ခင်လွန်း – ဗိုလ်ချုပ်လည်း မသေ၊ စောဘဦးကြီးလည်း မသေ၊ ဖဒိုမန်းရှာလည်း မသေ

February 13, 2016

ခင်လွန်း – ဗိုလ်ချုပ်လည်း မသေ၊ စောဘဦးကြီးလည်း မသေ၊ ဖဒိုမန်းရှာလည်း မသေ

(မိုးမခ) ဖေဖော်ဝါရီ ၁၃၊ ၂၀၁၆

ရှေးပဝေသဏီမှသည် ခေတ်အဆက်ဆက်လူသားတွေဟာ မိမိတို့အသက်ခန္ဓာ ထာဝရ ရှင် သန်နေရေးအတွက် သေခြင်းကိုလွန်ဆန်နိုင်တဲ့နည်းနာတခုခု အသည်းအသန်ရှာခဲ့ကြတာကို စာ ရေးသူငယ်ဘ၀မှာပင် သတိပြုမိပါတယ်။ ကလေးဘ၀ဖတ်ရတဲ့ပုံပြင်ဇာတ်လမ်းတွေမှာ လူတွေဟာ မသေဆေးရဖို့၊ ပြီးတော့ လူလူချင်း လုပ်ကြံသတ်ဖြတ်တာ မခံရဖို့၊ စစ်ပွဲတွေမှာ လက်နက်ဘေးနဲ့ မကျဆုံးဖို့၊ ဓားပြီးတုတ်ပြီး ကျည်မတိုး သေနတ်မပေါက်တဲ့ အဆောင်လက်ဖွဲ့တွေ မသေဆေးရှာပုံ တော်ဖွင့်တဲ့ဇာတ်လမ်းတွေ အတော်များများ တွေ့ခဲ့ရပါတယ်။ နောက်ဆုံးတော့လည်း လူဆိုတာ သေမျိုးပဲဆိုတဲ့ တရားကို သာ လူသားတိုင်းလက်ခံသွားရတယ်မဟုတ်လား။

ဒါပေမယ့် ဒီနေရာမှာ ပြီးဆေးမသုံး လက်ဖွဲ့မဆောင် မသေဆေး မတွေ့ခဲ့ပါဘဲ ဘယ်သော အခါမှ သေဆုံးသွားခြင်းမရှိတဲ့ပုဂ္ဂိုလ်တွေလည်း လူ့ဘ၀ လူ့ဘုံခန်းဝါကြီးမှာရှိနေတာ သတိထားမိ ပြန်ပါတယ်။ အဲဒီ့သူတွေကတော့ ဘ၀သက်ဆုံးတိုင်ထိ မိမိယုံကြည်ရာပေါ်မှာ ထာဝရမြဲမြဲခိုင်ခိုင် မားမားမတ်မတ်ရပ်ပြီး အများအတွက်ကိုယ်ကျိုးစွန့် အနစ်နာခံသွားကြတဲ့ အာဇာနည်သူရဲကောင်း တွေပါပဲ။ ဒီအသိ ဒီခံစားမှုနဲ့ပြောရမယ်ဆိုရင် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းမှသည် ၈၈-အရေးတော်ပုံမှာ အသက်စွန့်လှူသွားတဲ့မ၀င်းမော်ဦးလေးအထိ မသေ၊ ကရင်အမျိုးသားတရပ် လုံး စစ်ကျွန်ဘ၀က လွတ်မြောက်ရေးအတွက် ခေါင်းဆောင်ခဲ့ကြတဲ့ စောဘဦးကြီးမှသည်…ဖဒိုမန်း ရှာအထိသည်လည်း မသေ။ သူတို့ဘယ် သောအခါမှ မသေခဲ့။

အာဇာနည်ဆိုတာ ကမ္ဘာတည်သ၍ မြန်မာတည်သ၍ ဘယ်သောအခါမှ သေဆုံးသွားခြင်း မရှိခဲ့တဲ့ မသေဆေး တွေ့ခဲ့သူများ ပါတကား။

(၁)
၉၀ ခုနှစ်များရဲ့နှောင်းပိုင်းကာလ ထိုင်း-မြန်မာနယ်စပ်တနေရာမှာ ဆရာမန်းရှာကို ကျနော် ပထမဆုံးစတင် ဆုံဖူးမြင်ဖူးခဲ့ တာပါ။ မြန်မာ့ဒီမိုကရေစီရေးအတွက်ကြိုးပမ်းတိုက်ပွဲဝင်နေတဲ့ လွတ်မြောက်နယ်မြေဒေသက အင်အားစုတွေနဲ့တွေ့ဖို့ ကျနော်တို့ပြင်ဆင်လာခဲ့ကြရာက တွေ့ရတာဖြစ်ပါတယ်။ ဘ၀မှာ တချို့သောကိစ္စတွေဟာ ဘယ်သောအခါမှ ထုတ်ဖော်ပြော ဆိုမှု မပြုခြင်းဖြင့် ပိုမိုကောင်းမွန်မယ်လို့ခံယူထားသူအဖြစ်နဲ့ ကျနော်ပြောနိုင်သမျှကတော့ ကျနော်တို့ရဲ့အဓိကရည်ရွယ် ချက်တွေက အဲဒီ့ကာလက မြန်မာပြည်အတွင်းထဲမှာဖြစ်နေရတဲ့အခြေအနေအရပ်ရပ်ကို ကမ္ဘာက သိအောင် ဖောက်ခွဲဖော် ထုတ်ချပြဖို့။ စစ်အုပ်စုက သာမန်ပြည်သူတဦးမဆိုထားနဲ့ ၉၀-ပြည့် ရွေး ကောက်ပွဲအပြတ်အသတ်အနိုင်ရ ဒီ/ချုပ်ကိုတောင် အစစအရာရာ တားဆီးပိတ်ပင် ကန့်သတ်ထား ချိန်၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုရေးသား ဖြန့်ဝေခွင့်မှန်သမျှ နတ္ထိ။ ကမ္ဘာ အရပ်ရပ်က ဖြစ်ထွန်း တိုးတက်မှုမှန်သမျှ ပြည်သူတွေမသိရအောင် သတင်းအမှောင်ချ။ မြန်မာနဲ့ကမ္ဘာကို အဆက်ဖြတ်၊ အထီးကျန်တံခါးပိတ်၊ ခြင်းထဲကကြက်တွေလို ပြည်သူတွေပေါ်သဘောထားဆက်ဆံ။ ဖြစ်လိုရာ ဖြစ်၊ သေလို က သေ။ အနုပညာမှန်သမျှအားလုံး ချုပ်ကိုင်၊ ပြီးတော့ ဒီမိုကရေစီရေး ကြိုးပမ်းနေသူ တို့နဲ့ သူတို့ရဲ့မိသားစုသားစဉ်မျိုးဆက်တခုလုံးကို ဖမ်းဆီးအကျဉ်းချ၊ ဖြိုခွင်းချိုးနှိမ်။ တနိုင်ငံလုံး လူ့အခွင့်အရေးအလုံးစုံ ချိုးဖောက်ခံနေရ ..စတဲ့ သံလှောင်ချိုင့် အမှောင် ကမ္ဘာထဲက မြန်မာ့ဖြစ်ရပ် အလုံးစုံကို ရနိုင်သမျှဖော်ထုတ်ရင်း ကမ္ဘာ့ပြည်သူတွေသိဖို့ ကြိုးစားကြတာ။ ပြီးတော့ မြန်မာ့အရေး ကို ကမ္ဘာ့ပြည်သူတွေဝိုင်းပြီးတွေးတော ကူညီပေးကြစေဖို့ရာ ဒါဟာ ကျနော်တို့လာရာလမ်းပေါ့။

အဲ့ဒီမှာ ဆရာမန်းရှာကို အခြားသောကရင့်တော်လှန်ရေးခေါင်းဆောင်ကြီးများနဲ့အတူ ဆုံဖူးခဲ့တာပါ။ ကျနော်တို့ရဲ့တွေ့ ဆုံပွဲဟာ နာရီများစွာကြာလှတာမဟုတ်ပေမယ့် အကျိုးရှိလှပါတယ်။ ကျနော့်တို့ပြည်တွင်းမှာပြောပြောနေကြတဲ့ ကရင်သူပုန် တွေဆိုတာကို သက်ရှိထင်ရှားတွေ့ရတာလို့ လည်း ဆိုနိုင်တာပေါ့။ အဲဒီ့အထဲမှာ ဗမာစကားကို ကျနော်တို့နားလည်နိုင်အောင် အပြောပြနိုင်ဆုံး က ဆရာမန်းရှာပါပဲ။ ဆရာ့အသံက ပကတိရှင်းလင်းကြည်လင်ပြီး တိတိပပပြတ်ပြတ်သားသားရှိ လှပါတယ်။ ထက်မြက်တဲ့မျက်လုံးအကြည့်ရှိသော်ငြား တဖက်သားအနေခက်စေမတဲ့ စူးစူးစားစား မျိုးမဟုတ်ဘူးပေါ့။ အထူးသဖြင့် ကျနော်တို့လို ပြည်တွင်းကနေ အရဲကိုးလာခဲ့ရသူတွေအတွက် အရာရာဟာ အကဲဆတ်လွန်းလှတယ် မဟုတ်လား။ အဲဒီ့အချိန်က လွတ်မြောက်နယ်မြေမှာ အခရာ အကျဆုံးဖြစ်တဲ့ ကရင်အမျိုးသားအချင်းချင်းကြား အကွဲအပြဲ ပဋိပက္ခ မီးတောက်ဟာလည်း အရှိန်ကောင်းနေဆဲဆိုတော့ ရှုပ်ထွေးလှတဲ့နောက်ခံကားချပ်က ရှိနေတာကိုး။ ဒါပေမယ့် ဆရာမန်းရှာ ပြောလိုက်တဲ့စကားက ကျနော်တို့အပေါ် သာမန်ထက်နားလည်ထားတဲ့ပုံပေါ်နေတော့ ကျနော်တို့ ကို သက်သောင့်သက်သာ ရှိစေပါတယ်။ “ ခင်ဗျားတို့က ကဗျာဆရာတွေကိုး” တဲ့။ ပြီးတော့ ဆရာ က “အေးဗျာ ကဗျာဆရာလည်း ပြည်သူပဲဗျ၊ စစ်အာဏာရှင်ပြုတ်ကျဖို့က အားလုံး သူ့နေရာနဲ့သူ တာဝန်ရှိတယ်” လို့ ပြောပါတယ်။

ဆရာမန်းရှာအဲ့ဒီလိုပြောခဲ့တုန်းက သူဟာ ကရင့်တော်လှန်ရေးရဲ့အရေးပါတဲ့ထိပ်ပိုင်းခေါင်း ဆောင်တဦးအဖြစ်သာမက တိုက်ပွဲဝင်ကဗျာဆရာတဦးဖြစ်တယ်ဆိုတာကိုကျနော်မသိသေးပါဘူး။

နောင်တော့ ဆရာမန်းရှာရဲ့ “ချစ်သမီးသို့” ဆိုတဲ့ကဗျာမှာရေးဖွဲ့ခဲ့သလို “မုန်တိုင်းက ထန်၊ လှိုင်းက ထန်လည်း၊ ရေဆန် လေကြမ်း၊ ခရီးလမ်းကို ဖြတ်သန်းနေသူတွေလည်း ရှိပါသည်” …ဆို သလိုမျိုး တော်လှန်ရေးတာဝန်ကို ကျရာနေ ရာက ထမ်းရွက်နေသူများအပေါ် ဆရာတန်ဖိုးထားသူ အဖြစ် ကျနော်နားလည်ခဲ့ပါတယ်။ ဒါဟာ ကိုယ်တည်ရှိရာနေရာကနေ တာဝန်ယူမှုအရ ဆက်လက် ချီတက်နေဖို့ လမ်းညွှန်မှုလည်းဖြစ် ခွန်အားလည်း ဖြစ်တယ်မဟုတ်လား။

(၂)
တချိန်မှာတော့ ကျနော်ဟာ ပြည်တွင်းမှာဆက်လက်ရပ်တည်ဖို့မဖြစ်နိုင်တော့တဲ့အတွက် ထိုင်း-မြန်မာနယ်စပ် လွတ်မြောက် နယ်မြေရှိရာကို ထွက်လာခဲ့ပါတယ်။

လွတ်မြောက်နယ်မြေကိုရောက်တော့ ကျနော်တို့ ကနဦးထဲက စုဖွဲ့ထားခဲ့တဲ့ မိုးကြိုးသတင်း စာမှာ ၀င်ရပ်ပါတယ်။ “ မင်းဆိုး ကို မိုးကြိုးပစ်မည်” ဆိုတဲ့ ကြွေးကြော်သံနဲ့ သူပုန်သတင်းစာပေါ့။ ကျနော်မရောက်ခင်က အဖွဲ့ကြီးတခုရဲ့အထောက်အပံ့နဲ့ထုတ်ဝေနေရာက နောက်ပိုင်း ထောက်ပံ့မှု လုံးဝရပ်ပစ်ခဲ့တဲ့အတွက် အားပေးသူတချို့ရဲ့ပံ့ပိုးမှုအနည်းငယ်မျှနဲ့ ဆက်ရပ် နေရချိန်ပါ။ မိုးကြိုး သတင်းစာက ပြည်တွင်းနိုင်ငံရေးနဲ့ ပြည်ပနိုင်ငံရေးကို စည်းချက်ညီပေါင်းစပ်ပုံဖော်၊ ပြီးတော့ ပြည်တွင်းနဲ့ နယ်စပ်ဒေသတလျောက် တိုင်းရင်းသားဒေသတွေမှာ စစ်အုပ်စုရဲ့အထွေထွေလူ့အခွင့် အရေးချိုးဖောက်မှုတွေ၊ တိုင်း ပြည်ရဲ့စီးပွားဓနကို သူတို့မောင်ပိုင်စီးတာတွေကို ဖော်ထုတ်နေတာ ဆိုတော့ စစ်အုပ်စုကို နည်းပေါင်းစုံနဲ့ဆန့်ကျင်တော်လှန်ရမယ်ဆိုတဲ့အမြင်ရှိသူတိုင်း အားပေးကြပါ တယ်။ အဲဒီ့ထဲမှာ ဆရာမန်းရှာ ထိပ်ဆုံးက ပါပါတယ်။ အခါအားလျော်စွာ ဆရာနဲ့ ဆုံကြတိုင်းလည်း အားပေးစကားပြောလေ့ရှိပါတယ်။ ကျနော်တို့က အခိုင်အမာနောက်ခံမရှိဘဲ သတင်းစာပုံမှန် ထုတ် နိုင်ဖို့ကိုပဲ အားခဲနေကြတာ မဟုတ်လား။ တကယ်က အဲဒီ့အချိန်မှာ ကျနော်တို့ဟာ အဖွဲ့ရဲ့နေရာ ထိုင်ခင်းနဲ့ အခြေခံရပ် တည်ရေးအတွက်တောင် အတန်တန်ရုန်းကန်နေကြရတာပါ။ လုံခြုံရေးက ပထမ ဆိုတဲ့အသိကို ခေါင်းထဲမ ထားအားတော့ပဲ ဈေးပေါလှတဲ့နေရာထိုင်ခင်းတွေဆီ ရွေးချယ်နေ ခဲ့ရတာမျိုးတွေလည်း ရှိလာပါတယ်။

တကြိမ်မှာတော့ ဒီမိုကရေစီဘက်တော်သားအင်အားစုတွေအားလုံးနဲ့ အလှမ်းအကမ်း ဝေး လှတဲ့တနေရာမှာ စရိတ်သက် သာလွန်းလို့ သွားနေကြရပါတယ်။ အဲဒီ့နေရာကို ကျင်လည်ဖူးခဲ့တဲ့ ကရင့်တော်လှန်ရေးရဲဘော်တချို့နဲ့ ကျောင်းသားတပ်မ တော်ရဲဘော်တချို့က ဒီနေရာဟာ ရန်သူရဲ့ လက်တကမ်းအကွာလေးတင်ဖြစ်လို့ အချိန်မရွေးအန္တရာယ်ကျရောက်နိုင်ကြောင်း အမြန်ဆုံးနေရာ သစ်တခုဆီ ရွေ့ပြောင်းသင့်ကြောင်း သတိပေးကြပါတယ်။ လူ့ဘောင်သစ်က တယောက်ကတော့ သူ တို့သိသွားရင် ဆယ်မိနစ်အတွင်းပေါက်ချလာပြီး သြဇာသီးလာကျွေးသွားနိုင်တယ်တဲ့။ တလုံးလောက်ဆိုရင်ပဲ ခင်ဗျားတို့ အတွက် လုံလောက်ပါပြီတဲ့။ ဒါပေမယ့် ကျနော်တို့မှာ တခြား ရွေးချယ်ဖို့ ကလည်း အချက်အလက်အားနည်းလွန်းတော့ ဒီလိုပဲ ပေပြီး ဆက်နေကြရတာပါပဲ။

ဒီလိုနဲ့တနေ့မှာတော့ ကားလမ်းတောင် ပီပီပြင်ပြင်မရှိတဲ့အဲဒီ့နေရာကို ဆရာမန်းရှာ အမှတ် မထင်ပေါက်ချလာပါတယ်။ ကားမောင်းသူနဲ့မှနှစ်ယောက်ထဲ။ ကြိုတင်ပြောထားရအောင်ကလည်း ကျနော်တို့မှာ အိမ်သုံးရုံးသုံး ဖုန်းမရှိကြ။ တာဝန် အရအကြီးဆုံးယူထားရတဲ့ ကျနော့်မှာတောင် လိုရ မယ်ရပြင်ပနဲ့ဆက်သွယ်နိုင်ဖို့ လက်ကိုင်ဖုန်းလေးရယ်လို့မှမရှိဘဲကိုး။

ရုံးလို့ပြောရမယ့် ကျနော်တို့နေရာကလည်း လုံလုံခြုံခြုံမရှိတာရယ် လူသူ ပြတ်တောင်းလှရုံ မက အိမ်ခြေပါးလျားလွန်းလှတဲ့ ပတ်ဝန်းကျင်အခင်းအကျင်းရယ် ဆက်သွယ်ရေးအသုံးအဆောင် နတ္ထိဖြစ်နေတဲ့ ကျနော်တို့အခြေအနေရယ်ကိုဆရာသိတော့ စိတ်ပူတဲ့အရိပ်အယောင်က မျက်နှာမှာ အထင်းသားနဲ့ပါ။

ဆရာစိုးရိမ်မယ်ဆိုလည်းစိုးရိမ်စရာပါ။ တနေ့ကတင် ကျနော်တို့နောက်ဖေးဘက်ကျကျမှာ လူသေအလောင်း ၂ လောင်း လာပစ်သွားသေးတာမဟုတ်လား။ ဒါက မကြာမကြာဖြစ်နေကြတဲ့။ ဆရာက ခပ်ဝေးဝေးမှာ ညှို့ညှို့လေးလှမ်းမြင်နေရတဲ့တနေရာကို လက်ညှိုးထိုးပြပြီး “ သူတို့က (ခွဲထွက်ကရင် အဖွဲ့ကိုဆိုလိုဟန်ရှိ) အဲဒီမှာတင် ထိုင်ထားတာဗျ၊ ၀င်လာရင် ဆယ်မိနစ်လောက်ပဲ လာရမှာ။ ဒီနားမှာ ခင်ဗျားတို့မနေအပ်ဘူး” တဲ့။ ဆရာဟာ ဒီလိုနေရာကနေ သတင်းစာပုံမှန်ထွက် နိုင်ဖို့ကြိုးစားနေတဲ့ကျနော်တို့ကိုလည်း ရဲဘော်ရဲဘက်အရင်းအချာတွေလို စာနာမှုအပြည့်နဲ့နွေး ထွေးစွာ အားပေးသွားခဲ့ပါသေး တယ်။

အဲဒီ့နောက် သိပ်မကြာခင်မှာတော့ ကျနော်တို့လည်း အဲဒီ့နေရာကို စွန့်ခွာခဲ့ကြပါတယ်။

(၃)
“ခေတ်ပြိုင်မှာပါတဲ့ခင်ဗျားကဗျာကို မန်းရှာက ကြိုက်လို့တဲ့ဗျ။ အဲဒါ ခင်ဗျားကို ပြောခိုင်း လိုက်တယ်။ ကွန်ဂရက်ကျူလေးရှင်း ဗျား”

ဒီသတင်းကို ကျနော်ရှိရာနယ်စပ်ဒုက္ခသည်စခန်းထဲအထိ သယ်ဆောင်လာတာက မိုးကြိုး သတင်းစာအယ်ဒီတာချုပ်ဦးသန်း ထွဋ်ပါ။ သူက ကျနော့်အခြေအနေကိုလည်း ဆရာမန်းရှာက မေးမြန်းတဲ့အကြောင်းပါ ဆက်ပြောပါတယ်။

၂၀၀၆ ရဲ့နိဂုံးပိုင်းမှာ ကျနော့်ရွေးချယ်မှုက တတိယနိုင်ငံတခုကိုထွက်ခွာဖို့ပါ။ လုပ်ငန်းစဉ်အရ ဒုက္ခသည်စခန်းတခုကို မဖြစ် မနေ ကျနော်ဝင်ရပါတယ်။ စခန်းထဲမှာ ကျနော့်လိုပဲ ဘ၀ကို ရွေးချယ်လာခဲ့ကြသူတွေဖြစ်တဲ့ တော်လှန်ရေးအဖွဲ့စုံက လုပ်ဖော်ကိုင်ဖက်တွေ ရဲဘော်ညီအကိုတွေနဲ့ ဆုံရပါတယ်။ ဆရာမန်းရှာကြိုက်တယ်ဆိုတာက အဲဒီမှာ ဆုံကြရတဲ့သူတွေရဲ့ဆောင်းရက်ရှည်များ ကာလခံစားမှုကို ကျနော်ရေးဖွဲ့တာပါ။ ပွင့်ပွင့်လင်းလင်းပြောရရင် တတိယနိုင်ငံကိုထွက်ဖို့ ရွေးလာ ခဲ့သူတွေဟာ တချိန်က ဒီမိုကရေစီအရေးတော်ပုံအတွက် ဘယ်လိုပင် ပါဝင်ခဲ့ဖြတ်သန်းခဲ့သည်ဖြစ် စေ၊ ခုချိန်မှာတော့ တော်လှန်ရေးကိုကျောခိုင်းသွားသူများအဖြစ် ဈေးပေါင်ကျိုးသွားရသလို ခံစားနေရချိန်လို့ဆိုနိုင်ပါတယ်။ ကိုယ်တိုင်လည်း အဲဒီလို ခံစားနေရတာပါ။ ဆောင်းနံနက်တခုမှာတော့ မှတ်မှတ်ရရ တောကြီးမျက်မည်းထဲက ဒုက္ခသည်စခန်းတခုရဲ့အေးလွန်းလှတဲ့ဆောင်းကို ကျနော် တို့ဘ၀တူတွေ ဘေထုတ်တွေကိုယ်စီဝတ် ထင်းမီးဖိုလေးဖိုရင်း အချမ်းဒဏ်ကိုခုခံနေကြပါတယ်။ ထုံးဓာတ်များလှတဲ့ရေနွေးအိုးကို လက်ဖက်ခြောက်ခါးလေးနဲ့။ ထိုင်းစာတံဆိပ်ကပ်ထားတဲ့ ဆေး လိပ်ကိုယ်စီကိုဖွာလို့။ အဲဒိ့အချိန်မှာပဲ ဆေးလိပ်ဖွာနေသူတယောက်က ထိုင်းတံဆိပ်လေးကိုခွာပြီး ကျနော့်ကိုပြလာပါတယ်။ ထိုင်းတံဆိပ်နဲ့ဖုံးထား တာကို ခံနေရတဲ့ ဗမာတံဆိပ်လေး။ “သုခိတာ” တဲ့။

ထင်းမီးပုံအခိုးအငွေ့တွေကြား မပီဝါးဝါးဖြစ်နေတဲ့ ဘ၀တူတွေရဲ့မျက်နှာတွေ။ အပေါ်က ဖုံးကွယ် ထားခံရတဲ့ သုခိတာဆိုတဲ့ ရွှေရောင်တံဆိပ်ကလေး။ သုခိချမ်းသာခြင်းတဲ့လား ဒုက္ခသည်များရယ်။  ဒါကို ကဗျာအဖြစ်ရေးတော့ ဆရာမန်းရှာက ခံစားရ တယ်ထင်ပါရဲ့။ ဒုက္ခသည်စခန်းတွေမှာ ကရင် လူထု သိန်းနဲ့ချီပြီးမှီခိုနေကြရတာကလား။ ဆရာမန်းရှာကြိုက်နှစ်သက်တယ်ဆိုလို့ ကျနော်ပီတိ ဖြစ်မိတယ်။ တော်လှန်ရေးခေါင်းဆောင်လည်းဖြစ် ကလောင်အမည် “ရေဆန်” လို့အမည်ရတဲ့ ကဗျာ ဆရာ တယောက်ကနှစ်သက်တာလေ။ ကျနော် ဂုဏ်ယူရမှာပေါ့။

စိတ်ထဲကလည်း အခါအခွင့်ရရင် ဆရာ့ကို ဂါရ၀သွားပြုမယ်ဆိုပြီး ကျနော်တေးထားလိုက် ပါတယ်။ ဒါပေမယ့် ကျနော် အခွင့်အရေးမရလိုက်ပါဘူး။ လူကို ခွေးသတ်သွားခဲ့ပြီ။

(၄)
တကယ်တော့လည်း သေခြင်းတရားဆိုတာ အသက်ရှင်နေထိုင်ခြင်းနဲ့အတူ တွဲဖက်ပါလာတဲ့ အခွင့်အရေးတမျိုးပါပဲ။ မည်သူ တဦးတယောက်မဆို ဒီအခွင့်အရေး နှစ်ရပ်ကို မလွဲမသွေ ခံစားကြရပါတယ်။ ဒါကိုငြင်းပယ်ဖို့ကြိုးစားခဲ့တဲ့အကြောင်းတွေလည်း ကျနော်ဖော်ပြပြီးခဲ့ပါပြီ။ ဒါပေမယ့် သေခြင်းတရားဟာ ဘ၀တန်ဖိုးရဲ့နိဂုံးတော့မဟုတ်ပါဘူး။ အသက်ရှင်သန်စဉ်မှာ ဘ၀တန်ဖိုးကြီး မားစွာ နေထိုင်ရပ်တည်သွားတဲ့လူတွေဟာ ဘယ်သောအခါမှ လူသမိုင်းစဉ်မှာ နိဂုံးမချုပ်ခဲ့ပါဘူး။ ကျနော့်ယုံ ကြည်နေတာကတော့ လွတ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းရှင်သန်နေမှုကို အနှစ် ရာပြည့်အဖြစ် နောက်လူတွေ ဖော်ကျူးကြဦးမှာမဟုတ်လား။ ဗိုလ်ချုပ်လို တိုင်းပြည်ခေါင်းဆောင် ကြီးမှမဟုတ်၊ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအတွက် ကိုယ်ကျိုး စွန့်ခဲ့သူ အနစ်နာခဲ့ခဲ့သူ မည်သူမဆို ဘ၀ နိဂုံးချုပ်ခဲ့ဖူးလို့လား။

ကျနော့်ရင်ထဲမှာသာမက မြန်မာပြည်သူများအားလုံးမှာ ဗိုလ်ချုပ်အောင်ဆန်းလည်းမသေ။ ၀င်းမော်ဦးလေးလည်းမသေ။

ကရင်အမျိုးသားတရပ်လုံး စစ်ကျွန်ဘ၀ကလွတ်မြောက်ဖို့ကို ခေါင်းဆောင်ခဲ့ကြတဲ့ စောဘဦးကြီးလည်းမသေ။ လူမသိ သူမသိကျဆုံးသွားကြတဲ့ အညတြကရင့်ရဲဘော်များလည်း မသေ။ တော်လှန်ရေးခေါင်းဆောင် ဖဒိုမန်းရှာ သို့မဟုတ် ကဗျာ ဆရာ ရေဆန်သည်လည်း မသေ။ ဘယ်သောအခါမှ မသေ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခင်လွန်း, ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments