အရှင်ဇဝန (နိုင်ငံရေးအကျဉ်းသားဟောင်း) – အမှတ်ရမိသော ရှေ့နေကြီးတယောက်အကြောင်း

February 14, 2016

 

အရှင်ဇဝန (နိုင်ငံရေးအကျဉ်းသားဟောင်း) – အမှတ်ရမိသော ရှေ့နေကြီးတယောက်အကြောင်း
(မိုးမခ) ဖေဖော်ဝါရီ ၁၄၊ ၂၀၁၆

တောင်ငူ ထောင်ကို ထောင်ပြောင်းတော့ ကားပေါ်မှာ မျက်နှာသိ ဆိုလို့ နှစ်ယောက်သာပါသည်။ သာယာဝတီမှ အင်းစိန်ကို ပြောင်းလာသည့်ရက်က ၁၉၉၉ခုဇူလိုင် ၂၂ရက် ။ အခု တောင်ငူကို ပြောင်းရတော့ သက္ကရာဇ် ၂၀၀၀ပြည့် ဇန်နဝါရီ ၂၂ ။ ၆လ တိတိ အင်းစိန် အကျဉ်းထောင်မှာနေလိုက်ရသည်။ ခြောက်လအတွင်း မကြာခဏ ဆုံဖြစ်သူက ဦးခင်မောင်ငြိမ်းဖြစ်သည်။ သူကရှေ့နေ။ သူနှင့်ကိုယ် အင်းစိန်လို တကယ့်အကျဉ်းအကျပ်ထဲ ဆုံကြသည့်နေရာက ဆေးခန်းမှာ။ ဆရာဝန်ဆေးမှူးတွေ ဆီ ကိုယ့်အလှည့်မရောက်ခင် မိတ်ဆက်ရင်း ရင်းနှီးခဲ့ကြခြင်းဖြစ်သည်။

ကားပေါ်ပါလာသူ ၁၉ ယောက်ထဲ သိရှိ ရင်းနှီးသူ နောက်တယောက်ကတော့ ကိုစိုးလွင်ဖြစ်သည်။ သူကပုဇွန်တောင်သား ။ သူ့ကိုကတော့ ထောင်ပြောင်းမည့် ည ၂ နာရှိထိုး မိန်းဂျေလ်မှာ လူစုတုန်း ပြန်ဆုံကြခြင်းဖြစ်သည်။ ထောင်ထဲ စရောက်ခဲ့သည့် ၁၉၉၃ခုနှစ် အင်းစိန် သီးသန့်ထောင် စရောက် ထဲက ကိုယ့်အရင်ရောက်နှင့်နေသော ကိုစိုးလွင်မှာ လူသစ် မိမိတို့ကို ထောင်ထဲနေနည်း၊ စားနည်းကအစ လက်ဆင့် ကမ်းခဲ့သော ကျေးဇူးရှိသူဖြစ်သည်။ ထောင်ပြောင်းမည့်ညမှာမှ မထင်မှတ်ပဲ သူ့ကို ပြန်တွေ့ခြင်းဖြစ်သည်။ ကိုယ်က သူ အပြင်လောကမှာ အဆင်ပြေနေလောက်ပြီ အေးဆေးနေပြီဟု ထင်ထားခဲ့သည်။ ထင်တာမှားသည်။ သူနောက်တမှု ဖြင့် ပြန်ရောက်နေတာကို ကိုယ်က မသိရှိခဲ့။ ထောင်ဆိုတာက မရောက်ဖူးသူတွေက ကြောက်စရာအဖြစ် လန့်ကြသော်လည်း ထောင်ထဲနေခဲ့ဘူးသူအဖို့ ဘာမှ မထူးဆန်းသော နေရာတခု ဖြစ်နေသည်။ ကိုယ်က ထောင်ပြန်ကျရန် တမင်ပြုလုပ်ခြင်း မဟုတ်သော်လည်း အတူနေခဲ့သူတွေ၏အလုပ်ကို တခုခုကူညီရင်း ပြန်အမှူတွဲပြီး ဒုတိယအကြိမ် တချို့လည်း တတိယအကြိမ် ပြန်လည်ရောက်ရှိလာကြခြင်းဖြစ်သည်။

