ဖိုးထက် – ပါးစပ်…အို ဗျ ပါးစပ်

January 23, 2016

ဖိုးထက် – ပါးစပ်…အို ဗျ ပါးစပ်
(မိုးမခ) ဇန်န၀ါရီ ၂၃၊ ၂၀၁၆

တက္ကသိုလ်နောက်ဆုံးနှစ်ရောက်တော့ ကျွန်တော်တို့ မေဂျာတွင်းရှိ အတန်းသူ၊ အတန်းသား အားလုံးအတွက် လိပ်စာ စာအုပ်လေး တစ်အုပ် လုပ်ချင်သည်။ အားလုံးကလဲ ဦးဆောင်သာလုပ်။ အရက်ဖိုး၊ ဘီယာဘိုး၊ ကွမ်းဖိုးကလွဲပြီး သူဌေးဖြစ် တင်မရောင်းရင် ပြီးတာဘဲ။ ၀ယ်ကြမယ်ဟု ကတိပေးကြသည်။ ထို့ကြောင့် ကျွန်တော်ဦးဆောင်ပြီး လိပ်စာ စာအုပ်လေး လုပ်သည်။

တိုတိုပြောရလျှင် လူရှစ်ဆယ်ခန့် ရှိသည့် အတန်းသူ၊ အတန်းသားများ အားလုံး၏ passport ဓာတ်ပုံများ နှင့် ကျောင်းပြီးသွားရင် ဆက်သွယ်လို့ ရမည့် လိပ်စာများ လိုက်တောင်းသည်။ (အချို့ကောင်မလေးများက ကျွန်တော့်ကို မယုံသဖြင့် မပေးကြ။ အတော်ကြီး ချော့မော့၊ အော်ငေါက် တောင်းမှ မပေးချင် ပေးချင်ဖြင့် ရှိသမျှ ဆွေမျိုးတွေကိုထည့်သွင်း ကျိန်တွယ်ခိုင်းပြီး ပေးကြသည်။ တစ်သက်လုံး သူတို့ အိမ်တွေကို လိုက်မလာပါဘူးဟု ကတိအတန်တန် ပေးခဲ့ရသည်။) အားလုံးစုံတော့ ကွန်ပြူတာ စာစီစာရိုက်အပ်သည်။ scan ဖတ်ထားသော ဓာတ်ပုံတွေကို လူမှန်၊ နေရာမှန်ဖြစ်အောင် စာစီစာရိုက်ဆိုင်မှာ လောရသည်။ တွန်းရသည်။ ချော့ရသည်။ အရက်တိုက်ရသည်။ ရှေ့ဆုံး စာမျက်နှာတွေမှာ ဌာနမှုး အမှူးရှိသည့် ဆရာ၊ ဆရာမတွေကို ထည့်ဖို့ စီစဉ်သည်။

စာစီစာရိုက် အချောသတ်ထွက်လာတော့ မိတ္တူကူးကြည့်သည်။ စာအုပ်လေး ချုပ်ကြည့်သည်။ အရည်အသွေးက မကောင်းသလို စရိတ်စက ကလဲ ကြီးသည်။ ဖလင်ဖောက်ပြီး ပုံနှိပ်စက်အပ်ရလျှင် ကောင်းအံ့ဟု တွေးမိသဖြင့် စုံစမ်းရသည်။ အဲဒီတုံးက အခုလိုမျိုး ရောင်စုံပုံနှိပ်စက်ကြီးတွေ လွယ်လွယ် မရှိသေး။ မပေါသေး။ မင်္ဂလာဆောင် ဖိတ်စာ ၊ ကင်ပွန်းတပ်ဖိတ်စာ၊ အသုဘ ဖိတ်စာတွေ ရိုက်သည့် အရောင်လေးရောင်သာ ရိုက်နှိပ်နိုင်သော ပုံနှိပ်စက်ပိုင်ရှင်တစ်ယောက်နှင့် သွားတွေ့သည်။ ဈေးစကား ဘာညာ ညှိ၊ တောင်ပြော မြောက်ပြော ပြော၊ ဟိုငို ဒီငို ငိုပြ၊ တောက်တို မယ်ရ သွားကူ။ ကွမ်း၊ ဆေး မလွတ်စေရအောင် သူ့ကို ပြုစုနိုင်တော့ A4 စာရွက်ကို လေးခေါက်ချိုးထားသော အရွယ်အစားရှိသည့် လိပ်စာ စာအုပ်လေးများ အစီအရီထွက်လာသည်။ အနီရောင်နှင့် အပြာရောင် အများစုပါသည့် လိပ်စာ စာအုပ်လေး။ ဓာတ်ပုံတွေက ပြာပြာ၊ လိပ်စာတွေက နီနီ ဘာမှန်းမသိရသော စာအုပ်လေးများကို သူငယ်ချင်းများက အားပေးကြပါသည်။

