ကျော်မောင် (တိုင်းတာရေး) – အလွတ်ကျက် အရမှတ်

January 22, 2016
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

– အလွတ်ကျက် အရမှတ်

(မိုးမခ) ဇန်န၀ါရီ ၂၂၊ ၂၀၁၆

● ၁၉၅၄ ခုနှစ် ၀န်းကျင်

နယ်မြို့လေးမှာ နေခဲ့တဲ့ အဖေ၊ သူ လေးတန်းတုန်းက အောင်စာရင်းထွက်တဲ့အခါ သူ့နာမည်ပါမလာပါ။ အိမ်က လူကြီး တွေလည်း အတော်အံ့သြကြပါတယ်။ ဘာကြောင့်လည်းဆိုတော့ စာသင်ခန်းမှာ ထိပ်ဆုံးကရှိနေတဲ့ ကလေးဖြစ်နေလို့ ပါပဲ။ ကျနော့်အဘက သူ့သားကိုခေါ်ပြီး ကျောင်းအုပ်ဆရာကြီးနဲ့ ၀င်တွေ့ကြပါတယ်။ အကျိုးအကြောင်းပြောပြတဲ့အခါ ဆရာကြီး လည်း မိဘ ဆရာတွေရှေ့မှာပဲ အမှတ်စာရင်းကို ပြန်စစ်ပါတယ်။ ပထ၀ီဝင်ဘာသာမှာ ကျရှုံးတာဖြစ်ကြောင်းတွေ့ရပြန်ပါတယ်။ ကလေးကိုမေးတဲ့အခါ သူကောင်းမွန်စွာ ဖြေနိုင်ခဲ့ကြောင်း ယုံကြည်ချက်အပြည့်နဲ့ပြောပါတယ်။

ပထ၀ီဝင်ပြဆရာကို မေးတဲ့အခါ ဆရာက သူအကြောင်းတချက်ကြောင့် ဒီကလေးကို အကျပေးခဲ့ပါကြောင်း ပြောပါတယ်။ ဆရာက အဘတို့နဲ့ ရပ်ဆွေရပ်မျိုးတွေပါပဲ။ ဘာလိုအကြောင်းပါလိမ့်လို့ မေးကြတဲ့အခါမှာ ဒီကလေးဖြေတဲ့ အဖြေများဟာ သူသင်ထားတဲ့ စာတွေနဲ့ ၏ သည် မလွဲ ဖြစ်နေတဲ့အတွက်ကြောင့်လို့ ပြောပါတယ်။ အဲဒါနဲ့ အားလုံးရှေ့မှာပဲ ဖြေလွှာကို ပြန်ကြည့်တဲ့အခါ ဆရာပြောသလိုပဲ ၏ သည် မလွဲ ဖြေထားတာဖြစ် ကြောင်းကိုတွေ့ကြရပါတယ်။ ကလေးကို မေးခွန်းထဲက တချို့အမေးအဖြေတွေကို မေးကြည့်တဲ့အခါ မမေ့သေးတဲ့အတွက် ကောင်းမွန်စွာ ဆိုပြနိုင်ပါတယ်။ အားလုံးဆုံးဖြတ်ချက်အရ အဖေ့တဦးတည်းအတွက် အောင်စာရင်း (နောက်ဆက်တွဲ) ထုတ်ပေးပြီး အတန်းတင်ပေးရပါတယ်။

ဖခင်တယောက်က သူ့သားအကြောင်း အခုလိုပြောရင်း ဂုဏ်ယူဖူးပါတယ်။ ငါ့သားလောက် တော်တာ ငါ့သားပဲ ရှိတယ်။ သူက အင်္ဂလိပ်အဘိဓာန်ကို အခု ကျက်နေတာ အတော် ရနေပြီ ဆိုပြီး သူ့သားကို အတုယူကြဖို့ အမြဲတမ်းပြောပါတယ်။ ကြားရသူအပေါင်းကတော့ ပါးစပ်ဟောင်းလောင်းလေးတွေနဲ့ပေါ့။

