ဇော်ဇော်အောင် (၇၉နှစ်) (၁၉၃၇-၂၀၁၆) ကွယ်လွန်ခြင်း အမှတ်တရအဖြစ် မောင်စွမ်းရည်နဲ့ တွေ့ခဲ့စဉ် မိုးမခစကားဝိုင်းဆောင်းပါး

January 27, 2016

ဇော်ဇော်အောင် (၇၉နှစ်) (၁၉၃၇-၂၀၁၆) ကွယ်လွန်ခြင်း အမှတ်တရအဖြစ်

 မောင်စွမ်းရည်နဲ့ တွေ့ခဲ့စဉ် မိုးမခစကားဝိုင်းဆောင်းပါးကို တင်ဆက်လိုက်ပါတယ်

 မောင်စွမ်းရည် – စာပေစကားဝိုင်း

(မိုးမခ) ဒီဇင်ဘာ ၂၉၊ ၂၀၁၅

ရန်ကုန်ကို ၂၀၁၅ အောက်တိုဘာ၊ နိုဝင်ဘအတွင်းက အလည်ပြန်ရောက်ခဲ့ပါတယ်၊ ရန်ကုန်ကထွက်လာတော့ ၁၀ နှစ်ကျော်လို့ “ဒွါဒသဟိ” တစ်ဆယ့်နှစ်နှစ် ရှိခဲ့ပါပြီ။ နိုဝင်ဘာ ၁၅ရက်နေ့မှာ မိုးမခမီဒီယာနဲ့ ဟုမ်းမီဒီယာ ပူးတွဲစီစဉ်ပြီး ရန်ကုန်ဗိုလ်အောင်ကျော်လမ်းပေါ်က ဟုမ်းမီဒီယာခန်းမမှာ မောင်စွမ်းရည်နဲ့ မိတ်ဆွေများစာပေဆွေးနွေးပွဲဆိုတာကို ကျင်း ပခဲ့ပါတယ်။ အစစ စီစဉ်သူက ငြိမ်းချမ်းအေးပါ။ အခမ်းအနားမှာ မောင်စွမ်းရည်မှာ နေရာချထားခံသူများကတော့ စာရေး ဆရာခြောက်ယောက်ပါ။ မောင်စွမ်းရည်ရဲ့ မိတ်ဆွေကလည်း ကဗျာကရာ စုစည်းလိုက်တဲ့အခါ ခြောက်ယောက်ပဲထွက် ပေါ်လာတယ်။ (အပေါင်းအသင်းကလည်း နည်းလိုက်တာနော်။)

အပေါင်းအသင်းခြောက်ယောက်ကတော့ ပန်းချီဆရာ၊ ဝတ္ထုရေးဆရာ၊ ရုပ်ရှင်ဒါရိုက်တာ၊ ပန်တျာကျောင်းအုပ်ကြီးဟောင်း ဦးဝင်းဖေနဲ့ သူ့ဘေးကထိုင်နေတာက ဂုဏ်ထူးဦးသိန်းနိုင် (ဓါတ်ပုံထဲမှာ သူတို့ရဲ့ ဗိုက်ကြီးနှစ်လုံးက အထူးပေါ်လွင်နေပါတယ်။) မောင်သိန်းနိုင်ရဲ့ဘေးကမှ မောင်စွမ်းရည်၊ သူ့နာမည်ရင်းကလဲ ဝင်းဖေတဲ့ “ဝင်းဖေငယ်” ပေါ့။ “ဝင်ေးဖကြီး” က အ သက်တနှစ်ပိုကြီးတယ်။ သူကမောင်သိန်းနိုင်နဲ့ တနှစ်တည်းမွေးတာ။ မကြာခင် အသက် ၈၀ ပြည့်မွေးနေ့လုပ်ကြမှာ။ နောက် တယောက်က အမခင်ဆွေဦးပါ။ အစ်မဦးက ရှစ်ဆယ်ကျော်၊ အသက်ကြီးဆုံး။

နောက်တယောက်က ဇော်ဇော်အောင် အမည်ရင်း ဦးဇော်မြင့်၊ ဒီခြောက်ယောက်ထဲမှာ သူက မြန်မာစာမဟာ ဝိဇ္ဇာဆရာကြီးပါ။ ဝင်ဖေကြီးနဲ့ မောင်မိုးသူတို့ နှစ် ယောက်ကတော့ တက္ကသိုလ်ကို ဝင်လိုက်ထွက်လိုက်၊ ဆင်းလိုက်တက်လိုက်နဲ့ ၁၀နှစ်နှစ်ယောက်နေခဲ့ပေမယ့် ဘွဲ့မရခဲ့ဘူး။ မောင်မိုးသူခေါ် ဦးစိန်မြင့်ဆိုရင် တက္ကသိုလ်က ပထမတန်းတောင် မအောင်ခဲ့ပါ။ ကျနော်နဲ့တော့ ဦးမိုးသူခေါ် ဦးစိန်မြင့်နဲ့ ရေစက်များပါတယ်။

