ခင်လေး – အငှားယာဉ် (ဘာသာပြန်ဝတ္ထုတို)

January 22, 2016

ခင်လေး – အငှားယာဉ် (ဘာသာပြန်ဝတ္ထုတို)
(မိုးမခ) ဇန်နဝါရီ ၂၂၊ ၂၀၁၆

မာရီနာအပန်းဖြေဟိုတယ်ရဲ့ အငှားယာဉ်ရပ်တဲ့နေရာမှာ ကျွန်တော့်ကားရပ်စရာ နေရာလေးတခုရနိုင်ဖို့အတွက် ကျွန်တော်ကြိုးစားရှာဖွေနေမိတယ်……။

ဘာဖြစ်လို့လဲဆိုတော့  အဲ့ဒီနေရာက ခရီးသည်ရဖို့လည်း လွယ်သလို၊ စီးတဲ့ခရီးသည်တွေ အများစုကလည်း ဘောက်ဆူး ပေးကြတယ်လေ။ ကားရပ်စရာနေရာတခု ရလာတော့ ကျွန်တော်လည်း ကားကိုရပ်ပြီး ကျွန်တော့ကားလေးကို ငှားစီးမယ့် အလှည့်ရောက်မှာကို စောင့်နေပါတယ်။

တကယ်တော့ဗျာ…. ဒီ အငှားယာဉ် ရပ်တဲ့နေရာမှာရှိနေကြတဲ့ ယာဉ်မောင်းသမားတွေထဲက ဘယ်သူကမှတော့ သူတို့ အငှားယာဉ်မောင်းသမားအဖြစ် အသက်မွေးဖြစ်ကြမယ်လို့ စိတ်ကူးထားကြမှာ မဟုတ်ပါဘူးဗျာ…..။

ကျွန်တော့်အလှည့်ရောက်လာမှာကို စောင့်နေရင်းနဲ့ပဲ ကျွန်တော့်ရဲ့ အတွေးတွေဟာ ဒီလို အငှားယာဉ်မောင်းသမားဘ၀ မရောက်ခင်က အချိန်တွေဆီကို ရောက်သွားမိ ပါတော့တယ်…… ။  တကယ်တော့ ကျွန်တော်က အရှေ့အာဖရိကမှာရှိတဲ့ ဆိုမာလီနိုင်ငံမှာ မွေးဖွားကြီးပြင်းခဲ့တာပါ။  ကျွန်တော့်ရဲ့ စိတ်ကူးကတော့ ကိုယ်ပိုင်စီးပွားရေး သမားတယောက်ဖြစ်ဖို့ပေါ့….။ တက္ကသိုလ်ကနေ ဘွဲ့ရပြီးတာနဲ့ သွင်းကုန်ထုတ်ကုန် လုပ်ငန်းလေးတခုကို ကျွန်တော် စလုပ်ခဲ့တယ်…..။ ကျွန်တော်က အီတလီစကားနဲ့  အာရဗီစကားကို ကောင်းကောင်းပြောနိုင်ပြီး အင်္ဂလိပ်လို အတော် အသင့်ပြောတတ်တော့ ကျွန်တော့် လုပ်ငန်းက တွင်ကျယ်တာပေါ့…။ အတော်လေးလည်း စီးပွားဖြစ်တယ်ပေါ့ ဗျာ……။

အဲ….. ကံမကောင်းအကြောင်းမလှလေတော့ ဆိုမာလီယာမှာ ပြည်တွင်းစစ် ဖြစ်ပါလေရော..။  ဒီမှာဆက်နေမယ်ဆိုရင် ကျွန်တော့်အတွက်ရော ကျွန်တော့်မိသားစု အတွက်ပါ အသက်အန္တရာယ်ရှိလာနိုင်တယ်ဆိုတာကို ကျွန်တော်သိတယ်။  ဒီတော့ ကျွန်တော့်ရဲ့ လုပ်ငန်းတွေအားလုံးကို စွန့်ပစ်ပြီး ဒီနိုင်ငံကနေ ထွက်ခွာဖို့ကလွဲပြီး အခြားရွေးခြယ်စရာ မရှိတော့ဘူး ပေါ့ဗျာ….။

