မောင်ဥက္ကလာ – ပွတ်ခွင့်ရ သမိုင်းနောက်ကြောင်း

February 16, 2016

 

– ပွတ်ခွင့်ရ သမိုင်းနောက်ကြောင်း

(မိုးမခ) ဖေဖော်ဝါရီ ၁၆၊ ၂၀၁၆
မကြာခင် ရက်ပိုင်းအတွင်း အထုပ်ပိုက်ပြီး လစ်ကြတော့မယ့် အဘတို့အတွက် ဝမ်းနည်းကြေကွဲ စိတ်မကောင်းဖြစ်ကာ သူတို့တွေရဲ့  သနားစရာ နောက်ဆုံးရက်တွေ၊ တချိန်တခါက နှစ်ပေါင်းများစွာ (နိုင်ငံအကျိုး) သူတို့ကိုယ်ကျိုးရှာ လုပ်ခဲ့တာတွေကို ထုတ်ဖော်ဂုဏ်ပြု ရေးချင်ပေမယ့်၊ သမ္မတကြီးက သူတို့ “အဘ” တွေရဲ့  စွမ်းဆောင်မှုတွေကို ချီးမွှမ်းခန်းဖွဲ့ ပြောဆိုရေးသားနေတဲ့ မောင်ဥက္ကလာ ကို သမ္မတကြီးရဲ့  “လူလိမ်တွေ မ ထားတဲ့ ဘောဆုကြီး” ပေးလာမှာကို စိုးရိမ်လို့ သူတို့အကြောင်း ရေးတာကို မြစ်ဆုံစီမံကိန်းလို ခေတ္တရပ်ဆိုင်းပြီး အခုတော့ ဆင်ဝှေ့ရန်ရှောင် လွန်ခဲ့တဲ့အပတ်က နှစ်ပတ်လည်နေ့ လုပ်သွားခဲ့တဲ့ ရက်တစ်ရက်အကြောင်းကို သိသမျှ မျှဝေ (share) လိုက်ပါတယ်။

အဲဒီနေ့ရက်က ကမ္ဘာတဝှမ်းမှာ နေ့ညမပြတ် ပွတ်နေသူများနဲ့ အထူးသက်ဆိုင်ပါတယ်။ ဒါပေမဲ့ ပွတ်နေသူ အများစု – အထူးသဖြင့် ရွှေပြည်တော်မှာ လိပ်ခရုလို နှေးကွေးလှတဲ့ ဆက်သွယ်ရေးချိတ်ဆက်မှုနဲ့ ပွတ်နေ၊ လိုက် (like) လုပ်နေ၊ တက် (tag) လုပ်၊ စက်ဝိုင်းကြည့်နေသူ အများစုက ဘယ်လိုကနေ၊ ဘယ်သူ့ ကျေးဇူးကြောင့် ပွတ်ခွင့်ရတာကို ဂဃနဏ သိကြမှာ မဟုတ်ပါဘူး။ ဒါကြောင့် အားအားယားယား ဖတ်မိသမျှ၊ သိထားသမျှကို ပြန်လည်မျှဝေလိုက်ခြင်း ဖြစ်ပါတယ်။ ကဲ အခုပြောမယ့်အကြောင်းကို သိနေသူတွေက ဒီ ဆောင်းပါးကို တက်မလုပ်၊ လိုက်မလုပ်ဘဲ မိုးမခမှာ တခြား အလွန်ဖတ်ကောင်းတဲ့ ဆောင်းပါးတွေ ဖတ်ကြပေါ့။

ကဲ ပြောမယ်ဆို … ဟိုရှေးရှေးတုန်းက – အတိအကျက လွန်ခဲ့တဲ့ နှစ်တဒါဇင်တုန်းက – ကမ္ဘာကြီးကို မှောက်လိုမှောက် လှန်လိုလှန် လုပ်နေချင်၊ ကမ္ဘာ့ပုလိပ်မင်းကြီးလို့ စွပ်စွဲပြောခံရတဲ့ အမေရိကန်တိုင်းနိုင်ငံရဲ့  အရှေ့ ဘက်ခြမ်း ဘောစတွန်မြို့ ရဲ့  ဂုဏ်ထူးဆောင် ဟားဗတ် (Harvard) အမည်တွင် ထိပ်တန်း (Ivy League) တက္ကသိလာကျောင်းတော်ကြီးမှာ ကျောင်းပုံမှန်မတက်၊ ကျောင်းထွက်ဖို့ အကြိမ်ကြိမ်အခါခါ စဉ်းစားနေတဲ့ အသက် (၁၉-၂၀) နှစ်အရွယ် အူကြောင်ကြောင် ချာတိတ်ကလေး တစ်ယောက်က ကွန်ပြူတာနည်းပညာ Programming ဘာသာရပ်ကို လေ့လာသင်ကြားနေတယ်။