ကျနော် ဦးအောင်သင်းနဲ့ စာပေခရီးအတူသွားကြတော့ “ခင်များတို့မှာ နောက်ကွယ်က နိုင်ငံရေးဂိုဏ်းတကာအစွဲတွေရှိတာ ကျုပ်ကလုံးဝမသိခဲ့ဘူး။ ကျုပ်ဆိုတဲ့ကောင်က မြှောက်ပေးရင် “ချွေးထွက်” အောင် က တဲ့ကောင်ဗျ။ ဇော်ဇော်အောင် မြှောက်ပေးတိုင်း တွယ်တော့တာပဲတဲ့” ။

လူငယ်များက ကျနော်ရယ် မောင်မိုးသူရယ်၊ ဇော် ဇော်အောင်ရယ် လည်ပင်းဖက်နေခဲ့ကြပြီး ကုတင်တစ်လုံးမှာ လူသုံးယောက်အိပ်ခဲ့ကြဖူးတာကို မသိနိုင်ကြပါ။ ဇော်ဇော် အောင်နဲ့ မောင်စွမ်းရည်ဟာ မောင်မိုးသူရဲ့အိမ်မှာ သူတို့အမျိုးသမီး အသီးသီးနဲ့ ချိန်းချက်စကားပြောကြရင်း အိမ်ထောင်ကျ သွားခဲ့ကြတာပါ။ ဒီလောက်ရင်းနှီးပါတယ်။ မုံရွာက ဇော်ဇော်အောင်ဟာ မြင်းခြံမြို့နယ်က တောရွာကလေးကို ရောက်အောင် ကျနော်နဲ့ လိုက်လည်ဖူးပါတယ်။ နယ်တည်းသားချင်းဖြစ်တဲ့ တင်မိုးတောင် ကျနော်တို့ရွာကို ကျနော်နဲ့လိုက် မလာဖူးပါဘူး။ (ကျနော်မရှိချိန် ရောက်သွားဖူးသတဲ့။)

ဇော်ဇော်အောင် ရန်ကုန်တက္ကသိုလ်ကို ပြောင်းသွားပြီးနောက်၊ ၁၉၅၇-၅၈ ထဲမှာ မောင်သိန်းနိုင်နဲ့ တင်မိုးတို့က မြန်မာစာ ဂုဏ်ထူးနဲ့ ရောက်လာကြတယ်။ ကလောင်ရှင်အသင်း လှုပ်ရှားမှာတွေကို မြှင့်တင်ကြတယ်။ ဒီတော့မှ တောသားချင်း တွဲကြစို့လို့ ကြွေးကြော်ပြီး တင်မိုးက မောင်သိန်းနိုင်နဲ့ မောင်စွမ်းရည်ကို မခွာတမ်း တွယ်ထားတယ်။ ဆောင်းရာသီမှာတောင် နန်းရှေ့ပွဲတုန်း ကျောင်းဘော်ဒါဆောင်တွေနဲ့ အလယ်ကကွင်းကြီးထဲမှာ ထင်းမီးဖိုပြီး ညလုံးပေါက်စကားပြောခဲ့ကြပါတယ်။ အမေရိကားမှာ သူ ကွယ်လွန်ခါနီးထိ မြင်းခြံအကြောင်းတွေ ပြောလို့မပြီးပြတ်သေးဘူး။ မြင်းခြံက ကိုးဆောင်ကျောင်းအကြာင်း၊ ကန်မြဲဇဂျမ်း  ရွာက ကျနော်တို့အမျိုးတွေနဲ့၊ လက်ဝဲ- မြင့်နီရွာက ကနော့်အမျိုးတွေအကြောင်းကို စာရွက်တစ်ရွက်နဲ့ လိုက်ရေးခိုင်းနေပါသေးတယ်။ လက်ဝဲ-မြင့်နီရွာက ကျနော့်အမျိုးတွေက သူနဲ့ မြင်းခြံမြို့ပေါ်မှာ သမဝါယမငွေစာရင်းကိုင်သင် တန်းတို့ထင်ပါရဲ့၊ စာကူတက်ခဲ့ကြဖူးသတဲ့ “သူတို့ရွာ-ကန်မြဲဇဂျမ်းက ကျနော့်အမျိုးတွေက သူကြီးမျိုးတွေပါ။

