မောင်မောင်စိုး – ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (ပထမပိုင်း)

December 28, 2015

မောင်မောင်စိုး – ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (ပထမပိုင်း)
(မိုးမခ) ဒီဇင်ဘာ ၂၈၊ ၂၀၁၅

၂၀၁၅ ဒီဇင်ဘာ ၁၈ ရက် သမတဦးသိန်းစိန် လက်မှတ်ရေးထိုးထုတ်ပြန်ချက်အရ သမတဦးသိန်းစိန်အစိုးရသက်တမ်းအ တွင်း ၂၀၁၁ သြဂုတ် ၁၈ ရက်မှစ၍ ငြိမ်းချမ်းရေးဖေါ်ဆောင်ရန် ကမ်းလှမ်းခဲ့ပြီး ၄ နှစ်အကြာ ၂၀၁၅ အောက်တိုဘာ ၁၅ ရက်နေ့တွင် တပြည်လုံးအပစ်အခတ်ရပ်စဲရေးသဘောတူညီချက် NCA ကို လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နှင့် လက်မှတ်ရေးထိုးနိုင်ခဲ့သည်ဟုဆိုပါသည်။ ထို NCA Nationwide Ceasefire Agreement သဘောတူညီချက်ပါ ကတိကဝတ်အတိုင်းအခြေခံ ရမည့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် ( The Frame Work of Polictical Dialouge ) ကို ၂၀၁၅ ဒီဇင်ဘာ ၁၅ ရက် တွင် ရေးဆွဲပြီးသည်ဟု ဆိုပါသည်။

သို့ဖြစ်ရာ အမျိုးသားပြန်လည်သင့်မြတ်ရေး လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းရေး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာအဖြေရှာရေး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ၂၀၁၆ ဇန္နဝါရီ ၁၂ ရက်တွင် စတင်ကျင်းပမည်ဟု သမတ ဦးသိန်းစိန်က ကြေငြာလိုက်ပါသည်။

အခြေခံရမည့် နိုင်ငံရေးဆွေးနွေးမှုမူဘောင်များနှင့်ပတ်သက်ပြီး အစိုးရ စစ်တပ်ကိုယ်စားလှယ်များ NCA လက်မှတ်ရေးထိုး ထားသည့် အဖွဲ့ ၈ ဖွဲ့မှ ကိုယ်စားလှယ်များ နိုင်ငံရေးပါတီများမှကိုယ်စားလှယ်များ ပါဝင်ရေးဆွဲထားခြင်းဖြစ်သည်ဟုဆိုပါသည်။ သို့သော် ယနေ့တိုင် အများပြည်သူအား တရားဝင်ထုတ်ပြန်ခြင်းတော့ မရှိသေးပါ။

ညီလာခံတက်ရောက်မည့် ကိုယ်စားလှယ် အရေအတွက်နှင့် ပတ်သက်၍ အစိုးရမှ ၇၅ ဦး လွှတ်တော်မှ ၇၅ ဦး စစ်တပ်မှ ၁၅၀ ဦး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ၁၅၀ ဦး နိုင်ငံရေးပါတီများမှ ၁၅၀ ဦး လက်နက်ကိုင်အဖွဲ့နှင့် တိုင်းရင်းသား ပါတီမှမဟုတ်သည့် တိုင်းရင်းသားကိုယ်စားလှယ် ၅၀ ဦးအခြားဖိတ်ကြားသင့်သည့်သူ ၅၀ ဦး စုစုပေါင်း ၇၀၀ ဦးတို့ဖြစ်သည်။

ဤညီလာခံကျင်းပမည်ဆိုခြင်းနှင့်အတူ ညီလာခံကိုယ်စားလှယ်အရေအတွက် ထွက်ပေါ်လာသည့်အပေါ် စဉ်းစားစရာများ ထွက်ပေါ်လာခဲ့ပေသည်။

