မောင်မောင်စိုး – ကချင်တိုင်းရင်းသားလက်နက်ကိုင်စစ်သည်များ၏ ကောက်ကြောင်း – အပိုင်း (၁၁)

February 11, 2016

မောင်မောင်စိုး – ကချင်တိုင်းရင်းသားလက်နက်ကိုင်စစ်သည်များ၏ ကောက်ကြောင်း – အပိုင်း (၁၁)
(မိုးမခ) ဖေဖော်ဝါရီ ၁၁၊ ၂၀၁၆

● လက်မထောင်နိုင်သည့်ပွဲ
ယောယုံသည် အရှုံးဆုံးပွဲဖြစ်ခဲ့သကဲ့သို့ CPB နှင့် KIA တို့တွဲတိုက်သည့် တိုက်ပွဲများထဲတွင် အပြတ်အသတ်အနိုင်ရခဲ့သည်ဟုဆိုရမည့် တိုက်ပွဲတစ်ပွဲလည်း ရှိခဲ့သည်။ တိုက်ပွဲဖြစ်ပွားသည့် အချိန်ကား ၁၉၈၈ အရေးအခင်းကာလ ၁၉၈၈ အကုန် ၁၉၈၉ နှစ်ဦးခန့်က ဖြစ်သည်။ ၁၉၈၈ အရေးအခင်းအတွင်း အစိုးရအားဖိအားပေးနိုင်ရန် CPB တို့ လှုပ်ရှားခဲ့သည့် စစ်ရေးလှုပ် ရှားမှုများအနက် တခုဖြစ်သည်။ ရှမ်းပြည်အရှေ့ပိုင်းတွင် မိုင်းယောင်းတိုက်ပွဲဖေါ်သကဲ့သို့ ရှမ်းမြောက်တွင်လည်း တိုက်ပွဲ တခု ဖေါ်သည်။

ထိုတိုက်ပွဲသည် တာမိုးညဲအနီး ကုန်းဆာရွာတွင်ဖြစ်ပွားခဲ့၍ ကုန်းဆာတိုက်ပွဲဟုခေါ်သည်။ ထိုစဉ် CPB ၏ မြောက်ပိုင်ဗျူရိုမှ တပ်များအပြင် ဖုန်ကျားဖူးဦးစီးသည့် ကိုးကန့်တပ်အချို့လည်းပါသည်။ ဒေသခံ KIA တပ်ဖွဲဝင်များလည်းပါသည်။ CPB နှင့် KIA တပ်ဖွဲ့ဝင်များ စုဖွဲ့လှုပ်ရှားနေသည်ကို ရှင်းလင်းရန် ရှေ့တန်း တပ်မ ၉၉ မှ ခမရ ၁၀၉ တစ်ရင်းလုံအားလည်းကောင်း၊ ခလရ ၃ စစ်ကြောင်း ၂ အားလည်းကောင်း အသုံးပြုခဲ့သည်။

တပ်မ၏ရည်ရွယ်ချက်မှာ တာမိုးညဲအထက် မန်ဂျယ်ကွင်းအတွင်းရှင်းလင်းရန် ခမရ ၁၀၉ အားတာဝန်ပေးခဲ့ပြီး ခမရ ၁၀၉ အားအထောက်အကူပေးရန် ခလရ ၃ စစ်ကြောင်းအား အရှေ့ဖက်ခြမ်းမှ အထောက်အကူအဖြစ်ချီတက်လှုပ်ရှားစေခဲ့သည်။ ထိုသတင်းကို ရရှိ တွက်ဆထားသော ပူးတွဲတပ်ဖွဲ့များသည် တပ်ဖွဲ့ အင်အားအများစုကို မန်ဂျယ်ကွင်းအတွင်းဝင်လာမည့် ခမရ ၁၀၉ အားချေမှုန်းတိုက်ခိုက်နိုင်ရန် နေရာချထားပြီး ဘေးမှထောက်ကူပေးမည့် ခလရ ၃ စစ်ကြောင်းအား ကုန်းဆာ ရွာအနီးတွင် တားဆီး ပိတ်ဆို့ဟန့်တားထားရန် တပ်အချို့ချထားခဲ့သည်။

