မောင်ရစ် – ဆရာ ဇော်ဇော်အောင် ကွယ်လွန်ပြီ၊ ဆရာ သက်တော်ရာကျော် ရှည်ပါစေသတည်း

January 27, 2016

 

Photo – MoeMaKa

မောင်ရစ် – ဆရာ ကွယ်လွန်ပြီ၊ ဆရာ သက်တော်ရာကျော် ရှည်ပါစေသတည်း
(မိုးမခ) ဇန်န၀ါရီ ၂၇၊ ၂၀၁၆

၂၀၁၆ နှစ်ဆန်းချိန်မှာ အစောဆုံး နှုတ်ဆက်ထွက်ခွာသူက စာရေးဆရာ ဇော်ဇော်အောင် ဖြစ်ပါတယ်။ ဇန်န၀ါရီလ ၂၆၊ ပစိဖိတ်ကမ်းခြေစံတော်ချိန် မနက်ခင်းမှာ သတင်းကို ကြားတော့ ရန်ကုန်အချိန် ၂၆ ရက် ညဖက်မှာကတည်းက ကွယ်လွန်နှင့်ပြီလို့ ဆိုရမှာပါ။

မိုးမခအဖွဲ့အနေနဲ့ ဆရာမကွယ်လွန်မီ ၂၀၁၅ ခုနှစ်မှာ ဆုံစည်းခွင့်ရ စာပေစကားဝိုင်းလေး လုပ်ခွင့်ရခဲ့တဲ့အတွက် လွမ်းမောဖွယ် အမှတ်တရဖြစ်ရပါတယ်။

 

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၊ မြဇင်၊ မောင်မိုးသူ၊ ဇော်ဇော်အောင် (ဓာတ်ပုံ – မိုးမခ)

ပထမဆုံး ဆုံစည်းခွင့်ကတော့ ၂၀၁၅ မေလဆန်း ဦးခင်မောင်လတ်၊ ဒေါ်ခင်မျိုးချစ် နှစ် ၁၀၀ပြည့် မိတ်ဆုံပွဲဖြစ်ပါတယ်။ ကျောင်းနေဖက် အာခီတက် (ကို) အဘညွန့်ဝင်းက မိတ်ဆုံပွဲမှာ ဆရာဇော်ဇော်အောင် တက်ရောက်ဖြစ်အောင် အားထုတ်ပြီး ခေါ်ဆောင်လာခဲ့ပါတယ်။ ဆရာနဲ့ မဆုံဖြစ်ကြတဲ့ လူကြီးတွေဖြစ်တဲ့ စာရေးဆရာ (ဦး) မြဇင်၊ မောင်မိုးသူတို့ တွေ့ကြ စကားပြောကြတာကို မြင်ခဲ့ရတာ ကြည်နူးစရာပါပဲ။ ဆရာက လူငယ်တွေကို အားပေးတဲ့အကြောင်းနဲ့ သူစာမရေးဖြစ်သော်လည်း သူ့စာတွေ ကြိုက်တာ သုံးပါ၊ ဖော်ပြပါလို့ အမှာစကားပါးခဲ့ပါတယ်။

ဇော်ဇော်အောင်၊ မောင်မိုးသူ၊ ခင်ဆွေဦး၊ မောင်စွမ်းရည်၊ ဂုဏ်ထူးသိန်းနိုင်၊ ၀င်းဖေ

နောက်တကြိမ်ကတော့ မောင်စွမ်းရည် ရန်ကုန်ရောက်ခိုက် မိုးမခစာပေစကားဝိုင်း နိုဝင်ဘာ ၁၇၊ ၂၀၁၅ မှာ စီစဉ်ခဲ့စဉ်ကဖြစ်ပါတယ်။ ကိုယ်တိုင်အနီးမှာ မရှိသော်လည်း ရန်ကုန်က မိုးမခ၀ိုင်းတော်သားတွေက စာပေလူကြီး ၆ ဦးဖြစ်တဲ့ ဇော်ဇော်အောင်၊ မောင်မိုးသူ၊ ခင်ဆွေဦး၊ မောင်စွမ်းရည်၊ ဂုဏ်ထူးသိန်းနိုင်နဲ့ ၀င်းဖေ တို့ကို စုစည်းပြီး မိတ်ဆုံစကားဝိုင်းလေး HOME မှာ ကျင်းပနိုင်ခဲ့ကြတယ်။ ဆရာက မြန်မာစာပေ နဲ့ ဘာသာစကားအကြောင်း အားပါးတရ ဆွေးနွေးသွားတာကို ကြားနာရတာကလည်း ၀မ်းမြောက် ဂုဏ်ယူဖွယ်ပါ။

စာပေနဲ့ စာနယ်ဇင်းလောကရဲ့ လွတ်လပ်ရေးခေတ်ဦးပိုင်းမှာ တက်ကြွ လှုပ်ရှားသူ အနုပညာခုံမင် ဖန်တီးသူ လူငယ်တွေအဖြစ် ကြီးပြင်းပြီး မဆလခေတ်၊ န၀တ-နအဖ ခေတ်ကို ကျောင်းဆရာ၊ စာပေသမားအဖြစ် ကြံ့ကြံ့ခံ ဖြတ်သန်းကြသူ လူကြီးတွေ (၇၀-၈၀တန်း) တွေ သိပ် မကျန်တော့ပါဘူး။ သူတို့တတွေက သူတို့ဖြတ်သန်းမှု အတွေ့အကြုံ အတွေးအမြင် အနုပညာကို လက်ဆင့်ကမ်း မျှဝေကြတဲ့အခါ ကျနော်တို့တတွေက လိုချင် တပ်မက် ခုံမင်စွာ လက်ဝေခံခွင့်ရခဲ့တာလည်း ဒုလ္လဘတခု ဖြစ်ပါတယ်။

တိုင်းပြည်ရဲ့ အဝေးကို ရောက်ရှိပြီး စာပေ အနုပညာ ရင်ပြင်တခု တည်ဆောက်ခဲ့ရတဲ့အခါ အဲသည်တန်ဖိုးက သိသာထင်ရှားပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကျော်က မိုးမခကို စတင်တော့ ပြည်ပရောက် စာပေ အနုပညာရှင်တွေဖြစ်တဲ့ ကြေးမုံဦးသောင်း၊ ဦးတင်မိုး၊ မောင်စွမ်းရည်၊ ဦးဝင်းဖေ၊ ဒေါ်မာမာအေး၊ မောင်သာရတို့ရဲ့ အပြောအဆို ဆူပူဆုံးမမှု ညွှန်ကြားမှု အရိပ်အာဝါသကို ခိုလှုံပြီး အင်အားတွေ ရရှိခဲ့ တာ ဖြစ်ပါတယ်။ အဲသည်ရဲ့ အဆက်အစပ်ရှိမှုတွေကြောင့် စာပေနဲ့ အနုပညာနယ်မှာ ကျနော်တို့ လူုဖြစ်ခွင့်ရတာ ဖြစ်ပါတယ်။ သည်လိုနဲ့ မိုးမခစာပေ တံတားလေးတစင်းနဲ့ မြန်မာပြည်တွင်းမှာ ကူးလူး ဆက်ဆံခွင့်ရပြန်တော့လည်း အဲဒီ အဆက်အစပ် အစဉ်အလာတွေနဲ့ မြန်မာပြည်က စာပေလူကြီးေ၊ လူငယ်တွေရဲ့ နွေးထွေးသော ဖေးမ ကြိုဆိုမှုကို ခံစားရတာ ဖြစ်ပါတယ်။

