မောင်စွမ်းရည် – အဖမ်း မခံရဖူးတဲ့ ကဗျာဆရာ

January 22, 2016

တင်မိုးနဲ့ မောင်စွမ်းရည်၊ ၂၀၀၆ ခုနှစ်၊ မိုးမခတရားစခမ်း၊

မောင်စွမ်းရည် – အဖမ်း မခံရဖူးတဲ့ ကဗျာဆရာ

(မိုးမခ) ဇန်န၀ါရီ ၂၂၊ ၂၀၁၆

အလယ်တန်းကျောင်း ဖတ်စာအုပ်တစ်အုပ်ထဲမှာ ဖတ်ရဖူးတာလေးတခုကို စွဲလန်းနေခဲ့ဖူးတယ်။ “ကြက်သီး မထဖူးသော မင်းသား” တဲ့။ ကျနော့်အပေါင်းအသင်းများကရော၊ စာဖတ်ပရိသတ်ကရော ကျနော့်ကို အထူးသတိပြုမိတာက “ အဖမ်းမခံရဖူးတဲ့ ကဗျာဆရာ” တဲ့။ ကျနော်ကိုယ်တိုင်က အမှတ်တမဲ့နေခဲ့တာပါ။ ခုလို သူပြောသူပြောများလာတော့မှ ကိုယ့်ကိုယ်ကိုယ် သတိထားမိလာရတယ် “အလို..ငါဟာ အဖမ်းမခံရဖူးတဲ့ ကဗျာဆရာပါလား” ။ “အဖမ်းမခံရဖူးတဲ့ တဦးတည်းသော ကဗျာဆရာပါကလား” လို့။

ဒီအကြောင်းကိုရေးရတာက “ အရှက်ပြေ” ဖြေရှင်းတာမျိုးမဟုတ်ပါ။ အဖမ်းမခံရတာကို ရှက်စရာတခုလို့လဲ သတိမထားမိပါ။ ရှက်စရာလို့လဲ မထင်ပါ။ မကောင်းတာလုပ်ရင် ဒါမှမဟုတ် ကောင်းတာကို လုပ်သင့်လျက် ရှောင်လွှဲနေရင်တော့ ရှက်စရာပေါ့။ ကျနော်က ဒါကို ရှက်စရာလို့မယူဆပေမယ့် ရှက်စရာလို့ ယူဆသလားမသိ။ “မေးစရာရှိရင် မေးကြပါ” လို့ စာပေဟောပြောတွေမှာ ကြေညာလိုက်ရင်- စာပေအကြောင်းမမေးခင် “ဘာဖြစ်လို့ ခင်များ အဖမ်းမခံရတာလဲ” ဆိုတာကို အမေးခံရတာ တခါမကပါဘူး။

ခုတပတ် ဗမာပြည်ပြန်ရောက်တော့ စာပေပရိသတ်နဲ့ တွေ့ဆုံပွဲမှာ ထူးထူးဆန်းဆန်း ဒီမေးခွန်းက ပါလာပြန်တဲ့အပြင် စာအုပ်တအုပ်ထဲမှာလဲ ထည့်ရေးထားတာ တွေ့လိုက်ရပါသေးတယ်။ “စာအုပ်ထဲမှာ” ဆိုတာက ကျနော့်သူငယ်ချင်း ကဗျာဆရာ လေးမောင်(မြင်းခြံ) ရဲ့ ညီဖြစ်သူ ညီစေမင်းရေးထားတဲ့ “ လေးမောင် အမှတ်တရ” စာအုပ်ထဲမှာလား၊ သေချာမမှတ်မိ။ (ကျနော့်ဆီမှာ အဲဒီစာအုပ်တွေ သူများ ပေးလိုက်ကြလို့ ရှိပါတယ်၊ ဒါပေမယ့် အမေရိကားကို ပြန်ရောက်လျှင်ရောက်ခြင်း ရှစ်လေးလုံးကျောင်းသားကြီးများဖြစ်ကြတဲ့ ကိုနေတင်မြင့်နဲ့ ကိုမောင်မောင်ကျော်တို့က ချက်ခြင်းရောက်လာပြီး ငှားသွားကြပါတယ်။ ကျနော့်မှာ တိတိကျကျ မကိုးကားနိုင်တာ ခွင့်လွှတ်ပါ။)

