ဖိုးထက် – လောဘကြီးတဲ့ ဒီမိုကရေစီ

February 7, 2016

 

ဖိုးထက် – လောဘကြီးတဲ့ ဒီမိုကရေစီ
(မိုးမခ) ဖေဖော်ဝါရီ ၇၊ ၂၀၁၆

ဒီမိုကရေစီ လမ်းစပေါ် နည်းနည်းရောက်လာတော့ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေ အများကြီး ၀င်လာဖို့ တာစူနေကြသည်။ ဒီနိုင်ငံတွေထဲမှာ တိုးတက်ပြီးသား နိုင်ငံကြီးတွေ ပါသလို အိမ်နီးနားချင်း သူဌေး နိုင်ငံတွေလဲ ပါလာသည်။ အထူးသဖြင့် စင်္ကာပူ နိုင်ငံမှ လုပ်ငန်းရှင်ကြီးများ၊ စကာင်္ပူ အစိုးရ ကျောထောက် နောက်ခံ ကော်ပိုရေးရှင်းကြီးများ ဖြစ်သည်။ သူတို့က ပိုက်ဆံကို ပိုက်ဆံနဲ့ လိုက်နိုင်သော သူများ ဖြစ်ကြသည်။ အခွင့်အရေးကို အမိအရ ယူဖို့ နောက်ခံ ငွေကြေး၊ ပညာ၊ ဓန အင်အား ရှိသူတွေ ဖြစ်သည်။ လူမျိုးတိုင်းမှာ ကောင်းသည့် အကျင့်စရိုက်တွေ ရှိသလို မကောင်းသည့် အကျင့် စရိုက်တွေလည်း ရှိတတ်သည် မဟုတ်ပါလား။ စင်္ကာပူ လူမျိုးတွေမှာ တစ်ကိုယ်ကောင်း ဆန်ချင်သည့် အကျင့် စရိုက်ဆိုးလေးများ ရှိတတ်သော်လည်း ကောင်းသည့် အချက်တွေကတော့ အလုပ်လုပ်တာ စနစ်၊ ဇယား ကျေသည်။ စည်းစနစ်ကျသည်။ အကွက်မြင်တတ်သည်။ ဥပဒေပ လာဘ်ပေး လာဘ်ယူ လုပ်ဖို့ အလွန်ခဲယဉ်းသည် ဟု မြင်မိသည်။ (ကျွန်တော့် အမြင်။ မှားတဲ့ အခါလဲ မှားပေမပေါ့။)

ကျွန်တော့်မှာ စင်္ကာပူ လူမျိုး မိတ်ဆွေကြီး တစ်ယောက်ရှိသည်။ ကောင်းမွန်စွာ ပညာသင်ကြားထားခဲ့သူ ဖြစ်သလို အလုပ်အတွေ့အကြုံလဲ အလွန်များသည်။ ထို့ကြောင့် ဘယ်အလုပ် ပြောင်းပြောင်း အလုပ်တိုင်းမှာ ရာထူး ကြီးကြီး တာဝန်ယူရသူဖြစ်၏။ ကျွန်တော်နဲ့ သူနဲ့က အသက်သိပ်မကွာခြားသော်လည်း သူငယ်ချင်းလို၊ မိတ်ဆွေလို၊ သားအဖလို မျိုး တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် နှိပ်ကွပ်သည့် ရင်းနှီးခင်မင်မှုမျိုး ရှိသည်။ အလုပ်အပေါ်မှာ စိတ်ထား အလွန်ဖြောင့်သလို တရားမျှတမှု အတော်ရှိသူဟု ဆိုနိုင်သည်။ အရှေ့အလယ်ပိုင်း နိုင်ငံလေး တစ်ခုမှာ အလုပ်လုပ်ဖို့ သူက ရန်ကုန်မှာ အင်တာလာဗျူးရာကစပြီး သူနဲ့ ကျွန်တော် သိခဲ့၊ ခင်ခဲ့ကြတာ နှစ်ပေါင်း မနည်းတော့။ ကျွန်တော့် အားနည်းချက်များကို ပါယ်ပါယ်နှယ်နှယ်ကြီး သိသူ ဖြစ်သလို ကျွန်တော့်ကို ဘယ်လို ခိုင်းရမယ်ဆိုတာလဲ ကောင်းစွာ ကြေညက်နားလည်သူလဲ ဖြစ်သည်။ ဘီယာဝိုင်းမှာ ပေါက်တတ်ကရ စကားတွေ အများကြီး ပြောကြသလောက် အလုပ်နဲ့ ပါတ်သက်လျှင် နည်းနည်းမှ မျက်နှာသာ မပေးသူ ဖြစ်သည်။ အလုပ်က သပ်သပ်။ ကိုယ်ရေး ကိုယ်တာ ခင်မင် ရင်းနှီးမှုက သပ်သပ် စည်းတားသူ ဖြစ်သည်။ ကျွန်တော့်ဘက်ကလဲ သူ့ကို ဘယ်လိုဘဲ ပြန်ပြီး စနောက်သော်လည်း “ခွေးလေး အရေးပေး ပါးလျက် နားလျက်” မဖြစ်ရအောင် သတိထားပါသည်။ အမှန်တကယ်လဲ သူ့လို စိတ်ထား ကောင်းသူ တစ်ယောက်ကို လေးစားမိသည်။