စာအုပ်တွေ ကိုယ်ပိုင်ရှိလာကြတော့ တစ်ယောက် စာအုပ်ကို တစ်ယောက်ကို ပေး။ ကိုယ့်စာအုပ်ထဲက သူ့စာမျက်နှာပေါ်မှာ ကိုယ့်အတွက် အမှတ်တရ သူက ရေး။ သူ့စာအုပ်ထဲက ကိုယ့် ဓာတ်ပုံနှင့် လိပ်စာရှိသည့် စာမျက်နှာပေါ်မှာ သူ့အတွက် ကိုယ်က အမှတ်တရရေး။ အချို့က တည်တည်ကြည်ကြည်။ အချို့က ပြောင်ပြောင် နောက်နောက်။ အချို့က စကားကြီး စကားကျယ်။ အချို့က ရင်ဘတ်ထဲက ထွက်ကျလာသော စေတနာ စကားလုံးများ။ အကြို အလွမ်းများ။ အချို့ကတော့ ဖြတ်သန်းခဲ့သည့် ကျောင်းတက်နှစ်တွေကြားမှ သူနဲ့ ကိုယ်သာ သိသည့် ကိစ္စများကို စကားဝှက်များ။ စာဝှက်များဖြင့် ရေးကြသည်။

ကျွန်တော့်စာအုပ်ထဲကျတော့ ဆဲသူတွေလဲ ပါသည်။ ကြိမ်းဝါးသွားသူတွေလဲ ရှိသည်။ စာခိုးချသလို စာလုံးသေးလေးများဖြင့် ရေးပြီးကာမှ မှင်ဖျက်ဆေးဖြင့် ပြန်ဖျက်သွားသူတွေလဲ ရှိသည်။ မထိတထိ ရိတိတိ လုပ်သွားသူတွေလဲ မရှား။ တချိန်လုံး ကိုယ်က အီစီကလီလုပ်ခဲ့ပြီး ဖိုင်နယ်လ်ကျမှ လက်လျှော့ လိုက်ပါပြီဆိုမှ ကိုယ့်ကို ပြန်ပြီး အီစီကလီလုပ်ကာ ရေးသွားသူတွေလဲ ပါသည်။ မည်သို့ပင် ဆိုစေ ကျွန်တော့် လိပ်စာ စာအုပ်လေး၏ စာမျက်နှာတိုင်းသည် အဓိပ္ပါယ်ရှိသည်။ နောက်ကွယ်က အကြောင်းအရာ၊ သံယောဇဉ်တွေရှိသည်။ လက်ဖြင့် ကိုင်တွယ် စမ်းသပ်လို့ မရသော်လည်း ခိုင်မြဲ ကြီးမားသည့် ချစ်ခြင်း မေတ္တာတွေ ရှိသည်။ မုန်းတီး၊ စက်ဆုပ်မှု အဓိပ္ပါယ်ရသည့် စာမျက်နှာ အလွတ်တွေလဲ ရှိသည်။ ထိုစာအုပ်လေးထဲမှ အထူးခြားဆုံး စာမျက်နှာ တစ်ခုရှိသည်။