● ၁၉၈၈ ခုနှစ် မတိုင်မီကာလ

“မိတ်ဆွေသုံးဦး” ပုံပြင်ကို အလွတ်ကျက်ခိုင်းတဲ့အခါ ရန်ကုန်မှာ အတန်းကျောင်းတက်နေတဲ့ ရန်ကုန်သား အတော်အကျပ် ရိုက်သွားခဲ့ဖူးပါတယ်။ မွေးရပ်မြေက နယ်မြို့လေးကို နွေရာသီကျောင်းပိတ်ရက်အလည်ရောက်တုန်း အတန်းကြိုသင်တဲ့ ကျူရှင်ဆိုတာကို သွားတက်ခဲ့တုန်းကပါ။ မြို့ခံနယ်ခံ ကျောင်းသူကျောင်းသားတွေအတွက်က ပုံပြင်တပုဒ်လုံးကို ကျက်ခိုင်း တယ်ဆိုတာ ရပ်ရွာဓလေ့လိုဖြစ်နေပါတယ်။ ကျက်ခဲ့လို့ဆိုတဲ့အခါ ရန်ကုန်သားလည်း အညံ့မခံ အားမာန်အပြည့်နဲ့ ကြိုးစားကျက်ခဲ့ရပါတယ်။ အလွတ်မဆိုနိုင်ရင် ဆရာကြီးအိမ်ကနေ ပြန်ခွင့်ရမှာ မဟုတ်ဘူးလို့ ဆရာကြီးကလည်း ကြိမ်းထား သကိုး။ ကစားချိန်ကို လျှော့ပြီး အာပြဲအောင် ကျက်ခဲ့ရသည်ပေါ့။ ရန်ကုန်ပြန်ရောက်တဲ့အခါ ကျောင်းဖွင့်ချိန်မှာ ကျောင်းတက် ပါတယ်။ မြန်မာစာသင်ရိုးဖတ်စာအုပ်ထဲက “မိတ်ဆွေသုံးဦး” အကြောင်း သင်ရတဲ့အခါ အတန်းဖော်တွေကို ပုံပြင်တပုဒ်လုံး အလွတ်ဆိုပြပြီး သူတို့ဆီက အထင်ကြီးမှုကို အားပါးတရ ခံယူခဲ့ပါတယ်။ ရန်ကုန်ကျောင်းမှာသင်တာက မေးခွန်းနဲ့ အဖြေကိုပဲ ကျက်ရတဲ့စနစ်ဖြစ်ပါတယ်။ ပုံပြင်တပုဒ်လုံးကြီးကို မကျက်ခိုင်းပါ။

● ၁၉၈၈ ခုနှစ် နှောင်းပိုင်းကာလများ

အလယ်တန်း အစဖြစ်တဲ့ ပဉ္စမတန်းလို့ခေါ်တဲ့ ငါးတန်းမှာတုန်းကပါ။ သင်ကြားရေးစနစ်မှာ သူငယ်တန်း၊ ပထမတန်း၊ ဒုတိယတန်း ကနေ စတုတ္ထတန်းအထိကို မူလတန်းလို့သတ်မှတ်ပြီး ပဉ္စမတန်းကနေ အဌမတန်းအထိကို အလယ်တန်းလို့ ခေါ်ကြကာ၊ န၀မတန်းနဲ့ ဒသမတန်းကို အထက်တန်းလို့ သတ်မှတ်ကြပါတယ်။ ပထမတန်းကို တတန်း၊ ဒုတိယတန်းကို နှစ်တန်း၊ အဲဒီလို အလွယ်ခေါ်ဆိုကြကာ တက္ကသိုလ်ဝင်တန်းဖြစ်တဲ့ ဒသမတန်းကို ဆယ်တန်းလို့ ပြောကြဆိုကြတဲ့ အချိန်ပါ။ တရက်မှာ မြန်မာစာပြဆရာမက စာစီစာကုံးတပုဒ်ကို ရှေ့မှ တိုင်ပေးကာ အတန်းသူ အတန်းသားတွေကို မှတ်စုစာအုပ်ထဲမှာ လိုက်ရေးစေပါတယ်။ အဲဒီခေတ်က ကျောင်းသုံး ဗလာစာအုပ် စာမျက်နှာ နှစ်မျက်နှာသာသာလောက်ပါပဲ။ စာစီစာကုံး ခေါင်းစဉ်က “ပျက်အစဉ် ပြင်ခဏ” တဲ့။