အဲဒီကောင်လေး ကမ္ဘာ့စင်မြင်ပေါ် မရောက်လာခင်၊ အချိန်ကာလအားဖြင့် ၂၀၀၃ နှစ်ကုန်ပိုင်းလောက်မှာ အဲဒီ ကျောင်းတော်ကြီးမှာ ပညာရင် “သမ္မတကြီး” သောက်နေကြတဲ့ ကျောင်းသားတွေကြား တဦးနဲ့တဦး ဆက်သွယ်နိုင်တဲ့ အင်တာနက်ကွန်ရက်တခုကို ခပ်ပျင်းပျင်း နောက်ဆုံးနှစ် ကျောင်းသား (၃) ယောက် ဖြစ်တဲ့ အမွှားညီနောင် ကမ်မရွန်း ဝင့်ခ်လီဗို့စ် (Cameron Winklevoss), တိုင်လာ ဝင့်ခ်လီဗို့စ် (Tyler Winklevoss) နဲ့ ဒီဗီယ နရန်ဒရာ (Divya Narendra) တို့က တာဝန်ယူ တည်ဆောက်ဖို့ ဖြစ်လာခဲ့တယ်။ ခပ်ပျင်းပျင်း ကျောင်းသားတွေလို ပြောရတာက အဲဒီ ဆရာသမား (၃) ကောင်က သူတို့လုပ်ရမယ့် ပရော်ဂျက် (project) အလုပ်ကို ကိုယ်တိုင်မလုပ်ဘဲ အခမဲ့ ခိုင်းစားလို့ရမယ့် သူတို့အောက်က အတန်းငယ် ကျောင်းသားတွေကို နှစ်ပေါက်တစ်ပေါက်ရိုက် လုပ်ခိုင်းတာကြောင့် ဖြစ်တယ်။

သူတို့ ပထမဦးဆုံး မျက်စိကျ ခိုင်းစားဖို့ ဖြစ်လာတဲ့ ကျောင်းသားငယ်က အလွန်စာကြိုးစား၊ စာတော်တဲ့ အိန္ဒိယ ကျောင်းသားလေး ဆန်ဂျေး မားဗင်ကာဗီ (Sanjay Mavinkurve) ဖြစ်တယ်။ အဲဒီ ကုလားလေးက မောင်ဥက္ကလာတို့လို လူပိန်းတွေ နားမလည်နိုင်တဲ့ ကွန်ပြူတာ ဘာသာစကား ကုဒ် (computer language code) တွေကို ကြိုးစားပမ်းစား ခေါင်းကုတ်ခြေကုတ် ကုဒ်ရှာတယ်။ ဒါပေမဲ့ ပိုက်ဆာ (ဟိန္ဒီ အခေါ်အဝေါ်) မရတော့ သိပ်ဖီလ်မလာ၊ အလုပ်မတွင် ဖြစ်နေတုန်း ဂူးဂလ် (Google) ကုမ္ပဏီကြီးက ပိုက်ဆာပေးမယ်၊ အလုပ်လာလုပ်ပါဆိုတော့ ကုလားလေးလည်း ကျောင်းတော် နဲ့ အခမဲ့ ခိုင်းစားချင်တဲ့ ဘော်ဘော်တွေကို ဘိုင်းဘိုင်းလုပ် လစ်တော့တယ် (အခုလက်ရှိ YouTube မှာ စီနီယာ ဒီဇိုင်းမန်နေဂျာ တာဝန်ယူထားသူ)။

ကျောင်းပရော်ဂျက် (HarvardConnection) ဝါ (ConnectU) ကို ပြီးအောင်လုပ်ရမယ့် ငဖျင်း (၃) ဖော်က ကုလားလေးနဲ့ အဆင်မပြေတော့ အမေရိကန်-ပြည်ကြီးသားလေး ဗစ်တာ ဂေါင် (Victor Gao) ကို ခြူပြား (ချီယန် – ပြည်ကြီးအခေါ်အဝေါ်) နည်းနည်းပေးပြီး ခိုင်းဖို့ ကြိုးစားပြန်တယ်။ ပေါက်ဖော်လေးလည်း ကုလားလေး ရေးသွားတဲ့ ဟိုတစ်စ ဒီတစ်စ ကုဒ်တွေကို ဆက်ရေးဖို့ ကြိုးစားပေမယ့်၊ ချီယန်များများရတဲ့ တခြားအလုပ်တွေလည်းရှိ၊ တပဲခြောက်ပြားပေးတဲ့ ဒီအလုပ်အတွက် အချိန်မပေးနိုင်၊ ခြေမကိုင်လက်မကိုင်ဖြစ်ကာ လက်လျှော့လစ်ပြေးတော့တယ်။

ပေါက်ဖော်လေး က မလစ်ထွက်သွားခင်မှာ ကျေးဇူးရှင် (၃) ကောင်ကို သူနဲ့သိတဲ့ ခပ်အေးအေး၊ အူတူတူ ဒုတိယနှစ် ကျောင်းသားလေး မက်ခ် ဇူကာဘတ် (Mark Zuckerberg) ကို ခိုင်းစားဖို့ အကြံပြု မိတ်ဆက်ပေးတယ်။ အဲဒီအချိန်မှာ မက်ခ် (Mark) ကို ဟားဗတ် ကျောင်းသူကျောင်းသားတွေက ဖေ့စ်မက်ခ်ျ (Facemash) အမည်တွင်တဲ့ ဘယ်သူမိုက် (Hot) ဘယ်သူမမိုက် (Not Hot) – ခပ်ဟော့ဟော့ နဲ့ ခပ်ရိုးရိုး (ဥပမာ ဇွန်သဉ္ဇာ နဲ့ ခိုင်သင်းကြည်) ကျောင်းသူပုံတွေကို ယှဉ်ပြီး ရွေးချယ်မဲပေးရတဲ့ အင်တာနက် စာမျက်နှာကို ဖန်တီးထားသူအဖြစ် သိသင့်သလောက် သိကြတယ်။ ဒါပေမဲ့ တချို့ က ကာယကံရှင်တွေရဲ့  ခွင့်ပြုချက်မယူ၊ မသိဘဲလုပ်တဲ့ သူ့လုပ်ရပ်ကို မကြိုက်၊ ကန့်ကွက်ရှုတ်ချကြတယ်။ နောက်ဆုံး သူကို ကျောင်းစည်းကမ်းထိန်းသိမ်းရေးကောင်စီ က လုံခြုံရေးဆိုင်ရာ ဖောက်ဖျက်မှု၊ မူပိုင်ခွင့်မရှိ၊ တရားမဝင် ပုံနှိပ်ယူမှုတွေနဲ့ စွဲချက်တင် အပြစ်ဒဏ်ပေးတယ်။ ကံကောင်းလို့တော့ ကျောင်း အထုတ်မခံရဘူး။

အဲ့ဂလိုနဲ့ ဆရာသမား (၃) ယောက်က ကုလားလေး နဲ့ ပြည်ကြီးသားတို့ တို့ကနန်းဆိတ်ကနန်း ရေးခြစ်သွားတဲ့ အလွန်စိတ်ရှုပ်စရာ ကွန်ပြူတာကုဒ်တွေကို အပြီးပြတ်ရေးဖို့ အဲဒီ အမိုက်မဲလေး မစ္စတာမက်ခ် ကို တာဝန်လွှဲပေးလိုက်တယ်။ အချိန်အားဖြင့် ၂၀၀၃ နှစ်ကုန်ကာလပေါ့ – အဲဒီအချိန်ကစပြီး ဟားဗတ်တက္ကသိုလ် ကျောင်းသူကျောင်းသားများ တဦးနဲ့တဦး ဆက်သွယ်၊ အချက်အလက် ဖလှယ်နိုင်တဲ့ လူမှု့ကွန်ရက်တခုကို သူ့အဆောင်ခန်းလေးထဲမှာ တကုတ်ကုတ်၊ တရှုပ်ရှုပ်နဲ့ ကြိုးကြိုးကုတ်ကုတ် ကုဒ်ရှာတော့တယ်။

ဒီလိုနဲ့ ၂၀၀၄ နှစ်စပိုင်းမှာ သူ့ခေါင်းအထက်မှာ မီးသီးပွင့်ပြီး ဘာမပြော ညာမပြော (အထူးသဖြင့် ဟို ဂိုဏ်းချုပ် သုံးယောက်ကို တစက် အသိမပေး) သူ့မှာရှိတဲ့ လျှု့ ဝှက်အစီအစဉ်တစ်ခုကို အကောင်အထည်ဖော်ဖို့ စတင်တော့တယ်။ ချက်ချင်း သူကို ဒေါ်လာမပေး အလုပ်ခိုင်းထားတဲ့ ဘသားချော (၃) ကောင်ကို ဆင်ခြေလက်ခြေပေး အဆက်အသွယ်ဖြတ်၊ အကြောင်းအမျိုးမျိုးပြ ရှောင်နေလိုက်တယ်။ အဲဒီကာလမှာ ဟိုဆရာသမား (၃) ယောက်က အောင်ကြူးကြူး၊ ခပ်တုံးတုံးလို့ တံဆိပ်ခတ်ထားသူက သူတို့ကို ကွက်ကျော်ရိုက်၊ အကွက်ကြီး ရွှေ့ တော့မှာကို မသိရှာဘူးပေါ့။ နောက်မှ ကျောချမှ ဓါးပြမှန် သိချိန်မှာ တရားစွဲဆိုမှုတွေ ရှိခဲ့တယ် – ဒီအကြောင်းကို နောက်ကြုံမှ ပြောတာပေါ့။

ဒီလိုနဲ့ မစ္စတာမက်ခ် က သူ့အစီအစဉ်အတိုင်း ဖြတ်ကျော်စား၊ ကွက်ကျော်ရိုက်ပြီး ၂၀၀၄ ခုနှစ် ဖေဖေါ်ဝါရီလ (၄) ရက်နေ့မှာ ကျောင်းနေဖက်ဘော်ဘော် စီးပွားရေးကျောင်းသား သန်းကြွယ်သူဌေးသား အက်ဒဝါးဒို ဆေဗါရင် (Eduardo Saverin – ဘရားဇီးနိုင်ငံဖွား၊ နောက်ပိုင်း ရရှိထားတဲ့ အမေရိကန်နိုင်ငံသားကို စွန့်လွှတ်ပြီး၊ စင်္ကာပူနိုင်ငံကို ပြောင်းရွှေ့ နေထိုင်နေခဲ့သူ) ရဲ့  ငွေကြေးထောက်ပံ့ (ဒေါ်လာနှစ်သိန်းကျော်) အကူအညီနဲ့ HarvardConnection (ဝါ) ConnectU ကွန်ရက် သဘောတရားကို အခြေခံတဲ့ thefacebook.com၊ နောက် facebook.com အမည်နဲ့ ဆက်သွယ်ရေး ကွန်ရက်သစ်တစ်ခုကို မှတ်ပုံတင် ဖွင့်လှစ် (launch) လိုက်တယ်။

အဲဒီ ကွန်ရက်ကို အစမှာ ဟားဗတ်ကျောင်းသူ/သားတွေကြား မိတ်ဆွေဖွဲ့ချိတ်ဆက်ပြီး အချက်အလက် အကြောင်းအရာ၊ ဓါတ်ပုံတွေ ဖလှယ်နိုင်ကြဖို့ ဖြစ်တယ်။ ရက်ပိုင်းအတွင်းမှာ ကျောင်းသူ/သားတွေက ဒီကွန်ရက်ဆက်သွယ်မှုကို သဘောကျ၊ သတင်းပျံ့ လွင့်ပြီး လပိုင်းအတွင်းမှာ ဘော့စတွန်မြို့ တဝိုက်ရှိ ကောလိပ်၊ တက္ကသိုလ်တွေနဲ့ နောက် တခြား Ivy League အဆင့်မြင့်ကျောင်းတွေဖြစ်တဲ့ ယေးလ် (Yale) နဲ့ အမေရိကန်အနောက်ဘက်ခြမ်းရှိ စတန်ဖို့ဒ် (Standford) မှာ တက်ရောက်နေတဲ့ ကျောင်းသားတွေပါ စိတ်ဝင်စား၊ သုံးစွဲခွင့် တောင်းဆိုလာတယ်။

အမြင်သစ်အတွေးဆန် မရှိသူတွေ၊ အဆိုးမြင်သူတွေက အစောပိုင်းမှာ ဘာလဲညာလဲပေါ့ – ခပ်ကြောင်ကြောင် အီစီကလီ လုပ်ဖို့သက်သက် ဘာမှအသုံးမကျတဲ့ လူမှု့ကွန်ရက်လို့ ဝေဖန်ပြောဆိုကြတယ်။ ဟိုဆရာသမား (၃) ယောက်ကတော့ သူတို့ခိုင်းထားတာ ပြီးအောင်မလုပ်ဘဲ၊ လုပ်ချင်ရာလုပ်သွားတဲ့ ငနဲ ကို နည်းနည်းတင်းတာပေါ့။ ဒါပေမဲ့ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူးဆိုပြီး အရေးတယူ မလုပ်ခဲ့ဘူး။ တဘက်မှာ မစ္စတာမက်ခ်ရဲ့  ဖန်တီးမှုကို သဘောကျ၊ ချဲ့ ထွင်နိုင်ဖို့ အတန်းဖော် ဒက်စ္စတင် မော့စ်ကိုဗစ် (Dustin Moskovitz) နဲ့ ခရစ် ဟရူခ်ျ (Chris Hughes) တို့ လက်တွဲလာပြီး ပံ့ပိုးဝိုင်းကူကြတယ်။

အဲ့ဂလိုနဲ့ လူသတင်းလူချင်းဆောင် ပျိုတိုင်းကြိုက် ဖြစ်လာခဲ့ကာ Ivy League ကျောင်းတွေအပြင် တခြားကောလိပ်၊ တက္ကသိုလ်ကျောင်းတွေလည်း စိတ်ဝင်စားလာ၊ သုံးစွဲခွင့်ပြုဖို့ တောင်းဆိုကြတယ်။ ဒါနဲ့ အရောင်မခွဲခြားနိုင် အရောင်ကန်း (color-blind) နေတဲ့ ဆရာသမားလေး (သူမှာ အရောင်ခွဲခြား မြင်နိုင်စွမ်း အားနည်းလို့ သူ့ ဖေဘုတ် တံဆိပ် (facebook logo) ကို အပြာရောင်နောက်ခံ၊ အဖြူရောင်စာလုံးကို ရွေးချယ်ခဲ့တာဖြစ်ကြောင်း ဝန်ခံပြောဆိုခဲ့ဖူးတယ်) က နှိပ်ဖို့* လက်သီးလက်မောင်းတန်း ဖြစ်နေကြတဲ့ တခြားကောလိပ်၊ တက္ကသိုလ် ကျောင်းသူ/သားတွေကိုပါ သုံးစွဲချိတ်ဆက်ခွင့် ပေးလိုက်တယ်။ နောက်တော့ ဥရောပ၊ တောင်အမေရိကတိုက် နဲ့ အာရှနိုင်ငံများရှိ ကောလိပ်၊ တက္ကသိုလ်ကျောင်းတွေကိုပါ တဖြည်းဖြည်း ကူးဆက်သွားတယ် (*အစောပိုင်းက ကွန်ပြူတာသုံးပြီး အင်တာနက် စာမျက်နှာတွေကို ကြည့်ရတော့ ကွန်ပြူတာ၊ အင်တာနက်စာမျက်နှာပေါ်မှာ တခုခုကို ကြည့်ချင်တယ်၊ ဖွင့်ချင်တယ်ဆိုရင် mouse (ကြွက်) ကို ဖိနှိပ်ရတယ် – စကားချပ် – ကွန်ပြူတာ မသုံးကြတဲ့ ခေတ်ကလေးများအတွက်)။

အဲ့ဂလို ကျောင်းသူ/သားတွေ တဟုန်ထိုး ဝုန်းဒိုင်းကြဲ အသုံးများလာပြီး၊ ကျောင်းသူ/သား မဟုတ်သူတွေကလဲ နှိပ်ချင်၊ ချိတ်ချင်၊ ပွတ်ချင်တာကြောင့် နောက်ဆုံး အမေရိကန်နိုင်ငံကနေ လေဟုန်နှုန်းနဲ့ တကမ္ဘာလုံးမှာရှိတဲ့ များသတ္တဝါအပေါင်း (အခုက လူတွေမက တိရိစ္ဆာန်တွေ၊ သေသွားသူတွေပါ ဖေ့စ်ဘုတ်စ် ‘facebook account’ ရှိနေကြတယ် မဟုတ်လား)၊ တန်းတူသုံးစွဲခွင့် ရရှိသွားကြလေတယ်။ အဲ့ဂလို မထင်မှတ်ဘဲ နေ့ချင်းညချင်း ကျယ်ပြန့်လာတဲ့ အလုပ်တာဝန်တွေကြောင့် ကျောင်းပျက် စာမလိုက်နိုင်ဖြစ်ကာ၊ ပြီးတော့ ဒီလုပ်ငန်းကို အချိန်ပြည့်၊ စီးပွားဖြစ် လုပ်ဖို့အတွက် မက်ခ် နဲ့ ဒက်စ္စတင်တို့ နှစ်ယောက် ကျောင်းထွက်လိုက်ကြတယ်။ ကျောင်းမတက်၊ ကျောင်းထွက်လိုက်တာ အလုပ်များများလုပ်နိုင်ဖို့၊ လုပ်နိုင်စွမ်းရှိလို့ ဖြစ်တယ်။

အဲဒီအချိန်အခါကစပြီး ကျောသားရင်သား၊ အဖြူအမဲအဝါ မခွဲခြား တကမ္ဘာလုံးကို နှိပ်ခွင့်ပွတ်ခွင့် ပေးလိုက်တော့ အင်္ဂလန်ဘုရင်မကြီး၊ သမ္မတအိုဘားမား အပါအဝင် မြန်မာ Cele ဘူးလက်၊ ပြန်ရဲထွဋ်၊ ဇာဇာထက်တို့ အဆုံး အားလုံးတန်းတူ အခွင့်အရေး ရရှိကြပြီး အခု (၁၂) နှစ်ပြည့်မြောက်ချိန်မှာ နှိပ်သူ၊ ပွတ်သူ စုစုပေါင်း ကမ္ဘာ့လူဦးရေ (၇) ဘီလီယံ ရဲ့  (၁.၅) ဘီလီယံကျော် ရှိလာခဲ့တယ်။ တွေးမိတာက ဒီလူတွေကို တစ်နေရာထဲမှာစုပြီး တိုင်းပြည်တပြည် တည်ဆောက်ပေးလိုက်ရင် ကမ္ဘာ့လူဦးရေ အများဆုံး တရုတ်နိုင်ငံ (၁.၃) ဘီလီယံ ထက်များတဲ့ နိုင်ငံကြီး ဖြစ်သွားပြီး၊ ပွတ်သူတွေက ကွန်ရက်မိတ်ဆွေ၊ သူငယ်ချင်းတွေဆိုတော့ တော်တော်လေး ချစ်စရာကောင်း၊ ငြိမ်းချမ်းတဲ့နိုင်ငံကြီး ဖြစ်လာမှာပေါ့။ မကြိုက်တာ၊ စိတ်ဆိုးရန်ဖြစ်ရင်လဲ ကွန်ရက်ပေါ် ကလော်တုတ်၊ ခြိမ်းခြောက်ပြီး၊ မောင်းထုတ် (unfriend) လုပ်ရုံပေါ့။

အဲ့ဂလို ပွတ်သူတွေ နေ့စဉ်နဲ့အမျှ တိုးပွားလာတာကို စောင့်ကြည့်နေတဲ့ statista.com ရဲ့  သုံးသပ်ချက်အရ တစ်နေ့ကို fb သုံးစွဲသူတဦးက အနည်းဆုံး မိနစ် (၂၀) ပွတ်ကြတယ်တဲ့။ အအိပ်ပျက်၊ အစားပျက် တာဝန်သိသိ ပွတ်ကြတဲ့ စေတနာဝန်ထမ်းတွေရဲ့  မိနစ် (၂၀) ကုန်ထုတ်စွမ်းအားကြောင့် မစ္စတာမက်ခ် လုပ်ငန်းရှင်ကြီးက (၃) ဒေါ်လာ (၇၃) ပြား အကျိုးအမြတ် ရရှိတယ်လို့ဆိုတယ်။ အင်တာနက် ကြော်ငြာဈေးကွက် စောင့်ကြည့်သူတွေ တွက်ကိန်းအရ ပွတ်သူတဦးက fb အတွက် ဒေါ်လာ (၂၀၀) တန်းဖိုးရှိတယ်တဲ့။ ဒါကြောင့်ဖြစ်မယ် ခြူပြားတပြားမှမရ၊ နေ့မအိပ်ညမအိပ် အပြိုင်အဆိုင် ပွတ်သူများကြောင့် (၁၂) နှစ်အကြာမှာ ကြောင်စီစီ ငနဲသားလေးမှာ ငွေတွေထားစရာမရှိ ကုဋေရှစ်ဆယ် သူဌေးသား (ကမ္ဘာ့အချမ်းသာဆုံး နံပတ် လေး နေရာ) ဖြစ်လာခဲ့တယ်။

ဒါပေမဲ့ သူက မြန်မာပြည်က နိုင်ငံ့သယံဇာတွေ ရောင်းထုတ်၊ နိုင်ငံ့ဘဏ္ဍာငွေတွေနဲ့ တရားမဲ့ ချမ်းသာကြွယ်ဝနေတဲ့ ခရိုနီတွေ၊ ကိုယ်ကျိုးကြည့် ဗိုလ်ချုပ်တွေလို ရသမျှ အကုန်လုံး ကိုယ့်အိတ်ထဲထည့် သောင်းကျန်းနေသူမဟုတ်၊ သူ့ အသိဥာဏ်စွမ်းရည်နဲ့ ရရှိခဲ့တဲ့ ဝင်ငွေ ပိုင်ဆိုင်မှုတွေရဲ့  ၉၀ ရာခိုင်နှုန်းကျော်ကို အများအကျိုး – အထူးသဖြင့် ပညာရေး၊ လူ့အဖွဲ့အစည်း တိုးတက်ရေးအတွက် ရက်ရက်ရောရော လှူဒါန်းနေခဲ့တယ်။ ပြီးတော့ ငွေကြေးချမ်းသာပေမယ့် အခုအချိန်အထိ နေမှုထိုင်မှုကလည်း ရိုးရိုးအေးအေးလေ။

ထားလိုက်တော့ … အဲ့ဂလို လုပ်ခမယူ “အခမဲ့ ကူလီထမ်း*” အဲ ပွတ်ကြသူတွေကြောင့် မစ္စတာမက် ကြီးပွားချမ်းသာလာချိန်မှာ လခယူ၊ လုပ်ခစား အလုပ်တွေမှာ အလုပ်ချိန်အတွင်း ပွတ်ကြလို့ လုပ်ငန်းတွေ ထိခိုက်မှု ရှိလာခဲ့တာကြောင့် ကမ္ဘာ့ကုန်ထုတ်လုပ်နှုန်း (၃.၅) ထရီလီယံ ဆုံးရှုံးတယ်လို့ လုပ်အားခ နဲ့ ကုန်ထုတ်လုပ်မှု စောင့်ကြည့်သူတွေက အလန့်ထညက် ပြောဆိုကြတယ်။ ဒါကြောင့် တချို့ အလုပ်၊ လုပ်ငန်းတွေမှာဆို အလုပ်အချိန်အတွင်း ပွတ်ခြင်းကို တားမြစ်ထားတယ်။ ထိပ်တန်းကုမ္ပဏီကြီးတွေ နဲ့ တချို့ နိုင်ငံတွေရဲ့  အစိုးရရုံးဌာနတွေမှာဆို အင်တာနက် ချိတ်ဆက်မှုကနေ လုံခြုံရေးဆိုင်ရာ ထိုးဖောက်တိုက်ခိုက်မှု (hack) တွေရှိလို့ ကုမ္ပဏီ၊ ရုံးကွန်ပြူတာတွေနဲ့ fb ကြည့်ခြင်းကို ခွင့်မပြုဘူး (*အမျိုးသားပညာဝန်ဦးဖိုးကျား)။

ဒါကတော့ (၁၂) နှစ်သား မာယာများ၊ ရှုပ်ထွေပွေလီလှတဲ့ ဖေစ်ဘုတ်ခ် (fb) ဖြစ်စဉ် ရာဇဝင်သမိုင်းအကျဉ်းပေါ့။ နည်းနည်းလျှာရှည် ဖြည့်ပြောချင်တာက

ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ဒီနေ့ကမ္ဘာကြီးမှာ ကွန်ပြူတာ အင်တာနက် သုံးစွဲနိုင်သူတိုင်း fb ကို သုံးလာ(ကြည့်) ကြတယ်။ ဒါကို စိုးရိမ်ပူပန်ကြတဲ့ စိတ်ပညာရှင်တွေကတော့ တချိန်လုံး fb ပေါ်တက် ဓါတ်ပုံတင်၊ ဓါတ်ပုံပြင် – အကောင်းပြောသူ၊ မြှောက်ပင့်သူကို လိုက်လုပ်ရ၊ မကြိုက်မခိုက်တာကို ရန်ဖြစ်ရ (မောင်ဥက္ကလာ တူမတွေဆို တခါတခါ ပေါက်ကွဲရင်ဖွင့်ကြတာ ကြောက်စရာလန့်စရာ) အများစိတ်ဝင်စားအောင် ကိုယ်လုပ်သမျှ ဓါတ်ပုံတွေ (အနည်းဆုံး ၅၀%) အချိန်ကုန်တင်နေသူတွေဟာ Narcissist (self-love, self-absorption) တွေ ဖြစ်တယ်။ စိတ်ကျရောဂါ အလွယ်ဖြစ်တတ်သူ၊ အထီးကျန်သူတွေ၊ အကျိုးမဲ့ အလုပ်အကိုင်ပျက် အချိန်ဖြုန်းသူတွေလို့လည်း သုံးသပ်ကြတယ်။ ကဲ စာဖတ်သူတွေ ဘယ်လောက် အချိန်ဖြုန်း၊ ဘယ်လို လူစားလဲဆိုတာ ကိုယ့်ကိုယ်ကို စမ်းစစ်ကြည့်ပေါ့။

ဒီလို ဆိုးကျိုးအနုတ်လက္ခဏာ ရှိသလို၊ ကောင်းကျိုးတွေလည်း အများကြီး ရှိပါတယ်။ သုံးတတ်ရင်ဆေးပေါ့ – အချိန်အခါ၊ အကန့်အသတ်နဲ့ သုံးစွဲပြီး၊ ရပ်ဝေးက မိသားစုဆွေမျိုးတွေ၊ မိတ်ဆွေကောင်း၊ သူငယ်ချင်းစစ်စစ်တွေ (နာမည်အတု၊ Photoshop ဓါတ်ပုံတွေနဲ့ အီစီကလီလုပ်တဲ့ fb သူငယ်ချင်းဆိုသူတွေ မပါ) နဲ့ ကောင်းသတင်း၊ လေ့လာမှတ်သားသင့်တဲ့ အကြောင်းအရာတွေ၊ သတင်းမှန်တွေ ရှယ် (share) နိုင်၊ မျှဝေနိုင်ပါတယ်။

ကဲ နောက်ဆုံးတော့ ပွတ်တော့ပွတ်ပေါ့။ အရေးကြီးဆုံးက မိမိကိုယ်ရေးကိုယ်တာ အကြောင်းအရာတွေ စွတ်မတင်ဖို့ – သူများတကာကို အနှောင့်အယှက်ဖြစ်၊ မြန်မာဆိုစကားအတိုင်း ကိုယ့်ဂုဏ်ကိုယ်ဖော် … တွေ မဖြစ်ဖို့၊ မိမိကို ပြန်ဒုက္ခပေးနိုင်တဲ့ ကိုယ့်ကိုယ်ရေးအချက်အလက်တွေ (မွေးနေ့၊ ဖုန်း၊ မှတ်ပုံတင်နံပတ်၊ အိမ်လိပ်စာ) ကို မဖော်ပြဖို့ (Privacy settings ကို နားလည်ဖို့ အရေးကြီး)။ အထူးသဖြင့် အများဒုက္ခရောက် ထိရှလွယ်တဲ့ “ဘာသာရေး” “လူမျိုးရေး” တင်ပြမှုတွေကို ရှောင်ရှားဖို့၊ အများဒုက္ခရောက်မယ့် မဟုတ်မဟတ်တွေကို မီးမရှို့ မီးစာထိုး ယပ်မခတ်ဖို့၊ ပြီးတော့ ယုန်ထင်ကြောင်ထင် မြင်သမျှကြားသမျှကို အသိဥာဏ်နဲ့ ချင့်ချိန်စဉ်းစားပြီး ပွတ်ကြ၊ တက်လုပ်ကြ၊ လိုက်လုပ်ကြဖို့ပါ။

ရေးရင်ပြောရင် ဟိုရောက်ဒီရောက် ဆရာကြီး လေသံပါလာလို့ အခုတော့ ဒီလောက်ပါပဲ။ ဒါနဲ့ ဒီစာဖတ်ပြီးရင်တော့ ကိုယ့်မိတ်ဆွေဘော်ဘော်တွေလည်း သိသင့်တာသိရအာင် ဒီမိုးမခ စာမျက်နာကို တက်လုပ်လိုက်၊ လိုက်လုပ်လိုက်ပေါ့။ ဒါမှလဲ သူတို့လည်း ပွတ်ခွင့်ရတဲ့ သမိုင်းနောက်ကြောင်း နည်းနည်းပါးပါး သိရတာပေါ့။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်