အညာတော ရွာတွေမှာ သူကြီးမျိုးကို “မင်းမျိုး” လို့ ခေါ်ကြတာပါ။ “သူကြီးမင်း” လို့ ခေါ်တယ်။ သူကြီးမင်းနေထိုင်တဲ့ အိမ်ခြံဝန်းကို “မင်း ဝိုင်း” လို့ခေါ်တယ်။ အငြိမ့်ပွဲမှာ ရှေ့ဆုံးက သူကြီးမိသားစုကြည့်ဖို့ စင်ကို “မင်းစင်” ခေါ်ရတယ်။ ပွဲခင်းမှာ အလယ်ကလမ်းကို “မင်းလမ်း” တဲ့။ အဲဒီသူကြီးမျိုးတွေရဲ့ အိမ်ကို ကိုရင်ဣန္ဒတာ ဆွမ်းခံသွားတော့ နောက်ကဆွမ်းခွက်ကို ကိုင်တာက ကဗျာဆရာမောင်စန်းသော် (ဒေါက်တာခင်မောင်ရည်) တဲ့။ သူကြီးသမီးတွေက မြို့တက်ကျောင်းနေကြတာဆိုတော့ မြို့ ဟန်ပေါက်ပြီး သိပ်ချောသိပ်လှတယ်လို့ ထင်ခဲ့ရသတဲ့။ သူနဲ့အိမ်ထောင်ကျတဲ့ အမျိုးသမီးဟာ သူကြီးမျိုးထဲက တယောက်ပါ။ အမေက သူကြီးမျိုး ၊ အဖေကသူကြီးမျိုးမဟုတ်လို့ “မင်းမျိုး” မစစ်လှဘူးတဲ့လေ။ ထားပါတော့။ ခုတော့ ရ.၀.တ ပေါ့။

မန္တလေးတက္ကသိုလ် ငယ်သူငယ်ချင်းတွေးထဲက တင်မိုး၊ ကြည်အောင်၊ လေးမောင် (မြင်းခြံ)နဲ့ ညွှန့်အေး (အင်းဝ) တို့ လေး ယောက်နဲ့ သူတို့ထက် နည်းနည်းနောက်ကျရောက်တဲ့ ကဗျာဆရာမောင်စန်းသော်တို့က ကွယ်လွန်ကုန်ကြရှာပါပြီ။

အဓိကအကြောင်းရင်းကတော့ ဆေးလိပ်သောက်ခေါ်ကြတာပါပဲ။ ဆေးလိပ်မသောက်သူတွေပဲ ကျန်ရစ်တာပါ။ ကျန်ရစ်ပြီး မပါဝင်သူ သုံးယောက်ပဲရှိပါတယ်။ မောင်သာနိုးက ကျန်းမာရေးမကောင်းဘူး။ ကိုလေး (အင်းဝဂုဏ်ရည်) က အင်းဝမှာ နေတော့ ဝေးတယ်။ ကသာဝင်းကြွယ် (အမည်ရင်းခင်မောင်ဝင်း) က ရန်ကုန်မှာပဲရှိပါတယ်။ အငြိမ်းစား လေတပ်ဗိုလ်မှူးပါ။ ဗိုလ်သော်ကအခေါ် “ရေဗိုလ်” ပါ။ သူက ကဗျာစာအုပ်တအုပ်ထုတ်ပြီး စစ်ထဲလိုက်သွားတယ်။ စာပေလောကနဲ့ရော၊ စာပေနဲ့ရော အဆက်ပြတ်သွားတော့ စီစဉ်သူတွေကကြားဖူးမှာ မဟုတ်။ သူလဲ ခေါင်းဖြူခွပ်ကျိုး အဖိုးကြီးဖြစ်နေပါပြီ။

လေး မောင်၊ မောင်မိုးသူ၊ ဝင်းကြွယ်၊ ကြည်အောင်၊ ညွှန့်အောင်၊ ဇော်ဇော်အောင်၊ မောင်စွမ်းရည်တို့ဟာ ၁၉၃၇ ခုနှစ်မှာ တနှစ်တည်းမွေးဖွားခဲ့ကြတာလို့ ဆိုပါတယ်။ အဲဒီ ဝင်းကြွယ်က “ကသာဝင်းကြွယ်” တဲ့။ တက္ကသိုလ်ဝင်းကြွယ်ခေါ်တဲ့ တရုတ်သိုင်းရေးဆရာနဲ့ မှားတတ်တယ်။ ခုဟာတွေက မန်းတက္ကသိုလ် ကျောင်းထွက် ငယ်ပေါင်းကြီးဖေါ် စာပေရဲဘော်တွေပါ။

