အေးငြိမ်း – ဝေါဟာရကိစ္စ နှင့် ဓာတ် အကြောင်း

January 12, 2016
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Photo – Than Htay Maung


– ဝေါဟာရကိစ္စ နှင့် ဓာတ် အကြောင်း
(သူ့ဖေ့စ်ဘွတ်) မိုးမခ၊ ဇန်န၀ါရီ ၁၂၊ ၂၀၁၆

ကျွန်တော် စာများ၊ စာအုပ်များရေးသောအခါ များစွာသောအင်္ဂလိပ်စာလုံးများကို ဘာသာပြန်ရန် အခက်အခဲ ဖြစ်ရသည်။ ဥပမာ – အင်္ဂလိပ်စာလုံး structure မှာ ဘာကိုဆိုလိုမှန်း သိ၏။ သို့သော် မြန်မာဘာသာပြန်သည့်အခါ မည်ကဲ့သို့ ဆီလျော် အောင် ဘာသာပြန်ရမည်ကို အတော်ခေါင်းခဲရသည်။ structure ကို မြန်မာလို အဆောက်အအုံဟု အဘိဓာန်များက ဖွင့်ဆို၏။ သို့သော် အင်္ဂလိပ်လို structure က အတော်အသုံးကျယ်ပြန့်သည်။ နေရာကိုလိုက်၍ အဓိပ္ပာယ်ကွဲသွား၏။ structure ဆိုတိုင်း အဆောက်အအုံဟု ဘာသာပြန်လို့မရ။

Superstructure ကို အပေါ်ထပ်အဆောက်အအုံဟု ဘာသာပြန်၏။ ကျွန်တော်သဘောမကျပါ။ သို့သော် ကိုယ်ကလည်း ဘာဝေါဟာရမှ မတီထွင်တတ်သဖြင့် အသာငြိမ်နေရသည်။ သံချောင်းကြီးများဖြင့် ဆင်ထားသော အကွက်၊ အတန်းကြီးများကို steel structure ဟု ခေါ်၏။ ၎င်းကို သံမဏိအဆောက်အအုံဟု ဘာသာပြန်လျှင် တက်တက်စင် လွဲပေမည်။ သံမဏိ အဆောက်အအုံဟု ဆိုလိုက်လျှင် စာဖတ်သူများ၏စိတ်ထဲ၌ သံမဏိများဖြင့် တည်ဆောက်ထားသော အဆောက်အဦကြီးကို ပြေးမြင်မိမှာဖြစ်၏။ ထို့ပြင် သံမဏိများဖြင့် တည်ဆောက်ထားသော အဆောက်အဦကြီးကိုလည်း steel structure ဟု ခေါ်ကြလိမ့်မည် မထင်ပါ။

ကိုယ့်အနေနှင့် ဝေါဟာရတစ်လုံးလောက်တောင် ဖြစ်ဖြစ်မြောက်မြောက် မတီထွင်နိုင်သည့်အခါကျမှ ကျွန်တော် ရှေးလူကြီး များကို ကျေးဇူးတင်မိရသည်။ ရှေးလူကြီးများတီထွင်ခဲ့သော ဝေါဟာရများအနက်မှ ဓာတ် ကိုသုံးထားသော ဝေါဟာရ အနည်းငယ်ကို စေ့ငုကြည့်ကြပါစို့။

လျှပ်စစ်ကို တစ်နေရာမှ တစ်နေရာသို့ သယ်ဆောင်ပေးသောကြိုးကို ဓာတ်ကြိုး ဟု တီထွင်ခဲ့ကြ၏။ (လျှပ်စစ်) ဓာတ်များ စီးဆင်းနေသောကြိုး ဟု အဓိပ္ပာယ် ရပေလိမ့်မည်။
ထိုဓာတ်ကြိုးများကို သွယ်တန်းရန်ထောင်ထားသော တိုင်ကြီးကျတော့ ဓာတ်တိုင်။
ဟော လျှပ်စစ်ကို သိုလှောင်ပေးထားသော ဘက်ထရီတုံးကလေးကျတော့ ဓာတ်ခဲ တဲ့။
ထိုဓာတ်ခဲများထည့်ထိုးလိုက်သဖြင့် အလင်းရောင်ထွက်လာသော အချောင်းကြီးကျတော့ ဓာတ်မီး ဆိုပါလား။

