ဂျော်ဒီး – အမျိုးများ ရင်ကြား ဇစ် အရေးနဲ့ မိုးမခရွာက ကလေးများ

December 24, 2015

ဂျော်ဒီး – အမျိုးများ ရင်ကြား ဇစ် အရေးနဲ့ မိုးမခရွာက ကလေးများ

(မိုးမခ) ဒီဇင်ဘာ ၂၄၊ ၂၀၁၅

မိုးမခရွာလယ်  လမ်းမပေါ်တွင်ဂျူနီယာတယောက်  အူယားဖားယား  ပြေးလာသည်။ ပါးစပ်မှလည်း သူ့ကစားဖော် မိုးမခဘော်ဒါများနံမယ်ကို တကျော်ကျော် အော်ခေါ်လျှက်။

“ဟန်သစ်နိုင်ရေ၊ ကိုဖြိုးရေ၊ ဂျော်ဒီးရေ …”

ဟန်သစ်နိုင်နှင့် ကိုဖြိုးကား… ဂျူနီယာအသံကြားပေမဲ့ လမ်းဘေး သစ်ပင်တပင်အကွယ်မှာ
အသံမပြုပဲ ပုန်းလျှက် နေကြသည်။ “ရှုး … တိုးတိုး၊ တော်ကြာ၊ ရာပြည့်ဇရပ်ကြီးမှာ တံပျက်စည်းလှည်းခိုင်းနေဦးမယ်”။ အချင်းချင်း လက်တို့နေကြ၏။

ဂျူနီယာကား လမ်းဘေးဝဲယာ ဟိုသည်ကြည့်ရင်း ခြေဆောင့်ရင်း ပြောလိုက်သည်။

“ဟဲ့….နင်တို့ကို သတင်းကောင်း ပေးဖို့လာတာ။ ပုန်းမနေကြနဲ့။ ရွာထိပ်က ဇီးတော်ပင်ကြီးမှာ
ဇီးသီးဗန်း မှောက်တယ်ကြားလို့ လာပြောတာ။ မလိုက်ချင်နေကြ”

ဇီးတော်သီးကြားသံကြားသည်နှင့်  ဟန်သစ်နိုင်တို့ နှစ်ဦးမှာ သွားရည်တမျှားမျှားကျကာ ပုန်းနေရာမှ
အမြန် ခုန်ထွက်လာကြသည်။ မိုးမခရွာထိပ်မှ  ဇီးတော်ပင်ကြီးမှသီးသော ဇီးတော်သီးများကား အလွန်တရာ
ချိုမြအရသာရှိသည်မို့  ကလေးလူကြီး အလွန်ကြိုက်ကြသည်။
သို့သော် ကလေးများမှာ အလွယ်တကူဆွတ်ခူးစားခွင့် မရခဲ့ကြ။ ခုလို တယောက်ယောက် ခူးထားပုံ ရသော ဇီးသီးတွေ  ဗန်းလိုက်ကြီး မှောက်ကျသည် ဆိုသော သတင်းကား ဟန်သစ်နိုင်တို့လို  မိုးမခရွာသား ကလေးများအတွက် အလွန်အဖိုးတန်လှသော  သတင်းပေတကား။

“ကဲ … သွားစို့။ နောက်ကျရင်  ကောက်စရာမကျန်ပဲ နေမယ်”

ပြောပြောဆိုဆို  ဂျူနီယာ၏ ဆော်သြသံနှင့်အတူ သုံးယောက်သား ခုန်ပေါက်ပြေးလွှားသွားသည်ကို လမ်းတဘက်ခြမ်းမှ သတင်းအနံ့ခံကောင်းသော ပေါ့ပါးဖျတ်လတ်သော ရန်နောင်က လှမ်းမြင်လိုက်ရာ၊ ခက်ဦးတို့  အုပ်စုဘက်သို့ အချက်ပေးလိုက်သည်။ ဤသို့ဖြင့်… မိုးမခရွာသား ကလေးအုပ်စုကြီးမှာ ရွာထိပ်ဇီးတော်ပင်ကြီးဆီသို့  လေအဟုန်ကဲ့သို့  လျှင်မြန်သောအလျှင်ဖြင့် ကဆုန်ပေါက်  ရောက်လာကြ
လေသည်။

သူတို့.ရွာထိပ် ဇီးတော်ပင်ကြီးအောက်သို့ ရောက်သောအခါ အံ့သြဖွယ်ရာ ပါတကား။

“ဟာ … ဘယ်မှာလဲ။ ဇီးသီး။ ဇီးသီးဗန်း  မပြောနဲ့။ ဇီးပင်ငုတ်တောင် မရှိတော့ပါလား”

