ဗိုလ်ထက်မင်း – ပြောင်းလဲချိန်တန်ပြီဆိုရင် ပြောင်းလဲရေး မဟာဗျုဟာနည်းဗျူဟာ အစီအစဉ် တိုက်တွန်းချက် – (၇)

February 10, 2016

2014 file photo – Meeting Burmese & Indonesia Generals

ဗိုလ်ထက်မင်း – ပြောင်းလဲချိန်တန်ပြီဆိုရင် ပြောင်းလဲရေး မဟာဗျုဟာနည်းဗျူဟာ အစီအစဉ် တိုက်တွန်းချက် – (၇)
(မိုးမခ) ဖေဖော်ဝါရီ ၁၀၊ ၂၀၁၆


အင်ဒိုနီးရှားကဏ္ဏ
၆၆။ မြန်မာနိုင်ငံဟာ ပြည်ထောင်စုနဲ့ဖွဲ့စည်းထားလေရာ တချို့ဖက်ဒရယ်ဒီမိုကရေစီမူအရ ဗဟိုထိန်းချုပ်မှုနည်းပြီး ပြည်နယ်တွေမှာ လုပ်ပိုင်ခွင့် အလွန်အကျွံပေးလိုက်ရင် အချို့တိုင်းရင်းသားတွေက လွှတ်တော်၊ အစိုးရ၊ တပ်၊ လူထုရှိပြီမို့ ဆန္ဒခံယူပွဲကျင်းပယုံနဲ့ တဖက်သတ် ခွဲထွက်သွားမှာကို တပ်မတော်က စိုးရိမ်ပုံ ရပါတယ်။ အလားတူ လွတ်လပ်ခွင့်ကို အလွှဲသုံးစားလုပ်ကာ ဗဟိုအစိုးရမသိလိုက်ဘဲ ပြည်ပနဲ့တရားမဝင် ဆက်သွယ်လုပ်ကိုင်မှူကြောင့် အချုပ်အချာအာဏာ ဆုံးရှူံးသွားနိုင်သလို သမိုင်းကြောင်းပြန်လှန်ကာ လက်စားချေခံရမှာလည်း စိတ်ပူတဲ့အတွက် ရွေးကောက်ခံရန်မလိုဘဲ တပ်က၂၅% အုပ်ချုပ်ရေး ပါဝင်ထားပါတယ်။ ပြည်ထောင်စု ပြိုကွဲသွားရင် ပြန်ပြီး တပ်မတော်က အာဏာသိမ်းရမှာမို့ အမျိုးသားနိုင်ငံရေးဦးဆောင်မှူကဏ္ဏ မှာ အမြဲတမ်း ထည့်ထားပါတယ်။ အရပ်သားနှင့် ပူးတွဲ အုပ်ချုပ်သွားတဲ့ အင်ဒိုနီးရှားရဲ့ဒီမိုကရေစီစနစ်ကို  လေ့လာပြီး ၂၀၀၈ခုနှစ် အခြေခံဥပဒေမှာ ရေးဆွဲခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံနဲ့ မတူတာက အမြဲတမ်းမဟုတ်ဘဲ အင်ဒိုနီးရှား စစ်တပ်က ယူနီဖောင်းဝတ်တွေနဲ့ ပါလီမန်မှာ ထိုင်ခဲ့ပေမဲ့ လွှတ်တော်သက်တမ်း တစ်ခုပြီး တစ်ခုမှာ ရာခိုင်နှုန်း လျော့လာကာ နောက်ဆုံး စစ်တန်းလျားတောင် ပြန်သွားခဲ့ပြီးဖြစ်တယ်။

၆၇။ အင်ဒိုနီးရှားဗိုလ်ချုပ်ကြီးနဲ့ မြန်မာတပ်မတော်အရာရှိ (ငြိမ်း) များ ဆွေးနွေးပွဲမစမှီ အင်ဒိုနီးရှားနိုင်ငံ အခြေအနေ အကျွမ်းတဝင် ဖြစ်စေဖို့ ဆောင်းပါးရှင်အာကာရဲ့ အင်ဒိုနီးရှားသတင်းထောက်ဟောင်း သြဂတ်ဆူဟာနာက အင်ဒိုနီးရှား နိုင်ငံ သမ္မတ အုပ်ချုပ်ရေး စနစ် အဆင့်ဆင့် ပြောင်းလဲဖြစ်ပေါ်ခဲ့ပုံ ရေးသားဖေါ်ပြချက် အကျဉ်းချုပ်ကို ဦးစွာဖေါ်ပြပေးလိုက်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံရဲ့ အစောပိုင်းနှစ်တွေမှာ ဆိုရင် သမ္မတရဲ့ အခန်းကဏ္ဍဟာ မင်းပွဲစိုးပွဲ အခမ်းအနား တက်ရောက်ရုံလောက်ပဲ ရှိခဲ့တယ်။ တိုင်းပြည်ကို တကယ်တမ်း ကိုင်တွယ်နေတဲ့ သူက ဝန်ကြီးချုပ်သာ ဖြစ်ပြီး သူနဲ့အတူ ပါလီမန်က ပါဝင်လှုပ်ရှားခဲ့တယ်။ ဒါပေမဲ့ ၁၉၅၉ ခုနှစ်အရောက်မှာ ပထမဆုံး သမ္မတ ဖြစ်လာတဲ့ ဆူကာနိုက ပါလီမန်ဒီမိုကရေစီ အပေါ် ဆန့်ကျင်တဲ့ လူထုသဘောထား ဆန္ဒကို ဆုပ်ကိုင်ပြီး တိုင်းပြည်ရဲ့ ဟောင်းနွမ်းနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို အမိန့် ဒီကရီ ထုတ်ပြန်ပြီး ပြင်ဆင်ခဲ့တယ်။ ပြင်ဆင်မှုအများအပြားထဲမှာ နောက်ထပ် ရွေးကောက်ပွဲဆိုတာ မရှိတော့ဘူး။ ဆူကာနိုကဘဲ သူ့ဘဝ သက်တမ်း တစ်လျှောက်လုံးမှာ အုပ်ချုပ်ရေး အာဏာကို ချုပ်ကိုင်ထားခဲ့တယ်။