တစ်လောက ကျွန်တော့်ကို ဘီယာသောက်ဖို့ ချိန်းလာသည်။ မတွေ့တာလဲကြာ၊ သူနဲ့ တွေ့ရင် သူကဘဲ ကျွေးမွေး ဒကာခံသူဆိုတော့ ကျွန်တော်ကလည်း OK ။ ကျွန်တော့်လစာ ငွေကြေးလေးနှင့် သူခေါ်သွားတတ်သည့် ဆိုင်ကြီး ဆိုင်ကောင်းတွေမှာ ကိုယ်က ဦးအောင် ရှင်းလိုက်ဖို့ ဆိုတာ အတော်ကြီး ခက်ပါသည်။ ထို့ကြောင့် သူခေါ်တိုင်း ကျွန်တော်က မသွားမိအောင် ကြိုးစားရသည်။ သိတတ်ရသည်။ ဒီတစ်ခေါက် ကျွန်တော်တို့ တွေ့ကြတော့ သူ့မိန်းမ သူ့ထက် အသက်ထက်ဝက်ခန့် ငယ်သူဖြစ်ကြောင်းကို ကြွားဝါခြင်းအား ကျွန်တော်က သက်လုံကောင်းစေဖို့ ကျန်းမာရေး ဂရုစိုက်ဖို့ ပြန်လှန်သူ့ကို နှိပ်ကွပ်။ သူက မခံချင်အောင် ကျွန်တော့်ကိုစ ဖြင့် စကားဝိုင်းက စိုစိုပြည်ပြည်။ စကား ပြောနေရင်း သူ့တယ်လီဖုန်းကို ထုတ်ပြီး သူ့ရဲ့ လိပ်စာ ကဒ်ပြား ဓာတ်ပုံကို ပြသည်။

သူ့အလုပ် အသစ်မှာ သူက GM ရာထူး။ ပြီးတော့ မြန်မာနိုင်ငံမှာ သွားပြီး တာဝန်ယူရမည်။ သူ့ ကုမ္ပဏီက ပဲခူးဘက်မှာ မြေကွက်ကြီး တစ်ခုကို နှစ်ရှည်စာချုပ်ဖြင့် မြန်မာ အစိုးရဆီကနေ ငှားထားသည်။ (ကိုယ့် အစိုးရများ ဘာလုပ်နေသလဲဆိုတာ နိုင်ငံခြားသားက ပြောမှဘဲ သိရသည်။ ကောင်းချက်။) သူတို့က အဲဒီ မြေကွက်ကြီးပေါ်မှာ စက်ရုံ အခွံကြီးတွေ၊ အိမ်ယာတွေ၊ ကုန်တိုက်ကြီးတွေ ဆောက်မည်။ ပြီးတော့မှ အခြား ရင်းနှီးမြုပ်နှံလာမည့် နိုင်ငံခြား ကုမ္ပဏီကြီးတွေ၊ အထည်ချုပ် စက်ရုံတွေကို ငှားစားမည် ဆို၏။