ဒီလိုနဲ့ပဲ ကျွန်တော်နဲ့ ကျွန်တော့်မိသားစုဟာ ဆိုမာလီကနေ အမေရိကားကို ထွက်ပြေးခဲ့ကြတယ်။  နိုင်ငံရေး ခိုလှုံခွင့်လည်း တောင်းခံလိုက်ကြတယ်။ သိပ်မကြာခင်မှာပဲ ကျွန်တော်လည်း ယာဉ်မောင်းလိုင်စင်နဲ့ အငှားယာဉ်မောင်းတဲ့ အလုပ်ကို ရလိုက်တယ်..။  အခုဆို ကျွန်တ်ာတို့မိသားစု အားလုံး အဆင်ပြေနေကြပါပြီ။ နောက်ထပ်အလုပ် တခုကို AT&T ကုမ္မဏီမှာ တောင် လုပ်နေပြီဗျ….။  ကျွန်တော့ဇနီးကိုလည်း အိမ်မှာ ကလေးတွေကိုစောင့်ရှောက်ပြီး သက်တောင့် သက်သာနေ ခိုင်းနိုင်ပါပြီ….။

“Taxi….. Taxi….”

ဟိုတယ်က ဧည့်ကြိုတယောက်ရဲ့ အော်လိုက်သံဟာ ကျွန်တော့်ရဲ့ တပိုင်းတစ အတွေးတွေးတွေကို ရပ်တန့်ပစ်လိုက်ပါတယ်။  ကျွန်တော်လည်း ကားလေးကို ဟိုတယ်စင်ဝင်အောက်ကို ရောက်အောင် မောင်းသွားလိုက်ပါတယ်။ ဧည့်ကြိုကောင်လေးက အနောက်ခန်းတံခါးကို ဖွင့်လိုက်ချိန်မှာတော့ လူလတ်ပိုင်းအရွယ်ရှိတဲ့ စီးပွားရေးသမားတယောက် ကျွန်တော့်ကားထဲကို ၀င်ထိုင်လိုက်ပါတယ်……။

“မင်္ဂလာရှိသောနေ့ပါ ဆရာ…. ဘယ်ကိုများ ပို့ပေးရမလဲ ခင်ဗျာ….”

လူရွယ်ဟာ ကျွန်တော့ကို တချက်လှမ်းကြည့်ပြီး စိုးရိမ်တကြီးနဲ့ ” ခင်ဗျားက ဘယ်ကလဲ….”

“ကျွန်တော်က ဆိုမာလီယာကပါ…..”

” ခင်ဗျားက မွတ်စလင်လား…” ကျွန်တော့ကို စူးစူးရဲရဲနဲ့ လှမ်းကြည့်ပြီး ပြန်မေးပါတယ်။

” ဟုတ်ပါတယ် ခင်ဗျာ…. ကျွန်တော် မွတ်စလင်ပါ….”  ကျွန်တော်လည်း ယဉ်ယဉ်ကျေးကျေးနဲ့ နှိမ့်ချပြီး ပြန်ဖြေလိုက်ပါတယ်။

လူရွယ်ဟာ ကားတံခါးကို ခပ်ကြမ်းကြမ်းတွန်းဖွင့်ပြီး ကျွန်တော့်ကားထဲကနေ ထွက်သွားပါတယ်…….ဧည့်ကြိုကောင်လေး ကိုလည်း လှမ်းအော်ခေါ်နေပါတယ်….။ ရုတ်တရက်ပြုမူလိုက်တဲ့ သူ့ရဲ့ အပြုအမူတွေကို ကျွန်တော်လည်း အံ့သြတကြီးနဲ့ ကြည့်နေမိပါတယ်….။  ဒါပေမယ့် သူဘာဖြစ်သွားတာလဲဆိုတာကို ကျွန်တော်သိလိုက်ပါတယ်…….၊ ကျွန်တော် သူနဲ့ စကားပြောချင်တယ်…၊ သူ့ရဲ့ ကြောက်ရွံ့မှုတွေကိုလည်း ကျွန်တော်နားလည်ပါတယ်…။   ဒါနဲ့ ကျွန်တော် ကားတံခါးဖွင့်ပြီး သူ့ဆီကို လျှောက်သွားလိုက်ပါတယ်။

“ဘာများဖြစ်တာလဲ ဆရာ” ဧည့်ကြိုကောင်လေးက လူရွယ်ကို မေးနေပါတယ်….။

“ငါ ဒီ အငှားယာဉ်မောင်းသမားကို မလိုချင်ဘူး…. အခြားတယောက်ကို ခေါ်ပေးပါ….” ။

ဧည်ကြိုကောင်လေးလည်း ဘာလုပ်ရမှန်းမသိပဲ ကြောင်ပြီး ရပ်နေတုန်းမှာ ကျွန်တော်လည်း “ဆရာ…… ကျွန်တော် စကားလေးနည်းနည်းလောက် ပြောပါရစေ….”။