စာစီစာကုံးကို အလွတ်ကျက်ထားဖို့ ဆရာမက မှာပါတယ်။ စကျက်ခိုင်းတုန်းက အတော်ကို သဘောမကျပါ။ မြန်မာစာ စာစီစာကုံးဆိုတာ ဘယ်လိုပဲဖြစ်ဖြစ် သုံးလေးမျက်နှာလောက်တော့ ကိုယ့်ဘာသာကိုယ် ဟိုရေးဒီရေး ရေးတတ်တာပေါ့လို့ စိတ်ထဲက စောဒက တက်မိပါတယ်။ မလွန်ဆန်နိုင်တဲ့အတွက် စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်တွေမှာ ကစားချိန်လျှော့ပြီး အရကျက်ပါတယ်။

တက်လာခဲ့တဲ့ အတန်းတွေမှာ အလွတ်ကျက်ခဲ့ရတာတွေ အတော်များပါတယ်။ ဒါပေမယ့် ကျက်ခဲ့တဲ့ စာတိုင်းဟာ သူ့ဟာနဲ့ သူ အဆက်အစပ်ရှိတာဖြစ်တဲ့အတွက် ကျက်ခဲ့ မှတ်ခဲ့ရတာ အတော်ကို အချိတ်အဆက်မိမိဖြစ်ပြီး ရလွယ်ပါတယ်။ ဥပမာ ကဗျာတွေ၊ အမေး အဖြေတွေ၊ သမိုင်းဆိုင်ရာ ခုနှစ်တွေ သက္ကရာဇ်တွေ၊ အချက်အလက်တွေ လိုမျိုးပေါ့။

“ပျက်အစဉ် ပြင်ခဏ” ဆိုတဲ့ စာစီစာကုံးမှာ ကျိုးကြောင်းပြပုံစံနဲ့ ရေးထားတာဖြစ်တဲ့အတွက် အသစ်အဆန်းတမျိုးဖြစ်နေပြီး ကျက်ရတာ အတော်ခက်ခက်ခဲခဲပါပဲ။ စာစီစာကုံးထဲမှာပါတဲ့ စာသားတွေက အတော်ကို ကျစ်ကျစ်လျစ်လျစ်နဲ့ ရှင်းလင်း ပြေပြစ်တာ တွေ့ရပါတယ်။ အခေါက်ခေါက်အခါခါဆိုရင်းနဲ့ စာစီစာကုံးထဲက စာအသွားအလာ အထားအသို ရေးပုံသားပုံကို အတုယူဖြစ်သွားပါတယ်။ အဲဒီတပုဒ်ပါပဲ၊ မြန်မာစာ ဘာသာရပ်က စာစီစာကုံးဆိုတာကို အလွတ်ကျက်ခဲ့ရတာဖြစ်ပါတယ်။ ကျက်ထားမိခဲ့တဲ့တပုဒ်က အဲဒီနှစ်ရဲ့ အတန်းတင်စာမေးပွဲဖြေပြီးတာနဲ့ မှတ်ဉာဏ်ထဲက ပျောက်သွားပါတယ်။ ဒါပေမယ့် အသိတခုရလိုက်ရပါတယ်။ ကျက်ခဲ့ဖူးတဲ့ အဲဒီ စာစီစာကုံးလိုမျိုး ဖြစ်အောင်၊ အဲဒီထက် ကောင်းအောင် ကြိုးစားရေးမယ်ဆိုတဲ့ အသိစိတ်ဓာတ်ပါပဲ။