၆၈။ ၁၉၆၅ ခုနှစ်မှာ ဗိုလ်ချုပ်ကြီး ဆူဟာတို ဦးဆောင်တဲ့ စစ်တပ်က အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း အခြေအနေဟာ ပုံမှန်ပြန် ဖြစ်လာခဲ့တယ်။ ဒါပေမဲ့ ရွေးကောက်ပွဲတွေကိုတော့ ထိန်းချုပ် ထားခဲ့ပြီး သမ္မတ ဆူဟာတိုရဲ့ လက်ကိုင် နိုင်ငံရေး ပါတီ ဖြစ်တဲ့ ဂိုလ်ကာပါတီအပြင် အခြား နိုင်ငံရေးပါတီ နှစ်ခုကို ဖွဲ့စည်း ခွင့်ပြုခဲ့တယ်။ မဲဆန္ဒရှင်တွေဟာ ဂိုလ်ကာပါတီကိုဘဲ ရွေးချယ်တင်မြှောက် ခဲ့ကြရတယ်။ ဆူဟာတိုက သူ့မှာ သူ့သြဇာနာခံရတဲ့ ပါလီမန်လွှတ်တော်ရှိတယ်ဆိုတာကို သေချာအောင် လုပ်ခဲ့တာပဲ ဖြစ်တယ်။ လူထုဆူပူ အုံကြွမှုတွေ ဖြစ်လို့ ဆူဟာတို နုတ်ထွက်သွားပြီးတဲ့နောက်ပိုင်းမှာ သမ္မတရဲ့ အခန်းကဏ္ဍလည်း လျှော့ချတာ ခံခဲ့ရတယ်။ သမ္မတရဲ့ လုပ်ပိုင်ခွင့် အာဏာ သက်ရောက်မှုဟာ ကျဉ်းမြောင်းသွားပြန်တယ်။ အင်ဒိုနီးရှား နိုင်ငံသမ္မတဟာ တန်ခိုးကြီးထွားသူ မဟုတ်တော့ဘဲ အများကြိုက် သမ္မတ ဖြစ်လာခဲ့ပြန်တယ်။ ဥပမာ ပြရမယ်ဆိုရင် ၁၉၉၉ ခုနှစ်နဲ့ ၂၀၀၂ ခုနှစ်မှာ အခြေခံ ဥပဒေ ပြင်ဆင်ချက်တွေ ပေါ်ထွက်လာပြီး သမ္မတကို သက်တမ်း နှစ်ကြိမ်ပဲ တာဝန် ထမ်းဆောင်ခွင့် ပြုခဲ့တယ်။ ဒါ့အပြင် သမ္မတကို မဲဆန္ဒရှင်တွေက တိုက်ရိုက် ရွေးကောက် တင်မြှောက်တဲ့စနစ်ကို ကျင့်သုံးလာခဲ့တယ်။ ဒါပေမဲ့ သမ္မတရဲ့ သြဇာအာဏာ သက်ရောက်မှုကို ကန့်သတ်ဖို့ လုပ်ဆောင်ခဲ့တဲ့ အပြောင်းအလဲတွေကြောင့် တစ်နည်းအားဖြင့် အုပ်ချုပ်ရေး လုပ်ငန်းစဉ်တွေကို ထိခိုက်စေခဲ့တယ်။ မြန်မာနိုင်ငံမှာလည်း ဦးရွှေမန်းက သြဇာချဲ့ထွင်မှူကြောင့် သမ္မတနဲ့တပ်က တန်ပြန်ခဲ့ပါတယ်။

၆၉။ အာဏာခွဲဝေမှု အစီအမံဟာ လိုအပ်ပေမဲ့ ပါတီစုံက လူတွေ စုဝေးနေတဲ့ ပါလီမန်ဟာ တစ်ချိန်ပြီး တစ်ချိန် သူ့ရဲ့ အာဏာပိုင်ခွင့်ထက် ကျော်လွန် လုပ်ဆောင်မှုတွေ ရှိနေတယ်လို့ ထောက်ပြထားတယ်။ ယခင်သမ္မတဟောင်း အဗ္ဗဒူရာမန်ဝါဟစ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်ခဲ့တဲ့ မစ္စတာ ဝီမာက ၂၀၀၁ ခုနှစ်က ငါးနှစ် သက်တမ်းမှာ နှစ်နှစ်ပဲ တာဝန်ထမ်းဆောင်ခဲ့ရပြီး ပါလီမန်ရဲ့ အယုံအကြည်မရှိအဆိုနဲ့ နှုတ်ထွက်ခဲ့ရတဲ့ သမ္မတ ဝါဟစ်ရဲ့ ဖြစ်ရပ်ကို ဥပမာ ပြခဲ့တယ်။ သမ္မတအပေါ် အယုံအကြည်မရှိ အဆို တင်သွင်းမှုနဲ့ ပတ်သက်ပြီး အခြေခံအကြောင်းအရာကို မေးကြည့်တဲ့အခါမှာ ပါလီမန် ဥက္ကဋ္ဌ အေမီယံရိုင်းစ်က “တခြား ဘာအကြောင်းမှမရှိဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ပါလီမန်က သမ္မတထက် သြဇာအာဏာ ပိုကြီးလို့ပဲ” လို့ တုံ့ပြန် ပြောကြားခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ သမ္မတကို ဖယ်ရှားနိုင်တဲ့ ပါလီမန်ရဲ့ လုပ်ပိုင်ခွင့်ကို ပိုပြီး ခက်ခဲအောင် ဥပဒေနဲ့ တင်းကြပ်ခဲ့ရတယ်။ ဒါပေမဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ အကြီးအကဲသမ္မတရဲ့ ကံကြမ္မာဟာ ပါလီမန်က သူနဲ့ ဘယ်လောက်များများ ပူးပေါင်းဆောင်ရွက်နေသလဲ ဆိုတဲ့ အပေါ်မှာ အလွန်ပဲ တည်မှီလျက် ရှိနေဆဲ ဖြစ်တယ်။