ကျွန်တော်လည်း အငှားယာဉ်တွေရပ်ထားတဲ့နေရာကို လက်ညှိုးထိုးလိုက်ပြီး ” ဆရာ… ကြည့်လိုက်ပါ၊ အငှားယာဉ်မောင်းတွေ အားလုံးကတော့ မွတ်ဆလင်လူမျိုး တွေချည်းပါပဲ ခင်ဗျာ…။  ကျွန်တော်တို့တွေထဲက ဘယ်သူကမှ ဆရာ့ကို ထိခိုက်အောင် လုပ်ကြမှာ မဟုတ်ပါဘူး….။  ဒါကြောင့် ကျွန်တော့် ကားနဲ့ စိတ်ချလက်ချသာ လိုက်ခဲ့ပါ….။ ကျွန်တော် ဆရာသွားချင်တဲ့ နေရာကို အခမဲ့ လိုက်ပို့ပေးပါ့မယ်။  ကျွန်တော်ဟာ ဆရာ့ အတွက် စိတ်ချယုံကြည်ရတဲ့ အငှားယာဉ်မောင်း ဖြစ်စေရပါ မယ်…..”။

လူရွယ်ကလည်း ဧည့်ကြိုကောင်လေးကို ဟုတ်ပါ့မလားဆိုတဲ့ စိတ်နဲ့ လှမ်းကြည့်လိုက်တာမို့ ဧည့်ကြို ကောင်လေးက ခေါင်းညိတ်ပြလိုက်ပါတယ်။  လူရွယ်က စိုးရိမ်စိတ် မကင်းပေမဲ့ ကျွန်တော့်ကားအနောက်မှာ ၀င်ထိုင်လိုက်ပါတယ်….။

“ကမ်းနားလမ်း… ကို သွားမယ်”။

“ဟုတ်ကဲ့ပါဆရာ… ဘယ်ပဲသွားသွားပါ ကျွန်တော်အခမဲ့ပို့ပေးမှာပါ…”။

ကျွန်တော်သူ့ကို ပြုံးပြီး ပြန်ပြောလိုက်ပါတယ်။  တကယ်တော့ ကမ်းနားလမ်းကို သွားမယ်ဆိုရင် အနည်းဆုံး လမ်းမှာ နှစ်နာရီလောက် အချိန်ဖြုန်းရမယ်…။   ပြီးတော့ ဒီခရီးက ဒေါ်လာ တရာတန်ပါတယ်။

“သက်တောင့် သက်သာ လိုက်ခဲ့ပါ ဆရာ…. စီးကရက်သောက်ပါဦးလား….” ။

လူရွယ်လည်း ကျွန်တော်ပေးတဲ့ စီးကရက်ကို လက်ခံလိုက်ပြီး နည်းနည်း စိတ်သက်သာလာဟန် တူပါတယ်။

ဒါနဲ့ ကျွန်တော်က မေးလိုက်ပါတယ်။  “ဘာဖြစ်လို့ မွတ်ဆလင် ယာဉ်မောင်းတွေကို မနှစ်သက်တာလဲ ဆရာ..”။

ကျွန်တော် ထင်တဲ့ အတိုင်းပါပဲ….။  လူရွယ်ဟာ ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ရက်နေ့က ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုအကြောင်းကို ပြောလာပါတော့တယ်။  ကျွန်တော်ကိုယ်တိုင်လည်း ဒီလို အကြမ်းဖတ်သမားတွေကို ရှုတ်ချပါတယ်။

သူတို့လိုလူတွေကြောင့် မွတ်ဆလင်တွေ အကြမ်းဖက်တယ်လို့ အထင်ခံရတဲ့အတွက်လည်း  စိတ်မကောင်း ဖြစ်ရပါတယ်။  ဒါပေမဲ့ မွတ်ဆလင်တိုင်းဟာ အကြမ်းဖက်သမားတွေမဟုတ်ဘူး ဆိုတာကိုတော့ ဒီလူရွယ်ကို သိစေချင်ပါတယ်။