ဆဌမတန်းလို့ခေါ်တဲ့ ခြောက်တန်းကို တဖက်ရပ်ကွက်ရှိ အလယ်တန်းကျောင်းဆီ ပြောင်းတက်တဲ့အခါ အသစ်အဆန်းတခု ကြုံရပြန်ပါတယ်။ အင်္ဂလိပ်ဘာသာမှာဖြစ်ပါတယ်။ သင်ခန်းစာတခုမသင်မီမှာ အဲဒီသင်ခန်းစာမှာ ပါတဲ့ အင်္ဂလိပ်စာလုံးတွေကို ကျက်ရပါတယ်။ စာလုံးရေ နှစ်ဆယ်နီးပါးလောက် ရှိတတ်ပါတယ်။ အရင်ကျောင်းက အတန်းငယ်တွေမှာတုန်းကလည်း အင်္ဂလိပ်စာလုံးတွေကျက်ခဲ့ရတာပါပဲ။ ဆရာမက မေးတဲ့အခါ အသံထွက်ကို ပြောတယ်။ အဲဒါကို စာသွားဆိုတဲ့ ကျောင်းသူ ကျောင်းသားက စာလုံးပေါင်းပြလိုက်ရင်ရပါတယ်။ မြန်မာလိုပြန်ပေးထားတဲ့အဓိပ္ပါယ်တောင် ဖြေစရာမလိုပါ။

အဲဒီ ခြောက်တန်းမှာကျပြန်တော့ စာလုံးနှစ်ဆယ်ရှိရင် နှစ်ဆယ်လုံးတောက်လျှောက်ဆိုရပါတယ်။ မေးတဲ့သူက တလုံးမှ ထောက်မပေးရပါ။ ဆိုတဲ့သူကသာ တလုံးပြီး တလုံး စာလုံးပေါင်းဆိုပြရပါတယ်။ အစပိုင်းမှာ အခက်အခဲတော်တော်တွေ့ပေမဲ့ နောက်ပိုင်းမှာ အဆင်ပြေသွားပါတယ်။

● ၂၀၀၂ ခုနှစ် စောစောပိုင်း

စာမေးပွဲခန်းမထဲမှာ ဖြစ်ပါတယ်။ ဖြေရတဲ့ဘာသာရပ်က အတော်ခက်ခဲတဲ့ဘာသာရပ်ဖြစ်ပါတယ်။ ဖြေချိန် နာရီဝက်ကျော် သွားတဲ့အခါ စာဖြေသူအားလုံး ခေါင်းကုတ်သူကုတ်၊ အကြံထုတ်သူထုတ်နဲ့ ဖြစ်ကုန်ကြပါတယ်။ ကြံရာမရဖြစ်နေတဲ့ အမောင်ကျောင်းသားတယောက်ကတော့ မေးခွန်းထဲက သီအိုရီအကြောင်း အဓိပ္ပါယ်ဖွင့်ဆိုချက် မေးထားတာကို သူနားလည်သလို ပြန်ရေးနေပါတယ်။ ဖြေထားတဲ့ ဖြေလွှာစာရွက်ကို ဟိုဟိုဒီဒီ လှန်လှောကြည့်ရင်း စာမေးပွဲအခန်း စောင့်တာဝန်ကျ တက္ကသိုလ်ဆရာမတဦးက ထိုကျောင်းသားကို မေးပါတယ်။ သီအိုရီကို ဖြေထားတာက ဘေးကတယောက်နဲ့ မတူပါလားတဲ့။ အဲဒီအခါ ကျောင်းသားကလည်း အေးအေးဆေးဆေး ပြန်ပြောပါတယ်။ ကျနော်အလွတ်မကျက်ပါ၊ နားလည်အောင်လုပ်ထားပြီး အဲဒါကို ကျနော်နားလည်အောင်ရေးတဲ့အတွက် အခု သီအိုရီအဓိပ္ပါယ်ကို ဖြေထားတဲ့ အဖြေ ဟာ နိုးတူး သီအိုရီဖြစ်ပါကြောင်း ပြောပါတယ်။