၇၀။ အင်ဒိုနီးရှားဟာ ဒီမိုကရေစီစတင်တာနဲ့ အရှေ့တီမောက ခွဲထွက်သွားတာ ကြုံခဲ့ပြီး၊ အာချေးပြည်နယ်က နိုင်ငံ ခွဲထွက်တော့မလို ထပ်ဖြစ်လို့ အချိန်မှီ ထိန်းထားလိုက်ရပါတယ်။ တပ်မတော်အရာရှိ (ငြိမ်း) များနှင့် အင်ဒိုနီးရှား တပ်မတော်မှ(အငြိမ်းစား) ဗိုလ်ချုပ်ကြီးတစ်ဦးတို့ ဆွေးနွေးပွဲမှ မဟာဗျူဟာ၊ နည်းဗျုဟာများကို ကောက်နှူတ်ပြီး ပြောင်းလဲချင်သူများ အတွက် လေ့လာနိုင်ဖို့ တင်ပြပေးလိုက်ပါတယ်။ မြန်မာနိုင်ငံဟာ အင်ဒိုနီးရှားနိုင်ငံနဲ့ ရေမြေသဘာဝ သမိုင်းဖြစ်စဉ် ရုန်းကန် လှုပ်ရှားရမှုနဲ့ လွတ်လပ်ရေး ရယူပုံအဆုံး၊ နီးစပ် တူညီတာတွေ အများကြီး ရှိပါတယ်။ ဗိုလ်ချုပ်ကြီးတို့နိုင်ငံ အထူးသဖြင့် တပ်မတော်ရဲ့ အခန်းကဏ္ဍ၊ နိုင်ငံရေးမှ တဖြေးဖြေး ဆုတ်ခွာလာပုံ၊ စစ်တပ် ခေါင်းဆောင်တွေရဲ့ လှုပ်ရှားမှုအကြောင်းတွေကို စိတ်ဝင်စားလို့ ရှင်းပြ ပေးစေလိုကြောင်းနဲ့ မြန်မာ့နိုင်ငံရေး အခင်းအကျင်းနဲ့ တပ်မတော်ရဲ့လှုပ်ရှားမှုအသွင်သဏ္ဍာန်ကို တင်ပြသွားမှာ ဖြစ်ပြီး အကြံဥာဏ်လမ်းညွှန်ပေးစေလိုကြောင်း တင်ပြခဲ့ပါတယ်။

၇၁။ အင်ဒိုနီးရှားဗိုလ်ချုပ်ကြီးက ပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်ပြီး ဆွေးနွေးရှင်းလင်းသွားပါတယ်။

“အင်ဒိုနီးရှားရဲ့သမိုင်းကြောင်းကို အရင် ပြောပြရမယ်ဆိုရင် ၁၉၆၇ ခုနှစ်မှာ ဆူကာနိုကနေပြီးတော့ ဆူဟာတိုဆီကို အာဏာအပြောင်းအလဲနဲ့ ၁၉၉၈ ခုနှစ်မှာ ဖြစ်သွားတဲ့ ဆူဟာတိုကနေပြီးတော့ နောက်ထပ် functions များ အနေနဲ့ပြောင်းလဲတာဟာ အခြေအနေမတူဘူး”လို့ပြောပါတယ်။ “၁၉၆၇ မှာကျတော့ သမ္မတဆူကာနို လွတ်လပ်ရေးလုပ်ပေးတဲ့ ခေါင်းဆောင်ပေါ့၊ သူ့ကို ဆန့်ကျင်တဲ့တပ်ထဲမှာ အင်အားစုတစ်ခု ရှိသေးတယ်ဆိုတာကို ဒီဆန့်ကျင်ဘက် နိုင်ငံရေးအင်အားစုက သိထားတယ်။ အဲလို ရှိနေတဲ့အချိန်မှာ ဆူကာနို မပြုတ်ခင်ကတည်းက တပ်တွင်းမှာရှိတဲ့ နိုင်ငံရေးအင်အားစုတွေက အမေရိကန်ကနေပြီးတော့ စီးပွားရေးဘာသာရပ်တွေကို လေ့လာထားတဲ့ စီးပွားရေးပညာရှင်တွေနဲ့ ဆွေးနွေးမှုတွေက ရှိနေတယ်။ အဲဒီလို ဆွေးနွေးမှုတွေ ဖြစ်လာတာက ဘာကြောင့်လဲဆိုတော့ ဆူကာနိုက နိုင်ငံရေးကိုဘဲ စိတ်ဝင်စားတယ်။ နိုင်ငံရေးနဲ့ အဖွဲ့အစည်းတွေ နိုင်ငံရေးအာဏာ ဖွဲ့စည်း တည်ဆောက်မှုတွေ ဒါတွေကိုဘဲ စိတ်ဝင်စားတယ်။ စီးပွားရေးတွေကို လုံးဝ လစ်လျူရှုထားတယ်။ စီးပွားရေးအရ ယိုယွင်းလာတဲ့အခါ တပ်ထဲမှာ ရှိတဲ့ နိုင်ငံရေးအင်အားစုတွေ စီးပွားရေးအင်အားစုတွေက အင်ဒိုနီးရှားရဲ့ စီးပွားရေးကို ဘယ်လိုပြုပြင် ပြောင်းလဲမှုတွေ လုပ်မလဲဆိုတဲ့ စီမံချက်တွေကို စတင် ဆွေးနွေးကြတယ်။ ဒါကြောင့်မို့လို့ ဆူကာနိုပြုတ်သွားလို့ ဆူဟာတိုက ၀င်ယူလိုက်တဲ့အခါမှာ နိုင်ငံရေးအရ အစိုးရဖွဲ့ဖို့က သူတို့ဘာပဲပြောပြော ပါလီမန်ဖွဲ့ဖို့ ဘာတို့ အကုန်လုံး ဒါတွေက အဆင်သင့်ဖြစ်နေတယ်။ အဲလိုမျိုးပဲ စီးပွားရေးအရ ဘယ်လို စီမံချက်တွေနဲ့ ဘယ်လို လုပ်မလဲဆိုတဲ့ ဒါတွေဟာလည်း အဆင်သင့် ရှိနေတယ်။ ဆိုလိုတာက အားလုံးက အာဏာလွှဲပြောင်းမှုက ချောချောမွတ်မွတ်နဲ့ အကုန်လုံး ပြင်ဆင်ပြီးမှ လုပ်တဲ့ဟာ။ သေချာပြင်ပြီးမှ  လုပ်ခဲ့တာဖြစ်တယ်”။