လျှပ်စစ်ကို သွားကိုင်မိသဖြင့် ဒန်တန့်တန်ဟု သချီးယိုးဒယားက,သွားတာကျတော့ ဓာတ်လိုက်သည် တဲ့။

ကောင်းသဗျာ။
ကျစ်ကျစ်လျစ်လျစ်နဲ့ လိုရင်းလည်းရောက်။ ခေါ်ရမှတ်ရလည်းလွယ်။

သို့သော် သည်ခေတ်တွင် သည်လိုတီထွင်တာကို လွယ်လွယ်နှင့်လက်ခံပါ့မလားဟု ကျွန်တော်ကတော့ သံသယဖြစ်မိသည်။

စက်နှင့်မောင်းကာ အထက်တက်၊ အောက်ဆင်းလုပ်သော ဘီရို၊ ဟုတ်ပေါင် အခန်းကလေး၊ သို့မဟုတ် သေတ္တာကလေးကို ကျတော့ ဓာတ်လှေခါးဟု နာမည်ပေးခဲ့ကြသည်။
သည်ခေတ်တွင်သာကျွန်တော်က (ထိုအရာကလေးကို ဓာတ်လှေခါး ဟု နာမည်ပေးလျင် မကောင်းပါလော) ဟု ဖေ့စ်ဘုတ်တွင် တင်လိုက်ပါက ၀ိုင်းဝန်းဆွမ်းကြီးလောင်းကြမည့်သူများမှာ နည်းလှမည်မဟုတ်ပါ။ လှေခါးဆိုတာ အထစ်တွေ ပါရမှာကွ၊ စက်သီးကြိုးနဲ့ ဆွဲတင်တဲ့ သေတ္တာကို မင်းမို့လို့ လှေခါးလို့နာမည်ပေးချင်တယ်။ အတော်ဒူတဲ့ကောင်။ မသကာ စက်သေတ္တာဆို နည်းနည်းတော်သေး ဟု ၀ိုင်းဝန်းကွန်မင့်ပေးကြ၊ ဖဲ့ကြရွဲ့ကြမည့်သူများ အတော်များပေလိမ့်မည်။

မြန်မာစကားတွင် ဓာတ်နှင့်ပတ်သက်သော ဝေါဟာရ အတော်များ၏။

ဝမ်းလျှောတာကို ဓာတ်ပျက်သည်၊ ဓာတ်လျှောသည်ဟု ခေါ်သည်။
ယခုခေတ် ဘန်းစကားကျတော့ ဓာတ်ပျက်သည် ဆိုခြင်းမှာ အပေါက်အလမ်းမတည့်သည်၊ တလွဲတချော်ဖြစ်သည် စသည့် အဓိပ္ပာယ်များရ၏။ သို့သော် သည့်ထက်ပိုအဓိပ္ပာယ်ရပါသေးသည်။ နမူနာအားဖြင့်ပြရလျှင် –

“သား SAEIS စာမေးပွဲဖြေရန်အတွက် စာသင်ခြင်း၊ စစ်ဆေးခြင်းများ လုပ်ပေးနေရခြင်းအားဖြင့် မအားလပ်သောကြောင့် ၀ါသနာပါသည့် စာရေးခြင်းတည်းဟူသော အမှုကို အောင့်အည့်ချုပ်တည်းထားရလေရာ ကျွန်ုပ်မှာ အတော်ဓာတ်ပျက်လျက် ရှိလေသည်။”