“ဆရာ….ဆရာ့မှာ လက်ချောင်းတွေ ဆယ်ချောင်းရှိတယ်မဟုတ်လား ဆရာ။   အဲ့ဒီလက်ချောင်း ဆယ်ချောင်းကလည်း တခုနဲ့ တခု အတို အရှည် မညီကြဘူး မဟုတ်လား။ လူတွေလည်း ဒီတိုင်းပါပဲဆရာရယ်။  စက်တင်ဘာ ၁၁ ရက်မှာ အကြမ်းဖက်မှုလုပ်တဲ့ လူတွေဟာ မွတ်ဆလင်ကို ဆန့်ကျင်တာပါပဲ။ ခရစ်ယာန်ဘာသာကိုလည်း ဆန့်ကျင်တာပါပဲ။  ဂျူး ဘာသာကိုလည်း ဆန့်ကျင်တာပါပဲ။  ဘာဖြစ်လို့လဲဆိုတော့ ဘယ်ဘာသာမှ အကြမ်းဖက်တာကို အားပေးထားခြင်း မရှိလို့ပါ ပဲ….” ကျွန်တော်လည်း ပြောလက်စ စကားကို ခဏရပ်ပြီး မီးပွိုင့်ကို သတိထားလိုက်ပါတယ်။

“အိုကလာဟိုးမားမှာ ဗုံးခွဲတာရော ဆရာ၊ ဘယ်သူတွေလုပ်တယ်လို့ ဆရာထင်လဲ၊ မွတ်ဆလင်တွေပဲလားဆရာ…” ကျွန်တော် စကားကို ဆက်မေးလိုက်ပါတယ်။  ကားထဲမှာ အချိန်အနည်းငယ်တော့ တိတ်ဆိတ်သွားပါတယ်။

“မဟုတ်ဘူး” လူရွယ်က ခပ်တိုးတိုးလေး ဖြေလိုက်ပါတယ်။

“အဲ့ဒီအကြမ်းဖက်သမားက ဘယ်ကလဲဆရာ….”။

“အမေရိကားက…”

“သူတို့က ဘယ်ဘာသာဝင်တွေလဲ ဆရာ…..” ကျွန်တော်လည်း မေးခွန်းတွေကို ဆက်မေးလိုက်ပါတယ်။

“ခရစ်ယာန်..”

“ခရစ်ယာန်ဘာသာမှာ အကြမ်းဖက်မှုကို အားပေးထားလား ဆရာ….” ။

“ဟင့်အင်း….”။

“အဲ့ဒါပါပဲဆရာ တကယ်ကို လူစိတ်မရှိတဲ့ မိုက်ရူးရဲတွေသာ ဒီလိုရက်စက်မှုကို လုပ်ကြတာပါ ဆရာ။  ဒါကြောင့် ကျေးဇူးပြုပြီး မွတ်ဆလင်တွေ အကုန်လုံးက ဒီလို လုပ်ကြတယ်လို့ မထင်လိုက်ပါနဲ့ ဆရာ။  အိုကလာဟိုးမားမှာ အကြမ်းဖက်သလိုပဲ  စက်တင်ဘာလ ၁၁ ရက်နေ့မှာ လုပ်ခဲ့တဲ့ လူတွေကလည်း အရူးစိတ်ဝင်နေတဲ့ အကြမ်းဖက်သမားတွေပါပဲ၊ အမှန်တရားကို မြင်ပေးပါ ဆရာ….။

ကျွန်တော်တို့ နှစ်ယောက်လုံး ကားထဲမှာ ခဏတော့ ငြိမ်သက်သွားကြပါတယ်။

“ဟုတ်ပါတယ်၊ ခင်ဗျားပြောတာမှန်ပါတယ်..” အသံခပ်တိုးတိုးလေးနဲ့ လူရွယ်က ပြန်ဖြေလာပါတယ်။

“ရပါတယ် ဆရာ…. ဟုတ်ပါတယ်၊ ကျွန်တော်ဟာ မွတ်ဆလင်ပါ။  ဆရာက ခရစ်ယာန်ပါ။  ဒါပေမယ့် ကျွန်တော်တို့တွေက ညီအစ်ကိုတွေလေ ဗျာ၊ အခုနေ ဆရာ အသက်အန္တရာယ်နဲ့ကြုံနေရတယ်ဆိုပါတော့ ကျွန်တော်ကူညီမှာလေ။  ဆရာလည်း ကျွန်တော့်လို စိတ်မျိုးပဲ ရှိနေမယ်လို့ ကျွန်တော်ယုံတယ်၊ ညီအစ်ကို ဆိုတဲ့ စိတ်ဓာတ်မှာ ဘယ်ဘာသာတရားကမှ တားဆီးလို့မရပါဘူး။  ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ် ကျွန်တော်တို့ဟာ ညီအစ်ကိုတွေပဲလေ။  ကျွန်တော်တို့ တယောက်ကို တယောက် အပြန်အလှန် ဖေးမကူညီပြီး နေထိုင်သွားကြရမှာလေ၊ ကျွန်တော်တို့ အားလုံးဟာ အမေရိကန်တွေပဲလေ….”။