● အတိတ်၏အရိပ်ထိုးခြင်း
ပထမအကြောင်းကတော့ အတိတ်ကညီလာခံတခု၏ အရိပ်ထိုးနေခြင်းဖြစ်သည်။ မြန်မာပြည်အနီးခေတ်သမိုင်းတွင် လက်ရှိ ညီလာခံသည် ဒုတိယညီလာခံဟုဆိုရမည်။ ပထမကျင်းပခဲ့သည့် ညီလာခံမှာ ၁၉၉၃ ကစတင်ကျင်းပခဲ့သည့် ညောင်နှစ်ပင် ညီလာခံဟု အများသိကြသည့် အမျိုးသားညီလာခံဖြစ်သည်။ ပထမကျင်းပခဲ့သည့် ညီလာခံမှာ မြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရေးဆွဲရေးအတွက် ကျင်းပသည့်ညီလာခံဖြစ်ပြီး ယခုကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ တိုင်း ရင်းသားလက်နက်ကိုင်ပဋိပက္ခပြဿနာဖြေရှင်းရန် ရည်ရွယ်သည့်ညီလာခံဖြစ်သည်။

ညောင်နှစ်ပင်ညီလာခံတွင် ကနဦးပိုင်းတွင် ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရလွှတ်တော်အမတ်များ ပါဝင်ခဲ့သော်လည်း မြန်မာ စစ်ဖက်မှစိတ်ကြိုက်ရွေးချယ်ထားသည့် အစုအဖွဲ့အသီးသီး အလွှာအသီးသီးဆိုသည်မှ ကိုယ်စားလှယ်များသာ လွှမ်းမိုးနေခဲ့ သည်။ တကယ်တမ်း မြန်မာနိုင်ငံရေးတွင်အရေးပါသူများ ယနေ့ရေပန်းစားနေသော အသုံးအနှုံးရဆိုသော် Stakeholder များပါဝင်နိုင်ခြင်းမရှိပေ။ ထို့ပြင်နောက်ပိုင်း၌ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်အမတ်များ ပါဝင်ခြင်းမရှိသည့်အပြင် နိုင်ငံရေးသမားများစွာ တိုင်းရင်းသားအရေးလှုပ်ရှားသူများစွာမှာလည်း ဖမ်းဆီထောင်ချခြင်းခံခဲ့ရသည်။ ညောင်နှစ်ပင်ညီ လာခံကို ထိုသို့သောအခြေအနေအောက်တွင် ကျင်းပခဲ့သည်။

ထိုညောင်နှစ်ပင်ညီလာခံထွက်လာသော ၂၀၀၈ အခြေခံဥပဒေကို လက်ရှိတွင် အောင်မြင်စွာ ကျင့်သုံးနေသည်ဟု ဆိုကြ ပါသည်။ သို့သော် ၂၀၀၈ အခြေခံဥပဒေသည် မြန်မာနိုင်ငံရေး အကြပ်အတည်းကို ဖြေရှင်းနိုင်ခြင်းမရှိသည်မှာက တော့ လက်တွေ့ဖြစ်သည်။ လက်ရှိမြန်မာနိုင်ငံအနေနှင့် နိုင်ငံရေးအကြပ်အတည်း (ဝါ) ဖွဲ့စည်းပုံအကြပ်အတည်းနှင့် ရင်ဆိုင်နေ ရပြီး တိုင်းပြည်စီးပွားဖွံ့ဖြိုးတိုးတက်အောင် စွမ်းဆောင်နိုင်ခြင်းမရှိပေ။ တိုင်းပြည်အနေနှင့် ကမ္ဘာတွင် အဆင်းရဲဆုံး နိုင်ငံစာ ရင်း လူတစ်ဦးချင်းဝင်ငွေ အနိမ့်ဆုံးနိုင်ငံစာရင်းမှ ရုန်းမထွက်နိုင်ခဲ့ပေ။

သို့ဖြစ်ရာ မြန်မာ့နိုင်ငံရေးတွင် ပါဝင်ပတ်သက်နေသူများအနေနှင့် လာမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံအား ညောင် နှစ်ပင်ညီလာခံကဲ့သို့ ပြသနာမဖြေရှင်းနိုင်သည့် သဏ္ဏန်အားဖြင့်ဆောင်ရွက်သည့် ညီလာခံမဖြစ်စေလိုကြ။ မြန်မာစစ်ဖက် ၏စိတ်ကြိုက် ပုံသွင်းအတည်ပြုသည့် ညီလာခံမျိုးဖြစ်မည်ကို စိုးရိမ်စိတ်ရှိကြသည်ဟု ဆိုရပါမည်။