အစိုးရတပ်စစ်ကြောင်းများ ဝင်လာသည့်နေ့တွင် မျှော်လင့်မထားသည်များ ဖြစ်လာခဲ့သည်။ တောင်ကြောအတိုင်း ချီတက် လာသော ခမရ ၁၀၉ တပ်ရင်းသည် မန်ဂျယ်ကွင်းအပေါ်ရှိ တောင်ကြောသို့ ရောက်ရှိလာသောအခါ ဆက်လက်၍ ချီ တက်ခြင်းမပြုတော့ဘဲ ရပ်တန့်လိုက်သည်။ CPB/KIA တို့၏ တပ်ဖွဲ့စုစည်းလှုပ်ရှားမှုသတင်းများကို တွက်ချက်ပြီး ကွင်း အတွင်းရောက်လျင် မြေအနေအထားအရ ဝိုင်းပတ်ချေမှုန်းခံရနိုင်သည်ကို တွက်ချက်မိပုံရသည်။ ထို့ကြောင့် သူအတွက် မြေအနေအထား အသာစီးရနိုင်သည့် တောင်ကြောပေါ်တွင် တပ်ကိုထိုင်ထားလိုက်သည်။ ထိုအခါ အဆိုပါတပ်ရင်းကို တိုက်ခိုက်ရန်ပြင်ဆင်ထားသည့် ပူးတွဲတပ်များအဖို့ သတ်ကွင်းအတွင်း ဝင်မလာ၍ တိုက်မရဘဲ အခက်ကြုံနေသည်။

သို့သော် ခလရ ၃ စစ်ကြောင်း ၂ ကတော့ သတ်မှတ်လမ်းကြောင်းအတိုင်းချီတက်လာနေသည်။ ထိုစဉ် ခလရ ၃ စစ်ကြောင်း ၂ မှူးလည်းဖြစ် ဒုရင်းမှူးလည်းဖြစ်သူ ဗိုလ်မှူးလှမြင့်မှာ တနင်္သာရီတိုင်းရှိ တပ်ရင်းတစ်ရင်းသို့ ရင်းမှူးအဖြစ်ပြောင်းရွှေ့ရန် အမိန့်စာ လောလောလတ်လတ်ထွက်ထားသည်ဖြစ်ရာ တက်ကြွနေသည်။

နေ့လည်ခင်းအရောက် ကုန်းဆာအနီး ပိတ်ဆို့ရန် တာဝန်ယူထားသည့် KIA တပ်ဖွဲ့မှာ စစ်သည် လေးငါးယောက်သည် တောင်ကြောပေါ်မှဆင်း၍ ရွာထိပ်တွင် ရေခပ်ရန်ဆင်းလာခဲ့သည်။သူတို့အဖို့လည်း မန်ဂျယ်မှ အစိုးရတပ်ရင်းလှုပ်ရှားမှုများ မကြား၍ အေးအေးလူလူ ရေခပ်ဆင်းကြခြင်းဖြစ်သည်။ သို့သော် ထိုအချိန်တွင်ပင် ရွာအတွင်းသို့ ဝင်ရောက်လာသော ခလ ရ စက ၂ မှရှေ့ပြေးကင်းနှင့် ပက်ပင်းတိုးတော့သည်။

ခလရ ၃ စစ်ကြောင်းမှ စတင်ပစ်ခတ်သည်နှင့် KIA တပ်သားများလည်း ၎င်းတို့တပ်ဖွဲ့ နေရာယူထားရာတောင်ကြောပေါ်သို့ ပြန်လည့်ပြေးတက်သည်။ ထိုအခါ ခလရ ၃ စစ်ကြောင်းလည်း KIA အဖွဲ့ငယ်လေးမျှသာဖြစ်နိုင်သည်ဟု ကောက်ချက် လွဲ စွာ ချမိပုံပေါ်သည်။ တရှူးထိုးလိုက်လံပစ်ခတ်တော့သည်။ ပုံမှန် စစ်ကြောင်း ၁ ကြောင်း ချီတက်လျှင် စစ်သည် တစ်ဦးနှင့် တစ်ဦးကြား ၁၅ ပေခန့်ခြား၍ ချီတက်သည့်ပြင် မသင်္ကာသည့်နေရာများကို ရှေ့ပြေးတပ်စုကရှင်းပြီးမှ နောက်ကစစ်ကြောင်းကလိုက်ပါလေ့ရှိသည်။ အနိမ့်အမြင့် တောအုပ်နှင့်ရှုတ်ထွေးသော တောင်တန်းဒေသတွင် ခလရ ၃ စစ်ကြောင်းကဲ့သို့ အင်အား ၁၅၀ ဝန်းကျင်ခန့်ရှိသော စစ်ကြောင်းချီတက်မှုသည် ရှည်လျားပေရာ ဝိုင်းပတ်ရန် အတန်ငယ်ခက်ခဲသည်။