“ဟုတ်ပါတယ်၊ ခင်ဗျားပြောတာမှန်ပါတယ်…”။

လူရွယ်လည်း သူသွားရမဲ့နေရာရောက်တော့ ကားပေါ်ကနေဆင်းပြီး ကျွန်တော့ကို ပိုက်ဆံလှန်းပေးပါတယ်။

“မပေးပါနဲ့ဆရာ၊ ကျွန်တော် အခမဲ့ပို့ပေးမယ်လို့ ဆရာ့ကို ပြောခဲ့ပါတယ်။  ဒါ ကျွန်တော့်ကဒ်ပါ၊ ကျွန်တော့်နာမည် နာအလီ ပါဆရာ၊ နောက်တခါ ဆရာသွားချင်တဲ့ ခရီးတွေမှာ ကျွန်တော့်ကို ခေါ်ပါ၊ အဲ့တော့မှသာ ပိုက်ဆံပေးပါဆရာ….”။

နောက်ထပ်သုံးနာရီလောက် အကြာမှာတော့ ကျွန်တော့်ဆီကို ဖုန်းဝင်လာပါတယ်။   စောစောက လူရွယ်စီးပွားရေးသမားက သူ့ကို ပြန်လာခေါ်ဖို့ပါပဲ။  ငှားခက ၉၈ ဒေါ်လာသာကျပေမယ့် သူက ကျွန်တော့်ကို ၁၂၈ ဒေါ်လာပေးသွားပါတယ်၊  သူလည်း ဟိုတယ်မှာ သုံးရက်တိတိနေသွားပြီး သူသွားသမျှခရီးတိုင်းမှာ ကျွန်တော့်ရဲ့ကားကိုပဲ သုံးပါတယ်။

နောက်ဆုံး သူပြန်တဲ့နေ့မှာတော့  သူ့ကို ကျွန်တော်လေယာဉ်ကွင်းကို လိုက်ပို့ရပါတယ်။

အဲ့ဒီနေ့မှာတော့ သူက……..

“နှုတ်ဆက်ခဲ့တယ်နော် နာအလီ.… ကျွန်တော်ပြောခဲ့တာတွေအတွက် ခွင့်လွှတ်ပါ……”။

“ဟာ…. မဟုတ်တာဆရာရယ် ကျွန်တော်က အေးဆေးပါ….”  လို့ ကျွန်တော် ပြန်ပြောပြီး ထွက်သွားတဲ့ သူ့ရဲ့ နောက်ကျောကို ငေးကြည့်ရင်း ကျွန်တော် ပျော်လွန်းလို့ ပါးစပ်တွေတောင် မပိတ်နိုင်အောင် ပြုံးနေမိပါတယ်။  ကျွန်တော် သူ့ဆီမှာ ရှိနေတဲ့ သံသယစိတ်ကြီးကို ချေဖျက်လိုက်နိုင်ပြီလေ။  ကျွန်တော် သိပ်ကို ပျော်တာပေါ့ဗျာ။

“Taxi…. Taxi….” အိုးးးး ကျွန်တော့်ကို ခေါ်နေပြီပဲ…..၊ ကဲ ကျွန်တော့်ကားလေးနဲ့ ခရီးသည်အသစ်ကို တင်ဖို့ သွားလိုက်ဦးမယ် ဗျာ…….။

ခင်လေး
22-1-2016 ( 11:05 am)

(Chicken Soup For The Soul က “Taxi by- Barbara Smythe” ဇာတ်လမ်းတိုလေးကို ဆီလျှော်အောင် ဘာသာပြန်ရေး ဖွဲ့ထား ပါသည်။)

 

သရုပ်ဖော်ပန်းချီသည် Laura Barbosa ၏ Taxi ဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို

One Response to ခင်လေး – အငှားယာဉ် (ဘာသာပြန်ဝတ္ထုတို)

  1. Star Wraith on January 23, 2016 at 10:43 am

    အစွန်းရောက်တွေကို ပျောက်အောင်လုပ်ဖို့ကလွယ်ပါတယ်။မာလာလာပြောသလို ပညာရေးနဲ့လုပ်ရမှာပေါ့။။

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်