ဆရာ ဇော်ဇော်အောင်က သူ့ခေတ်ပြိုင်တွေဖြစ်တဲ့ တင်မိုး၊ မောင်စွမ်းရည်၊ ဂုဏ်ထူး သိန်းနိုင်တို့နဲ့အတူ ရင်ဘောင်တန်းသလို သူ့ဟန် သူ့စတိုင် သူ့လိုင်းနဲ့လည်း ပေါက်မြောက်သူတဦးပါ။ ကျနော်တို့လို မဆလ မျိုးဆက် (မဆလခေတ်ထဲ မွေးလို့)တွေက သူ့ စိုးအောင်၊ မြတ်သစ် ဆိုတဲ့ မြန်မာဂျိန်းစ်ဘွန်း ၀တ္ထု စီးရီးတွေနဲ့ ကြီးခဲ့ကြသူတွေဖြစ်ပါတယ်။ အဲသည်မှာ ကျနော်တို့ ဘာရသလဲဆိုတော့ ကာရိုက်တာ (လူ့စရိုက်) သရုပ်ဖော်မှုတွေကို သိကြရပါတယ်။ စံပြကာရိုက်တာတွေနဲ့ အဆိုးအစွန်းရောက် ကာရိုက်တာတွေရဲ့ ပြိုင်ပွဲတွေကို ဖတ်ရှု စွဲလန်းခဲ့ကြပါတယ်။ ၁၉၈၀ မတိုင်မီ မြန်မာစာပေလောက လုံးချင်းခေတ်ကောင်းချိန်ကနေ ၁၉၈၀ နောက်ပိုင်း ပေဖူးလွှာ၊ မဟေသီ၊ ချယ်ရီ၊ ဒဂုန်၊ သဘင်၊ စပယ်ဖြူ၊ စတဲ့ လစဉ်မဂ္ဂဇင်း တခေတ်ဆန်းချိန်မှာတော့ ဆရာဇော်ဇော်အောင်က မော်ဒန်ရသ ၀တ္ထုတွေဖက်ကို ပြောင်းသွားပါတယ်။ စာပေဝေဖန်ရေးနဲ့ မော်ဒန်စာပေ သဘောထား မိတ်ဆက်တွေ ရေးလာတော့လည်း ကျနော်တို့ကို ဖျော်ဖြေရေးခံစားချက်သက်သက်ကနေ အနုပညာ ရသ ခံစားချက်တွေကို ဆွဲခေါ်သွားနိုင်တာပါပဲ။ အာဏာရှင်ခေတ်အောက်က စာပေစိစစ်ရေး တင်းကြပ်မှုအောက်မှာ ဖြစ်တဲ့နည်း ရှိတဲ့ အနုပညာနဲ့ စာပေသမားတွေဟာ အမှန်တရားကို ချစ်ခင် ကာကွယ်ဖို့၊ ကိုယ်ယုံကြည်တာကို ဆွဲကိုင် ထုတ်ဖော် ဆန္ဒပြဖို့ကို ရေးသားခဲ့ကြပါတယ်။

ပြန်စဉ်းစားကြည့်မိတော့ မိမိယုံကြည်တဲ့ စာပေအယူအဆ သဘောတရားတွေကို အပြန်အလှန် ဝေဖန် ရေးသားကြတဲ့ သူတို့စာတွေ ဆောင်းပါးတွေဟာ ကျနော်တို့ကို အမြင်ကျဉ်းဖို့၊ ခေါင်းမာဖို့၊ ရန်လို အမုန်းပွားဖို့ စည်းရုံး ရေးသားတာ မဟုတ်ဘဲ ကိုယ်ရှိနေ ရပ်နေတဲ့ နေရာကနေ တိုးချဲ့ဖို့ မေးခွန်းထုတ်ဖို့ မိုးကုတ်စက်ဝိုင်းကို ချဲ့သည်ထက် ချဲ့ပြီး ကျယ်ဝန်းစေဖို့ အားပေး လမ်းပြခဲ့တယ်လို့ ဆိုချင်ပါတယ်။ သူတို့ စာပေလူကြီးတွေနဲ့ နီးကပ် ရင်းနှီးလာတဲ့ အချိန်ကျတော့မှ ပိုပြီး သဘောပေါက်မိတာက သူတို့ရဲ့ ခွင့်လွှတ်မှုနဲ့ ရင့်ကျက်စိတ်ဓာတ်ဖြစ်ပါတယ်။ စာပေသဘောထား၊ အနုပညာဖန်တီးမှုနဲ့ ပတ်သက်ပြီး မည်သို့ပင် ပြင်းပြင်းထန်ထန် ဝေဖန်ဆွေးနွေးနေကြပါစေ၊ သူတို့တွေအချင်းချင်းပေါ်က မေတ္တာနဲ့ ပရိသတ်အပေါ်က စေတနာဆိုတာကတော့ တစက်လေးမှ လျော့ပါးခြင်း မရှိဘူး ဆိုတာပါ။ ဥပမာ – မောင်စွမ်းရည်နဲ့ ဇော်ဇော်အောင်က စာပေအယူအဆ ငြင်းခုံဆွေးနွေးနေကြ ဆန့်ကျင်အမြင် တင်ပြနေကြသော်လည်း တဦးနဲ့ တဦးကတော့ မိတ်ဆွေတွေအဖြစ် ခင်မင်ရင်းနှီး ချစ်ခင်နေကြဆဲ ဆိုတာပါပဲ။

ခေတ်ကြီးက အမှောင်ချထားတော့ ကျနော်တို့တတွေထဲမှာ အဲသည်လို ထဲထဲဝင်ဝင် နားလည်ပေးတဲ့ စိတ်တွေ နည်းခဲ့ကြပါတယ်။ ဆရာတို့တတွေက အဲသည် စာပေအနုပညာသမားအချင်းချင်းကြားက နားလည်တဲ့ ရဲဘော်စိတ်တွေနဲ့ အမြင်မတူသော်လည်း အတူယှဉ်တွဲ နေထိုင်ပြီး ထုတ်ဖော် ဆွေးနွေး ချဲ့ထွင်တဲ့ အလေ့အကျင့်ကို စာပေ စာနယ်ဇင်း စင်မြင့်တွေကနေ ပရိသတ်တွေ ပြည်သူတွေကို လက်ဆောင် ပေးခဲ့တယ်လို့ ပြောရမှာပါ။