ညီစေမင်းက ကျနော်ဟာ သူ့အကို “လေးမောင်(မြင်းခြံ)” ရဲ့ သူငယ်ချင်းဖြစ်လို့ ကျနော့် အကြောင်းကို ကောင်းကောင်းသိပါတယ်။ သူက ကျနော်ဟာ တကသတို့ တပ်ဦးတို့မှာ အမှုဆောင်ဖြစ်လျက်၊ ဘာဖြစ်လို့အဖမ်းမခံရပါလိမ့်လို့ ဆိုပြီး ထည့်ရေးထားပါတယ်။ ဟုတ်လဲဟုတ်တယ်။ အကုန်လုံးအဖမ်းခံရပြီး တယောက်တလေ လွှတ်နေရင်- ဒီလူဟာ သစ္စာဖေါက် သတင်းပေးဖြစ်တက်ပါတယ်။ ဒါပေမယ့် ညီစေမင်းက ကျနော့်ကို သူ့အကိုရဲ့ငယ်သူငယ်ချင်း တမြို့တည်းသား၊ တကျောင်းတည်းထွက်အဖြစ်နဲ့သာ သိတာမဟုတ်ပါဘူး။ ကျနော့်ညီနဲ့ သူငယ်ချင်၊ နိုင်ငံရေးလုပ်ဖေါ်ကိုင်ဖက်တွေလဲဖြစ်ပါတယ်။ ကျနော့်ရဲ့ မိသားစုနဲ့ တစုလုံးနဲ့လဲ သိရှိရင်းနှီးပါတယ်။ ကျနော့်ညီကလဲ ခုထက်ထိအဖမ်းမခံရသေးပါဘူး။ လိုက်ဖမ်းလို့ ထွက်ပြေးရင်း တနိုင်ငံ မြိုင်ယံခြားကို ရောက်သွားလို့ပါ။ ဒါကြောင့် ညီစေမင်းက ကျနော် လွတ်နေပုံ ဓါတ်သိအဖြစ်နဲ့ ထူးခြားလို့လဲ ရေးလိုက်တာပါ။

ပထမဆုံး ဒီမေးခွန်းအမေးခံရတာက နယူးယောက်မှာပါ။ မေးသူက နိုင်ငံရေးသမားလဲမဟုတ်၊ စာပေသမားရယ်လို့လဲ ပီပီသသမဟုတ်တဲ့ သာမန်ပြည်ပရောက်၊ ပရိသတ်ထဲက တဦးပါ။ ကျနော်နဲ့ တင်မိုးတို့ စာပေဟောပြောပွဲအပြီးမှာ မေးချင်ရာမေးပါဆိုလို့ ထမေးတာပါ။ “ဆရာတင်မိုးလဲ အဖမ်းခံရတယ်။ တခြားကဗျာဆရာတွေလဲ အဖမ်းခံရတယ်လို့ ကြားဖူးတယ်။ ဆရာတယောက်တည်း အဖမ်းမခံရတာ ဘာကြောင့်ပါလဲ” တဲ့။ သူကတော့ အထူးအဆန်းမို့ စူးစမ်းတဲ့အနေနဲ့ မေးတာ ဟုတ်ပုံမရပါ။ ဂျောက်ချတဲ့ မေးခွန်းအဖြစ်မေးလိုက်ပုံရပါတယ်။ ကျနော်ကတော့ ပေါ့ပေါ့ပါးပါးပဲ ဖြေလိုက်ပါတယ်။ “ အဖမ်းမခံရတာ မြန်မာ့သမိုင်းမှာ ကျနော်တယောက်တည်းမဟုတ်ဘူး။ နှစ်ယောက်ပါ။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းနဲ့ ကျနော်ပါပဲ” လို့ ဖြေလိုက်ပါတယ်။ အဲဒါအပြင် နောက်တချက်ပြောချင်တာက “အဖမ်းခံရသူများဟာ- အူလို့ အလို့ ဗျ” လို့ သူငယ်ချင်းတင်မိုးဘက်ကို မျက်စပစ်ပြီး ဟောလိုက်ပါသေးတယ်။ သူငယ်ချင်းက “ဟုတ်တယ်၊ ဟုတ်တယ်၊ သူက လူလည်” လို့ ပြောလိုက်ပါသေးတယ်။

