fbpx

ဖိုးထက် – ဆပ်ကို ဆပ်ရမယ့် အကြွေးများ

February 9, 2016

ဖိုးထက် – ဆပ်ကို ဆပ်ရမယ့် အကြွေးများ
(မိုးမခ) ဖေဖော်ဝါရီ ၁၀၊ ၂၀၁၆

“မင်း နောက်တစ်ခေါက် ဒီလိုစကားထပ်ပြောရင် ငါနဲ့ကွာရှင်းဖို့ကိစ္စကို အရင်စဉ်းစား”
xxxxxx

“မင်း အဖေနဲ့အမေကို ငါတို့ထောက်ပံ့နေတာ ငါ တစ်ခွန်းပြောဘူးလား။ မင်းက ငါ့အမေကျမှ ဒီလိုေxာက်စကား ထွက်စရာလား”
xxxxxxxx

“အေး မိုက်ရိုင်းတာသိရင် ပြီးတာဘဲ။ ငါက အဲဒီလိုကောင်ဘဲ။ အေး..ငါကလဲ မပြောချင်ဘူး။ ဒါဘဲ…”

ကိုအေးနိုင် သူ့မိန်းမကို အရင်က ဒီလောက်မငေါက်ဘူးပေ။ စိတ်ဆိုးဒေါသထွက်ရလျှင် စိတ်ဓာတ်အင်အား၊ ကာယအင်အား သတ္တိများ ကုန်တတ်သည့်သဘာဝအရ တစ်ဖက်က သူ့မိန်းမနှင့်စကားများအပြီး ဖုန်းအချမှာ လူက ဟိုက်ကျ မောပန်းနေခဲ့ သည်။

တော်ပါသေးရဲ့။ အခန်းဖော် ပြန်မလာသေးလို့။ ဒါမို့ဆို ရှက်စရာကောင်းလိုက်တာလို့တွေးမိသည်။

ကိုအေးနိုင်မှာ မိဘ တစ်ခြမ်းပဲ့ အမေဘဲ ရှိတော့သည်။ အဖေက ပြီးခဲ့သော တစ်နှစ်ခန့်က ဆုံးသွားခဲ့ပြီးပြီ။ အမေက လက်ရှိ သူ့ညီမနှင့် နေသည်။ ညီအငယ်ဆုံးက ရန်ကုန်မှာ အလုပ်လုပ်နေသည်။ သူက စင်္ကာပူမှာ။ အခုတော့ သူ့မိန်းမက သူ့အမေဆီ ကို တစ်လ နှစ်သိန်းခွဲခန့်ပုံမှန်ပို့ခိုင်းသည်ကို မြင်လာဟန်တူ၏။

“ကျွန်မတို့က ဘယ်အထိ ထောက်ပံ့နေရမှာလဲ” ဟု မေးလာသည်။

ဖြစ်နိုင်ရင် အစိမ်းလိုက် ၀ါးစားပစ်ချင်လောက်အောင် ကိုအေးနိုင် စိတ်ဆိုးဒေါသထွက်သည်။ ဒီအမေကြီး မပြောကောင်း ပြောကောင်း အလွန်ဆုံးနေရမှ နောင်ဆယ်နှစ်။ ဆယ့်ငါးနှစ်ပေါ့။ သားတစ်ယောက်လုံး စင်္ကာပူမှာ အလုပ်လုပ်နေပါရဲ့နဲ့ အမေဖြစ်သူကို မထောက်ပံ့လျှင် ခွေးထက် မိုက်တဲ့အကောင် ဖြစ်မယ်ဆိုတာ ဒီမိန်းမ မစဉ်းစားဘူးလား။ မစဉ်းစားလို့လဲ ဒီ လို သောက်စကားထွက်တာပေါ့ဟု အတွေးက ဒေါသကို ဆပွားတိုးစေသည်။