“၁၉၉၈ ခုနှစ်မှာကျတော့ ဆူဟာတိုက အင်ဒိုနီးရှား လူ့အဖွဲ့အစည်းမှာရှိတဲ့ အင်အားစုအားလုံးရဲ့ ဘုံရန်သူ ဖြစ်သွားတာပေါ့။ သူ့ကို ဘယ်သူမှ မကြိုက်တော့ဘူး။ ဒါပေမယ့်လို့ ဆူဟာတို နေရာကို ဘယ်သူ ဆက်ခံမလဲဆိုရင် ခေါင်းဆောင်မှု ပြင်ဆင်ထားတာ မရှိဘူး။ အားလုံးသူ့ကို မကြိုက်ကြတာချည်းဘဲ ရှိတယ်။ သူပြုတ်သွားရင် ဘယ်သူက ဦးဆောင်မှုကို ၀င်ယူမလဲဆိုတဲ့ ပြင်ဆင်မှုမျိုး မရှိခဲ့ဘူး။ အဲလို အသွင် ကူးပြောင်းဖို့ ပြင်ဆင်မှု မရှိတဲ့အခါမှာ အကုန်လုံးက တပြိုင်နက်လုပ်ကြရတယ်။ ဥပမာ အစိုးရအဖွဲ့ကိုလည်း  အဲကျမှ ထလုပ်ကြတယ်။ ဖွဲ့စည်းပုံ ရေးဆွဲတာလည်းပဲ အဲကျမှ ထလုပ်ကြတယ်။ လူ့အဖွဲ့အစည်းမှာရှိတဲ့ အဖွဲ့အစည်းအားလုံးကို ဒီမိုကရေစီ အဆောက်အဦးအတွက် ပညာပေးရေး လုပ်ငန်းတွေလည်း အဲကျမှ စလုပ်ရတယ်။ စစ်တပ်ပြုပြင် ပြောင်းလဲရေးကိုလည်း အဲကျမှ စပြီးတော့ လုပ်ရတယ်။ နိုင်ငံရေးသမားတွေရဲ့ စဉ်းစားတွေးခေါ်နိုင်ဖို့ စွမ်းအားမြှင့်တဲ့ ရေချိန်မြှင့်တင်တဲ့ လုပ်ငန်းတွေကိုလည်း အဲဒီကျမှ လုပ်ကြတယ်။ ဆိုလိုတဲ့သဘောက ဒီအပြောင်းအလဲဟာ ပြင်ဆင်မှု မရှိဘဲနဲ့ မမျှော်လင့်ဘဲနဲ့ ဗြုန်းစားကြီး ရုန်းပြီးတော့ လုပ်ကြတဲ့ သဘောဖြစ်တယ်ဆိုတဲ့ ကွာခြားချက်လေးကို တွေ့ရတယ်။” လို့နှိုင်းယှဉ်ပြောပြပါတယ်။

၇၂။ မြန်မာအရာရှိတစ်ဦးက ပြန်လည်ဆွေးနွေးတင်ပြရာမှာ“ဒီမိုကရေစီ အသွင်ကူးပြောင်းတဲ့အခါ စစ်တပ်နဲ့ပြည်သူက ဟန်ချက်ညီဖို့ လိုအပ်တယ်။ နိုင်ငံတချို့မှာ စစ်တပ်ခေါင်းဆောင်တွေကိုက တကယ်ကို  ပြုပြင်ပြောင်းလဲချင်တာဖြစ်တယ်။ အဲတော့ ဟန်ချက်ညီဖို့ ဆိုတဲ့အခါမှာ တပြိုင်နက်ဖြစ်ဖို့တော့ မလွယ်ဘူး။ ပြည်သူကအရင် နိုင်ငံရေး၊ စီးပွားရေး၊ အကြပ်အတည်းဖြစ်ပြီး ပြည်သူက အုံကြွလာပြီးမှ စစ်တပ်က ရပ်တာမျိုးရှိတယ်။ ဒါမှမဟုတ် စစ်တပ်က သီးခြားတောင်းဆိုမှု တစ်ခုဖြစ် လာပြီးမှ ပြည်သူက တပြိုင်ထဲ လိုက်ပြီးတော့ ရပ်တာမျိုးရှိတယ်။ အဲဒီအခြေအနေ နှစ်ခုအပြင် အခြားအခြေအနေ ဖြစ်စဉ်တွေရှိရင် လမ်းညွှန်ပေးပါ။”

အင်ဒိုနီးရှား ဗိုလ်ချုပ်ကြီးက ပြောကြားရာမှာ“ တစ်နိုင်ငံနဲ့တစ်နိုင်ငံက အခြေအနေ မတူဘူးပေါ့။ နိုင်ငံရေးရောဂါ အကုန်လုံးကုနိုင်တဲ့ ဆေးမရှိဘူး။ ဖေါ်မြူလာ မရှိဘူးပေါ့။ ဒါပေမယ့်လို့ ယေဘူယျဆောင်တဲ့  ကောက်ချက်တွေကိုတော့ ဆွဲလို့ရပါတယ်။ ယေဘူယျဆန်တဲ့ ကောက်ချက်တွေမှာ ပြည်တွင်းမှာရှိတဲ့ အတိုက်အခံအင်အားစုရဲ့ အားကောင်းဖို့ အဲဒါ အရေးကြီးတယ်။ သူ့အနေနဲ့က ဘာလို့အရေးကြီးလဲဆိုရင် အာဏာရှင်တွေ ပြုတ်ကျတာ၊ အပြောင်းအလဲတွေ ဖြစ်လာတာတွေဟာ အပြင်က လုပ်လို့မရဘူး။ အပြင်ကနေက ကန့်သတ်ချက်တွေရှိတယ်။ အပြင်ဆိုတာက နိုင်ငံခြား တိုင်းပြည်တွေကဘဲဖြစ်ဖြစ်၊ ပြည်ပရောက် အင်အားစုတို့လိုဖြစ်ဖြစ်၊ ဒါက အစိုးရတစ်ရပ် အပြောင်းအလဲလုပ်ဖို့ တိုက်ရိုက် မဆောင်ရွက်နိုင်ကြဘူး။ အရှေ့တီမောကိစ္စမှာ ဆိုလို့ရှိရင် ဟိုဆေးရားမို့စ်က နိုင်ငံတကာမှာ အများကြီး လုပ်ပြီးတော့ နိုင်ငံခြားရဲ့ ထောက်ပံ့မှုတွေရအောင် လုပ်လိုက်နိုင်တယ် ဆိုပေမယ့်လို့ အရှေ့တီမော အပြောင်းအလဲမှာ အဓိကက ဇာနားနား ဦးဆောင်ပြီးတော့ အတွင်းကနေ ဖိအားကို ရအောင်လုပ်သွားတယ်။ နိုင်ငံတကာဘက်က အပြင်ဘက်ဖိအားအနေနဲ့ကတော့ အထောက်အပံ့သဘောမျိုး ရှိပါတယ်။”လို့ပြောပြီး ဗိုလ်ချုပ်ကြီးက ချထားတဲ့ ရေနွေးကြမ်းကိုသောက် လိုက်ရင်း ခေတ္တ စဉ်းစားနေဟန်တူကာ နောက် ဆက်ပြောပါတယ်။