ခုတခါမေးတာက ဘယ်သူမှန်းတောင် မသိဘူး။ ကိုမိုးသူကတောင်- “ဟုတ်တယ်၊ ဒို့အထဲမှာ အားလုံးအဖမ်းခံရပြီး သူတယောက်ပဲ လွတ်နေတာ” လို့ ဝင်ပြောလိုက်ပါသေးတယ်။ အမှန်ကတော့ ကျနော်က (၁) အပြေး “ စွမ်းရည်” ရှိလို့ရယ်။ (၂) ကံဖယ်လို့ရယ်ဖြစ်မယ်ထင်ပါတယ်။

ပထမဆုံးအကြိမ် ကျနော့်ကို ဖမ်းတာ ကျနော်သိလိုက်တာက ၁၉၅၈ လောက်မှာ ဖြစ်ပါတယ်။ ကျနော်နဲ့ ကိုမိုးသူနဲ့က မန္တလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ အမှုဆောင် ရွေးခံထားရသူတွေဖြစ်ပါတယ်။ သူက ပြန်ကြားရေး ဗျူရို- ဒုတိယဥက္ကဌဖြစ်ပြီး၊ ကျနော်က ပြန်ကြားရေး ဗျူရိုအတွင်းရေးမှူးပါ။ အထွေထွေအတွင်းရေးမှူးက ကိုသာနိုး၊ ဥက္ကဌကိုသာလှ(မြင်းခြံ) ထင်ပါတယ်။ အမှုဆောင်တယောက် အဖမ်းခံရတိုင်း ဒီနေ့တယောက် အဖမ်းခံရတယ်ဆိုတာကိုနာမည်ရေးပြီး ကြေညာပါတယ်။ ပြီးတော့ တက္ကသိုလ်ကျောင်းဝန်းထဲမှာပဲ ကျောင်းသားထုလှည့်လည်ပြီး ဆန္ဒပြပွဲလုပ်ပါတယ်။ အမှုဆောင်ထဲက မုံရွာကိုဝင်းဘိုနဲ့၊ ကောလင်း-မမေဝင်းကြည့်တို့က ရှောင်တိမ်းသွားခဲ့ပါပြီ။ ကျနော်နဲ့ ကိုမိုးသူနှစ်ယောက်ပဲ ကျန်လို့ ယောက်ျားလေးဆောင် နှစ်ဆောင်ကြားမှာ စားပွဲကုလားထိုင် ချပြီး ဟောပြောပွဲလုပ်ပါတယ်။ ကျနော်က ဟောပြောတာညံ့လို့ ကိုမိုးသူက ဟောပါတယ်။ ကျနော်က အခမ်းအနားမှူးပဲလုပ်ရပါတယ်။ ကိုမိုးသူက ပြောရင်း အားတက်လာပြီး ကုလားထိုင်ပေါ်တက် ဟောရာက၊ စာပွဲပေါ် တက်ဟောပါတော့တယ်။