ပထမနှစ်မှ စပြီး နောက်ဆုံးနှစ်အထိ တောက်လျှောက် စာသင်ကြားပေးလာသည့် ဆရာဦးထိန်ဝင်း၏ စာမျက်နှာပေါ်တွင် ဖြစ်သည်။

ဆရာ့ကို ကျွန်တော့် လိပ်စာ စာအုပ်လေးထဲမှာ အမှတ်တရ တစ်ခုခု ချီးမြှင့်ပေးခဲ့ပါဟု ကျွန်တော်သွားအပ်တော့ “ထားခဲ့ကွာ။ နောက်တစ်နာရီလောက်နေမှ လာယူ” ဟု ခပ်ပြုံးပြုံးပြောသည်။ ကျွန်တော် သွားယူတော့ ကျွန်တော့် လိပ်စာ စာအုပ်လေး၏ ဆရာ့ စာမျက်နှာပေါ်မှာ စာတစ်လုံးမှ မရှိ။ ရုပ်ပုံတစ်ခုသာ ရှိသည်။ ထိုရုပ်ပုံက လှပသေသပ်စွာ ဆွဲသားထားသည့် နှုတ်ခမ်းတစ်စုံ။ ခပ်တင်းတင်း စေ့ထားသည့် နှုတ်ခမ်းတစ်စုံ။ ထိုနှုတ်ခမ်းပုံကို မြင်တာနှင့် ဆရာ့ကို ဒါ ဘာကိုဆိုလိုတာလဲလို့ ကျွန်တော် သွားမေးဖို့ မလိုတော့။ ဆရာဆိုလိုချင်သည့် အဓိပ္ပါယ်ကို ကျွန်တော် ကောင်းစွာသိသည်။ ဆရာဆွဲသားသည့် ရုပ်ပုံသည် နှုတ်ခမ်း တစ်စုံမဟုတ်ပါ။ ပါးစပ် တစ်ပေါက်သာ ဖြစ်ပါသည်။

အတန်းထဲမှာ စာသင်ချိန်မှာ ဆရာ့ကိုလဲ မရှောင်၊ သူငယ်ချင်း အချင်းချင်းလဲ မရှောင်၊ သင့်တော်၏ မသင့်တော်၏လဲ မစဉ်းစားဘဲ အမြဲတမ်း စနောက် နေတတ်သည့် ကျွန်တော့်ကို ဆရာလို စာကိုသာ ဇောက်ချ သင်ချင်သည့် ဆရာတစ်ယောက်အတွက် အနှောင့် အယှက်ဖြစ်မည်မှာ အမှန်။ ကျွန်တော်စနောက်သည့် ကိစ္စတွေက မိုက်မိုက်ရိုင်းရိုင်း၊ မောင်နဲ့ နှမ၊ အမိနဲ့သား မကြားဝံ့မနာသာ စကားလုံးများ မဖြစ်သော်လည်း ကျွန်တော့်၏ နှုတ်မစောင့်စည်းမှုကို ဆရာက ကောင်းစွာသိဟန်တူသည်။ ပြီးတော့ သူငယ်ချင်းတွေ ကြားမှာ နှုတ်မစောင့်စည်းဘဲ ပြောတတ်လွန်းသဖြင့် အော်ကြောလန်ဖြစ်ရသည်ကိုလဲ ဆရာက ပြန်မကြားဘဲ နေမှာ မဟုတ်။ ဒါကြောင့် ကျောင်းပြီးလျှင် ဘ၀လမ်းခရီးထဲကို ထွက်သွားတော့မည့် သူ၏ နှုတ်မစောင့်သော တပည့်ကို သတိပေးသည့် သဘောဖြင့် နှုတ်ခမ်းတစ်စုံ (၀ါ) ပါးစပ်တစ်စုံကို ဆွဲထည့်ပေးလိုက်ဟန်တူသည်။ ဆရာ့ ပန်းချီက ဆရာနဲ့ ကျွန်တော့် နှစ်ယောက်အကြားမှာ ပြီးပြည့်စုံသော စကားတွေ ဖြစ်ခဲ့ပါသည်။

