တူမောင်ညို – စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ စည်းဝိုင်းထဲက “ပင်နီရောင်လွှတ်တော်”

February 15, 2016

တူမောင်ညို – စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ စည်းဝိုင်းထဲက “ပင်နီရောင်လွှတ်တော်”
(မိုးမခ) ဖေဖော်ဝါရီ ၁၅၊ ၂၀၁၆

ဒီချုပ်ပါတီက တင်သွင်းတဲ့အတိုင်း ပြိုင်ဘက်မရှိ လွှတ်တော်ဥက္ကဋ္ဌတွေ၊ ဒုတိယဥက္ကဋ္ဌတွေနဲ့အတူ  “ ပင်နီရောင်လွှတ်တော်” တွေပေါ်ပေါက်လာခဲ့ပြီ။ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်မှအပ ကျန်တဲ့ ပြည်နယ်နဲ့တိုင်းဒေသကြီးလွှတ်တော် ၁၂ ခုမှာ လည်း ပင်နီဝတ် အမတ်များသာ။ ဤသည်မှာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ဆိုတဲ့ အာဏာကြီး ၃ ရပ်အနက် ဥပဒေပြုရေးဘက်မှာ ဒီချုပ် ပါတီရဲ့ နေရာချထားမှုဖြစ်ပါတယ်။

ဒီလိုစီစဉ်နေရာချထားနိုင်တာကို ဒီချုပ်ပါတီဥက္ကဋ္ဌကတော့ “အမျိုးသားရင်ကြားစေ့ရေးနဲ့ ပြည်ထောင်စုရေး အသွင်ဆောင်တဲ့ လွှတ်တော်ကြီးဖြစ်ဖို့ ကောင်းတဲ့အလားအလာရှိတယ်” လို့ အကဲဖြတ်နေပါတယ်။ ယူဆနေပါတယ်။ မျှော်လင့်နေပါတယ်။
“ပြည်သူ့အသံ – လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ – လွှတ်တော်ဆန္ဒ၊ ပြည်သူတို့မျှော်လင့်ချက် – လွှတ်တော်ကဖော်ဆောင်ရွက်” ဆိုတဲ့ ကြွေးကြော်သံကတော့ ဗိုလ်ရွှေမန်း – ဗိုလ်ခင်အောင်မြင့်တို့ လက်ထဲမှာ လှောင်ပြောင်ရယ်မောစရာဆိုင်းဘုတ်သာဖြစ်ခဲ့ပြီး၊ တကယ့်လက်တွေ့မှာလည်း  ပုဒ်မ ၄၃၆ ပြင်ဆင်ရေးပြည်သူ့ဆန္ဒ လက်မှတ် ၅ သန်းနီးပါးကို ဗိုလ်ရွှေမန်း – ဗိုလ်ခင်အောင်မြင့်တို့ လွှတ်တော်က ပစ်ပယ်လျစ်လျူရှုခဲ့ပါတယ်။

ဒါကြောင့် ဦးဝင်းမြင့် – မန်းဝင်းခိုင်သန်းတို့ရဲ့ “ပင်နီရောင်လွှတ်တော်”တွေကရော ပြည်သူတွေရဲ့ အသံ – ဆန္ဒ- မျှော်လင့်ချက် တွေကို ဘယ်လောက်ဖော်ဆောင်နိုင်မလဲ။ စွမ်းဆောင်ရည် ဘယ်လောက်ရှိမလဲဆိုတာ အကဲဖြတ်ဖို့ အခုချိန်မှာတော့ ပြောဖို့ စောနေဦး မယ်ထင်ပါတယ်။

ပါလီမန်ဒီမိုကရေစီရဲ့မှန်းတန်းသဘာဝအတိုင်းဆိုရင် လွှတ်တော်တွင်းအဆုံးဖြတ်မှန်သမျှဟာ အဲဒီလွှတ်တော်တွေမှာ အများ စု ဖြစ်တဲ့ (ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့) ပါတီကို ကိုယ်စားပြုထားတဲ့ အမတ်တွေရဲ့အဆုံးအဖြတ်ပေါ်မှာပဲ အဓိက မူတည်တာပါ။

“၂၀၀၈ အခြေခံဥပဒေ” မှာတော့ အဲဒီလိုမဟုတ်ပါဘူး။

“၂၀၀၈အခြေခံဥပဒေ” အရဆိုရင်တော့ လွှတ်တော်မှာတင်သွင်းလာတဲ့ကိစ္စတိုင်းရဲ့ အဆုံးအဖြတ်ကို အများစုအနိုင်ရထားတဲ့ ပါတီက အမတ်တွေက မဆုံးဖြတ်နိုင်ပါဘူး။ အတည်မဖြစ်နိုင်ပါဘူး။

လက်တွေ့မှာလည်း ဒီချုပ်ပါတီက လွှတ်တော်ထဲမှာ ရာနှုန်းပြည့်ဆုံးဖြတ်ခွင့်မရှိဘဲ၊  (၇၅%) သာ ဆုံးဖြတ်ခွင့်ရရှိထားတာပါ။ ကျန်တဲ့ (၂၅%) က “ကာချုပ်” လက်ထဲမှာ ထာဝစဉ်ရှိတာပါ။

ဒီတော့ ပုဒ်မစုစုပေါင်း (၄၅၇) ခုရှိတဲ့ “၂၀၀၈ အခြေခံဥပဒေ” ထဲက ဘယ်ပုဒ်မကို မဆို ပြင်ဆင်မယ်/ပယ်ဖျက်မယ်/ ဖြည့် စွက်မယ်ဆိုရင် ဒီချုပ်အမတ်တွေအားလုံးသဘောတူရုံနဲ့မဖြစ်နိုင်ပါ။ “ကာချုပ်” သဘောတူမှသာဖြစ်နိုင်ပါတယ်။ ဒါဟာလူတစ်ယောက်၊ စစ်ဗိုလ်ချုပ်တစ်ယောက်က လူအများစုရဲ့သဘောထားဆန္ဒကို တားဆီးနိုင်/ပယ်ဖျက်နိုင်တဲ့ အထူးအခွင့်အာဏာပဲဖြစ်ပါတယ်။ ဒီအထူး အခွင့်အာဏာကို “၂၀၀၈ အခြေခံဥပဒေ” က စစ်တပ်ကို ချုပ်ကိုင်ထားတဲ့ “ကာချုပ်” လက်ထဲပေးအပ်ထားပါတယ်။ လွှတ်တော်ထဲကို “ကာချုပ်”စေလွှတ်ထားတဲ့ စစ်ဗိုလ်(၁၁၀+ ၅၆ = ၁၆၆) ဦးဟာ “ကာချုပ်” ရဲ့တသွေးတသံအမိန့်ကို နာခံရပါတယ်။ အကြွင်းမဲ့ ကိုယ်စားပြုရပါတယ်။ ဒါဟာ “၂၀၀၈ အခြေခံဥပဒေ” ရဲ့ တကယ့်အနှစ်သာရဖြစ်ပါတယ်။ ဒါကြောင့် “ကာချုပ်”သဘောမတူရင် ဘာမှ လုပ်လို့မရနိုင် တဲ့ ဒီမိုကရေစီကို “ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ” လို့ခေါ်ပါတယ်။

“ရွေးကောက်ခံမဟုတ်တဲ့ ပုဂ္ဂိုလ်ကသာ ဖွဲ့စည်းပုံအခြေခံဥပဒေကို  ပြင်သင့်/မပြင်သင့် ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ဥပဒေဟာ ဘယ်လို လုပ် ဒီမိုကရေစီကျနိုင်ပါ့မလဲ ” လို့ ဒီချုပ်ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကပြောထားတယ် မဟုတ်လား။

ဒီလို စည်းကမ်းပြည့်ဝတဲ့ဒီမိုကရေစီ (ဝါ) ၂၀၀၈အခြေခံဥပဒေ ကို “ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပြီး နိုင်ငံတော်၏ ဥပဒေ များကိုလည်း လိုက်နာပါ့မယ်”လို့ ကျမ်းကျိန်သစ္စာဆိုထားကြရတဲ့အဖြစ်ဟာ နာကျင်ခံခက်စရာပါ။ကိုယ့်ကိုအချိန်မရွေး၊နေရာမရွေး ကိုက် သတ်မယ့် မြွေပွေးကို ခါးပိုက်ပိုက်ထားရတဲ့ အဖြစ်ဆိုးပါ။

လက်တွေ့ မြင်လွယ်ထင်လွယ်အောင်သာဓကပြရရင် အခန်း ၁၂၊ ပုဒ်မ ၄၃၆ (က) နဲ့ (ခ) မှာ  အခန်းလိုက်ပုဒ်မစဉ်ပြီး ဖော်ပြ ထား ပုဒ်မစုစုပေါင်း (၉၅) ကို လွှတ်တော်အမတ် (၇၅%)က ဘယ်လိုပင်သဘောတူပါစေ၊  “ကာချုပ်” သဘောမတူဘဲ။ ပြင်ဆင်ခြင်း/ ပယ်ဖျက်ခြင်း/ဖြည့်စွက်ခြင်းမပြုနိုင်ပါဘူး။

အခုတလော သိပ်ကို အမြှုပ်ထနေ တဲ့ “ပုဒ်မ ၅၉ (စ)” ကိုပဲကြည့်ကြပါစို့။  ပုဒ်မ ၅၉ (စ) ဟာ ပုဒ်မ ၄၃၆ (က) နဲ့ (ခ)  မှာ စာရင်းသွင်းဖော်ပြထားတဲ့  ပုဒ်မပေါင်း (၉၅) ခုထဲက တစ်ခုမျှသာဖြစ်ပါတယ်။ အဲဒီအထဲက ပုဒ်မ (၁၄) ၊ ပုဒ်မ ၂၀ (ခ) ၊ (င) ၊ (စ) တို့ကို သွားထိရင်တော့ မိုး မီးလောင်မယ့်ကိန်းပါပဲ။

ပုဒ်မ ၅၉(စ) ဆိုင်းငံ့မှာလား ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီး “ကာချုပ်” ရဲ့  စစ်ဗိုလ်အမတ် နှစ်ယောက်ဖြစ်တဲ့  ဗိုလ်တောက်ထွန်း နဲ့ ဗိုလ်တင်စန်းနိုင်တို့ ပြောတာပဲကြည့်ပါ။ ဗိုလ်တောက်ထွန်းပြောတာက“အခြေခံဥပဒေအတိုင်းဆောင်ရွက်သွားမယ်” လို့  မူသဘောပြော ပြီး၊ ဗိုလ်တင်စန်းနိုင် ပြောတာက  “ပုဒ်မ ၅၉(စ) နဲ့ ပတ်သက်ပြီး NLD နဲ့ တပ်မတော်ကြားမှာ ဆွေးနွေးမှု မရှိ/  ဒီပုဒ်မကို ဆိုင်းငံ့လို့ မရ/ ဒီကိစ္စလွှတ်တော်မှာဆွေးနွေးပြီးဖြစ်တဲ့အတွက် ထပ်မံတင်သွင်းဆွေးနွေးဖို့ မသင့်တော်/ ဒီပုဒ်မကို နိုင်ငံခြားကျူးကျော်မှုမှ ကာကွယ်နိုင် ရန်ပြဋ္ဌာန်းထားခြင်းဖြစ်တယ်”လို့ ရိုက်တာသတင်းဌာနကိုပြောသွားပါတယ်။ဒီလိုပြောတာဟာ ဗိုလ်တင်စန်းနိုင်ရဲ့တစ်ဦးချင်းသဘောထား မဟုတ်ပါဘူး။ ကာချုပ်ရဲ့သဘောထားကို ဗိုလ်တင်စန်းနိုင်ရဲ့ ပါးစပ်ကနေ ပြောရတာပါ။

ပုဒ်မ ၅၉  (စ) ဆိုင်းငံ့ရေးမှာသာ စစ်တပ်သဘောထားကို သိမ်သိမ်မွေ့မွေ့တောင်းပန်ချော့မော့နေကြရသော်လည်း ကာချုပ်နဲ့ ဒုကာချုပ်တို့ရဲ့ ပင်စင်သက်ကို (၆၀)  ကနေ (၆၅) နှစ် ပြောင်းလိုက်တာကိုတော့ ဘယ်သူကမှ တားမြစ်တာကန့် ကွက်တာ မလုပ်လိုက် နိုင်ကြပါဘူး။

ဒါဟာ “ပုဒ်မ ၅၉ (စ)”  ဆိုတဲ့ ပုဒ်မကလေး တစ်ခုကို “ဆိုင်းငံ့ထားဖို့အရေး” ဖြစ်ပါတယ်။ ဒီထက်ကြီးမားကျယ်ပြန့်တဲ့ “၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး /ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရေး/ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည် ဆောက်ရေး/၂၁ရာစုပင်လုံညီလာခံခေါ်ယူရေး”စတဲ့ ကိစ္စကြီးတွေသာ လွှတ်တော်ထဲမှာ အဆိုတင်လာမယ်ဆိုရင် ဘယ်လိုရင်ဆိုင်ရမလဲ ဆိုတာ မျှော်တွေးကြည့်နိုင်ပါတယ်။

အမျိုးသားရင်ကြားစေ့ရေးအမြင်နဲ့ လွှတ်တော်တွေဖွဲ့စည်းခဲ့ပြီ။ မကြာမီ သမ္မတရွေးချယ်ပြီးနောက် (မတ် ၁၇ ) နောက်ပိုင်း ဧပြီလဆန်းလျှင် အစိုးရသစ်ပေါ်လာရတော့မယ်။ အစိုးရသစ်ကိုလည်း ရင်ကြားစေ့ရေးအမြင်နဲ့ပဲ ဖွဲ့လိမ့်မယ်လို့ ယူဆရပါတယ်။ (ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေး ဝန်ကြီးဌာန ၃ ခု) က စစ်တပ်ရဲ့ အခြေခံဥပဒေပါပိုင်ခွင့်ဖြစ်နေပါတယ်။ ဒီတော့အခြားဝန်ကြီး ဌာနတွေကို  သင့်မြတ်ရေးမူအရ ဘယ်လိုအပေးအယူလုပ်နိုင်သေးသလဲ။ ဘယ်သူတွေပါဝင်လာဦးမလဲ။ နိုင်ငံခြားရေးဝန်ကြီးဌာန ကို ပေးရဦးမလား။  အစိုးရအဖွဲ့ထက်ပိုပြီး အဆုံးအဖြတ်ကျတာ (ကာလုံ)ဖြစ်ပါလိမ့်မယ်။ (ကာလုံ)သစ်ဟာ ဘယ်လို အချိုးအစားနဲ့ပေါ် ပေါက် လာမလဲ။ မူလ အချိုးအစားအတိုင်း ( စစ်တပ် ၆ – ဒီချုပ် ၅ ) ဖြစ်မလား၊ သို့မဟုတ် (စစ်တပ် ၇ – ဒီချုပ် ၄ ) ဖြစ်မလား။

ဆန္ဒ၊ စိတ်ကူး၊ အိပ်မက်တွေ လက်တွေ့ဖြစ်လာဖို့ဆိုတာမှာ ခေါင်းဆောင်မှု (လူ+မူဝါဒပေါ်လစီ+လုပ်ငန်းစဉ်) နဲ့ ပြည်သူ လူထုအင်အားက အရေးကြီးတဲ့အခန်းမှာ ရှိနေပါတယ်။ ခေါင်းဆောင်မှု (လူ+ မူဝါဒပေါ်လစီ+လုပ်ငန်းစဉ်) ဆိုတာ ဆန္ဒ၊ စိတ်ကူး၊ အိပ်မက်တွေနဲ့လက်တွေ့အကြားမှာ ကျွမ်းကျင်ပိုင်နိုင်စွာ ပေါင်းကူးတံတားထိုးပေးရတဲ့အလုပ်မျိုး မဟုတ်ပါလား။
မှန်ကန်တဲ့ ခေါင်းဆောင်မှုကို နောက်ဆုံး အဆုံးအဖြတ်ပေးမှာကတော့ ပြည်သူလူထုရဲ့အင်အား စွမ်းပကားပဲဖြစ်ပါတယ်။
မကြာမီ ပေါ်ထွက်လာတော့မယ့် “ ဒီချုပ်အစိုးရသစ်” ရဲ့လူ၊ မူဝါဒ၊ ပေါ်လစီနဲ့လုပ်ငန်းစဉ်တွေကို စောင့်ကြည့်လေ့လာကြပါစို့ ။

photo credit www.haveeru.com.mv


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:တူမောင်ညို, သူတို့အာဘော်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

http://moemaka.com/archives/57845

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)