ခုနင်ကပြောခဲ့သလို ဆရာတို့တွေ အသက်ကြီးတဲ့အချိန်မှ နီးနီးကပ်ကပ်တွေ့ရတော့ သူတို့တတွေ ဖြတ်သန်းခဲ့ရတဲ့ ခေတ်ဆိုးကြီးနဲ့ သူတို့တတွေရဲ့ ယုံကြည်မှု အနုပညာသီလကို မကျိုးပေါက်အောင် ကြံ့ကြံ့ခံ တည်ဆောက်ခဲ့ကြရတာတွေကို မြင်သာလာပါတယ်။ ကျနော်တို့တတွေ ကိုယ်တိုင်ကကော လို့လည်း မေးခွန်း ပြန်ထုတ်မိပါတယ်။ သူတို့တတွေလိုမျိုးပါပဲ၊ ကျနော်တို့တတွေကိုယ်တိုင်ကလည်း ခေတ်ဆိုး ခေတ်ကြပ်ကြီးတခုအောက်မှာ တနည်းတဖုံ ရင်ဆိုင် ဖြတ်သန်းနေရဆဲပါပဲ။ ကျနော်တို့ ခေတ်ပြိုင်တွေဆိုတာလည်း လွန်ခဲ့တဲ့သူတို့ရဲ့ သက်လတ်ပိုင်း (၄၀-၅၀) တန်း၊ မာန်တွေ မာနတွေ ဂုဏ်တွေ မောက်ကောင်းခဲ့တုန်းက အချိန်မျိုးလည်း ဖြစ်နေပါတယ်။ သည်အချိန်မှာ သူတို့တတွေ လွတ်လပ်စွာ အကြောက်အလန့် အမုန်းတရား အဂတိမဲ့စွာ မတူကွဲပြားခွင့်၊ ဆွေးနွေးဝေဖန် ငြင်းခုန်ခွင့်၊ အခင်အမင် မပျက်တန်း၊ မေတ္တာ စေတနာ မပျက်တန်း နေထိုင်ခဲ့ကြတာတွေကို ပြန်မြင်ယောင်ပြီး ကျနော်တို့ သင်ခန်းစာယူနိုင်ကြမယ် ဖြစ်ပါတယ်။

စစ်အာဏာရှင်တွေ အာဏာရှင်တွေ ပေးတဲ့ စိတ်ဓာတ်က “ကိုယ့်နဲ့ မတူ ကိုယ့်ရန်သူ” ဆိုတာပါ။ ရန်သူဆိုတာနဲ့ ဖျက်ဆီး ချေမှုန်း အပြုတ် အပြတ်တိုက်ဖို့ အရေး ဖြစ်ပါတယ်။ စာပေအနုပညာရှင်တွေကတော့ မတူညီသော်လည်း အတူလက်တွဲ နေထိုင်ရေး၊ ရှင်သန်ရေး၊ ကိုယ်သန်ရာ သန်ရာ အနုပညာ လွတ်လပ်စွာ ဖန်တီးခွင့်၊ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့် ဖြစ်ပါတယ်။ တူရာ သန်ရာ ပရိသတ်နဲ့ အဆုံးအဖြတ် ခံယူကြတာ၊ သမိုင်းစာမျက်နှာပေါ်မှာ ရှင်သန် ကျန်ရစ်တာနဲ့ မှတ်ကျောက်တင်ကြရတာ ဖြစ်ပါတယ်။ ဟစ်တလာက အမုန်းတရားနဲ့ ပြင်သစ်ပြည် ပါရီမြို့တော်ကို မီးတင် ရှို့ ဖျက်ဆီးခဲ့သော်လည်း ပါရီဟာ ယခုအချိန်အထိ အနုပညာဝတ်ရုံခြုံပြီး ဆက်လက် ရှင်သန် ကျန်ရစ်ပါတယ်။

ဆရာ ဇော်ဇော်အောင် ကွယ်လွန်ပြီ၊ ဆရာ သက်တော်ရာကျော် ရှည်ပါစေသတည်း။ ။

(လေးစားစွာဖြင့် – မောင်ရစ်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:လူများ၊ ရုပ်ပုံလွှာများ, မောင်ရစ်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်