ဓာတ်ချုပ်သည်ဆိုခြင်းမှာ ၀မ်းချုပ်တာကို ခေါ်တာဖြစ်၏။
ဝမ်းလျှောနေသူများအားတိုက်သော သကြားနှင့်ဆားရောထားသည့်ရေကို ဓာတ်ဆားရည်ဟု ခေါ်လေ၏။ ဟုတ်ဟုတ်သေးတော့။

ဟော – နေမကောင်းသူများအား နလံပြန်ထလာစေရန် ဟောဒါ၊ ဟောဒါတွေ စားပေး၊ ဒါတွေတော့မစားနဲ့ဟု ဘိန်းဓော ဆရာကြီးများက ရွေးချယ်ပေးသော အစားအသောက်စာရင်းကိုကျတော့ ဓာတ်စာ ဟုခေါ်သတတ်။ ထိုဆရာကြီးများက ထိုကဲ့သို့ ဒါစား၊ ဒါမစားနဲ့ဟု လမ်းညွှန်ခြင်းကို ဓာတ်စာပေးသည်ဟု ဝေါဟာရတွင်၏။

ရောဂါဖြစ်သူ၊ နေမကောင်းသူများအား ဘာရောဂါဖြစ်သလဲဟု ဆီးဝမ်းသွေးစသည်တို့ကိုကျတော့ ဓာတ်ခွဲခန်းသို့ သွားစစ်ရလေသည်။ ဘယ်ဓာတ်တွေချို့ယွင်းနေသလဲဟု ခွဲခြမ်းစိတ်ဖြာကြည့်သောကြောင့် ဓာတ်ခွဲခန်းဟု ခေါ်၏။ ကြိုက်သဗျာ။

ရောဂါရှာတာတင်မဟုတ်။ ဟိုပစ္စည်းနဲ့ သည်ပစ္စည်းစပ်လျှင် ဘာဖြစ်မတုံး ဟု လျှောက်လက်တည့်စမ်းကြည့်သော အခန်းကို လည်း ဓာတ်ခွဲခန်းဟုပင် ခေါ်လေသည်။

အဆုတ်ထဲ ဘာဖြစ်နေသလဲဟု အိတ်စရေးရိုက်ကြည့်တာကျတော့ ဓာတ်မှန်ရိုက်တယ် ဟု ခေါ်ကာ ဓာတ်မှန်ရိုက်ရာမှ ထွက်လာသော ဖလင်ပြားကျတော့ ဓာတ်မှန် ဟု ခေါ်ပြန်သည်။ ထိုဖလင်ပြားမှာ မှန်ပင်မဟုတ်လင့်ကစား စကားလုံးလေးကား အတော်လှလေ၏။ ခေါ်နေကျသွားတော့ ဓာတ်မှန်ဆိုလျှင် လူတိုင်းသိသည်။ ဘယ်သူကမှ မင်းဟာ ကြည့်လို့မှမရဘဲကွ၊ ဘာကိစ္စမှန်လို့ခေါ်ရမလဲဟု ကွန်ပလိန်းတက်မနေ။

ထို့ပြင်လည်း ကင်မရာဖြင့် ဖျတ်ကနဲရိုက်၊ ၎င်းပုံကို ဓာတ်ဆေးရည်ထဲထည့်ဆေးလိုက်သဖြင့် ပုံပေါ်လာသော စက္ကူကျတော့ ဟော – ဓာတ်ပုံတဲ့။ ဒါလည်းမဆိုး။ ကျွန်တော်သာဆို တစ်ခေါင်းလုံးသာဖြူသွားမည်။ ထိုစာရွက်ကလေးကို ဘယ်လိုခေါ်ရမလဲ ဟု နာမည်ပေးရန် ဘယ်လိုနည်းနှင့်မှ အကြံမထွက်နိုင်။

ဒါတင်ဘာဟုတ်ပါအုံးမတုံးဗျာ။
ဆူနေသောရေကိုအတော်ကြာသည့်တိုင် ပူနေအောင်ထိန်းထားနိုင်သော အလုံပိတ်ဘူးကျတော့ ဓာတ်ဘူးဟူ၏။