“ဒီမှာ ဗိုလ်နေဝင်း၊ သတ္တိရှိရင် တက္ကသိုလ်မှာ စာရင်းသွင်းပြီး စိန်မြင့်နဲ့ ယှဉ် အရွေး အရွေးခံကြည့်လှည့်ပါ” လို့ စိန်ခေါ်ပြီး ဟောပြောပါတယ်။ “ဖမ်းဆီးနေတဲ့အစိုးရက ဗိုလ်နေဝင်း၊ အိမ်စောင့်အစိုးရပါ။ ကျောင်းသားတွေက သူ့လက် ဦးနုက အာဏာအပ်ရတာကို ကန့်ကွက်နေတာဆိုတော့ ဗိုလ်နေဝင်းက ဖမ်းတာပါ။ ဖမ်းသူကို ကိုမိုးသူ (အမည်ရင်း စိန်မြင့်) က သူနဲ့ ယှဉ်ရအောင်လို့ စိန်ခေါ်တာပါ။ ဟောပြောပွဲပြီးလို့ ကိုမိုးသူက အိမ်ပြန်သွားပြီး၊ သူ့ဇနီးကိုခေါ်တယ်။ ဝင်းလိုက်ရုံမှာ ရုပ်ရှင်သွားကြည့်တယ်။ ရုံကအထွက်မှာ ရဲစုံထောက်များက ညှပ်ပူးညှပ်ပိတ်ဖမ်းပြီး ခေါ်သွားတယ်။

ကိုစိန်မြင့်( ကိုမိုးသူ)ကို ဖမ်းတယ်လို့ကြားတော့ ကျနော်ပဲ ကျန်တော့တယ်။ ကျနော်က မြင်းလှည်းငှား၊ အသံစက်ငှားပြီး ကျောင်းထဲမှာပဲ မြင်းလှည်းနဲ့ ပတ်ပြီးအော်ပါတယ်။ အဲဒီနေ့က တက္ကသိုလ်ဆီးနိတ် အစည်းအဝေးပွဲရှိတယ်။ ကျနော်က မဟောတတ် မပြောတတ်ဖူးဆိုတော့ တကသအမှုဆောင် မဟုတ်တဲ့ တပ်ဦးရဲဘော် ကိုအုန်းကျော်(မြင်းခြံ) ကို ခေါ်ပြီး အော်ပေးဖို့ အကူအညီတောင်းရပါတယ်။

“ရဲဘော်တို့- ဆီးနိတ်ကို ဝိုင်းကြလော့” ဒါပဲအထပ်ထပ်အော်ပါလို့ သူ့ကိုပန်ကြားပါတယ်။ သူကလဲ သူ့ရဲ့အောင်မြင်တဲ့ အသံကြီးနဲ့ “ရဲဘော်တို့- ဆီးနိတ်ကို ဝိုင်းကြလော့” ဆိုတာကို တမျိုးတည်းပဲအော်ပြီး အဆောင်မကြီးနဲ့ အဆောင်တွေကြားကို လှည့်ပတ်အော်ပေးရှာပါတယ်။ နောက်နေကျ သူ့ကိုလဲဖမ်းသွားရော၊ နေ့ကျောင်းသားဖြစ်တဲ့ ကျနော်က စာအုပ်ထဲကို မပြန်တော့ပဲ တက္ကသိုလ်အဆောင်မှာပဲ ပုန်းနေလိုက်ပါတယ်။