အခုတော့ ကျွန်တော်ကျောင်းပြီးခဲ့တာ ကြာခဲ့ပြီ။ ဘ၀လမ်းမှာ ရိုလာကိုစတာစီးသလို နိမ့်လိုက်၊ မြင့်လိုက်၊ တက်လိုက်၊ ကျလိုက်၊ အမောဆို့လိုက်၊ အမောဖြေလိုက်။ ဘ၀အတွေ့အကြုံလဲ အများကြီး မဟုတ်တောင် နည်းတော့ မနည်းတော့။ ဘ၀တွေလဲ စုံခဲ့ပြီ။ လူစုံတွေလဲ တွေ့ခဲ့ပြီ။ ဘ၀ကျောင်းကြီးက သင်ပေးခဲ့သော အတတ်ပညာတွေ စုံသင့်သလောက် စုံခဲ့သော်လည်း ဆရာဦးထိန်ဝင်း၏ ဆိုဆုံးမသည့် ပါးစပ်ပုံလေးကို မကြာ မကြာ ကျွန်တော် သတိရသည်။ ဆရာ့စကားကို နားထောင်နိုင်ခဲ့လို့ သတိရမိတာ မဟုတ်။ နှုတ်စောင့်စည်းတာနှင့် မစောင့်စည်းတာ နှစ်ခု ယှဉ်ကြည့်လိုက်လျှင် မစောင့်စီးနိုင်တာက များဆဲမို့ ဆရာ့ဆိုဆုံးမမှုကို အားနာသည့် သဘောဖြင့် သတိရခြင်းဖြစ်သည်။

ကျွန်တော့်နှုတ်ကြောင့် မိတ်ပျက်သွားရသူတွေလဲ မရည်မတွက်နိုင်တော့။ တွေ့ကာစမှာ ရင်းရင်းနှီးနှီး ပါးစပ် စည်းမစောင့်ဘဲ စနောက်သဖြင့် အထင်သေးသွားကာ ရှောင်ထွက်သွားကြသူတွေလဲ ရှိလာကြသည်။ အဆက်အဆံ မလုပ်ချင်သည့် သဘောတွေ ပြကြသည်။ သူတို့ အမှား မဟုတ်။ လူ့စည်းကမ်း၊ လူ့ယဉ်ကျေးမှုကို ကောင်းစွာ မလိုက်နာဘဲ ပါးစပ် စည်းမစောင့်သည့် ကျွန်တော့် အမှားသာ ဖြစ်ပါသည်။ ကိုယ့်ကို ပြစ်ပြစ်နှစ်နှစ်ရစရာ မရှိအောင် နှိမ်ချိုးပြီး စနောက်ကြသည့် သူတွေကို ကျွန်တော်က ခင်မင်၊ ချစ်ခင်သလောက် ကိုယ်က ပြန်ပြီး စနောက်လို့ ရကောင်းပါရဲ့ဟု စနောက်မိလျှင် ယဉ်ကျေးမှု မရှိသူဟု သမုတ်ကြသည်။ ကျွန်တော့် အမှားသာ ဖြစ်ပါသည်။ သို့သော် ဒီအမှားတွေ ကြောင့်လဲ ကျွန်တော့်ဘ၀မှာ ကြိုက်သလိုဆဲ၊ ကြိုက်သလောက်စ၊ ကြိုက်သလောက်ပြော၊ အားမနာတမ်း ပြောဆိုလို့ ရသည့် ဘော်ဒါ အရင်းကြီးတွေ သုံးယောက်ခန့် ရှိလာခြင်း ဖြစ်သည်။ သို့သော် လောကကြီးက ကျွန်တော့်ဘော်ဒါအရင်းကြီး သုံးယောက်ဖြင့် တည်ဆောက်ထားတာ မဟုတ်။ ကျွန်တော့်ရဲ့ စည်းကမ်း မရှိသော၊ မစဉ်းစား မဆင်ချင်သော၊ နှုတ်မစောင့်သော ပါးစပ်ကြောင့် ဒုက္ခတွေ၊ မုန်းတီးမှုတွေ၊ စက်ဆုပ်မှုတွေ တွေ့နေဆဲ ဖြစ်သည်။