သို့သော် KIA အနဲငယ်ဟု ထင်မှတ်မှားပြီး တပ်အားလုံးရှေ့သို့ အတင်းပြေးဝင်လာသောအခါ ၎င်းစစ်ကြောင်းသည် စုမိ သလိုဖြစ်သွားပြီး ဝိုင်းပတ်ရန် လွယ်ကူသွားသည်ဟုဆိုရမည်။ ဤသို့ဖြင့် တောင်ကြောများပေါ်ရှိ ပူးတွဲတပ်များ ပြန်လည် ပစ်ခတ်မှုဖြင့် တိုက်ပွဲသည် စတင်တော့သည်။ ထိုချိန်တွင် အင်အားမနဲကြောင်း သဘောပေါက်သွားကြတော့သည်။ တိုက် ပွဲစပြီး အတန်ကြာသည့်အထိ ခမရ ၁၀၉ တပ်ရင်းကား မန်ဂျယ်ကွင်းအပေါ်မှ တုတ်တုတ်မလှုပ်။ ၇၅ မမ လက်နက်ကြီးနှင့်သာပစ်ကူပေးနိုင်သည်။ ၎င်းပစ်ကူမှာလည်း မထိရောက်ပေ။

ဤသို့နှင့် ခမရ ၁၀၉ ဝင်မလာသည်မှာ သေချလောက်သည်ဟု တွက်ချက်၍ ရသောအခါ ပူးတွဲတပ်ဖွဲ့သည် မန်ဂျယ် ကွင်းအတွင်း သတ်ကွင်းပြင်ထားသော တပ်များထဲမှ အချို့ကိုထုတ်၍ ကုန်းဆာဘက်ကို စေလွှတ်၍ တိုက်ပွဲဦးတည်ချက်ကို ပြောင်းလိုက်သည်။ မန်ဂျယ်ကွင်းအတွင်း ဆင်းလာနိုင်သည့် ခမရ ၁၀၉ အားတားဆီးရန် တပ်အချို့သာချန်ထားလိုက်တော့ သည်။ ဤသို့ဖြင့် ခလရ ၃ စစ်ကြောင်းသည် ပူးတွဲတပ်ဖွဲ့၏ ပြင်းထန်သောဝိုင်းပတ်တိုက်ခိုက်မှုကိုခံရတော့သည်။ ပြင်းထန် သော တိုက်ခိုက်မှုများအတွင်း ခလရ ၃ စစ်ကြောင်းလည်း ဖေါက်ထွက်ရန် မစွမ်းဆောင်နိုင်တော့ပေ။ အလူးအလဲခံရ တော့သည်။

ညနေစောင်းတိုက်ပွဲပြီးတော့ ခလရ ၃ စစ်ကြောင်း ၂ မှ အရာရှိစစ်သည် ၁၀၆ ယောက်ကျဆုံးသည်။ စစ်ကြောင်းမှူးဗိုလ်မှူးလှမြင့်အပါ ၁၅ ဦး သုံ့ပမ်းအဖြစ် အဖမ်းခံရသည်။ အဖမ်းခံရသူ ၁၅ ဦးစလုံး ဒဏ်ရာကိုယ်စီနှင့်ဖြစ်သည်။ ၂၀ ကျော် ၃၀ နီးပါးလောက်ကတော့ တယောက်တကွဲစီ ဖေါက်ထွက်၍ လွတ်သွားကြသည်။ တောတောင်များအတွင်း ပုန်းအောင်းရှောင် ရှားရင်း တာမိုးညဲနှင့် ၎င်းအနီးရှိ အစိုးရတပ်စခန်းများသို့ နောက်၂ ရက် ၃ ရက်နေ မှ အသီးသီးပြန်ရောက်ကြသည်။