“ ဂျူနီယာ … ဂျူနီယာ အရာရာ သိတယ်ဆို။ ဘယ်မှာလဲ ဇီးသီးဗန်း”

မျက်နှာငယ်လေးနှင့် ဂျူနီယာကား ဇီးသီးသံကြား၍ စိမ့်ထွက်လာသောသွားရည်များကို  ဂလုခနဲ တချက်မျိုချကာ မချိတင်ကဲ ပြောလိုက်လေသည်။

“ခုနပဲ…ရွာလူကြီးတွေ ပြောနေတာ။ ရွာထိပ် ဇီးတော်ပင်ကြီးက ဇီးသီးတွေကို  ခု (၃) လ အတွင်း
အပြီး မှောက်စားပစ်ကြမယ်တဲ့။ ငါ နားနဲ့ ဆတ်ဆတ်ကြားတာ။ အဲ အဲဒါ နင်တို့ မစားလိုက်ရမှာစိုးလို့
အပြေး လာခေါ်ရတာ သိလား။ ငါ့ဖာသာ တယောက်တည်း စားနေလိုက်ရ  ကောင်းမှာ”

မျက်စိသူငယ် နားသူငယ်နှင့် ဇီးသီးဗန်းပျောက်နေသော မိုးမခရွာသားကလေးများအနီးသို့ ကိုရင်သာဂိတို့ ကာလသားတသိုက်  ရောက်လာလေသည်။

“ဒါကတော့  လွန်လွန်းတယ်ကွာ။ ကလေးတွေအတွက်   ဇီးသီး တလုံးတလေလေးတောင် မရှိအောင် အပင်လိုက် အပျောက်ဖျောင်တာတော့ ရွာလူကြီးဟောင်း ရွာဂံတော်အစိုးရဟောင်းတွေ လွန်တယ်ကွာ။ တောက်”

“ ဇီးသီးမပြောနဲ့ ဇီးပင်တောင် ထင်းလုပ် ခုတ်သွားကြသကိုး။”

“တောက် … ထင်းခုတ်တာက ဟိုသစ်ခုတ်သမား လက်ချက်ကွ”

“ရှူးးး … သစ်ခုတ်သမား၊ သစ်ခုတ်သမားနဲ့ အရမ်းမပြောနဲ့ကွ။ သူက တက်လာသမျှ ရွာဂံတော်အစိုးရတွေကို  စပွန်စာပေးပြီး  အိတ်ထဲထည့်နိုင်တယ်ကွ”

“ရွာဂံတော် သမတလူကြမ်းအဖွဲ့ကတော့ကွာ …  နောက် ရွာဂံတော်အစိုးရသစ် မပြောင်းခင် သူတို့ရသမျှ ချိုင်ကြ နှိုက်ကြ ခွါကြတာတော့ လက်ကုန်ပဲကွာ။ ဒီဇီးသီးလောက် မပြောနဲ့။ ရွာဦးက ကျောက်တွင်းတွေ၊  မြေပေါ်မြေအောက် ရွာ့သယံဇာတတွေကို ဟိုဘက်ရွာက ကောင်တွေကို ဈေးပေါပေါနဲ့ မြေလှန်ရောင်း ပစ်ကြတာကော”

“ဟိုဘက်ရွာက ကောင်တွေကလည်း  တို့ရွာက သယံဇာတတွေကို အချိုအချောင်ဈေးနဲ့ ရဖို့ ရွာအာဏာပိုင်တွေကို လာဘ်ထိုး။ တို့ရွာက ထွက်သမျှမြေကြီးထဲက တီကောင်တို့ ၊ ပုရစ်တို့၊ ပရွတ်ဆိတ်တို့တောင် မချန် အကုန်သယ်ကြတာ မြေတူးစက် ကားကြီးကားငယ် အသွယ်သွယ်နဲ့ကွ…။ ကျင်းကြီး ချိုင့်ကြီးတွေများ လကမ္ဘာ ကျနေတာပဲ။ တို့ရွာသားတွေတော့ ကုန်းကောက်စရာ မပြောနဲ့ မတ်တပ်ရပ်နေဖို့တောင်  မြေနေရာလုံလောက် တော့မလားကွာ”

“ဒါနဲ့အဲဒီ မြေတူးစက်ယန္တရားကားကြီးတွေကို  ဘယ်သူအမိန့်နဲ့ ရွာထဲ အ၀င်ခံခဲ့တာလဲကွ”

“ ရွှေသမင်ဘယ်က ထွက်။ မင်းကြီးတာက ထွက်ပေါ့ကွာ။ ရွာဂံတော် အစိုးရဟောင်းအဖွဲ့မှာ တာဝန်ရှိတယ်ကွ။ သူတို့ကို တို့ရွာသားတွေက  တရား ပြန်စွဲသင့်တယ်”