ဦးဝင်းဖေ၊ ဂုဏ်ထူးသိန်းနိုင်၊ မောင်စွမ်းရည်၊ ဒေါ်ခင်ဆွေဦး၊ မောင်မိုးသူ၊ ဇော်ဇော်အောင်၊ အားလုံးခြောက်ယောက် လာကြတယ်။ မောင်သာနိုး၊ တင်မိုး၊ ကြည်အောင်၊ လေးမောင်၊ ဝင်းကြွယ်၊ ညွှန့်အေး (အင်းဝ) ခြောက်ယောက် မလာနိုင်ကြဘူး။ မလာ ခြောက်ယောက် လာခြောက်ယောက် မန်းတက္ကသိုလ်မှာ မရှေးမနှောင်း နောက်ဆက်တွဲလေးတွေရှိခဲ့တာ သတိရတယ်။

မောင်မျက်ရှင် (စစ်ကိုင်းဦးဖိုးသင်းမြေး)၊ ရေးဦးမြင့်မောင် (ပညာတန်ဆောင်အယ်ဒီတာအဖွဲ့)၊ မောင်စန်းသော် (ဒေါက်တာ ခင်မောင်ရည်)၊ မုံရွာ စသည်စသည်ပေါ့။ မောင်စန်းသော်နဲ့ မုံရွာဝင်းဖေတို့က ဆုံးရှာပြီ၊ ထားပါတော့ ဓါတ်ပုံထဲမှာ မပါနိုင်ကြ တာတွေ။ မပါနိုင်တာတွေ ဆက်ပြောရန် ပေရှည်နေရော့မယ်။ ထူးဆန်းတာက မုံရွာဝင်းဖေ။ နာမည်တူပေမယ့် သူကကျနော် တို့ကို ကွန်မြူနစ်တွေဆိုပြီး ရှောင်တယ်။ ကျနော်တို့တတွေနဲ့ လုံးဝမဆိုင်ဘူး။

မအောင့်နိုင် မအည်းနိုင်ပဲ ရန်ကုန် ရောက် ရောက်ခြင်းသွားပြီး ဂါရဝပြု အလွမ်းသယ်ရတာကတော့ (တင်မိုးက “ဗိုလ်နိုး” လို့ အမြဲတမ်းလွမ်းတခဲ့တဲ့) ကိုသာနိုးပါပဲ။ သူနဲ့ တယောက်လည်ပင်း တယောက်ဖက်ပြီး ဓါတ်ပုံရိုက်ခဲ့ရတယ်။

နောက်တယောက်သွားတွေ့ရတာကတော့ ရန်ဖြစ်ဖက် ဇော်ဇော်အောင်ပေါ့။ “ဘယ်ကဧည့်သည်လဲ၊ ဘယ်သူလဲ” ဆိုပြီး ဒုတ်ကောက်ကြီးတဒေါက်ဒေါက်နဲ့၊ ပီဘိအဖိုးကြီး။

ကျနော့် အိမ်ကို ဦးဆုံးရောက်လာသူကတော့ မောင်မိုးသူပါ။ သူကလဲ ဒုတ်ကောက်ကြီးနဲ့လား၊ ဒုတ်ဖြောင့်ကြီးနဲ့လား မမှတ်မိတော့ ဘူး။ ခြေထောက်နောက်တဖက် ထပ်ကျိုးထားသတဲ့။ ဆရာကြီးရွှေဥဒေါင်းနဲ့ ခြေကျိုးတာချင်းတူပြီး ဂုဏ်ယူလို့ပေါ့။ ဆံမုတ် ဆိတ် နှုတ်ခမ်းမွေး၊ မျက်ခုံးမွေးတွေပါ ဖြူဖြူဖွေးကို မင်းသိင်္ခဝတ္ထုတွေထဲက တရုတ်အဖိုးကြီးကိုသတိရမိသေးတော့။