အသံချဲ့စက်ခေတ်ဦး ဟိုးတုံးက သစ်သားသေတ္တာထဲထည့်၊ သံပတ်ကြီးကိုလက်နဲ့လှည့်ဖွင့်ပြီး လော်ကြီးနဲ့ အသားကုန် အော်တဲ့စက်ကို ဓာတ်စက် ဟု အမည်ပေး၏။ ထိုစက်ပေါ်တင်ပြီးလှည့်၊ အပ်နဲ့ထောက်လိုက်တော့ အသံထွက်လာတဲ့အပြားကို ကျတော့ ဓာတ်ပြား ဟု ခေါ်လေသည်။ အောင်မယ်၊ ဓာတ်ပြားရအဆိုတော်ဆိုတာ ဟိုတုံးက နှယ်နှယ်ရရ အဆိုတော် မဟုတ်ဘဲကိုးခင်ဗျ။ ဒီခေတ်ကလေးတွေ သိချင်မှသိမှာမို့ ဓာတ်ပြားရအဆိုတော်ကို နည်းနည်းလောက် ရှင်းပြပါရစေ။

ဓာတ်ပြားဖြင့်အသံသွင်းရန် ထိုခေတ်က အတော်ဈေးကြီးပေလိမ့်မည်။ ထို့ကြောင့် တော်ရုံတန်ရုံအဆိုတော်လောက်ကို ဓာတ်ပြားဖြင့် အသံသွင်းမပေး။ တစ်နည်းအားဖြင့် အသံမသွင်းနိုင်။ အသံကောင်း၊ အဆိုကောင်းလွန်းလို့ ဓာတ်ပြားနဲ့တောင် အသံသွင်းထားရတဲ့အဆိုတော်ကို ဓာတ်ပြားရအဆိုတော်ဟုခေါ်ကြောင်း တွံ – အသင် လုံကလေး၊ လုံမကလေးတို့သည် ဂဏှာဟိ – မှတ်ကြလေကုန်လော့။

ယခင်က ဖလင်လိပ်ကြီးကို တချွပ်ချွပ်လှည့်ကာ ပိတ်ကားပေါ်သို့ ကာဗွန်မီးဖြင့်ထိုးလျက် အရုပ်လည်းကြည့်ရ၊ အသံလည်း ကြားရသော ရုပ်ရှင်ကို ကျုပ်တို့တောကလူတွေက ဓာတ်ရှင်ဟု ခေါ်လေသည်။ အဘယ်ဓာတ်က အဘယ်ကဲ့သို့ရှင်သည်ကို ကျွန်ုပ်လည်း ခွဲဝေပိုင်းခြား မပြတတ်။ ထွက်လာသည့်အရုပ်များမှာ အစင်းရာနိုင်းချင်း၊ အစက်အပြောက်နိုင်းချင်းနှင့်။ ပိတ်ကား ပေါ်မှ မင်းသားမင်းသမီးများကလည်း တုန်နေသေးသည်။ အသံကလည်း လေသံများရောလျက် ၀ူးဝါးဝူးဝါး။ ဘာပြောသလဲ မနည်းနားထောင်ယူရ၏။ သို့သော် ယခင်က ထိုဓာတ်ရှင်များမှာ အတော်ကြည့်လို့ ကောင်းလေသည်။ ကွန်ုပ်တို့မှာ ထို ဓာတ်ရှင်ကို ရွာမှ လေးငါးမိုင်မျှဝေးသော အရပ်သို့ သွားကြည့်ကြရ၏။ သို့တိုင် မည်သူမျှ မညည်းညူ။ သွားကြသည်သာ ဖြစ်လေသည်။