● ၂၀၀၈ ခုနှစ် နှစ်ဦးပိုင်း

တခန်းတည်းနေဖြစ်ခဲ့တဲ့ အင်ဂျင်နီယာတက္ကသိုလ်ကျောင်းသားကို မေးခွန်းတခွန်းမေးဖြစ်ခဲ့ပါတယ်။ ဒီလိုညီရေ၊ ဒီက နယ်ခံတွေက သချာင်္အတွက်အချက် ညံ့တယ်ပြောကြတာ ကြားဖူးတယ်၊ အဲဒါ ဟုတ်သလားပြောပါဦးဆိုတဲ့အခါ သူသိ တာတော့ သူအခုတက်နေတဲ့ အင်ဂျင်နီယာကျောင်းကို ရောက်လာတဲ့ နယ်ခံတိုင်းဟာ သချာင်္မညံ့ရုံမက ရွှေပြည်ကြီးက ကျောင်းသူကျောင်းသားတွေထက် တော်တယ်ဆိုတာပါပဲ၊ သချာင်္တော်လို့ပဲ ဒီလိုကျောင်းမျိုးကို သူတို့တက်နိုင်ခွင့်ရတာဖြစ်တာလို့ အဲဒီညီငယ်က သူ့အတွေ့အကြုံကို ဖောက်သည်ချပါတယ်။ အဲဒီမှာ စဉ်းစားမိတာက ဒီနယ်ခံတက္ကသိုလ်ကျောင်းသူ ကျောင်းသားတွေ အလီအလွတ်မရဘဲနဲ့ ဘယ်ကနေ ဘယ်လို အင်ဂျင်နီယာကြီးတွေ ဖြစ်လာကြမှာလည်း ဆိုတာ ခပ်ရွတ်ရွတ်တွေးမိပြီး၊ အေးလေ သူတို့မှာက ဂဏန်းပေါင်းစက်တွေ ကွန်ပျူတာတွေ ပေါပေါလောလော သုံးနိုင်တာကိုး၊ အဲဒါတွေ အားကိုးကြမှာပေါ့၊ အလီကျက်ဖို့ အချိန်ကို ကျန်တာတွေအတွက် သုံးကြရင်း ဒီလို တိုးတက်လာကြတာများ ဖြစ်လေမလားရယ်လို့ အတွေးလွန်မိပြန်ပါတယ်။ ဒါက စင်ကာပူက အင်ဂျင်နီယာကျောင်းသူ ကျောင်းသားတွေအကြောင်း တီးခေါက်မိရသလောက် ဖြစ်ပါတယ်။

● ၂၀၁၀ ခုနှစ် နှောင်းပိုင်းကာလ

“ညို နီ လိမ် ၀ါ စိမ်း ပြာ ရမ်း ခိုး ဖြူ နက် ရွှေ ငွေ “။ စီနီယာကြီးကို ပြောလိုက်တယ်။ အဲဒီပစ္စည်းရဲ့တန်ဖိုးက ဒီလောက်ရတယ်။ အဲဒါဝယ်ပြီး အစားထိုးနိုင်တယ်။ သူက ဟုတ်လားလို့ပဲပြောတယ်။ ဆယ်မိနစ်လောက်အကြာမှာ မန်နေဂျာကို သူသွားပြော တယ်။ မန်နေဂျာလာတယ်။ ပစ္စည်းမှာ ရှိတဲ့ အရောင်အ၀န်းတွေကို မှန်ဘီလူးယူပြီး သေသေချာချာဖတ်တယ်။ တန်ဖိုးကို ပြောပြီး ထွက်သွားတယ်။ ကျနော်ပြောခဲ့တာနဲ့ တူတဲ့အခါမှာ ခုနက စီနီယာက အခုလိုမေးတယ်။

မင်း ဘယ်လိုသိသလဲ။ လက်ချောင်းချိုးတာနဲ့ သိသလား။ ဟုတ်တယ် လက်ချောင်းချိုးတာနဲ့ သိတယ်။ ဒါပေမဲ့ လက်ချောင်း လေးတွေ ချိုးချိုးပြီး ပါးစပ်က ရွတ်တာတွေ့တယ်မလား။ အဲဒါ ငယ်ငယ်တုန်းက ကျက်ခဲ့ရတာကို ရွတ်တာ။ တက္ကသိုလ်မှာ ဆရာတွေ ဆရာမတွေ ကျက်ခိုင်းတုန်းက ရွတ်လို့ကောင်းလို့ အခေါက်ခေါက်အခါခါ ဆိုရင်း အလွတ်ရသွား တာ။ အင်တာ နက်မှာ တန်ဖိုးကြည့်နည်းရှိတယ်။ သွားကြည့်လို့ရတယ်။

