မင်းခိုင် – ‘ဘဘ’ ကို အရမ်းသတိရမိတယ်

February 2, 2016

ဦးဝင်းတင် (ဖွား ၁၂ မတ် ၁၉၃၀ – ဆုံး ၂၁ ဧပြီ ၂၀၁၄) ဓာတ်ပုံ – အေရှားနယူးစ်
– ‘ဘဘ’ ကို အရမ်းသတိရမိတယ်
(မိုးမခ) ဖေဖော်ဝါရီ ၂၊ ၂၀၁၆

အမှန်တော့ ဘဘနဲ့ တွေ့ဖူးတာ သုံးလေးခေါက်ရယ်ပါ။

စာအုပ်လေးတအုပ် ရေးပြီး ထုတ်မယ်လုပ်တော့ အမှာစာပါချင်တာနဲ့ အမှာစာ ဘယ်သူ့ဆီက တောင်းရမလဲ စဉ်းစားပါတယ်။  မောင်ဌေးဆိုတဲ့ ငတိကလည်း အကောင်သေးသလောက် လူကြီးလူကျယ်အင်မတန် လုပ်ချင်တာ။  စာအုပ်ကလည်း ဒေါ်ကြီးစုကို ခေါင်းတပ်ထားတာဆိုတော့ စာရေးဆရာထက် နိုင်ငံရေးသမားတယောက်ယောက်ရဲ့ အမှာဆို ပိုပြီးသင့်မယ် ပေါ့။  အဲလိုနဲ့ ကိုယ်လေးစားအားကျတဲ့လူမျိုးကို ရွေးကြည့်တယ်။  မိတ်ဆွေသူငယ်ချင်းနဲ့ တိုင်ပင်ကြည့်တယ်။

ဟိုလူ့ဆီက တောင်းရင်ရော၊ ဒီ့လူ့ဆီက တောင်းရင်ရောနဲ့ စဉ်းစားကြည့်တာ .. ရွေးမယ့်ရွေးတော့လည်း တကယ့်ခေါင်ကိုမှ သွားရွေးမိတယ်။  ဟေ့လူ … ဘဘဦးဝင်းတင်ရဲ့အမှာစာဆိုရင်ရောဗျ။  မိတ်ဆွေသူငယ်ချင်းကလည်း ၀မ်းသာအားရနဲ့ ..  ဟာ … ခင်ဗျား … ရလို့ကတော့ ကောင်းပေါ့ဗျာ။

ဒါပေမဲ့ ပမွှားနှစ်ကောင်မှာ အဆက်အသွယ်အသိအကျွမ်းရယ်လို့ မရှိ။  အေးဗျာ … လိုတော့ လိုချင်သား။ ဒါပေမဲ့ ဘယ့်နှယ့် သွားတောင်းရမလဲဗျ။ နှစ်ယောက်သား ခေါင်းကုတ်၊ အကြံထုတ်။  ကိုင်း ဘာမှ လုပ်မနေနဲ့ဗျာ … ကျနော်တို့နှစ်ယောက် ကိုယ့်ဘာသာ သွားတောင်းမယ် … သိသိ မသိသိ၊ ရတော့လည်း အမြတ်ပေါ့ဗျာ။  အေးဗျာ .. ချဗျာ။

အဲလိုနဲ့ ငချွတ်နှစ်ယောက် ဘဘရဲ့ ရန်ကင်းကအိမ်ကို ချီတက်ကြတယ်။ (ဘဘ ထောင်ကလွတ်လာတော့ နေစရာအိမ် မရှိပါဘူး။ ဘဘရဲ့စံပြကအိမ်ကို စစ်အာဏာရှင်တွေက သိမ်းထားပါတယ်။ အခုဟာက  ဘဘရဲ့သူငယ်ချင်းအိမ်ပါ။ အိမ်က နှစ်ထပ်တိုက်ပါ။  ဒါပေမဲ့ ဘဘနေတာက အဲဒီတိုက်ကြီးပေါ်မှာ မဟုတ်ဘူး၊  ခြံရှေ့မှာ ဆောက်ထားတားတဲ့ ၁၂ ပေ၊ ပေ ၃၀ လောက်ရှိတဲ့ တိုက်ခန်းလေးမှာနေတာ)