စာပေ စကားဝိုင်းလာ ပရိသတ်ထဲမှာလဲ မိတ်ဆွေတွေအများကြီးပါပဲ။ ဦးခေါင်းဖြူတွေများပါတယ်။ ပန်းချီမဆွဲဘဲ စာရေးဆရာတွေနဲ့ စာပေဟောပြောပွဲတွေလျှောက်လိုက်လေ့ရှိတဲ့ ယဉ်မင်းပိုက်လဲ မျက်ခုံးမွှေး ဖြူနေရှာပြီ။ ဖျာပုံနီလုံဦးလဲ မျက်ခုံးမွှေးဖြူနေပြီ။ ဆေးရုံအတူတက်ဖူးတဲ့ ကိုဝင်းငြိမ်းကတော့ အရင်အတိုင်းပါပဲ။ ဖေါင်းဖေါင်း၊ ပြုံးပြုံးပဲ။ မုံရွာအောင်ရှင်ကတော့ ကျနော့်ကို ဟိုလွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်လောက်က ထင်ပါရဲ့။ မော်စီတုန်းကဗျာတွေ ဘာသာပြန်ခိုင်းခဲ့တာ ခုပုံနှိပ်နေပြီ ပြောဖို့မေ့ သွားပါတယ်။ သူဘာသာပြန်ခိုင်းတာဖြစ်လို့ သူ့ကို အမှာစာရေးခိုင်းထားတာ ကြာပြီတဲ့။

မိုးမခ မိဘများဖြစ်ကြတဲ့ ဒေါက်တာ ခင်မောင်ဝင်းနဲ့ တက္ကသိုလ်ရွှေရီဝင်းတို့လဲ လာရောက်အားပေးကြလေရဲ့။ သူတို့ရဲ့ ညာဘက်အနားမှာ “ပန် မြန်မာ” (Pen-Myanmar) မသီတာစမ်းချောင်း။ အမေရိကားကိုလာတုန်းက မတွေ့လိုက်ရဘူး။ ဗမာပြည်ရောက်မှပဲ တွေ့ရပါတယ်။

ကြံကြံ ဖန်ဖန်၊ အမေရိကားက စာပေမိတ်ဆွေဒေါက်တာတင်ဇော်လွင်ကလဲ ကြုံကြိုက်လို့တဲ့ စာပေလောကကို မျိုးညွှန့်စာပေ ဥက္ကဌကြီး ဒေါက်တာဖေမြင့်တို့နဲ့ တဝိုင်း စီစဉ်ထားသတဲ့ အလည်လာရင်း စီစဉ်တာပါ။ လူထုဦးလှရဲ့ ဇာတိရွာကိုလဲ လိုက် ပို့ပေးဖို့ စီစဉ်သေးတယ်။ ကျနော်က အချိန်မရတော့လို့ မသွားလိုက်ရဘူး။ ညောင်လေးပင်နားက ပုစွန်မြောင်း (ဗဇွန်မြောင်း) ဆိုတဲ့ရွာ။

လေးကိုတင်၊ ပန်းချီမောင်ဒီနဲ့ တက္ကသိုလ်မကျည်းဒန်တို့ကလဲ စာအုပ်လက်ဆောင်တွေ လာပေးကြတယ်။ ကိုကိုးကျွန်း သူရဲကောင်း ရှစ်ယောက်အကြောင်းရေးတဲ့ စာအုပ်တအုပ်လဲ လက်ထဲရောက်လာတယ်။ စာအုပ်ကြားထဲမှာ ကျနော်ပျောက် နေတဲ့ ကိုကိုကျွန်းမော်ကွန်း ကဗျာလေးညှပ်လိုက်လို့ ကျေးဇူးတင်ပါတယ်။

စာအုပ်လက်ဆောင်ပေးသူတွေထဲမှာ ရှားရှား ပါးပါးတယောက်ကတော့ ရဲဘော်ခင်မောင်မြင့်။ မြစ်သားဇာတိ။ မောင်သာရရဲ့ မွေးစားညီ။ မန်းတက္ကသိုလ်က တပ်ဦးရဲဘော် ဟောင်းတစ်ဦးပါ။ တရားစာအုပ်တွေ လက်ဆောင်ပေးပါတယ်။ မိုးကုတ် တရားစာအုပ်လဲပါလေရဲ့။ အသက်တွင်းဝရောက် ကြာပြီဆိုတော့ တရားဓမ္မစာအုပ်တွေလဲ လိုအပ်လာတာအမှတ်ပါပဲ။ ခင်မောင်မြင့်နဲ့ ကွဲသွားတာကြာပြီ။ သူလဲ သူ့အကိုကြီး မောင်သာရလိုပဲ ဆိုရှယ်နီအုပ်စုတင် တယောက်အနေနဲ့ ဗိုလ်နေဝင်းရဲ့ မြန်မာ့ဆိုရှယ်လစ်ပါတီကို ဝင်ရောက်ကူးပြောင်း ထောက်ခံသွားပြီး အဆုံးထိပူးပေါင်းသွားခဲ့လို့ ကျနော်တို့နဲ့ လုံးဝ ပြောင်းပြန်လမ်းကွဲသွားခဲ့ပါတယ်။ ဆရာမောင်သာရကတော့ မဆလပါတီ ဌာနချုပ်ကထွက်ပြီး စာတွေကို ပြန်ရေးနေရာက ရှစ်လေးလုံး ဒီရေလှိုင်းလုံးကြီးနဲ့တူ ပြည်ပလွင့်ထွက်လာလေရဲ့။