“အေး … ဒါတွေကို  သူတို့ဖာသာသိလို့ မြင်လို့ ကြောက်လို့ ဆိုပါတော့ကွာ။ ရွာဂံတော်သမတ ဘပြောင်က ရာထူးလက်မဲ့ချိန်မှာ  သူ့လုံခြုံရေးအတွက် ဥပဒေကြမ်းတွေတောင် ကမန်းကတန်း ထုတ် နေပါလား။ သူတို့ အစိုးရလက်ထက် ဆောင်ရွက်ခဲ့တာတွေကို နောက်ကြောင်းပြန် အရေးမယူဖို့ ဆိုလား”

“အမယ်။ သူတို့ကျတော့ သိတတ်လိုက်ကြတာ။ ပြန်အရေးမယူရဘူး၊ နောက်ကြောင်း မပြန်ရဘူးတဲ့။ ဘာအပြစ်မှ မရှိတဲ့ ရွာဂံတော် ပညာရေးစနစ်ကို ပြုပင်ဖို့ ငြိမ်းငြိမ်းချမ်းချမ်း တောင်းဆိုတဲ့  ကျောင်းသားတွေကျတော့  ဘယ်ဥပဒေနဲ့မှ စွဲချက်တင်မရပဲတောင် ဖမ်းချုပ်ထားလိုက်ကြတာ ၁၀ လ ပြည့်တော့မယ်”

“အဲဒါပေါ့ကွာ။ သူတို့လုပ်ခဲ့တာတွေ အပြစ်အနာအဆာတွေနဲ့ ပြည့်နေမှန်း သူတို့ဖာသာ မလုံကြလို့ပေါ့ကွ”

“ ရသမျှ ခွါယူကြတဲ့နေရာ ကြတော့လဲ ရွာထောင်စု လွှတ်တော်ကိုယ်စားလှယ်တွေက
လွှတ်တော်သက်တမ်းအတွင်း လခတွေ မတရား ယူထားတဲ့အပြင်၊ သူတို့ မဟုတ် တရုတ် လုပ်ခဲ့တဲ့ ကာလအတွက် ပင်စင်ငွေတောင် တလုံးတခဲတည်း လိုချင်ကြသေးသတဲ့။ အရှက်ဆိုတာ ဂျိုနဲ့လားဆိုသလိုပဲ”

“ဟို ၉၀ ခုနှစ်က  ရွာလူထုတခဲတနက်  ရွေးချယ်ခဲ့ပြီး၊ အစိုးရဖွဲ့ခွင့် တာဝန် ထမ်းဆောင်ခွင့်မရပဲ ထောင်တန်းတွေကျခဲ့  အသက်တွေဆုံးခဲ့ကြတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ။ ရွာဂံရေး  ဆောင်ရွက်ရင်း ဘ၀တွေပျက်ခဲ့ရတဲ့  ရွာဂံရေး အကျဉ်းသားတွေကိုများ အားနာကြပါဦးကွာ”

မိုးမခရွာသား  ကလေးတသိုက်ကား ကာလသားသာဂိတို့ ဆွေးနွေးခန်းကို နားလည်တချို့  နားမလည်တချို့ မို့ မျက်လုံးလေးများ  ပေကလပ်ပေကလပ်။ ကိုရင်သာဂိတို့ ဆွေးနွေးခန်းထဲမှ သူတို့နားလည်သမျှကတော့  ရွာဂံတော် အစိုးရဟောင်းသည် သူတို့ကလေးတွေအတွက်  ဘာမျှမချန်။ ရွာတောင်ဘက်က ဖားကန့်ဒေသမှာဆို ”ဘ” နဖူးတွင်မက တရွာလုံးနဖူးပေါ်မှာ တက်ပြီး ငရဲပြည်ထိပေါက်မဲ့ သိုက်တွင်းကြီးများ တူးသွားကြသတဲ့။ သူတို့အစိုးရ လက်ထက် ရသမျှ ခွါချပြီး  အကျင့်ပျက်ခြစားတွေကို  အရေးယူမှာ စိုးပြီး ဥပဒေတွေ ထုတ်ကြတာတဲ့။ ကလေးတသိုက်မှာ ဘပြောင်တို့ အစိုးရရဲ့ဆိုးချက်တွေကို  မယုံတ၀က် ယုံတ၀က်။

စောငိုက …

” ခြကလည်း  ဒီလောက်ကြီးပဲ စားကြသလား။ ဘပြောင်က တခါယူရင် သုံးသိန်းထက်  ပိုပြီး လာဘ်မယူရဘူးလို့ အမိန့်ထုတ်ထားခဲ့တာ မဟုတ်လား”