နှစ်ယောက်သား ကုတ်ချောင်းနဲ့ ကုတ်ချောင်းနဲ့ ဘဘနဲ့ တွေ့ချင်လို့ပါလို့ ခွင့်တောင်းတော့  ဘဘက အသာတကြည်ပဲ အ တွေ့ခံတယ်။ (နောက်မှ စဉ်းစားမိတယ်၊ နိုင်ငံရေးဧည့်သည်တွေ၊ စာနယ်ဇင်းဧည့်သည်တွေနဲ့ ဧည့်မပြတ်အောင်ဖြစ်နေမယ့် ဘဘခမျာ ကိုယ်ပိုင်အချိန်လေးတော့ လိုချင်မှာပဲ။ ကိုယ်တွေသာဆို အခုလို ကြိုတင်မချိန်းဘဲ ရောက်လာတဲ့၊ ကိုယ်နဲ့လည်း မသိတဲ့ ဧည့်သည်တွေဆို ငြိုငြင်မိမှာပဲလို့)

ဒါပေမဲ့ ဘဘကတော့ တခါမှမမြင်ဘူးတဲ့ ငချွတ်နှစ်ကောင်ကို အပြုံးမပျက် ကြိုလေရဲ့။ စကားပြော အင်မတန်ကြွယ်တဲ့ မောင်ဌေးကလည်း ဘဘ နေကောင်းရဲ့လားလို့ ၀တ်ကျေတန်းကျေ နှုတ်ဆက်စကားဆိုပြီးတာနဲ့ ဘဘဆီက အကူအညီလို ချင်လို့ပါဆိုပြီး တန်းကစ်တယ်။ ဘဘက ခပ်ပြုံးပြုံးနဲ့ အင်း … ဘာလုပ်ပေးရမလဲတဲ့။ အမှာစာလိုချင်လို့ပါဘဘဆိုတော့ … အိုး ရေးပေးရမှာပေါ့တဲ့။

ကြည့်စမ်း၊ သူနဲ့ တခါမှမသိဘူးတဲ့ ချာတိတ်လေးတယောက်ရဲ့စာအုပ်ကို (ဘာမှန်း မဖတ်ရသေးခင်မှာပဲ) အမှာစာ ရေးပေး မယ်တဲ့။ တဖက်လူနဲ့ စကားဆယ်ခွန်းတောင် ပြည့်အောင် မပြောရသေးဘူး၊ အကူအညီပေးဖို့ ယုံကြည်နေပြီ။ ဘဘက စကားဆက်တယ်။ အေးဗျာ … ဒါပေမဲ့ နည်းနည်းတော့ ကြာမယ် .. ခင်ဗျားတို့ စောင့်နိုင်ပါ့မလား၊ အားတော့နာတယ်ဗျာတဲ့။ အော် အကူအညီပေးမယ့်သူက ပြန်အားနာသတဲ့။

ပြီးတော့ မြေးအရွယ်ချာတိတ်တွေကို စကားပြောနေတာ ခင်းဗျားနဲ့ ကျွန်တော်နဲ့ .. ။ ဘဘက အဲလိုလူ။

အများပြည်သူနဲ့ စကားပြောရင် ယဉ်ကျေးနှိမ့်ချသလောက် အာဏာရှင်တွေနဲ့ ပြောရင်တော့ ဘဘလောက် ပြတ်တာမာတာ မရှိပါဘူး။ မြန်မာပြည်အပေါ်  စစ်အာဏာရှင်တွေရဲ့ ကျေးဇူး မူးလို့ ရှူစရာမရှိဘူးလို့ ပြောခဲ့သူ၊ ကြံဖွတ်ပါတီနဲ့ မဟာမိတ်ညွှန့် ပေါင်းလုပ်မှာလားဆိုတာကို ဖက်ဆက်ပါတီနဲ့ ဘယ်တော့မှ မပေါင်းဘူးလို့ ခပ်ပြတ်ပြတ်ဖြေခဲ့သူ၊ စစ်အာဏာရှင်တွေကို မစုက ကန်တော်ကြီးအင်လျားလောက်မှာပဲ ချချင်တာ၊ ကျွန်တော်တို့ ပြည်သူတွေကတော့ ဘင်္ဂလားပင်လယ်အော်ထဲ ချပစ်ချင်တာလို့ ခပ်တင်းတင်းဆိုခဲ့သူ၊ ၂၀၀၈ အခြေခံဥပဒေကို ပြင်ရုံနဲ့ မရ၊ အခြေခံဥပဒေအသစ်ရေးဆွဲမှ ရမယ်လို့ မလျှော့တမ်းဆိုခဲ့သူပါ။ ၈၈ တုန်းကလည်း မတရားတဲ့အမိန့်ဟူသမျှ တာဝန်အရ ဖီဆန်ကြဆိုတဲ့ ဘဘရဲ့ကြွေးကြော်သံက စစ်အာဏာရှင်တွေရဲ့ အရှိုက်ကို တည့်တည့်ထိခဲ့တယ်။