စာအုပ်လက်ဆောင်ပေးလာသူ နောက်တယောက်ကတော့ မြနှေင်းညို။ ရှစ်လေးလုံးကာလအတွင်း ရန်ကုန်မြို့တပတ် ဆန္ဒပြလမ်းလျှောက်ပွဲတခုမှာ ကျနော်နဲ့ အတူ ချီတက်ခဲ့တဲ့ တဦးတည်းသော စာရေးဆရာမပါ။ ပန်းချီဆရာ ယဉ်မင်းပိုက်လဲ အတူပါခဲ့တယ်။ ရှေ့ဆုံးက ချီတက်တာက ဆရာနတ်နွယ်။ ခပ်လှမ်းလှမ်းမှာ ကျောင်းနေဘက်သူငယ်ချင်း ဒေါက်တာသိန်း မောင်မြင့်ကိုလဲ စိတ်ပါလက်ပါ ချီတက်နေတာမြင်ရတယ်။ တခြားစာရေးဆရာရော၊ ဆရာဝန်ရောမတွေ့မိဘူးး အဲ မညို ပေးလာတဲ့ စာအုပ်အမည်က “လှေခွက်ချည်းကျန် ဆန်ခဲ့ပါသည်” တဲ့ အဖုံးမှာ သူ့ဖခင်ဦးတင်ဝင်းညိုရဲ့ ဓါတ်ပုံပါတယ်။ အတွင်းမှာတော့ သူ့ဖခင်ပါဝင်လှုပ်ရှားခဲ့ရတဲ့ ဗိုလ်နေဝင်းဆိုရှယ်လစ်ပါတီ ဗဟိုကော်မတီရဲ့ အရှုပ်တော်ပုံအကြောင်းတွေပါပဲ။ ဗဟိုကော်မတီ မဲပေးကြတော့ ဗိုလ်နေဝင်းက တခြားဗိုလ်တွေကို အကောက်ကြံ၊ ဖြုတ်ထုတ်သတ် လုပ်ခဲံပုံအကြောင်းတွေပါပဲ။ မြနှောင်းညို ကိုယ်တိုင် လေ့လာရေးသားပြုစုတဲ့ စာအုပ်ပါ။ စာအုပ်ကို သူ့အဖေကတော့ မြင်တွေ့သွားရမယ်မထင်ဘူး။ စာအုပ်ထဲမှာ “တင်မိုး” နဲ့ သူ့အဖေတွေ့ဆုံခန်းလဲ ပါလေရဲ့။

ထူးဆန်းတာက ဗမာစစ်တပ်ထဲက ဗိုလ်လက်ျာ၊ ဗိုလ်ကျော်ဇောတို့လဲ ဗိုလ်နေဝင်းရဲ့ အငြိုအငြင်ခံရပြီး ကောက်ကျစ် တာခံရ တယ်။ ပိုထူးဆန်းတာက သမီး ဆရာဝန် စာရေးဆရာမတွေက သူတို့ဖခင်အကြောင်းကို စာတအုပ် ပေတဖွဲ့ဖြစ်အောင် ရေး ကြတာပါပဲ။ ခုလဲ သမီးဆရာဝန်စာရေးဆရာက သူ့အဖေအကြောင်းကို ရေးတာဖက်ရပြန်ပြီပေါ့။ ဗိုလ်နေဝင်းရဲ့ “ကျေး ဇူး” လို့ ဆိုရပေတော့မယ်။ ဗိုလ်နေဝင်းဟာ လူကောင်းတွေ၊ သူ့ထက်သာသူတွေကို မနာလို မရှုဆိတ်ဘူး။ အကောက်ဥာဏ်နဲ့ ဖြုတ်ထုတ်သတ် လုပ်တာဟာ တကယ့် “ဗီလိန်” ဂုန်းရုပ် ဇာတ်လမ်းတွေပါပဲ။ ဒေါက်တာခင်လက်ျာ၊ ဒေါက်တာလှကျော်ဇော၊ ဒေါက်တာမြနှောင်းညိုတို့လို ဒေါက်တာ စန္ဒာဝင်းလဲ ရေးဖို့ကောင်းတယ်။

