လောအယ်စိုး – ကဗျာ ဖြစ်သွားသော ကယန်းတို့၏ ပုလွေ သံစဉ်လှိုင်း

January 21, 2016

 

လောအယ်စိုး – ကဗျာ ဖြစ်သွားသော ကယန်းတို့၏ ပုလွေ သံစဉ်လှိုင်း
(မိုးမခ) ဇန်န၀ါရီ ၂၁၊ ၂၀၁၆

ဝန်းရံထားသော၊ တောင်တန်းကြီးများက၊ စိမ်းညို့ညို့၊ အိနြေ္ဒကြီးကြီးတည်ငြိမ် လှပေ သည်။ ရာသီဥတုကတော့၊ မိုးဦးဝင်ခါစ၊ စနေနေ့ဆိုပေမယ့်၊ ဒီနေ့နံနက်၊ တီကျိတ်ကျေးရွာ တွဲသက် အလယ်တန်းကျောင်း၏ တံခါးများက ဖွင့်လို့ထားသည်။

“ကိုလောအယ်စိုး၊ အဆင်ပြေလို့ရှိရင် မနက်ဖြန် ကျွန်တော်တို့၊ ဆရာ၊ ဆရာမတွေရဲ့ တစ်ဆယ့်သုံးကျေးရွာအုပ်စု၊ အစည်းအဝေးရှိလို့၊ လေ့လာတဲ့သဘောနဲ့လာခဲ့ပါဗျာ။”

တည်ငြိမ်စွာဖြင့်၊ တီကျိတ်ကျေးရွာ တစ်ဆယ့်သုံးကျေးရွာ တွဲဘက်အလယ်တန်း ကျောင်းအုပ်ကြီး၊ ဆရာ ခွန်းညိုမြင့်က ကျွန်တော့ကိုဖိတ်ကြားခြင်းဖြစ်သည်။ အသက်အရွယ်အားဖြင့် ငါးဆယ့်ကျော်ခန့် ရှိနေပြီးဖြစ်သော ကျောင်းအုပ်ကြီး ဆရာခွန်းညိုမြင့်သည် ကယန်းအမျိုးသားတစ်ဦးဖြစ်သည်။

“အသက်နှစ်ဆယ် စွန်းစွန်းကတည်းက၊ ကျွန်တော် ဒီရွာမှာ တာဝန်ကျပါတယ်။ စစ်ကိုင်း ဖွံ့ဖြိုးရေး ကျောင်းဆင်းတစ်ယောက်ပါ။”

အသားညိုညို၊ ဆံပင်တိုတို ညှပ်ထားသော ဆရာခွန်းညိုမြင့်သည် ပယ်ခုံမြို့နယ် ဆိုင်းခွန်သား တစ်ဦးဖြစ်သည်။ ဗုဒ္ဓဘာသာဝင်တစ်ဦးလည်းဖြစ်သည်။

” ကျွန်တော် အသက် လေးဆယ်ပြည့်ကတည်းက အသားကြီး၊ ငါးကြီးတွေမစားတော့ပါဘူး။”

ဆရာခွန်းညြို့မင့်၏ ရိုးစင်းသော၊ ဘဝနေထိုင်မှု၊ ပညာရေးအတွက် စေတနာအပြည့်နှင့် အားသွန်ခွန်စိုက် လုပ်ဆောင်မှုကိုတော့ ဒေသခံများက အသိအမှတ်မပြု၍ မရ။

“ကျောင်းစာသင်ခန်းအတွက် စာသင်ခုံတွေကိုတော့ ဆရာခွန်းညိုမြင့်က၊ သူကိုယ်တိုင် ကျောင်းသားတွေအတွက် လက်သမားတစ်ဦးလို လုပ်ပါတယ် … အစ်ကိုရေ” ဆိုတဲ့ စကားကို ကျွန်တော် ကြားယောင်နေမိပါသည်။

“ကျွန်တော်တို့ဖွံ့ဖြိုးကျောင်းက ဘက်စုံတတ်အောင်တော့ သင်ပေးလိုက်တာပဲ”။ ပြုံး၍ ဆရာခွန်းညိုမြင့်က ကျွန်တော့်ကိုပြောပြနေခြင်းပါ။

“ကယန်းပြည်သစ် လက်နက်ကိုင်တပ်နဲ့ အစိုးရတပ်တို့ အပစ်အခတ်မရပ်ခင်ကတည်းက ကျွန်တော် ဒီ တီကျိတ်ရွာသို့ ရောက်ပါတယ်။ ၁၉၉၂ မိုးတွင်းကတည်းကပါပဲ။”

ထိုစဉ် ကာလမငြိမ်းချမ်းသေးသည့် နယ်မြေအနေအထားကြောင့်၊ ကယန်းအမျိုးသားတို့ နေထိုင်သော တီကျိတ်ကျေးရွာသည် အိမ်ခြေ ဆယ်လုံးမျှပင်မပြည့်။

စိန်ခေါ်မှုပေါင်းများစွာ အခက်အခဲတို့နှင့် ယဉ်ပါးသွားပြီဟု ထင်မှတ်ရလောက်အောင် အသက် နှစ်ဆယ်ကျော်ကျော် အရွယ်သာရှိသေးသည့် ဆရာ ခွန်းညိုမြင့်လို့ ထိုစဉ်ကာလအတွေ့ အကြုံရင်ဆိုင်ဖြတ်သန်းရမှု သူတို့၏ဘဝကိုရင့်ကျက်သွားအောင်၊ သင်ကြားပေးလိုက်ခြင်း ဖြစ်ပေလိမ့်မည်။

မငြိမ်းချမ်းသေးသောကာလအတွင်းကလေးငယ်များတို့၏ ပညာရေးအခန်းကဏ္ဍာက၊ မှေး မိန်လွန်း လှပေသည်။ သူတို့ကလေးအတွက် ဘဝသည် တောင်တန်းများပေါ်တွင် အလေ့ကျ ပေါက်နေသော အရိုင်းပန်းလေးများပမာ။

ထိုစဉ်ကာလ၊ လူထုတို့၏ ဘဝများသည်လည်း နှစ်ဘက်သော လက်နက်ကိုင်အဖွဲ့အစည်း တို့၏ ပဋိပက္ခများ၊ အခြားတွင် မိမိတို့ဘဝနှင့် မိသားစုဝင်တို့ဘဝများတို့  ပြိုလဲပျက်စီးမှု မရှိအောင် မတိမ်းမစောင်း နေထိုင်ရသောဘဝဖြစ်သည်။

မယုံကြည်မှု၊ သံသယများကတော့ရှိမည်အမှန်၊ ပညာရေး၏ ဆီမီးအလင်းရောင်လို ထွန်းညှိနိုင်ရန်အတွက်၊ ဆရာခွန်းညိုမြင့်သည် သံန္နိဌာန် အခိုင်အမာချထားပြီး၊ တီကျိတ်ကျေးရွာ လေးသို့၊ အရောက် လှမ်းလာခဲ့ခြင်းဖြစ်သည်။

“ဒီရွာက ငှက်ဖျားလည်း ဆိုးတယ်။ ပြီးတော့ ကျွန်တော်၊ ဗုဒ္ဓဘာသာ၊ တီကျိတ်မှာက၊ ကက်သလစ် ဘာသာဝင်တွေက များတယ်လေ။”

ရုန်းကန်မှု၊ အသစ်သော စိန်ခေါ်ချက်များကို ရင့်ကျက်သော နှလုံးသားဖြင့် လက်ခံရင်ဆိုင်ပြီး ဆယ်စုနှစ်၊ နှစ်စုကျော်ကျော်လို့ ဆရာခွန်းညိုမြင့် ရင်ဆိုင်ကာကျော်ဖြတ်နိုင်ခဲ့ပေသည်။

တီကျိတ်ကျေးရွာသည်၊ ရှမ်းပြည်နယ်၊ ဖယ်စုံမြို့နယ်အတွင်းရှိ၊ ကျေးရွာလေး၊ တစ်ရွာဖြစ် သည်။ သဘာဝရာသီဥတုနှင့် တည်နေရာအနေအထားကြောင့် အောက်ပြည်၊ အောက်အရပ်မှ၊ တီကျိတ်ကျေးရွာလေးလို့၊ ထိုစဉ်အချိန်ကအရောက်ရှိခဲ့သူများနည်းပါးပေလိမ့်မည်။

ယခုနွေရာသီကားလမ်းလည်းရှိပြီး ကားကြုံရှိပါက လှိုင်ကော်မြို့မှ တီကျိတ်ကျေးရွာလေးသို့၊ တစ်ရက်တည်းနှင့် ခရီးပေါ်ပေါက်နိုင်သည်။ ထားအုံး၊ အရေးကြီးသော၊ ကိစ္စအထူးအထွေမရှိပါက၊ တီကျိတ်လို၊ ကျေးရွာလေးကို လာနိုင်လောက်သော၊ အကြောင်းတစ်စုံတစ်ရာရှိနိုင်မည်မထင်ပါ။

ကျွန်တော့အတွက်တော့၊ ခင်မင်ရင်းနှီးရပါသော၊ ကယန်းအမျိုးသားကြီးတစ်ဦးက …

“ခင်ဗျား၊၊ တီကျိတ်လိုကခဲ့၊ ဒီမှာကျွန်တော်ဘယ်လိုပင်ပန်းပင်ပန်း၊ အလုပ်လုပ်နေရသလဲဆိုတာ လိုက်ကြည့် အုံး …” ဟု၊ ဖိတ်ကြားခြင်းခံရသောကြောင့်၊ တီကျိတ်ကျေးရွာလေးသို့ ကျွန်တော် ရောက်ရှိခဲ့ခြင်းဖြစ် ပါသည်။

မိတ်ဆွေကြီး၏ စီစဉ်ပေးမှုကြောင့် အားလုံးကအဆင်ပြေသည်။ မောင်းသူနှင့်ကားက လည်းအဆင်သင့်၊ ကားပိုင်ရှင်ကလည်း၊ ကျွန်တော်နှင့် ဒီခရီးစဉ်အတွင်း၊ သိကျွမ်းရင်းနှီး မူရှိနေသူတစ်ဦး၊ ခရီးပြု ဘို့သာ ရှိနေတော့သည်။ မိုးကလည်းမနေ့ညက အတော့်ကို သည်းထား ပုံရသည်။ လွိုင်ကော်မြို့နှင့် ဆီဘူးကျေးရွာအထိတော့ ကိစ္စမရှိ။ ဇာတ်လမ်းက ဆီဘူးနှင့် ကျေးရွာခရီးတွင် စပေပြီ။

“ကျွန်မတို့က ဒီဒေသက လူတွေရဲ့၊ စာရိတ္တလို့ ယုံကြည်ပါတယ်။ ဒါပေမဲ့ ဆရာမလေးတွေ လကုန်လို့ အစည်းအဝေးတွေ့ရှိတဲ့အခါ၊ ဒါမှမဟုတ် လူမှုရေးကိစ္စ၊ သာရေး၊ နာရေးတွေရှိလို့ ဆီဘူးကို လမ်းလျှောက်သွားရင်၊ အဖော်တစ်ယောက် မဖြစ်မနေ ထည့်ပေးစေချင်ပါတယ်ရှင့်။”

ကျေးရွာမှ တာဝန်ရှိသူများနှင့် ကျောင်းသားမိဘတို့အား ဆရာမတစ်ဦးမှ မေတ္တာရပ်ခံချက် ဖြစ်ပါသည်။