ကိုအေးနိုင်တို့မိသားစုက ၀ါးခယ်မဘက် ဇာတိ။ အဖေက လယ်လုပ်သည်။ ငါးဖမ်းသည်။ ကွန်ပစ်သည်။ အမေက ကောက် စိုက်လိုက်သည်။ တိုလီမိုလီလေးများ ခေါင်းရွက်ရောင်းသည်။ ဒီလိုဘ၀နဲ့ သူ့ကို အင်ဂျင်နီယာဘွဲ့ရအောင် ကျောင်းထားပေး ခဲ့သည်။ သူ့ညီမကတော့ ကျောင်းစာဆိုလျှင် တီကောင် ဆားပုံသလို။ ညံ့က ညံ့။ စိတ်လည်း စိတ်မ၀င်စားဘဲ ယောက်ျား မြန်မြန်ရသွားသည်။ သို့သော် ညီမလေးက တော်ရှာသည်။ အဖေဆုံးတော့အမေ့ကို သူ့အိမ်ပေါ် ခေါ်တင်ပြီး ခြေဆုပ် လက် နယ် ပြုစုရှာသည်။ သိတတ်ရှာသည်။ သမီးမိန်းကလေးများ မိဘကို သားယောက်ျားလေးများထက် ပိုကြည့်တယ်ဆိုတာ ဟုတ်မှာဟု တွေးမိသဖြင့် စကားတောင် မပီတတ်သေးသည့် သူ့သမီးလေးကို အားထားမိသည်။

ကိုအေးနိုင် YIT တက်စဉ်က သူ့မိဘတွေက အပြည့်အစုံ လောက်လောက်ငှငှ ထောက်ပံ့နိုင်တာ မဟုတ်ခဲ့။ တစ်လ တစ်လ ပို့ပေးတဲ့ပိုက်ဆံက ကျောင်းလခတောင် မပြည့်တတ်ချင်။ သို့သော် စိတ်ဓာတ်အင်အားကို ဒီမိဘနှစ်ပါးမှ ပြည့်ဝရုံသာမက ပိုလျှံ ပေါများအောင် ဖြည့်ဆည်းပေးခဲ့သည်။

“ငါ့သား…အားမငယ်နဲ့။ အဖေတို့တတ်နိုင်တာ အကုန်ထောက်ပံ့မယ်။ ငါ့သားလည်း ယောက်ျားဘဲ။ ယောက်ျားဆိုတာ ကိုယ့်အား ကိုယ်ကိုးရတယ်။ ကြိုးစား။ အဖေက တံငါသည်။ လယ်သမား။ မင်းကို ငါ့လိုအဖြစ်မခံနိုင်ဘူး။ စိတ်မလေနဲ့။ တို့ မိသားစု အတူတူကြိုးစားကြမယ်” ဟု အားပေးဆုံးမခဲ့သည်။
ကိုအေးနိုင် ကျောင်းတုံးက စိတ်အား မကြာခဏ ငယ်တတ်သည်။ စိတ်ဓာတ် မကျ ခံနိုင်ရိုးလား။ ကျောင်းလခ အပြည့်ပေးစရာ မရှိ။ ၀တ်စရာပုဆိုးက သုံးထည်ထက် ဘယ်တော့မှမပို။ ဒါတောင် အကောင်းမဟုတ်။ တီရှပ်လေး နှစ်ထည်၊ သုံးထည် လောက်နှင့်အိမ်က ပိုတဲ့ပိုက်ဆံလေးနှင့်စားပွဲထိုးအလုပ် အချိန်ပိုင်းတွေဝင်လုပ်ပြီး ကျောင်းပြီးအောင် နေခဲ့သည်။ ကျောင်း ပြီးတော့ပြည်တွင်း ဆောက်လုပ်ရေး ကုပ္မဏီ တစ်ခုမှာ အလုပ် ၀င်လုပ်သည်။ သူ့ကို နယ်ဘက် စာသင်ကျောင်းဆောက်လုပ်ရေး တစ်ခုမှာ အငယ်တန်းအင်ဂျင်နီယာလေး ရာထူးနှင့်တာဝန်ချလိုက်သည်။ ဒီမှာတင် သူ့မိန်းမနှင့်တွေ့သည်။ မူလတန်း ဆရာ မလေး။ သူ့မိန်းမအဖေက အထက်တန်းကျောင်းအုပ် အငြိမ်းစား။ အမေက အလယ်တန်းပြဆရာမ အငြိမ်းစား။

သမီးရည်းစားဘ၀ကနေ လက်ထပ်ဖို့တိုင်ပင်ကြတော့ ပိုက်ဆံမရှိ။ ဘယ်မှာနေရမယ်မှန်း မသိ။ သို့သော် ကိုအေးနိုင်က သူ ငယ်ချင်း ကံကောင်းသည်။ ချောင်လည်သည့်သူငယ်ချင်းတစ်ယောက်စီမှ ပိုက်ဆံချေးပြီး စင်္ကာပူကိုထွက်။ အလုပ်ရှာသည်။ အလုပ်မရ။ သူငယ်ချင်းက ရှိမှ၊ အဆင်ပြေမှ ပြန်ပေးပေါ့လို့ပြောထားသော်လည်း သူ့မှာ ကုန်းကောက်စရာပင် မရှိလောက် အောင် စိတ်ဓာတ်ကျရသည်။