လာကြသူတွေ၊ မြင်လိုက်တာရော၊ မမြင်လိုက်တာရော အများကြီးပါပဲ။ ဆွေးနွေးမေးမြန်းတာကတော့ ကိုငြိမ်းချမ်းအေးပါ။ မေးမြန်းဆွေးနွေးကြတဲ့အကြောင်းအရာတွေက ကြီးကျယ်ပါတယ်။ မြန်မာစာပေတိုးတက်ရေးနဲ့ မြန်မာစာသင်ကြားလေ့လာရေးအကြောင်းက စပါတယ်။ ကျနော် မနိုင်မနင်းဖြစ်နေလို့ မြန်မာစာဆရာကြီး ဂုဏ်ထူးဦးသိန်းနိုင်နဲ့၊ မြန်မာစာ မဟာဝိဇ္ဇာကြီး ဦးဇော်မြင့် (ဇော်ဇော်အောင်) တို့က ပါဝင်ဆွေးနွေးကြရပါတယ်။ ဦးသိန်းနိုင်က မြန်မာစာ ကျူရှင်ထဲမှာပဲ (ရှင်) နေရာက ခုမှစာပေဘက်ကို ဦးလှည့်ပြီး မြန်မာစာပေတိုးတက်မြှင့်တက်ရေး အဖွဲ့တောင်ဖွဲ့ပြီး ဆောင်ရွက်နေတယ်လို့ ဖြေသံကြားရလို့ ဝမ်းသာရပါတယ်။

ကျနော်ကတော့ လက်ရှိမြန်မာစာပေနဲ့ မြန်မာစာသင်ကြားရေးဟာ ဆရာကြီးဦးဖေမောင် တင်ထွန်း တင်ခဲ့တဲ့အရှိန်နဲ့ပဲ ဆက်လိမ့်နေတုန်းရှိ သေးတယ်လို့မြင်ပါတယ်။ ဦးဖေမောင်တင်ကိုလဲ ဗိုလ်နေဝင်းက ခါးခါးသီးသီးမုန်းပါတယ်။ နာမည်တောင်မကြားချင်တော့ခက်သား။ အထူးသဖြင့် တက္ကသိုလ်မြန်မာစာသင်ကြားရေးက ခေတ်နောက်ကျနေတော့ တက္ကသိုလ်က ဦးဆောင်ရတဲ့ အခြေခံမြန်မာစာမှာလဲ ခေတ်နောက်ကျကျန်ရစ်တယ်။ ကျနော်တို့ပါဝင်လုပ်ဆောင်နေချိန်မှာ ကံဆိုးချင်တော့ ဗိုလ်နေဝင်းက ဝင်ရောက်ပြီး ကန့်သတ်ချုပ်ချယ်တာတွေလုပ်လိုက်ပါသေးတယ်။ တက္ကသိုလ်မှာက ရှေးဟောင်းစာပေ သင်ကြားမှုသာ ရှေ့ရောက်နေပြီ။ ခေတ်သစ်စာပေသင်ကြားမှုနဲ့ ဘာသာစကား၊ ဘာသာသိပ္ပံသင်ကြားမှုက နောက်ပြန်ဆွဲနေပါတယ်။ ဆရာတွေရဲ့ အပြစ်မဟုတ်ပါဘူး။ ဗိုလ်နေဝင်းက မြန်မာစာရွေး ချယ်ပြဌာန်းရေးမှာ ဝင်စွက်ခဲ့တဲ့အပြင်၊ မြန်မာစာဆရာများ နိုင်ငံခြားပညာသင်ရေးမှာလဲ မလိုဘူးဆိုပြီး ဟန့်တားခံပါသေး ကော။