● တက်ရောက်မည့် ကိုယ်စားလှယ်များ
သို့သော်လက်ရှိကိုယ်စားလှယ်စာရင်းအရတော့ မြန်မာစစ်ဖက်မှ စိတ်ကြိုက်ကိုယ်စားလှယ်အများစုရွေးချယ်ထားသည့် ပြ ဿနာနည်းသည်ဟု ဆိုရမည်။ အစိုးရနှင့် လွှတ်တော် ကိုယ်စားလှယ် ၂ ရပ်ပေါင်း ၁၅၀ မှာ လက်ရှိအနေနှင့်ဆိုလျင် ကြံ့ခိုင် ရေးမှ အများစုလွှမ်းမိုးထားသည်။ သို့သော် ညီလာခံစတင်ပြီး ရက်ပိုင်းအတွင်း လွှတ်တော်အဟောင်းမှာ သက်တမ်းကုန်ပြီး လွှတ်တော်အသစ် အသက်ဝင်တော်မည်ဖြစ်သည်။ သို့ဖြစ်ရာ ညီလာခံစတင်ပြီး ရက်ပိုင်းအတွင်းတွင် လွှတ်တော်မှ ညီလာခံ တက်မည့် ကိုယ်စားလှယ် ၇၅ ဦးနေရာသည် အပြောင်းအလဲရှိ မည်ဖြစ်သည်။ ထို့အတူ အစိုးရကိုယ်စားလှယ် ၇၅ ဦးမှာ လည်း ညီလာခံစပြီး ၂ လကျော်အတွင်း ပြောင်းလဲရတော့မည်ဖြစ်သည်။

မြန်မာစစ်ဖက်မှ ကိုယ်စားလှယ် ၁၅၀ ယူထားသည်ကို အချို့က များသည်ဟု ယူဆကြသည်။ တသံတည်းထွက်မည့်သူများ အနေနှင့် ဤမျှကိုယ်စားလှယ်များများ ယူစရာမလိုဟုယူဆကြသည်။ သို့သော် မြန်မာစစ်ဖက်အနေနှင့် ၎င်းညီလာခံတွင် ပါဝင်မည့် ကိုယ်စားလှယ်မှာ (၂၁ . ၅) ရာခိုင်နှုန်းသာယူထားရာ သူတို့၏ ဝေစုအဖြစ်သတ်မှတ်ထားသော ၂၅ ရာခိုင်နှုန်း ထက် အနည်းငယ်လျှော့ယူထားသည်ဟုဆိုနိုင်သည်။ တဖန် အင်အားတစ်သိန်းခန့်ရှိသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကလည်း ကိုယ်စားလှယ် ၁၅၀ ရယူထားရာ အင်အား (၅) ခန့်ရှိသည့် မြန်မာစစ်ဖက်အနေနှင့် ကိုယ်စားလှယ် ၁၅၀ ယူသည်မှာ မများဟုယူဆသူများလည်း ရှိသည်။ မည်သို့ပင်ဖြစ်စေ လာမည့် ငြိမ်းချမ်းရေးညီလာခံသည် မဲအနည်းအများနှင့် ပြသနာကို ဖြေရှင်းရမည့်ညီလာခံတော့မဟုတ်ပေ။ ဆွေးနွေးညှိနှိုင်းမှုသာ ပြဿနာဖြေရှင်းနိုင်မည့်ညီလာခံမျိုးဖြစ်သည်။

တိုင်းရင်းသားလက်နက်အဖွဲ့အတွက်ထားသည့်ကိုယ်စားလှယ် ၁၅၀ တွင် NCA လက်မှတ်မထိုးသေးသည့်အဖွဲ့များပါ ပါဝင် မည်ဟုဆိုသည်။ လက်ရှိ NCA လက်မှတ်ရေးထိုးထားသော KNU DKBA KNU/KNLA RCSS/SSA CNF PNO ALP ABSDF အဖွဲ့ ၈ ဖွဲ့အပြင် သမတနှင့် တိုင်းရင်းသားခေါင်းဆောင်များ တွေ့ဆုံစဉ်က သဘောတူခဲ့သော ANC WNO LDU အဖွဲ့ ၃ ဖွဲ့အားလည်းဖိတ်ကြားသွားမည်ဟု ဆိုသည်။ ထို့ပြင် bilateral လက်မှတ်ထိုးထားသော ကျန် ၇ ဖွဲ့အားလည်း ဖိတ်ကြား မည်ဟုဆိုသည်။