ဓာတုဗေဒပစ္စည်းတွေကို ခွဲခြမ်းစိတ်ဖြာတဲ့အခန်းကျတော့ ဓာတ်ခွဲခန်းဟု ခေါ်၏။ သို့သော် ဓာတ်ခွဲခန်းမှ (ခွဲ) ကိုဖြုတ်လိုက်ပြီး ဓာတ်ခန်း ဟု လုပ်လိုက်လျှင်မူ အဓိပ္ပာယ်မှာ အတော်ပြောင်းသွားလေသည်။ ဓာတ်ခန်းကို ဓာတ်နန်းဟုလည်း အဆင့်မြင့်မြင့် ခေါ်တတ်ကြသေး၏။ ဓာတ်ခန်း သို့မဟုတ် ဓာတ်နန်းမှာ ဘာတဲ့၊ ဟိုအထက်ဆရာကြီးများ၊ ဘိုးဘိုးကြီး၊ မယ်မယ်ကြီးများအား ပူဇော်ပသရာ နေရာဖြစ်လေသည်။ ထိုနေရာတွင် ပယောဂပူးကပ်နေသူများကို ကုသပေးသည်။ နတ်နှင့်ပတ်သက်သော အမှု ကိစ္စများကို ပြုလုပ်သည်။ အတွင်း (၃၇) မင်း၊ အပြင် (၃၇) မင်း၊ ကိုကြီးကျော်၊ မမနှဲ၊ အနောက်နန်းမတော်၊ အမေရေယဉ်၊ မင်းကြီးမင်းလေး စသူတို့ တခန်းတနား ကျက်စားရာနေရာဖြစ်၏။

ထိုနေရာနှင့်တိုက်ရိုက်ပတ်သက်နေသည့် စကားလုံးတစ်ခုမှာ ဓာတ်စီးသည် ဟူသော ဝေါဟာရဖြစ်၏။ ဓာတ်စီးတယ်ဆိုတာ အထက် ဘိုးတော်၊ ဘွားတော်၊ မင်းကြီး၊ မင်းလတ်၊ မင်းလေး၊ မင်းပေါက်စနတို့က သက်ရှိလူသားကို ပူးကပ်ကာ သားတော် သမီးတော်တို့ ငါ့ကို မခံ့မညားလုပ်ရင်တော့ အကြောင်းပြရသေးတာပေါ့ ညှင်းညှင်းညှင်းဟု မျက်လုံးကိုမှိတ်၊ ဘေးဘယ်ညာ ယမ်းလျက် အသံ ဗလုံးဗထွေးဖြင့် ဓားကြိမ်းကြိမ်းကာ ဘယ်ကောင်မက ဘာဖြစ်တာ၊ ဟိုအကောင် ဘယ်လိုဖြစ်မယ် ဟု အတတ်ဟောခြင်း ဖြစ်လေသည်။

အောင်မယ်၊ ဓာတ်စီးတယ်ဆိုလို့ နှယ်နှယ်ရရမမှတ်ပါနှင့်။ ဓာတ်က စီးချင်တိုင်းစီးလို့ရတာမဟုတ်။ သူတို့နှင့် နီးစပ်သူများသာ စီးလို့ရလေသည်။ ကျွန်တော့်လို ဘိုးတော်၊ ဘွားတော်၊ ပျောက်စေ၊ ရေမန်း၊ အကြားအမြင်၊ နတ်၊ စုံး၊ တစ္ဆေသရဲ၊ သူရဿတီ၊ အမေရေယဉ်၊ မင်းကြီးမင်းလေး၊ နတ်နန်း၊ ကိုးမြို့ ဆိုတာတို့ကို နည်းနည်းကလေးမှ အယုံအကြည်မရှိသော လူ့ခွစာအဖို့ ဓာတ်ကိုစီးဖို့နေနေသာ။ ဓာတ်ပါးချပ်ကြိုးတောင် ကိုင်ခွင့်ရမှာမဟုတ်။

(ပိုသိလိုသူများ ကျော်မြသန်း၏ ကနားစီးမောင်မောင်လတ်၊ နုနုရည်(အင်းဝ) ၏ ပြုံး၍လည်း ကန်တော့ခံတော်မူပါ၊ ငို၍ (ဟုတ်ပေါင်) ရယ်၍လည်း ကန်တော့ခံတော်မူပါ စသည်တို့ကို ဖတ်ပါ။)