“လူဆိုတာ လဲရင် ပြန်ထ။ ဘာကြောင့်လဲသလဲ ပြန်စဉ်းစား။ ကိုယ့်အပြစ် ကိုယ်ရှာ။ သူများ အပြစ်ကို မရှာနဲ့..ငါ့သား” ဟု အတန်းပညာ လေးတန်းပင် မအောင်ရှာသောအဖေက အင်ဂျင်နီယာဘွဲ့ရ သူ့သား ပညာတတ်ကို အားပေးရှာသည်။

ဒီလိုနဲ့ပိုက်ဆံ ထပ်ရှာစုဆောင်းပြီး စင်္ကာပူကို ဒုတိယအကြိမ် ထွက်လာသည်။ ဒီတစ်ခေါက်တော့အဆင်ပြေသည်။ အလုပ်က လဲ မဆိုး။ လစာကလဲ မဆိုး။ ဒါပေမယ့်သူ့မှာ အကြွေးတွေ လည်ပင်းမက ရှိသည်။ နှာခေါင်းပေါက်ပင် မပေါ်တော့။ အကြွေး ဆိုတာ ဘယ်သူက ဘယ်လိုပဲချေးချေး တစ်နေ့တော့ဆပ်ကို ဆပ်ရမယ်လို့ ကိုအေးနိုင်က ခံယူသူ ဖြစ်သည်။ ထို့ကြောင့် တစ်နှစ်အတွင်း အကြွေးတွေ အကုန်ကြေသည်။ သူတို့စုံတွဲ မင်္ဂလာဆောင်ဖို့ငွေစုနိုင်ခဲ့သည်။

မြန်မာနိုင်ငံကို ပြန်၊ မိန်းမယူတော့မိန်မအနား ဆယ်ရက်ပင် ပြည့်အောင်မနေရဘဲ စင်္ကာပူအလုပ်ကို ပြန်လာရသည်။ ဒီမိန်း မက မသေမချင်း ပေါင်းရအုံးမည်။ သူ့မှာက  ပိုက်ဆံ။ ပိုက်ဆံ။ ပိုက်ဆံ လိုသည်။ သူ့မှာ ပြန်ကြည့်စရာလူတွေ များသည်။ အငယ်ကောင်ကလဲ ကျောင်းမပြီးသေး။ လိမ္မာမလိုလိုနဲ့ သိပ်လိမ္မာတဲ့အကောင် မဟုတ်။ သူ့ဘာသာ ဘယ်လိုဘဲ ကျောင်း ပြီးပြီး ကျောင်းပြီးအောင်တော့ ထားပေးရအုံးမည့်တာဝန်က အလိုလို သူ့ပုခုံးပေါ်ကျလာသည်။ အဖေက အဲဒီအချိန်တုံးက လေဖြတ်တာ နှစ်ခါရှိပြီ။ စိတ်က ပုံမှန်မဟုတ်တော့ဘဲ အိပ်ရာပေါ် လဲပြီ။ ထူသူရှိမှ ထနိုင်တော့သည်။ အဖေ့ရောဂါကုဖို့ ငွေပို့ပေးနိုင်ခဲ့သော်လည်း အဖေ့ခမျာ ဒါနဲ့ဘဲ ဆုံးပါးသွားခဲ့ရှာသည်။ အဖေ့အသုဘတောင် သူမမှီခဲ့။ ဒါပေမယ့်အမေက အခု အချိန်အထိ ကျန်းမာနေသဖြင့်သာ တော်တော့သည်။ ထပ်ပြီး အသက်ရှူချောင်ရသည်က အငယ်မကို ထောက်ပံ့ ပေးဖို့ မလိုခြင်း ဖြစ်သည်။ သူ့မိသားစုနှင့်သူ အဆင်ပြေအောင် နေနိုင်ရှာသည်။

သူ့မိန်းမ အဖေနဲ့အမေက အငြိမ်းစား ကျောင်းဆရာတွေပီပီ ဘာမှ မလုပ်တတ် မကိုင်တတ်။ ထို့ကြောင့်သူတို့၏ တစ်ဦးတည်း သော သမီးလေးကို ချစ်မိလို့ယူပြီးမှတော့ သူတို့ကိုပါ စောင့်ရှောက်ဖို့ သူ့တာဝန်။ ကြည်ဖြူပါသည်။ ငါ့မှာ နှစ်ဖက်မိဘတွေ ရှာဖွေ ကျွေးမွေးရတာ ကုသိုလ်တောင်ရသေးဟု အကောင်းဘက်က လှည့်တွေးသည်။

သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနားဟု မြန်မာစကားပုံရှိသည် မဟုတ်လား။ သို့သော် ငှက်တစ်သောင်းနားပြီးလျှင် ထို သစ်ပင်ကြီးမှာ ငှက်ချေးတွေဖြင့် ပေပွကျန်ခဲ့သည်။ အကိုင်း၊ အခက်၊ အရွက်၊ အလက်တွေကို ထိုးဆိတ်သွားတတ်ကြသည် မဟုတ်ပါလား။ အခုလည်း သူ့မှာ အပင်ကောင်းကြီးဟု အများက မြင်ကြသော်လည်း သူ့ဘ၀ကိုယ် သူပဲ သိသည်။ ပိုက်ဆံကို စုရသည်။ မကုန်သင့်အောင် မကုန်အောင် ချွေတာရသည်။

“ကိုအေးနိုင် မတွေ့တာ ကြာပြီဗျာ…တွေ့ကြရအောင်” ဟု စင်္ကာပူရှိ အပေါင်းအသင်းမိတ်ဆွေများက ခေါ်သော်လည်း ဟို အကြောင်းပြ၊ ဒီအကြောင်းပြ သူနေခဲ့သည်ချည်းသာ။ မဖြစ်မနေ တွေ့ရမည် လူရင်းတွေလောက်သာ သူတွေ့သည်။ ဒါ တောင်မှ သူသိပ်ကြိုက်သည့် ဘီယာအေးအေး၊ မွှေးမွှေးလေးများကို အစာအိမ်အနာကြောင့်ဟု အကြောင်းပြကာ အစ မဖော်ရဲ။

မိတ်ဆွေဆက်ဆံရေးကို ကိုအေးနိုင် ယုံသည်။ မိတ်ဆွေကောင်းဆိုတာ တကယ်ရှိပါတယ်ဆိုတာလဲ သိပါသည်။ သို့သော် အမြဲတမ်း သူတို့တိုက်တာ၊ သူတို့ကျွေးတာကို လိုက်သောက်၊ လိုက်စားနေလို့ ကောင်းတာမှ မဟုတ်တာ။ ပေါင်းသင်း ဆက် ဆံရေးမှာ လင်မယားဘဲဖြစ်ဖြစ်၊ ချစ်သူရည်းစားဘဲဖြစ်ဖြစ်၊ သူငယ်ချင်း မိတ်ဆွေဘဲ ဖြစ်ဖြစ် အပြန်အလှန် သိတတ်မှုလေးများ ရှိကို ရှိရသည်။ တစ်ဖက်က မလိုပါဘူးလို့ ဘယ်လိုဘဲပြောပြော ကိုယ့်ဘက်ကချည်း ယူနေ၊ လိုချင်နေလို့ မဖြစ်ဘူးဆိုတာကို သူနားလည်ထားသည်။ ပေါင်းသင်းဆက်ဆံရေးမှာ ငွေကြေးအဓိက မထားသည့်မိတ်ဆွေရင်း ဆက်ဆံရေးတွေ ရှိသော် လည်း အပြန်အလှန် သိတတ်နားလည်မှုမရှိဘဲ ဘယ်ဆက်ဆံရေးမှ တာရှည်မခံ။  ထို့ကြောင့် စင်္ကာပူမှာ သူ့ဘာသာ တစ် ယောက်တည်း နေသည်။ ဘယ်သူနဲ့မှ အဆက်အသွယ် အစမလုပ်။ တစ်ယောက်တည်း ခွေခေါက် ပျင်းလွန်းမက ပျင်းလာမှ ပင်နီဇူလာ ပလာဇာကိုသွား။ ကွမ်းလေး နှစ်ဒေါ်လာဖိုးလောက်ဝယ်။ လ္ဘက်ရည်တစ်ခွက်သောက်ကာ ပြန်လာခဲ့သည်ချည်း သာ။

ဒီလောက်တောင် သူ့ဘ၀ကို သူ ကျုံ့စေပြီး ငွေစု။ များနိုင်သလောက် များအောင် ငွေပို့ပေးနေပါရဲ့နဲ့ “ရှင့်အမေဆီကို ဘယ် အထိ ပိုက်ဆံပို့ပေးနေရမှာလဲ” ဆိုသည့်စကားကို တွေးတိုင်း တွေးတိုင်း ဒေါသထွက်သည်။ ဒီမိန်းမ မသိမဟုတ်။ သိသည်။ သူ့အမေမှာ သူကလွဲလို့ အားကိုး အားထား ဘာမှရှိရှာတာ မဟုတ်ဘူးဆိုတာ ဒင်း သိသည်။ ပိုက်ဆံကို ညီမနာမည်နဲ့လွှဲပြီး အမေ့ကို တိုက်ရိုက် ပေးခိုင်းလို့ရမှန်း သိသည်။ သို့သော် ဒီလို ခိုးကြောင် ခိုးဝှက် ငွေပို့ရတာ သူလုံးဝမလုပ်လို။ လုပ်ဖို့မလို ဘူးလို့လဲ ထင်သည်။ နောက်တစ်ခုက မိန်းမဖြစ်သူကို အသိပေးသင့်သည်လို့ထင်သည်။ ချစ်ကြလို့ ယူထားကြသည့် အိမ်ထောင်ရေးမှာ တစ်ယောက်နဲ့တစ်ယောက် မကွယ်မ၀ှက် “ငါကတော့ ဒီလိုဟေ့” ..ဟု ပွင့်ပွင့်လင်းလင်း ရှိရမည်သာ။ တစ်ယောက်စီးပွားရေး တစ်ယောက် မသိစေ မမြင်စေချင်သည့်အိမ်ထောင်ရေးအနာဆိုတာ လှိုက်စား၊ ပုပ်ဆွေးတတ်သည်။  နောက်… ကိုယ့်ပိုက်ဆံကျတော့ ရသလောက်ဖွက်ထား။ သူများ ပိုက်ဆံကျတော့မသိသား ဆိုးရွားသည့်စိတ်အကျင့်တွေကို ကိုအေးနိုင် အမုန်းကြီးမုန်းသောကြောင့်လည်း တစ်လကို နှစ်သိန်းခွဲ သူ့အမေဆီကို သူ့မိန်းမဆီကတဆင့် လစဉ်ပို့စေသည်။ အခုတော့ ဒီစကားထွက်လာပြီ။

သူ နည်းနည်းမှ သီးမခံနိုင်။ နည်းနည်းမှ နောက်ဆုတ်မပေးနိုင်။ လင်မယား ကွဲရရင်လဲ ကွဲရပါစေ။ ဒီလို မသိတတ်တဲ့မိန်းမနဲ့ ဒီဘ၀မကလို့ သံသရာအဆက်ဆက် ဝေးရလဲ ဘာအရေးလဲလို့စိတ်တင်းကာ အိပ်ပျော်အောင် အိပ်လိုက်ရသည်။ ကိုယ် ကာယကြီးက အိပ်ပျော်သွားသော်လည်း စိတ်က အိပ်မပျော် ရှိဟန်တူသည်။

ထို့ကြောင့်နောက်ရက် မနက်စောစော သူ့ယောင်္က္ခထီးကြီး ဖုန်းခေါ်တော့ ချက်ချင်းသိလိုက်သည်။

“သား အေးနိုင်လား”

“ဟုတ်ကဲ့အဖေ။ အဖေ ဘာကိစ္စရှိလို့လဲ”

“မင်း မိန်းမ မနေ့ညက ငိုနေလို့ ငါမေးကြည့်မှ သိတယ်။ ငါတောင်းပန်ပါတယ်ကွာ။ သူ့အစား ငါဘဲ တောင်းပန်ပါတယ်။ မင်းမိဘ အရင်းဘဲ။ ကြည့်ရမှာပေါ့။ သိတတ်ရမှာပေါ့။ မင်းမှန်တယ်သား အေးနိုင်။ ငါတို့လို မင်းနဲ့ဘာမှမဆိုင်တဲ့ အဘိုးကြီး အဘွားကြီးတောင် မှန်တာပြောရရင် မင်းပို့ပေးတဲ့ငွေကြောင့် ဘ၀ရပ်တည်နိုင်တာကွ။ ဒါ့မို့ဆို ကျောင်းဆရာ၊ ဆရာမ အငြိမ်း စား လစာလေးနဲ့ ဘယ်လိုလုပ်ပြီး ငါတို့နှစ်ယောက် နေဖြစ်ပါ့မလဲကွာ။ ငါ့သား စိတ်လျှော့နော်။ ဒေါသလဲ ထွက်မနေနဲ့။ ဒီ ကောင်မလေးက ဘာမှသိတတ်တာ မဟုတ်ဘူး။ ကလေးမျက်နှာလဲ ကြည့်ကြကွာ။ အေး…အေး…မင်း ဘာပြောစရာ ရှိသေး လဲ”

“ဘာမှ မရှိပါဘူး အဖေ။ ကျွန်တော် စိတ်ဆိုးတုံး ပြောမိတာပါ။ မကွဲပါဘူး။ အဖေ့သမီးကိုသာ နည်းလမ်းတကျလေး တွေးဖို့ တိုက်တွန်းပေးပါအုံး”

“အေး…အေး..ငါသိတယ်..ငါသိတယ်.. ဒင်းစိတ်အခံ ညံ့တာ ငါသိတယ်။ မင်းက လူစိမ်း။ ငါတို့အပေါ် သိတတ်တယ်။ ဒါကြောင့် ငါတို့သားအရင်းလိုဘဲ ခံစားရတယ်။ ဒင်းက သမီးအရင်း။ ဒါပေမယ့် ငါတို့အပေါ် ချွေးမလို ဆက်ဆံတယ်။ ထားပါ ကွာ။ အေးပါ…အေးပါ ငါပြောပေးပါ့မယ်” ဟု ဖုန်းချသွားသည်။ ကိုအေးနိုင် ပြန်အိပ်လို့မပျော်တော့။

အိပ်မပျော်တော့မယ့်အတူတူ စောစောထပြီး အလုပ်ကို ထမင်းချိုင့်ထုပ်သွားဖို့ ပြင်သည်။ အပြင်မှာဝယ်စားရင် အပိုကုန် သည်။ ချက်စားတာက သက်သာသည်။ အလုပ်ကိုထွက်အလာ MRT ပေါ်အရောက်မှာ သူ့မိန်းမက အိပ်ပျော်နေသည့် သူတို့သမီးလေးပုံကို Viber မှ ပို့ပေးသည်။

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေလိုက်တာ။ မျက်နှာလေးက ဆုံးသွားတဲ့သူ့အဘိုးနဲ့ ရုပ်ဆင်သလိုလို အရှိသားဟု တွေးမိ လိုက်သေးသည်။

အကြွေးဆိုတာ သစ်သစ်၊ ဟောင်းဟောင်း ဆပ်ရမှာဘဲလေ။ ငါ့အဖေက ငါ့ကို အင်ဂျင်နီယာကြီးဖြစ်အောင် ဆင်းရဲသား ဘ၀နဲ့ ကျောင်းထားခဲ့တယ်။ ငါက အင်ဂျင်နီယာဘ၀နဲ့ ငါ့သမီးလေးကို ငါ့ထက်သာအောင် ပညာသင်ပေးရမယ်ဟု တွေးကာ လူကြပ်လွန်းလှသော ရထားထဲမှထွက်ကာ ကြို၊ ပို့ကားရှိရာသို့ ထွက်လာခဲ့မိတော့သည်။

ဖိုးထက်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို, ဖိုးထက်

4 Responses to ဖိုးထက် – ဆပ်ကို ဆပ်ရမယ့် အကြွေးများ

  1. Star Wraith on February 10, 2016 at 12:45 am

    ယောက္ခထီးဆိုတာကတော့ မဟုတ်သေးဘူးလေ။

  2. Catwoman on February 10, 2016 at 9:31 am

    Good article but not all in laws will be like that in real life. I think we should at least support 200$ per month for our parents if not more.

  3. ထွန်းမြင့် on February 10, 2016 at 11:20 am

    ကိုဖိုးထက်ရဲ့ သူငယ်ချင်း အေးနိုင်ကို ပြောလိုက်ပါ။ သာဓု ခေါ်ပါတယ်လို့။
    မြင်တတ် ရေးတတ်ဖို့ စိတ်အခံ နှလုံးသား အခံ ကောင်းလို့ဘဲလို့ မြင်ပါတယ်။
    ကိုဖိုးထက် စာရေး ကျဲလာတယ်။ များ များရေးပါ။ စာမူတွေကိုလဲ မိုးမခ တစ်ခုတည်း မဟုတ်ဘဲ အခြားတွေကိုလည်း စမ်းပို့ပါလို့ တိုက်တွန်းချင်တယ်။

  4. zaw aung on February 11, 2016 at 4:07 pm

    ကိုဖိုးထက်ရေ… မရိုးနိုင်တဲ့ဘဝတစ်ခုပါ။

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)