တီကျိတ်ကျေးရွာနှင့် ဆီဘူးကျေးရွာ၏ အကွာအဝေးသည် မော်တော်ကားနှင့် ခရီးပြု မောင်းနှင်ပါက၊ သုံးနာရီကျော်ကျော် ခရီးပြုရသသည်။ လမ်းကတော့ နွေရာသီကားလမ်း၊ အထူးသဖြင့် မိုးတွင်းကာလအတွက် ခရီးသွားရသည်မှာအတော်ခက်ခဲသည်။

အသက်နှစ်ဆယ်ကျော်ကျော် ပြည်မနှင့် ရှမ်းပြည်နယ်၊ နယ်ဖယ်စုံမြို့နယ်အတွင်းတို့မှ လူငယ်ဆရာ၊ ဆရာမတို့သည် တီကျိတ်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ရှိက ယန်းတိုင်းရင်းသား တို့၏ ကျေးရွာများတွင် လာရောက်ကာပညာရေးဝန်ထမ်းများအဖြစ်နှင့် တာဝန်ထမ်းဆောင်ရ ပေသည်။

ရွေးချယ်ခွင့်သာ ရရှိခဲ့လျှင် ဆိုပါက သူတို့သည်လည်း ဤဒေသသို့ လာရောက်မည် မဟုတ် သည်ကား သေချာသလောက်ရှိပေသည်။ သို့သော် မိမိတို့၏ ဘဝက မိမိတို့ပိုင်ဆိုင်ခြင်းမရှိတော့သည့် အစိုးရဝန်ထမ်းဘဝလို့ သူတို့ ရွေးချယ်ထားသောကြောင့် ခက်ခဲကြမ်းတမ်းမှုများ တို့ကို စိန်ခေါ်ကာ ဤဒေသသို့ ရောက်ရှိခဲ့ကြပေသည် မဟုတ်ပါလား။

ယင်းမာပင်၊ မြင်းခြံ၊ ကျောက်ပန်းတောင်းနှင့် မန္တလေးတိုင်းဒေသတို့မှ ဗမာလူမျိုးဆရာ၊ ဆရာမတို့ အပြုံးမျက်နှာ အစုံစုံလို့၊ ကျွန်တော်အစည်းအဝေးတွင် ဆုံတွေ့ခဲ့ကြသည်။

လူမျိုးရေး၊ ယဉ်ကျေးမှု၊ ဘာသာရေး၊ တံတိုင်းအကာအရံ ကြီးမားလှသော တောင်တန်း ဒေသများပေါ်သို့၊ ဗမာလူမျိုး၊ ကျောင်းဆရာ၊ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် အခြားသော အစိုးရဝန်ထမ်းအသီးသီးတို့ သွားရောက်ကာ မင်းမှုထမ်းကြသည်။

ခါးသီးလှသောအတွေ့အကြုံ၊ ဘဝဖြတ်သန်းမှုများကိုအခြေခံပြီးဗမာလူမျိုး၊ ဆရာ၊ ဆရာမ တို့ကား၊ ဒေသခံတို့က၊ ဦးစွာ မျက်လုံးစိမ်း၊ သံသယနှလုံးသားများဖြင့် ကြိုဆိုတက်ကြသည်။ ဒါကလည်း မဆန်း။

ခေတ်သည်၊ သံသယ၊ အမုန်းတရားများကို၊ လှိုင်လှိုင်သွေးများနှင့် ပေးထားသည် ဆိုတော့။ မည်သူတစ်ဦး တစ်ယောက်ကိုမျှ၊ အပြစ်တင်၍ ရတောမည်မဟုတ်တော့။ ခက်ခဲ၊ နာကျင်မှုများထဲမှ အကောင်းဆုံးသာ ကြိုးစားရမည်ကတော့၊ ဆရာ၊ ဆရာမများတို့၏ တာဝန်များသာဖြစ်သည် မဟုတ်ပါလား။

သူတို့တွေ၏အရင်းအနှီးကား၊ ခိုင်မာသောသံန္နိဌာန်နှင့် မြင့်မြတ်သောချစ်ခြင်း မေတ္တာ လွှမ်းခြုံသည့် နှလုံးသားပေတည်း။ ရာသီဥတု မတူညီသော အတွေးအခေါ်များလို့၊ စာနာနားလည် သော၊ နှလုံးသားဖြင့်၊ မေတ္တာတရားများကို ပွားများရသည်။

ပညာရေးသည် ကလေးငယ်များတို့နှင့် လူမျိုးစုတစ်ခု၏ အကြီးအမားဆုံးသော အနာဂါတ် အရင်းအနှီးဖြစ်သည့် ဆိုလိုခြင်းလို့လည်း ဒေသခံများ တစ်ဖြေးဖြေးနှင့် နားလည်မှုရှိလာအောင် ကြိုးစားရသည်။

ကယန်းလူမျိုး၊ ဆရာ၊ ဆရာမငယ်တို့နှင့် ဗမာလူမျိုး၊ ပြည်ပမှ ရောက်ရှိလာသည့်၊ ဆရာ၊ ဆရာမတို့၏ အနစ်နာ ၊မေတ္တာ၊ စေတနာတို့ အရင်းခံပြီး၊ ထွန်းညှိထားသော၊ အလင်းမီးအိမ်သည်၊ ကယန်းတောင်တန်းပေါ်တွင် မမှေးမိန်ဘဲ၊ အခက်အခဲ အမှောင်ထုကိုများလို့ အံတုကာလင်း လျှက်ရှိသည်။

အနစ်နာ၊ မေတ္တာ၊ စေတနာတရားတို့သည် တံတိုင်းကြီးများကို ဖြိုခွင်းရိုက်ချိုးပစ်နိုင်လိမ့် မည်မျှ ကျွန်တော်အပြည့်အဝယုံကြည်ကြပါသည်။