မြန်မာစာကိစ္စပြီးတော့ လူထုဒေါ်အမာရာပြည့်ပွဲအကြောင်းကို မေးပါတယ်။ အဲဒါကတော့ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးခင်မောင် လတ်၊ ဒေါ်ခင်မျိုးချစ်၊ ဒေါ်အမာတို့ဟာ ၁၉၁၅မှာ၊ တခုတည်းဖွားတွေဆိုတော့ ၁၉၁၅ ခုနှစ် တနှစ်လုံးသာမက ၁၉၁၄ ခုနှစ်အစကတည်းကပါ သူတို့ရာပြည့်ပွဲ၊ ရာပြည့်ကြိုပွဲတွေအကြောင်း မနားတမ်းရေးလာခဲ့တဲ့အတွက် သူများအကူ အညီမလိုဘဲ ပြောနိုင်တာပေါ့။ မိုးမခကောင်းကင်တပြင်လုံး ရေးနေခဲ့တာ မဟုတ်လား။

သတင်းစာဆရာမကြီးအဖြစ်နဲ့သာမက မြန်မာမှု၊ မြန်မာ့ဓလေ့၊ သုတေသီအဖြစ်နဲ့ သူများ မလုပ်နိုင်တာ (နောင်လဲလုပ်လို့ရတော့မှာမဟုတ်တဲ့) သုတေသနတွေလုပ် ခဲ့ကြောင်း ဝတ္ထုတိုဆိုတဲ့ ရသစာပေနဲ့ စာပြီးရသအက်ဆေးရေးသားမှုနဲ့ အဆုံးသတ်ခဲ့ကြောင်း စသဖြင့် ပြောပြခဲ့ပါတယ်။ ကျနော့်အနေနဲ့ ခုလဲ ၂၀၁၅ မကုန်မချင်း ဆက်ရေးနေတာကို “မိုးမခ” မှာတွေ့ရမှာပါ။ လူထုကြီးပွားရေး အထူးထုတ်အတွက်လဲ သီးခြားရေးပို့ထားပါသေးတယ်။ စုစည်းလိုက်ရင် စာအုပ်ဖြစ်လောက်ပါပြီ။ အထူးသဖြင့် လူပုဂ္ဂိုလ်ချင်းလဲ အနီးကပ်နေလာရတဲ့ လူထုဒေါ်အမာနဲ့ ဒေါ်ခင်မျိုးချစ်တို့ နှစ်ဦးရဲ့ရာပြည့်အကြောင်းတွေ ရေးဖြစ်ခဲ့ပါတယ်။ အမေရိကန်ပြည်မှာလဲ ဒါပဲဟောပြော နေကျကိုး။

သိပ်များများမပြောဖြစ်ကြပါဘူး။ အခမ်းအနားက ၁၀ နာရီစ၊ ၁၂ နာရီဆုံးပါတယ်။ ပြီးဆုံးပြီလဲဆိုရော ချက်ချင်းလိုလို လူစုကွဲ သွားလို့ လူစေ့အောင်တောင် နှုတ်မဆက်လိုက်ရပါဘူး။ ဘယ်သူနဲ့မှ ကောင်းကောင်းမပြောလိုက်ရတာပါ။ မြင်သာမြင်ရ ဘဝင်မကျလိုက်ရဘူးဆိုပါတော့။ ဦးခေါင်းဖြူဖြူ၊ မျက်ခုံးဖြူဖြူတွေပဲ လှမ်းမြင်လိုက်ရတာကိုး။ ရှစ်လေးလုံးတွေလဲ တလုံးမှ မတွေ့ရဘူး။ အဖွဲ့ချုပ်ရုံးကိုလဲ သူတို့တတွေ ရွေးကောက်ပွဲတွေနဲ့ အလုပ်ရှုပ်နေမှပဲ ဆိုပြီး မသွားလိုက်နိုင်ပေမယ့် ကိုနီလုံတို့၊ ကိုအောင်ရှင်တို့နဲ့ ဆုံလိုက်ရလို့ တော်သေးရဲ့။ နာယကကြီးကိုတော့ အိမ်သွားပြီး ကန်တော့လိုက်ပါတယ်။ ဆုတွေပေး လိုက်တာ ငါးမိနစ်လောက်ကြာတယ်ထင်ရဲ့။ ပေးတဲ့ဆုတွေနဲ့ ပြည့်ပါစေ။

ခဏဆိုပေမယ့် လူကြီးနဲ့ရော လူငယ်နဲ့ရော အတန်အသင့်ဆုံရလို့ပဲ အလွမ်းပြေ တန်သလောက် ပြေခဲ့ပါတယ်။ ထပ်ပြီး ဆုံဖို့ကြိုးစားပါအုံးမယ်။

မောင်စွမ်းရည်။ ၂၀၁၅


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:လူများ၊ ရုပ်ပုံလွှာများ, မောင်စွမ်းရည်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်