ဟု နားမလည်နိုင်စွာ မေးခွန်းထုတ်သည်။ ဇာနည်ဝင်းကခေါင်းကို လက်နှစ်ဘက် စုံကုပ်ရင်း စိတ်ရှုတ်ထွေးဟန်နှင့်

“အေးလေ … သုံးသိန်း ပေါင်း ဘယ်နှစ်ခါ ယူမှန်းတော့ မသိဘူးပေါ့ကွာ”

ထိုစဉ် သူတို့အနီးသို့ လေးလံလှသော အထုပ်ကြီးတထုပ်ကို ရွက်ထားသော  မယ်မယ်ဒီတယောက် ကလေးတသိုက်နှင့် အတူ ရောက်လာလေသည်။ မိုးမခရွာသားလေးများမှာ ရွယ်တူ မျက်နှာစိမ်းကလေးများကို  တွေ့ရကား၊ အလွန်စိတ်ဝင်စား  ခင်မင်လိုလှ၍  မယ်မယ်ဒီ့ကို စပ်စုလေသည်။ သူတို့ဘယ်သူ တွေလဲ။ ဘယ်နယ်ကလဲ။ မယ်မယ့်ဒီခေါင်းပေါ်က ၀န်ထုပ်ဝန်ပိုးကြီးက ဘာထုပ်ကြီးလဲပေါ့။

“သူတို့က  မင်းတို့လို မိုးမခ ရွာသားလေးတွေပါပဲကွယ်။ ဟိုးရွာစွန်မှာဖြစ်နေတဲ့ ရွာတွင်းစစ်တွေကြောင့် ထွက်ပြေးနေရလို့ မင်းတို့ မျက်နှာစိမ်းနေတာပေါ့။ စစ်ဘေးဒုက္ခခံစားနေရတဲ့  မင်းတို့ သူငယ်ချင်းလေးတွေ ပေါ့ကွယ်။ အခု ချမ်းအေးတဲ့ ဆောင်းတွင်းကို ရောက်လာတော့  သူတို့မှာ အနွေးထည်တွေမရှိလို့… အနွေးထည်တွေ ၀တ်ပေးမလို့ကွဲ့။ အနွေးထည်လေးတွေဝတ်ပြီး  သူတို့ရင်ကြားစေ့  နွေးထွေးစေဖို့တဲ့ ကွယ်။ မယ်မယ့်ဒီက အားလုံးကို  နောက်ကြောင်းပြန်မလှည့်ပဲ နွေးနွေးထွးထွေး ရင်ကြားစေ့ စေချင်တယ်ကွယ်။ အဲဒါ မင်းတို့လဲ မယ်မယ်ဒီရဲ့  ရင်ကြားစေ့ရေး စီမံချက်ကို ကူညီတဲ့အနေနဲ့ ရင်ကြားစေ့ရေး အနွေးထည်လေးတွေ ကူဝတ်ပေးကြပါဦးကွယ်။ ကဲကဲ…မယ်မယ်ဒီ့ ခေါင်းပေါ်က  ရင်ကြားစေ့ရေး ၀န်ထုပ်ကြီးကို  ကူချကြပါဦးကွဲ့”

မိုးမခရွာသားကလေးငယ်များကား… မယ်မယ်ဒီနှင့်အတူ  စစ်ပြေးဒုက္ခသည် သူငယ်ချင်းကလေးများကို  ရင်ကြားစေ့ရေး အနွေးထည်ကလေးများ ၀တ်ပေးဖို့ ကူညီဖို့ ပြင်ကြသည်။ ရင်ကြားစေ့ရေး ၀န်ထုပ်ကြီးကို  စတင် ဖြေကြည့်လိုက်သူ ဂျော်ဒီးက အလန့်တကြား ထ အော်လိုက်လေသည်။

“ဟင် … ရင်ကြားစေ့ရေး အနွေးထည်လေးတွေမှာ ဇစ်တွေက  နှစ်ဘက် ပါမလာ ပါလား။ ဇစ်တဘက်တည်းပါလို့   ဇစ်ဆွဲစေ့လို့ ဘယ်လိုမှမရဘူးရှင့်။ ဘယ်လိုလုပ် ရင်ကြားစေ့ပေးရပါ့မလဲ ရှင်”

မိုးမခရွာသားကလေးများလည်း   မယ်မယ်ဒီ့ကို  အားကိုးတကြီးမော့ကြည့်ကာ

“ရင်ကြားစေ့ဖို့  ဘက်နှစ်ဘက်စလုံးပါမှ  ရမှာနော်”

ဟု ငြီးငြီးညူညူ ပြောလိုက်ကြလေသတည်း။     ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သရော်စာ, ဂျော်ဒီး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ (မိုးမခ) မတ် ၂၄၊ ၂၀၁၈...

Read more »

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ)

By

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ) မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၂၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်