“ကျွန်မလည်း ဒီမှာတာဝန်ကျတာ ရှစ်နှစ်ရှိပါပြီး၊ အခက်အခဲတွေလည်းအမျိုးမျိုးပေါ့ အစ်ကို ရာ၊ ပြောင်းရွှေ့ခွင့်တော့ တင်ထားပါတယ်။ မိဘနဲ့နီးတဲ့ အရပ်မှာတော့ နေချင်တာပေါ့။”

ပြုံး၍ကျွန်တော့ကို ပြောသောဆရာမလေးသည် အသက်သုံးဆယ်ခန့်သာရှိပေလိမ့်မည်။

“ကျွန်မ ဆယ်တန်းအောင်ပြီးတာနဲ့ မိဘကလည်း မတက်နိုင်၊ တက္ကသိုလ်မတက်ဖြစ်ပါဘူး။ စာပေးစာယူယူပြီး၊ ဒီ ကျောင်းဆရာမ အလုပ် လာလျှောက်ခဲ့တာပါ။ ဝါသနာကလည်း ပါတာကိုး။”

ဆရာမလေး၊ ဒီကယန်းတောင်တန်းပေါ် ရောက်ရှိနေသည်မှာ ရှစ်နှစ် ကျော်ကျော် ရှိသွား ချေပေပြီ။ ယခုသူမက၊ မူလတန်းကျောင်းအုပ်၊ တီကျိတ်ကျေးရွာအုပ်စုဝင်ထဲ ပါဝင်သောရွာ တစ်ရွာမှ ဆရာမတစ်ဦးဖြစ်သည်။ ကျွန်တော် ဆရာမလေး၏ လစာကိုတော့ မမေးမိပါ။ မြန်မာ ကျပ်ငွေ၊ တစ်သိန်းကျော်ကျော်တော့ ရရှိပေလိမ့်မည်။

သူတို့တတွေရရှိသော လစာများထဲမှ အသီးသီးသော၊ မိဘ၊ ညီအစ်ကိုများကို၊ ထောက်ပံ့ နေခြင်းသည်လည်း အားရကြည်နူးဖွယ် မင်္ဂလာတစ်ပါးပင်။

မိမိတို့၏ ချွေးနဲစာ၊ အခက်အခဲ၊ ပင်ပန်းနာကျင်မှုထဲမှ ရရှိထားသောလစာငွေ၊ တန်ဘိုးရှိ လှပေသည်။

ပျိုမျစ်နုနယ်သည့် အချိန်ကို၊ လူသားတို့သည် ပုံသဏ္ဍန် အမျိုးမျိုးတို့ဖြင့် အသုံးပြုကြသည်။ မိမိ အသက်ကာလ သုံးပုံတစ်ပုံခန့်ကို ပညာရှာဖွေရင်း၊ အသုံးပြုသွားကြသောသူများရှိပါသည်။ သာမန်ရိုးရိုးဘွဲ့၊ မဟာဘွဲ့၊ တစ်ခါ ပါရဂူဘွဲ့၊ ဘွဲ့များများရရှိထားခြင်းသည်ကိုက၊ ဂုဏ်တစ်ခုခု မဟုတ်ပါလား။ တိုးတက်သော နိုင်ငံကြီးများတွင် ဘွဲ့ကိုတစ်ခုစီအစိုးရထံမှ၊ ပညာရေးအတွက် ငွေကို ချေးယူနိုင်ကြသည်။ ပြီးတော့ အကြွေးလို ဆပ်ပါလေတော့ တစ်သက်လုံးနီးပါး။

ပညာကိုအဆင့်မြင့်မြင့် ကျွမ်းကျင်စွာတက်မြောက်ခြင်းသည် ကောင်းမြတ်သည့်အရာ ဖြစ်သည်ဟု ကျွန်တော်ခံယူပါသည်။ သို့သော် မိမိ၏ ဘဝခံယူချက်မိမိတို့၏ လူမှုအဖွဲ့အစည်း ကိုပြန်လည်၍ အကျိုးပြုနိုင်သော ပညာရပ်များဖြစ်ပါက၊ ကျွန်တော်တို့ လူအဖွဲ့အစည်းအတွက် အလွန်၊ တန်ဘိုးရှိမည်ဟု ကျွန်တော်ယုံကြည်ပါသည်။

လွတ်လပ်ရေးရကတည်းက ၊ ပဋိပက္ခ၊ အနိဋ္ဌာရုံ၊ ဒုက္ခများ အတွေ့အကြုံ တွေ့နေရဆဲဖြစ် သည်။ ကျွန်တော်တို့ မြန်မာနိုင်ငံတွင် မိမိတို့သင်ကြားတတ်မြောက်ထားသော ပညာရပ်များဖြင့် နိုင်ငံလို့ အစေခံ၊ ကုစားပေးရန်အတွက်၊ သားကောင်း၊ သမီးကောင်းများယနေ့လိုအပ်နေပါသည်။

၁၉၈၈ လူထု၊ အရေးအခင်းကြီး ပြီးဆုံးသွားပြီးနောက်၊ ရေခြား၊ မြေခြား၊အရပ်ဒေသ အသီးသီးသို့၊ ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် ရောက်ရှိသွားကြသည့်အမိမြန်မာနိုင်ငံရင်သွေး အမြောက် အများရှိပါသည်။

အဝေးရောက်၊ သားသမီးတို့သည် မိမိတို့ သင်ကြားတက်မြောက်ထားသည့် ပညာရပ်များ၊ ပြည်ပတွင် ရရှိထားသောအတွေ့အကြုံများဖြင့် ကျွန်တော်တို့ မွေးဖွားသော မြန်မာနိုင်ငံလို၊ မိမိတို့ စွမ်းအားရှိသလောက်လေး၊ ပေး၍ ရနိုင်သောအချိန်ကာာလအတွင်း ပြန်၍ အစေခံပါက၊ ကျွန်တော်တို့ တိုင်းပြည်ကြီးအတွက် တန်ဘိုးရှိလှပေမည်။

