မောင်မောင်စိုး – ကချင်တိုင်းရင်းသားလက်နက်ကိုင်စစ်သည်များ၏ ကောက်ကြောင်း – အပိုင်း (၁၂)

February 12, 2016

မောင်မောင်စိုး – ကချင်တိုင်းရင်းသားလက်နက်ကိုင်စစ်သည်များ၏ ကောက်ကြောင်း – အပိုင်း (၁၂)
(မိုးမခ) ဖေဖော်ဝါရီ ၁၂၊ ၂၀၁၆

● KIO/KIA ဗဟိုပြောင်းရွှေ့ခြင်း
၁၉၈၅ နောက်ပိုင်း CPB အတွင်းတိုက်စိတ်ခိုက်စိတ်လျော့ပါးလာခြင်းနှင့်အတူ တပ်ဖွဲ့စည်းပုံလျော့ကျလာသည်။ ၁၉၈၆/၈၇ တွင် အစိုးရတပ်များက တပ်မ ၂ ခု (ထိုစဉ်က တပ်မ ၂ ခု စစ်ထွက်အင်အားမှ တစ်သောင်းခန့်ရှိသည်) တပ်မ၉၉ နှင့် တပ်မ ၃၃ အားအသုံးပြု၍ CPB မြောက် ပိုင်းဗျူရိုအား ထိုးစစ်ဆင်သည်။ ၁၆ နှစ်ကျော် CPB တို့သိမ်းပိုက်ထားသည့် ရွှေကျင်ဝမ် (စီစီဝမ်တာပန်) တောင်ကြော မုန်းပေါ်ဒေသ နမ့်ချက်တောင် ကြူကုတ်ပန်ဆိုင်းနှင့် မန်ရှိုး (မန်ဟီးရိုး) ဒေသတို့အား အစိုးရ တပ်မှ ပြန်လည်သိမ်းပိုက်ခဲ့သည်။

တချိန်တည်းတွင် CPB ၏ မဟာမိတ်ဖြစ်သောပါကျောက် နားဖေါ့တွင် အခြေစိုက်သည့် KIO/KIA ဌာနချုပ်အား ထိုးစစ်ဆင် သိမ်းပိုက်ခဲ့သည်။ ထိုသို့တိုက်ခိုက်ရာတွင် အစိုးရတပ်မှ မပခလက်အောက်ခံ စဗဟမှူး ဗိုလ်မှူးကြီးကျော်သန်းဦးစီးသည်။ နားဖေါ့စခန်းမှ သိမ်းပိုက်ရရှိခဲ့သော KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဇော်မိုင်၏ ခွေးကြီးသည် ဗိုလ်မှူးကြီးကျော်သန်းအတွက် ဂုဏ် ယူစရာအမှတ်တရဖြစ်ခဲ့ပုံရသည်။ ၁၉၈၉/၉၀ တွင် တပ်မ ၉၉ တပ်မမှူးအဖြစ် ကွတ်ခိုင်သို့ပြောင်းရွှေ့လာစဉ်ပင် ထိုခွေးကြီး ပါလာပြီး ဂုဏ်ယူနေဆဲဖြစ်သည်။ ဗိုလ်မှူးကြီးကျော်သန်းသည် နောင် မန္တလေးတိုင်းမှူး နဝတခေတ် ကုန်သွယ်ရေးဝန်ကြီးတာဝန်များယူခဲ့သူဖြစ်သည်။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၏ဌာနချုပ်များအား အစိုးရတပ်များကသိမ်းပိုက်နိုင်ခြင်းသည် ဂုဏ်သိက္ခာပြဿနာ မျှ သာဖြစ်သည်။ ပဲခူးရိုးမရှိ CPB ဗဟိုကို တိုက်ခိုက်ခြင်းမျိုးနှင့် မတူပေ။ ပဲခးရိုးမဗဟိုကို တိုက်ခိုက်စဉ်က CPB ခေါင်း ဆောင် များကိုပါ အသေဖမ်းဆီးရမိခြင်းမျိုးရှိသဖြင့် အစိုးရတပ်များအတွက် အောင်ပွဲဟုဆိုနိုင်ခဲ့သည်။ သို့သော် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကိုတိုက်ခိုက်ရာတွင် ကာလတခုစခန်းကို ထိမ်းသိမ်းနိုင်ရန် ခုခံတိုက်ခိုက်ကြသော်လည်း အင်အား မမျှပါ က ရှောင်တိမ်းဆုတ်ခွါကာ အခြားနေရာတွင် ဌာနချုပ်ဖွင့်ကြသည်သာဖြစ်သည်။ ၎င်းတို့အဖွဲ့အစည်းအား ကြီးကြီးမားမား ထိခိုက်မှုမရှိချေ။

KNU တို့၏ဌာနချုပ် မာနာပလောအားသိမ်းပိုက်မိ၍ KNU မပြိုကွဲသကဲ့သို့ KIA ဗဟိုပါကျောက် နားဖေါ့ကျ၍ KIA မပြိုကွဲခဲ့ပေ။ KIA ဗဟိုဌာနချုပ်အား မြောက်ဖက်တောတောင်ထူထပ်သည့် လိုင်ဇာဒေသပြောင်းလဲ အခြေချခဲ့ရာယနေ့တိုင်ဖြစ်၏။ KIA အနေနှင့် အစိုးရထိုးစစ်ကြောင့် လိုင်ဇာကို လက်လွှတ်ရသည်ရှိသော်လည်း အရန်ပြင်ဆင်ထားသော တစ်နေရာသို့ ပြောင်း ရွှေ့လိမ့်မည်ကို သံသယရှိစရာမလိုပေ။ ပြည်နယ်တွင်းရှိတောတောင်ထူထပ်၍ လမ်းပမ်းဆက်သွယ်ရေးခက်ခဲသည့်နေရာများသည် KIA အတွက် ရေခံမြေခံကောင်းများဖြစ်၍ နေပေသည်။

ဤနေရာတွင် မှတ်တမ်းပြုစရာတစ်ခုရှိသည် KIA ဗဟိုဌာနချုပ် ပါကျောက် နားဖေါ့ မကျမှီ KIA ဌာနချုပ်သို့ ကချင်လူငယ် တက္ကသိုလ် ဘွဲ့ရများ တက္ကသိုလ်ကျောင်းသားများရောက်လာခြင်း ဖြစ်သည်။ ထိုသူများတွင် မန္တလေးဆေးတက္ကသိုလ်မှဘွဲ့ရ ဒေါက်တာ အင်လန်အောင်နှင့် ဆွတ်လွတ်ဂွမ်မော်တို့အပါ ကချင်ပညာတတ်လူငယ် ၂၀ ခန့် စတင်ရောက်ရှိလာပြီး နောက် ပိုင်းတွင် ၄၀ ခန့်ထိရှိလာခဲ့သည်ဟု ဆိုသည်။ အလားတူ မြစ်ကြီးနားတွင် ဆေးခန်းဖွင့်နေသော ဒေါက်တာဘရန်အောင် (မန်းဆေး) တို့လည်း ရောက်ရှိလာသည်။

ထိုကချင်လူငယ်များအား မှတ်တမ်းပြုရန်လိုအပ်ခြင်းမှာ သူတို့ရောက်ရှိလာပြီး အနှစ် ၃၀ ခန့်အကြာ ယနေ့ကာလတွင် ထိုသူများသည် KIA ထိပ်ပိုင်းမျိုးဆက်သစ်ခေါင်းဆောင်များအဖြစ် တာဝန်ယူနေသည်ကိုတွေ့ရ၍ ဖြစ်သည်။ ဒေါက်တာ အင် လန်အောင်တစ်ယောက်သာ မိုင်ဂျာယန်ရေကြီးစဉ်ကာလက ကွယ်လွန်သွားခဲ့ပြီး ကျန်သူများမှာ KIA ထိပ်ပိုင်းတာဝန် များကို ယူထားကြသည်။ ဆွန်လွတ်ဂွမ်မော်သည် KIC ဒုဥက္ကဌ ၂ အဖြစ်လည်းကောင်း၊ ဝေါကျွမ်းခေါင်လွန်းသည် KIA ဒုစစ်ဦးစီးချုပ် VCS ၁ အဖြစ်လည်းကောင်း၊ မရန်တောင်လာသည်တပ်မဟာ ၃ မှူးအဖြစ်လည်းကောင်း တာဝန်ယူနေသည်ကို တွေ့ရသည်။ လက်လှမ်းမှီသမျှသာဖြစ်ပါသည်။
မိမိနိဒါန်းတွင်ဆိုခဲ့သကဲ့သို့ မိမိစာစုသည် သမိုင်းတစ်စောင်မဟုတ်သဖြင့် ပြည့်စုံခြင်းမရှိနိုင်ပါ။ လက်လှမ်းမှီသလောက် ဖေါ် ပြခြင်းသာဖြစ်ပါသည်။

● KIA 1989-1994
KIA ဌာချုပ် လိုင်ဇာသို့ပြောင်းလာပြီးမကြာမှီ မြန်မာပြည်နိုင်ငံရေးအပြောင်းအလဲကို အများနည်းတူ KIA လည်းကြုံတွေ့ရ သည်။ ၁၉၈၈ တွင်ဗိုလ်နေဝင်း၏ မဆလ အစိုးရပြုတ်သွားပြီး နဝတအစိုးရတက်လာသည်။ လူနဲ့ လုပ်ပုံကိုင်ပုံ ပြောင်းသွား သော်လည်း စစ်တပ်အုပ်ချုပ်ရေးသာဖြစ်သည်။

၁၉၈၉ တွင် KIA ၏ မဟာမိတ်လည်းဖြစ် အရှေ့မြောက်ဒေသတွင် လက်နက်ကိုင်အင်အားအကြီးဆုံးလည်းဖြစ်သည့် CPB ပြိုကွဲသည်။ MNDAA ကိုးကန့်အဖွဲ့ UWSA ဝ အဖွဲ့ NDAA မိုင်းလားအဖွဲ့ NDA (K) ပန်းဝါအဖြစ် အဖွဲ့ ၄ ဖွဲ့ကွဲသွားသည်။ ရွှေလီချိုင့်ဝှမ်းဂွင်အရှိ CPB ၂၀၂ ဒေသလည်း အချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့သို့ရောက် အချို့တရုတ်ပြည်တွင် ဝင်ရောက်ခိုလှုံပြီး ပျက်သွားသည်။ ထိုဒေသသို့ PSLO/PSLA က ဝင်ရောက်နေရာယူသည်။

KIA အတွက် CPB ပြိုကွဲသွားခြင်းသည် လက်နက်ခဲယမ်းရရှိရာ ရေသောက်မြစ်ပြတ်သွားသလိုဖြစ်သည်။ ထို့ပြင် ရှမ်းပြည် မြောက်ပိုင်းရှိ လက်နက်ကိုင်အဖွဲ့များဖြစ်ကြသည့် CPB မှခွဲထွက်သွားသည့် အဖွဲ့များသည်လည်းကောင်း၊ SSPP/SSA သည်လည်းကောင်း နဝတနှင့် အပစ်ရပ်၍ ငြိမ်းချမ်းရေးယူထားကြရာ ထိုင်းနိုင်ငံမှ လက်နက်ဝယ်ယူသယ်ဆောင်ရန်လည်း အခက်အခဲဖြစ်နေပြီဖြစ်သည်။

ထိုင်းနယ်စပ်မှ ပြန်လာသော KIA အဖွဲ့များ အား SSPP/SSA မှ လက်နက်ဖြုတ်သိမ်းပြီး လူများသာပြန်လွှတ်သည်ကို ၁၉၇၆/၁၉၇၈ တွင် ၂ ကြိမ်ကြုံခဲ့ရသည်။ ၁၉၇၉ အတွင်းကလည်း ထိုင်းနယ်စပ်မှ ပြန်တက်လာသောအဖွဲ့များနှင့် SSA တို့ တိုက်ပွဲဖြစ်ပွါးခဲ့သည်။ ထိုပဋိပက္ခများမှဆက်၍ ၁၉၉၀ဇန္နဝါရီလတွင် ဗိုလ်အင်ခွန်ဂမ် ခေါ် ဘရန်လွတ်ဦးစီးအင်အား ၆၀ ခန့် ထိုင်းနိုင်ငံမှပြန်တက်လာစဉ် SSA နယ်မြေ ဝိန်းကျောက်တွင် လက်နက်ထပ်မံဖြုတ်သိမ်းခံရသည်။ ဤတကြိမ်တွင် လူချည်းပြန်လွှတ်ခြင်းပင်မပြုခဲ့။ နဝတ အစိုးရနှင့် အပစ်ရပ်ထားသော SSA အဖွဲ့မှ နဝတ အစိုးရလက်တွင်း အပ်နှံလိုက်သည်။ သို့ဖြစ်ရာ အင်ခွန်ဂမ်ဦးစီးသောအဖွဲ့အားလုံး အစိုးရထောင်အတွင်းသို့ ရောက်ရှိသွားသည်။ ထို့အတူထိုင်းနယ်စပ်မှ လက် နက်သယ်ယူသည့်လမ်းကြောင်းသည်လည်း လုံးဝစိတ်ချမရသည့် အခြေအနေသို့ရောက်ခဲ့သည်။

တချိန်တည်းတွင် ရှမ်းမြောက် KIA တပ်မဟာ၎ ဒေသတွင် လက်နက်ကိုင်ပဋိပက္ခတစ်ခု ထပ်မံပေါ်ပေါက်ခဲ့သေးသည်။ CPB တွင်းခွဲထွက်သည့် ကိုးကန်အဖွဲ့အတွင်းမှ မုန်ကိုးဒေသအခြေစိုက်ကချင်တိုင်းရင်းသားခေါင်းဆောင်များက ကိုးကန့်အဖွဲ့မှ ပုန်ကန်ခွဲထွက်ရန်ကြံစီခဲ့ကြသည်။ ထိုပုန်ကန်မှုသည် ၁၉၉၀ ဧပြီအတွင်းဖြစ်ပွါးခဲ့သည်။ ထိုပုန်ကန်မှုအား KIA တပ်မဟာ ယာယီတပ်မဟာမှူးလဂိုင်တန်လိုင်တို့မှ အကူအညီပေးခဲ့ကြရာမှ KIA တပ်မဟာ ၄ နှင့် MNDAA တို့ လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွါးခဲ့သည်။ MNDAA ဘက်မှအစိုးရတပ်တို့ ပူးပေါင်း၍ KIA အား တိုက်ခိုက်ခဲ့ရာ တစ်လနီးပါးခန့် တိုက်ပွဲဖြစ်ပွားခဲ့သည်။

၁၉၉၀ မေလအတွင်း KIA ဗဟိုမှ လမုန်တူးဂျိုင် လယော်ဇောင်းဟရာ အင်ဘန်ဆင်ဝါးနော် (တိုင်းမှူး) တို့ မုန်းကိုးသို့ လာ ရောက်ပြီး MNDAA ခေါင်းဆောင်များနှင့်ဆွေးနွေးပြီး အပစ်ခတ်ရပ်စဲနိုင်ခဲ့သည်။ ထိုပဋိပက္ခတွင် တာဝန်ရှိသူအဖြစ် ဗိုလ်မှူး လဂိုင်တန်လိုင် တပ်မဟာ ၄ မှူးတာဝန်မှ ရပ်စဲခံရသည်။