“အတွင်းက ဖိအားဆိုတာမှာ Hard Power နဲ့ Soft Power ဆိုပြီး နှစ်မျိုးရှိတယ်။ Hard Power ဆိုတာကတော့ တကယ့်ကို ဖိအားပြင်းပေးနိုင်တဲ့ အင်အားစုတွေပေါ့။ အဲဒါက တပ်မတော်ပါဝင်တဲ့ အင်အားစု၊ နောက်တစ်ခုက ဆန့်ကျင်ဘက် သူပုန်အင်အားစုတွေပေါ့၊ နောက်တစ်ခုက အကြမ်းမဖက်တဲ့ လူထုလှုပ်ရှားမှုကလည်း အုပ်ချုပ်နေတဲ့ အစိုးရတွေအပေါ် ဖိအားပေးနိုင်တဲ့ စွမ်းအားတွေပေါ့။ hard power သုံးတဲ့နေရာမှာတော့ ကြိုပြီးတော့ မှန်းထားရမှာက ထိခိုက်  အကျအဆုံး တွေရှိတယ်။ သွေးထွက်သံယိုရင်း ရမယ်။ ထောင်လည်းကျမယ်၊ တပ်တွင်းက ပုန်ကန်ပြီးဘဲလုပ်လုပ်၊ တော်လှန်ရေးနည်းနဲ့ တိုက်တိုက် အကျအဆုံး ရှိကိုရှိမယ်၊ အကျအဆုံးအတွက် ခံနိုင်ရည် ရှိဖို့ ပြင်ဆင်ထားရမယ်။ လူထုလှုပ်ရှားမှုလုပ်တဲ့ နေရာမှာလည်းပဲ အကျအဆုံး ရှိမှာဘဲ၊ ပစ်မှာဘဲ။ ပစ်တဲ့အခါမှာ  အကျအဆုံး ဘယ်လောက်ခံနိုင်မှုနဲ့ ဘယ်လောက် တောင့်ခံနိုင်မလဲ ဆိုတဲ့အပေါ်မှာ hard power ရဲ့ဖိအားပေးမှု ခံနိုင်ရည်အား အခြေအနေပေါ်မူတည်တာပေါ့။ Soft Power ဆိုတာကတော့ အာဏာရှင်ရဲ့အ၀န်းအ၀ိုင်း အနီးအနားရှိတဲ့ သူ့ကိုထောက်ခံတဲ့ သူတွေကို တဖြေးဖြေး ကြားနေ၊ ကြားနေကနေ ဆန့်ကျင်သူ ဖြစ်လာအောင်လုပ်တဲ့ နည်းနာတွေပေါ့။ ဆိုလိုတာက သူတို့ရဲ့ ထောက်ခံမှုတွေ ရုပ်သိမ်းစေရမယ်။ သူတို့ရဲ့ စီနီယာအရာရှိ ထွက်သွားအောင် လုပ်ရမှာပေါ့။ အဓိကကတော့ စစ်အာဏာရှင်ကို ကျားကန်ပေးနေတဲ့ အသိုင်းအ၀ိုင်းကို ထောက်ခံမှု ရုပ်သိမ်းအောင် လုပ်ရမယ်။ Soft Power လုပ်တာကတော့ အချိန်ကြာတာပေါ့။ ဒါကတော့ ရေရှည်ဆိုတဲ့ သဘောမျိုးပေါ့။ Hard Power လုပ်တဲ့ဟာကျတော့ မြန်တယ်။ အပြောင်းအလဲကို ဖိအားသုံးပြီးတော့ တွန်းပေးတယ်။ မြန်တယ်။ မြန်သော်လည်းပဲ ခုနပြောတဲ့ အကျအဆုံး ဖြစ်မှာတွေကို ခံနိုင်ရည်ရှိအောင်တော့ ပြင်ဆင်မှု  ရှိဖို့လိုတာပေါ့။ နှစ်ခုလုံးသုံးပြီးတော့ အပြောင်းအလဲ ဖြစ်သွားတာမျိုးလည်း ရှိနိုင်ပါတယ်” လို့ အတွေ့အကြုံတွေကို ဆွေးနွေးသွားပါတယ်။

၇၃။ အင်ဒိုနီးရှား ဗိုလ်ချုပ်ကြီးက အမျိုးသား ပြန်လည်သင့်မြတ်ရေး ရင်ကြားစေ့ရေးကို ဘယ်လို အနေအထားမျိုးနဲ့ ဆက်သွားသင့်တယ်၊ Hard Power နဲ့ Soft Power တွေကို ဘယ်လိုသုံးသင့်တယ်၊ စစ်တပ်ကို ဘယ်လို ဆွဲဆောင်စည်းရုံး ပညာပေး ဆွေးနွေးရမယ် ဆိုတာတွေကို အောက်ပါအတိုင်း ပြောကြားသွားပါတယ်။

“အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုတဲ့ စကားလုံးကို ပြောနေကြပေမယ့်လို့ အများစုက တကယ်တမ်းတော့ နားလည်တာ မဟုတ်ဘူး။ ပြန်လည်သင့်မြတ်ရေးနဲ့ ရင်ကြားစေ့ရေးဆိုတာက လက်စားချေဖို့ လုံးဝ မဟုတ်ဘူး။ နောက်တစ်ခုက တစ်အုပ်စုကနေ တစ်အုပ်စုကို အပြတ်အသတ် အနိုင်ယူတာလည်း မဟုတ်ဘူး။ ပြန်လည် ရင်ကြားစေ့ရေးဆိုတဲ့ လုပ်ငန်းစဉ်မှာ ဘယ်သူကမှားလဲ ဘယ်သူကမှန်လဲဆိုတာ ရှင်းလင်းပြတ်သားတဲ့  ကောက်ချက်ချ ဆွဲယူတာလဲ မရှိဘူး။ တရားမျှတမှုကို ရှာဖွေတဲ့နေရာမှာလဲပဲ ခုနပြောသလို မင်းမှားတယ်။  မင်းမဟုတ်တာတွေ လုပ်တယ်။ မင်းကို အရေးယူရမယ်။ မင်းအပြစ်ဒဏ်ခံရမယ်ဆိုတဲ့ လမ်းကြောင်းကိုဆိုတော့ ဒီအဖိနှိပ်ခံရတဲ့ မတရားလုပ်ခံထားရတဲ့ သူတို့ရဲ့ထောင့်ကနေပြီးတော့ အဲဒီလိုမျိုး ဖိနှိပ်တဲ့သူ၊ အပြစ်ရှိတဲ့သူ၊ တာဝန်ရှိတဲ့သူကို အရေးယူဖို့ဆိုတဲ့ လမ်းကြောင်းမျိုးနဲ့ သွားတာလည်း မဟုတ်ဘူး။ အဓိက ပြန်လည်သင့်မြတ်ရေးလမ်းကြောင်းက ဘယ်သူက မှားလဲ။ ဘယ်သူက မှန်လဲဆိုတာတွေကို အပြစ်ရှိသူတွေကို အရေးယူဖို့လုပ်နေတယ်ဆိုတာထက် သမိုင်းမှာ ဖြစ်ပွားနေတဲ့ အမှောင်ခေတ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်နေတယ်။ ဥပဒေချိုးဖေါက်မှုတွေ အကြမ်းဖက်မှုတွေ၊ ပဋိပက္ခတွေဖြစ်နေတဲ့ ကာလမတိုင်မီက လူ့အဖွဲ့အစည်းရဲ့ ပုံမှန်အခြေအနေ ပြန်သွားဖို့လိုတယ် ဆိုတာကို ကြိုးစားခဲ့တာဘဲ။ အဓိကကတော့ လူ့ဂုဏ်သိက္ခာ အခြေခံပေါ်မှာ ငါတို့တိုင်းပြည်နဲ့ လူ့အဖွဲ့အစည်းမှာ ဒါတွေကတော့ ဖြစ်ခဲ့ပြီ။ ဒါပေမယ့် ဒါတွေမဖြစ်ခင်မှာ ငါတို့ရဲ့ လူ့ဂုဏ်သိက္ခာရှိတဲ့ လူ့အဖွဲ့အစည်း အခြေအနေတွေကို ဘယ်လိုပြန်သွားမလဲဆိုတာ စဉ်းစားတဲ့လမ်းကြောင်းပါပဲ။ ရင်ကြားစေ့ရေး စဉ်းစားတဲ့အခါကျတော့ ခုနပြောသလို နှစ်ဖက်စလုံး အပေးအယူ လုပ်ရတယ်။ လုပ်တယ်ဆိုတဲ့ နေရာမှာလဲဘဲ တောင်အာဖရိကနဲ့လက်တင်အမေရိကရဲ့ ဥပမာတွေရှိတယ်။ တောင်အာဖရိကမှာကတော့ အဓိက ဦးဆောင်လုပ်တဲ့သူက နယ်ဆင်မယ်ဒဲလား ဖြစ်တယ်။ သူ့မှာ နိုင်ငံရေးသြဇာရှိတယ်။ သူ့မှာ စစ်တပ် မရှိပေမယ့် ကြီးမားတဲ့နိုင်ငံရေးဂုဏ်သိက္ခာတွေ ရှိတယ်။ သူကိုယ်တိုင်လဲပဲ အဖိနှိပ်ခံရတဲ့သူဖြစ်တယ်။ ဖိနှိပ်တဲ့သူ မဟုတ်ဘူး။ ဖိနှိပ်ခံရတဲ့ သူကိုယ်တိုင်ကိုက သင့်မြတ်ရေးကိစ္စကို ခွင့်လွှတ်ရေး၊ ကြေလည်ရေး တစ်ယောက်နဲ့ တစ်ယောက် အပြစ်ပုံချတာမျိုး မလုပ်ဘဲနဲ့ လူ့အဖွဲ့အစည်း ပြန်လည်ထူထောင်ရေးကို သွားတယ်ဆိုတဲ့ဟာကို ဦးဆောင်လုပ်တဲ့ အခါကျတော့ ပိုပြီးတော့ သက်ရောက်မှုက ကြီးမားတာပေါ့။” ပြောသွားပါတယ်။

၇၄။ အင်ဒိုနီးရှားဗိုလ်ချုပ်ကြီးပြောခဲ့တာကို စာရေးသူအနေနဲ့ လက်ရှိမြန်မာနိုင်ငံရေးဖြစ်စဉ်ကို ဆက်စပ် တွေးမိလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အာဏာရှင်တွေရဲ့ အနှစ်၂၀ခန့်အကျယ်ချုပ် ချခံရချိန်မှာ အမျိုးသားဆုံးတဲ့အထိ စွန့်လွှတ်နေပေးသလို ဒီပဲယင်းကိစ္စနဲ့အာဏာရှင်တွေကို ခွင့်လွှတ်တယ်၊ လက်စားမချေဖူး ပြောလိုက်တဲ့အရှိန်၊ နိုင်ရင်တောင် အနိုင်နဲ့မပိုင်းဘဲ တိုင်းရင်းသားတွေ အပါအဝင် လက်တွဲမယ်၊ အာဏာလက်မဲ့သူကိုပါ အရှုံးကို လေးစားမယ်လို့ပြောလိုက်တာဟာ လူထုရဲ့ကရုဏာသက်မှု၊ သူမရဲ့ရင့်ကျက်မှု သဘောထားကြီးမှုတွေဟာ သာမန်လူရဖို့မလွယ်တဲံ့ အင်မတန်မှ ပြင်းတဲ့စွမ်းအားတခုရရှိသွားကာ ဗိုလ်ချုပ်ကြီးပြောတဲ့ သက်ရောက်မှု ကြီးမားသွားပြီး အထွဋ်အထိပ် တက်သွားတာဖြစ်ပါတယ်။ ဗုဒ္ဓတရားတော်အရ ခွင့်လွှတ် သည်းခံ၊ မေတ္တာထားတဲ့ လက်နက်တွေဟာ ထိရောက်မှု အရှိဆုံးဖြစ်လို့သာမန်လူမလုပ်နိုင်တာကို တစိုက်မတ်မတ် ကျင့်သုံးခဲ့တဲံ့ ဒေါ်အောင်ဆန်းစုကြည်ကို မလေးစားဘဲ မနေနိုင်အောင် ချီးကျူးမိပါတယ်။

ဆက်လက်ပြီး ဗိုလ်ချုပ်ကြီးက အာဏာရှိတဲ့သူဘက်က အသာစီးယူပြီး ရင်ကြားစေ့ရေး စတင်လုပ်နိုင်ပုံတွေရှိသေးကြောင်း ရှင်းပြပါတယ်။

