အဲလိုထူး – “မှတ် တိုင် မှာ”

January 23, 2016

– “မှတ် တိုင် မှာ”
(မိုးမခ) ဇန်န၀ါရီ ၂၃၊ ၂၀၁၆

မှတ်တိုင်မှာ… အမျိုးကောင်းသမီးလေးက ပန်းရောင်စကတ်တိုကို ပေါင်လယ်လောက်ရောက်အောင် အတင်းဆွဲချနေတယ်။ တယ်လီဖုန်းအပြားလေးကို ဖွင့်ကာပိတ်ကာနဲ့၊ ကားတော်တော်များများက သူမကို စိတ်ဝင်စားကြပေမယ့် သူမကတော့ နှုတ်ခမ်းကို ချစ်စဖွယ် စူထားပါတယ်။ ဒီဘက်ခေတ် အလှအပတွေက… အဲဒီလမ်းအတိုင်း လျှောက်နေကြပါတယ်။ စိတ်ဝင်စားမှု… တစ်မျိုးပြောင်း၊ ဒီတော့ ထားခဲ့ကြပေါ့။ မင်းလောင်းဂိုက် ဖမ်းတာတဲ့ နှုတ်ခမ်းမွှေး ညှင်းသိုးသိုး၊ ပင်နီဝတ်ကလည်း အမျိုးကောင်းသမီးလေးကို စိတ်မဝင်စားပါဘူး။ ဖျင်ကြမ်းလွယ်အိပ်ထဲက ပါဝါဘဏ်ကို နှိုက်ထုတ်လိုက်၊ ဒိုင်ယာရီ စာအုပ်နှိုက်ထုတ်လိုက်နဲ့ အလုပ်ရှုပ်နေတယ်။ နိုင်ငံရေးက တစ်ခဏတာဟော့ဂဏန်း။ ပလပ်စတစ်လက်ဆွဲခြင်းထဲ တိုလီမိုလီတွေ ပစ်ထည့်လာတဲ့ အပေါ်ထပ်အကျီနဲ့ မိန်းမကတော့ ကြောက်တာလား လေးစားတာလား ရှိန်တာလားတော့ မသိဘူး၊ သူ့ခြင်းလေး သူ မ ပြီး ခပ်လှမ်းလှမ်း ရွှေ့သွားတယ်။ အပြီးခွာသွားလို့တော့ ဘယ်ဖြစ်ပါ့မလဲ၊ ဒီမှတ်တိုင်ကစီးမှ… သူသွားလိုတဲ့ ခရီးရောက်မှာ။ ခရီးကိုယ်စီ ရှိကြပါလိမ့်မယ်။ အဲဒီအတွက် ရည်ရွယ်ချက်နဲ့ စီမံကိန်းတွေကို လက်တွေ့အကောင်အထည်ဖော်နိုင်ပါ့မလား ဆိုတာကတော့… ။ ကားတစ်မျိုးက အသံပေးပြီး ဝင်လာတယ်၊ ကြမ်းကြမ်းရမ်းရမ်းပါပဲ။ နောက်ကားရဲ့ အရိပ်အခြေပေါ်မှာ မူတည်သုံးသပ်ရင်း အတင်း မောင်းထွက်သွားတယ်။ ဘယ်သူ့အတွက်လဲ ဆိုတဲ့မေးခွန်းအတွက် အဖြေတွေက ဝေဝါးနေပါလိမ့်မယ်။ အိမ်မှာကျန်ခဲ့တဲ့ မိသားစုအတွက်လား.. ကားပိုင်ရှင် သူဌေးအတွက်လား..၊ ကိုယ့်ရဲ့ ကျွမ်းကျင်ပိုင်နိုင်မှုကို ပြသဖို့အတွက်လား။ မှတ်တိုင်က လူတွေကို စာရင်းသွင်းပုံ မရပါဘူး။ အသံထွက် ကျယ်ကျယ်လောင်လာင်နဲ့ ဖုန်းပြောလာတဲ့ ညိုညစ်ညစ်တစ်ယောက်၊ သားရေဖိနပ်ခြေရာထင်နဲ့ ဆိုပေမယ့်.. ဖုန်းထဲမှာပြောနေတဲ့ သိန်းရာဂဏန်း အပြင် ကျန်တာကို မြင်ဟန်မတူပါဘူး။ သူ့ကိုယုံ လို့လည်း ပြောသံကြားတယ်။ ပြီးတော့… သူက ပတ်ဝန်းကျင်ရဲ့ သူ့အပေါ် အာရုံကျမှုကိုလည်း ဝေ့ဝဲ စားသုံးလိုက်သေးတယ်။ အငေးသား မော့ကြည့်နေတာဆိုလို့ ပလပ်စတစ်ဆွဲခြင်းနဲ့ မိန်းမပဲ ရှိတယ်။ ဒီလိုလူမျိုးတွေအတွက် ဒီလိုလူမျိုးတွေ ရှိပေးရမယ် ဆိုတဲ့ နိယာမအတိုင်းပါပဲ။ အမျိုးကောင်းသမီးလေးကတော့ ဖုန်းတစ်ကောလ် ခေါ်နေပါပြီ။ အဲဒီအနားကို ကပ်သွားတာက ကောင်လေး သုံး လေးယောက်။ ဘောင်းဘီ ဒူးခေါင်းလောက်တွေနဲ့၊ စီးကရက်သောက်တဲ့ ကောင်လည်း ပါတယ်၊ ကွမ်းတဝါးဝါးကောင်လည်း ပါတယ်၊ အရေပြားပေါ်မှာ အရုပ်တွေပါသလို၊ အပေါက်တွေကလည်း နားမှာရော အောက်နှုတ်ခမ်းမှာရောပဲ။ ကားခအတွက် ဘောင်းဘီအိပ်ထဲကနှိုက်ထုတ်လိုက်တော့ တစ်ရာတန် နှစ်ရာတန် အကျိုးအကြေတွေ။ ဘဝကြီးတစ်ခုလုံးအတွက် လမ်းတောက်လျှောက်မှာ ဘယ်လို မောင်းနှင်ကြမလဲ ဆိုတာအတွက် ဘာမှ ကြိုတင်ပြင်ဆင်ထားပုံ မပေါ်ပါဘူး။ ခေတ်က တောင်လေ တိုက်ရင် အလိုက်သင့် မြောက်ဘက် ရွေ့သွားလိုက်တာပေါ့ ဆိုတဲ့ ရေစီးကြောင်းထဲမှာ။ အရေးထဲ ဦးထုပ်နောက်ပြန်က ဆောင်းထားသေး။ တစ်ရာလောက်ပေးပါ ဆိုတဲ့ နနွင်းဝါဝါတွေနဲ့ အမျိုးသမီးတစ်ယောက် မှတ်တိုင်လူအုပ်ဆီ ရောက်လာတယ်။ ကလေးသေသွားပြီ ပြောတယ်။ ပြန်စရာ လမ်းစရိတ်မရှိလို့ပါ လည်းပြောတယ်။ စောစောက ပလပ်စတစ်လက်ဆွဲခြင်နဲ့ မိန်းမတစ်ယောက်ပဲ…နှစ်ရာလား မသိ ပေးလိုက်တယ်။ လေတိုက်ခြင်းဆိုတဲ့ ခေါင်းစဉ် ဖြစ်ပေါ်လာရခြင်း အကြောင်းက အဲဒီနေရာမှာ လေတွေ ထ ဖြစ်ပေါ်လာလို့ လေတိုက်တာ မဟုတ်ပါဘူး။ လေဖိအားနည်းတဲ့နေရာ လေအင်အားနည်းတဲ့ နေရာကို အခြားနေရာက လေတွေ ရောက်လာလို့ လေတိုက်ခြင်း ဆိုတာ ဖြစ်ပေါ်လာရတာပါ။ ကားတစီး ဝင်လာတော့ ငါးယောက်လောက် ဆင်းပြီး၊ တစ်ယောက်လောက်ပဲ တက်သွားတယ်။ စောစောက သိန်းရာချီ အော်ဟစ်နေတဲ့လူ ဖြစ်မယ်။ ကားပေါ်မှာ ဘယ်လောက်များ လေကြီးမိုးကြီး တိုက်ဦးမယ် မသိဘူး။ နောက်ထပ် ကားတစ်စီး ခပ်လှမ်းလှမ်းမှာ ရပ်တယ်၊ နံပတ်အနက်..။ အမျိုးကောင်းသမီးလေး တောင်ကြည့်မြောက်ကြည့်နဲ့ ပါသွားတယ်။ အဆက်အသွယ်တွေက ဘာနဲ့ လမ်းခင်းပြီး လျှောက်လှမ်းနေပါသလဲ။ ကားနဲ့လား… ဖုန်းနဲ့လား… ငွေနဲ့လား..။ ဆံပင်ထောင်ထောင် ပိန်ညှောင်ညှောင်နဲ့ ကောင်လေးအုပ်စုက ယောက်ျားကြီးတွေတန်မဲ့ အပနာမတွေပြောလို့၊ စပျစ်သီးချဉ်တယ် ဆိုတဲ့ ပုံပြင်တွေ အပြင်မှာ အများကြီးရှိနေပါတယ်။ ပြင်ကာဆင်ကာ မိန်းမတစ်ယောက်က ဦးဆောင်တဲ့ မိသားစုတစ်စု ရောက်လာတယ်။ ယောကျာ်းကတော့ သမားရိုးကျ မျက်လုံးမျိုးအပြင် ထုံ အအဖြစ်ပုံ ရပါတယ်။ ဖူးစာဆိုတာ သတ်မှတ်ချက်ရယ်လို့ မရှိပါဘူး။ အဆင်ပြေသလိုပဲ သွားနေကြတာဖြစ်ပါလိမ့်မယ်။ သမီးလေးကို ဇာဝမ်းဆက် ဂါဝန် ဆင်ပေးထားပြီး၊ လေဒီရှုးအဖြူကလေးကတော့ သမီးလေးနဲ့ အထာမကျဘူး ဖြစ်နေတယ်။ ကလေးမလေးမှာ လမ်းလျှောက်ပုံ ပျက်လို့။ ပါးနီနှုတ်ခမ်းနီတွေလည်း ရဲပဒေါင်း ခတ်အောင် ဆိုးပေးထားတယ်။ မိန်းကလေးချင်းလည်း ဖြစ်သလို၊ သားအမိလည်း ဖြစ်ဆိုတော့ မိဘက အရာအားလုံးကို သိမ်းပိုက်ထားပါလိမ့်မယ်။ ဒါကတော့… မပြောသာပါဘူး။ သူကိုယ်တိုင် ဆံတုံးကို လမ်းထိပ်က ဆိုင်မှာ ထုံးလာတာဆိုတော့။ ယောကျာ်းလုပ်သူက လက်တွေခြေထောက်တွေမှာ စွဲနေတဲ့ ဘိလပ်မြေရောင်ကို တံတွေးဆွတ်ပြီး ပွတ်ချနေတယ်။ ပန်းရံသမားတစ်ယောက်ရဲ့ မိသားစုအပေါ် ထားတဲ့ သင်္ကေတပါပဲ။ လက်ပွေ့အိပ်ထဲက ခလုတ်ဖုန်းကို ထုတ်ပြီး ဟိုနှိပ်ဒီနှိပ်နဲ့။ ရှင့်သူငယ်ချင်း တက်ကစီသမားကို လှမ်းခေါ်လိုက်ပါ့လား။ လိုင်းကားကြီးနဲ့ အောက်တယ်.. လို့ သူ့ယောကျာ်းကို လှမ်းအမိန့်ပေးပေမယ့် ဟိုက မလှုပ်..မရှုပ်..မပြုတ်။ လူက သူ့မှာရှိတဲ့အတိုင်းပဲ ထွက်ပေါ်လာပါလိမ့်မယ်၊ ဖုံးကွယ်ထားလည်းခဏပေါ့။ ကားရှည်ကြီးတစ်စီး ထိုးဆိုက်လာတယ်။ အဲဒီကျမှ နောက်ဘက်ကွမ်းယာဆိုင်က အသံ ထွက်လာတယ်။ ငါးမိနစ်.. ခုနှစ်မိနစ်.. အပေါ် တစ်ဆယ်။ လက်ဘက်ရည်ဆိုင်မှာ ထိုင်ကြည့်နေသူတွေလည်း ရှိသေးတာကိုး။ တူးတီးမှာ… ဝမ်းပေါ့မယ်.. ဆိုတဲ့ ကလေးသံနဲ့ အတူ လူတစ်ယောက်ပြေးထွက်လာပြီး အတင်း ခုန်တက်သွားတယ်။ အခြေအနေတစ်ခုပေါ်မှာ မှီတွယ် ရပ်တည်နေရတာတွေ ရှိပါတယ်။ ဘဝပေး လို့ပဲ ပြောပြောပေါ့။ တူညီဝတ်စုံနဲ့ ကဒ်တွေ လည်ပင်းဆွဲထားကြပြီး လက်ဆွဲအိပ် အသီးသီးနဲ့ ရပ်ကွက်ထဲမှာတွေ့နေကျ မားကက်တင်းဝန်ထမ်းလေးတွေ၊ ခရီးတစ်ထောက်ပြောင်းဖို့ မှတ်တိုင်ရောက်လာကြတယ်။ လိုင်းကားနဲ့သွားမှ ကိုယ့်အတွက်ကလေးကျန်မှာ ဆိုတော့၊ မြန်မာပြည်မှာ ဝန်ထမ်းဈေးပေါခြင်း ပြယုက်ပါပဲ။ လခလေး တစ်ပဲခြောက်ပြားနဲ့၊ ပါစင့်နိပ်ကြေး အစွန်အဖျားကို မျှော်ကိုးပြီး၊ ပြောပြန်ရင်လည်း ကျွန်တော် ကျွန်မတို့မှ ပညာမတတ်ခဲ့တာကိုး…လို့ ဆိုဦးမယ်။ တက်ကစီသမားတချို့ကလည်း လက်ညှိုးထောင်သွားကြတယ်။ ဒီတစ်စီးမှာတော့ လူအပြည့် ပါလာတယ်။ ညှိုးညှိုးရော်ရော် စိတ်ပျက်လက်ပျက် မျက်နှာပေးတွေနဲ့ တက္ကသိုလ်ကျောင်းသူတွေ။ တက္က္ကသိုလ်ရုပ်လည်း တစ်စက်မှမပေါ်လွင်ဘူး၊ နေရာလွတ်တွေရှိရာကို အတင်းကာရော လုတက်ကြတယ်။ စပယ်ယာကလည်း မှတ်မှတ်ရရ လူစစ်ပြီးတင်တယ်။ အချက်ပေးသံအဆုံးမှာ ထွက်ခွာသွားပါတော့တယ်။ မှတ်တိုင်က သူ့အတိုင်း ကျန်ခဲ့ပြီး ထပ်မံရောက်ရှိလာကြဦးမှာ ဖြစ်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)