ဤသို့ အခက်အခဲများကြုံနေရစဉ်မှာပင် KIA တို့သည် CPB ၏ လက်နက်ကြီးများကို ရအောင်ယူနိုင်ခဲ့သေးသည်။ ကိုးကန့် အာဏာသိမ်းစဉ်ကာလ ၁၉၈၉ နှစ်ဆန်းတွင် CPB လက်ကျန်အင်အားစုများသည် မုန်းကိုး ထောက်ပံ့ရေးဂိုဒေါင်မှ လက်နက် ခဲယမ်းကိုသယ်ထုတ်ပြီး ၁၀၁ စစ်ဒေသ ပန်ဝါသို့ပို့ဆောင်ခဲ့သည်။ ထိုလက်နက်ခဲယမ်းထဲတွင် ၁၂၀ မမ မော်တာ ၂ လက်ပါ ဝင်သည်။ ထို ၁၂၀မမ မော်တာ ၂ လက်နှင့် အမြောက်ဆံများအားထိုစဉ် KIA စစ်ဦးစီး ပထမတန်း ဂျီဝမ်းနေရာရှိ ဗိုလ်မှူးကြီး လခန်ပန်းအောင်သည် NDAK ခေါင်းဆောင် ဇခုံတိန့်ယင်းနှင့် ညှိနှိုင်းပြီး လွှဲပြောင်းရယူ နိုင်ခဲ့သည်။

သို့သော် KIA အတွက် ပြောင်းလဲလာသော နိုင်ငံရေး စစ်ရေးအခြေအနေများအရ ကိုက်ညီသောအပြောင်းအလဲလုပ်ရန် လို အပ်နေဆဲဖြစ်သည်။ အထူးသဖြင့် ရှမ်းမြောက် KIA တပ်မဟာ ၄ သည် အစိုးရတပ်များနှင် ငြိမ်းချမ်းရေးယူထားသောအဖွဲ့ များအတွင်း ပိတ်မိနေပြီဖြစ်သည်။

CPB ပြိုကွဲပြီး အစိုးရ၏ထိုးစစ်များ KIA ဆီသို့ဦးတည်လာချိန် ၁၉၈၉/၉၀ တွင် KIA ဌာနချုပ်၌ ခံစစ်ဗျူဟာရုံးဖွင့်၍ ခုခံ တိုက်ပွဲဝင်ကြသည်။ နည်းဗျူဟာ ၃ ခုခွဲ၍ တိုက်ပွဲဝင်ကြသည်။ ထိုစဉ် စစ်ဦးစီးချုပ် ဗိုလ်ဇော်မိုင် ဒုစစ်ဦးစီးချုပ် ဗိုလ် ဇော်အိမ်တို့နှင့် အတူထင်ရှားသည့် KIA တပ်မှူးများမှာ ဒူဝါလခန်ပန်းအောင် ဒူဝါဇော်ဖန် ဒူဝါဂျေဆန်လီ ဒူဝါလဇိန်ဘောက်ဝါ စသူများဖြစ်သည်။

ဤတွင် KIA နှင့် နဝတအစိုးရတို့၏ ဆွေး နွေးပွဲများကို ၁၉၉၁ နှစ်ကုန်ပိုင်းလောက်တွင် ငြိမ်းချမ်းရေးအကျိုးဆောင်များဖြင့်စတင်ခဲ့တော့သည်။ဤအကြိမ်ဆွေးနွေးပွဲသည် KIA တို့အတွက် တတိယအကြိမ်ဖြစ်သည်။ ပထမအကြိမ် ၁၉၆၃ က မန္တလေးတွင် KIA မှ လထော်ဇော်ဒန်နှင့်အဖွဲ့ သွားရောက်ဆွေးနွေးခဲ့သည်။ ဒုတိယအကြိမ် ၁၉၈၀ ခုနှစ်တွင် ဥက္ကဌ မရန်ဘရန်ဆိုင်းနှင့်အဖွဲ့ ရန်ကုန်သို့သွားရောက်ဆွေးနွေးခဲ့ဘူးသည်။ နှစ်ကြိမ်စလုံး အောင်မြင်မှုမရခဲ့ပေ။ သို့သော် ယခု အကြိမ်တွင်ပြောင်းလဲနေသော နိုင်ငံရေးအခြေအနေများအရအကြိမ်ကြိမ်ညှိနှိုင်းပြီး ၁၉၉၃ နှစ်ကုန်ပိုင်းတွင်အပြီးသတ် သ ဘောတူညီမှုရခဲ့ပြီး ၁၉၉၄ နှစ်ဆန်းပိုင်းတွင် အပစ်အခတ်ရပ်စဲကြောင်း အတည်ပြုနိုင်ခဲ့သည်။ KIA နှင့်ဆွေးနွေးရာတွင် အ ကြိမ်ကြိမ်ညှိနှိုင်းရမှုများရှိခဲ့ပြီး သဘောတူခဲ့ခြင်းမှာ ဖါးကန့်ဒေသကျောက်စိမ်းတွင်း တူးဖေါ်မှု စတင်အရှိန်ရလာချိန်တွင် တည်ငြိမ်မှုလိုအပ်၍ ဖြစ်နိုင်ကောင်းသည်ဟု အကဲခတ်များက ဆိုကြပါသည်။

ထိုကာလများတွင် KIA ဗဟိုအနေနှင့် လိုက်လံဖြေရှင်းနေရသော ပြဿနာတစ်ခုရှိနေသည်။ ၎င်းမှာ ၁၉၉၁ ဇန္နဝါရီလအတွင်း KIA တပ်မဟာ ၄ မှ ဒုတပ်မဟာမှူး BM ဗိုလ်မှူးမထုနော်ဦးစီးအင်အားအများစုသည် KDA ကချင်ကာကွယ်ရေးတပ်မတော်ဟု ပြောင်းလဲဖွဲ့စည်း၍ KIA မှခွဲထွက်၍ နဝတအစိုးရနှင့် ငြိမ်းချမ်းရေးယူသွားခဲ့သည်။

ဗိုလ်မှူးမထုနော် နောက်သို့လိုက်ရန် KIA ဗဟို၏အမိန့်အားနာခံ၍ ကျန်နေခဲ့သော အင်အားများမှာ တပ်မဟာနှင့် တိုင်းရုံး တွင် ဗိုလ်မှူးအင်ခွန်လနူးဦးစီးအင်အား အချို့ ရင်း ၈ မှ ဗိုလ်ကြီးခန်ဒါဂမ်ဆိုင်းဦးစီးအင်အားအချို့နှင့် ရင်း ၉ မှ ဗိုလ်ကြီး လဗျနော်ဒင် ဦးစီးအင်အားအချို့သာ ကျန်ရှိခဲ့သည်။ ရင်း ၂ ကတော့ တစ်ရင်းလုံးနီးပါး ပါသွားသည်။ ရင်း ၂/၈/၉ ရင်းမှူး အားလုံး မထုနော်နောက်သို့ ပါသွားသည်။

သို့ဖြစ်ရာ တပ်မဟာ ၄ ပြန်လည်ဖွဲ့စည်း နိုင်ရေးအတွက် ၁၉၉၁ မှစ၍ လုံးပမ်းကြပြန်ရတော့သည်။ ယာယီတပ်မဟာမှူး BC ဗိုလ်မှူးဂျွမ်ဇမ်လွန်းဒေါင် ဒုတပ်မဟာမှူး BM ဗိုလ်မှူး အင်ခွန်လနူးတို့ ဦးဆောင်၍ ပြန်လည်ဖွဲ့စည်းမှုများပြုလုပ်ခဲ့ရသည်။ KIO ဗဟိုမှ အင်အား ၂၀၀ ခန့် ဖြည့်တင်း အားဖြည့်ပေးခဲ့ရသည် ဟုဆိုပါသည်။ ၁၉၉၃ အစိုးရနှင့် အပစ်ရပ်စတင်လာချိန်မှ အောင်အောင်မြင်မြင် ဆက်လက်ဖွဲ့စည်းနိုင်ခဲ့ပေတော့သည်။

ဆက်လက်ဖေါ်ပြပါမည်
photo credit Mungdungla Wawhkyung


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, မောင်မောင်စိုး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

http://moemaka.com/archives/57845

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)