အနှီဓာတ်များနှင့် နီးစပ်သော နောက်ဝေါဟာရတစ်ခုမှာ ဓာတ်လုံး ဖြစ်လေသည်။
ဓာတ်လုံး၏ အစွမ်းသတ္တိကား အတော်များလေသည်။ ငယ်စဉ်က ကျွန်တော်ကျက်မှတ်ထားသည်များကို ပြန်လည် ဖောက်သည်ချရလျှင် – ဆောင်ရင်လေးတယ်၊ ပစ်ရင်အဝေးရောက်တယ်။ ရေစိမ်သောက်ရင် သေးပေါက်တယ် ဟူ၏။

ကျွန်တော်မြင်ဖူးသော ဓာတ်လုံးမှာ ကျောက်ခဲကို ရွှေရည်စိမ်ထားသော အလုံးကလေး ဖြစ်၏။ သူကလည်း နှယ်နှယ်မဟုတ်။ ၉၆ ပါးသောရောဂါတို့ကို ဘယ်ဆေးရုံဆေးခန်းမှ သွားစရာမလို၊ ဘယ်ဆရာဝန်မှ ပြစရာမလိုဘဲ ရေစိမ်သောက်ရုံမျှနှင့် ပျောက် ကင်းစေနိုင်သော အစွမ်းရှိလေသည်။ ထိုမျှသာမက မကောင်းဆိုးဝါးတို့ ပူးဝင်လာလျှင်သော်မှ အနှီဓာတ်လုံးဖြင့် ခုတ်ထည့် လိုက်လျှင် အောင်မယ်လေး၊ ဘလေးတကာ ထဘီစွန်တောင်ဆွဲပြေးရသည် ဟု အဆိုရှိ၏။ ဤမျှ အစွမ်းထက်လှသော ထိုအလုံးကလေးကို ဓာတ်လုံးဟု အမည်ပေးခဲ့သော ပညာရှိကြီးများအား ကျွန်ုပ်မှာ အထူးကျေးဇူးတင်မိလေသည်။ ကျွန်ုပ်သာဆို ထို ဘက်စုံသုံးအလုံးကလေးကို မည်ကဲ့သို့ အမည်ပေးရမှန်းမသိသဖြင့် စဉ်းစားရင်း တစ်ခေါင်းလုံး ဖြူသွားစရာ ရှိပေသည်။ (ယခုလည်း မမည်းပါ။)

ယူရီးယား၊ ပိုတက်စသည့်သဘာဝမဟုတ်သော လူလုပ်မြေသြဇာများကျတော့ ဟော၊ ဓာတ်မြေသြဇာ တဲ့။ တယ်လဲအသုံးတည့်တဲ့ ဓာတ် ပေပ ခင်ဗျာ။

ကျွန်တော်တို့ ဆယ်တန်းကျောင်းသားဘ၀က ဓာတုဗေဒ ဆိုတာကြီး သင်ရသည်။ ဘာတဲ့ တိုက်တြေးရှင်းဆိုတာ၊ အရမ်းခက် ဆိုပါလား။ ကျွန်တော်တော့ ဆယ်တန်းသာ အောင်လာရော၊ အဲဒီ တိုက်တြေးရှင်းဆိုတာကြီးကို ဘယ်လိုကျော်လို့ကျော်ခဲ့မှန်း တောင် မသိလိုက်။ ဟိုဓာတ်သည်ဓာတ်တွေအကြောင်း သင်ရသည့်အတွက် ဓာတုဗေဒ ဟု ခေါ်သည်။ ဓာတုဗေဒဆိုတာ ဗမာစကားမဟုတ်။ ဓာတ်ခွဲခြင်းအတတ်ပညာဟု အဓိပ္ပာယ်ရပါလိမ့်မည်။ ဓာတ်ခွဲခြင်းဆိုတာလည်း ဗမာစကားစစ်စစ် မဟုတ် သေး။ ဓာတုဆိုတာ ပါဠိစကားဖြစ်၏။ ဗေဒ ဆိုသည်မှာ ဝေဒ (Veda) ကို မြန်မာမှုပြုထားခြင်းဖြစ်ပြီး အသိပညာဟု အဓိပ္ပာယ် ရသည်။