ဒါကြောင့်လည်း စစ်အာဏာရှင်တွေက ဘဘကို အရမ်းကြောက်ပါတယ်။  ဘယ်လောက်တောင် ကြောက်သလဲဆို ၁၉၈၉ စဖမ်းလိုက်ကတည်းက မလွှတ်တာ ၂၀၀၈ ခုထိပါပဲ။  ဒေါ်ကြီးစုနဲ့ ၈၈ ကျောင်းသားတွေကိုတောင် ကြားထဲမှာ ပြန်ပြန်လွှတ်ပါ တယ်။ ပြန်လွှတ်လိုက် ပြန်ဖမ်းလိုက်ပေါ့။ ဒါပေမယ့် ဘဘကိုတော့ လုံးဝလွှတ်မပေးပါဘူး။

အမှန်က အသက် ၈၀ စွန်းနေပြီဖြစ်တဲ့ ဘဘအနေနဲ့ ယူထားရတဲ့ တာဝန်တွေ၊ ၀တ္တရားတွေက အသက်နဲ့ မမျှအောင်ပါပဲ။ ပါတီကိစ္စ၊ နိုင်ငံရေး၊ အပတ်စဉ်ဂျာနယ်ဆောင်းပါးတွေ၊ နောက် အပတ်စဉ်ထုတ် ဒီလှိုင်းစာစောင်၊ နောက် NLD ပါတီခေါင်း ဆောင်ပိုင်းနဲ့ တွေ့ချင်ပြောချင်တဲ့ ပြည်တွင်းပြည်ပ ဧည့်သည်တွေကလည်း ဒေါ်ကြီးစုကို တွေ့ရဖို့ မလွယ်တော့ ဘဘဆီပဲ ဦးတည်လာတာပါ။ ဒီလို အလုပ်တာဝန်တွေ များလှတဲ့ လူတဦးကို ကိုယ်က ကိုယ်လိုဘတခုတည်းနဲ့ သွားပြီးဒုက္ခပေးပါတယ်။ နောက် .. ဘဘရဲ့မျက်စိက နောက်ပိုင်းသိပ်မမြင်ရတော့ပါဘူး။ မျက်မှန်အပြင် မှန်ဘီလူးနဲ့ဖတ်မှ ရတဲ့အနေအထားပါ။ ဒါ လည်း မောင်ဌေးတို့က အားနာရကောင်းမှန်း မသိပါဘူး။  ဒီကြားထဲ မြန်မြန်ရေးအောင် မျက်နှာက သွားသွားပြပါသေးတယ်။

ပထမတခါ တွေ့ကတည်းက ဘဘကို အရမ်းသဘောကျသွားတယ်။ ကိုယ့်ကို ကူညီပေးလို့ မဟုတ်ပါဘူး။ ဘဘရဲ့ဖြူစင်မှု၊ အတ္တကင်းမှုတွေကြောင့်ပါ။ ထောင်ထဲမှာ အနှစ် ၂၀ လောက် ညှဉ်းပန်းနှိက်စက်ခံခဲ့ရတယ်လို့ မထင်ရလောက်အောင် ဘဘမျက်နှာက ကြည်သန့်နေတယ်။  ဒါပေမဲ့ နောက်မှသိရတာက ထောင်ထဲကရခဲ့တဲ့ အတွင်းဒဏ်တွေကြောင့် ဘဘ ရဲ့ကျောက်ကပ်တို့ နှလုံးတို့ အသည်းတို့ဟာ ပုံမှန်မရှိတော့ပါဘူး။  ထောင်က လွတ်လာပြီးတဲ့နောက် ဘဘခမျာ ဆေးရုံ ခဏခဏ တက်ရပါတယ်။  နောက်တော့ အဲဒိဒဏ်တွေနဲ့ပဲ ဘဘခမျာ လုံးပါးပါးခဲ့ရပါတယ်။  စစ်အာဏာရှင်တွေကလည်း ဘယ်လောက်တိရိစ္ဆာန်စိတ်ပေါက်နေသလဲဆို .. အသက် ၆၀ အရွယ် လူကြီးသူမကို သွားတွေအကုန်ကျွန်ထွက်ကုန်အောင် ရိုက်ပါတယ်။ နောက် အံ့ကပ်လည်း လုပ်ခွင့်မပေးလို့ ဘဘခမျာ ကြမ်းထော်နေတဲ့ ထောင်ထမင်းကို သွားဖုံးတွေနဲ့ပဲ ကြိတ်ဝါးရတာ လပေါင်းများစွာ ကြာပါတယ်။

နောက် ဘဘရဲ့မာန်မာန ကင်းမှု။ ဒီစကားကိုတော့ နည်းနည်းချဲ့ချင်ပါတယ်။ တော်ရုံစိတ်သဘောထားကောင်းတဲ့သူတွေ မှာလည်း မာန်မာနကင်းတတ်ပါတယ်။  (ဥပမာ ကိုယ့်မှာရှိတဲ့ ပစ္စည်းဥစ္စာကြောင့် မာန်မတက်တဲ့ သူဌေးမျိုး) ဒါပေမဲ့ ငါ ကောင်းတာလုပ်ခဲ့တာပဲ၊ ငါအနစ်နာခဲ့တာပဲဆိုတဲ့ မာန်မျိုးက ပယ်ဖို့ခက်ပါတယ်။  ကိုယ်ကောင်းတာလုပ်ခဲ့လို့၊ ကိုယ်အနစ် နာခံပြီးလုပ်ခဲ့လို့ ငါ ကောင်းတာလုပ်ခဲ့တာပဲ၊ ငါ အနစ်နာခံခဲ့တာပဲဆိုတဲ့ မာန်မျိုးက တော်ရုံရင့်ကျက်မှုနဲ့ မပယ်နိုင်လောက် ဘူးထင်ပါတယ်။  ဘဘမှာ အဲလိုမာန်မျိုးကင်းပတယ်။  မြန်မာပြည်ရဲ့ ထင်ရှားလှတဲ့ နိုင်ငံရေးသမားလို့ မထင်ရလောက်အောင်၊ NLD ပါတီရဲ့ ထိပ်တန်းခေါင်းဆောင်လို့ မထင်ရလောက်အောင် ဘဘမှာ မာန်မာန ကင်းပလှတယ်။ ပြောရရင် အဲဒီ အရည်အသွေးဟာ ကျနော်အလေးစားဆုံး အရည်အသွေးလည်းဖြစ်တယ်။

ထားပါတော့ဗျာ … ဘဘရဲ့သံမဏိစိတ်ဓာတ်အကြောင်းတွေ၊ တော်ကြောင်း တတ်ကြောင်းတွေကတော့ ဘဘရဲ့မိတ်ဆွေ တွေ ၀ိုင်းရေးလို့ အားလုံးသိပြီးလောက်ပါပြီ။   ကျနော်ကတော့ ကျနော်မြင်ခဲ့ရတဲ့ ဘဘအကြောင်းကို ကောက်ကြောင်းလေး ခြစ်ပြရုံပါ။

ဒီနေ့လွှတ်တော်အသစ်စတယ် ဘဘ။ ဘဘမျှော်လင့်အထိ မဖြစ်သေးပေမဲ့၊ ဂိမ်းစည်းမျဉ်းတွေကို မပြောင်းနိုင်သေးပေမဲ့၊ ဂိမ်းရဲ့ချိန်ခွင်လျှာကတော့ ပြောင်းသွားပြီဘဘ။ (အနည်းဆုံး အဲလိုပဲ ထင်ပါတယ်) ဒီလိုအချိန်မှာ ဘဘကို သတိရမိတယ်။ လူမှုကွန်ရက်မှာတက်လာတဲ့ ဒေါ်ကြီးစုကို ဘဘ အားပေးနေဟန် သရုပ်ဖော်ထားတဲ့ဓာတ်ပုံတွေကို မြင်တော့ သတိမရဘဲ မနေနိုင်အောင်ဖြစ်သွားတယ်။  ပြီးတော့ မျက်ဝန်းတွေကလည်း စိုစွတ်လာတယ်။ ဘဘကို သတိရလိုက်တာ … ။

သတိရလွန်းလို့ အခုစာလေး ကောက်ရေးလိုက်ပါတယ်။  ဘဘတော်ကြောင်းတတ်ကြောင်း မွှန်းတဲ့စာမဟုတ်ပါဘူး။ အင်း လေ .. ဆင်ဖြူတော်ဆိုတာ ထူးပြီး ထုံးသုတ်စရာမှ မလိုပဲဟာ .. ဟုတ်ဖူးလားဗျာ .. ။

မင်းခိုင်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments