fbpx

အေးငြိမ်း – ကျွန်တော်နှင့် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ ဥပဒေ

February 13, 2016


– ကျွန်တော်နှင့် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ ဥပဒေ

(သူ့ဖေ့စ်ဘွတ်) မိုးမခ၊ ဖေဖော်ဝါရီ ၁၃၊ ၂၀၁၆

(၁)

သည်အကြောင်း ကျွန်တော်မရေးချင်ပါ။ တခြားအင်ဂျင်နီယာများရေးထား၍သော်လည်းကောင်း၊ ရေးထားသည့်အပေါ် ကွန်မင့်များ ပေးထား၍သော်လည်းကောင်း အင်ဂျင်နီယာကောင်စီဥပဒေမှာ ချေးသပတ်လိုက်နေပြီ ဖြစ်ပါသည်။ ဆိုရလျှင် ဖေ့စ်ဘုတ် တံတွေးခွက်တွင် ပက်လက်တစ်ခါ မှောက်ချီတစ်လှည့်၊ ပေါလောပေါလော မျောနေလေ၏။

ကျွန်တော်တွေ့ရသလောက် သည်ဥပဒေကို ၀ိုင်းဝန်းထောက်ခံကာ အားပေးအားမြှောက်ပြုသူ မတွေ့ရသလောက် နည်းလှ၏။ အများအားဖြင့်တော့ မကြိုက်သည့်လေသံ၊ မထောက်ခံသည့်စကားသံ၊ ရှုတ်ချသံများသာ များလေသည်။ ပြည်တွင်းမှ အင်ဂျင်နီယာများရော ပြည်ပတွင်ရောက်နေသူများပါ တစ်သံတည်း ထွက်၏။ ယခုမှ ကျောင်းဆင်းစ အင်ဂျင်နီယာ ပေါက်စန များမှအစ ဟိုးယခင်က ကျောင်းပြီးထားသည့် ၀ါရင့်အင်ဂျင်နီယာများထိ တစ်လေသံတည်းသာဖြစ်၏။ သာယာညင်းပြောင်း ထောက်ပြ ပြောဆိုသူများရှိသလို၊ ခပ်ရင့်ရင့်ပြောသူ၊ စိန်ခေါ်သူများပင် ရှိပါ၏။

ထောက်ခံသည့်၊ ကြိုက်နှစ်သက်သည့် အသံများကို ကျွန်တော်မကြားမိတာလည်း ဖြစ်နိုင်ပါသည်။

သို့မဟုတ်လျှင်လည်း မည်မျှလူကြိုက်များသည်၊ နည်းသည်ကိုသိရန် လက်လှမ်းမီသမျှ အင်ဂျင်နီယာများကို ဘိတ်ခေါ်ကာ မဲခွဲ ဆုံးဖြတ်ကြည့်စေလိုပါသည်။ မကြိုက်သူရာခိုင်နှုန်း တော်တော်များနေလျှင် ပြင်သင့်က ပြင်ရမည်ဟု ကျွန်တော် ထင်ပါသည်။

ဒီမိုကရေစီဟူသည် အများဆန္ဒဟု ကျွန်တော်နားလည်ထားသည်ဖြစ်ရာ သည်မျှအုတ်အော်သောင်းတင်း ဖြစ်နေသည့် သည် ဥပဒေကို တာဝန်ရှိသူလူကြီးများက (မလုပ်ချင်လျှင်တောင်မှ အားနာပါးနာ) နည်းနည်းလောက် ပြန်စဉ်းစားကြပါခင်ဗျာ ဟု တိုက်တွန်းလိုပါသည်။

(၂)

သည်ဥပဒေကို ဟိုးအစောကြီး ဥပဒေကြမ်းဘ၀မှာကတည်းက ကျွန်တော် သတိထားမိခဲ့သည်။ ကိုယ်နှင့်တိုက်ရိုက်ဆိုသလို ပတ်သက်နေ၍လည်း သေသေချာချာ ဂရုတစိုက်ဖတ်ခဲ့၏။ ဖတ်ပြီးသည့်နောက်လည်း မအီမလည်ကြီး ဖြစ်ခဲ့၏။ ဖြစ်ခဲ့သဖြင့်လည်း ဆောင်းပါးတစ်ပုဒ်ရေးကာ The Voice တွင် ထည့်ခဲ့၏။ ၂၀၁၃ သြဂုတ်လလောက်က ဖြစ်ပါသည်။ ဖတ်မိသူများ ဖတ်မိပါလိမ့်မည်။

ယခု အကြောင်းအပေါင်းသင့်လာ၍ ကျွန်တော်လည်း နည်းနည်းလောက် ၀င်ဖွ (ဟုတ်ပေါင်) ၀င် ဆွေးနွေးပြစေဦး။ ဆွေးနွေးခွင့် ပြုပါခင်ဗျား။

ယခုလို ကျွန်တော်ပြောရသည်မှာ ကျွန်တော် မြန်မာပြည်တွင် အင်ဂျင်နီယာမဖြစ်လိုက်ရမှာစိုး၍ မဟုတ်။ ကျွန်တော်ယခု အသက် ၅၅ နှစ်နား နီးနေပါပြီ။ အလုပ်လုပ်ရန် အချိန် သိပ်မကျန်တော့သလို စင်ကာပူတွင်ပင် အခြေကျနေပြီဖြစ်၍ မြန်မာပြည်ပြန်လုပ်ရန် လည်း စိတ်မကူးမိတော့ပါ။

ယခုပြောမည်မှာ မြန်မာပြည်အတွက်၊ တစ်နည်းအားဖြင့် မြန်မာနိုင်ငံ အင်ဂျင်နီယာလောကအတွက် ဖြစ်ပါသည်။ (ကြီးကျယ်လိုက်တာဟု ဆဲချင်လျှင်လည်း ကွန်မင့်တွင် အားမနာတမ်း ဆဲသွားပါခင်ဗျား။)

ဥပဒေအကြောင်းအသာထားလို့ ဧရာဝတီသတင်းဌာနက အင်တာဗျူးထားပြီး မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ ဒုဥက္ကဌ (၁) ဦး ဉာဏ်ထွန်းဦး က ပြန်ဖြေထားတာလေး နည်းနည်းလောက် ပြောချင်ပါသည်။

ပထမဆုံးအဖြေမှာကိုက လွဲနေသည်။

ဘာတဲ့။

“အခုသိတဲ့အတိုင်းပဲ တိုင်းပြည်မှာ အဆောက်အဦးတွေ ဆောက်တယ်။ လူသုံးကုန်ပစ္စည်းတွေ ထုတ်တယ်။ ထုတ်တဲ့ လူသုံးကုန် ပစ္စည်းတွေကလည်း တကယ့် ကျွမ်းကျွမ်းကျင်ကျင် အတွေ့အကြုံရှိတဲ့ အင်ဂျင်နီယာတွေ ဦးစီးနေတဲ့ သူတွေမဟုတ်ဘဲ များသောအားဖြင့် ကြုံတဲ့သူ ဦးစီးနေတာမျိုး ဖြစ်နေတယ်။ အဲဒီထဲမှာ ဆိုးတာ အင်ဂျင်နီယာမဟုတ်ဘဲ ဆရာဝန်သော်လည်းကောင်း၊ ဘာသော်လည်းကောင်း ညာသော်လည်းကောင်းက အင်ဂျင်နီယာ လုပ်ငန်းတွေမှာ ၀င်ပြီးလုပ်လိုက်တော့ တချို့နားမလည်တာ လေးတွေ ကျော်သွားပြီးလုပ်တဲ့အခါမှာ စားသောက်တဲ့သူတွေ အန္တရာယ်ရှိတယ်။ သုံးစွဲတဲ့ပစ္စည်းတွေ ထွက်လာတဲ့အခါမှာ အန္တရာယ်ရှိတယ်။

နောက်ပြီး အဆောက်အဦးတွေဆိုရင်လည်း ပြိုကျတာ၊ မီးလောင်တာတွေ ဖြစ်တယ်။ ဒါတွေဟာ ကျွမ်းကျင်မှု မရှိလို့ ဖြစ်တာတွေပဲ။ ကျွမ်းကျင်မှုရှိပြီး စနစ်တကျလုပ်ရင် ဒီလိုကိစ္စတွေ လျော့သွားမှာပေါ့။ နောက်ပိုင်းမှာ တဖြည်းဖြည်း ကျွမ်းကျင်တဲ့သူ များလာလေ လေ ပိုပြီးတော့ ပြည်သူများအတွက် စားသောက်နေထိုင်ရေးက လုံခြုံမှုရှိမယ်။ အဆင့်ရှိလာမယ်။ ဒါကြောင့်လည်း အင်ဂျင်နီယာ ကောင်စီ အနေနဲ့ အရည်အချင်းတူညီအောင် လုပ်ဆောင်တဲ့ သဘောပါ။ အရေအသွေး၊ အရည်အချင်း၊ အတွေ့အကြုံ ရှိဖို့ပါ။ ပညာ ရေးပိုင်းမှာလည်း ဒီလိုမျိုးတွေ လိုအပ်သလို လက်တွေ့ပိုင်းမှာလဲ အသိတရား၊ တွေးခေါ်မြော်မြင်နိုင်တဲ့ အမြင်၊ နည်းစနစ်ကျတဲ့ သူတွေ အားသာတဲ့သူတွေ ဖြစ်လာအောင် ကျနော်တို့ အင်ဂျင်နီယာကောင်စီက အင်ဂျင်နီယာတွေကို လမ်းကြောင်း ဖြောင့်အောင် လုပ်ပေးတဲ့ သဘောပါ။”

ဤသဘောတရားကို အခြေခံပြီး အင်ဂျင်နီယာကောင်စီကြီး ဖွဲ့သည်ဆိုလျှင်ဖြင့် အတော့်ကို နေရာမကျသေးပါ။

အဘယ်ကြောင့်နည်း။

၎င်းတို့လုပ်နေသည်မှာ ခါးတောင်းကျိုက်တလွဲ၊ – င်တလွဲ ဖြစ်နေသောကြောင့် ဖြစ်ပါသည်။

သည်အကြောင်းကို ကျွန်တော် တစ်ခါမက၊ နှစ်ခါမက ပြောခဲ့ဖူးပါပြီ။ MES တွင်လုပ်သော seminar များ၌လည်း ထည့်ပြောခဲ့ ပါသည်။ မနှစ်ကတောင် National Competency Standard ဆိုတာ ပြောခဲ့သေးသည်။

၎င်းတို့လုပ်ရမည်မှာ အင်ဂျင်နီယာများကို လည်ပင်းညှစ်ဘို့မဟုတ်ပါ။ နိုင်ငံတကာအဆင့်မီ စံချိန်စံညွှန်းများ ရေးဆွဲရေး ဖြစ်ပါသည်။

မင်းတို့မြန်မာနိုင်ငံမှာ ဘယ်စံကိုအခြေခံသလဲကွဲ့ ဟု တစ်စုံတစ်ယောက်သောသူသည် မေးလာသည်ဖြစ်အံ့။ ဖြေဘို့ရာ အလွန် ခက်ခဲပါသည်။ ရန်ကုန် – နေပြည်တော် အမြန်လမ်းမှာတောင်မှ တစ်နာရီ မိုင် ၆၀ ထက် မပိုရ ဟု ရေးလိုရေး။ တစ်နာရီ ကီလိုမီတာ ၁၀၀ ထက် မကျော်ရဟု တပ်လိုတပ်။

စပါးကို ဘာနှင့်ချင်ပါသနည်း။ တင်းတောင်းနှင့် ချင်ပါသည်။ ထိုတင်းတောင်းမှန်မမှန် ဘာနှင့် calibrate လုပ်ပါသနည်း။

ဆီကို ဘာနှင့်ချင်ပါသနည်း။ ပိဿာနှင့် ချင်ပါသည်။ ထိုပိဿာချိန် မှန်မမှန် ဘာနှင့် calibrate လုပ်ပါသနည်း။

သစ်ကိုဘာနှင့် တိုင်းပါသနည်း။ အတောင်၊ ပေ၊ လက်မတို့ကို ရောပြီး သုံးပါသည်။

ကွန်ကရိလောင်းဘို့ မှာသည့်အခါ ဘာနှင့်မှာပါသနည်း။ ကုဗမီတာနှင့် မှာပါသည်။

သဲတို့ကျောက်တို့ထုံးတို့ကိုရော။ ကျင်းနှင့် တိုင်းတာသည်။ ကျင်းက ဘာကိုအခြေခံသနည်း။ ပေလက်မကို အခြေခံသည်။

ဒါဆို မြန်မာနိုင်ငံမှာ အတိုင်းအတာစံနှုန်းတစ်ခု (မက်ထရစ်စနစ်ဆိုပိုကောင်းပါသည်) ကို တစ်နိုင်ငံလုံးမှာ သုံးစွဲလာအောင် လုပ်ဖို့ အင်ဂျင်နီယာကောင်စီက မလုပ်သင့်ပါသလော။ အင်ဂျင်နီယာလုပ်ငန်းတွေမှာ အတိုင်းအတာထက် အခြေခံကျတာ ဘာရှိပါသလဲ။

(အင်ဂျင်နီယာမဟုတ်တဲ့သူတွေက ဦးစီးလို့ စားသောက်တဲ့သူတွေမှာ အန္တရာယ်ရှိတယ်၊ သုံးစွဲတဲ့သူတွေမှာ အန္တရာယ်ရှိတယ်) – ဆိုပါလား။ လွဲလိုက်လေခြင်းခင်ဗျာ။

အဓိကလုပ်ရမှာ မူကိုပြင်ရမှာဖြစ်ပါသည်။ ဥပဒေ၊ စံချိန်စံညွှန်းမရှိရင် ရှိလာအောင်လုပ်ရပါမည်။ နောက် ထိုဥပဒေ စံချိန်စံညွှန်းများ အသက်ဝင်လာအောင်၊ လူတွေလိုက်နာလာအောင် တစ်နည်းအားဖြင့် တရားဥပဒေ စိုးမိုးလာအောင် လုပ်ရပါမည်။ အကယ်၍ ဟောသည်ပစ္စည်းကို ဟောသည်စံနှုန်းနှင့်ကိုက်ညီအောင် ထုတ်ပါဆိုလျှင် ထိုစံနှုန်းကို နားမလည်သူ လုပ်နိုင်ပါမည်လား။ အကယ်၍ ထိုစံနှုန်းကို မလိုက်နာ။ ကျော်ခွချကာ မြန်မာ့နည်း မြန်မာ့ဟန်ဖြင့်လုပ်သည်ဆိုပါစို့။ ထိုသူကို မည်သူ့ယောက္ဖဖြစ်နေပါစေ၊ မည်သည့် ဗိုလ်ချုပ်ကြီး၏ သားမက်ဖြစ်နေပါစေ၊ ပြတ်ပြတ်သားသား အရေးယူရပါမည်။ လုပ်ခွင့်လိုင်စင်ကို ရုပ်သိမ်းရပါမည်။ ထိုအခါ ထိုပစ္စည်းထုတ်မည့်သူသည် ထိုစံချိန်စံညွှန်းများကို တတ်သိနားလည်သူအား သေချာပေါက် ငှားရ၊ ခန့်ထားရမည်သာ ဖြစ်ပေ၏။

ဆရာဝန်က အင်ဂျင်နီယာလုပ်ငန်းကို ဦးစီးသည်ဆိုပါစို့။ တကယ်စံချိန်စံညွှန်းများအတိုင်း ဆောက်ရမည်ဆိုလျှင် အနှီဆရာဝန်သည် အင်ဂျင်နီယာ drawing များကို နားလည်ပါမည်လား။ အတွက်အချက်များကို သဘောပေါက်ပါမည်လား။ အင်ဂျင်နီယာ terminology များကို သိနိုင်ပါမည်လား။ ထိုအခါ ထိုလုပ်ငန်းကို ပိုက်ဆံရှိလို့ ဆရာဝန်က ဦးစီးသည်ဆိုစေ၊ တကယ်လုပ်သည့်အခါ အင်ဂျင်နီယာများကို ငှားရမ်းလုပ်ကိုင်ရမည်သာ မဟုတ်ပါလော။

ယခု ဆရာဝန်များက အဆောက်အဦ ကန်ထရိုက်လုပ်နေသည် ဆိုပါစို့။ ထိုဆရာဝန်သည် ဆောက်လုပ်ရေးလုပ်ငန်းအားလုံးကို လက်သမား၊ ပန်းရံဆရာတို့နှင့်လွှဲထားမည် မုချ။ ထို တိုက်ဆောက်နေသည်ကို မည်သူတစ်ဦးတစ်ယောက်သည် သွားရောက် စစ်ဆေးပါသနည်း။ မည်သည့်စံနှုန်းများနှင့် ဆောက်နေသည်ကို မည်သူစိတ်ဝင်စားပါသနည်း။ အဆောက်အဦပြီးသွားပါက ထို အဆောက်အဦတွင် နေထိုင်ခွင့် တင်ရမည် မုချ။ ထိုနေထိုင်ခွင့်ကို မည်သူ ထုတ်ပေးပါသနည်း။ ထိုအိမ်တွင် တပ်ဆင်ထားသော မီးစနစ်၊ ရေစနစ်များကို မည်သူလာစစ်ပါသနည်း။ ထိုမျှ အန္တရာယ်များလှသော အိမ်ကို အဘယ်ကြောင့် နေထိုင်ခွင့်လက်မှတ် ထုတ်ပေးရပါသနည်း။ ထိုလက်မှတ်ထုတ်ပေးသူ၌ မည်သည့်တာဝန်မှ မရှိတော့ပြီလော။

ထိုအိမ်ဆောက်လျှင် မည်သည့်စံနှုန်းများနှင့်အညီဆောက်ရမည်ဟု ဥပဒေသတ်မှတ်ထားတာ ရှိပါသလား။ ရေ၊ မီး ဆင်သည့်အခါ မည်သည့် Code of Practice ကိုလိုက်နာရမည်ဟု ပြဌာန်းထားတာ ရှိပါသလား။

မဖြစ်ညစ်ကျယ် ကန်ထရိုက်တိုက်တွေ မပြောပါနှင့်။ အင်မတန်ဈေးကြီးလှသည့် ကွန်ဒိုဆိုတာတွေ ဆောက်ထားတာ သွားကြည့်ကြ စမ်းပါ။

ရန်ကုန် ကမာရွတ်၊ နာနတ်တောလမ်းရှိ ကျွန်တော်တို့တိုက်မှာ ကန်ထရိုက်တိုက်တွေနှင့်စာလျှင် အတော်အတန် အရည်အသွေး ကောင်း၊ အဆင့်မြင့်သည်ဟု ပြောလို့ရပါလိမ့်မည်။ မိတ်ဆွေတို့ လမ်းကြုံလျှင် လာကြည့်ကြစမ်းပါ။ သူတို့ဆောက်တာတာလေး နည်းနည်းလောက်ပြချင်စမ်းပါဘိ။ အဲလေ၊ လာကြည့်စရာတောင် မလိုပါ။ မိတ်ဆွေတို့ ကိုယ့်အိမ်ကိုယ် လှည့်ပတ်ကြည့်လျှင်ပင် လုံလောက်ပါသည်။ မြန်မာပြည်မှ တိုက်မှန်သမျှ အဲသလိုချည်းဖြစ်သည်ဟု ကျွန်တော်ပြောလျှင် လွန်မည်မထင်ပါ။

ရန်ကုန်တွင် ကျွန်တော့်သူငယ်ချင်း အင်ဂျင်နီယာကြီးများလည်း ကန်ထရိုက်တိုက်များ ဆောက်နေပါသည်။ သူတို့ဆောက်ထား သည့် တိုက်များကို ဆရာဝန်ကန်ထရိုက်တာများ ဆောက်ထားသည့်တိုက်များနှင့် မည်မျှကွာခြားပါသနည်းဟု ကျွန်တော့်ကိုခေါ်ကာ analysis လုပ်ခိုင်းပါ။ ကျွန်တော် အခမဲ့လုပ်ပေးပါမည်။ တစ်လုံးတစ်ပါဒမှ မလွဲစေရပါဟု ကျွန်တော် အာမခံပါသည်။

သည်မျှဆိုလျှင် အဆောက်အဦဆောက်ခြင်း၊ ပစ္စည်းထုတ်လုပ်ခြင်း၊ တပ်ဆင်ခြင်း စသည့်လုပ်ငန်းတို့တွင် ဦးစီးလုပ်ကိုင်သူထက် စံချိန်စံညွှန်းမည်မျှ ပိုပြီး အရေးကြီးကြောင်း မိတ်ဆွေတို့ သဘောပေါက်လောက်ပါပြီ။

The end justifies the means. ကို သည်နေရာတွင် ယူသုံးကြည့်ပါမည်။ မည်သူလုပ်သည်ဖြစ်စေ နောက်ဆုံးထွက်လာသည့် product သည် သတ်မှတ်ထားသော စံချိန်စံညွှန်းနှင့် ညီညွတ်နေလျှင် ပြီးပါသည်။ သည်ပစ္စည်းကိုထုတ်လုပ်သူသည် သတ်မှတ် ထားသော စံချိန်စံညွှန်းများကို နားမလည်ပါဘဲလျက် သည် product မျိုး ထုတ်နိုင်ပါမည်လား။ ရှင်းလိုက်သမှ ဂျပန်ရေချိုးတာထက် တောင် ရှင်းပါသေးသည်။

အကယ်၍ ဘာစံချိန်စံညွှန်းမှ သတ်မှတ်မထား၊ မည်သူကမှ အရေးစိုက်ပြီး စစ်ဆေး၊ အရေးယူမှုများ မလုပ်ပါက ဆရာဝန် မပြောပါနှင့်။ အင်ဂျင်နီယာဘွဲ့ကို သုံးထပ်ကွမ်းဆွတ်ခူးထားသူကြီး ဦးစီးလျှင်သော်မှ အရည်အသွေးပြည့် ပရောဒတ်များ ထွက်လာနိုင်မည်မဟုတ်ဟု ကျွန်ုပ်က ဤနေရာမှနေ၍ ရဲရဲကြီး ကြေငြာလိုက်ပါသည်။

(၃)

မကျေနပ်၍ မင်္ဂလာဈေးကြီးမှာ နှစ်ခါပြန်ပြီး မီးလောင်သည်။ အဘယ်ကြောင့် လောင်သနည်း။ ထိုမင်္ဂလာဈေးကြီးကို မည်သူတွေ ဆောက်သနည်း။ မည်သူတွေ ဦးစီးသနည်း။ မည်သူတွေ ဒီဇိုင်းထုတ်သနည်း။ အင်ဂျင်နီယာများ မပါဘဲလျက် ဤဈေးကြီး ဖြစ်လာ နိုင်စရာမရှိ။ ကျွန်တော်မသိပါ။

ဖေ့စ်ဘုတ်တွင်ဖတ်ရသော သတင်းများအရ မီးသတ်သည့် sprinkler system ကို PVC ပိုက်များဖြင့် တပ်ဆင်ထားသည် ဆို၏။ သည်ပိုက်များကို သည်လိုတပ်ထားလျက်သားနှင့် အဘယ်သကောင့်သားသည် ထိုအဆောက်အဦကို အသုံးပြုရန် အန္တရာယ် ကင်းပါသည်ဟု ခွင့်ပြုလက်မှတ် ထုတ်ပေးဘိသနည်း။ မီးလောင်တော့မှ ဟိုလူ့ပြဿနာရှာ၊ သည်လူ့ပြဿနာရှာ ရှာမနေပါနှင့်။ ထိုခွင့်ပြုမိန့်ပေါ် လက်မှတ်ထိုးသူကိုသာ ငြုပ်ဆုံထဲ ထည့်ထောင်းလိုက်ပါခင်ဗျား။

ကျွန်တော်ကား မြို့ပြ အင်ဂျင်နီယာမဟုတ်။ မြန်မာပြည်တွင် လုပ်ခဲ့စဉ်ကလည်း အင်ဂျင်နီယာလုပ်ငန်းများနှင့် အတော် အလှမ်း ဝေးခဲ့၏။ ယခု မြန်မာပြည်နှင့်ကင်းကွာနေတာ ဆယ်စုနှစ် နှစ်ခုနီးပါးရှိပြီဆိုတော့ မြန်မာနိုင်ငံမှ စနစ်၊ စံနှုန်းများအကြောင်း သေသေချာချာမသိပါ။ ထို့ကြောင့် အဆောက်အဦဆောက်သည့်အခါ မည်သည့် code of practice စသည့် စံများ ရှိမရှိ မသိပါ။

စင်ကာပူမှ Workplace Safety and Health Act တွင်မူ အလုပ်လုပ်မည့်သူအား adequate information, complete instruction, training and supervision ပေးရမည်ဟု ပြဌာန်းထားပါသည်။

မန္တလေးမှာ ဖောင်ဝပ်ပြိုတော့ အင်ဂျင်နီယာကို (ဘာတဲ့) အများပြည်သူ ထိခိုက်နာကျင်စေမှုဖြင့် အရေးယူသည် ဆိုလား။ ဟာဟ။ ဖောင်ဝပ်ကို ဘယ်လိုဆင်ရမည်၊ အဲသည်အတိုင်းမဆင်လျှင် ဘယ်ပုဒ်မနဲ့ အရေးယူမည်ဟု ထုတ်ပြန်ထားတာများ ရှိပါသလား။ ကိုယ်ဘာကို လုပ်နေလို့ လုပ်နေမှန်းတောင် ရေရေရာရာမသိကြ။

ဟိုတစ်နေ့က ရန်ကုန်ပြန်ရောက်တုံး လေဆိပ်အသစ်ဆောက်နေတာ သွားကြည့်ပါ၏။ ဖျား ဖျား၊ ဘာမှ မဖြစ်ပါစေနဲ့ဟုသာ ဆုတောင်းပါသည်။ အနို့ ဆုတောင်းရုံကလွဲပြီး ဘာများတတ်နိုင်မှာမို့တုံးခင်ဗျာ။

(၄)

မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ ဖွဲ့စည်း တည်ရှိနေတာကို ထောက်ခံပါသည်။ သို့သော် ကျွန်တော်တို့ငယ်ငယ်က သင်ခဲ့ရသည့် ရှေ့နေဦးရေးလိုတော့ (ဟဲ့၊ သမီးရွှေစင် တယ်နာသလား။) (နာတယ်အဘေရဲ့) (ဟဲ့ သက်ရှည်၊ တောင်ပိုင်းကလက်သည် သွားခေါ်ချေ) – ဟု အမြင်မတော် ဆင်တော်နှင့်ခလောက် အလုပ်များ မလုပ်စေချင်ပါ။ လူကြီးဆိုတာ လူကြီးအလုပ် လုပ်ရသည်။

အညွန့်တလူလူနှင့်တက်လာမည့် မျိုးဆက်သစ် အင်ဂျင်နီယာများကို နာမ်နှိမ်ရန်ကြိုးစားနေမည့်အစား Act, Regulations, Code of Practice, Standards, Guidelines, Technical Advisory စသည်များ ပြင်ဆင်ဘို့၊ Law enforcement တရားဥပဒေစိုးမိုးရေးကို အရေးတကြီးထား လုပ်ကြဘို့ ကျွန်တော်က အလေးအနက် တိုက်တွန်းလိုက်ပါသည်။

(ဤသို့ဆိုလိုက်ခြင်းဖြင့် PE မရှိရဟု ဆိုလိုရာမရောက်ကြောင်း မိတ်ဆွေတို့ သဘောပေါက်ပါသည်။ သို့သော် အိမ်သာဆောက်တာ လည်း ပီအီး၊ သာလာယံဇရပ်ဆောက်တာလည်း ပီအီးဆိုတာတော့ မလွန်ပါလား။ ပီအီးကို ဘယ်နေရာတွေမှာလိုတယ်ဆိုတာ ကျွန်တော့်ထက် ပိုသိသော ဆရာများ အတော်များများ ဆွေးနွေးထားပြီး ဖြစ်ပါသည်။)

ကျွန်တော်ရေးချင်တာ သည့်ထက်မကပါ။ သို့သော် အခု နာရီပြန် ၂ ချက်ခွဲကျော်ပြီမို့ အိပ်တော့မည်။ ကျန်တာ မိတ်ဆွေတို့ ဆက်ရေးလိုက်ကြပါခင်ဗျား။

ဖတ်ရှုအားပေးသူအပေါင်းကို ကျေးဇူးဥပကာရ အထူးတင်ရှိပါကြောင်း

အေးငြိမ်း
၁၃ ဖေဖော်ဝါရီလ၊ ၂၀၁၆။ ည သန်းခေါင်ကျော် ၂း၃၅ နာရီ

နှိုင်းယှဉ်ဖတ်ရူရန် – ဧရာဝတီ အင်တာဗျူး 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဝေဖန်ရေးရာ

One Response to အေးငြိမ်း – ကျွန်တော်နှင့် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ ဥပဒေ

  1. Tint Htun on February 15, 2016 at 6:52 am

    MEC Arrow signboard, is the best. who allowed this smartest design and which P.E approved.
    Nyan Htoon Oo is Metallurgy Engineer, he knows nothing but makan money
    and Ex-P.M from Kyant Phinn Party. Better take care of your granchildren.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)