လက်တွေ့တွင် ဒီဇင်ဘာ ၁၉/၂၀ နေ့များက UPWC မှ ဦးသိန်းဇော်ဦးစီး၍ UWSA နှင့် NDAA မိုင်းလာအဖွဲ့တို့အား သွားရောက်ဆွေးနွေးဖိတ်ကြားသည်ကို တွေ့ရသည်။ သို့သော် ၎င်းအဖွဲ့များအား NCA လက်မှတ်ထိုးရန် တောင်းဆိုထားပြီး
NCA လက်မှတ်မထိုးပါက လေ့လာသူအဖြစ်သာ တက်ရောက်ဆွေးနွေးခွင့်ရှိမည်ဟု ဆိုသည်။ ၎င်းအဖွဲ့များအနေနှင့် ငြိမ်း ချမ်းရေး လက်မှတ်ထိုးပြီးဖြစ်၍ နောက်တကြိမ်ထပ်မံလက်မှတ်ထိုးရန် ငြင်းဆန်ထားပြီး ညီလာခံတက်ရောက်ရန် မသေချာ သေးပေ။

ANC WNO LDU စသည့် ၃ ဖွဲ့ကတော့ NCAလက်မှတ်ထိုးရန် မလိုအပ်ဘဲ ညီလာခံတက်ခွင့်ရှိပြီး ကျန်အဖွဲ့များကမူ NCA လက်မှတ်ထိုးမှ ညီလာခံတွင် တက်ခွင့်ရမည်ဟုဆိုခြင်းသည် အတန်ငယ်နားလည်ရခက်သည်။ UPWC ကမူ အဆိုပါ ၃ ဖွဲ့
သည် လက်နက်ကိုင်တပ်ဖွဲ့နယ်မြေမရှိ၍ NCA လက်မှတ်ထိုးရန်မလိုဟု ဆိုသည်။

တကယ်တမ်း NCA သဘောတူညီချက်များကိုဆွေးနွေးရာတွင် UWSA NDAA RCSS/SSA နှင့် NSCN (K) တို့မပါဝင်ကြပေ။ ထိုသို့ဆွေးနွေးပွဲတွင် မပါဝင်သော အဖွဲ့များ၌ RCSS/SSA ကတော့ NCA လက်မှတ်ထိုးပြီးဖြစ်သည်။ NSCN (K) ကတော့ ပြသနာ တမျိုးတဖုံဖြစ်သည်။ သူတို့၏လှုပ်ရှားမှုက အိန္ဒိယနယ်ထဲတွင်ပါရှိသဖြင့် မြန်မာအစိုးရနှင့်သာ မပြီးပြတ်နိုင် သည့်သ ဘောဖြစ်သည်။ UWSA နှင့် NDAA ကတော့ ထို NCA သဘောတူညီချက်ကို သဘောတူ၏လည်းမဆို လက်မှတ်လည်း မထိုးပေ။ သူတို့အနေနှင့် ထို NCA သဘောတူညီချက် ဆွေးနွေးစဉ်က မပါဝင်ခဲ့ဟူသည့်အချက်ကိုသာ ကိုင်စွဲထား ဟန်တူသည်။

ထို့ပြင် Bilateral လက်မှတ်ထိုးမထားသော MNDAA ကိုးကန့်အဖွဲ့ PSLF/TNLA တအန်းပလောင်အဖွဲ့ AA ရက္ခိုင်အဖွဲ့ တို့ အား ဤဆွေးနွေးပွဲမဖိတ်ကြားဟု အဓိပ္ပါယ်ထွက်နေပေသည်။ မည်သည့်အဖွဲ့ကို ဖိတ်ကြားမည်ဟူသည့် အပြီးသတ် ဆုံး ဖြတ်ချက် မချရသေးဟုဆိုသော်လည်း ယခုထွက်ပေါ်နေသောသတင်းများအရ အနည်းဆုံးအဖွဲ့ ၂ ဖွဲ့ မဖိတ်ကြားမည် သေချာသလောက်ရှိသည်ဟု အကဲခတ်များက ဆိုကြသည်။ တဖွဲ့မှာ မြန်မာစစ်ဖက်မှ လက်နက်ချရန်တောင်းဆိုထားသော MNDAA ခေါ် ကိုးကန့်အဖွဲ့ဖြစ်ရန်သေချာသလောက်ဖြစ်ပြီး နောက်တဖွဲ့မှာ AA သို့မဟုတ် NSCN (K) ဖြစ်နိုင်သည်ဟုဆိုသည်။

