယ်နှစ်ခု စားစား သဒ္ဒါသည်။ ကြည်ညိုသည်။ ဒါပေမယ့် အခုတော့ ဟိုအကောင် ချွန်ကြီးက ဖင်လေး လိမ်ကျစ် လိမ်ကျစ်ဖြင့် ဆရာကြီးကိုဘဲ တွဲသလိုလို၊ ထူသလိုလိုဖြင့် ရောရော ယောင်ယောင် လိုက်သွားလေသည်။ သူစားထားတာတွေ ရှင်းရပေတော့မည်။

“ဟင်း…ဟင်း…နေနှင့်အုံးပေါ့ ချွန်ကြီးရာ။ တစ်ကွေ့မတွေ့ တစ်ကွေ့ တွေ့အုံးမှာပေါ့ကွာ။ ထင်းခွေမကြုံ ရေခပ်ကြုံအုံးမှာပေါ့။ ရေခပ်မကြုံ နောက်ဖေးသွားရင် ကြုံအုံးမှာပါ။ တောက်…” ဟု ဒေါသ ထွက်လို့မှ အားမရခင် ဆိုင်ရှင် ကိုမောင်တူးက “ကိုသောင်းကလဲဗျာ ကလေးနဲ့ တုပြီးရန်ဖြစ်နေတယ်။ ဒီကောင်က ရူးတူးတူး ပေါတောတောပါ။ နောက်ပြီး အခုဘဲ ဆရာကြီးက မြန်မာလူမျိုးဟာ မကောင်းတဲ့ နေရာ၊ မုန်းရမယ့် နေရာမှာဆို အတေးအမှတ်ကြီးတယ်။ ကောင်းတဲ့ ကိစ္စ၊ ချစ်ရမယ့် ကိစ္စဆိုရင် အလွယ်လေးနဲ့ မေ့ပြစ်ကြတယ်လို့ ပြောခဲ့တယ် မို့လား။ ဆင်ချင်ပါ ကိုသောင်းရာ” ဟု ၀င်ပြောလေသည်။

“ဟကောင် မောင်တူး ..မင်း လျှာ မရှည်နဲ့။ မင်း လ္ဘက်ရည် ရောင်းစရာ ရှိတာ ရောင်း။ ငါ့ကို ဆရာမလုပ်နဲ့။ ငါ ဘာကောင်လဲ ဆိုတာ မင်းတို့ အကုန်လုံး သိတယ်” ဟု ငေါက်ကာ ပြန်အမ်းငွေသော်မှ မစောင့်တော့ဘဲ ဆိုင်ထဲမှထွက်သွားလေသည်။

စိတ်ကဆိုး၊ နေကပူ၊ ဒေါသကထွက်ဖြင့် ဘောက်ဆတ် ဘောက်ဆတ်ထွက်သွားသည့် ကိုသောင်းမြင့် ကျောပြင်ကြီးကို ကိုမောင်တူး လှမ်းကြည့်ရင်း ဘာကောင်ကြီးပါလိမ့်ဟု တွေးနေမိသည်။ ဟိုအကောင် ချွန်ကြီးကိုလဲ ကိုသောင်းမြင့် ဘာကောင်ကြီးလဲ သိသလားဟု မေးရပေအုံးတော့မည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဖိုးထက်, သရော်စာ

One Response to ဖိုးထက် – ဘာကောင်ကြီးမှန်း မသိတဲ့ မြန်မာတစ်ဦး

  1. Star Wraith on December 25, 2015 at 1:14 am

    ၂ယောက်ရှိရင် ၃ဖွဲ့ဖြစ်တာ ကောင်းတယ်မဟုတ်ဘူးလား။ကိုယ့်အမြင်နဲ့ကိုယ်ပဲဥစ္စာ။မတူတာကို အတင်းတူချင်ယောင် ညီချင်ယောင်ဆောင်တာထက်စာရင် အများကြီးကောင်းတယ်လို့ ထင်ပါတယ်။

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း သြဂတ်စ် ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်