သူများတွေများ လာဘ်မြင်တတ်၊ လုပ်တတ်၊ ကိုင်တတ်လိုက်တာ။ ကိုယ်တွေဆီက ခိုဝါ၊ ခိုနီ၊ ခိုပြာတွေကတော့ လူကြီးနားကပ်ပြီး ခိုးစားဖို့ဘဲ စိတ်ထဲ ရောက်နေတာနှင့် ဒီလို အကြံဥာဏ်တွေ ရှိဟန်မတူ။ သူ့အလုပ်က ဆောက်လုပ်ရေး လုပ်ငန်းတွေ စနေပြီ။ သူက အဲဒီမှာ သွားထိုင်ပြီး ကြီးကြပ် ကွပ်ကဲရသည်။ ပြောရလျှင် သူက ပိုင်အိုးနီးယား။ အခြေကျအောင်၊ အဆင်ပြေအောင် စီမံဆောင်ရွက်ရမည်။ ထို့ကြောင့် ဘာအကောင်မှ မဟုတ်သည့် ကျွန်တော်လို အကောင်ကို ခေါ်ပြီး မြန်မာနိုင်ငံ အကြောင်း သတင်း၊ ပလင်း တီးခေါက်ခြင်း ဖြစ်နိုင်သည်။

အဲဒီအချိန်က ဒေါ်အောင်ဆန်း စုကြည်၏ သမ္မတ အထက်က နေမည်ဆိုသည့် စကားက အတော် Hot နေသည်။ သူတို့ဆီမှာလဲ သွားလေသူ လီကွမ်ယုကြီးက သမ္မတ အထက်က တစ်ချိန်လုံး နေသွားပေမယ့် ဒီလို စကားလုံးဝ ပြောမသွား။ လူတိုင်း သိနားလည်သည့် open secrete တဲ့။ မင်းတို့ ခေါင်းဆောင် ဒီလို ပေါ်တင်ကြီး ဖွင့်ပြောတာ ငါနားမလည်ဘူးဟု ဆိုသည်။ သူက ကျွန်တော်တို့ နိုင်ငံရေးကို ဘယ်လိုလုပ် နားလည်နိုင်မှာလဲ။ ရှုပ်ထွေး သပွတ်အူ လိုက်နေသည့် မြန်မာနိုင်ငံ နိုင်ငံရေးကို နိုင်ငံရေး စိတ်ဝင်စားသည့် ကျွန်တော်လို အကောင်တောင် ရံဖန်ရံခါ မျက်စိလည်၊ လမ်းမှား တတ်သေးသည်ဘဲ။ နိုင်ငံရေး မှော်ရုံတောထဲတွင် ပျောက်သောလမ်းမှာ စမ်းတ၀ါးဝါး ဖြစ်မိသေးသည်ဘဲ။ ဒေါ်အောင်ဆန်းစုကြည်၏ တိုက်ပွဲခေါ်သံ စကားကို အားလုံး အဆင်ပြေ လွယ်ကူအောင် လုပ်ပေးထားသည့် နိုင်ငံတစ်ခု၏ နိုင်ငံသား တစ်ယောက်က နားလည်ဖို့ ခက်မှာပါ။

သူက ကျွန်တော့်ကို မင်း သူငယ်ချင်းတွေ၊ အသိမိတ်ဆွေတွေ ရှိရင် ငါနဲ့ ဆက်သွယ်ခိုင်းဆိုပြီး ခိုင်းလာသည်။ လစာလဲ မနည်းပါဘူး မင်းကို ငါပေးခဲ့သလိုပေါ့ဟု ဆိုသော်ကြောင့် ကျွန်တော်တို့ နှစ်ယောက် အားရ ပါးရ ရီကြရသည်။ အရှေ့အလည်ပိုင်း နိုင်ငံလေးတွင် သူ့လက်အောက်မှာ အလုပ် လုပ်ရစဉ်က အစဦး ပေးထားသည့် လစာက နည်းသည်။ သို့သော် နောက်ပိုင်းမှာ ကျွန်တော်တို့ ဒူပေ ဒဏ်ပေ ခံပြီး အလုပ် လုပ်နိုင်မှန်း သိလာတော့ မတောင်းပေမယ့် လစာကို နှစ်ဆနီးပါး တိုးပေးဘူးတာကို နှစ်ဖက်စလုံးက သိသောကြောင့် ရီကြခြင်း ဖြစ်သည်။ ကျွန်တော်က ငါ့သူငယ်ချင်းတွေကို သူ့လက်အောက်မှာ အလုပ်သာ ကြိုးစား၊ အလုပ်အပေါ်မှာ စိတ်ထား ကောင်းကောင်းထား နှစ်ဆ သေချာပေါက် တိုးပေးမှာလို့ ပြောလိုက်ရမလားဟု မေးတော့ “ဟကောင် ငါက စီးပွားရေး သွားလုပ်မှာ။ အလှူသွားလုပ်မှာ မဟုတ်ဘူးတဲ့။ ကုမ္ပဏီ အကျိုးလဲ ကြည့်ရမှာကွ” ဟု ငေါက်သည်။