ကျဆုံးသွားသည် ရုပ်အလောင်း ၁၀၆ လောင်းကို ကျင်းကြီး ၃ ကျင်းတူး၍ မြှုပ်နှံပေးခဲ့သည်။ ပူးတွဲတပ်ဖွဲ့များ စစ်မြေပြင် ရှင်းလင်း၍ ဆုတ်ခွါသွားပြီးနောက် ၂ ရက်ခန့်အကြာမှ ခမရ ၁၀၃ တပ်ရင်းစစ်မြေပြင်ရှင်းလင်းဝင်ရောက်လာပြီး ထိုကျင်း များကို ပြန်ဖေါ်၍ ရုပ်အလောင်းများကို ဓါတ်ပုံရိုက်မှတ်တမ်းတင်ရန် ကြိုးစားသော်လည်း ရုပ်အလောင်းများ ပုပ်ပွရုပ်ပျက် နေပြီဖြစ်၍ အားလုံးကိုမှတ်တမ်းတင်ရန်မဖြစ်နိုင်ခဲ့တော့ပေ။ ပူးတွဲတပ်ဖွဲ့တပ်ဖွဲ့အတွက်တော့ အနိုင်ရဆုံးပွဲဟုဆိုရမည်။ ဤတကြိမ်ကုန်းဆာတောင်ကြောတွင် အမြှုပ်နှံခံလိုက်ရသူများမှာ ခလရ ၃ မှ စစ်သည်များဖြစ်ချေတော့သည်။

ဤတိုက်ပွဲအရှုံးကြောင့် တပ်မ ၉၉ တပ်မမှူးဗိုလ်မှူးကြီးဝင်းဇော်ညွန့် ကြွေထည်မြေထည်လုပ်ငန်းသို့ ဦးဆောင်ညွှန်ကြား ရေးမှူးအဖြစ်ပြောင်းရွှေ့ရသည်။ ခမရ ၁၀၉ ရင်းမှူး စစ်ခုံရုံးအတင်ခံရပြီး ပြုတ်သွားသည်။ သို့သော် သူ့ကြောင့် ခမရ ၁၀၉ မှ စစ်သည်များအထိ အထိခိုက်သက်သာခဲ့ရသည်ဟု နှစ်ဖက်စလုံးကတော့ အသိမှတ်ပြုရသည်။ သူသာ မဆင်မခြင် မန်ဂျယ် ကွင်းတွင်းဝင်လာလျှင် ခလရ ၃ အစား သူတို့ဖြစ်သွားဖွယ်ရှိသည်။

ဗိုလ်မှူးလှမြင့်အတူ အဖမ်းခံလိုက်ရသူများက နောင်တစ်လအကြာတွင် ပြန်လွှတ်ပေးခြင်းခံရ၏။ သူအနေနှင့် တိုင်းပြည် တာဝန်ကိုထမ်းဆောင်ရင်း စစ်တိုက်ခဲ့သည့်စစ်သားတစ်ယောက်ဖြစ်သည်ဟု အဖမ်းခံရစဉ်ကာလတွင် ဆိုခဲ့သည်။ ပြန်လွတ် သွားရင် စစ်ခုံရုံးတက်ရတော့မှာပေါ့ဗျာဟု ဆိုခဲ့သည်။ ပြင်းပြင်းထန်ထန်တော့ အရေးခံရပုံတော့မရ။ စစ်ယူနီဖေါင်းတော့ ချွတ်လိုက်ရသည်။ သူ့အား နောင်တွင် ရန်ကုန်တိုင်း မန္တလေးတိုင်းတို့တွင် ရဲမှူးကြီးအဖြစ်တွေ့လိုက်ရသည်။

ယောယုံတိုက်ပွဲပြီးတော့ သူရဘွဲ့တွေ စွမ်းရည်ဘွဲ့တွေ ရာထူးတိုးတွေနှင့် စည်စည်ကားကားဖြစ်ခဲ့သည်။ ကုန်းဆာတိုက်ပွဲ အပြီးတွင်တော့ ရာထူးပြောင်းတွေ ရာထူးပြုတ်တွေနှင့် တိတ်ဆိတ်သွားသည်။ ဤကား စစ်ပွဲဖြစ်သည်။ အနိုင်နှင့်အရှုံးတို့၏ အကျိုးဆက်များဖြစ်သည်။

သို့သော် ဤတိုက်ပွဲအပြီး CPB ပြိုကွဲသည်။တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များခွဲထွက်ကြသည်။ ရှမ်းပြည်မြောက်ပိုင်းတွင် CPB နှင့် KIA ၏နောက်ဆုံးပူးတွဲစစ်ရေးလှုပ်ရှားမှုဖြစ်သွားတော့သည်။ သို့သော် ပြည်နယ်တွင်းရှိသော CPB ၁၀၁ စစ် ဒေသသည် နောက်အကျဆုံးခွဲထွက်သည့်အဖွဲ့ဖြစ်ရာ CPB ၁၀၁ စစ်ဒေသနှင့် KIA တို့ပူးတွဲတိုက်ပွဲမှာ ၁၉၈၉ အကုန် ၁၉၉၀ လောက်တွင်ဖြစ်ခဲ့သေးသည်။ မြစ်ကြီးနားအထက် အင်ဂျားယန်စခန်း သိမ်းတိုက်ပွဲဖြစ်သည်။ ၁၀၁ စစ်ဒေသမှ တပ်မှူး မုတ်ယင်ဇောင်းဟောင်နှင့် KIA တို့ပူးတွဲတိုက်ခဲ့ကြ သည်။

ယင်းတိုက်ပွဲသည် CPB နှင့် KIA တို့၏ နောက်ဆုံးပူးတွဲတိုက်ပွဲဟုဆိုမည်။ ယင်းတိုက်ပွဲပြီးသည့်နောက် CPB ၁၀၁ စစ် ဒေသသည် NDA(K) ဒီမိုကရေစီသစ်တပ်မတော် (ကချင်) ဟု ပြောင်းလဲဖွဲ့စည်းသွားတော့သည်။ သို့နှင့် CPB နှင့် KIA ပူးတွဲစစ်ဆင်ရေးများ တခန်းရပ်သွားတော့သည်။

● စစ်ပွဲ
ထိုတိုက်ပွဲ ၂ ပွဲကို တတ်နိုင်သမျှ အသေးစိတ်ရေးပြခြင်သည် ရည်ရွယ်တခုကြောင့်ဖြစ်ပါသည်။ တကယ်တော့ မြန်မာပြည် ပြည်မတွင် ၁၉၇၅ နောက်ပိုင်း၌ စစ်ပွဲများ ရပ်ဆိုင်းခဲ့ပြီဖြစ်သည်။ သို့ဖြစ်ရာ ပြည်မရှိ လူထုအဖို့ စစ်ပွဲနှင့် ဝေးကွာသကဲ့သို့ စစ်ဘေးစစ်ဒဏ်မခံခဲ့ရပေ။ သို့သော် ကချင်ပြည်နယ် ရှမ်းပြည်နယ် ကယားပြည်နယ် ကရင်ပြည် မွန် ပြည်နယ်တို့တွင် စစ်ပွဲများမရပ်တန့်ခဲ့ပေ။ အယူဝါဒကွဲလွဲမှုအရလည်းကောင်း၊ အမျိုးသားရေးအရလည်းကောင်း စစ်ပွဲများ ဆက်လက်၍ ပြင်း ထန်စွာဖြစ်ပွါးနေသည်။

ဖေါ်ပြခဲ့သည် ပြင်းထန်သည့် တိုက်ပွဲ ၂ ပွဲသည်ပြင်းထန်စွာဖြစ်ပွါးခဲ့သည့် တိုက်ပွဲပေါင်းများစွာ သေကြေဒဏ်ရာရမှုများ စွာရှိခဲ့သည့် တိုက်ပွဲပေါင်း များစွာထဲမှ ဖြစ်သည်။ ထိုသို့ပြင်းထန်စွာဖြစ်ပွါးခဲ့သည့် တိုက်ပွဲပေါင်းများစွာတွင် ရင်ဆိုင်တိုက်သည့် နှစ်ဖက်စစ်သည်များစွာ ကျဆုံးဒဏ်ရာရခဲ့ကြသကဲ့သို့ ဒေသခံလူထုသည်လည်း စစ်ဘေးစစ်ဒဏ်ကို ရှောင်လွှဲ၍ မရခဲ့ပေ။ တိုက်ပွဲများအတွင်းလူထုပါထိခိုက်မှုရှိသကဲ့သို့ ရွာများ အိုးအိမ်များစွာသည် အမြောက်ဆံ ဗုံးဆံတို့ကြောင့် မီးလောင် ပျက် ဆီးရှုံးခဲ့ကြရသည်။ ရွာများစွန့်ပစ်ထွက်ပြေးခဲ့ရသည်။ ထိုဒေသ၏တောတောင်များတွင် ရွာပျက်များစွာကိုတွေ့နိုင်သည်။ ထို့အတူ စစ်ဘေးဒုက္ခသည်အများအပြားကို ထိုဒေသများတွင် ယနေ့တိုင် သောင်းသိန်းချီ၍ တွေ့ရဆဲဖြစ်သည်။

ထိုအခြေအနေများကို လေးနက်စေခြင်းအလို့ငှာ တိုက်ပွဲ ၂ ပွဲ၏ အသေးစိတ်အခြေအနေများကို ပုံဖေါ်ပြခဲ့ခြင်းဖြစ်သည်။

ဆက်လက်ဖေါ်ပြပါမည်

photo credit Mungdungla Wawhkyung


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, မောင်မောင်စိုး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်