၇၅။ “နောက်တစ်ခုကတော့ အာဏာရဲ့ အစိတ်အပိုင်းပေါ့။ အာဏာရှိတဲ့သူတွေက ဦးစီးပြုလုပ်တဲ့ ရင်ကြားစေ့ရေးလုပ်ငန်းစဉ်၊ အာဏာရှိတဲ့သူတွေ ကိုယ်တိုင်ကိုယ်က ဒီအခြေအနေ ဒီအချိန်အခါကိုက ပြောင်းလဲဖို့လိုပြီ။ ဆိုလိုတာက လူ့အဖွဲ့အစည်းမှာ အင်အား ချိန်ခွင်ညှာတွေက ပြောင်းလဲစ ပြုလာပြီ။ ပထမပိုင်းမှာ အာဏာရှိတဲ့သူတွေကဘဲ အထက်စီးက ရနေရာကနေ တဖြေးဖြေးနဲ့ သူတို့အာဏာတွေက ပွန်းပဲ့လာတယ်။ အာဏာ ချိန်ခွင်လျှာတွေ တဖြေးဖြေး သူတို့ဘက်မှာ မရှိတော့ဘူး ပြောင်းလဲလာတဲ့အခါမှာ သူတို့ကနေပြီးတော့ ဦးစီးပြီးတော့သွားတဲ့ သင့်မြတ်ရေး လမ်းကြောင်းဆိုတာလည်း ရှိမှာပေါ့။ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ် ဆိုတာက soft power/ hard power တွေနဲ့ အာဏာရှိတဲ့သူတွေကိုသွားပြီး ဖိပေးလို့ သူတို့က အမျိုးသား ပြန်လည်သင့်မြတ်ရေး လမ်းကြောင်း ရွေးချယ်တာလဲ ရှိတာပေါ့။ အမျိုးသား ပြန်လည်သင့်မြတ်ရေး လမ်းကြောင်းကို ရွေးချယ်လိုက်ပြီးတော့မှ အင်အားချိန်ခွင်လျှာတွေကို ပြောင်းလဲသွားပြီးတော့ အပြောင်းအလဲကို ဦးတည်သွားတာလဲရှိတယ်။ ဘယ်ကနေစလို့ ဘယ်ဟာက ဖြစ်သွားလဲ ဆိုတာကတော့ လေ့လာမှုတွေ အများကြီး လုပ်ရမယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးကနေ စပြီးတော့မှ အပြောင်းအလဲ ဖြစ်သွားတာလား၊
ဒါမှမဟုတ် အင်အားချိန်ခွင်လျှာတွေကို ပြောင်းလဲဖို့အတွက် soft power/ hard power သုံးပြီးတော့အမျိုးသား ပြန်လည်သင့်မြတ်ရေးလမ်းကြောင်း သွားကြတာလား။ ဒါကတော့ ဘာမှ ပုံသေကြီး အတိအကျ မရှိဘူးပေါ့။”

၇၆။ ဗိုလ်ချုပ်ကြီးရဲ့မဟာဗျူဟာမြောက် ဆွေးနွေးမှူဟာ မြှင့်နေတာမို့ ဒီနေရာမှာလည်း မြန်မာ့နိုင်ငံရေးရေစီးကြောင်းကို လွှင့်မျှောစဉ်းစားရင်း စာရေးသူတစ်ယောက် အတွေးနယ်ချဲ့မိကာ သုံးသပ်မိပါတယ်။ ဦးခင်ညွှန့်ဟာဦးသန်းရွှေကို လမ်းပြမြေပုံကို ၂၀၀၀ ခုနှစ် စောစောပိုင်းက အလျဉ်းသင့်သလို တင်ပြခဲ့ပေမဲ့ ခဏနေပါဦးလို့ဆိုပါတယ်။ ဒီပဲယင်းကိစ္စ လုပ်ခိုင်းလိုက်လို့ မှားသွားမှန်း သိလိုက်ကတည်းက နိုင်ငံတကာဖိအား ပြင်းထန်လာတာမို့ ဦးသန်းရွှေတယောက် ဘောင်းဘီအိတ်ထဲ လက်အမြဲနှိုက်ကာ အကြံကြီးကြံဟန်တူတယ်လို့စာရေးသူ ထင်မြင်မိပါတယ်။ လတ်တလော အာဆီယံထိပ်သီးမှာ ထိပ်တိုက်တွေ့ဖို့ရှိနေရာ မျက်နှာပူလို့ ဦးသန်းရွှေက ဝန်ကြီးချုပ်ရာထူးကို ဦးခင်ညွှန့်ကိုလွှဲပေးကာ အပြောင်အလဲ စ လုပ်သင့်ပြီဖြစ်ကြောင်း ဘေးခေါက်ထားလို့မှိုတက်စပြုဟန်တူတဲ့ လမ်းပြမြေပုံကို ရန်ကုန်တိုင်း လွှတ်တော်အဆောက်အဦးမှာ ဦးခင်ညွှန့်ရှင်းခိုင်းခြင်းဖြင့် ဖိအားသက်ရောက်မှူကို စတင်ဖြေခဲ့ဟန်တူပါတယ်။ ၂၀၀၄ခုနှစ်မှ စတင်ကာ အမျိုးသားညီလာခံကျင်းပစေပြီး ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ရေးဆွဲစေရာမှာ ဦးသောင်းညွှန့်၊ ဦးသိန်းစိန်တို့ဟာ ဦးသန်းရွှေက ဘောင်ကန့်သတ်ထားတဲ့အတွင်း ရအောင် ဆွဲရကာ တရားသူကြီးချုပ်ဦးအောင်တိုးခင်မျာ ဦးဏှောက်ချောက်ရလွန်းလို့ Beauty saloonဆိုင်မှာ ခေါင်းပြေးလျှော်ပြီး သမီးတော်များက နှိပ်ပေးရသည်အထိ ဖြစ်စဉ်တွေ ရှိခဲ့တယ်လို့သိရပါတယ်။

၂၀၀၇ခု၊ ရွှေဝါရောင် သံဃာတော်လှန်ရေးဟာ ဗိုလ်ချုပ်ကြီးပြောတဲ့ Hard power ဖြစ်သွားသလိုနာဂစ် မုန်တိုင်းကြီးဟာလည်း သဘာဝ Hardpower ဖြစ်တာမို့ ဦးသန်းရွှေတစ်ယောက် တက်သုတ်ရိုက် ရွေးကောက်ပွဲ စီစဉ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဦးသိန်းစိန်အား အမျိုးသားပြန်လည်သင့်မြတ်ရေး စတင်လုပ်ခိုင်းတယ်လို့ယူဆပါတယ်။ စာရေးသူ စဉ်စားနေတုံး ဗိုလ်ချုပ်ကြီးက ကော်ဖီသောက်ပြီးဖြစ်လို့ဆက်ပြောလာပါတယ်။

၇၇။ “ဘာပဲပြောပြော အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်တဲ့အခါမှာ အုပ်စုတွေဟာ ကိုယ့်အင်အားစုတွေကို ကိုယ်ပြန်ပြီးတော့ ပညာပေးဖို့ အများကြီးလိုတယ်။ ဆိုလိုတဲ့သဘောက ကိုယ့်ဒီမိုကရေစီ အင်အားစုအတွင်းမှာ “အမျိုးသားပြန်လည် သင့်မြတ်ရေးလမ်းကြောင်း ဘာကြောင့် ရွေးချယ်ရတာလဲ အများစုလက်ခံလာအောင် ပညာပေး ဆွေးနွေးကြဖို့လိုတယ်။ စစ်တပ်ထဲမှာလည်း အမျိုးသား ပြန်လည်သင့်မြတ်ရေးလမ်းကြောင်းကို ဒီဟာတော့ ငါတို့တိုင်းပြည်အတွက်ကောင်းတယ်။ ငါတို့လက်မခံလို့ မဖြစ်ဘူး။ ဒီထက် ပိုဆိုးမယ် ဆိုတဲ့ဟာကို သူတို့အချင်းချင်းလဲ ပြန်ပြီးတော့ ပညာပြန်ပေးဖို့လိုတယ်။ အဲလိုမှ မဟုတ်ဘူးဆိုလို့ရှိရင် အလုပ်ဖြစ်မှာ မဟုတ်ဘူး။” ဗိုလ်ချုပ်ကြီးက တချက်ရပ်ပြီး စဉ်းစားဟန်တူပါတယ်။ ပြီးမှ ဆက်ပြောပါတယ်။