သူမြန်မာနိုင်ငံကို ထွက်သွားတော့ ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစားပြီး မိတ်ဆွေများ၊ အပေါင်းအသင်းများ၊ ကူညီရမည့် သူများအား သူ့ကို ဆက်သွယ်ခိုင်းသည်။ သူငယ်ချင်း အရင်းကြီးများကို သူ့အတွက် အလုပ် မလုပ်နိုင်ရင်လဲ မိတ်ဖြစ်ဆွေဖြစ် သွားတွေ့ပါ။ ကူညီနိုင်တာ ရှိတာ ကူညီပါ။ ဆက်သွယ်ပါဟု တိုက်တွန်းသော်လည်း နိုင်ငံခြားသားနဲ့ တွေ့ရမှာ တီကောင် ဆားပုံသလို တွန့်ကြဟန် တူသည်။ သွားမတွေ့။ ဆက်မသွယ်ကြ။ အခွင့်အရေးယူဖို့ တိုက်တွန်းတာလဲ မဟုတ်။ အလုပ်ကြီး အကိုင်ကြီး လုပ်နေသူနှင့် အဆက်အသွယ် ရှိထားတာ မမှားဘူးကွဟု တိုက်တွန်းသော်လည်း အချို့က ဖြုံတောင် မဖြုံ။ အပြန်အလှန် အကူအညီရနိုင်သည့် အခွင့်အရေးကို နားမလည်ဘူးဟု ကျွန်တော် ဆိုချင်သည်။

သွားပြီး တွေ့သူတွေကျပြန်တော့လည်း ဘိုးတော် (သူ့ကို ကျွန်တော်က ကွယ်ရာမှာ ဘိုးတော်ဆိုသည့် နာမ်စားကို သုံးသည်။) က ညည်းညူသည့် သဘောပါသည့် မှတ်ချက်တွေကို ကျွန်တော့်ဆီ ပို့သည်။ ကိုယ်ဘာလုပ်ချင်တယ်၊ ကိုယ် ဘာလုပ်ပေးနိုင်တယ်ဆိုတာ မပြောဘဲနဲ့ ကိုယ် ဘယ်လောက် အတွေ့အကြုံရှိကြောင်းဘဲ လာလာ ကြွားတာ များတယ်ကွဟု ဆိုသည်။ နိုင်ငံခြား အတွေ့အကြုံလဲ ရှိ၊ ပညာအရည်အချင်းလဲ ကောင်း၊ အလုပ်အပေါ်မှာလဲ ကောင်းမွန်သည့် စိတ်ထား ရှိသူ သူငယ်ချင်း တစ်ယောက်ကို သူ့ဆီသွားပြီး အင်တာဗျူးခိုင်းတော့ မျှော်မှန်း လစာ အမေရိကန် ဒေါ်လာ ငါးထောင် တောင်းသည်ဟု သူ့ဆီက ပြန်ကြားရသည်။ သူက ကျွန်တော့်ဆီကို မက်ဆေ့ခ်ျပို့လာသည်။ “do u think I am stupid?” တဲ့။ ဒေါ်လာငါးထောင်ပေးရမှတော့ ဘာလို့ မြန်မာအင်ဂျင်နီယာငှားတော့မလဲ။ တရုတ်အင်ဂျင်နီယာ တစ်ယောက်ကိုဘဲ ဒေါ်လာ သုံးထောင်လောက်ပေးပြီး ခိုင်းတော့မှာပေါ့တဲ့။

မနေ့က သူ့ဆီက နောက်ထပ် မက်ဆေ့ခ်ျတစ်ခု ၀င်လာသည်။ လူရှာ၊ ငှားရတာ ထင်ထားတာထက် ကြာတယ်တဲ့။ မဖြစ်နိုင်တဲ့ မျှော်မှန်းလစာတွေ အများကြီး တောင်းကြတယ်တဲ့။ ငါ မင်းနိုင်ငံအတွက် စိုးရိမ်တယ်တဲ့။ လက်ရှိ တရုတ်က စီးပွားရေး ကျလာနေတယ်တဲ့။ တရုတ်တွေ အလုပ်ရှာနေတာ ပေါပေါပဲပဲ ခိုင်းလို့ရနေတော့ ခက်တယ်တဲ့။ အစရှိသဖြင့် ညည်းညူသည့် သဘော ပြောလာသည်။

ဒီလို မက်ဆေ့ခ်ျတွေ ပို့လာသည့် သူ့ကို ကျွန်တော် စာနာ နားလည်ပါသည်။ တကယ်ဆို ကျွန်တော်က ဘာကောင်မှ မဟုတ်။ သူ့အဆင်နဲ့ ကျွန်တော့်အဆင့် မိုးနဲ့ မြေကြီးလောက်ကွာပါသည်။ ဒီလို သတင်းတွေ ပေးနေတာ ကျွန်တော်၏ နိုင်ငံအပေါ် ရှိသော သံယောဇဉ်ကို ကောင်းစွာ သိသောကြောင့်လဲ ဖြစ်နိုင်သည်။ နောက်ပြီး သူတွေးတာက အလုပ်ရှင် အတွေး။ ကျွန်တော်တွေးတာက အလုပ်သမားအတွေး။ အလုပ်ရှင်က လစာကို အနည်းဆုံးပေးပြီး အများဆုံး ခိုင်းချင်မှာ အသေအချာ။ အလုပ်သမားက အလုပ်နည်းနည်းနဲ့ လစာ အများကြီး လိုချင်မှာ ဓမ္မတာ။ မျှော်မှန်းလစာ အများကြီး တောင်းကြသော သူများကို ကျွန်တော် အပြစ်မတင်ရက်သလို သူ့လို အလုပ်ရှင်တစ်ယောက်၏ အတွေးကိုလဲ သိပါသည်။

ကျွန်တော်တို့လို နိုင်ငံမှာ ရင်းနှီးမြုပ်နှံမည့် နိုင်ငံခြားသားများသည် ကျွန်တော်တို့ နိုင်ငံကို ချစ်လို့၊ ခင်လို့ အကူအညီပေးတယ်ဆိုတာ အတော်ကြီး ရှားမည်။ အားလုံးက စီးပွားရေး သမားတွေ။ အလုပ်သမား စရိတ်စက သက်သာသည်။ မြေနေရာ ပေါပေါပဲပဲရသည်။ တိုးတက်လာမည့် နိုင်ငံစီးပွားရေးနဲ့ အတူတူ သူတို့ စီးပွားရေးတွေကိုလဲ လာရောက် ရင်းနှီးမတည်ကြခြင်းသာ ဖြစ်သည်။ စင်္ကာပူမှာ ပေးရသော လစာနှင့် မြန်မာနိုင်ငံမှာလဲ ဒီလစာဘဲ ပေးရမည်ဆိုလျှင် မီးပျက်၊ ဖုန်ထ၊ ခြင်ပေါ မြန်မာနိုင်ငံမှာ လာလုပ်ပါ့မလား။ အစစ အရာရာ အားလုံး လွယ်ကူ ချောမွေ့နေသည့် သူတို့ နိုင်ငံမှာဘဲ အလုပ် လုပ်မှာဘဲ ဖြစ်သည်။ ဒါက ငြင်းလို့ မရသည့် အမှန်တရား။

ကျွန်တော်တို့က စင်္ကာပူမှာ ရတဲ့ လစာနဲ့ မြန်မာနိုင်ငံမှာလည်း ဒီလစာအတိုင်း ပြန်ရပြီး အလုပ်ရသည့် တစ်ယောက်စ နှစ်ယောက်စ လူများကိုဘဲ ကြည့်ပြီး ငါလဲ ဒီလို လစာရကို ရရမယ်လို့ တွေးနေကြလျှင်ဖြင့် လူရှားတယ်ဆိုသည့် သူတို့လို စီးပွားရေး သမားတွေ၏ ညည်းညူသံကို အမြဲ ကြားရမည်သာ ဖြစ်သည်။

တကယ်ဆို ကျွန်တော်တို့ နိုင်ငံမှာ လုပ်စရာ အလုပ်တွေ အများကြီး ကျန်သေးသည်။ နိုင်ငံရေးမှာလဲ ပြီးပြတ် သေချာသော ဒီမိုကရေစီ ရသေးတာ မဟုတ်။ ချော့မော့ပေါင်းနေရသည့် မြန်မာ စစ်တပ်ကျန်သေးသည်။ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး ဘယ်အပိုင်းကိုဘဲ ကြည့်လိုက် ကြည့်လိုက် လုပ်စရာ အလုပ်တွေက တောင်လိုပုံ။ အစရှာ ဆွဲထုတ် အလုပ်စဖို့တောင် ခက်သည်။

ကျွန်တော်ကတော့ သူတို့လို မှန်မှန်ကန်ကန် (အများကြီး မှန်ဖို့များသည်) အလုပ်တွေ လုပ်ဖို့ ကျွန်တော့် မိတ်ဆွေ အပေါင်း အသင်းများကို တိုက်တွန်းသည်။ တက်ကြွလိုက်တဲ့ နိုင်ငံရေး၊ ပါးစပ်က ဒီမိုကရေစီ တစာစာ အော်နေပြီး နိုင်ငံကို ခိုးစားနေသည့် ရေပေါ်ဆီ လူတန်းစားများ၏ လစာငွေကြေး များပြားသည့် အလုပ်များကို လုပ်ကြမလား။ သင့်တင့်မျှတသည့် ငွေကြေးရလျှင် ခပ်တင်းတင်း၊ ခပ်မှန်မှန် ကိုယ့်အလုပ်ကိုယ် တာဝန်ကျေအောင် လုပ်၊ ဘယ်သူ့ကိုမှ ဖားနေဖို့ မလိုသည့် နိုင်ငံခြား ကုမ္ပဏီတွေမှာ လုပ်ကြမလား။ စဉ်းစားကြဖို့ စေတနာထားပြီး တိုက်တွန်းချင်သည်။

ဘိုးတော် ပြောခဲ့ဖူးတာ ကျွန်တော် မှတ်မိသည်။ နိုင်ငံတိုးတက်စေချင်ရင် မျိုးဆက် တစ်ဆက် နှစ်ဆက်ကတော့ ပေးဆပ် အနစ်နာ ခံရတာဘဲကွတဲ့။ သူတို့ နိုင်ငံမှာလဲ လွတ်လပ်ရေးရ၊ မလေးရှားက ခွဲထွက်ပြီးတော့ သူတို့ အဘိုး၊ အဘွားတွေ ဖင်ပြဲအောင် (အင်္ဂလိပ်လိုပြောတော့ တစ်မျိုးပေါ့လေ) လုပ်ခဲ့ကြရင်း အခုလို ဖြစ်လာတာတဲ့။ မင်းတို့ ဆီမှာလဲ၊ မင်းတို့ မျိုးဆက်ကလဲ ပေးဆပ် အနစ်နာခံမှဘဲ မင်းတို့ နိုင်ငံ တိုးတက်မှာဟု ပြောဘူးသည်။

အခု ဘိုးတော် ညည်းသည့် အကြောင်းအရာတွေကြောင့် အားလုံးကို အနစ်နာခံလိုက်။ သူတို့ ပေးသလောက်ဘဲ ယူ။ မတောင်းနဲ့လို့ ကျွန်တော် ဆိုလိုချင်တာ မဟုတ်။ နိုင်ငံခြားသားဘက်က လိုက်ပြီး ကြားက ငထွားက ခါးနာခြင်းမဟုတ်။ သခင်အားရ ကျွန်ပါးဝ သစ္စာဖောက် လောက်ကောင် သဘောမဟုတ်။ အနစ်နာခံခိုင်းတာလဲ မဟုတ်။ လောဘလေးတွေ သတ်ကြဖို့ဘဲ တိုက်တွန်း ချင်ပါသည်။ အပြင်မှာ ရသလို အတွင်းမှာလဲ ရရမယ်ဆိုသည့် စိတ်ထား ထားကြလျှင်ဖြင့် ကျွန်တော်တို့ နိုင်ငံမှာ လူသား အရင်းအမြစ် ရှားပါးတယ်ဆိုသည့် စကားတွေကို တ၀ဲလည်လည် ကြားနေကြရအုံးမည်ဟု ထင်မြင်မိပါသည်။ ဒီမိုကရေစီရဖို့ နိုင်ငံရေး သမားတွေဘဲ အနစ်နာခံရမည်ဆိုသည့် စိတ်ထား ထားကြလျှင်ဖြင့် လောဘကြီးသည့် ဒီမိုကရေစီဘဲ ဖြစ်နေပါလိမ့်မည်။

ဖိုးထက်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဖိုးထက်, သူတို့အာဘော်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်