လူတစ်ယောက်ဟာ ကာယကံ၊ ၀စီကံ၊ မနောကံ သုံးခုစလုံးကို စောင့်ထိန်းရတယ်ဟု ဘယ်ဘာသာဝင်မှ မဟုတ်သည့် လူတိုင်းပင် သိကြသည်။ လူတိုင်းသိသော်လည်း လူတိုင်း လိုက်နာဖို့ အတော်ခက်ဟန်တူသည်။ အထူးသဖြင့် မနောကံ။ စိတ်ထဲက အတွေးတွေကို စောင့်ကြည့် ထိမ်းသိမ်းဖို့ ဘယ်လောက် ခက်သလဲဆိုတာ အကျယ်ချဲ့ပြောနေဖို့ မလိုဘူးဟု ကျွန်တော် ထင်ပါသည်။ ကာယကံကတော့ အနည်းငယ်ခန့် ပညာသင်ကြားခဲ့ရလျှင်၊ သာမန်အခြေအနေမှာ လူအများစု စောင့်ထိန်းနိုင်ကြသည်။

ဝစီကံကတော့ လူအပေါ်မှာ မူတည်သည်ဟု ကျွန်တော် ထင်သည်။ အချို့က စိတ်ထဲမှာ ဒေါသသိပ်ထွက်နေသော်လည်း အပြင်မှာ အပြောချိုချိုလေးများ အစဉ်မပြတ် ပြောနိုင်သည်။ ပညာရှိ အမျက် အပြင်မထွက်အောင် ထိန်းသိမ်းနိုင်ကြပါသည်။ အချို့ကတော့ မနောကံမှာ တစ်စုံတစ်ခု ညစ်နွမ်း ဒေါသသင့်သွားလျှင် အလိုလိုပါးစပ်က ပြောလိုက်ရမှ နေသာ ထိုင်သာ ရှိသူများ ဖြစ်သည်။ အဲဒီလို ပြောပြီးလျှင်လဲ စိတ်ကျေနပ်သွားတတ်ကြသည်။ ပါးစပ်ဆိုးပေမယ့် စိတ်ရင်းလေးက ကောင်းရှာပါတယ်ဟု ဆိုကြသည် မို့လား။ ကျွန်တော်ကတော့ ပါးစပ်လဲ ဆိုးသလို စိတ်ရင်းက ရံဖန်ရံခါ ကောက်ချင်တတ်သည်။

စိတ်၊ ပါးစပ်၊ ကိုယ်လက် အမူအရာများသည် တစ်ခုနှင့် တစ်ခု ဆက်စပ် ပါတ်သက်နေသည်သာ ဖြစ်သည်။ ကိုယ်လက် ညောင်းညာ ကိုက်ခဲနေလျှင် စိတ်လဲ မကြည်မလင်ဖြစ်တတ်သည်။ ပါးစပ်ကလဲ စကားကောင်း မထွက်ချင်တော့။ စိတ်မှာ ဒေါသသင့်နေလျှင် ပါးစပ်နှင့် ကိုယ်ခန္ဓာကလဲ အဆိုးတွေသာ ပြောသည်။ လုပ်တော့သည်။ ထို ကာယကံ၊ ၀စီကံ၊ မနောကံ သုံးခုစလုံး၏ ဆက်စပ် ပါတ်သက်မှုကို နည်းပါးစေဖို့ ထိန်းသိမ်းပေးသည့် အရာတစ်ခုသာ ရှိသည်။ ဘယ်တော့မှ ပိုသည်မရှိဆိုသည့် “သတိ” ဖြစ်သည်။ အပြောလွယ်သလောက် အလွန် အလုပ်ခက်သည့် ကိစ္စဖြစ်သည်။ ဒါကြောင့်လဲ ကျွန်တော်တို့ ဘုရားက သတိဆိုတာ ဘယ်တော့မှ ပိုတယ်လို့ မရှိဘူးဟု သေသေချာချာကြီး ပြောခဲ့ခြင်း ဖြစ်မည်။