အခုကိုစိုးလွင်က ဒုတိယအကြိမ်။ ပြန်ဆုံတော့ သူက ကိုယ့်ကို လူနှင့် နာမည် မတွဲ စပ်မိ။ ကိုယ့်ကို လက်ညှိုးထိုးပြီး “သူ့ကို ကျနော် တရင်းတနှီးကို သိတယ်ဗျာ” ဟု စကားစရင်း သူနှင့်ကိုယ်၏ ထောင်တွင်း ကြုံဆုံခဲ့ရပုံကို စိတ်ထွင်မက နှုတ်ပါဖွင့်ဟပြီး အတိတ်ကို ခြေရာကောက်သည်။ ကိုယ်ကတော့ တွေ့တွေ့ခြင်း သူကိုမှတ်မိနေသည်။ “ဟာ … ဟေ့ကောင် စိုးလွင် ဘာအမှုလဲ”ဟု နာမည်ကိုပါတွဲ ခေါ်တော့ သူ မမှတ်မိသူမှာ ထောင်ထဲမှာ အတူနေခဲ့သူအဖြစ် သေချာကြောင်းကိုတော့ သူ ကောက်ချက်ချပြီး ဖြစ်မည်။ ဒီလိုပဲ စကားပြောရင်း သူအကုန် ပြန်မှတ်မိသွားသည်။ ၉၃က အတူတူနေခဲ့သူများ၏နာမည်ကို ရေရွတ်ရင်း ဒုတိယအကြိမ် ပြန်ရောက်တော့ ပြန်တွေ့ဆုံသူတို့ကို ပြောပြနေသည်။ ကိုယ်နှင့်ခင်မင်ရင်းနှီးပြီးသား ဦးခင်မောင်ငြိမ်းမှာ သူ၏နောက်မှု အမှုတွဲ ဖြစ်ကြောင်းသိရပြန်တော့ သူတို့အမှုအကြောင်းပါ ကို သိလိုက်ရပြန်သည်။

တောင်ငူထောင်ကို ပြောင်းတော့ ကားနှစ်စီး။ တစီးမှာ ၅ညများသာဖြစ်ပြီး တစီးမှာ ထောင်နှစ်ရှည်က အခြားအမှူများ ဖြစ်ကြ သည်။ ကားပေါ်ရောက်မှ ကိုစိုးလွင်တို့ ဦးခင်မောင်ငြိမ်းတို့ နှင့်အတူတူ အမှုတွဲ အဘနှ စ်ယောက်ပါပါလာသည်။ အဘနှစ်ယောက်လုံး လူနှစ်ယောက်ကို နာမည်က တခုတည်း။ အဘနှစ်ယောက်လုံးအမည်မှာ ဦးတင်အေးဖြစ်သည်။ ဗကသ သမိုင်းကို ပြန်လည်ပြောပြမှုဖြင့် ထောင်အချခံသူများဖြစ်သည်။ ခါးကိုင်းကိုင်း အဘဦးတင်အေးမှာ တကသ ဥက္ကဌ ဖြစ်ခဲ့ဘူးသူဖြစ်ပြီး နောက်ဦးတင်အေးတယောက်မှာ တကသ အတွင်းရေးမှူးဟောင်းဖြစ်သည်။ သူတို့ က အမှုတွဲ၊ လေးယောက် တထောင်တည်း အတူတူ ။

 နောက်လူများမှာ ကိုဇော်ရဲဝင်း ကိုကျော်ဝေစိုးနှင့် ကိုညီထွေးခေါ် စန်းဇော်ထွေး ကျော်အေးနိုင် တို့ ဖြစ်သည်။ သူတို့က တစု။ နောက် ၉လေးလုံး အမှုတွဲများ။ ပဲခူးသားလူငယ်လေးများအများစု ဖြစ်သည်။
ကိုယ့် အမှူတွဲအလိုက် စကားတွတ်ထိုးကြရင်း ကိုယ်ကလည်း ကိုယ်နှင့် သိပြီးသား ကိုစိုးလွင် ၊ ဦးခင်မောင်ငြိမ်းတို့နှင့် စကားတွေ ပြောလာကြသည်။ ထူးခြားသည်က အခြားအမှု နှင့် ထောင်ကျများကိုတင်ဆောင်လာသော ကားတွင် ဘယ်လို တပ်ဆင်ထားသည် မသိရသော်လည်း မိမိတို့ကားတွင်တော့ သီချင်းကို အကျယ်ကြီး ဖွင့်ပေးထားသည်။ သီချင်းကို ဖွင့်ပေးထားသော်လည်း ကားအိတ်ဇော မီးခိုးတွေက အလျှံပယ် ကားထဲ ဝင်နေသည်။ အဘဦးတင်အေး နှစ်ယောက်လုံးမှာ ဦးခင်မောင်ငြိမ်းလို ရှေ့နေများပင် ဖြစ်ကြသည် ။ အရွယ်ကြီးရင့်ပြီး ခါးပင်ကိုင်းနေပြီဖြစ်သော အဘဦးတင်အေးမှာ အများသူငါလိုမထိုင်နှိုင် ကားဘီးအပို ထပ်တင်ထားသည့်နေရာတွင် ဦးခင်မောင်ငြိမ်းနှင့်အတူ ထိုင်ကြရသည်။ ကားအိတ်ဇောမှထွက်သော မီးခိုးက သူတို့နှစ်ယောက် တည့်တည့် မှ ကားထဲကိုဝင်နေသည်။

ဦးခင်မောင်ငြိမ်း မှာ ရောဂါစုံသည်။ သူ့ဆီမှာ အဓီကက ဆီးချိုရောဂါဖြစ်သည်။ ခရီးလမ်း အပင်ပမ်းနှင့်ရောဂါ နှစ်ခုလုံးကို ခံစားရင်း လိုက်ပါလာခြင်းဖြစ်သည်။ ကားပေါ်တွင်ပါလာသော ကျောင်းသားလူငယ်လေးများမှာ ကား မှဖွင့်ထားသော တေးသီချင်းကို လိုက်ပါသီဆိုရင်း ခရီးလမ်းတလျှောက် ထောင်ပြောင်းတာနှင့်မတူအပျော်ခရီးတခုကိုထွက်လာကြသလို ဖြစ်နေတော့သည်။ ဒီတော့လည်း သူ၏ရောဂါတွေကို မေ့လျှော့သွားဟန်ရှိသည်။ ပဲခူးရောက်တော့ ပဲခူးမှ လူငယ်လေးများက ပဲခူးမှ ထင်ရှားသောသူတို့၏ စားသောက်ဆိုင်နာမည်ကို တပ်ပြီး “အဲ့ဒီစားသောက်ဆိုင်ကို သွားပြောပေးပါ။ မင်းမင်းစိုး တောင်ငူကို ထောင်ပြောင်းသွားပြီ” လို့. ဝိုင်းအော်ကြသည်။

ဒီလိုနှင့်ကားက ဒိုက်ဦးကိုရောက်လာသည်။ ကောလိယချောင်းတံတား ပြင်နေချိန်မို့ ကားကဖြေးဖြေးလေးမောင်းလာသည်။ ဘေးမှ ရပ်ကြည့်နေသော ဆိုက်ကားဆရာများကို “စိန်ပန်းကျောင်းကို သွားပြောပေးပါ။ ဦးဇဝန တောင်ငူထောင်ကို ပြောင်း သွားပြီ” လို့..ကိုယ်က စအော်တော့ ကျန် တကားလုံးမှလည်း သံပြိုင်ဝိုင်းအော်ပေးကြပြန်သည်။

ဖြူးရောက်တော့လည်း ဒီလိုတခါ အော်ကြပြန်သည်။ ဖြူးသားကိုမြင့်ဦးမှာ လဝက မှာ ဝန်ထမ်းလုပ်ဖူးသူ ဖြစ်သောကြောင့် ဖြူးမှ လူတော်တော်များများကိုသိနေသည်။

တောင်ငူထောင်ရောက်တော့ ကားပေါ်ပါလာသူများမှာ မီးသွေး အိတ်ထမ်းပြီး ပြန်လာကြသူများလို မဲတူးနေကြသည်။ အထူးသဖြင့် ကားအိတ်ဇော မီးခိုးငွေ့တဲ့တဲ့ နေသောဦးတင်အေးနှင့် ဦးခင်မောင်ငြိမ်းမှာ အဆိုးဆုံးဖြစ်သည်။ ခရီးစဉ် တလျှောက်ရော နောက်နေထိုင်ခဲ့စဉ် ထူးခြားသော ဖြစ်ရပ်များကြောင့်လည်း အားလုံးထဲမှာ ဦးခင်မောင်ငြိမ်းက ပို အမှတ်ရ စရာ လူဖြစ်ခဲ့သည်။ ရောက်စက ဦးခင်မောင်ငြိမ်းဟုသာ အားလုံးကခေါ်ကြသော်လည်း အနေကြာလာသောအခါ ခင်မင် စရာ အမှတ်ရစရာတွေ လေးစားစရာတွေကြောင့် လူငယ်အများကကောရွယ်တူများကပါ သူ့ကို ဦးငြိမ်း။ အသက်ကြီးသူများက လည်း ကိုငြိမ်းဟုခေါ်လာကြသည်။

(မိမိတို့ ကားပေါ်မှ အော်ဟစ်အကူညီတောင်းမှူကြောင့် နောက်နေ့ အိမ်တွေမှ ချက်ခြင်း လိုက်လာနှိုင်ကြသည်။ ကြားသိသူများကလည်း ပြောခိုင်းသောနေရာသို့ ကိုယ်တိုင်ကိုယ်ကျ သွားပြောပေးကြသည်။ မိမိအတွက် အော်ပြောခဲ့သော စိန်ပန်းကျောင်းသို့ ဆိုက်ကားဆရာများတန်းစီ ချီတက်ပြီး ဘုန်းကြီးကျောင်းကို သွားပြောပေး သည်ဟု ဆိုသည်။ )

တောင်ငူထောင်က ၂၀၀၀ခုနှစ် မိမိတို့ရောက်ချိန်တွင် တနိုင်ငံလုံးရှိထောင်များထဲတွင် အလွတ်လပ်ဆုံးထောင်ဟု ပြောရမည်။ ထောင်ပိုင်ကြီးသည် နိုင်ငံရေးအမှုများကို အသက်သာဆုံးသော နေထိုင်ခွင့်ကိုပေးထားသလို အဆောင်ရှိ ကျန်ထောင်ကျများ ကိုလည်း နှိပ်ကွပ်ခြင်းမရှိ။ လူစိတ်ရှိသော ထောင်ပိုင်ကြီးဟုပင် ဆိုရမည်။

ထောင်မှာ နေရာချပေးတော့ ကိုယ်နှင့်အဆင်ပြေသူ များသာ စိတ်ကြိုက် ကိုယ့်ဘာသာ တွဲပြီးနေကြရန် ထောင်က ပြော သည်။ ဒီလို အခွင့်အရေးမျိုး မြန်မာပြည် ဘယ်လိုထောင်မှာမှ ရမည်မဟုတ်။

ထောင်မှ သဘောကောင်းသလိုမျိုး ထောင်ဆရာဝန်ကလည်း ကောင်းသည်ဟုပင်ဆိုရမည်။ နောက်နေ့မနက်တွင် ထောင် ဆရာဝန်မှ စားပွဲ တလုံးဖြင့် မိမိတို့ထားရာ လေးတိုက် ရှေ့မှာ လာရောက်ပြီး တယောက်ချင်းကို ရောဂါတွေကို လာစစ် ပေးသည်။ ဒီမှာ အမှတ်ရစရာ အကောင်းဆုံးလူတယောက် ကို ပြောပါဆိုလျှင် ဦးခင်မောင်ငြိမ်းကို ပြောရပေမည်။ သူ့ဆီမှာက ရောဂါစုံသည်။ ဆရာဝန်မှညွှန်းထားသောဆေးမှန်သမျှအစုံ သူ့ထံတွင်ပါလာသည်။ ထိုဆေးများ အားလုံးကို ပလစတစ် အခင်းပေါ်တွင် ဖြန့်ခင်းပြီး ဆရာဝန်ကို တခုစီပြသည်။ ဆရာဝန်လည်း ခေါင်းတော်တော်စားသွားဟန်ရှိသည်။ သတင်းစာ ရှင်းလင်းပွဲတခုအလား သူက သူ့ဆေးနှင့်သူ့ရောဂါတွေအကြောင်းကို ရှေ့နေပီပီ စီကာပတ်ကုံးပြောနေသည်။

အိုင်စီအာစီ ထောင်ထဲဝင်ပြီးနောက်ပိုင်း ထောင်တိုင်းတွင် စာဖတ်ခွင့်ကို တရားဝင်ရသွားပြီဖြစ်သည်။ စာအုပ် အများဆုံးသွင်းသူ မှာ ဦးခင်မောင်ငြိမ်းပင်ဖြစ်သည်။ သူက စာအစုံဖတ်သလို တရားထိုင်နည်းများကိုလည်း အစုံသိနေသည်။ မဟာသရဏ ဂုံတော်ကြီး ဘုရားရှိခိုးကို နေ့စဉ် ဝတ်မပျက် ရှိခိုးသည်။ ဘာသာရေးအကြောင်းတွေကိုလည်း ကျကျနန သိချင် သည်။ သူမရှင်းလင်းသည်များကို မကြာခဏ လာမေးတတ်သည်။

သူ၏ကျန်းမာရေးက လေ့ကျင့်ခန်းများများလုပ်ရမည်ဖြစ်သည်။ ဆီးချိုကျဖို့ ကျန်းမာရေးအတွက် လေ့ကျင့်ခန်းအဖြစ် ထောင်ပတ်လမ်းတလျှောက် မနက်တိုင်း သူ ပြေးသည်။ တောင်ငူထောင်သည် အထူးလွတ်လပ်နေသောအချိန်ဖြစ်သည်။ တိုက်မှ ၅ညများသာမက အဆောင်မှ အမှုစုံတို့သည်လည်း ထောင်ပတ်လမ်းကို လှည့်ပတ် လမ်းလျှောက်ကြသည်ကို ထောင်က ဘာမှလာပြီး မတားမြစ်။ ဦးခင်မောင်ငြိမ်း လေ့ကျင့်ခန်းလုပ်ဟန်က လူတိုင်း အာရုံစိုက်စရာဟန်ဖြစ်သည်။ ပြေးသည်ဆိုသော်လည်း သွက်သွက် ပြေးခြင်းမဟုတ်။ ရုပ်ရှင်တွေထဲကလို စလိုးမိုးရှင်းဟန်ဖြစ်နေသည်။ အဆောင်မှ လူများပါ လမ်းလျှောက်ချိန် မို့ အားလုံးကို သူ့ပြေးဟန်ကို ငေးကြည့်ကြသည်။ ဒီတွင် အဆောင်မှ လူနောက်တယောက်က ဦးခင်မောင်ငြိမ်ဟန်အတိုင်း သူ့နောက်က လိုက်ပြေးသည်။ သူတို့နှစ်ယောက်ဟန်က အားလုံး ရယ်စရာအသွင်ဖြစ်နေသည်။ ပထမတော့ ထိုလူနောက် တယောက်ထဲသာ နောက်ကလိုက်ပြေးနေသော်လည်း တခဏအကြာမှာ လေးငါးဆယ်ယောက် ဖြစ်လာသည်။ အားလုံး စလိုးမိုးရှင်းဖြင့် တအုပ်ကြီး ထောင်ပတ်လမ်းမှာ။ ပြေးနေသူလူအားလုံးကိုမြင်သူများက မပြုံးပဲ နေနိုင် သူ ရှိမည် မထင်။

ဦးခင်မောင်ငြိမ်းကို အထူးအမှတ်ရစေသော အမူအရာတခုကိုပြောပါဆိုလျှင် ဒေါသတကြီး အော်တတ်သော အမူအရာ ဖြစ်သည်။ သူ၏အမူအကျင့်ကို သူ မသိမဟုတ် သိပြီးဖြစ်သည်။ တခါခါ သူ၏ အမူအရာကို ရယ်စရာအဖြစ် ပြောပြ တတ်သည်။ ရှေ့နေဆိုတော့ မျက်လုံပြူးပြီး အသံကျယ်ကျယ် နဲ့ ပြန်အော်ရတယ် .ဒါမှ တဖက်က အသံကြားရုံနှင့် နောက်ဆုတ်သွားတတ်လို့ ဒီအကျင့်ကိုမဖျောက်ပဲ တမင် ထိမ်းထားတာဟု ရယ်စရာလုပ်ပြောတတ်သည်။

ရှေ့နေပီပီ စကားတတ်သောနောက်ကိစ္စတခုကိုလည်း သူ့အတွက်အမှတ်ရနေသေးသည်။ ထိုကိစ္စကတခြားမဟုတ်။ သူ စိတ်တိုလွယ်တတ်သော အဖြစ်ကို ဝေဖန်တုန်းက သူပြန်ပြောသောစကားဖြစ်သည်။ “ဦးငြိမ်း လောက် တရားအားထုတ်တာ တရားရွတ်တာ ဒီတိုက်မှာ ဘယ်သူမှမရှိဘူး၊ ဒါပေမယ့်ဘယ်လောက်ပဲ တရားအားထုတ်ထုတ် ဦးငြိမ်းက စိတ်တိုတတ်ဆုံးပဲ” လို့ ဝေဖန်သောအခါ  “ဒီလောက်တရားအားထုတ်လို့ ဒီလောက်ပဲစိတ်တိုတာ ။ တရားသာအား မထုတ်ရင် ဒီထက်ပိုဆိုးမှာဗျ ၊ ဒီထက်ပိုဆိုးမှာ ၊ သိရဲ့လား” ဟု ပြောရင်း “ဒါ … တရားအားထုတ်တဲ့အတွက် တရားကို ကျေးဇူးတင်ရမယ်” လို့ ပြန်ပြောတတ်သည်။

ဘယ်လိုပဲဖြစ်ဖြစ် စာစုံအောင်ဖတ်ထားသော ဦးငြိမ်းဆီမှ မှတ်သားစရာစကားများလည်း ကြားရတတ်သည်။ ခေတ်စနစ်ဆိုး အတွင်း မတရားထောင်ကျ ခံရသူများကြောင့် “ဒီနိုင်ငံမှာ ဥပဒေဆိုတာ မရှိပါဘူးဗျာ”ဟု ပြောလာသူတိုင်းကို  “ဥပဒေမရှိတာ မဟုတ်ဘူးဗျ၊ ဥပဒေအတိုင်း မလုပ်တာ”ဟု သူပြန်ပြောတတ်တာကို အမှတ်ရနေသေးသည်။

သူထောင်ဝင်စာလာပြီးတိုင်း တိုက်ထဲမှ လူတော်တော်များများကိုသူ့အခန်းခေါ်ပြီး ကော်ဖီတိုက်တတ်သည်။ အစပထမက သူကိုယ်တိုင်ဖျော်တိုက်သည်။ သူကဆီချိုသမားဖြစ်တော့ သကြားကို ပါလေဟန်နဲနဲသာထည့်သည်။ တိုက်မှ လူငယ်များက  “ဦးငြိမ်း ကော်ဖီကလည်း အကန်းမျက်ရည်ကြနေတာပဲ” ဟု မကြားတကြားပြောတာ  သူသိသွားဟန်ရှိသည်။ နောက်ဆို ကော်ဖီ တိုက်တိုင်း နို့မှူန့်ဗူးသကြားဗူးချထားပေးပြီး “စိတ်ကြိုက်ထည့်သောက်နော်” ဟု သူကပြောသောအခါ အားလုံးက ကိုယ်စီပြုံးမိ ကြသည်။

ထောင်ဆိုတာကလည်း အမြဲတမ်း ငြိမ်းချမ်းနေသည်မဟုတ်။ အာဏာပါဝါပြသောထောင်ပိုင်များလက်ထက်တွင် စိတ်ဆင်းရဲ စရာများပြည့်နှက်နေတတ်သည်။ စရောက်ခါစထောင်ပိုင် ကောင်းသော်လည်းနောက်ထောင်ပိုင်များလက်ထက်တွင် အခြေနေ အဆိုးကို ရင်ဆိုင်ခဲ့ကြရသည်။ တယောက်နှင့်တယောက်တွေ့ခွင့်မရတော့ ။ တိုက်တွေကွဲကုန်သည်။ တယောက်တနေရာ။ ဒီလိုအခြေနေမျိုးမှာပင် ဦးငြိမ်းစာဖတ်မပျက် ။ အသိပညာကို လိုလိုလားလား ရှာဖွေမြဲ ရှာဖွေသည်။ တခါက စိတ်ချရသော ဝန်ထမ်းနှင့် စာတိုလေးတစောင် ဦးငြိမ်းဆီက ရောက်လာသည်။ “ဦးဇင်း အဓိကရုဏ်းလေးပါး ကို သမထ(၇)ပါး နှင့် ငြိမ်းအေး ရမယ်လို့ တပည့်တော် ဖတ်နေတဲ့အထဲ ပါတာ နားမလည်လို့ ရှင်းပြပေးပါ” ဆိုသောစာတိုလေးဖြစ်သည်။

ရဟန်းတော်တွေအတွက် ပညတ်ထားသောဝိနည်းတွေအကြောင်း သူဖတ်မိပုံရသည်။ သူကို တခုချင်းစီကို အသေးစိတ် ရှင်းပြ လိုက်ပြသည့်စာတစောင် ရေးပို့လိုက်သည်။ သူအတော်ကျေနပ်ကြောင်း ကျေူးဇူးတင်ကြောင်း ပြန်လာသည်။

ဦးငြိမ်း တို့က ကိုယ့်ထက် အရင်ထောင်က လွတ်သွားကြသည်။ မိမိအပြင်လောကရောက်တော့ တွေ့ချင်သူများကို တဦးချင်း နာမည်တပ်ပြီး အသိမိတ်ဆွေတွေကို လိုက်ပို့ခိုင်းသည်။ သို့သော်လည်း ကိုယ်တွေ့ချင်သော ဦးငြိမ်းတယောက် လောက ကြီးတွင် မရှိတော့။ မျိုးစုံသောသူ့ရောဂါများက လောကဓံငရဲသားတယောက်ကို အမြန်ဆုံး ခေါ်ယူဖို့ အခွင့်အရေးရသွားသည်။

အရာရာကို သိချင်စိတ် ပြင်းပြစွာ ဗဟုသုတဆာလောင်သော ဦးငြိမ်း ယနေ့လိုခေတ်တွင် ကိုယ်လိုချင်သည့် အကြောင်း အရာကို စာရိုက်ထည့်လိုက်ရုံနှင့် ပေါ်လာသော အင်တာနက်ခေတ်ကြီးကိုသူကျကျနန မြင်ခွင့်ရမသွားခဲ့။ တမလွန် မှာ ဆန်းပြားသော အွန်လိုင်းပေါ်က သိချင်တာတွေကို ဆက်လက်ရှာဖွေနေမည်လားတော့မသိ။ စိတ်တိုတတ်သော်လည်း စိတ်ကောင်းရှိသော တရားနှင့်မပြတ်သော ဦးငြိမ်းတယောက် ကောင်းရာဘုံဘဝရောက်နေမှာကတော့သေချာပါသည်။

အရှင်ဇဝန (နိုင်ငံရေးအကျဉ်းသားဟောင်း)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:လူများ၊ ရုပ်ပုံလွှာများ, အရှင်ဇ၀န (နိုင်ငံရေးအကျဉ်းသားဟောင်း)

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်