တက္ကသိုလ်ထဲကို ဝင်ဖမ်းတဲ့အလေ့အထ အဲဒီတုန်းက မရှိသေးပါဘူး။ တက္ကသိုလ်ကျောင်းအုပ်ကြီး ဦးကိုလေးကလဲ ဝင်ခွင့်ပေးရိုးမရှိပါဘူး။ ဒါပေမယ့် စစ်အုပ်ချုပ်ရေးကာလမဟုတ်လား။ တက္ကသိုလ်ထဲကို ဝင်ပြီးဖမ်းပါတယ်။ ကျနော်က ခါးမှာမွေးပွတဘက်ပတ်၊ အင်္ကျီချွတ်။ သွားပွတ်တံမှာ သွားတိုက်ဆေးတွေအများကြီးထည့်တိုက်ရင်း ရေဖလားဆောင်ပြီး အဆောင်ထဲက ထွက်လာလို့ ကပ်လွတ်သွားပါတယ်။ တခြားအဆောင်ထဲကို အဝတ်ဝင်လဲပြီး မြင်းခြံကားဂိတ်ကနေ-လစ်ပါတယ်။ မြင်းခြံကျတော့ ကျနော့်သူငယ်ချင်း၊ မြင်းခြံခရိုင်အသင်းအမှုဆောင်အမျိုးသမီးတဦး မူလတန်းကျောင်းအုပ်လုပ်နေတဲ့ တောရွာတရွာကို သွားရှောင်ပုန်းနေလို့ လွတ်သွားခဲ့ပါတယ်။ အဲဒီကျမှ ထောင်မကျဘဲ ‘အိမ်ထောင်ကျ’ တာ ‘တသက်တကျွန်း’ မလွတ်တော့ပါဘူး။

နောက်တခါကတော့ မန္တလေးမှာ ငြိမ်းချမ်းရေးဆန္ဒပြစဉ်က ထင်ပါတယ်။ ရုပ်ရှင်မင်းသား ဦးထွန်းဝေက ဥက္ကဌ၊ ကိုမိုးသူက အတွင်းရေးမှူးလုပ်ပါတယ်။ ကျနော်တို့က နောက်ပိုင်းကပဲ လုပ်တာပါ။ ဒါပေမယ့် တအုံလုံးဖမ်းပါတယ်။ ကံအားလျော်စွာပဲ အဲဒီတုန်းကလဲ  ကျနော့်ကို ကျနော် ကျောင်းဆရာအဖြစ် ရွှေဘိုခရိုင် မြောက်ဆုံးမြို့ဖြစ်တဲ့ တဇယ်မြို့( ကံ့ဆည်မြို့) ကို ပို့လိုက်တာနဲ့ ကြုံပါတယ်။ တဇယ်မြို့က ရေဦးရဲ့ မြောက်ဖက်ပါ။ အဲဒီမြို့မှာ နလက ဥက္ကဌ ဗိုလ်ကြီးရယ်၊ ကျောင်းအုပ်ဆရာကြီးရယ်၊ မြို့နယ်ဆရာဝန်ရယ်၊ ကျနော်ရယ် – ၄ဦးပေါင်းပြီး မြို့ရွာဖွံ့ဖြိုးရေးနဲ့ ကျောင်းဖွံ့ဖြိုးရေးကို အားသွန်ကြိုးပန်းလုပ်ကြပါတယ်။ နောက်တနှစ် ကျနော် ပြန်ပြောင်းခါနီးတော့ ဆရာကြီးက ဖွင့်ပြောပါတယ်။ မန္တလေးက ထောက်လှမ်းရေး လိုက်လာတော့- နလကဥက္ကဌ ဗိုလ်ကြီးက “ဒီမြို့ကို ခေါင်လို့ ကျောင်းဆရာလာခဲတယ်။ ဒီဆရာက အလွန်အလုပ်လုပ်တယ်။ ဘာနိုင်ငံရေးမှလဲ မလုပ်ဘူး။ သူ့အာမခံတယ်” ပြောလွှတ်လိုက်လို့ မဖမ်းတာလို့ သိရပါတယ်။

နောက်တခါ မန္တလေးမှာ သူငယ်ချင်းတွေ အားလုံးဖမ်းပြန်တော့ ကျနော့်ကို ပညာရေးသုတေသန၊ ကျောင်းသုံးသမိုင်းစာအုပ် ရေးဖို့ ခေါ်လို့ ပြောင်းသွားရတာနဲ့ ကြုံကြိုက်ပြီး လွတ်သွားပြန်ပါတယ်။