သူသွားကြည့်တယ်။ ပြီးတော့ ပြောတယ်။ မင်းကိုငါမေးတုန်းက မင်း အင်တာနက်မှာ ဘာလို့မကြည့်တာလဲ။ အင်တာ နက်ကြည့်တာထက် ကျက်ခဲ့ရတဲ့စာကို ရွတ်ပြီး ပြောလိုက်တာက ပိုမြန်တယ်၊ ဟုတ်တယ် ဟုတ် ဆိုပြီး ရင်ကော့ကာ ပြောလိုက်ပါတယ်။

● နိဂုံးချုပ် ကြည့်သော်

ကဗျာတွေ စာတွေ ကျက်ခဲ့ရ မှတ်ခဲ့ရတဲ့အထဲက ဘာတွေကျန်သေးလည်း ပြန်စဉ်းစားကြည့်တဲ့အခါ ခဏခဏဆိုနေတဲ့၊ ဆိုဖြစ်တဲ့ ကဗျာတွေ စာတွေ၊ ညီငယ် နှမငယ်တွေ အိမ်နီးနားချင်းကလေးတွေ ရွတ်တဲ့ကျက်တဲ့အခါ ကြားရတဲ့ကဗျာတွေ စာတွေပဲ ကျန်ခဲ့တော့တာတွေ့ရပါတယ်။ တခါတလေ မဂ္ဂဇင်းတွေ စာစောင်တွေမှာ ငယ်ငယ်တုန်းက အာပေါက်မတတ် ကျက်ခဲ့ရတဲ့ ကဗျာလေးတွေပြန်ဖတ်ရတဲ့အခါ တခေါက်လောက် ပြန်ဆိုကြည့်တာနဲ့ စာနွှေးပြီးသားဖြစ်ပြီး အလွတ်ပြန်ရ သွားတတ်ပါတယ်။ သချာင်္ဘာသာရပ်မှာ အလီဆိုတာကို တဆယ့်ခြောက်အလီအထိကျက်ခဲ့၊ အလွတ်ရခဲ့ပေမယ့် အခု လူလတ်ပိုင်းအရွယ်ရောက်တဲ့အခါ တဆယ့်နှစ်အလီအထိပဲ ရပါတော့တယ်။

ကလေးတွေ အတွက် အလွတ်ကျက် အသေမှတ်ဆိုတာ အတော်ကို အမြစ်တွယ်ခဲ့တာဖြစ်ပါတယ်။ အတော်များများကလည်း လူကြီးဖြစ်လာတဲ့အထိ တားမရ ဆီးမရ ဖြစ်အောင် ကျက်နေတုန်းပါပဲ။ တကယ့်အနက်အဓိပ္ပါယ်ကို နားလည်အောင် လုပ်မနေနဲ့၊ အရသာကျက် အရသာကျက်လို့ တချို့က တိုက်တွန်းကြပါတယ်။ အဓိပ္ပါယ်နားလည်အောင် အရင်လုပ်ပြီးမှ အလွတ်ကျက်တာက ပိုကောင်းမယ်လို့လည်း တချို့က ပြောကြပါတယ်။ မှတ်ရပိုလွယ်မယ်၊ ကျက်ရပိုလွယ်မယ်ပေါ့။ ဘာတွေတော့ ကျက်မှတ်မှရမယ်၊ ဘာတွေကဖြင့် ကျက်မှတ်စရာမလို စသည်ဖြင့် သင်ကြားမှုဆိုင်ရာနယ်ပယ်အတွက် ရွေးချယ်ကြတဲ့အခါ အတော်ပဲ ခက်ခဲလှပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် အလွတ်သာကျက်ကြလို့ ပြောကြမလား၊ သဘောတရားနားလည်အောင် အရင်လုပ်ပြီးမှ မှတ်ကြမလား၊ ဘာကိုမှ ကျက်စရာမလိုဘူးလို့ ဆိုကြမလား ဆိုတာလည်း ဆွေးနွေးသင့်တဲ့ အချက်တွေ ဖြစ်ပါတယ်။ ခေတ်ကလည်း အင်တာနက်ခေတ်ဖြစ်နေပါတယ်။