အားလုံးပါဝင်ရေးကို မူအဖြစ်တောင်းဆိုထားသည့် အဖွဲ့များသည် NMSP နှင့် KNPP လွဲ၍ ကျန်အဖွဲ့များသည် မြန်မာပြည် မြောက်ပိုင်း တရုတ်နယ်စပ်တလျောက် အခြေပြုထားသော အဖွဲ့များဖြစ်သည်။ ထိုအဖွဲ့များသည် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့အင်အား၏ ၈၀ ရာခိုင်နှုန်းခန့်ရှိသည်။ NSCN (K) နာဂအဖွဲ့ကို ချွင်းချက်ပြဿနာအဖြစ်ချန်ထားလျှင်တောင် ကျန် လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့တို့ လက်ရှိညီလာခံတွင် ပါဝင်ရန်မသေချာသေးဟုဆိုရမည်။ သူတို့အနေနှင့် လေ့လာသူအဖြစ် အနေနှင့်သာ တက်ရောက်ရန် စိတ်ပါကြမည်မဟုတ်လောက်ပေ။

လက်ရှိ bilateral မထိုးရသေးသော အဖွဲ့ ၃ ဖွဲ့အနက် PSLF/TNLA နှင့် AA တို့ပြဿနာကို တနည်းတဖုံဖြင့် ဖြေရှင်းရနိုင် သော်လည်း ကိုးကန့်ပြဿနာကား ဖြေရှင်းရန်ခက်ခဲသည့် အနေအထားတွင်ရှိနေဆဲဟုဆိုရမည်။ ကိုးကန့်ပြဿနာသည် မြန်မာစစ်ဖက်အတွက် ဂုဏ်သိက္ခာပြဿနာ ကိုးကန့်တပ်ဖွဲ့အတွက် ရပ်တည်မှုပြဿနာ တရုတ်အစိုးရအတွက် ဆွေးမျိုး သားချင်းများ ပြဿနာဖြစ်နေပေရာ ဘက်စုံမှသုံးသပ်ကိုင်တွယ်ရန်လိုအပ်သည့် အကဲဆတ်သည့်ပြသနာ ဖြစ်နေပေတော့ သည်။ ထို့ပြင် Bilateral ထိုးထားပြီး NCA လက်မှတ်မထိုးသေးသောအဖွဲ့များအတွက်လည်း မဟာမိတ်ပြဿနာ အားလုံး ပါဝင်ရေးပြသနာ ဖြစ်နေပေတော့သည်။

သို့ဖြစ်ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ကိုယ်စားလှယ် ၁၅၀ တွင် အားလုံးပါဝင်နိုင်မှုမရှိခြင်းသည် ညီလာခံ၏ အဓိကအားနည်းချက်ဖြစ်နေသည်ဟု ဆိုရမည်။ လက်ရှိ NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားအဖွဲ့များကမူ ထိုအဖွဲ့ များမတက်ရောက်နိုင်သေးပါက ကိုယ်စားလှယ်နေရာတဝက်ကို မတက်ရောက်နိုင်သေးသည့်အဖွဲ့များအတွက် ချန်ထား မည်ဟု ဆိုပါသည်။

ညီလာခံ၏ အဓိကရည်ရွယ်ချက်မှာ တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခကို နိုင်ငံရေးနည်းနှင့်ဆွေးနွေးဖြေရှင်းရန်ဖြစ်သည်။ သို့ဖြစ်ရာ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုအများစုကို ကိုယ်စားပြုသည့်အဖွဲများမှ ကိုယ်စားလှယ်များတက်ရောက်နိုင် ခြင်းမရှိဘဲ ညီလာခံ၏ရည်မှန်းချက်များအားပေါက်ရောက်အောင်မြင်အောင် ဆောင်ရွက်နိုင်ရန်မှာခက်ခဲပေရာ ယင်းအချက် မှာ ငြိမ်းချမ်းရေးညီလာခံ၏ အဓိကအားနည်းချက်ဟု ဆိုရပေမည်။