(မြန်မာနိုင်ငံ အင်္ဂလိပ်ကိုလိုနီလက်အောက်ကလွတ်လာတော့ အင်္ဂလိပ်စကားလုံးများကို မြန်မာဝေါဟာရဖြင့် ဘာသာ ပြန်ဆိုရန် ကြိုးစားကြပုံအကြောင်း လူကလေး၊ လုံမကလေးတို့ လေ့လာသင့်သည်။ ကျွန်တော်ဖတ်ခဲ့တာ အနှစ် ၂၀ ကျော် အစိတ်လောက်ရှိပြီမို့ အခု သိပ်မမှတ်မိတော့။ ခပ်ရေးရေးသာ မှတ်မိတော့သည်။)

ပထ၀ီ၊ တေဇော၊ အာပေါ၊ ၀ါယောဆိုတာကျတော့ ဓာတ်ကြီးလေးပါး ဖြစ်၏။ ဓာတ်သဘောအရ ဟောသည် ကမ္ဘာလောကကြီး ကို ခွဲခြမ်းစိတ်ဖြာကြည့်လိုက်လျှင် ထို ဓာတ်ကြီးလေးပါးကလွဲလို့ ဘာမှ မရှိ။

စိတ်သဘောချင်းတူမျှသူကိုကျတော့ ဓာတ်တူနာမ်တူဟု တင်စားလေသည်။ ဤနေရာတွင်မတော့ ဓာတ်ဟူသည် လူ့ခန္ဓာ ကိုယ်ကို ရည်ညွှန်းပြီး နာမ်ဆိုသည်မှာမူ စိတ်ကို ရည်ညွန်းပါလိမ့်မည်။ ဓာတ်တူနာမ်တူကို မြန်မာစကားလုံးဖြင့် ဖလှယ်လိုက်ရ လျှင် စိတ်တူကိုယ်တူ ဟု ဆိုနိုင်မည်လားမသိ။

ဤသည်မှာ ရှေးလူကြီးများတီထွင်ခဲ့သော ဝေါဟာရပေါင်း မြောက်များစွာအနက်မှ ဓာတ်နှင့်ပတ်သက်သော ဝေါဟာရများ ဖြစ်၏။ စိတ်ကူးမိသမျှ ရေးပါသည်။ အခြား ဓာတ်နှင့်ပတ်သက်သော ဝေါဟာရမျှား ကျန်နိုင်ပါသေးသည်။ မိတ်ဆွေတို့ ကူညီ ရှာဖွေပေးကြပါကုန်။

အထက်ပါရေးသားထားချက်များထဲ၌ အမှားပါကလည်း ပြင်ပေးကြပါကုန်။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၈ ဇန္န၀ါရီလ၊ ၂၀၁၆။ ၀၀း၅၂ နာရီ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခေတ်ပြိုင်အတွေ့အကြုံ

One Response to အေးငြိမ်း – ဝေါဟာရကိစ္စ နှင့် ဓာတ် အကြောင်း

  1. Zaw Aung on January 13, 2016 at 6:07 am

    နှစ်ပေါင်းများစွာ အဲဒီ ဓါတ် ဆိုတဲ့စာလုံးကို စိတ်ဝင်စားမိပါတယ်။ အခု ဦးအေးငြိမ်း ပြည့်စုံအောင် သုတေသနလုပ်ပေးလို့ ကျေျးဇူးတင်ပါတယ်။ လျှပ်စစ်ကို ဓါတ် လို့သုံးပြီး၊ အခု အီလက်ထရွန်းနစ်နဲ့အင်တာနက်ကို အီး အိုင် မြန်မာမှုပြုလုပ်နေကြပါပြီ။

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်