ဒါပေမယ့် တချို့အရာတွေက အလွတ်ကျက်ဖို့မလို့တဲ့၊ ဦးနှောက်မှတ်ဉာဏ်ပေါ်မှာ နေရာပေးဖို့ မလိုတဲ့အရာတွေ ရှိနေပါ သေးတယ်။ အဲဒါကလည်း ပတ်ဝန်းကျင်အခြေအနေပေါ်မူတည်ပါတယ်။ ဥပမာအနေနဲ့ သချာင်္ဘာသာရပ်မှာ ရွှေပြည်ကြီးက ကျောင်းသူကျောင်းသားတိုင်း နှစ် နှစ်လီ လေး အစရှိတဲ့ အလီတွေ ကျက်ကြရပါတယ်။ ပုစ္ဆာတွေကလည်း အလီကျက် ထားသူများသာ မြန်မြန်ဖြေရှင်းနိုင်တဲ့ ပုစ္ဆာတွေဖြစ်ပါတယ်။ ဈေးဝယ်ရင်လည်း အလီရထားသူက အလွယ်တကူ မြှောက်စားလုပ်ပြီး အရောင်းအ၀ယ်မှာ လွယ်ကူစေပါတယ်။ အလီမရတဲ့အခါ အလီတောင် မရတဲ့သူလို့ အပြောခံရနိုင်ပါတယ်။ အလီမကျက်ကြနဲ့လို့ပြောရင် အလီမသုံးဘဲတွက်ရတဲ့၊ အမြှောက် အစားကို မသုံးဘဲ တခြားနည်းသုံးကာ တွက်လို့ရတဲ့ ပုစ္ဆာမျိုးတွေကိုပဲ သင်ရတော့မှာဖြစ်ပါတယ်။ ဂဏန်းပေါင်းစက်ကို ဘယ်နှစ်တန်းမှာ စတင်အသုံးပြုခွင့် ပေးမလည်းဆို တာကလည်း စိတ်ဝင်စားဖွယ်ရာ ခေါင်းစဉ်တခု ဖြစ်လာဦးမှာပါပဲ။

အလွတ်မကျက် အသေမမှတ်ဘဲ နိုင်ငံအတွက် တိုးတက်အောင် ကြံဆောင်နိုင်ကြသော လူငယ်လူရွယ်များ ဖြစ်စေဖို့ ရည် သန်လျက် ယခုဆောင်းပါးအား ရေးသားလိုက်ရပါတယ်။ အတော်နှစ်သက်မိလို့ ထပ်ကာထပ်ကာ ရွတ်ဆိုရင်းနဲ့ အလွတ်ရ သွားခဲ့တဲ့ ရှေးဟောင်းကဗျာ တပုဒ်ထဲက အစပိုင်း စာသားတချို့ကို ယခုဆောင်းပါးနိဂုံးမချုပ်ခင်လေးမှာဘဲ နှုတ်ကနေ ဖွင့်ဆိုရွတ်ဖတ်မိပါတယ်။

စာဆိုက အင်းဝခေတ် စာဆိုကျော် ရှင်မဟာရဋ္ဌသာရ ဖြစ်ပါတယ်။ ရွတ်မိတဲ့ စာသားက

“သု စိ ပု ဘာ ဝိ လိ သိ ဓာ၊ အက္ခရာစွဲသုံး၊ ဤရှစ်လုံးကို၊ သီကုံးပန်းသွင်၊ နေ့တိုင်းဆင်လော့” ဆိုတာပဲဖြစ်ပါတယ်။

ကြား၊ ကြံ၊  မေး၊ ပြော၊ စူးစမ်း၊ ရေးမှတ်၊ လေ့ကျင့်၊ နှုတ်တက်ဆိုတာမှာ နှုတ်တက်ဆောင်သင့်မှ ဆောင်မယ်၊ အလွတ် ကျက်သင့်မှ ကျက်မယ် ဆိုတာနဲ့ အစားထိုးသွားကြရင်ဖြင့်။

ကျော်မောင် (တိုင်းတာရေး)
၂၂-၁-၁၆


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်