ကျွန်တော်လို အကောင် သတိနည်းလို့ နှုတ်မစောင့်စည်းသော်လည်း ဘ၀က ဒုံရင်း ဒုံရင်းသာ သွားနေမည် ဖြစ်သည်။ ဆရာဦးထိန်ဝင်း၏ နှုတ်ခမ်းပုံလေးကို လေးစားသောအားဖြင့် ကြီးစွာသော သတိကပ်ပြီး နေနိုင်လျှင်လဲ ခဏသာ ဖြစ်သည်။ ထို့ကြောင့် အကောင်းဆုံး ကျွန်တော် လုပ်နိုင်သည်က မိတ်ဆွေသစ် မတွေ့ချင်တော့။ ကျွန့်တော့်ကို နားလည်သော၊ ကျွန်တော် နားလည်နိုင်သော၊ ကျွန်တော့်ကို ပြောချင်တိုင်း ပြောနိုင်သော၊ ကျွန်တော်က ပြောချင်တိုင်း ပြောလို့ရသော မိတ်ဆွေရင်း နှစ်ယောက်၊ သုံးယောက် ရှိရင်ကိုဘဲ လုံလောက်ပါပြီ။ လူ့ဘ၀တစ်ခုဟာ ပါးစပ်တစ်ခုတည်း စောင့်ထိန်းနိုင်လို့ အောင်မြင်တာမှ မဟုတ်တာလို့ ကျွန်တော် စောဒကတက်ရင် ဆရာကတော့ သူ့ဆွဲထားသည့် ပုံလေးကိုဘဲ မေးငေါ့ပြမည် ထင်ပါသည်။

သို့သော် အချို့သော သူများကတော့ ကျွန်တော် လူသာမာန် အရပ်သားလို ပေါက်ပမ်းလေးဆယ် တွေ့ကရာရှစ်သောင်း၊ ဟိုလိုလို ဒီလိုလို၊ အဲဒီတုန်းက ဟိုလို၊ ဟိုတုန်းက ဒီလို၊ ပေါက်တတ်ကရ လျှောက်ပြောနေလို့ မရသော ငါဆိုတဲ့ လူကြီးပါလားဟု သိကြရင် ပိုကောင်းမည် ထင်ပါသည်။ ပါးစပ်ပေါက် တစ်ပေါက်ဟာ သိပ်အရေးကြီးလှတယ် မဟုတ်ပေမယ့် အဲဒီပါးစပ်တစ်ပေါက်ဟာ ဘာတွေ ပြောနေသလဲ၊ ဘာတွေ ပြောဖို့ ကြိုးစားနေသလဲဆိုတာ နားထောင်ကြည့်တာနှင့် အဲဒီလူ ဘယ်လိုလူဆိုတာ အလွယ်ကလေး သိကြတယ်ဟု ပါးစပ်ကြီးများ သိပါသည်။

ဖိုးထက်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဖိုးထက်, သရော်စာ

One Response to ဖိုးထက် – ပါးစပ်…အို ဗျ ပါးစပ်

  1. Catwoman on January 23, 2016 at 9:48 am

    That s why people have noble silence at meditation centers.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်