ရန်ကုန်မှာ တင်မိုးတို့ မောင်မိုးသူတို့ကို ရှစ်လေးလုံး အရေးတော်ပုံကြီးအပြီး ဖမ်းပြန်တော့ ကျနော့်ကို ထောက်လှမ်းရေး ၆ က ၂ ခါ ခေါ်ပါတယ်။ ကျနော်က နွေရာသီကျောင်းပိတ်ချိန်မှာ စာကြည့်တိုက်သင်တန်းတခုကို ဦးဆောင်ပြီး ပို့ချနေရတဲ့ အခါလည်း ဖြစ်ပါတယ်။ အဲဒီတော့ ကျနော်က ရန်ကုန် ကမ်းနားလမ်း၊ ခြောက်ထပ်ရုံးမှာ ဖွင့်လှစ်ထားတဲ့ အခြေခံပညာဦးစီး ဌာနရုံးရှိ မြန်မာစာ ကျောင်းသုံးစာအုပ်များ ပြုစုရေးအဖွဲ့ကို ရောက်နေပါပြီ။ စာအုပ်တွေ ကိစ္စပြီးတော့ ဌာနခွဲမှူးအဖြစ် ရာထူးတဆင့် တိုးပြီး ရုံးချုပ်စာကြည့်တိုက်ကို ကိုင်နေရပါတယ်။ ရုံးချုပ်မှာ စာကြည့်တိုက် ဒီပလိုမာဘွဲ့ ရရှိသူက ကျနော် တယောက်တည်း ရှိပါတယ်။ ဒါကြောင့် နွေရာသီမှာ တပြည်လုံးရှိ ကျောင်းများက ဆရာတယောက်စီ ခေါ်ပြီး စာကြည့်တိုက်ပညာ သင်တန်း ပေးနေစဉ်ဖြစ်ပါတယ်။ သင်တန်းကလည်း ယူနက်စကို အစီအစဉ်တခု ဖြစ်ပါတယ်။ အရှေ့တောင်အာရှ စာကြည့်တိုက်မှူးများညီလာခံကိုလည်း ဘန်ကောက်မြို့သွားပြီး တက်လိုက်ရပါသေးတယ်။

ထောက်လှမ်းရေးက “ဦးဝင်းတင် သိသလား” တဲ့။ “နန်းရှေ့တိုက်တန်းမှာ တရပ်ကွက်တည်း နေကြလို့ မြင်ဖူးတယ်။ ကျောင်းဆရာနဲ့ သတင်းစာအယ်ဒီတာ ဆိုတာ မိတ်ဆွေ မဖြစ်ကြပါဘူး” လို့ ဖြေရပါတယ်။ “တင်မိုးနဲ့ မောင်မိုးသူတို့ကို သိသလား” တဲ့။ “တက္ကသိုလ် တက်စဉ်က ကျနော်က ဘူမိဗေဒ (သိပ္ပံ) ယူပါတယ်။ တင်မိုးက ဘာသာမတူ၊ အတန်းမတူ ပါဘူး။ သူက မြန်မာစာဂုဏ်ထူး ရလာသူအဖြစ် အပြင်မှာ နာမည်ကြီးလို့ မြင်ဖူးပါတယ်။ မောင်မိုးသူကလည်း ကျောင်းသားခေါင်းဆောင်မို့ မြင်ဖူးပါတယ်။”

ဒါနဲ့ အဖမ်းမခံရဘဲ ပြန်လွတ်လာခဲ့ပါပြီ။ ကံထူးသူပေါ့နော်။

မောင်စွမ်းရည်၊ ၃၁ ဒီဇင်ဘာ ၂၀၁၅


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မောင်စွမ်းရည်, ဖြစ်ရပ်များ၊ အမှတ်တရများ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်