၇၈။ “ဒါပေမယ့် ဒီမှာ မေးခွန်းရှိတာက စစ်တပ်ကို အမျိုးသား ပြန်လည်သင့်မြတ်ရေးလမ်းကြောင်း လက်ခံပြီးတော့ ဒီမိုကရေစီရေး အသွင်ကူးပြောင်းဖို့ကို မပိတ်ဆို့ မတားဆီးအောင် ဘယ်လို လုပ်ကြမှာလဲဆိုတဲ့ မေးခွန်းကတော့ ရှိတာပေါ့။ ပြောလို့ရနိုင်တာကတော့ စစ်တပ်တွေကို ဒီကနေ့ကမ္ဘာကြီး ဘာတွေဖြစ်ပျက်နေလဲ၊ အရှေ့အလယ်ပိုင်းမှာ ဘာဖြစ်နေသလဲ။ အိမ်နီးချင်းနိုင်ငံတွေမှာ ဖြစ်နေတဲ့ အပြောင်းအလဲတွေ ဒါတွေကို ပိုပြီးတော့ ယဉ်ပါးလာအောင် သူတို့လေ့လာနိုင်တဲ့ အခွင့်အလမ်းတွေ ဖန်တီးပေးပြီးတော့ လေ့လာချင်စိတ်ရှိလာနိုင်အောင် ဆွဲဆောင်ပြီးတော့ ဒါတွေကို ကြည့်ခြင်းအားဖြင့် သူတို့တွေအနေနဲ့ ဒီလမ်းကြောင်းကို ရွေးချယ်တာဟာ ပိုကောင်းတယ်ဆိုပြီး ရွေးချယ်လာအောင် လုပ်နိုင်ရင် ပိုကောင်းတာပေါ့။ သူတို့အနေနဲ့ လူ့အဖွဲ့အစည်းတွေရဲ့ အားသုံးပြီးတော့ သူတို့ကို ဖယ်ရှားတဲ့ လမ်းကြောင်းကနေ ရွေးမလား။ သို့မဟုတ် အားသုံးပြီးတော့ ဖယ်ရှားတဲ့လမ်းကြောင်း မဖြစ်ခင်မှာ ညင်သာတဲ့ ပြုပြင်ပြောင်းလဲမှုကို အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ သွားမှာလား ဆိုတာကို ဒါကတော့ သူတို့ကို ဆွဲဆောင်ဖို့ ယုံကြည်အောင်လုပ်ဖို့ ဒီအတိုင်းဘဲ သွားကြရမယ်။ ဒါကတော့ အလယ်အလတ် လမ်းစဉ်နဲ့ အပြောင်းအလဲကို သွားတဲ့ နည်းလမ်းဖြစ်ပါတယ်လို့ ဆွေးနွေးခဲ့ပါတယ်။”

၇၉။ စစ်တပ်က အမျိုသားပြန်လည်သင့်မြတ်ရေးလမ်းကြောင်း လက်ခံပြီးတော့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလမ်းကြောင်းမှာ မပိတ်ဆို့မတားဆီးအောင် ဘယ်လိုလုပ်ကြမလဲမေးခွန်းကို အဲဒီတုံးကတက်ရောက်လာတဲ့ အရာရှိအားလုံး ဘယ်သူ့မှ အဖြေထုတ် နိုင်စွမ်းမရှိတာ စာရေးသူသတိရမိပြိး ယခုသုတေသနဆောင်းပါးရေးနေမိချိန်ကျမှ မဟာဗျူဟာမြောက် ဒေါ်အောင်ဆန်းစုကြည်လုပ်သွားနိုင်တာ သတိထားမိလိုက်ပါတယ်။

ဗိုလ်ချုပ်မှူကြီးမင်းအောင်လှိုင်ဟာ ကိုးကန့်ဒေသတိုက်ပွဲများကြောင့် အထိနာနေတဲ့ တပ်မတော်ကို စိတ်ပူပြီး နိုင်ငံတကာသို့ချစ်ကြည်ရေးခရီးစဉ်သွားကာ ဖုတ်ပူမီးတိုက် အင်အားတောင့်တင်းရေး ကြိုစားနေချိန်မှာ SANCTION ကြောင့် ဝယ်ချင်တိုင်း ဝယ်မရဖြစ်နေတဲ့ တပ်ချုပ်ရဲ့လိုအင်ကို ရိပ်မိတဲံ့ ဒေါ်အောင်ဆန်းစုကြည် က Standard  ဖြစ်အောင် ကူညီပံ့ပိုးပေးမယ်ဆိုတဲ့ မဲဆွယ်ပွဲမှာ ပစ်လိုက်တဲ့ မြားချက်က ဗိုလ်ချုပ်မှူကြီးရဲ့နှလုံးသားကို တည့်မှန်သွားသလို ထိချက်ကောင်းမွန်တယ်လို့ ယုံကြည်ပါတယ်။ ဗြိန်တိန်တပ်ချုပ်ကိုယ်တိုင် လာရောက်ထိတွေ့ ဆက်ဆံနေပြီ်ဖြစ်ပါတယ်။ ပိတ်ဆို့တားဆီးမဲ့အားကို မေတ္တာစေတနာစွမ်းအားက အလိုလိုလျော့ကျသွားစေပါတော့တယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဗိုလ်ထက်မင်း, သတင်းဆောင်းပါး

One Response to ဗိုလ်ထက်မင်း – ပြောင်းလဲချိန်တန်ပြီဆိုရင် ပြောင်းလဲရေး မဟာဗျုဟာနည်းဗျူဟာ အစီအစဉ် တိုက်တွန်းချက် – (၇)

  1. yekyawthu on February 10, 2016 at 7:52 am

    အေ၇ှ့  တီမော က အစကတည်းက အင်ဒိုနီး၇ှားပိုင်မဟုတ်ပါ အတင်းဝင်သိမ်းခဲ့ တာ ကနေ လွတ်လပ်ေ၇း ယူခဲ့ တာပါ ခွဲထွက်သွားတာမဟုတ်ပါ

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်