အခက်အခဲပေါင်းများစွာကြားထဲက တိုင်းရင်းသားပေါင်းများစွာတို့ ရှိရာထဲမှ၊ တောင်တန်းဒေသသို့၊ ရောက်ရှိနေကြသော ပြည်မမှ ဆရာ၊ ဆရာမများတို့၏ မေတ္တာဖြင့် စွမ်းဆောင်မှုများတို့ကို ကျွန်တော်ရင်ထဲမှ လှိုက်လှိုက်လှဲလှဲကြီး၊ ဂုဏ်ပြုကျေးဇူးတင်ပါသည်။

ယခုလက်ရှိ၊ မြန်မာနိုင်ငံ၏ အခြေအနေကို ကျွန်တော်ဥာဏ်မှီသလောက် သုံးသပ်ရပါက၊ လူတန်းစားကွာဟမှု၊ အလွန်ကြီးလှပေသည်။

ဤအရာကိုပင် ပြောင်းလဲမှုကြီးတစ်ခုခုဟုပင်၊ ဆိုရတော့မည်ကား။ ကျွန်တော်လည်း ဝေခွဲ၍မရနိုင်။

တစ်နေ့လုပ်၊ တစ်နေ့စား၊ ရုပ်စွအဆုံး ပလတ်စတစ်ကောက်၍၊ စာတမ်းစာရွက်ရှာဖွေ စားသောက်သည့် သူများအနေနှင့်တောင် လက်ကိုင်တယ်လီဖုန်းနှင့်၊ မည်သို့ပင်ဆိုစေကာမူ ဒါကလည်း မင်္ဂလာတစ်ပါးဟု ဆိုရပေတော့မည်။

လက်ကိုင်ဖုန်းများ မြန်မာနိုင်ငံအတွင်းစတင်အသုံးပြုသည့် အချိန်များတွင် အဘယ်မျှ လောက် တန်ဘိုးကြီးသည်ကို စာဖတ်သူများ သိကြပါသည်။ ယခုအချိန်တွင်တော့၊ လူတစ်ယောက်လျှင် လက်ကိုင်ဖုန်း နှစ်လုံးသို့မဟုတ် သုံးလုံးကိုင်ချင်ပါက ကိုင်တွယ်အသုံး ပြုနိုင်ပါ ပြီ။

အခြေအနေအတိုင်းအတာတစ်ခုအရ၊ ပုဂ္ဂလိကပိုင် နေ့စဉ်သတင်းစာများမှ ဝေဖန်ရေးသား မှုများကလည်း (၂၀၀၇) ခုနှစ်၊ အခြေအနေမတိုင်မီနှင့်၊ များစွာပြောင်းလည်းမှု ရှိခဲ့သည်ကိုတော့ ငြင်းဆို၍ မရပေ။

တစ်ဖက်ကလည်း ငြိမ်းချမ်းရေးဆိုသော ခေါင်းစဉ်အောက်တွင် နှစ်အတန်ကြာအစိုးရနှင့် ထိပ်တိုက် ပဋိပက္ခဖြစ်ခဲ့ကြသော အဖွဲ့အစည်းများက၊ မြို့ကြီးများတွင် အသီးသီးသော အလံများကို ထူပြီး ဆက်ဆံရေးရုံးများနှင့် ဖြစ်နေကြပေပြီ။

အပြုံးများက၊ အဖွဲ့အစည်းခေါင်းဆောင်များ၊ မပြုံးနိုင်ကြသည်ကတော့ အခြေခံလူတန်းစား၊ သာမန်ပြည်သူများပင်၊ သူတို့တစ်တွေနေထိုင်သော ဒေသများတွင် တရားဝင် အပစ်ရပ်စဲ အဖွဲ့တစ်ဖွဲ့၊ တိုးလာပါက၊ သာမန်ပြည်သူလူထုများအတွက်၊ တရားဝင် အခွန်ထမ်းဆောင်ရမည့် အဖွဲ့အစည်းတစ်ခု တိုးလာက ဟူ၍မှတ်ပေရော့။

အစိုးရ၏ စစ်အင်အားအတွက်ဖြစ်စေ၊ အသီးသီးသော လက်နက်ကိုင် အဖွဲ့အစည်း တို့အတွက်ဖြစ်စေ၊ အင်အားက အမြဲတမ်းဖြည့်ဆည်း၍ နေရသည်။ အင်အားတောင့်တင်းဘို့ လိုအပ်သည်။ တရားမျှတသည့်နည်းဖြစ်စေ၊ မြန်မာနိုင်ငံမှ၊ ထောင်သောင်းနှင့်ချီသော လူငယ်လူရွယ်များ လက်နက်ကိုင်ကြတော့သည်။

တိုင်းပြည်ကို ကာကွယ်ရန်၊ သမိုင်းပေးတာဝန် ထမ်းဆောင်ရန်၊ မိမိတို့ဒေသမှ လူမျိုးနှင့်ဒေသကို ကာကွယ်ရန် သမိုင်းကြွေးကို ပေးဆပ်ရန်ဆိုသော ခေါင်းစဉ်အသီးသီးအောက် တို့တွင် လူငယ်လူရွယ်၊ ကျားမတို မိမိတို့၏ ဘဝနှင့် အသက်များကို ပေးဆပ်ကြရသည်။

သူတို့တစ်တွေ၏ နှလုံးသားတွင်မူ ခံယူချက် သန္နိဌာန်ဆုံးဖြတ်မှုတို့နှင့် လက်နက် ကိုင်ကြသော လူငယ်လူရွယ်များကား ရှိကြပါသည်။ သို့သော် အခြေအနေတစ်ခုခုကို မလွန် ဆန်နိုင်သည်။ အသီးသီးသော စစ်ဝတ်စုံများကို ဝတ်၍ လက်နက်ကိုင်ကြရသော တိုင်းပြည်၏ အာရုဏ်ဦး ၊ ငုံဖူးစ ပန်းလေးများစွာလည်း ပါဝင်ပါသည်။

သူတို့်တစ်တွေလည်း၊ အထက်တန်းပညာရေး၊ တက္ကသိုလ်ပညာရေးနှင့် မိမိတို့၏ အနာဂါတ်အတွက် အနှောင်အဖွဲ့ကင်းစွာဖြင့်၊ ရပ်တည်ချင်ကြ ရှာပေလိမ့်မည်။

ဆယ်စုနှစ်ခြောက်နှစ်ကျော်ကြာကြာ မငြိမ်းသေးသော မြန်မာပြည်၏ ပဋိပက္ခထဲတွင် မည်မျှသော မျိုးဆက်သစ်များ၊ အစတေးခံရဦးမည်နည်း။ ဤကိစ္စအတွက် အစိုးရနှင့် အသီးသီးသော် လက်နက်ကိုင်အဖွဲ့အစည်းတို့တွင် တာဝန်ကိုယ်စီ ရှိကြကုန်ဟု ကျွန်တော်ခံစား မိပါသည်။

စွင့်စွင့်ကားကားနှင့် အနာဂါတ်ပျိုးခင်းထဲမှ အသီးသီးသော ပွင့်ဖူးစပန်းလေးများကို ရှင်သန်ခွင့်ပေးလိုက်ပါ။ သူတို့တစ်တွေသည် အနာဂါတ် အမိမြန်မာနိုင်ငံတော်ကြီး၏ နေရာအသီး သီးမှ အားအင်များပင် မဟုတ်ပါသလော။

ယခုအချိန်၌ မြန်မာနိုင်ငံအတွင်း အမျိုးစုံလင်လှစွာသော အစိုးရမဟုတ်သည့် အဖွဲ့အစည်း (NGO)၊ အဖွဲ့အစည်းများ၏ အခန်းက၏ဏ္ဍာကလည်း တစ်နိုင်ငံလုံး ကွန်ယက်ပြန့်ကားသည့်နှယ်။

ရင်ထဲနှလုံးသားထဲမှ၊ အခက်အခဲအမျိုးမျိုးနှင့် ကြုံတွေ့ခံစားနေရသည့် မြန်မာနိုင်ငံမှ ပြည်သူများတို့အား၊ အသိပညာ၊ ဆေးဝါးဘက်စုံ ဖွံ့ဖြိုးမှုတို့အတွက် ကူညီပေးနေကြသော (NGO) အဖွဲ့အစည်းများလည်းရှိသည်။

ရိုးသားမှုမရှိသော၊ ခေါင်းစဉ်အမျိုးမျိုး၊ အလှူငွေကို တောင်းခံတက်သည့် အဖွဲ့အစည်းများ ရှိပါသည်။

လောကဓံလှိုင်းအမျိုးမျိုးတို့၊ ဘက်ပေါင်းစုံမှ ခံစားနေရသည့် သာမန်ပြည်သူတို့၏ ရွေးချယ် သုံးသပ်တတ်မှုတို့ ကလည်း၊ ယခုအချိန်တွင်လည်း မြန်မာနိုင်ငံ၌ အဆင့်မြင့်ကာ၊ အဖြူနှင့် အမည်းလို့ ပြတ်သားစွာ ရွေးချယ်တက်လာကြပေပြီ။

ဘဝဖြတ်သန်းမှုများက၊ လူသားများတို့အား သင်ကြားပေးလိုက်ခြင်းဖြစ်ပါသည်။ ဖြူစင်ရိုး သားသော လူငယ်အချို့တို့၊ ရိုးသားမှုရာခိုင်နှုန်းနည်းသည့် ပြည်တွင်းပြည်ပ အခြေစိုက် (NGO) တို့၏ ဗိုင်းရပ်ပိုးများ ကူးစက် ကိုက်စားခြင်းခံရပြီး သဘာဝမဟုတ် သူတို့တစ်တွေ၏ နှလုံးသား များထဲတွင် ဖုံးလွှမ်းနေကြသည့်ကို ကျွန်တော်တွေ့မြင် ခံစားနေရပါသည်။

ကျေးလက်ဒေသတွင် မြင်တွေ့ရပါသည်။ လှိုက်လှဲပျုငှာသော၊ အပြုံးနှင့် နွေးထွေးမှုတို့ကို ကျွန်တော်တို့ ခံစားဖူးကြပါလိမ့်မည်။ ထို့အတူခမ်းနားထည်ဝါလှသော စားသောက်ဆိုင်ကြီးများနှင့် ဟိုတယ်များတို့တွင် ကျွန်တော့လှပစွာ ဝတ်ဆင်ပြီး မျက်နှာပေးအမျိုးမျိုးနှင့် ကြိုဆိုတတ်သော သူတို့တစ်တွေ၏ အပြုံးကိုလည်း ကျွန်တော်တို့ ခံစားနေမိကြပါသည်။

အမှန်တကယ် အခြေခံ၊ လူတန်းစားများကို၊ စေတနာထားပြီး၊ ကူညီပေးသည့် အစိုးရမဟုတ်သော အဖွဲ့အစည်း (NGO) များတို့၏ လမ်းညွှန်မှုအောက်တို့တွင်လည်း တန်ဖိုးရှိ တောက်ပြောင်သော အနာဂါတ်လူငယ်ခေါင်းဆောင်များလည်း ပေါ်ထွန်းလာလိမ့်မည်။ ။

အရှေ့၊ အနောက်၊ နိုင်ငံအသီးသီးတို့၏ စီးပွားရေး ကုမ္မဏီအသီးသီးတို့ကလည်း မြန်မာ နိုင်ငံအတွင်းသို့ ပုံသဏ္ဍာန်အမျိုးမျိုးနှင့် ဝင်ရောက်လာကြပြီးဖြစ်သည်။ ထိုလောက တွင်လည်း မြန်မာနိုင်ငံရှိ လူမျိုးအသီးသီးတို့သည်လည်း အနေအထားအမျိုးမျိုး၊ တာဝန်ယူမှု ကဏ္ဍ ကိုယ်စီတို့ဖြင့် မတူညီကြသော မိမိတို့၏ဘဝထဲ လှေငယ်များတို့ကို လောကပင်လယ်ကြီး ထဲတွင် လှော်ခတ်၍ နေကြပေပြီ။

ယခု ကယန်းတောင်တန်းဒေသတွင် ရောက်ရှိနေကြသော ပျိုမြစ်နုနယ်လှသော၊ ကျောင်း ဆရာ၊ ကျောင်းဆရာမလေးတို့သည်လည်း၊ မြန်မာနိုင်ငံ၏ သမိုင်းစာမျက်နှာ မျိုးဆက်သစ်တို့ ပါဝင်ကုန်ကြသော၊ မျိုးဆက်သစ်လေးတို့ပင် မဟုတ်ပါလော။

အဘယ်တွက်ကြောင့်၊ ပညာရေးဝန်ထမ်းဘဝလို့ သူတို့တစ်တွေ၊ ရွေးချယ်ခဲ့ကြ သနည်း။ဆိုသည်ကို တစ်ဦးချင်းစီတို့၏ နှလုံးသားများက သိရှိကြလိမ့်မည်ဟု ကျွန်တော်ယုံကြည်ပါ သည်။

မိဘ၊ သားချင်းများနှင့်ဝေးသည့် ၊ မိမိ၏သက်ဆိုင်သူ အသီးသီးတို့နှင့် မနီးသော တောင်တန်း ဒေသသို့ သူတို့တစ်တွေ ရောက်ရှိခဲ့ကြသည်။ အခက်အခဲများကြားမှ မိမိတို့၏ ပါရမီအစွမ်းအစဖြင့် လောကကြီးကို လှပအောင်သူတို့တစ်တွေ စွမ်းဆောင်ကြသည် ကြိုးစားကြသည် အနစ်နာခံကြ သည်။ ခက်ခဲမှုများ၊ စိန်ခေါ်မှုအသီးသီးတို့နှင့်ရင်ဆိုင်ကာ သူတို့တစ်တွေသည် မိမိတို့၏ ဘဝ စွမ်းအင်ဆီမီးကို လောင်ကျမ်းထွန်းညှိပြီး အမှောင်ထုကို ရဲရဲကြီး အံတုကာ အလင်းဆောင်ကြ သည်။ နိုင်ငံလူမျိုးအတွက် မိမိတို့၏ပုခုံးပေါ်တွင် ကျရောက်လာသော သမိုင်းပေးတာဝန်ကို ကျေပြွန်အောင် ကြိုးစား၍ ထမ်းဆောင်ကြသည်။ အားတက်ဖွယ် ကြည်နူးဖွယ် ဂုဏ်ယူစရာပင်။

” အစ်ကို … ကျွန်မတို့နှစ်ယောက် တာဝန်ကျတဲ့ ရွာကို ခဏလောက် ဝင်ခဲ့ပါလား၊ ရွာရဲ့ အခြေအနေလေးလည်း သိရအောင်လို့ပါ။”

တီကျိတ်ကျေးရွာမှ လွိုင်ကော်မြို့သို့ ကျွန်တော်ပြန်မည့်နေ့က ကားပေါ်သို့အတက် ကယန်းလူမျိုး ဆရာမလေးတစ်ယောက် ကျွန်တော်ကို နှုတ်ဆက်ရင်း ပြောလိုက်ခြင်းဖြစ်သည်။
“ကျွန်မတို့နှစ်ယောက် တာဝန်ကျတဲ့ရွာက အစ်ကိုကားနဲ့ဖြတ်သွားတဲ့လမ်း ပေါ်မှာပါပဲ။”

ကျွန်တော်စိတ်မကောင်းဖြစ်မိသည်။ တီကျိတ်ကျေးရွာမှု လွိုင်ကော်မြို့သို့ ခရီးပြုသည့် အချိန်က မွန်းလွဲ တစ်နာရီကျော်ကျော် ရှိနေပေပြီ။ ကားကလည်း ကျွန်တော်အတွက် မိတ်ဆွေဖြစ်သူက သီးသန့် စီစဉ်ပေးထားသည့်ကား။ သို့သော် ဘယ်လိုပဲဖြစ်ဖြစ် လွိုင်ကော်မြို့သို့ အတော်ကိုမိုး ချုပ်မှရောက်မည်။ တစ်ခါ ဆီဘူးကျေရွာတွင် မိတ်ဆွေနှစ်ဦးနှင့် တစ်နာရီနီးပါးခန့် ဆွေးနွေးရမည့်၊ ကိစ္စတွေကလည်း ရှိသေးသည်။

မူလတန်းပြဆရာမနှစ်ဦးစလုံးက ဖယ်စုံမြို့အထိ။ ဘွဲ့ရပြီးကတည်းက သွားရေးလာရေး ခက်ခဲ့သည့်၊ ကယန်းတောင်တန်းပေါ်က ကလေးငယ်များတို့အတွက် ပညာရေးအလင်းဆီမီးကို တွန်းညှိရန် ရောက်ရှိခဲ့သူတွေဖြစ်သည်။

တောင်တန်းကြီးက မှိုင်းညို့ညို။ သို့သော် ဆရာမလေးတို့ တစ်တွေ၏ နှလုံးသားများက လင်းကာ လက်၍နေသည်။

မိမိတို့ကိုယ်စီရှိကြသော ပါရမီများ ပြင်ဆင်ကာ လောကကြီးကို ကျွန်တော်တို့ အဓိပ္ပါယ် အကျိုးပြု နိုင်သူတစ်ဦးဖြစ်အောင် ကြိုးစားကြရမည်။

ပူလောင်နေသည့် အရပ်တွင် ကြည်နူးအေးမြမှုကို ကျွန်တော်တို့တစ်တွေ ဆောင်ကြဉ်းနိုင် ရမည်။ မျှော်လင့်ချက်မဲ့နေသော ဒေသများတွင် အာရုံဦး၊ မျှော်လင့်ချက်သို့ပို့ဆောင်ညွန်ပြနိုင်သူ တွေ။ တရားမျှတမှု မရှိသောနေရာတွင် ကျန်တော်တို့၏ အသက်တာအားဖြင့် ချစ်ခြင်းမေတ္တာနှင့် တရားမျှတမှု ခံစား တွေ့ မြင်နိုင်ရန်လိုပေသည်။

ဤတောင်တန်းတွင် ပြည်မမှ ရောက်ရှိလာသော ဗမာလူမျိုး ဆရာ၊ ဆရာမများနှင့် ကယန်းလူမျိုးဆရာ၊ ဆရာမများတို့ တစ်တွေ တာဝန်ကျေကြသည်။

ထိုအပြင် ကယန်းလူမျိုးများ နေထိုင်ရာ ကျေးရွာများသို့ စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမလေးများတို့ကို ကယန်းမျိုးဆက်သစ် လူငယ်အဖွဲ့ကလည်း ရရှိသော အချိန်ကာလအတွင်း စနစ်တကျ လေ့ကျင်ပေးပြီး ဒေသအတွက် သူတို့လေးတွေသည်လည်း တာဝန်ကျေပွန်ကြသည် ကိုလည်း ကျွန်တော်မြင်တွေ့ခဲ့ရသည်။ သတင်းကောင်းတွေိကိုလည်း ကြားရသည်။

မြစ်များတို့သည် စီးဆင်၍နေသည် အချိန်ကာလသည်လည်း တစ်ရွေ့ရွှေ့နှင့် ဥတု စက်ဝိုင်းကြီးက မိုးမှ နွေ တစ်ခါ ဆောင်းကုန်၍ နွေဦးသို့ ရောက်စမြဲ။ ပြောင်းလဲခြင်း အမျိုးမျိုး တို့သည်လည်း နေရောင်နှင့် လရိပ်တို့တွင် ကျွန်တော်တို့ ကြုံတွေ့ရသည်၊ ကြုံတွေ့နေရဆဲလည်း ဖြစ်သည်။

သွားရေး၊ လာရေး ခက်ခဲသည့် တောင်တန်းပြည်မရှိ ဒေသအသီးသီးနှင့် ကမ်းရိုးတန်း၊ မြစ်ချောင်းရိုး တစ်လျောက်တို့တွင် မိမိတို့၏ ရှိသောအစွမ်းအစဖြင့် ကလေးငယ်များတို့အတွက် ပညာရေး၊ အလင်းကို ဆောင်ကြဉ်းထွန်ညှိပေးကြသည့် ဆရာ ၊ဆရာမ အသီးသီးတို့အား ကျွန်တော် လေးစားဦးညွတ်၍ ဂုဏ်ပြုပါရစေ။

သူတို့တစ်တွေသည် မိမိတို့ရင်ဆိုင်ကြုံတွေ့ရသည် အခက်အခဲ စိန်ခေါ်မှုများကြားထဲက လောကကြီးအကျိုး၊ ရပ်အကျိုး၊ ၊ ရွာအကျိုးတို့ကို တစ်တတ် တစ်အား ဆောင်ရွက်ကြသည်။

ဆီဘူးကျေးရွာတွင် ကျန်တော် ခန့်မှန်းထားသည်ထက် တန်ဘိုးရှိလှသော အကြောင်း အရာများကို ကျန်တော်၏ မိတ်ဆွေနှစ်ဦးနှင့် ဆွေးနွေးခဲ့သည်။ လွိုင်းကော်မြို့သို့အဝင်ညက ရှစ်နာရီခွဲကျော်၍နေပေပြီ။

ခရီးလမ်းတစ်လျောက်အမှောင်ထုက ဖုံးလွမ်း၍ နေခဲ့သည်။ ကယန်းတောင်တန်းကြီးသည် လည်း ယခုအချိန်တွင် အိပ်စက်ကာနေပေလိမ့်မည်။

တွေ့ကြုံခင်မင်ခွင့်ရသော် ဆရာဦခွန်းညိုမြင့်နှင့် ၊သူ၏ လုပ်ဖော်ဆောင်ဖက် ဆရာ၊ ဆရာမတို့၏ စကားသံ၊ အပြုံနှင့် အားမာန်တို့သည် ကျွန်တော် အတွေးနှင့် ခံစားမှုနှလုံးသားအိမ်ဝယ် ရစ်သိုင်းနေပေသည်။

ကျွန်တော်တစ်ယောက် မိမိကိုယ်ကိုယ်သိရှိလိုက်သည်ကာ ယခု ခရီးစဉ်သည် ပထမအကြိမ် ဖြစ်စေကာမှု နောက်ဆုံးအကြိမ်တော့ ဟုတ်လိမ့်မည် မဟုတ်ကြောင်း ဆိုသည် ခံစားမှုပင်ဖြစ်သည်။

ကယန်းလူမျိုးတို့၏ ချိုမြသော ပလွေသံစဉ်လို ကျွန်တော်ကြားနေမိသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Law Eh Soe, ခေတ်ပြိုင်အတွေ့အကြုံ, ရေခြားမြေခြား မြန်မာများ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

http://moemaka.com/archives/57845

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်