နောက်ကိုယ်စားလှယ်ပြဿနာတခုမှ နိုင်ငံရေးပါတီကိုယ်စားလှယ် ၁၅၀ ဖြစ်သည်။ လက်ရှိ ရွေးကော်တွင် မှတ်ပုံတင် ထားသော ၉၂ ပါတီအားလုံးကိုယ်စားလှယ်အနည်းဆုံး ၁ ဦးစီ တက်ခွင့်ရမည်ဟုဆိုသည်။ ထိုပါတီများပါဝင်ခွင့်ပြုချင်သူ များ၏အဆိုအရ အနည်းစု၏သဘောထားကိုလည်း နားထောင်ရန်လိုအပ်သည်ဟုဆိုသည်။ သို့သော် ပြီးခဲ့သော ရွေးကောက် ပွဲတွင် အမတ်အရွေးခံရသောပါတီများမှာ ပြည်မပါတီများမှ ၃ ပါတီသာရှိသည်။ ထိုထဲတွင် NLD က (၈၀) ရာခိုင်နှုန်း၊ ကြံ့ခိုင် ရေးက (၇) ရာခိုင်နှုန်းရှိပြီး ဦးသုဝေ၏ ဒီမိုကရက်တစ်ပါတီမှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်တဦးသာ အရွေးခံရ သည်။ တိုင်းရင်းသားပါတီများထဲက ၁၁ ပါတီ အမတ်ရွေးခံရသည်။ ထိုသို့အရွေးခံသည်ဆိုခြင်းမှာ လူထု၏ထောက်ခံမှုနှင့် ကိုယ်စားပြုမှုကို ဖေါ်ပြခြင်းဖြစ်သည်။ ထိုသို့ လူထုထောက်ခံမှုလည်းရှိ ကိုယ်စားပြုမှုလည်းရှိသော ပါတီများနှင့် အမတ် ၁ နေရာပင်အရွေးမခံရသော လူထုကိုယ်စားပြုမှုမရှိသော ပါတီများအား တန်းတူထား၍ ပါဝင်ခွင့်ပေးခြင်းသည် တရားမျှတမှု ရှိ/ မရှိ စဉ်းစားရန်လိုပေသည်။

ထို့ပြင် အမတ် ၁ နေရာခန့်သာအရွေးခံရသောပါတီကို အခြားအမတ်များစွာအရွေးခံရသောပါတီများနှင့် တန်းတူအခွင့်ရေး ပေးခြင်းသည်လည်း မျှတမည်မဟုတ်ပေ။ ပြည်ထောင်စုအဆင့် ညီလာခံနှင့်အညီ လူအများစု၏ ကိုယ်စားပြုမှုအား အလေး ထားရန် လိုအပ်ပေမည်။

ထိုသို့မဟုတ်ဘဲ ရွေးကော်တွင် မှတ်ပုံတင်ထား သည် ဆိုရုံနှင့် ပြည်ထောင်စုအဆင့်ညီလာခံများ တွင် ပါဝင်ခွင့်ပြုခြင်းသည် ရေရှည်တွင် အကျိုးရှိနိုင်ဖွယ်ရာမမြင်ချေ။အဘယ်ကြောင့်ဆိုသော် ရွေးကော်တွင် မှတ်ပုံတင်၍ ပါတီငယ်တခုဖွဲ့ရုံမျှနှင့် ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲများတွင် ပါဝင်ခွင့်ရှိမည်ဆိုပါက ငွေထုတ်ပိုက်၍ မြန်မာ့နိုင်ငံရေးတွင်ခြေရှုတ်လိုသူများအနေ နှင့် ပါတီငယ်များစွာ ထပ်မံဖွဲ့လာနိုင်သည့် အန္တရာယ်ရှိသည်ဟုဆိုရပေမည်။

အကယ်၍ အမတ်တစ်နေရာမှ အရွေးမခံရသည့်ပါတီများမှ အချို့လူပုဂ္ဂိုလ်များ မဖြစ်မနေ ပါဝင်ရန်သင့်သည်ဆိုတောင်မှ ညီလာခံတက်ရန်လို အပ်သည့် အစိုးရ လွှတ်တော် စစ်တပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အဓိကနိုင်ငံရေးပါတီကြီး များ၏ ညှိနှိုင်းသဘောတူညီချက်အရသာ ဖြစ်သင့်ပေသည်။ လက်ရှိနိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်ရွေးချယ်မှုမှာ လူ များစု၏ ကိုယ်စားပြုမှုတွင် အားနည်းသည်ဟုဆိုရမည်။ ရွေးကော်တွင်မှတ်ပုံတင်ထားသော ပါတီ ၉၂ ပါတီမှ တယောက်စီ ပါဝင်မည်ဖြစ်ပြီး ရွေးကောက်ပွဲတွင်အနိုင်ရထားသောပါတီများမှ အမတ်အရေအတွက် အနည်းအများမကြည့်ဘဲ ၄ ဦးစီအထိ ပါဝင်ခွင့်ရမည်ဟု ဆိုသည်။ ပြင်ဆင်ရန်လိုအပ်မည့် ကိုယ်စားလှယ်စာရင်းဟု ဆိုရမည်။

တိုင်းရင်သားပါတီနှင့် လက်နက်ကိုင်အဖွဲ့မှမဟုတ်သော တိုင်းရင်းသားကိုယ်စားလှယ် ၅၀ ဖိတ်မည်ဟုဆိုသည်။ တိုင်းရင်း သားပေါင်းစုံမှ ကြားနေသောဘက်အားလုံးမှ လေးစားသောသူများဖြစ်က ပိုကောင်းပေမည်။ လက်ရှိဖိတ်ကြားမှုပုံစံအရ အစိုးရ/လွှတ်တော်/စစ်တပ်မှ တစု၊ တိုင်းရင်းသား လက်နက်ကိုင်များမှ တစု၊ နိုင်ငံရေးပါတီများမှ တစု၊ သုံးစုခွဲ၍ ဖိတ်မည် ဟုဆိုသည်။ မည်သူများပါဝင်လာမည်ကို မသိရသေးသော်လည်း BGF အဖြစ်ပြောင်းဖွဲ့လိုက်သော ယခင်တိုင်းရင်းသား အဖွဲ့များမှ ခေါင်းဆောင်အချို့ပါဝင်လာနိုင်သည်ဟု ယူဆရသည်။

နောက်ဆုံးအစုမှာ အခြားဖိတ်ကြားသင့်သူ ၅၀ ဖြစ်သည်။ နိုင်ငံရေးသိပ္ပံပညာရှင်များ နိုင်ငံရေးလေ့လာဝေဖန်သုံးသပ်သူများ ဥပဒေ သမိုင်း ပထဝီဝင်စသည့် နယ်ပယ်အသီသီးမှ ပညာရှင်များပါဝင်နိုင်က အကောင်းဆုံးဖြစ်သည်။ ထို့ပြင် အနီးခေတ်မြန် မာ့နိုင်ငံရေးသမိုင်းတွင် အရေးပါသည့်အခန်းမှပါဝင်ခဲ့သည့် ၈၈ ငြိမ်းပွင့်မှခေါင်းဆောင်များလည်း ပါဝင်သင့်သည်ဟု သုံးသပ် ရသည်။ လက်ရှိတွင် အဆိုပါ ၅၀ ဦးဖိတ်ကြားရေးအတွက်လည်း အထက်ပါအတိုင်း အစု ၃ စုခွဲ၍ ဖိတ်မည်ဟုဆိုသည်။ ဤသို့ခွဲဝေဖိတ်ကြားခြင်းသည် မျှတသည်ဟုဆိုနိုင်သော်လည်း ဖိတ်ကြားသင့်သည့်သူများနှင့်ပတ်သက်၍ မူတခုတော့ ထားသင့်ပေသည်။

လက်ရှိ တက်ရောက်မည့် ကိုယ်စားလှယ်စာရင်းကိုကြည့်လျှင် ညောင်နှစ်ပင်ညီလာခံထက်စာလျှင် ပို၍ လက်တွေ့ကျသည်ဟု ဆိုနိုင်ပါသည်။ ကိုယ်စားလှယ်စာရင်းတွင် မြန်မာစစ်ဖက်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့မှ ကိုယ်စားလှယ်ဦးရေက များသည်ဟုဆိုနိုင်သော်လည်း ညီလာခံ၏ရည်မှန်းချက်မှာ လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးဖြစ်ရာ လက်နက်ကိုင်တပ်ဖွဲ့ကိုယ်စားလှယ်များများစွာပါဝင်ခြင်းသည် သဘာဝကျသကဲ့သို့ ယင်းတို့အကြား ကျေလည်မှုရနိုင်ရေးက အဓိကကျသည် မဟုတ်ပါလော။

ဆက်လက်ဖေါ်ပြပါမည်
 
photo source : unartforpeace.org


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သတင်းဆောင်းပါး, မောင်မောင်စိုး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments